အခန်း ၉၉
Vol. 10 Ch. 99
အခန်း ( ၉၉ )
ထိုစကားကို ကြားရလျှင် ဟန်ဟော့သည် မခံမရပ်နိုင် ဖြစ်လေသည်။ ဝံပုလွေမလေးသည် မိမိ၏ခြေဖဝါးအား လျှာဖြင့်သပ်နေသည်ကို မြင်သော် ဝံပုလွေမလေးကိုယ်စား လျှာဖြင့်ရက်ပေးလိုဟန်ဖြင့် ဟန်ဟော့သည် ချက်ချင်း အနားသို့ ကပ်သွား၏။ သို့သော် ဝံပုလွေမလေး၏ အထက်စီးဆန်သော အကြည့်ဖြင့် တုံ့ပြန်ခြင်းကို ခံလိုက်ရသည်။
‘ဒါတင်ပဲလား’
ဟန်ဟော့သည် စိတ်မလျှော့နိုင်သေးဘဲပေ။
သူ့ထံမှ တံတွေးများသည် မြေပြင်သို့ပင် ကျလုမတတ် ဖြစ်နေသည်။
အနားတွင် ရပ်နေသော ရှောင်စစ်ယွီသည် တစ်စုံတစ်ခု မှားနေသည်ကို သတိပြုမိသွားကာ မေးသည်။
“အစ်ကိုလင်း... အစ်ကို့ခွေးက ဒီဝံပုလွေမလေးကို သဘောကျနေတာလား”
လင်းယန်သည် ခေါင်းညိတ်လျက် စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။
“ဒီကောင်က သူ့အမျိုးအနွယ်ကို သူ ပြန်မသိတာ ဖြစ်လိမ့်မယ်၊ ဝံပုလွေမလေးနဲ့ ဖူးစာဆုံရဖို့အထိ စိတ်ကူးယဉ်နေတာ”
ရှောင်စစ်ယွီသည် တခိခိ ရယ်မောကာ ဟန်ဟော့၏ခေါင်းအားပွတ်သပ်ပေးလိုက်၏။
လင်းယန်သည် မိမိအနားတွင် အမြဲရှိနေတတ်သော ဝံပုလွေမလေးအား ကြည့်၍ မေးသည်။
“ဘာလို့ မင်းတစ်ကောင်တည်း ရှိနေတာလဲ၊ အရင်က မြေခွေးလေးကော ဘယ်ရောက်သွားလဲ”
ဝံပုလွေမလေးသည် အူသံတစ်ချက် ပေးလိုက်ရာ မြေခွေးလေးသည် ချုံပုတ်ထဲမှ ရုတ်တရက် ပြေးထွက်လာကာ လင်းယန်၏ ခြေရင်းသို့ တိုးဝှေ့လာသည်။
လင်းယန်သည် မြေခွေးလေးအား ကောက်ချီလိုက်ကာ ရယ်လည်းရယ်ချင် စိတ်လည်းပျက်မိကာ ဆို၏။
“ဒီမြေခွေးရဲ့ အမွှေးတွေက တကယ်ကို ထူးခြားတာပဲ”
“မင်းတို့ လူလည်မလေးနှစ်ကောင် ငါ့ကို လာစောင့်နေကြတာတော့ မဟုတ်ပါဘူးနော်”
“အူးဝူး...”
‘လူသားတွေ စိတ်ကူးယဉ်ကြတာများ လွန်ရော’
ထောက်ထားညှာတာမှုကင်း၍ မာနထောင်လွှားသော ဝံပုလွေမလေးနှင့် နှိုင်းယှဉ်လျှင် မြေခွေးလေးသည် ပိုရိုးသား၍ လင်းယန်၏ကိုယ်ကို အဆက်မပြတ် တိုးဝှေ့နေရှာသည်။
ထိုမြင်ကွင်းသည် ရှောင်စီယွီကို အသည်းယားစေခဲ့၏။ အကြောင်းမှာ လင်းယန်သည် ထိုဝံပုလွေမလေးနှင့် မြေခွေးလေးအား ကယ်တင်ခဲ့ဖူးကြောင်း ယခုတင် ရှင်းပြထားသောကြောင့် ဖြစ်သည်။
“အစ်ကိုလင်း... ကျွန်မလည်း ဒီမြေခွေးလေးကို ပွတ်လို့ရမလား၊ ကျွန်မရဲ့ ဘဝမှာ မြေခွေးတစ်ကောင်နဲ့ ဒီလောက်နီးနီးကပ်ကပ် ရှိဖူးတာ ဒါပထမဆုံးပဲ”
“ငါလည်း ကိုင်ချင်တယ်”
အခြားသူများ မပြောနိုင်ခင်မှာပင် ဝမ်လင်းလင်းသည် ဦးအောင် အနားသို့ တိုးလာခဲ့သည်။
မြေခွေးလေးများသည်လည်း အကိုင်ခံကြလေသည်။
လူတိုင်းသည် လင်းယန်၏ အနားတွင် ဝိုင်းအုံကာ မြေခွေးလေးအား ပွတ်သပ်နေကြသည်ကို မြင်သော် ချန်ဟောက်ထျန်းသည် နှာခေါင်းရှုံ့ကာ တိုးတိုးလေး ညည်းတွားလိုက်သည်။
“မြေခွေးတစ်ကောင်တင်ကို ဘာများ ထူးခြားနေလို့လဲ၊ ဒါမျိုးတွေ တိရစ္ဆာန်ရုံမှာ ပေါမှပေါ”
သူ၏ စိတ်တွင် မိန်းမတွေဆိုတာ အပြောကြီး၍ လက်တွေ့မရှိကြောင်းထင်နေသည်။
တိရစ္ဆာန်များသည် လူသားများထက် အကြားအာရုံ ပိုမိုထက်မြက်သည်ကို သူတို့ မသိကြချေ။
ထိုစကားများအား ဝံပုလွေမလေးသည် အတိုင်းသား ကြားသွားသည်။
“အူးဝူး...”
‘ဒီလူက ရုပ်ဆိုးတဲ့အပြင် စကားပြောတာလည်း နားမခံသာဘူး၊ သူမရဲ့ အချစ်ဆုံးသူငယ်ချင်းကို ဒီလိုပြောရဲတယ်ပေါ့၊ ဒါက ဝံပုလွေမျိုးနွယ်တစ်ခုလုံးကို လုံးဝ စော်ကားလိုက်တာပဲ၊ နင် ဘာလုပ်မလို့လဲ’
ဝံပုလွေမလေး၏ အမူအရာ မြင်သော် ချန်ဟောက်ထျန်းသည် ရုတ်တရက် မကောင်းသော အငွေ့အသက် ခံစားလိုက်ရသဖြင့် လင်းယန်၏ ကျောပြင်နောက်သို့ အမြန်ပုန်းလိုက်၏။
ဝံပုလွေမလေးသည် မည်သည့်အသံမျှ မပြုဘဲ အခြားဝံပုလွေ ခြောက်ကောင်ကိုသာ လှမ်းကြည့်လိုက်သည်။
အမိန့်တစ်ခု ရရှိလိုက်သည့်အလား ထိုဝံပုလွေ ခြောက်ကောင်သည် ချန်ဟောက်ထျန်းထံသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။
ချန်ဟောက်ထျန်းသည် အလွန် ထိတ်လန့်သွားကာ အော်သည်။
“အမေရေ... ဘာလို့ ငါ့ကို ချက်ချင်း လိုက်မောင်းနေကြတာလဲ၊ ငါမှားပါတယ် ငါမှားပါတယ် ငါ အဲဒီစကားတွေ မပြောသင့်ခဲ့ဘူး”
ထိုဝံပုလွေများ၏ ဝိုင်းပတ်မောင်းနှင်ခြင်းအား ခံနေရသော ချန်ဟောက်ထျန်းသည် လင်းယန်ထံသို့ အကူအညီတောင်းသော မျက်လုံးများဖြင့် ကြည့်ကာ အော်ပြောသည်။
“မင်းတို့တွေ အဲဒီမှာ ပွဲကြည့်မနေကြဘဲ ငါ့ကို လာကူညီကြပါဦး”
ထိုဝံပုလွေ ခြောက်ကောင်သည် သူ့အား တမင်သက်သက် ကျီစယ်နေပုံရ၍ အလွန်လည်း မနီး၊ အလွန်လည်း မဝေးသော အကွာအဝေးကိုသာ ထိန်းထားကြ၏။
သို့မဟုတ်ပါက ဝံပုလွေတစ်ကောင်၏ အရှိန်အဟုန်ဖြင့် သူ့ဖင်ကို ကိုက်သွားလိမ့်မည်။
လင်းယန်သည် မျက်ခုံးပင့်လျက် ဆိုသည်။
“သူတို့က ငါ့စကားကို နားထောင်မှာ မဟုတ်ဘူး”
ဝမ်လင်းလင်းသည် အော်ဟစ်ရယ်မောကာ ပြောသည်။
“ချန်ဟောက်ထျန်း... နင် ခုနက ဘာပြောလိုက်တာလဲ၊ တစ်ယောက်ယောက်ကို စော်ကားမိလို့လား၊ ဒီဝံပုလွေတွေက တော်တော်လေး ယဉ်ပါးကြပါတယ်၊ ငါတို့ကို တစ်ခါမှ ရန်မမူဘူး၊ နင်ပဲ မပြောသင့်တာပြောလို့ သူတို့ကို သွားဆွမိတာ ဖြစ်မယ်”
ဝံပုလွေမလေးသည် မိမိ၏ခြေဖဝါးကို လျှာဖြင့်သပ်ရင်း လွန်စွာသဘောတူသည့်အလား ခေါင်းဆတ်ဆတ်ညိတ်ပြ၏။
“ဒီလူသားတွေက တော်တော်လေး အရိပ်အကဲသိကြတာပဲ”
ချန်ဟောက်ထျန်းသည် မျက်နှာပျက်ပျက်ဖြင့် ပြောသည်။
“ငါ တောင်းပန်ရင် မရဘူးလား၊ ငါ့နောက်ကို လိုက်မနေကြပါနဲ့တော့၊ ဒီမြေခွေးလေးက ကမ္ဘာပေါ်မှာ အရှားပါးဆုံး ရတနာလေးပါ၊ တောင်းပန်ပါတယ် ငါ့ကို လွှတ်ပေးကြပါဦး၊ ငါ ခုနက စကားမှားသွားလို့ပါ”
သည်အချိန်သည် ချန်ဟောက်ထျန်းရဲ့ ဘဝမှာ အရှက်ရဆုံး အချိန်ဖြစ်သည်။
ဝံပုလွေမလေးသည် ခြေဖဝါးအား မြှောက်လိုက်ရာ ဝံပုလွေ ခြောက်ကောင်သည် ချက်ချင်း လှုပ်ရှားမှု ရပ်တန့်လိုက်ကာ သူမကိုသာ လှမ်းကြည့်ကြသည်။
လင်းယန်သည် ရယ်မောလျက် ပြောလိုက်၏။
“ဒါဆို ချန်ဟောက်ထျန်းကို မောင်းဖို့ သူတို့ကို ခိုင်းလိုက်တာ မင်းပေါ့လေ”
“ကဲပါ... ကဲပါ... သူ့ကို ကျီစယ်တာ တော်လောက်ပါပြီ”
ထိုစကား ကြားလျှင် ဝံပုလွေမလေးသည် မာနတခွဲသားဖြင့် မေးစေ့အားမြှောက်လိုက်သည်။
လင်းယန်သည် အချိန် ကြည့်လိုက်ကာ ဆို၏။
“နေလည်း တော်တော်မြင့်ပြီဆိုတော့ နေ့လယ်စာစားဖို့ တောင်အောက်ကို ဆင်းကြစို့၊ မတော်တဆမှုလေး ရှိခဲ့ပေမဲ့ လူတိုင်း မှိုတွေ အများကြီး ကောက်နိုင်ခဲ့ကြတာပဲ၊ ဒီနေ့အတွက်တော့ တော်ပြီ”
ဝမ်လင်းလင်းသည် စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလျက် မေးသည်။
“ဒါဆို ဒီနေ့ ကျွန်မတို့ မှိုစွပ်ပြုတ် သောက်ရမှာပေါ့နော်”
လင်းယန်သည် ပြုံး၍ ပြန်ဖြေသည်။
“ဒါပေါ့... မှိုတွေ အများကြီးပဲမို့လို့ မင်းတို့ ကြိုက်သလို ချက်စားလို့ရတယ်”
သူသည် မြေခွေးလေးအား အောက်သို့ ချပေးရန် ကြိုးစားရင်း ပြောသည်။
“ငါတို့ အိမ်ပြန်တော့မယ်၊ မင်းတို့လည်း ဘေးမဲ့တောကို အမြန်ပြန်ကြတော့၊ ဒီတောတောင်တွေထဲမှာ လျှောက်မသွားကြနဲ့ဦး၊ ဒီဘက်မှာ လူသွားလူလာပါးတယ်ဆိုပေမဲ့ မင်းတို့အတွက် ဘေးကင်းတယ်လို့ မပြောနိုင်ဘူး၊ ဘေးမဲ့တောကိုပဲ ပြန်ကြပါ... အဲဒါ မင်းတို့ နေရမယ့်နေရာပဲ”
မြေခွေးလေးသည် လင်းယန်၏ အဝတ်အစားများအား မြဲမြဲ ဖက်ထားကာ လွှတ်မပေးဘဲ တောင်းပန်တိုးလျှိုးသော မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။
လင်းယန်သည် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူသည် သစ်တောဦးစီးဌာနမှ လာရောက်ကုသပေးသည်အား စောင့်ရန်အတွက် မြေခွေးလေးအား အိမ်သို့ အစောကတည်းက ခေါ်လာခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးရွေးချယ်မှု ဖြစ်သည်။
ယခုအခါ မြေခွေးလေး၏ စထရက်တိုကောကပ်စ် ကူးစက်ရောဂါသည် လုံးဝ ပျောက်ကင်းသွားပြီဖြစ်ကြောင်း ထင်ရှားနေသည်။
၎င်းကို အိမ်သို့ ခေါ်ဆောင်သွားကာ မွေးမြူထားရန် မသင့်တော်တော့ပေ။
သူ့မိသားစုသည် လယ်သမားအပန်းဖြေစခန်း ဖွင့်ထားခြင်းဖြစ်သည်။ တိရစ္ဆာန်ရုံ ဖွင့်ထားခြင်း မဟုတ်ပေ။
ထို့အပြင် မြေခွေးလေးသည် သူ့အိမ်သို့ လိုက်လာလျှင် ဝံပုလွေမလေးသည် အတူတူ လိုက်လာရမည် မဟုတ်ပါလော။
“ဒါက ဘာစကားလဲ”
လင်းယန်သည် မြေခွေးလေး၏ အမွှေးများအား အသာအယာ ပွတ်သပ်ပေးရင်း ညင်သာစွာ ပြောလိုက်၏။
“တောတောင်တွေကပဲ မင်းတို့ ရှင်သန်ဖို့အတွက် ပိုပြီး သင့်တော်ပါတယ်၊ ငါ့အိမ်မှာ တိရစ္ဆာန်လေးတွေ အများကြီး ရှိနေပြီမို့လို့ မင်းတို့ကို ထပ်ပြီး လက်မခံနိုင်တော့ဘူး”
လင်းယန်သည် စည်းရုံး၍မရနိုင်သည်အား မြင်သောအခါ မြေခွေးလေးသည် မြေပြင်ပေါ်ရှိ ဝံပုလွေမလေးထံသို့ အကြည့် လွှဲလိုက်သည်။
၎င်း၏ အမူအရာသည် လင်းယန်၏ အိမ်တွင် နေထိုင်လိုကြောင်း ထင်ရှား၏။
“အူးဝူး”
‘ဒါပေမဲ့ အဲဒါ ငါတို့အိမ် မဟုတ်ဘူး၊ ငါတို့လို တောရိုင်းတိရစ္ဆာန်တွေက လူသားတွေနဲ့ အတူတူ မနေနိုင်ဘူး၊ ကျယ်ပြောလှတဲ့ တောအုပ်ကြီးတွေကပဲ ငါတို့အတွက် ပိုပြီး သင့်တော်ပါတယ်’
ဝံပုလွေမလေးသည် ပထမဆုံးအကြိမ် စိတ်ရှုပ်ထွေးမှုအား ခံစားလိုက်ရသည်။
မြေခွေးလေးသည် အရှုံးမပေးဘဲ လင်းယန်၏ အဝတ်အစားများအား မြဲမြဲ ဖက်တွယ်ထားလျက် အောက်သို့ ဆင်းရန် ငြင်းဆန်၏။
ရှောင်စစ်ယွီသည် ထိုမြင်ကွင်းအား ကြည့်၍ စိတ်မကောင်းဖြစ်ကာ ပြောသည်။
“အစ်ကိုလင်း... ဒီမြေခွေးလေးက အစ်ကိုနဲ့အတူ တကယ်ကို အိမ်လိုက်ချင်နေပုံရတယ်၊ သူ့ကို အိမ်ကို အရင် ခေါ်သွားလိုက်ပါလား”
ဝမ်လင်းလင်းသည် မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများဖြင့် ခေါင်းညိတ်ကာ ထောက်ခံသည်။
“ဟုတ်တယ်... ဟုတ်တယ်၊ အရင်က သူ့မှာ စထရက်တိုကောကပ်စ် ကူးစက်ရောဂါ ရှိခဲ့တယ်လို့ အစ်ကို ပြောခဲ့တယ်မဟုတ်လား၊ အကယ်၍ ရောဂါပြန်ထရင် ဘယ်လိုလုပ်မလဲ၊ အစ်ကို့အိမ်မှာ နေရင်တော့ အနီးကပ် စောင့်ကြည့်နိုင်ပြီး တစ်ခုခုဖြစ်ရင် အချိန်မီ ကုသပေးနိုင်တာပေါ့”
ယန်အာဟူသည် ထိုကိစ္စနှင့် ပတ်သက်၍ မည်သည့်မှတ်ချက်မျှ မပေးခဲ့ပေ။ လင်းယန်သည် မြေခွေးလေးနှင့် ဝံပုလွေမလေးအား ခေါ်သွားမည်ဆိုလျှင် ကျွေးမွေးစောင့်ရှောက်ရမည့် အရှင်သခင် နှစ်ကောင် ထပ်တိုးလာခြင်း ဖြစ်လိမ့်မည်။
ချန်ဟောက်ထျန်းတွင် ပြောစရာ စကားများ ရှိသော်လည်း ယခုအချိန်တွင် မပြောရဲပေ။
“သူတို့ ငါ့ကို လာကိုက်ရင် ဘယ်လိုလုပ်မလဲ”
ဝံပုလွေမလေးသည် သူ့အား လွန်စွာ ရန်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေ၍ သူမ စိတ်ထဲတွင် မည်သည့် အစီအစဉ်ဆိုးများ ရှိနေသည်ကို မည်သူမျှ မသိနိုင်ပေ။
ချန်သခင်လေးတစ်ယောက် ယခုလောက်အထိ စိတ်ပျက်စရာကောင်းတဲ့ ခံစားချက်မျိုး ဘယ်တုန်းကမျှ မကြုံဘူးခဲ့ပေ။
“ငါ့ဘဝမှာ တစ်ခါမှ မကြုံဖူးတဲ့ ဒုက္ခတွေကို ဒီလို ပျက်စီးယိုယွင်းနေတဲ့ တောင်ကြားအိုကြီးထဲမှာ အကုန်ခံစားနေရတယ်”
တုံ့ပြန်မှု အမြဲတမ်း နှေးကွေးတတ်သော ဟန်ဟော့သည် နောက်ဆုံးတွင် အခြေအနေအား သဘောပေါက်သွားကာ လင်းယန်အား ကြည့်၍ အဆက်မပြတ် ဟောင်တော့သည်။
‘အကယ်၍ အစ်ကိုက ငါ့ရဲ့ နတ်သမီးလေးကို အိမ်ပြန်မခေါ်ဘူးဆိုရင် ငါလည်း အိမ်ပြန်မှာ မဟုတ်ဘူး၊
ငါ့ရဲ့ နတ်သမီးလေးနဲ့အတူ သေရင်သေပါစေတော့၊ အစ်ကိုက ငါ့ကိုတောင် ဒီလောက်ကြာအောင် ကျွေးမွေးစောင့်ရှောက်ခဲ့တာပဲ၊ ငါ့ရဲ့ နတ်သမီးလေးကိုပါ နည်းနည်းလောက် ထပ်ပြီး ကျွေးမွေးစောင့်ရှောက်ပေးရင် ဘာဖြစ်သွားမှာမို့လို့လဲ၊ သူမက တစ်နေ့ကျရင် ငါ့ရဲ့ ဇနီးသည် ဖြစ်လာနိုင်တာ၊ အစ်ကိုတို့ လူသားတွေပဲ အမြဲတမ်း ရက်ရက်ရောရော ရှိရမယ်လို့ ပြောလေ့ရှိကြတာ မဟုတ်ဘူးလား၊ ဘာလို့ ဒီလောက်အထိ တွန့်တိုနေရတာလဲ၊ ငါ နောက်ဆိုရင် အစား လျှော့စားပါ့မယ်လို့ ကတိပေးပါတယ်’
ဟန်ဟော့၏ ရူးသွပ်သော ခွေးကဲ့သို့ ပြုမူပုံအား ကြည့်၍ လင်းယန်သည် အားရပါးရ ရိုက်နှက်ပစ်ချင်စိတ် ပေါက်သွားသည်။
“မင်း ဒီလိုမျိုး ဆက်ပြီး အော်နေမယ်ဆိုရင် မနက်ဖြန် သတင်းခေါင်းကြီးပိုင်းမှာ နာမည်ကြီး ဘလော့ဂါတစ်ယောက် တိရစ္ဆာန်တွေကို ညှဉ်းပန်းနှိပ်စက်နေတယ်ဆိုပြီး ပါလာလည်း ငါ ဂရုမစိုက်ဘူးနော်”
လင်းယန်သည် ပြင်းထန်သော သတိပေးချက်ကို ထုတ်လိုက်၏။
သို့သော် ဟန်ဟော့သည် လင်းယန်၏ ဘေးတွင် ပျာပျာသလဲ ခုန်ပေါက်နေသည်။
“ဝုတ် ဝုတ် ဝုတ်”
‘ငါဂရုမစိုက်ဘူး... ငါဂရုမစိုက်ဘူး... ငါ့ဇနီးကို အစ်ကို အိမ်ပြန်ခေါ်သွားပေးရမယ်၊ အစ်ကို က လူပျိုကြီး ပေမယ့် ငါကတော့ အစ်ကိုနဲ့အတူ လူပျိုကြီးအဖြစ် မနေချင်ဘူး၊ ဒါက ငါ့ဘဝရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ’