အခန်း ၁၀၀
Vol. 10 Ch. 100
အခန်း ( ၁၀၀ )
လင်းယန်သည် မြေခွေးငယ်လေးအား လက်မောင်းတစ်ဖက်ဖြင့် ပွေ့ချီထားရင်း အခြားလက်တစ်ဖက်ဖြင့် ဟန်ဟော့၏ နဖူးအား ပြင်းထန်စွာ ရိုက်ပုတ်လိုက်ကာ ဆိုသည်။
“ဟဲဟဲ၊ ကောင်းကောင်းပြောတတ်တာပဲ၊ နောက်တစ်ခါကျရင်တော့ ဒါမျိုးမပြောနဲ့တော့၊ ငါ မကြားချင်ဘူး၊ မင်းနားလည်အောင် ငါ ဘယ်နှစ်ခါလောက် ပြောရမလဲ၊ အဲဒါ ဝံပုလွေကွ၊ အစားအစာကွင်းဆက်ရဲ့ ထိပ်ဆုံးမှာ ရှိတာ၊ မင်းကကျတော့ ဘာလဲ၊ ချေးစားတဲ့ ဟတ်စကီတစ်ကောင်ပဲ”
ဝမ်လင်းလင်းသည် ခါးမဆန့်နိုင်အောင် ရယ်မောကာ ပြော၏။
“အကိုလင်းရေ၊ ညီမတော့ ရယ်ရလွန်းလို့ သေတော့မယ်၊ ဟတ်စကီတွေက ချေးမစားပါဘူး”
ရန်အာဟူသည် မည်သို့ပြောရမှန်းမသိဘဲ ဆွံ့အသွားကာ ပြောသည်။
“အဟမ်း... ဒါပေမဲ့လည်း ဟန်ဟော့က တကယ်တမ်းကျတော့ အဲလိုမျိုးကို တစ်ခါမှ မစားဖူးပါဘူး၊ ကျွန်တော်တို့ ဒါကို ကောလာဟလ မဖြန့်ကြေးလေ”
လင်းယန်သည် ဂရုမစိုက်ဟန်ဖြင့် ဆိုသည်။
“ဒါက ပြဿနာအကြီးကြီး မဟုတ်ပါဘူး”
သူသည် မြေခွေးငယ်လေးအား မြေပြင်ပေါ်သို့ ချပေးလိုက်သော်လည်း တောင်အောက်သို့ ဆင်းလာသည့်အခါတွင် ထိုမြေခွေးငယ်နှင့် ဝံပုလွေမလေးတို့သည် သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်လာကြသည်အား တွေ့၏။
အားလုံးထဲတွင် ပျော်ရွှင်မှုအရှိဆုံးမှာ ဟန်ဟော့ဖြစ်၍ ၎င်းသည် ဝံပုလွေမလေးအား မြင်ရသည့်အခါ မိမိ၏သခင်အား မြင်ရသည်ထက် ပို၍ အမြီး အဆက်မပြတ် ရမ်းခါနေတော့သည်။
ကျန်ရှိသော ဝံပုလွေခြောက်ကောင်မှာမူ ဝံပုလွေမလေး၏ ညွှန်ကြားချက်အား ရရှိခဲ့၍ ဖြစ်နိုင်ကာ လိုက်မလာကြဘဲ တောနက်ထဲသို့ ပြန်လည်ဝင်ရောက်သွားကြ၏။
ဤကဲ့သို့သော ဝံပုလွေအုပ်များသည် ယေဘုယျအားဖြင့် အပြင်လောကသို့ အလွယ်တကူ မထွက်လာတတ်ကြသလို လူသားများနှင့်လည်း ထိပ်တိုက်မတွေ့ဆုံတတ်ကြပေ။
မည်သို့ပင်ဆိုစေကာမူ အပြင်လောကသည် တိရစ္ဆာန်များအတွက် အလွန် အန္တရာယ်ကြီးမားလှသည်။
ယခုကဲ့သို့ ခေတ်ကာလတွင် မုဆိုးများ မရှိတော့ဟု မဆိုနိုင်ပေ။
များစွာသော အခြေအနေများတွင် ဥပဒေသည် ဤသို့သော လုပ်ရပ်များကို လုံးဝဥဿုံ ပပျောက်အောင် မလုပ်ဆောင်နိုင်သေးချေ။
သို့မဟုတ်ပါက တောဝက်ဘုရင်သည် လတ်တလောတွင် ထိုမုဆိုးသုံးယောက်အား ဖမ်းဆီးနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
တောင်ခြေသို့ ရောက်သောအခါ လင်းယန်သည် ၎င်းတို့နှစ်ကောင် မိမိတို့နောက်သို့ လိုက်ပါလာဆဲဖြစ်သည်အား တွေ့ရသဖြင့် စိတ်မပါလက်မပါဖြင့် အိမ်သို့ ခေါ်သွားရန် သဘောတူလိုက်တော့သည်။
မည်သို့ပင်ဖြစ်စေ သူ သဘောမတူလျှင် ဤမြေခွေးနှင့် ဝံပုလွေအား မောင်းထုတ်၍ ရနိုင်မည်မဟုတ်ပေ။
၎င်းသည် တကယ့် ထူးဆန်းအံ့ဩဖွယ်ကောင်းသော ပေါင်းစပ်မှုတစ်ခု ဖြစ်သည်။
အိမ်သို့ ပြန်လည်ရောက်ရှိပြီးနောက် လင်းယန်သည် မြေခွေးငယ်လေးနှင့် ဝံပုလွေမလေးတို့အား မည်သို့ နေရာချထားပေးရမည်ကို စစဉ်းစားသည်။
“အကိုလင်း၊ အကိုလင်းအိမ်က တိရစ္ဆာန်တွေအားလုံးမှာ နာမည်ရှိကြတာပဲ၊ ကျွန်မတို့ ဒီမြေခွေးငယ်လေးနဲ့ ဝံပုလွေမလေးကိုလည်း နာမည်ပေးကြရအောင်လား”
လင်းယန်သည်လည်း ကန့်ကွက်ခြင်းမရှိဘဲ ဆို၏။
“ကောင်းသားပဲ၊ ဒါပေမဲ့ သူ့ကို ‘အမွှေးဖြူ’ လို့တော့ ထပ်ပြီး မခေါ်ရတော့ဘူး၊ ငါတို့အိမ်မှာ ‘အမွှေးဖြူ’ တစ်ကောင် ရှိနေပြီလေ”
ဤစကားကြောင့် ရှောင်စစ်ယွီနှင့် ဝမ်လင်းလင်းတို့သည် ဆွံ့အသွားကြ၍ တစ်ပြိုင်နက်တည်းမှာပင် ရယ်လည်းရယ်ချင် စိတ်လည်းတိုသွားကြသည်။
မည်သူက မိမိ၏အိမ်မွေးတိရစ္ဆာန်ကို ဤကဲ့သို့သော နာမည်မျိုး ပေးပါမည်နည်း။
ဒါဟာ ယောကျာ်းစစ်စစ်တစ်ယောက်ရဲ့ အတွေးအမြင်မျိုးလား။
ခေတ္တမျှ စဉ်းစားပြီးနောက် ရှောင်စစ်ယွီသည် ပြောလိုက်သည်။
“ဒီမြေခွေးငယ်လေးကို ‘ရှောင်ရွှဲ’ လို့ ခေါ်ရင် ဘယ်လိုလဲ၊ သူ့ရဲ့ ဖြူဖွေးတဲ့အမွှေးတွေက တကယ့်ကို ဒီဇင်ဘာလရဲ့ နှင်းပွင့်တွေနဲ့ တူတာပဲ”
“ကောင်းပြီလေ”
လင်းယန်သည်လည်း ထိုနာမည်အား သဘောကျသွားသည်။
ဝမ်လင်းလင်းသည် ဆက်၍ ပြောသည်။
“ဝံပုလွေမလေးကိုတော့ ငါ နာမည်ပေးမယ်၊ ငါ ပေးမယ်”
သူမသည် အားရပါးရ အော်ဟစ်လိုက်ကာ ပြော၏။
“ဟင်း... ဝံပုလွေမလေးကို ‘ရက်ဒ်ရက်ဒ်’ လို့ ခေါ်ရင် ဘယ်လိုလဲ”
ရန်အာဟူ၏ နှုတ်ခမ်းများ တွန့်သွား၍ ဤနာမည်မှာ လင်းယန်ပေးသော နာမည်နှင့် အဆင့်အတန်း တူတူ ဖြစ်နေ၏။
“မင်းပြောတဲ့ ‘ရက်ဒ်’ ဆိုတာ ‘ဝံပုလွေနီ’ (Red Wolf) ထဲက နာမည်ကို ဆိုလိုတာ မဟုတ်လား၊ ဝံပုလွေမလေးတိုင်းက ‘ဝံပုလွေနီ’ မဟုတ်ပါဘူးနော်၊ ပြီးတော့ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် တက္ကသိုလ်ဘွဲ့ရလို့ ပြောဖို့တောင် ရှက်ဖို့ကောင်းတယ်”
ရန်အာဟူသည် ခေါင်းခါယမ်းလိုက်ရင်း ပြောသည်။
“တော်ပါတော့၊ မင်း နာမည်မပေးပါနဲ့တော့၊ ရှောင်စစ်ယွီပဲ ပေးပါစေ”
ရှောင်စစ်ယွီသည် သာသာယာယာ ပြုံးလိုက်၏။
ဝမ်လင်းလင်းသည် ဒေါသအလွန်ထွက်သွားကာ ရင်ပြင်ထောင့်ရှိ တံမြက်စည်းအား ဆွဲယူ၍ ရန်အာဟူနောက်သို့ လိုက်ရိုက်နှက်ရင်း ပြောသည်။
“နင့်အလှည့် ရောက်ပြီ၊ ရန်အာဟူ… နင်ကတောင် ငါ့ကို လှောင်ရဲတယ်ပေါ့လေ၊ ဒီမှာကြည့်စမ်း”
အရိုက်ခံနေရသော ရန်အာဟူသည် အရပ်မျက်နှာအနှံ့ ထွက်ပြေးတိမ်းရှောင်ရင်း အော်ဟစ်တော့သည်။
“အစ်မ... ကျွန်တော် မှားပါပြီ၊ ကျေးဇူးပြုပြီး မစပါနဲ့တော့၊ ဒီတံမြက်စည်းမှာ ကြက်ချေးတွေ ပေနေတုန်းပဲ၊ ကျွန်တော့်အဝတ်အစားတွေမှာ ပေကုန်ရင် ရွံစရာကြီးဗျာ”
ဝမ်လင်းလင်းသည် ခါးထောက်ရင်း ပြော၏။
“ဒါက ငါ့ကို နောက်ပြောင်တဲ့အတွက် ပေးဆပ်ရတဲ့ တန်ဖိုးပဲတော်ပါပြီ၊ ငါ တကယ်ပဲ နာမည်ပေးတဲ့နေရာမှာ မတော်ပါဘူး၊ စစ်ယွီ... နင်ကော ဒီဝံပုလွေမလေးအတွက် ဘယ်လိုနာမည်မျိုးက သင့်တော်မယ်လို့ ထင်လဲ”
“ကျောက်ကျောက်”
ရှောင်စစ်ယွီသည် စိတ်ထဲတွင် ကြိုစဉ်းစားထားသည့်အတိုင်း ပြောလိုက်၏။
ဤဝံပုလွေမလေးအား ပထမဆုံးအကြိမ် မြင်လိုက်ရကတည်းက ဤစကားလုံးသည် သူမ၏ စိတ်ထဲသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
လင်းရန်သည် အနည်းငယ် အံ့ဩသွား၍ မေးသည်။
“ဘယ်စာလုံးလဲ၊ ‘ဂုဏ်’ စာလုံးပေါင်း ထဲက စာလုံးလား”
ရှောင်စစ်ယွီသည် ခပ်ပြုံးပြုံးဖြင့် ပြောသည်။
“အလိုလိုက်ခံရပြီး မာနကြီးတတ်တဲ့ ‘ချေမိုးမိုး’ ထဲက ‘ကျောက်’ ကို ပြောတာပါ၊ သူက ဟန်ဆောင်မှု လုံးဝမရှိဘူးလေ၊ သူ့ရဲ့ အမူအရာက အမြဲတမ်း မာနခဲလေးလို ဖြစ်မနေဘူးလား”
ဝမ်လင်းလင်းသည်လည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကာ ဆို၏။
“နင်ပေးတဲ့နာမည်က သူနဲ့ တကယ်ကို လိုက်ဖက်ပါတယ်၊ မာနကြီးပြီး အေးစက်စက်နိုင်တဲ့ ဝံပုလွေမလေးကို ဘယ်သူက မချစ်ဘဲ နေနိုင်မှာလဲ”
ရန်အာဟူသည် ကျယ်လောင်စွာ ရယ်မောလိုက်ရင်း ပြောသည်။
“မင်း အဲဒီလိုမျိုး သွားမပြောနဲ့ဦး၊ မဟုတ်ရင် ဟန်ဟော့က သူ့မိန်းမကို လုဖို့ ကြိုးစားနေတယ်လို့ ထင်သွားလိမ့်မယ်”
အိမ်သို့ ပြန်ရောက်ကတည်းက ဟန်ဟော့သည် မိမိ၏ အစားအစာအားလုံး ကျောက်ကျောက်အား ပေးအပ်ချင်စိတ်သာ ပြင်းပြနေသည်။ ၎င်းသည် မိမိ၏ အနာဂတ်ဇနီးလောင်းအား မျက်နှာလိုမျက်နှာရ လုပ်နေခြင်းသာ ဖြစ်၏။
ထို့ကြောင့် မြေခွေးငယ်လေးနှင့် ဝံပုလွေမလေးတို့သည် မိမိတို့၏ ကိုယ်ပိုင်နာမည်များ ရသွားကြသည်။
ရှောင်စစ်ယွီသည် ရှောင်ရွှဲအား ရင်ခွင်ထဲ၌ တင်းကျပ်စွာ ပွေ့ဖက်ထားကာ ၎င်းကို အိမ်သို့ ခေါ်သွားချင်စိတ် ပြင်းပြနေသည်။
ရှောင်ရွှဲသည်လည်း ရှောင်စစ်ယွီ၏ ပွတ်သပ်ယုယမှုများ အပြည့်အဝ နှစ်သက်သဘောကျနေကာ ရံဖန်ရံခါတွင် ရှောင်စစ်ယွီအား ပွတ်သပ်ခွင့်ပေးရန် ကိုယ်ကိုလှန်၍ပင် ပြတတ်သေး၏။
အထူးသဖြင့် ၎င်း၏ ချစ်စဖွယ်ကောင်းသော အမူအရာများသည် မည်သည့်မိန်းကလေးမျှ မတွန်းလှန်နိုင်ကြပေ။
၎င်းနှင့် နှိုင်းယှဉ်ပါက ကျောက်ကျောက်သည် များစွာ အေးစက်လှသည်။
၎င်းသည် အမြဲတမ်း မာနထောင်လွှားပြီး ခန့်ညားထည်ဝါသော အမူအရာမျိုးကို ဆောင်ထား၏။
ချန်ဟောက်ထျန်းသည် ၎င်းတို့ အချင်းချင်း ပျော်ရွှင်စွာ ဆော့ကစားနေကြသည်ကို မလှမ်းမကမ်းမှ ငေးကြည့်ရင်း အလွန် စိတ်ဓာတ်ကျနေမိသည်။
လွန်ခဲ့သော နှစ်ရက်ခန့်က ဤကျေးရွာသို့ ရောက်လာကတည်းက သူသည် မိမိကိုယ်ကိုယ် မေးခွန်းချည်း ထုတ်နေမိ၏။
အဘယ်ကြောင့် မိမိ၏ အစီအစဉ်အတိုင်း တစ်ခုမျှ ဖြစ်မလာရသနည်း။
ဒါဟာ သူအလိုရှိတဲ့အရာ လုံးဝမဟုတ်ပါဘူး။
သူသည် မိမိကိုယ်ကိုယ် အလွန် နာကျည်းဝမ်းနည်းမိ၍ တစ်အိမ်လုံးရှိ တိရစ္ဆာန်များအားလုံး လင်းယန်၏ သူလျှိုများဖြစ်နေသကဲ့သို့ ခံစားနေရသည်။
သူသည် ဤတိရစ္ဆာန်များကို ယခင်ကတည်းက ဤမျှလောက်အထိ မုန်းတီးဖူးခြင်း မရှိခဲ့ပေ။
ရန်အာဟူသည် ကွေ့ထောင့်တစ်နေရာတွင် ကြောင်စီစီဖြင့် ရပ်နေသော ချန်ဟောက်ထျန်းအား မြင်လိုက်ရသဖြင့် ပြောသည်။
“မင်း ဒီနေရာမှာ ဘာပုန်းနေတာလဲ၊ အားလုံးက အလုပ်လုပ်နေကြတာကို မင်းက အလုပ်ရှောင်ဖို့ ကြိုးစားနေတာလား၊ လုပ်စရာမရှိရင် သွားပြီး ထင်းခုတ်ချေ”
ထင်းခုတ်သည့်အကြောင်း ပြောမိသည့်အခါ ရန်အာဟူသည် အပြီး ထွက်သွားခဲ့သော မျောက်အိုကြီးအား သတိရမိသွားသည်။
ထိုမျောက်အိုကြီးသည် ဝဖြိုးခြင်းမရှိသော်လည်း ထင်းခုတ်သည့်နေရာတွင် တကယ်ကို အားအင်သန်မာလှသည်။
မျောက်အိုကြီး ထွက်ခွာသွားပြီးနောက် ထင်းခုတ်သည့်အလုပ်သည် သူ၏ ပုခုံးပေါ်သို့ ပြန်ကျရောက်လာခဲ့ရာ တကယ့်ကို ပင်ပန်းဆင်းရဲလှသော အတွေ့အကြုံ ဖြစ်တော့သည်။
ချန်ဟောက်ထျန်းသည် မိမိကိုယ်ကိုယ် မယုံကြည်နိုင်ဟန်ဖြင့် လက်ညှိုးထိုးပြရင်း မေးသည်။
“မင်းက ငါ့ကို ထင်းခုတ်ခိုင်းတာလား၊ နောက်နေတာလား၊ ငါက မင်းတို့ရဲ့ ဧည့်သည်လေ”
ရန်အာဟူသည် တည်ကြည်စွာ ခေါင်းညိတ်ပြကာ ပြော၏။
“ဟုတ်တယ်လေ၊ မင်းကို လယ်တောက ဘဝအတွေ့အကြုံတွေကို အပြည့်အဝ ခံစားစေချင်လို့ပါ၊ မည်သို့ပင်ဆိုစေ ချန်သခင်လေးက ဤကဲ့သို့သော ဘဝမျိုးကို တစ်ခါမှ မကြုံတွေ့ဖူးဘူးမလား၊ အကယ်၍ မင်း ထင်းမခုတ်ချင်ဘူးဆိုရင်လည်း ရပါတယ်၊ မဟုတ်ရင်တော့ ငါနဲ့အတူ နွားကျောင်းလိုက်ခဲ့”
“အိပ်မက်တောင် မမက်နဲ့၊ ငါ ဒီလို စုတ်ပြတ်သတ်နေတဲ့နေရာကို နောက်တစ်ခါ ဘယ်တော့မှ မလာတော့ဘူး”
ချန်ဟောက်ထျန်းသည် ပို၍ ဒေါသထွက်လာခဲ့သည်။
သူ၏အိမ်တွင် အထိန်းတော် နှစ်ယောက်၊ သုံးယောက်ခန့် ရှိသော်လည်း ဤလယ်သမားအိမ်သို့ ဘဝအတွေ့အကြုံ လာရောက်ခံစားသည့်အခါတွင် အရာရာ မိမိကိုယ်တိုင် လုပ်ဆောင်နေရ၏။
သူသည် ဤဆိုးဝါးလှသော နေရာမှ ထွက်သွားပြီးနောက် မိမိ၏ တစ်သက်တာလုံးတွင် ကျေးလက်တောရွာသို့ ဘယ်သောအခါမျှ ပြန်မလာတော့ကြောင်း ဆုံးဖြတ်လိုက်သည်။
မွေ့ရာမပါသော ပျဉ်ထောင်ခုတင်နှင့် နေရာအနှံ့တွင် ရှိနေသော ပိုးကောင် မွှားကောင်များ အရာရာတိုင်းသည် ချန်ဟောက်ထျန်းအား အလွန် စိတ်ပျက်အားလျော့စေသည်။
ရန်အာဟူသည် ချန်ဟောက်ထျန်းအား အတင်းအကျပ် မခိုင်းစေခဲ့ပေ။
သူသည် ဤသခင်လေးအား မည်သို့မျှ ထိန်းချုပ်၍ မရနိုင်ကြောင်း ကောင်းစွာသိထားသည်။
အကယ်၍ သူ့ထံမှ အလုပ်တစ်ခုခု မျှော်လင့်နေမည်ဆိုပါက နောက်ဘဝအထိ စောင့်ဆိုင်းရလိမ့်မည်။
“ဟေး၊ စားစရာ တစ်ခုခု ရှိလား၊ ငါ ဗိုက်ဆာပြီ”
ချန်ဟောက်ထျန်းသည် လင်းယန်ဆီသို့ လှမ်းကြည့်လိုက်ရာ နေ့လယ်စာ ပြင်ခြင်းဖြင့် အလုပ်ရှုပ်နေဆဲဖြစ်သည်အား တွေ့သဖြင့် နေ့လယ်စာ စားသောက်ရန် အချိန်အနည်းငယ် စောင့်ဆိုင်းရဦးမည်ကြောင်း သိလိုက်၏။
သို့သော်လည်း တောင်ပေါ်တွင် အချိန်အတော်ကြာ လှည့်လည်သွားလာခဲ့ရသဖြင့် သူ၏ အားအင်များ အလျင်အမြန် ကုန်ခမ်းနေခဲ့၍ အလွန် ဗိုက်ဆာလောင်မှုအား ခံစားနေရသည်။
ရန်အာဟူသည် သူ့အား တစ်ချက်ကြည့်လိုက်ကာ ပြော၏။
“မင်းက ဘာအလုပ်မှလည်း မလုပ်ဘဲ တစ်နေ့လုံး စားဖို့ပဲ စဉ်းစားနေတာလား၊ မင်းစားဖို့ ဘာမှမရှိဘူး”
ထိုသို့ပြောပြီးနောက် မိမိ၏ အလုပ်များ ဆက်လက်လုပ်တော့သည်။
ချန်ဟောက်ထျန်းသည် ထိုစကားအား မယုံကြည်ဘဲ ၎င်းတို့ သတိမမူမိချိန် အခွင့်ကောင်းယူ၍ အိမ်အတွင်းသို့ ဝင်ကာ စားစရာများ စရှာတော့၏။
“အထဲမှာ ဘာတွေရှိနေတာလဲ”
ချန်ဟောက်ထျန်းသည် အခန်းထောင့်ရှိ သေတ္တာကြီးတစ်ခုအား သတိပြုမိသွားသည်။
၎င်းသည် မှောင်မည်းသော ထောင့်တွင် ရှိနေသဖြင့် အထဲ၌ အဘယ်အရာ ရှိနေသည်အား သဲသဲကွဲကွဲ မမြင်ရချေ။
သူသည် လက်အား အထဲသို့ တိုက်ရိုက်နှိုက်လိုက်ရင်း ဆိုသည်။
“အိုး... တကယ်ကို အိအိလေးပဲ၊ ပြီးတော့ နွေးလည်းနွေးတယ်”
ချန်ဟောက်ထျန်းသည် တုန်လှုပ်သွားကာ မိမိ၏လက် အလျင်အမြန် ပြန်ရုပ်သိမ်းလိုက်သော်လည်း နောက်ကျသွားခဲ့သည်။
မိမိ၏လက်အား အဘယ်အရာ ရစ်ပတ်ထားသည်အား သိရှိသွားသည့်အခါတွင် သူ၏ အော်ဟစ်သံသည် တစ်အိမ်လုံးရှိ ရင်ပြင်တစ်ခုလုံး ပျံ့လွင့်သွားလေတော့သည်။