အခန်း ၁၁၂
Vol. 11 Ch. 112
အခန်း ၁၁၂ - အမျိုးအစားတူ အမြုတေတစ်ခုကို ပေါင်းစပ်နိုင်သော အမြင့်ဆုံးကန့်သတ်ချက်
ဝမ်ထောင်သည် လီချို့ယွီထံသို့ သူနှင့် ဟန်ရွှေတို့ ပြန်တော့မည်ဖြစ်ကြောင်း အကြောင်းကြားရန် ဝေါကီတော်ကီကို အသုံးပြုလိုက်၏။ မည်သို့ပင်ဆိုစေ သူတို့သည် လီချို့ယွီ၏အိမ်၌ ရက်အနည်းငယ်ကြာ တည်းခိုခဲ့ကြသဖြင့် မထွက်ခွာမီ သူမအား အသိပေးရမည်ဖြစ်၏။
"လမ်းမှာ သတိထားပါဦး..."
ဖုန်းချပြီးနောက် ဟန်ရွှေသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။
"တကယ် ဇွတ်တရွတ်နိုင်တဲ့ မိန်းမပဲ..."
တကယ်လို့ လီချို့ယွီသာ သူမနှင့်အတူ စခန်းသို့ ပြန်လိုက်လာခဲ့လျှင် အဆင်ပြေမည်ဖြစ်၏။ ဤနေရာတွင် ဆက်နေပါက သူမသည် နောက်ဆုံးတွင် ဇွန်ဘီများ၏ စားသောက်ခြင်းကို ခံရမည် သို့မဟုတ် ငတ်ပြတ်၍ သေဆုံးသွားပေလိမ့်မည်။ ထိုကဲ့သို့ လှပသော နတ်သမီးတစ်ပါးက ဆိုးဝါးသော နိဂုံးနှင့် ရင်ဆိုင်ရမည်ကို တွေးမိပြီး ဟန်ရွှေ သူမအတွက် သနားမိ၏။
ဝမ်ထောင်ကတော့ ဘာမှမပြောပါ။ သူသည် သူတစ်ပါးကိစ္စတွင် ဝင်ရောက်စွက်ဖက်လိုခြင်း မရှိသော်လည်း လီချို့ယွီသာ သေဆုံးသွားပါက တကယ်ပင် နှမြောစရာကောင်းလိမ့်မည်ဟု တွေးမိ၏။ သူမသည် ပရိတ်သတ်အများစု၏ နတ်သမီးဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။
သူတို့ ရွှေကျဲစခန်းသို့ ပြန်ရောက်သည့်အချိန်တွင် ညနေငါးနာရီပင် ရှိနေလေပြီ။
ဝမ်ထောင်သည် ရက်စွဲကို စစ်ဆေးလိုက်မှ သူတို့နှစ်ဦး အပြင်သို့ ထွက်သွားသည်မှာ တစ်ပတ် ရှိခဲ့ပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။
"ခဏသွားနားလိုက်ဦး၊ ငါကတော့ အစည်းအဝေးသွားရမယ်"
"အင်း"
ဝမ်ထောင်သည် အဝတ်အစားလဲလှယ်ရန် ပင် ပင် အချိန်မရဘဲ လက်နက်အပြည့်အစုံဖြင့် ဘက်စုံသုံးအဆောက်အအုံ၏ အပေါ်ဆုံးထပ်သို့ တည့်တည့်သွားခဲ့၏။
သူသည် နောက်အကျဆုံး ပြန်ရောက်လာသူ ဖြစ်သည်။ အခြားသော ကော်မတီဝင်များမှာ ရောက်ရှိနေကြပြီဖြစ်၏။
သူတို့ကို တစ်ပတ်ခန့် မမြင်ရပြီးနောက် သူတို့ထဲမှ အချို့မှာ ယခင်ကထက် ထူးခြားနေနေကြောင်း သိသာလှသည်။
အထူးသဖြင့် ရှန့်ဟုန်ပင်း၊ လုကန်းနှင့် ဖုန်းမင်အန်တို့ ဖြစ်ကြပြီး သူတို့ တစ်ယောက်ချင်းစီတွင် သွေးပမာဏ ၁၀၀၀ ကျော် ရှိနေကြပြီဖြစ်၏။
မျှော်လင့်ထားသည့်အတိုင်း ပြင်ပမှ လှုံ့ဆော်မှုများသည် လူတိုင်းကို ပိုမိုသန်မာလာစေရန် တွန်းအားပေးနိုင်ခဲ့သည်။
ထို့ပြင် သူတို့သည် ဝမ်ထောင်၏ အကြံပြုချက်ကို လိုက်နာကာ သာမန်ဇွန်ဘီများကို အရင် သတ်ခဲ့ကြသည်။ သို့မဟုတ်ပါက အထူးဇွန်ဘီများကို သတ်ဖြတ်ခြင်းအပေါ်၌သာ အားကိုးနေလျှင် ရှန့်ဟုန်ပင်းမှလွဲ၍ မည်သူမျှ သွေးပမာဏ ၁၀၀၀ သို့ ဤမျှမြန်မြန် ရောက်ရှိနိုင်မည် မဟုတ်ပေ။
"ဝမ်ထောင်၊ ဒီတစ်ခေါက် အသီးအပွင့် ဘယ်လိုလဲ"
ဝေကျန့်ကော်က ပြုံး၍ မေးလိုက်သည်။
"မဆိုးပါဘူး"
ဝမ်ထောင်သည် ဇွန်ဘီအမြုတေများ ပြည့်နှက်နေသော အိတ်ကို ထုတ်လိုက်၏။
သူတို့၏ မျက်လုံးများ တောက်ပသွားသော်လည်း ချက်ချင်း ဖွင့်ကြည့်ရန် မလောကြပေ။ ထို့အစား သူတို့သည် ဝေကျန့်ကော်ကို ကြည့်လိုက်ကြသည်။
ဝေကျန့်ကော်၏ မျက်နှာအမူအရာမှာ ချက်ချင်း တည်တံ့သွား၏။
"ငါတို့ဆီက သူလျှိုတွေရဲ့ သတင်းပေးပို့ချက်အရ အဲဒီ မြေအောက်ကုန်တိုက်ဟာ ရှောက်ယုံရဲ့ အသက်ရှင်ကျန်ရစ်သူစခန်း ဖြစ်တယ်၊ ပြီးတော့ ငါတို့စခန်းက မုဆိုးအဖွဲ့နှစ်ဖွဲ့ကို ရှောက်ယုံ ဖမ်းဆီးထားတာလည်း အမှန်ပဲ၊ ဒါပေမဲ့ တိကျတဲ့ အခြေအနေကိုတော့ မသိရသေးဘူး၊ လူသေလား မသေဘူးလားဆိုတာလည်း မသိရသေးဘူး၊ အဲဒီလူတွေကို ပိတ်လှောင်ထားပြီး ငါတို့လူတွေ အနားကပ်လို့မရဘူးဆိုတာပဲ သိရတယ်..."
ဝေကျန့်ကော်က လက်ရှိအခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်၏။
"ဘာအစီအစဉ် ရှိလဲ၊ တိုက်ရိုက် ဝင်တိုက်မှာလား"
ဝမ်ထောင်က မျက်ခုံးပင့်၍ မေးလိုက်သည်။
"မဟုတ်ဘူး၊ ငါတို့ အဲဒီ မုဆိုးတွေကို ထည့်တွက်ရမယ်၊ တကယ်လို့ တိုက်ရိုက် ဝင်တိုက်ရင် သူတို့ သတ်ခံရမှာ သေချာတယ်..."
ရန်ကျဲ့က ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။
တစ်ဖက်လူတွင် ဓားစာခံများ ရှိနေသဖြင့် သူတို့ လှုပ်ရှားရန် အနည်းငယ် ဝေခွဲမရ ဖြစ်နေကြ၏။
သူတို့သည် စခန်းရှိ အခြားလူများ၏ အတွေးကို ထည့်တွက်ရမည် ဖြစ်သည်။ မိမိတို့လူများ ဖမ်းဆီးခံရသော်လည်း စခန်းက ကယ်တင်ဖို့တောင် မကြိုးစားဘဲ ရက်စက်တယ်လို့ လူတိုင်း မြင်သွားလျှင် ပြည်သူ့ထောက်ခံမှု ဆုံးရှုံးပေလိမ့်မည်။
"ဘာပဲဖြစ်ဖြစ် အရင်ဆုံး တိုက်ပွဲအတွက် ပြင်ဆင်ထားကြရအောင်၊ သူတို့က ငါတို့လူတွေကို အသက်ရှင်လျက် ထားပြီး အကုန်မသတ်သေးတာကို ကြည့်ရင် ညှိနှိုင်းချင်သေးတယ်လို့ ဆိုလိုတာပဲ၊ သူတို့ ဘာပြောမလဲဆိုတာ အရင်ကြည့်ပြီးမှ ဗျူဟာချကြမယ်"
ဝေကျန့်ကော် အနည်းငယ် သက်ပြင်းချလိုက်မိ၏။
ဤလူစုမှာ အလွန် ထူးဆန်းလှသည်။ လူများကို ဖမ်းဆီးပြီးနောက် သူတို့သည် ရွှေကျဲစခန်းကို အင်အားပြလိမ့်မည် သို့မဟုတ် ညှိနှိုင်းရန် လာလိမ့်မည်ဟု သူ ထင်ခဲ့သည်။ သို့သော် တစ်ပတ် ကြာသွားသော်လည်း တစ်ဖက်လူက ဘာမှ မလှုပ်ရှားပေ။ သူတို့ ဘာတွေးနေသည်ကို လူတိုင်း စဉ်းစားမရ ဖြစ်နေကြ၏။ ပြိုင်ဘက်၏ ရည်ရွယ်ချက်ကို မသိဘဲ ပစ်မှတ်ထားသည့် ဗျူဟာတစ်ခုကို ချမှတ်ရန်မှာ မဖြစ်နိုင်ပေ။ အချိန်မရွေး စစ်ပွဲဖြစ်ပွားရန် အဆင်သင့်ရှိသည်ဟုသာ သူတို့ ပြောနိုင်၏။
"ကောင်းပြီ၊ မုဆိုးအဖွဲ့ကိစ္စကတော့ လောလောဆယ် ဒီလောက်ပဲ၊ အချိန်ကျမှ ဖြေရှင်းကြတာပေါ့၊ အခု ဇွန်ဘီအမြုတေတွေအကြောင်း ပြောကြရအောင်"
ရှန့်ဟုန်ပင်းကလည်း အိတ်တစ်အိတ် ထုတ်လိုက်သည်။ ဖွင့်ကြည့်လိုက်သောအခါ အတွင်း၌ အဖြူရောင် အများစုဖြစ်သော အရောင်စုံ အမြုတေများကို တွေ့လိုက်ရ၏။
"အို၊ မင်းတို့လည်း အများကြီး ရခဲ့တာပဲ"
ဝမ်ထောင်က အနည်းငယ် အံ့သြသွားသည်။
"ဒါပေါ့"
ရှန့်ဟုန်ပင်းက အရင်ဆုံး အောင်နိုင်သူကဲ့သို့ ရယ်မောလိုက်ပြီးနောက် ထပ်ပြောသည်။
"ဒါပေမဲ့ ဒါက ငါတစ်ယောက်တည်းဟာ မဟုတ်ဘူး၊ လုကန်းနဲ့ ငါ နှစ်ယောက်လုံးရဲ့ ပစ္စည်းတွေ"
"ဒါကလည်း အရမ်းကောင်းပါတယ်"
ဖုန်းမင်အန်က ပြုံး၍ ပြောလိုက်ပြီးနောက် သသူကလည်း အိတ်တစ်အိတ်ကို ထုတ်လိုက်၏။အတွင်းရှိ အမြုတေအရေအတွက်မှာ အနည်းငယ် နည်းပါးသော်လည်း အရောင်များမှာမူ ပိုမို စုံလင်လှသည်။
၄င်းကို မြင်လိုက်ရသောအခါ ခုနကတင် ကြွားဝါနေသည့် ရှန့်ဟုန်ပင်းသည် ချက်ချင်း မျက်နှာ ပျက်သွား၏။
ဖုန်းမင်အန် ရရှိထားသော အမြုတေများ၏ အရည်အသွေးမှာ သူ့ထက် သိသိသာသာ ပိုမြင့်မားနေသည်။
ထို့နောက် သူတို့အားလုံးက ဝမ်ထောင်ကို ပြန်ကြည့်လိုက်ကြ၏။
ဝမ်ထောင်က သူ့အိတ်ကို ဖွင့်လိုက်သောအခါ အတွင်းရှိ မြောက်မြားစွာသော အရောင်စုံ အမြုတေများကို မြင်ပြီး လူတိုင်း မျက်လုံး ပြူးသွားကြသည်။
"တောက်၊ မင်း အထူးဇွန်ဘီတွေရဲ့ အသိုက်ကို သွားလုလာတာလား၊ အရေအတွက်ကို ထားလိုက်ပါဦး၊ အရည်အသွေးက ဘာလို့ ဒီလောက် မြင့်နေရတာလဲ"
ရှန့်ဟုန်ပင်း အနည်းငယ် စိတ်လှုပ်ရှားလာ၏။
"ငါ ကံကောင်းသွားလို့ပါ"
ဝမ်ထောင်က အများကြီး ရှင်းမပြပေ။
သူနှင့် ဟန်ရွှေတို့သည် တစ်ပတ်လုံးလုံး အပြင်ထွက်ခဲ့ကြသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ဖြင့် ဤအမြုတေများကို ရယူရန်မှာ အပန်းမကြီးပေ။ ပြီးတော့ ၄င်းတို့က သူထုတ်ပြထားတာတွေပဲ ရှိသေးပြီး သူ မထုတ်ပြရသေးသော အမြုတေအချို့လည်း ရှိနေသေးသည်။
"ဝမ်ထောင်၊ မင်း အရင် ရွေးပါ၊ ဘာပဲဖြစ်ဖြစ် မင်းက ငါတို့ရဲ့ ထိပ်တန်းတိုက်ခိုက်ရေးသမားပဲ"
ဝေကျန့်ကော်က ဝမ်ထောင်ကို ကြည့်လိုက်သည်။
"ကောင်းပါပြီ"
ဝမ်ထောင်လည်း အားနာမနေပေ။ သူသည် အိတ်နှစ်အိတ်ထဲမှ အမြုတေများကို ကြည့်လိုက်ပြီး တုန်ခါလှိုင်းအမြုတေများနှင့် ကြေးအရေပြားသံမဏိအရိုးအမြုတေများကို ချက်ချင်း ရွေးထုတ်လိုက်၏။
သူက အခြားအရာများကို မလိုချင်၍ မဟုတ်ဘဲ သူ သုံးလို့မရခြင်းကြောင့် ဖြစ်သည်။ သူသည် ကိုယ်တိုင်ကုသခြင်း သို့မဟုတ် တိကျစွာပစ်ခတ်ခြင်း အမြုတေတစ်ခုမှ မတွေ့ရပေ။ သူတို့က တမင်တကာ ဝှက်ထားခြင်းမျိုး မဟုတ်လောက်ပါ။ အဘယ်ကြောင့်ဆိုသော် ဤလူများထဲတွင် ဖုန်းမင်အန် တစ်ယောက်သာ လောလောဆယ် စွမ်းရည်ရှင် ဖြစ်ပြီး အခြားလူများမှာ သာမန်လူများ ဖြစ်နေကြသေးသောကြောင့် ဖြစ်၏။
"ငါ ဒါတွေပဲ ယူမယ်"
ဝမ်ထောင်သည် တုန်ခါလှိုင်း လေးခုနှင့် ကြေးအရေပြားသံမဏိအရိုး နှစ်ခု စုစုပေါင်း အမြုတေ ခြောက်ခုကို ယူလိုက်သည်။
"ကောင်းပြီ"
သူတို့ထဲမှ မည်သူမျှ ကန့်ကွက်ခြင်း မရှိကြပေ။
ထို့နောက် သူတို့က ဖုန်းမင်အန်ကို ရွေးခိုင်းလိုက်၏။ ဖုန်းမင်အန်သည် အန်ဖတ်အမြုတေများ အားလုံးကို ယူလိုက်သည်။
သူသည်လည်း ထိုအရာများကိုသာ သုံးနိုင်၏။ဤနေရာတွင် သူ အသုံးမပြုနိုင်သော အမြုတေများစွာ ရှိနေသည်ကို မြင်ရသဖြင့် သူ စိတ်မကောင်းဖြစ်မိသော်လည်း ဝမ်ထောင်ထံတွင် အန်ဖတ်အမြုတေများစွာ ရှိနေသည်ကို မြင်သောအခါ ပြန်လည် စိတ်သက်သာရာ ရသွားသည်။ အကယ်၍ သူသည် ဤအမြုတေများအားလုံးကို အောင်မြင်စွာ ပေါင်းစပ်နိုင်လျှင် သူ၏အင်အားသည် သိသိသာသာ တိုးတက်လာမည်မှာ အသေအချာပင်။
ဖုန်းမင်အန် ရွေးချယ်ပြီးနောက် ကျန်ရှိနေသောလူများသည် မရွေးချယ်ကြသေးဘဲ ဝမ်ထောင်ကိုသာ လှမ်းကြည့်လိုက်ကြသည်။
"ဝမ်ထောင်... ငါတို့နဲ့ ဘယ်အမြုတေတွေ သင့်တော်လဲဆိုတာ ကူကြည့်ပေးပါဦး"
ရှန့်ဟုန်ပင်းက မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
၎င်းတို့၏ အမြင်တွင် ဝမ်ထောင်သည် အရာရာကို သိရှိသူတစ်ဦး ဖြစ်သည်။ အမြုတေများ ပေါင်းစပ်ခြင်းနှင့် ပတ်သက်လာလျှင် ဝမ်ထောင်၏ လမ်းညွှန်မှုကို ရယူမှသာ စိတ်ချရမည်ဖြစ်၏။
"ကောင်းပြီလေ"
ဝမ်ထောင်က ခေါင်းငြိမ့်ပြလိုက်ပြီး ရှန့်ဟုန်ပင်းနှင့် ဝေကျန့်ကော်တို့၏ ခန္ဓာကိုယ် တည်ဆောက်ပုံကို ကြည့်ကာ ပြောလိုက်သည်။
"မင်းတို့နှစ်ယောက် အရင်ဆုံး အရှိန်ပြင်းဝင်တိုက်အမြုတေကို ပေါင်းစပ်ဖို့ ကြိုးစားသင့်တယ်လို့ ငါ ထင်တယ်"
အရှိန်ပြင်းဝင်တိုက်အမြုတေသည် အတော်လေး အစွမ်းထက်ပြီး ထွက်ပြေးရန်နှင့် တိုက်ခိုက်ရန် နှစ်ခုစလုံးအတွက် အသုံးဝင်သည်။ ဤအချက်ကို ဟန်ရွှေက အပြည့်အဝ သက်သေပြခဲ့ပြီးဖြစ်၏။ ဝမ်ထောင်သာ ကိုယ်တိုင်ကုသခြင်း အမြုတေကို မစောင့်ဆိုင်းလိုပါက သူကိုယ်တိုင်လည်း အရှိန်ပြင်းဝင်တိုက်အမြုတေကို ပေါင်းစပ်ရန် ပြင်ဆင်မိမည်ဖြစ်သည်။
အကယ်၍ ထိုနှစ်ဦးသာ အရှိန်ပြင်းဝင်တိုက်အမြုတေကို ပေါင်းစပ်နိုင်ပါက ၎င်းတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ပိုမိုသာလွန်သဖြင့် ဟန်ရွှေထက်ပင် ပိုမိုသန်မာလာနိုင်သည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် အရှိန်ပြင်းဝင်တိုက်စွမ်းရည်အတွက် အပိုဆောင်းစွမ်းရည်ကို ပေးစွမ်းနိုင်လိမ့်မည်။
"သဘောတူတယ်"
သူတို့နှစ်ဦးစလုံး ခေါင်းငြိမ့်လိုက်ကြ၏။
ဝမ်ထောင်သည် တုန်ခါလှိုင်းအမြုတေများကလည်း ၎င်းတို့နှင့် သင့်တော်မည်ဟု တွေးမိသော်လည်း သူကိုယ်တိုင် အသုံးပြုလိုသဖြင့် ယခုကဲ့သို့ အချိန်မျိုးတွင် အားနာနေရန် မလိုဘဲ မိမိလိုအပ်သော အမြုတေများကို အရင် ရယူရမည်ဖြစ်သည်။
"လုကန်းအတွက်ကတော့..."
ဝမ်ထောင်က ခဏမျှ စဉ်းစားပြီးနောက် သူ့ထံမှ အပြာရောင်အမြုတေတစ်ခုကို ထုတ်လိုက်သည်။
"ဒါက တိကျစွာပစ်ခတ်ခြင်း အမြုတေပဲ..."
"တိကျစွာပစ်ခတ်ခြင်းလား"
ထိုနာမည်ကို ကြားရသောအခါ လုကန်း၏ မျက်လုံးများ တောက်ပသွားသည်။ သူသည် ၎င်း၏ တိကျသော အာနိသင်ကို မသိရသေးသော်လည်း နာမည်အရ သူနှင့် အလွန်သင့်တော်ပုံရ၏။
သို့သော် ဝမ်ထောင်၏ နောက်ဆက်တွဲ စကားများကြောင့် သူ ချက်ချင်းပင် ဝေခွဲမရ ဖြစ်သွားရသည်။
"တိကျစွာပစ်ခတ်ခြင်း စွမ်းရည်က အရမ်းအစွမ်းထက်တယ်။ အဲဒီစွမ်းရည် သုံးနေတဲ့ အချိန်အတွင်းမှာ မင်းရဲ့ အာရုံငါးပါးက
ပိုထက်မြက်လာပြီး မင်းရဲ့ သေနတ်ပစ်စွမ်းရည်က သိသိသာသာ တိုးတက်လာလိမ့်မယ်။ ဒါပေမဲ့... သူ့ရဲ့ ဘေးထွက်ဆိုးကျိုးကလည်း ကြောက်စရာကောင်းတယ်။ မင်းရဲ့ မျက်စိတစ်ဖက် ကွယ်သွားလိမ့်မယ်။ ဒီအမြုတေရဲ့ အောင်မြင်မှုနှုန်းက ၄၀ ရာခိုင်နှုန်း ရှိတယ်။ မင်း လိုချင်ရင် ငါ ပေးမယ်"
"..."
လုကန်း အနည်းငယ် ဆွံ့အသွားသည်။
သူသည် စနိုက်ပါသမားတစ်ဦးဖြစ်ပြီး စနိုက်ပါပစ်ခတ်စဉ် မျက်စိတစ်ဖက်ကို မှိတ်ထားလေ့ရှိသော်လည်း ၎င်းက မျက်စိတစ်ဖက် အမှန်တကယ် ကွယ်သွားသည်ကို လက်ခံနိုင်သည်ဟု မဆိုလိုပေ။
"ငါ့အမြင်အရတော့ ဒါက အရမ်းအစွန်းရောက်လွန်းတယ်။ ဒါကြောင့် ငါ အကြံမပြုချင်ဘူး။ ဒါပေမဲ့ မင်း တကယ် သုံးချင်တယ်ဆိုရင်လည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"
မနေ့က ဟန်ရွှေနှင့်အတူ ဇွန်ဘီများကို လိုက်လံသတ်ဖြတ်စဉ် ဝမ်ထောင်သည် သေနတ်ကိုင်ထားသော ရဲဇွန်ဘီအသစ်တစ်ကောင်နှင့် ကြုံတွေ့ခဲ့ရ၏။ ၎င်းကို ရှင်းလင်းပြီးနောက် သူသည် တိကျစွာပစ်ခတ်ခြင်း အမြုတေတစ်ခုကို ရရှိခဲ့ခြင်းဖြစ်သည်။
လုကန်းကသာ တိကျစွာပစ်ခတ်ခြင်း စွမ်းရည်ကို ရရှိပါက ကျားတွင် အတောင်ပံ တပ်ပေးလိုက်သကဲ့သို့ ဖြစ်မည်မှာ သေချာသည်။ သို့သော် ကံမကောင်းစွာဖြင့် ဝမ်ထောင်ထံတွင် လောလောဆယ် ဤတိကျစွာပစ်ခတ်ခြင်း အမြုတေတစ်ခုသာ ရှိနေပြီး အခြားလူများထံတွင်လည်း မရှိကြပေ။ ထို့ကြောင့် ဝမ်ထောင်အနေဖြင့် ဘေးထွက်ဆိုးကျိုးမရှိသော မော်ကွန်းဝင်အဆင့်အမြုတေတစ်ခုကို ပေါင်းစပ်ဖန်တီးရန် နည်းလမ်းမရှိသေးပေ။
ထို့ကြောင့် ဝမ်ထောင်ကိုယ်တိုင်လည်း သဘောသိပ်မကျတူသော်လည်း
သုံးလိုလျှင်သုံးနိုင်ရန် အကြံပြုခြင်းဖြစ်သည်။
ခေတ္တမျှ စိတ်ဒွိဟဖြစ်ပြီးနောက် လုကန်းက နောက်ဆုံးတွင် ခါးသီးစွာ ပြုံးလျက် ခေါင်းခါလိုက်၏။
"ဟင့်အင်း... မျက်စိတစ်ဖက် ဆုံးရှုံးရမယ့် တန်ဖိုးကို ငါ လက်မခံနိုင်သေးဘူး။ စနိုက်ပါသမားတစ်ယောက်အတွက် မျက်လုံးက အရမ်းအရေးကြီးတယ်။ ငါသာ မျက်စိတစ်ဖက် တကယ်ကွယ်သွားရင် ငါ့ရဲ့ စွမ်းရည်က သိသိသာသာ ကျဆင်းသွားလိမ့်မယ်။ စွမ်းရည်က အများကြီး ကူညီပေးနိုင်တယ်ဆိုရင်တောင် ငါက စွမ်းရည်ကို အမြဲတမ်း သုံးနေလို့ရတာမှ မဟုတ်တာ။ ဒါကြောင့် မတန်ဘူးလို့ ထင်တယ်..."
"မှန်တယ်"
လုကန်းသည် ဆင်ခြင်တုံတရား ရှိနေသေးသည်ကို မြင်ရသဖြင့် ဝမ်ထောင်က ပြုံးပြီး အမြုတေကို ပြန်သိမ်းလိုက်သည်။
"မင်း တိကျစွာပစ်ခတ်ခြင်းကို မသုံးဘူးဆိုရင် မင်း အမြန်ပြေးအမြုတေကို ပေါင်းစပ်ဖို့ ကြိုးစားသင့်တယ်လို့ ငါ ထင်တယ်"
"အမြန်ပြေးလား"
လုကန်းက မျက်မှောင်ကုတ်လိုက်သည်။
"ဟုတ်တယ်... အမြန်ပြေးပဲ။ အမြန်ပြေးအမြုတေက ကဏ္ဍစုံမှာ အရှိန်ပြင်းဝင်တို
အမြုတေထက် နိမ့်ကျပေမယ့် အမှန်တကယ်တော့ သူက အရမ်းကောင်းတဲ့ နေရာရွှေ့ပြောင်းခြင်း စွမ်းရည်တစ်ခုပဲ။ ပြီးတော့ မင်းက စနိုက်ပါသမားတစ်ယောက်ဖြစ်လို့ ဒီလို အနီးကပ် နေရာရွှေ့ပြောင်းနိုင်တဲ့ စွမ်းရည်မျိုး ရှိထားရင် မင်းရဲ့ ရှင်သန်နိုင်စွမ်းက အများကြီး တိုးတက်လာလိမ့်မယ်။ မင်း အသက်ရှင်နေသရွေ့ ထိခိုက်မှုတွေကို ဆက်တိုက် ပေးစွမ်းနိုင်မှာပဲ"
ဝမ်ထောင်က ရှင်းပြလိုက်သည်။
"အို... မင်း အဲဒီလို ပြောလိုက်တော့လည်း အများကြီး အဓိပ္ပာယ်ရှိသွားတာပဲ။ ဒါဆို ငါ အမြန်ပြေးနဲ့ပဲ ပေါင်းစပ်တော့မယ်"
လုကန်း၏ မျက်လုံးများ တောက်ပသွားသည်။
သူ၏ အားသာချက်မှာ တာဝေးတိုက်ခိုက်ရေး ဖြစ်သည်။ သူ၏ အနီးကပ်တိုက်ခိုက်ရေး စွမ်းရည်က မညံ့ဖျင်းသော်လည်း အဝေးမှ တိုက်ခိုက်နိုင်သရွေ့ ထိုအားသာချက်ကို အဘယ်ကြောင့် စွန့်လွှတ်ရမည်နည်း။
ထို့ကြောင့် သူသည် အနီးကပ်တိုက်ခိုက်ရေး စွမ်းရည်များကို စိတ်မဝင်စားပေ။ သို့သော် ဝမ်ထောင် ပြောသည်မှာ မှန်ကန်၏။ ၎င်းကို အနီးကပ်တိုက်ခိုက်ရေး စွမ်းရည်အဖြစ် မဟုတ်ဘဲ ရှင်သန်ခြင်း စွမ်းရည်အဖြစ် သဘောထားမည်ဆိုပါက အလွန်သင့်တော်လှသည်။
"လျူဟဲအတွက်တော့... ကိုယ်ယောင်ဖျောက်အမြုတေနဲ့ ပေါင်းစပ်ဖို့ ကြိုးစားသင့်တယ်လို့ ထင်တယ်။ ဒီကိုယ်ယောင်ဖျောက်အမြုတေက အောင်မြင်မှုနှုန်း ၈၀ ရာခိုင်နှုန်း ရှိတာမို့ သေချာသလောက် ရှိတယ်..."
ဝမ်ထောင်က လျူဟဲကို ကြည့်ကာ ပြောလိုက်သည်။
လျူဟဲသည် တိုက်ခိုက်ရေးသမား မဟုတ်သလို ဖြစ်လာရန်လည်း မရည်ရွယ်သဖြင့် တိုက်ခိုက်ရေးစွမ်းရည်များရှိသော အမြုတေကို ပေါင်းစပ်ရန် မလိုအပ်ပေ။ ဤကိုယ်ယောင်ဖျောက်ခြင်း စွမ်းရည်သည် အလွန်ကောင်းမွန်သော ရှင်သန်ခြင်း အာနိသင်ရှိသည်။ ၎င်း၏ ဘေးထွက်ဆိုးကျိုးမှာ ခန္ဓာကိုယ်အင်အားကို နှစ်ဆ ပိုမိုကုန်ခမ်းစေခြင်း ဖြစ်သော်လည်း သူသည် အပြင်ထွက် တိုက်ခိုက်မည့်သူ မဟုတ်သဖြင့် သက်ရောက်မှုမှာ အနည်းငယ်သာ ရှိလိမ့်မည်။
ပြောရလျှင် သူသည် အမြုတေကို လုံးဝမ
သုံးဘဲ ယခုလိုပဲ နေလျှင်လည်း ရနိုင်သည်။ မည်သည့်စွမ်းရည်မျှ ရှိလာမည်မဟုတ်သော်လည်း ဘေးထွက်ဆိုးကျိုးလည်း ရှိလာမည်မဟုတ်ဘဲ သာမန်လူတစ်ယောက်အဖြစ် နေထိုင်ရသည်မှာလည်း ကောင်းမွန်လှသည်။
သို့သော် လျူဟဲသည် သာမန်လူတစ်ဦးအဖြစ် မနေလိုပေ။
"ကောင်းပြီ... အမှန်တော့ ငါလည်း ကိုယ်ယောင်ဖျောက်ခြင်းနဲ့ပဲ ပေါင်းစပ်ချင်နေတာ"
လျူဟဲက အနည်းငယ် စိတ်လှုပ်ရှားနေ၏။
ရန်ကျဲ့အတွက်မူ သူသည် အော်ဟစ်အမြုတေတစ်ခုနှင့် ပေါင်းစပ်ထားပြီးဖြစ်သော်လည်း အခြားအမျိုးအစား အမြုတေတစ်ခုနှင့် ထပ်မံ ပေါင်းစပ်နိုင်သည်ဟု ခံစားနေရသည်။ ဝမ်ထောင်ကလည်း သူ့ကို ကိုယ်ယောင်ဖျောက်အမြုတေနှင့် ပေါင်းစပ်ရန် အကြံပြုခဲ့သည်။
သို့သော် ရန်ကျဲ့က အနည်းငယ် ဝေခွဲမရ ဖြစ်နေပြီး စဉ်းစားကြည့်ဦးမည်ဟု ဆိုသည်။ ဝမ်ထောင်ကလည်း အများကြီး ဆက်မပြောတော့ပေ။ သူသည် အကြံပြုချက်ကိုသာ ပေးနိုင်ခြင်းဖြစ်ပြီး မည်သို့ပြုလုပ်မည်ဆိုသည်မှာ ကာယကံရှင်၏ ဆုံးဖြတ်ချက်သာ ဖြစ်သည်။
၎င်းတို့အသီးသီး ပေါင်းစပ်မည့် လမ်းကြောင်းကို ဆုံးဖြတ်ပြီးနောက် ချက်ချင်းပင် ပေါင်းစပ်ရန် ပြင်ဆင်ကြသည်။ တိုက်ပွဲသည် အချိန်မရွေး ဖြစ်ပွားနိုင်သဖြင့် စောစောစီးစီး ပြင်ဆင်ထားရမည်ဖြစ်၏။
ဝမ်ထောင်က အရင်ဆုံး ထွက်ခွာခဲ့သည်။ ဘာပဲဖြစ်ဖြစ် ၎င်းတို့တွင် ဖုန်းမင်အန် ပေါင်းစပ်ခဲ့ဖူးသည့် အတွေ့အကြုံ ရှိနေကြပြီဖြစ်သဖြင့် ဝမ်ထောင် စောင့်ကြည့်ပေးရန် မလိုအပ်တော့ပေ။
အိမ်သို့ ပြန်ရောက်သောအခါ တင်ယွီချင်က ဝမ်ထောင်ကို ပြေးဖက်လိုက်သည်။
"ဝမ်ထောင်... နင် နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ"
တင်ယွီချင်၏ ဦးခေါင်းပေါ်ရှိ ၃၀၀ ကျော်သော သွေးဘားတန်းကို ကြည့်ရင်း ဝမ်ထောင်က သူမကိုလည်း အဆင့်တက်ပေးရန် အချိန်ကျပြီဟု ရုတ်တရက် တွေးမိသည်။ ဘာပဲဖြစ်ဖြစ် တင်ယွီချင်တွင် သွေးပမာဏ ပိုမိုများပြားလေလေ သူမက ဝမ်ထောင်ကို သွေးပမာဏ ပိုမို ဖြည့်တင်းပေးနိုင်လေလေ ဖြစ်သည်။
"မရီး... မနက်ဖြန်ကျရင် မရီးကို အပြင်ခေါ်သွားပြီး ပျော်စရာတစ်ခုခု လုပ်ပေးမယ်"
ဝမ်ထောင်က တင်ယွီချင်၏ ခါးကိုပွေ့ထားရင်းမှ ပြောလိုက်၏။
"အင်"
တင်ယွီချင်၏ နှုတ်ခမ်းလေး အနည်းငယ် ဟသွားသည်။ ခဏမျှ ကြောင်အသွားပြီးနောက် သူမက ချက်ချင်းပင် သနားစရာကောင်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဝမ်ထောင်... နင် ငါ့ကို ဇွန်ဘီတွေ ထပ်သတ်ခိုင်းဦးမလို့မလား..."
"မရီးက တော်တော် ဉာဏ်ကောင်းတာပဲ"
ဝမ်ထောင်က သူမ၏ ဦးခေါင်းကို အသာအယာ ပုတ်လိုက်သည်။
"ဟင့်..."
ဝမ်ထောင်၏ ငြင်းပယ်ခွင့်မရှိသော မျက်နှာအမူအရာကို မြင်ရသဖြင့် တင်ယွီချင်က လိမ္မာပါးနပ်စွာဖြင့် ဆက်မပြောတော့ပေ။
ဝမ်ထောင်က သူမကို သေချာပေါက် ကာကွယ်ပေးမည်ကို သူမ သိရှိသော်လည်း သူမက ကြောက်ရွံ့နေမိ၏။
ဇွန်ဘီများကို သတ်ဖြတ်ခြင်းက သူမကို ပိုမိုသန်မာလာစေမည်ဖြစ်သောကြောင့် ဝမ်ထောင်က စေတနာဖြင့် ပြုလုပ်ပေးခြင်းဖြစ်ကြောင်းလည်း သူမ သိလေ၏။ တင်ယွီချင်က ညစာ ပြင်ဆင်ပြီးဖြစ်သည်။ ဝမ်ထောင်က တစ်လုတ် စားသုံးကြည့်ပြီးနောက် ရေရွတ်လိုက်သည်။
"အိမ်က ဟင်းက အကောင်းဆုံးပဲ"
အပြင်တွင် ရှိနေသည့် ရက်အနည်းငယ်အတွင်း သူသည် နေ့တိုင်း အာဟာရဖျော်ရည်များကိုသာ သောက်သုံးခဲ့ရသဖြင့် အတော်လေး ငြီးငွေ့နေပြီဖြစ်သည်။
"ကောင်းရင် အများကြီးစားနော်"
တင်ယွီချင်က အလွန်ဝမ်းသာသွားသည်။ ဘာပဲဖြစ်ဖြစ် ၎င်းက ဝမ်ထောင်သည် သူမ၏ လက်ရာကို သဘောကျကြောင်း ပြသနေသည် မဟုတ်ပါလား။
ညစာ စားပြီးနောက် ဝမ်ထောင်သည် ဇွန်ဘီအမြုတေအချို့ကို ပေါင်းစပ်ရန် သူ၏ အခန်းသို့ ဝင်ခဲ့၏။
သူ အပြင်ထွက်နေစဉ်အတွင်း အမြုတေအမြောက်အမြား စုဆောင်းမိခဲ့ပြီး ခုနကတင် ရှန့်ဟုန်ပင်းတို့ထံမှလည်း အချို့ကို ယူဆောင်လာခဲ့သည်။ ၎င်းက ပေါင်းစပ်မှု ပြုလုပ်ရန် အကောင်းဆုံး အချိန်ပင်။
ဝှစ်...
အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီးနောက် လိမ္မော်ရောင်အမြုတေအချို့ သူ၏ လက်ထဲတွင် ပေါ်လာသည်။
【အဆင့် ၁ အမြုတေ · တုန်ခါလှိုင်း *၄】
【အဆင့် ၁ အမြုတေ · ကြေးအရေပြားသံမဏိအရိုး *၁】
ဤလိမ္မော်ရောင်မော်ကွန်းဝင်အဆင့်အမြုတေ ငါးခုကို ကြည့်ပြီး ဝမ်ထောင်က ပြုံးလိုက်သည်။
သူ့လက်ထဲရှိ အမြုတေများမှာ မူလက အနည်းငယ် လိုအပ်နေသော်လည်း ရှန့်ဟုန်ပင်းတို့ထံတွင် ရှိနေသည်နှင့် ကွက်တိ ဖြစ်သွားသည်။ ၎င်းတို့ကို ယူဆောင်ပြီးနောက် သူသည် မိမိအတွက် အသုံးဝင်မည့် အမြုတေငါးခုကို ပေါင်းစပ်ဖန်တီးနိုင်ခဲ့၏။
ဝမ်ထောင်သည် ၎င်းတို့ကို တစ်ပြိုင်နက်တည်းတော့ အကုန်မစားရဲပေ။ သူ၏ ပုံမှန်အလေ့အထအတိုင်း တစ်ခုပြီးတစ်ခု စားသုံးခဲ့သည်။ သူသည် အရင်ဆုံး ကြေးအရေပြားသံမဏိအရိုး တစ်ခုကို စားသုံးလိုက်၏။
လွန်ခဲ့သော နှစ်ရက်က ဝမ်ထောင်သည် ကြေးအရေပြားသံမဏိအရိုးအမြုတေတစ်ခုကို ပေါင်းစပ်ပြီးနောက် အခြားတုန်ခါလှိုင်းအမြုတေတစ်ခုကို ထပ်မံ ပေါင်းစပ်ခဲ့သဖြင့် သူ၏ စွမ်းအင်ပမာဏမှာ ၁၀၀၀ သို့ ရောက်ရှိနေပြီဖြစ်သည်။
ခဏအကြာတွင် နွေးထွေးသော လှိုင်းတစ်ခု သူ၏ ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားပြီး သူ၏ စွမ်းအင်ပမာဏမှာ နောက်ထပ် ၁၀၀ ထပ်မံ တိုးတက်လာ၏။
"ဆက်လုပ်မယ်"
ဝမ်ထောင်သည် အခြားတုန်ခါလှိုင်းအမြုတေတစ်ခုကို ထပ်မံ စားလိုက်ပြန်သည်။
စွမ်းအင်ပမာဏ +၁၀၀၊
+၁၀၀
+၁၀၀
....
"အင်"
နောက်ဆုံး တုန်ခါလှိုင်းအမြုတေကို ပါးစပ်ထဲ ထည့်လိုက်သောအခါ ဝမ်ထောင်က ရုတ်တရက် ကြောင်အသွားသည်။
အမြုတေများသည် အစိုင်အခဲများကဲ့သို့ ဖြစ်သော်လည်း စားသုံးပြီးနောက် ချက်ချင်း ဓာတ်ငွေ့အဖြစ် ပြောင်းလဲသွားပုံရပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ လျင်မြန်စွာ ပေါင်းစပ်သွားလေ့ရှိ၏။
သို့သော် ဤတုန်ခါလှိုင်းအမြုတေမှာမူ ပါးစပ်ထဲတွင် ရှိနေသော်လည်း မည်သည့်ပြောင်းလဲမှုမျှ ရှိမလာပေ။
"ထပ်ပြီး ပေါင်းစပ်လို့ မရတော့ဘူးလား"
ဝမ်ထောင်က အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသည်။ သူက ၎င်းကို ပြန်ထွေးထုတ်ပြီး ထပ်မံ ကြိုးစားကြည့်သော်လည်း အလုပ်မဖြစ်သေးပေ။ သူ၏ ခန္ဓာကိုယ်တွင်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိပါ။
ဝမ်ထောင်က သူ၏ အရည်အသွေးများကို ကြည့်လိုက်သည်။ သူ၏ သွေးဘားတန်းအောက်ရှိ စွမ်းရည်ပုံရိပ်များတွင် တုန်ခါလှိုင်း ပုံရိပ်အောက်၌ "+၁၀" ဟု ပြသနေပြီး ကြေးအရေပြားသံမဏိအရိုး အောက်၌ "+၃" ဟု ပြသနေကာ တိကျစွာပစ်ခတ်ခြင်း အောက်၌မူ မည်သည့်ကိန်းဂဏန်းမျှ မရှိပေ။
ဝမ်ထောင်သည် ယခင်က ဤအရာများကို အမှန်တကယ် သတိမပြုမိခဲ့ပေ။
"အမျိုးအစားတူ အမြုတေတစ်ခုကို အမြင့်ဆုံး ၁၀ ကြိမ်ပဲ ပေါင်းစပ်လို့ ရတာလားမသိဘူး"
ဝမ်ထောင်က မေးစေ့ကို ပွတ်ရင်း ရေရွတ်လိုက်သည်။
၎င်းက ဖြစ်နိုင်ချေ အများဆုံးပင်။ အကယ်၍ သူက ဆက်လက် ပေါင်းစပ်လိုပါက... ။
၎င်းသည် အမြင့်ဆုံးကန့်သတ်ချက်သို့ ရောက်ရှိသွားသဖြင့် ဆက်လက် လုပ်ဆောင်၍ မရခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် ဒုတိယအဆင့် အမြုတေများ လိုအပ်ခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် မည်သည့်ဖြစ်နိုင်ချေပဲဖြစ်ဖြစ် ဝမ်ထောင်အနေဖြင့် လောလောဆယ် တုန်ခါလှိုင်းကို ဆက်လက် ပေါင်းစပ်၍ မရနိုင်တော့ပါ။
သူက သူ၏ အရည်အသွေးများကို လှမ်းကြည့်လိုက်သည်။
သွေးပမာဏ 【၂၆၅၀/၂၆၅၀】
စွမ်းအင်ပမာဏ 【၁၄၀၀/၁၄၀၀】
ဝမ်ထောင်သည် ဤအရည်အသွေးများကို အတော်လေး ကျေနပ်မိသည်။
ဤအရာများသည် ဤတစ်ပတ်အတွင်း သူ အထူးဇွန်ဘီများကို အသည်းအသန်
လိုက်ရှာခဲ့သည့် ရလဒ်များ ဖြစ်၏။ ထိုဖြစ်စဉ်က ချောမွေ့မနေခဲ့ဘဲ အကျပ်အတည်းအချို့နှင့်လည်း ကြုံတွေ့ခဲ့ရသည်။ သို့သော် မည်သို့ပင်ဖြစ်စေ သူ၏ နှစ်ထောင်ကျော်သော သွေးပမာဏနှင့် တစ်ထောင်ကျော်သော စွမ်းအင်ပမာဏကို ကြည့်ပြီး ဝမ်ထောင်က ကျေနပ်မိသည်။
ထို့နောက် ဝမ်ထောင်က သူ၏ လက်ထဲရှိ လိမ္မော်ရောင် တုန်ခါလှိုင်းအမြုတေကို ပြန်ကြည့်လိုက်သည်။
"ငါကိုယ်တိုင် သုံးလို့မရပေမယ့် အခြားလူကို ပေးလို့ရတာပဲ..."
သူသည် ဟန်ရွှေ၊ ရှန့်ဟုန်ပင်းနှင့် ဝေကျန့်ကော်တို့အားလုံးနှင့် သင့်တော်မည်ဟု ခံစားရသည်။ သူသည် မနက်ဖြန်တွင် ၎င်းတို့၏ ပေါင်းစပ်မှု အခြေအနေကို စစ်ဆေးပြီးမှ မည်သူ့ကို ပေးရမည်ကို ဆုံးဖြတ်မည်ဖြစ်သည်။
ဝမ်ထောင်သည် မနက်ဖြန်တွင် အပြင်သို့ ထွက်ခွာရန် စီစဉ်ထားသဖြင့် သူက လိမ္မော်ရောင် တုန်ခါလှိုင်းအမြုတေတစ်ခုကို ထိုအချိန်တွင် ရရှိခဲ့သည်ဟု အကြောင်းပြလျှင်လည်း ကျိုးကြောင်းဆီလျော်မှု ရှိလိမ့်မည်။
ဝမ်ထောင်သည် သူက အမြုတေများကို ပေါင်းစပ်ဖန်တီးနိုင်သည်ဟူသော အချက်ကို ထုတ်ဖော်ရန် မရည်ရွယ်သလို သူနှင့် နီးစပ်သူများကိုပင် ပြောပြမည်မဟုတ်ပေ။ ထို့အတူ မွန်းစတားများကို သတ်ဖြတ်ခြင်းဖြင့် ပစ္စည်းများ ရရှိနိုင်သည့် သူ၏ စွမ်းရည်ကိုလည်း ပေးသိမည်မဟုတ်ပါ။
သူသည် "သာမန်လူတစ်ယောက်တွင် အပြစ်မရှိသော်လည်း ရတနာကို သိမ်းဆည်းထားခြင်းက အပြစ်ဖြစ်စေသည်" ဟူသော သဘောတရားကို နားလည်သည်။ သူသာ ဤစွမ်းရည်များကို ထုတ်ဖော်လိုက်ပါက ဤဘဝတွင် မည်သည့်အခါမျှ အေးချမ်းရလိမ့်မည်မဟုတ်ကြောင်း သူ သေချာပေါက် သိ၏။ ထိုအခါ သူသည် ဇွန်ဘီများကိုသာမက အခြားအသက်ရှင်ကျန်ရစ်သူများကိုပါ သတိထားရလိမ့်မည်။
ထို့ကြောင့် လိမ္မော်ရောင်အမြုတေတစ်ခုကို မထုတ်မီ ဝမ်ထောင်သည် ၎င်းကို ဖုံးကွယ်ရန် အချို့သော ပြင်ဆင်မှုများကို ပြုလုပ်မည်ဖြစ်ပြီး လူတိုင်းကို အခြားလမ်းကြောင်းသို့ မတွေးမိစေရန် အတတ်နိုင်ဆုံး ကြိုးစားမည်ဖြစ်သည်။ ဝမ်ထောင်၏ ဟင်းလင်းပြင်အတွင်းရှိ အခြားအမြုတေများအတွက်မူ မလိုအပ်သရွေ့ သူက လိမ္မော်ရောင်များအဖြစ် ပေါင်းစပ်ရန် မရည်ရွယ်ပေ။ ဘာပဲဖြစ်ဖြစ် သူသည် အကျိအချွဲဗုံးများ ပြုလုပ်ရန်အတွက်လည်း အမြုတေများ လိုအပ်နေသေးသည် မဟုတ်ပါလား။
အမြုတေလေးခုကို တစ်ပြိုင်နက်တည်း ပေါင်းစပ်ပြီးနောက် ဝမ်ထောင်၏ စိတ်ဓာတ်သည် အနည်းငယ် တက်ကြွနေပြီး ခန္ဓာကိုယ်အင်အားလည်း ပြည့်ဝနေသည်။ ရေမြန်မြန်ချိုးပြီးနောက် သူသည် တင်ယွီချင် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီဖြစ်ကြောင်း
တွေ့လိုက်ရ၏။
သို့သော် တင်ယွီချင်သည် အဝတ်အစားများ ကို လှပစွာဝတ်ဆင်ထားပြီး အဖြူရောင် ရုံးဝတ်စုံနှင့် အနက်ရောင်၊ အနီရောင်အောက်ခံပါသော ဒေါက်မြင့်ဖိနပ်တို့ ဖြစ်ကြသည်။ ၎င်းက လက်တွေ့တွင် တိုက်ခိုက်ရေးအရှိန်မြှင့်ဝတ်စုံနှင့် အလားသဏ္ဌာန်တူလှသည်။
"မရီးက ငါ့ကို အသိဆုံးပဲ"
"...ဟွန်း..."
တင်ယွီချင်က အသာအယာ နှာမှုတ်လိုက်၏။ ခဏအကြာတွင် သူမကို မည်သည့်အရာက ဆီးကြိုနေမည်ကို သူမ မသိရှာသေးပေ။
"မရီး.."
"နေဦးလေ နင်ရေမသုတ်ရသေးဘူးလို့.."
"မလိုဘူး.."
နောက်တစ်နေ့။
ဝမ်ထောင် နိုးလာသော်လည်း တင်ယွီချင်ကမူ မနိုးသေးပေ။
သူသည် ဟင်းချက်ရန် မပြင်ဆင်တော့ဘဲ အာဟာရဖျော်ရည် အနည်းငယ်ကို တိုက်ရိုက် သောက်သုံးပြီးနောက် ဘက်စုံသုံးအဆောက်အအုံသို့ သွားခဲ့သည်။
"အစ်ကိုကြီး"
သူ ကားပေါ်မှ ဆင်းလိုက်သည်နှင့် အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။
ဝမ်ထောင်က လှည့်ကြည့်လိုက်ရာ စမတ်ကျသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေရောင်ကိုင်းပါသော မျက်မှန်ကို တပ်ဆင်ကာ ဆံပင်ကို သပ်ရပ်စွာ ဖြီးသင်ထားသော လူကြီးလူကောင်းတစ်ဦးကို တွေ့ရသည်။
"မင်းက..."
ဝမ်ထောင်သည် ၎င်းက မည်သူဖြစ်ကြောင်း အစပိုင်းတွင် မမှတ်မိခဲ့ပေ။
"အစ်ကိုကြီး... ကျွန်တော် ကောဟွာပါ"
တစ်ဖက်လူက စိတ်လှုပ်ရှားစွာဖြင့် အပြေးအလွှား ရောက်ရှိလာ၏။
"ဟင်... ကောဟွာလား"
ဝမ်ထောင်က အနည်းငယ် အံ့သြသွားသည်။ သူ ၎င်းကို နောက်ဆုံးတွေ့ခဲ့စဉ်က ဖုန်မှုန့်များ ပေကျံနေပြီး လူတစ်ယောက်ကို သတ်ဖြတ်ခဲ့သဖြင့် သွေးများ ပေကျံနေခဲ့သောကြောင့် ယခုကဲ့သို့ သပ်ရပ်သော ပုံစံနှင့် လုံးဝ မတူညီပေ။
"မင်းကောင်လေး... တော်တော်လေး ဟန်ကျနေတာပဲ"
"ဒါတွေအားလုံးက အစ်ကိုကြီးကြောင့်ပါ။ နောင်ကျရင် အစ်ကိုကြီးမှာ ကိစ္စတစ်ခုခုရှိရင် တစ်ချက်ပဲ မိန့်လိုက်ပါ။ ကျွန်တော်ကတော့ မီးပင်လယ်မကလို့ ဓားတောင်ပဲဖြစ်ဖြစ် ချက်ချင်း ဆင်းရဲပါတယ်"
ကောဟွာ၏ မျက်လုံးများထဲရှိ စစ်မှန်သော အရိပ်အယောင်ကို မြင်ရသဖြင့် ဝမ်ထောင်သည် ၎င်းက အစစ်အမှန် သို့မဟုတ် အတုအယောင်ဖြစ်ကြောင်း မသိရသော်လည်း သူက ပြုံးလျက် ကောဟွာ၏ ပခုံးကို ပုတ်ပေးလိုက်သည်။
"မဆိုးဘူး"
ဝမ်ထောင်က ခေါင်းငြိမ့်ပြလိုက်ပြီး ဆက်ပြော၏။
"ငါ အပေါ်ထပ်မှာ ကိစ္စရှိလို့။ နောက်မှ အေးအေးဆေးဆေး စကားပြောကြတာပေါ့"
"အစ်ကိုကြီး... ခဏလောက်။ ကျွန်တော်တို့စခန်းက လူတွေ ဖမ်းခံရတယ်လို့ ကြားမိလို့။ ပြီးတော့ ဖမ်းတဲ့လူက ရှောက်ယုံ ဆိုတဲ့လူလား"
"ဟုတ်တယ်... ဘာဖြစ်လို့လဲ"
ဤသတင်းက လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ အခြားတစ်ဖက်လူက မည်သူဖြစ်ကြောင်း အတည်ပြုပြီးနောက် ဝေကျန့်ကော်သည် ၎င်းကို စခန်းရှိမုဆိုးများ
သိစေရန် ချပြခဲ့ပြီး အပြင်ထွက်သည့်အခါ သတိထားရန် ပြောကြားခဲ့သည်။
"အစ်ကိုကြီး... ကျွန်တော် အဲဒီရှောက်ယုံကို သိကောင်းသိနိုင်တယ်။ ကျွန်တော် သူတို့ကို ကယ်တင်ဖို့ ကူညီပေးနိုင်လိမ့်မယ်"
"ဟေ.."
(စာစဥ် ၁၀ တွင် အပိုင်း နံပါတ်များမှားရေးမိသဖြင့် အပိုင်း ၁၁၁ အစား ၁၁၂ ဟု တပ်မိသွားပါသည်။ ယခုစာစဥ် ၁၁ တွင်ပါဝင်သော ၁၁၂ ကသာအမှန်ဖြစ်ပါတယ်ခင်ဗျာ ၊ အဆင်မပြေဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်)
-------