← Chapters

အခန်း ၁၁၄

Vol. 11 Ch. 114

အခန်း ၁၁၄

Vol. 11 Ch. 114

အခန်း ၁၁၄ - ကောဟွာ၏ ကယ်တင်ရေး နည်းလမ်း

ဝမ်ထောင်သည် ကိုယ်ယောင်ဖျောက်ခြင်းစွမ်းရည်မှာ အသက်ဘေးမှလွတ်မြောက်ရန် အလွန်ကောင်းမွန်သော စွမ်းရည်တစ်ခုဖြစ်သည်ဟု တွေးမိ၏။ ထိုစွမ်းရည်သည် တင်ယွီချင်နှင့်လည်း အလွန်လိုက်ဖက်လှသည်။

သို့သော်လည်း ယခုအချိန်တွင် မော်ကွန်းဝင်အဆင့်အမြုတေတစ်ခုအဖြစ် ပေါင်းစပ်ရန်အတွက် ကိုယ်ယောင်ဖျောက်ခြင်းအမြုတေ အလုံအလောက်မရှိသေးသဖြင့် အရေအတွက်ပြည့်သည်အထိ စောင့်ရန်ယဆုံးဖြတ်လိုက်သည်။

နောင်တစ်ချိန်တွင် အဖော်များကို ကုသပေးနိုင်သည့်အမြုတေမျိုးနှင့် ကြုံတွေ့ရနိုင်

သည်လည်းရှိကောင်းရှိနိုင်၏။

နောက်တစ်နေ့ မနက်စောစောတွင်...

တင်ယွီချင် မေတ္တာဖြင့် ပြင်ဆင်ပေးထားသော မနက်စာကို စားသောက်ပြီးနောက် ဝမ်ထောင်သည် ဘက်စုံသုံးအဆောက်အအုံသို့ ရောက်လာခဲ့ပြန်သည်။

“ကောဟွာဆီက သတင်း ထူးသေးလား”

“ကော်မတီဝင်ကို အစီရင်ခံပါတယ်၊ မရှိသေးပါဘူးခင်ဗျာ”

“အင်း၊ သိပြီ”

ဝမ်ထောင် အံ့ဩခြင်းမရှိပါ။သူက

အလွယ်မေးလိုက်ခြင်းသာ ဖြစ်၏။ တစ်ရက်ဆိုသည်မှာ အလွန်တိုတောင်းလှသဖြင့် ကောဟွာ ကိစ္စမပြတ်သေးသည်မှာ သဘာဝကျပါသည်။

ထို့နောက် ဝမ်ထောင်သည် ဝေကျန့်ကော်ထံသို့ သွားရောက်ကာ တုန်ခါလှိုင်းအမြုတေကို မည်သူ့အား ပေးလိုက်သနည်းဟု မေးလိုက်သည်။

“အဘိုးကြီးရှန့်ကို ပေးလိုက်တယ်၊ သူက ငါတို့စခန်းမှာ မင်းပြီးရင် ဒုတိယအသန်မာဆုံးလူပဲဆိုတော့ သူနဲ့ အသင့်တော်ဆုံးပဲ”

ဝေကျန့်ကော်က ပြုံး၍ ပြောကြားခဲ့သည်။

ဤတုန်ခါလှိုင်းအမြုတေနှင့် ကိုက်ညီသူမှာ သူကိုယ်တိုင်နှင့် ရှန့်ဟုန်ပင် နှစ်ဦးတည်းသာ ရှိ၏။ သူကိုယ်တိုင်လည်း ထိုအမြုတေကို လိုချင်သော်လည်း တိုက်ခိုက်ရေးအခြေအနေကို ထည့်တွက်ပါက ရှန့်ဟုန်ပင်းမှာ စခန်း၌ ဒုတိယအသန်မာဆုံးဖြစ်သဖြင့် သူ

သာအသုံးပြုလျှင် ပို၍ထိရောက်မည် ဖြစ်သည်။

ထို့ကြောင့် ဝေကျန့်ကော်သည် လိမ္မော်ရောင်အမြုတေကို ရှန့်ဟုန်ပင်းအား ပေးအပ်ခဲ့ခြင်း ဖြစ်၏။

“အင်း၊ သူနဲ့ တကယ်ကို သင့်တော်ပါတယ်”

ဝမ်ထောင်သည် ရှန့်ဟုန်ပင်း၏ အရှိန်ပြင်းဝင်တိုက်စွမ်းရည်နှင့် တုန်ခါလှိုင်းစွမ်းရည်တို့ ပေါင်းစပ်သွားမည့်ကို အနည်းငယ် မျှော်လင့်မိနေသည်။

“သူ ဘယ်မှာလဲ”

“ဒီမနက်ခင်း သူနိုးလာကတည်းက တစ်စက္ကန့်မှမစောင့်နိုင်ဘဲ သူ့စွမ်းရည်ကို စမ်းသပ်ဖို့ အပြင်ကို ထွက်သွားပြီ”

ဝေကျန့်ကော်သည် မတတ်နိုင်သလို ခေါင်းခါယမ်းလိုက်၏။

“ဟားဟား၊ နားလည်ပေးလို့ရပါတယ်”

ဝမ်ထောင်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ထို့နောက် သူက ဆက်မေး၏၊

“ဒါနဲ့ မင်းရဲ့ ဒဏ်ရာကော ဘယ်လိုလဲ”

“ဒီအမြုတေကို ပေါင်းစပ်ပြီးကတည်းက ဒဏ်ရာက အများကြီး သက်သာသွားသလိုပဲ၊ အခု သိပ်ပြဿနာမရှိတော့ဘူး၊ မနက်ခင်းအလုပ်တွေပြီးရင် ဒီမွန်းလွဲပိုင်းမှာ အပြင်ထွက်ပြီး ဇွန်ဘီတွေကို အမဲလိုက်ဖို့ စမ်းကြည့်မလို့ပဲ”

ဝေကျန့်ကော်က စိတ်လှုပ်ရှားစွာ ပြောသည်။

ဝမ်ထောင် ဝေကျန့်ကော်နှင့် စတင်တွေ့ဆုံစဉ်က ၎င်းတွင် သွေးပမာဏ ခြောက်ရာကျော်ရှိခဲ့ပြီး ယခုအချိန်အထိလည်း ထိုမျှသာ ရှိသေး၏။ အကြောင်းမှာ ထိုအတောအတွင်း သူသည် အပြင်သို့ မထွက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ ယခင်က အရှိန်ပြင်းဝင်တိုက်ဇွန်ဘီ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသဖြင့် ဒဏ်ရာမှာ အတော်ပြင်းထန်ခဲ့၏။

သို့သော်လည်း ကြာမြင့်စွာ အနားယူပြီးနောက် အမြုတေတစ်ခုကို ပေါင်းစပ်လိုက်သည့်အခါ ဒဏ်ရာမှာ များစွာသက်သာသွားပြီး အဓိကပြဿနာကြီးကြီးမားမား မရှိတော့ပေ။

“ဂုဏ်ယူပါတယ်”

“ဟူး...ငါ့ရဲ့ ခွန်အားကို အမြန်မြှင့်ဖို့ လိုနေပြီ၊ အရင်က ငါ့ကိုယ်ငါ ရှန့်ဟုန်ပင်းထက် နည်းနည်းပဲ အားနည်းတယ်လို့ ထင်ခဲ့တာ၊ အခုတော့ သူ့ကို လုံးဝ မယှဉ်နိုင်တော့ဘူး”

ဝေကျန့်ကော်မှာ အားကိုးရာမဲ့သလို ဖြစ်နေ၏။ဝမ်ထောင်သည် ပြုံးသာပြပြီး ဘာမျှမပြောခဲ့ပေ။

ယခင်က ဝေကျန့်ကော်တွင် သွေးပမာဏ ခြောက်ရာကျော်ရှိပြီး ရှန့်ဟုန်ပင်တွင် ရှစ်ရာကျော်ရှိရာ ကွာခြားချက်မှာ သိပ်မများလှပေ။ ယခုအခါ ဝေကျန့်ကော်တွင် ခြောက်ရာကျော်သာ ရှိသေးသော်လည်း ရှန့်ဟုန်ပင်းမှာမူ တစ်ထောင်ကျော်သို့ ရောက်ရှိနေပြီဖြစ်ရာ ၎င်းတို့ကြားမှ ကွာဟချက်မှာ ပိုမိုကျယ်ပြန့်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းအနေဖြင့် ရှန့်ဟုန်ပင်ကို မယှဉ်နိုင်တော့သည်မှာ သဘာဝကျလှ၏။

၎င်းတို့နှစ်ဦး စကားအနည်းငယ် ထပ်မံပြောပြီးနောက် ဝမ်ထောင်သည် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း အောက်ထပ်သို့ မဆင်းရသေးမီ လူတစ်ဦး အပြေးအလွှား တက်လာသည်ကို မြင်လိုက်ရ၏။

“ကော်မတီဝင်ဝမ်၊ ကော်မတီဝင်ဝေ၊ ကောဟွာဆီက သတင်းရပါပြီ၊ သူက လူတွေကို ခေါ်ထုတ်လာနိုင်ပြီမလို့ သွားကြိုပေးဖို့ တောင်းဆိုထားပါတယ်”

“ဟေ”

“ဟ.."

ဝမ်ထောင်နှင့် ဝေကျန့်ကော်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ၎င်းတို့၏မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။

တစ်ရက်မျှသာ ရှိသေးသည်ကို သူက လူများကို တကယ်ပဲ ခေါ်ထုတ်လာနိုင်ခဲ့တာလား။

ယခင်က စုံစမ်းရန် သွားခဲ့ကြသည့် သူလျှိုများသည် အချက်အလက် စုဆောင်းရန်အတွက်ကလေးကိုတင် ရက်ပေါင်းများစွာ အချိန်ဖြုန်းခဲ့ရသည်ကို သိထားသင့်သည်။

ဝမ်ထောင်သည် ကောဟွာတစ်ယောက် ရန်သူ့ထံ ဘက်ပြောင်းသွားပြီး လူလာကြိုခိုင်းသည်မှာ ထောင်ချောက်တစ်ခု ဖြစ်နေမည်ကိုပင် သံသယဝင်မိ၏။

“လူလွှတ်လိုက်၊ မဟုတ်ဘူး၊ ငါကိုယ်တိုင် သွားမယ်”

ဝေကျန့်ကော်သည် အတန်ငယ် စိတ်လှုပ်ရှားသွားသည်။

ကောဟွာ မည်သို့လုပ်ဆောင်ခဲ့သည်ကို မသိရသော်လည်း လူများကို ပြန်ခေါ်လာနိုင်လျှင်ပဲ အဆင်ပြေလှပြီ ဖြစ်၏။ သို့သော်လည်း ဝေကျန့်ကော်သည်လည်း ကောဟွာ ဘက်ပြောင်းသွားခြင်း ရှိ၊ မရှိ သံသယဝင်မိသဖြင့် ကိုယ်တိုင်သွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ၎င်းသည် အတွေ့အကြုံရှိသူဖြစ်ရာ အခြေအနေတစ်ခုခု မှားယွင်းပါက ချက်ချင်း ဆုတ်ခွာနိုင်မည် ဖြစ်၏။

“ငါလည်း လိုက်မယ်”

ဝမ်ထောင်သည် ကောဟွာ မည်သည့်နည်းဖြင့် လူများကို ခေါ်ထုတ်လာသည်ကို သိချင်နေသည်။သူသည် ဟန်ရွှေကိုလည်း ခေါ်သွားရန် ပြင်ဆင်လိုက်၏။ အကြောင်းမှာ ဟန်ရွှေ၏ အာရုံခံစွမ်းရည်သည် ချုံခိုတိုက်ခိုက်မှုများ သို့မဟုတ် ထောင်ချောက်များနှင့် ရင်ဆိုင်ရပါက အလွန်အသုံးဝင်သောကြောင့် ဖြစ်သည်။

“ကောင်းပြီ”

ဝေကျန့်ကော်သည် ချက်ချင်းပင် ယာဉ်များကို ပြင်ဆင်စေပြီး ဝမ်ထောင်သည်လည်း ဟန်ရွှေကို သွားခေါ်ရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။

ကောဟွာ လူများကို ခေါ်ထုတ်လာနိုင်ပြီဟူသော သတင်းကို ကြားရသည့်အခါ ဟန်ရွှေသည်လည်း အလွန်တုန်လှုပ်သွားခဲ့၏။

“ကျွန်မလည်း လိုက်မယ်”

ခဏအကြာတွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ယာဉ်လေးစီးသည် စခန်းပြင်ပသို့ မောင်းနှင်ထွက်ခွာသွားခဲ့သည်။

“ငါတို့ ဒီမှာ ဘေးကင်းရဲ့လား”

အမာရွတ်များဖြင့် ပြည့်နှက်နေသော လူငယ်တစ်ဦးက အံကြိတ်၍ မေးမြန်းလိုက်၏။

“စိတ်မပူပါနဲ့၊ ဒါ ငါတို့စခန်းရဲ့ ယာဉ်စခန်းချရာနေရာတွေထဲက တစ်ခုပဲ၊ အရမ်းဘေးကင်းပါတယ်”

ကောဟွာသည် ၎င်း၏ ရွှေရောင်ကိုင်းမျက်မှန်ကို အဝတ်စတစ်ခုဖြင့် သုတ်လိုက်ရင်း သူတို့အား ပြန်ကြည့်ကာ ပြောသည်။

“အားလုံးပဲ၊ အပြင်မထွက်ကြပါနဲ့၊ အသံလည်း မလုပ်ကြပါနဲ့၊ ဒီမှာပဲ ကယ်ဆယ်ရေးကို စောင့်နေကြပါ”

“ကောင်းပါပြီ”

အားလုံးက ခေါင်းညိတ်လိုက်ကြပြီးနောက် တိတ်ဆိတ်စွာ အတူတူထိုင်နေကြကာ စကားမဆိုကြတော့ပေ။

ဤလူများကို ကြည့်ရင်း ကောဟွာသည် အလွန်စိတ်ကျေနပ်မိ၏။

မုဆိုးများအဖြစ် အပြင်သို့ ထွက်ရဲသူများသည် သာမန်လူများနှင့် ကွာခြားလှ၏။ ပုဂ္ဂိုလ်ရေးစွမ်းရည်ကို ခေတ္တဖယ်ထားလျှင်ပင် ၎င်းတို့၏ စိတ်ဓာတ်ကြံ့ခိုင်မှုက အားကောင်းပြီး အမိန့်ကို လိုက်နာကြသည်။

အခြေအနေတစ်ခုခုဖြစ်လျှင် အော်ဟစ်တတ်ပြီး စွမ်းရည်မရှိဘဲ အကြံဉာဏ်သာများကာ အမိန့်ကို လုံးဝမနာခံတတ်သည့် သူ၏ ယခင်အူကြောင်ကြောင်အသင်းဖော်များနှင့် မတူပေ။

“မစ္စတာကော၊ တကယ်ကို ကျေးဇူးတင်ပါတယ်၊ ခင်ဗျားသာမရှိရင် ငါတို့ နောက်ထပ် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်ဦးမလဲ မသိဘူး”

လူတစ်ဦးက တိုးတိုးကပ်၍ ပြောလိုက်၏။

“ကျွန်တော့်ကို ကျေးဇူးတင်ဖို့မလိုပါဘူး၊ စခန်းက ခင်ဗျားတို့ကို အလွန်တန်ဖိုးထားပါတယ်၊ ခင်ဗျားတို့ ပြန်ပေးဆွဲခံရတာကို သိသိချင်းပဲ ကယ်ဆယ်ရေးအစီအစဉ်ကို ချက်ချင်း စတင်ရေးဆွဲခဲ့တာ၊ ခင်ဗျားတို့နဲ့ပတ်သက်တဲ့ သတင်းအချို့ ရရှိပြီးတာနဲ့ ကော်မတီဝင်ဝမ်ထောင်က ခင်ဗျားတို့ကို ကယ်တင်ဖို့ ကျွန်တော့်ကို အပြင်းအထန် တိုက်တွန်းခဲ့တာပါ”

ကောဟွာသည် ကောင်းကွက်များကို ၎င်းတစ်ဦးတည်း မယူဘဲ စခန်းနှင့် ဝမ်ထောင်ထံသို့သာ လွှဲပြောင်းပေးခဲ့သည်။

“ကံကောင်းလို့ ငါတို့က စခန်းကောင်းကောင်းထဲဝင်မိပြီး ဒီလို ကော်မတီဝင်ကောင်းတွေနဲ့ တွေ့ရတာပဲ”

လူအချို့သည် သက်ပြင်းချလိုက်ကြပြီး ၎င်းတို့၏ မျက်လုံးများမှာ အတန်ငယ် နီမြန်းလာခဲ့၏။

“နှမြောစရာကောင်းတာက ရှောက်တင်းတို့ကတော့ ဒါကို မြင်ခွင့်ရတော့မှာ မဟုတ်ဘူး”

တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။

ထိုစကားကြောင့် အားလုံး တိတ်ဆိတ်သွားကြ၏။

ကောဟွာလည်း ခေါင်းယမ်းလိုက်မိသည်။

သူ့အနေဖြင့် အသက်ရှင်ကျန်ရစ်သူများကိုသာ ကယ်တင်နိုင်မည်ဖြစ်ပြီး သေဆုံးသွားသူများအတွက်မူ တတ်နိုင်သည့်အရာ မရှိပေ။

ကောဟွာသည် ထိုလူများနှင့် ဝေမျှစားသုံးရန် အစားအစာအချို့ကို ထုတ်ပေးပြီးနောက် တိတ်ဆိတ်စွာ ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။

အတန်ကြာလျှင် ကောဟွာသည် လမ်းမပေါ်၌ လှုပ်ရှားမှုအချို့ကို ခံစားလိုက်ရပြီး သူကြည့်နေစဥ်မှာပင် ယာဉ်အချို့ ပေါ်လာခဲ့၏။

အခြားအသက်ရှင်ကျန်ရစ်သူများသည်လည်း ပြတင်းပေါက်မှ အလျင်အမြန် ချောင်းကြည့်လိုက်ကြသည်။

ကောဟွာသည် ဝမ်ထောင်၏ကားကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားပြီး ဝေါကီတော်ကီကို အမြန်ထုတ်လိုက်၏။

“ကျွန်တော် ကောဟွာပါ၊ ရောက်ပြီလား”

“ရောက်ပြီ၊ ထွက်လာဖို့ ပြင်ဆင်တော့၊ ပတ်ဝန်းကျင်မှာ အန္တရာယ်မရှိဘူး”

ဝမ်ထောင်၏ အသံသည် ဝေါကီတော်ကီမှ ထွက်ပေါ်လာခဲ့သည်။

ထိုအသံကို ကြားရသည့်အခါ ကယ်တင်ခြင်းခံရသူများသည် မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ဝမ်းသာလွန်း၍ ငိုကြွေးကြတော့၏။ ကောဟွာသည်လည်း အလွန်စိတ်လှုပ်ရှားသွားခဲ့ရာ ဝမ်ထောင်ကိုယ်တိုင် လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

မကြာမီ ယာဉ်လေးစီးသည် အောက်ထပ်၌ ဆိုက်ရောက်လာခဲ့သည်။

ကောဟွာနှင့် အခြားသူများသည် တံခါးဝ၌ စောင့်ဆိုင်းနေကြပြီဖြစ်၏။ ကားတံခါးများ ပွင့်လာသည်နှင့် ၎င်းတို့သည် အထဲသို့ အလျင်အမြန် တက်လိုက်ကြသည်။ ထိုယာဉ်တန်းသည် ချက်ချင်းပင် လမ်းကြောင်းပြောင်းကာ လာခဲ့သည့်လမ်းအတိုင်း ပြန်လည်မောင်းနှင်ခဲ့သည်။

လျှပ်စစ်တောင်တက်ကားအတွင်း၌ ဝေကျန့်ကော်က မောင်းနှင်နေပြီး ဟန်ရွှေက ရှေ့ခန်းဘေးထိုင်ခုံတွင် ထိုင်ကာ ဝမ်ထောင်က နောက်ခန်း၌ ထိုင်နေ၏။ ဝမ်ထောင်၏ဘေးတွင်မူ ကားပေါ်သို့ လတ်တလောတက်လာသည့် ကောဟွာ ရှိနေသည်။

ဝမ်ထောင်သည် နောက်ခန်း၌ ထိုင်နေခြင်းဖြစ်ရာ မည်သည့်အချိန်တွင်မဆို အပြင်သို့ထွက်၍ တိုက်ခိုက်ရန် သဘာဝကျစွာ ပြင်ဆင်ထား၏။ ကံကောင်းထောက်မစွာဖြင့် လမ်းခရီးမှာ ချောမွေ့ခဲ့ပြီး ဇွန်ဘီအုပ်ကြီး သို့မဟုတ် ရှောက်ယုံစခန်းမှ လူများနှင့် မတွေ့ဆုံခဲ့ပေ။

“ကော်မတီဝင်ဝမ်၊ ကော်မတီဝင်ဝေ၊ စိတ်မကောင်းစရာကတော့ ကျွန်တော် လူလေးယောက်ပဲ ခေါ်လာနိုင်ခဲ့တယ်”

ကောဟွာသည် အပြစ်လုပ်ထားသူကဲ့သို့ ခေါင်းငုံ့ထား၏။

ဝမ်ထောင်က သူ၏ ပုခုံးကို ပုတ်ပေးလိုက်သည်။

“မင်း တော်တော်လုပ်နိုင်ခဲ့တာပဲ၊ ကျန်တဲ့လူတွေက သေကုန်ကြပြီလား”

“ဟုတ်ပါတယ်၊ အားလုံး သေကုန်တာ အရမ်းရက်စက်တယ်”

ကောဟွာသည် သက်ပြင်းပြင်းချလိုက်ရင်း ထိုလူများ၏ ကြောက်မက်ဖွယ် သေဆုံးမှုမြင်ကွင်းများကို ပြန်လည်တွေးတောနေမိသည်။ စိတ်ဖောက်ပြန်နေသူဖြစ်သည့် သူကိုယ်တိုင်ပင် ထိုမြင်ကွင်းကို စိတ်ဖောက်ပြန်စရာကောင်းသည်ဟု ထင်မြင်မိ၏။

“တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ၊ မင်း သူတို့ကို ဘယ်လိုကယ်ခဲ့တာလဲ၊ အကုန်ပြောပြစမ်းပါဦး”

ဝေကျန့်ကော်သည် သက်ပြင်းချလိုက်ပြီး ၎င်း၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားခဲ့သည်။

အသက်ရှင်ကျန်ရစ်သူ ဆယ့်လေးဦးအနက် ယခု လေးဦးသာ ပြန်လာနိုင်ခဲ့ပြီး ဆယ်ဦး သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ၎င်းသည် ယနေ့အတွက် ယာဉ်လေးစီးကိုပင် အထူးပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။

“ကောင်းပါပြီ”

ကောဟွာက ခေါင်းညိတ်လိုက်ပြီးနောက် ဖြည်းညှင်းစွာ ရှင်းပြတော့၏။

“မုဆိုးအဖွဲ့ဟာ အရင်က အဆောက်အအုံတစ်ခုထဲမှာ ပိတ်မိနေတုန်း ရှောက်ယုံစခန်းကလူတွေက မတော်တဆ တွေ့သွားခဲ့တာ၊ ရှောက်ယုံတို့မှာ လူအင်အားလည်း အများကြီးရှိပြီး သေနတ်တွေတောင် ရှိတယ်၊ သူတို့ မလွတ်နိုင်ဘဲ အဖမ်းခံခဲ့ရတာပဲ”

“အဲဒီအချိန်တုန်းက မုဆိုးအဖွဲ့ဟာ တစ်ဖက်လူက ဘယ်သူလဲဆိုတာ မသိကြဘူး၊ ဘယ်သူလဲလို့ မေးတဲ့အခါ ကျွန်တော်တို့ရဲ့ ရွှေကျဲစခန်းအကြောင်းကို သဘာဝအတိုင်း ပြောပြခဲ့ကြတာပေါ့၊ ဒါပေမဲ့ ဒါဟာ အိပ်မက်ဆိုးရဲ့ အစပြုခြင်းဖြစ်လိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ကြဘူး”

“ရှောက်ယုံရဲ့လူတွေက သူတို့ကို အကုန်ချည်နှောင်ပြီး စခန်းကို ခေါ်သွားခဲ့တယ်၊ အဲဒီနောက် လူမဆန်တဲ့ နှိပ်စက်မှုတွေ စတင်တော့တာပဲ၊ အမျိုးမျိုး နှိပ်စက်ကြတဲ့အပြင် ရှောက်ယုံဟာ လူတွေနဲ့ ဇွန်ဘီတွေ တိုက်ခိုက်ဖို့အတွက် စခန်းထဲမှာ သံလှောင်အိမ်တစ်ခုကို လည်း အထူးပြုလုပ်ထားသေးတယ်”

“မုဆိုးအဖွဲ့ဝင်တွေကို အဲဒီသံလှောင်အိမ်ထဲ ထည့်ခဲ့ကြတာ၊ ယှဉ်ပြိုင်တိုက်ခိုက်ရင်းနဲ့တင် လူလေးယောက် သေဆုံးခဲ့ပြီး အရင်နှိပ်စက်မှုတွေကြောင့် နှစ်ယောက် သေဆုံးခဲ့တယ်၊ ကျန်တဲ့ လေးယောက်ကတော့ အမျိုးသမီးတွေဖြစ်ပြီး သူတို့ရဲ့ ကံကြမ္မာက ပိုလို့တောင် ဆိုးရွားပါသေးတယ်”

“ရွှေကျဲစခန်းမှာ အမျိုးသမီးမုဆိုးတွေက ရှားပါးပေမဲ့ ရှိတော့ရှိပါတယ်၊ အမျိုးသမီးမုဆိုးတိုင်းဟာ သူတို့အဖွဲ့တွေရဲ့ ပန်းပွင့်လေးတွေလိုပဲ အားလုံးရဲ့ တန်ဖိုးထားမှုကို ခံရတာ၊ ဒါဟာ ရုပ်ရည်နဲ့မဆိုင်ဘဲ ဒီလိုသတ္တိရှိတဲ့ အမျိုးသမီးတွေကို လူတွေက လေးစားကြလို့ပဲ”

“ကျွန်တော် သွားကယ်တဲ့အချိန်မှာ သူတို့ရဲ့ ခြေလက်တွေကို ဖြတ်တောက်ပြီး အရုပ်တွေလို လုပ်ထားကြပြီ၊ သူတို့က ကျွန်တော့်ကို သတ်ပေးဖို့ တောင်းပန်ခဲ့ကြတယ်၊ လျှာတွေမရှိတော့လို့ စကားမပြောနိုင်ကြပေမဲ့ သူတို့မျက်လုံးထဲက သေချင်တဲ့ဆန္ဒကို ကျွန်တော် မြင်ခဲ့ရတယ်၊ ဒါကြောင့် ကျွန်တော် သူတို့ကို သတ်ပေးခဲ့လိုက်တယ်”

ကောဟွာသည် သူ၏ ဆံပင်များကို ကုတ်လိုက်၏။ သူသည် ယခင်က လူသတ်ဖူးသည့် ရက်စက်သောလူတစ်ဦး ဖြစ်ပြီး ထိုအဘွားအိုနှင့် မြေးဖြစ်သူကို သတ်စဉ်က မျက်တောင်တစ်ချက်ပင် မခတ်ခဲ့ပေ။ သို့သော်လည်း ယခုအခါ ထိုအမျိုးသမီးများ၏ သနားစရာကောင်းလှသော အခြေအနေကို ပြန်လည်တွေးတောမိသည့်အခါ ရင်ထဲ၌ မွန်းကြပ်မှုကိုသာ ခံစားရသည်။

“မုဆိုးအဖွဲ့ဝင် လေးယောက် အသက်ရှင်နေသေးတဲ့ အကြောင်းရင်းကတော့ သူတို့ကို နောက်တစ်လှည့်မှာ ဇွန်ဘီတွေရှိတဲ့ သံလှောင်အိမ်ထဲ ထည့်ဖို့ဖြစ်ပြီး သူတို့အလှည့် မရောက်သေးလို့ပဲ”

“ကျွန်တော်ပြောပြတဲ့အရာအားလုံးဟာ အဲဒီမြေအောက်ကုန်တိုက်ရဲ့ မြေအောက်တတိယထပ်က အခြေအနေတွေပါ၊ မြေအောက်တတိယထပ်ကို အဓိကအဖွဲ့ဝင်တွေပဲ ဝင်လို့ရပြီး သာမန်လူတွေ ဝင်လို့မရဘူး”

ဒုန်း....

ဝေကျန့်ကော်သည် လက်သီးဖြင့် ကားတံခါးကို ပြင်းထန်စွာ ထုလိုက်ပြီး သူ၏မျက်နှာတွင် လူသတ်လိုသောစိတ်ဆန္ဒများ ပြည့်နှက်သွားခဲ့သည်။

“သူတို့ တကယ် သေချင်နေတာပဲ၊ ငါ့လူတွေကို ဒီလိုနှိပ်စက်ရဲတယ်ပေါ့”

ကောဟွာ၏ ပြောပြချက်ကို ကြားရုံမျှဖြင့် ထိုရက်စက်ကြမ်းကြုတ်မှုနှင့် မျှော်လင့်ချက်မဲ့ခြင်းတို့ကို ခံစားရပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများအတွက်မူ ဆိုဖွယ်ရာမရှိပေ။ ဟန်ရွှေ၏ မျက်နှာမှာလည်း ဖြူလျော်သွားခဲ့သည်။ ရဲအရာရှိအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့စဉ်အတွင်း ဆိုးရွားသော အမှုအခင်းများစွာကို မြင်တွေ့ခဲ့ရသော်လည်း ဤအမှုမှာ အဆိုးရွားဆုံးဖြစ်ပြီး သနားစရာအကောင်းဆုံး ဖြစ်၏။သူမအနေဖြင့် မိမိကိုယ်တိုင်သာ ဖမ်းဆီးခံရပါက မည်သို့ဖြစ်မည်ကို မတွေးရဲအောင် ဖြစ်နေသည်။

ဝမ်ထောင်၏မျက်နှာမှာ အမူအရာကင်းမဲ့နေသော်လည်း ၎င်း၏မျက်ဝန်းများတွင် ဒေါသရိပ်များ ပေါ်နေ၏။ သူသည် ရှောက်ယုံစခန်းနှင့် ပတ်သက်ဆက်နွှယ်သူအားလုံးကို သေဒဏ်ပေးရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။

“မုဆိုးအဖွဲ့ကို ဖမ်းမိပြီးကတည်းက သူတို့ ငါတို့ကို ဘာလို့ ဆက်သွယ်မလာလဲဆိုတာ မဆန်းတော့ဘူး၊ သူတို့မှာ ညှိနှိုင်းဖို့ ရည်ရွယ်ချက် လုံးဝမရှိဘဲ ငါ့လူတွေကို နှိပ်စက်ပြီး သတ်ချင်နေတာသက်သက်ပဲ”

ဝေကျန့်ကော်သည် မျက်လုံးများကို ပိတ်လိုက်၏။

သို့သော်လည်း ကောဟွာက ရုတ်တရက် ပြောကြားခဲ့သည်။

“မဟုတ်ဘူး၊ အဲဒီလိုမျိုးတော့လည်း မဟုတ်လောက်ဘူး၊ ရှောက်ယုံတို့က တကယ်တော့ ပြန်ပေးငွေ လိုချင်ခဲ့တာ”

“ဟင်၊ ဘာလို့လဲ”

ဝမ်ထောင်သည် မျက်မှောင်ကုတ်လျက် ကောဟွာကို ကြည့်လိုက်သည်။

“ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ရက်ပိုင်းက ရှောက်ယုံရဲ့ အဓိကအဖွဲ့ဝင်အချို့ ပိတ်မိနေခဲ့လို့ပဲ၊ ပြီးတော့ ကျွန်တော်တို့စခန်းကို ဆက်သွယ်ရမယ့် ဝေါကီတော်ကီက အဲဒီလက်အောက်ငယ်သားတစ်ယောက်ဆီမှာ ရှိနေတာ၊ ကျွန်တော်တို့ဟာ စစ်ဘက်သုံး ဝေါကီတော်ကီတွေဖြစ်ပြီး အခြားဝေါကီတော်ကီတွေက ကျွန်တော်တို့စခန်းကို ဆက်သွယ်လို့မရဘူး၊ ဒါကြောင့် သတင်းမရတာဖြစ်လိမ့်မယ်၊ ဪ၊ ဒါနဲ့ ရှောက်ယုံလည်း ပိတ်မိနေပုံရတယ်၊ သူ ဒီမနက် အပြင်ထွက်သွားပြီး တစ်နာရီအကြာမှာ သူ့လက်အောက်ငယ်သားတစ်ယောက်က အလန့်တကြား ပြန်လာပြီး အကြီးအကဲ ပိတ်မိနေလို့ စစ်ကူလိုတယ်လို့ ပြောတယ်၊ ဒါပေမဲ့ အသေးစိတ်ကိုတော့ ကျွန်တော် မသိဘူး”

ကောဟွာက အလျင်အမြန် ရှင်းပြခဲ့သည်။

“ရှောက်ယုံ ပိတ်မိနေတယ် ဟုတ်လား၊ ဘယ်မှာ ပိတ်မိနေတာလဲ”

ဝေကျန့်ကော်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး အလျင်စလိုနှင့် စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်၏။

တစ်ဖက်လူ၏ တည်နေရာကို သိရှိသရွေ့ ၎င်းသည် ထိုလူလဲကျနေစဉ် အခွင့်ကောင်းယူ၍ နှိမ်နင်းမည်မှာ အသေအချာပင်။

“ကျွန်တော်တို့ခရိုင်ရဲ့ ပထမဆေးရုံမှာ ပိတ်မိနေတာ”

“...”

ဝေကျန့်ကော်မှာ စကားအမ်းသွားခဲ့၏။

သူလတ်တလောပြောခဲ့သည့် စကားကို ပြန်ရုပ်သိမ်းရမလို ဖြစ်သွားသည်။

ပထမဆေးရုံမှာ မည်သို့သောနေရာမျိုးနည်း။ ထိုနေရာသည် ယခုအချိန်တွင် ရွှေကျဲခရိုင်၌ အန္တရာယ်အရှိဆုံးနေရာဟုပင် ဆိုနိုင်သည်။

ယခင်က အထူးဇွန်ဘီများ အလွန်အကျွံ မပေါ်သေးသည့်အချိန်တွင်ပင် ပထမဆေးရုံ၌ အထူးဇွန်ဘီအမြောက်အမြား ပေါ်ထွက်နေခဲ့ပြီ ဖြစ်၏။ ထိုနေရာတွင် သူတို့ လူအချို့ကိုပင် ဆုံးရှုံးခဲ့ရဖူးသည်။ ယခုအခါ လမ်းမများပေါ်၌ အထူးဇွန်ဘီများ ပိုမိုများပြားလာပြီး သာမန်ဇွန်ဘီများလည်း ပိုမိုသန်မာလာသည့်အချိန်တွင် ပထမဆေးရုံရှိ ဇွန်ဘီများမှာ မည်မျှအထိ သန်မာနေမည်နည်း။ ၎င်းမှာ တွေးကြည့်ရန်ပင် ခက်ခဲလှပေသည်။

သူတို့အနေဖြင့် သွားရောက်နှိမ်နင်းရန် မလိုတော့ဘဲ ရှောက်ယုံသည်လည်း ကြာရှည်ခံနိုင်မည် မဟုတ်ပေ။

“ပထမဆေးရုံလား”

ဝမ်ထောင်သည် မျက်မှောင်ကုတ်လိုက်၏။ ချန်ကျွမ်းသည် ယခင်က ပထမဆေးရုံ၌ အထူးဇွန်ဘီများစွာ ရှိသဖြင့် ထိုနေရာသို့ လုံးဝမသွားရန် သတိပေးခဲ့ဖူးသည်။

သူသည် ယခင်က အခွင့်အရေးရပါက ဆေးရုံသို့ တစ်ခေါက်သွားရန် တွေးတောခဲ့ဖူး၏။ အကြောင်းမှာ ထိုအထူးဇွန်ဘီများအားလုံးသည် အမြုတေများနှင့် ပစ္စည်းသေတ္တာများ ဖြစ်သောကြောင့် ဖြစ်သည်။

ယခုအခါ ရှောက်ယုံနှင့် အခြားသူများပါ ထိုနေရာ၌ ရှိနေသဖြင့် သူသွားရမည့် အကြောင်းရင်းတစ်ခု ထပ်တိုးလာခဲ့ပြီ ဖြစ်၏။ ရန်သူများနှင့်ပတ်သက်၍ ဝမ်ထောင်သည် ၎င်းတို့၏ အလောင်းကို မြင်ရမှ သို့မဟုတ် ၎င်းတို့ သေဆုံးသည်ကို ကိုယ်တိုင်မြင်ရမှသာ စိတ်အေးနိုင်မည် ဖြစ်သည်။

ယခုမူ ကော်မတီ၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်တော့၏။ ၎င်းတို့အနေဖြင့် ရှောက်ယုံစခန်းကို ယခုချက်ချင်း လက်စားချေမည်ဆိုပါက သူသည် ခေတ္တမျှ စောင့်ဆိုင်းမည် ဖြစ်သည်။ အကယ်၍ လောလောဆယ် လက်မစားချေသေးပါကမည်သို့ပင်ဖြစ်စေ သူက ဆေးရုံသို့ တစ်ခေါက်သွားရမည် ဖြစ်၏။ ဆေးရုံသည် တကယ်ပင် အန္တရာယ်များလွန်းပါက အပြင်ဘက်၌သာ လှည့်ပတ်ကြည့်ရှုပြီး အထဲသို့ ဝင်မည်မဟုတ်ပေ။

“ဒါနဲ့ မင်း အထဲမှာ အခြေအနေ ဘယ်လိုရှိလဲ၊ ဒီနေ့ ဘယ်လို လွတ်လာတာလဲ၊ မင်း တော်တော်မြန်တာပဲ၊ မင်းရဲ့ စိတ်ဓာတ်ကို မယုံကြည်ရင် မင်း ရန်သူ့ဘက်ပါသွားပြီလို့ သံသယဝင်မိမှာပဲ”

ဝမ်ထောင်သည် သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။

ဝမ်ထောင်၏ စကားကို ကြားရသည့်အခါ ကောဟွာ၏ ရင်ထဲ၌ စိတ်လှုပ်ရှားမှုများ ချက်ချင်း ပြည့်နှက်သွားခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း ၎င်း၏ ကြိုးစားမှုများသည် အရာထင်ခဲ့ပြီ ဖြစ်၏။

ဝမ်ထောင်က ထိုသို့သော သံသယကို ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်းမှာ ၎င်းအား တကယ် သံသယမဝင်ကြောင်း ပြသနေခြင်း ဖြစ်သည်။ အကယ်၍ တကယ် သံသယဝင်ပါက ထိုသို့ အသံထွက်၍ ပြောလိမ့်မည် မဟုတ်ပေ။

“ကျွန်တော် ရှောက်ယုံကို သိတယ်၊ အရင်က ကျွန်တော်တို့ ဆက်ဆံရေးက တော်တော်ကောင်းခဲ့တာ၊ ဒါကြောင့် ကျွန်တော် သွားပူးပေါင်းတဲ့အခါ သူ သိသိချင်းပဲ ကျွန်တော့်ကို ချက်ချင်း ဧည့်ခံခဲ့တယ်”

“ဒါပေမဲ့ သူက အရင်ကနဲ့မတူတော့ဘူး၊ အရင်က နည်းနည်း မာနကြီးတတ်ပေမဲ့ လူမှုဆက်ဆံရေးမှာတော့ အလွန်တက်ကြွပြီး စနစ်တကျ ရှိခဲ့တာ၊ အခုတော့ သူက အလွန်စိတ်တိုလွယ်တယ်၊ မာနကလည်း

အရမ်းကြီးပြီး လူတိုင်းကို အထင်သေးနေတာ၊ ဒါ့အပြင် သူက အမျိုးသားနဲ့ အမျိုးသမီးကိစ္စတွေကို အထူးဝါသနာပါပြီး စခန်းထဲမှာ အမျိုးသမီး နှစ်ဆယ်ကျော်ရှိသလို အမျိုးသမီးကျွန်တွေလည်း အများကြီးပဲ”

“ဒါတွေက လောလောဆယ် ကျွန်တော့်အပေါ် သက်ရောက်မှုမရှိပါဘူး၊ ကျွန်တော်က အရင်က အတူတူပူးပေါင်းခဲ့တဲ့အကြောင်းတွေကို ပြောပြီး သူနဲ့ တဖြည်းဖြည်း ရင်းနှီးအောင်လုပ်၊ သူ့ရဲ့ ကနဦးယုံကြည်မှုကို ရယူခဲ့တယ်၊ အဲဒီနောက် သူက ကျွန်တော့်ကို သူ့ရဲ့ အဓိကနယ်မြေဖြစ်တဲ့ မြေအောက်တတိယထပ်ကို ခေါ်သွားခဲ့တာ”

“ကျွန်တော် စောစောကပြောခဲ့တဲ့ မြေအောက်တတိယထပ်ရဲ့ အခြေအနေကို အဲဒီအချိန်မှာ မြင်ခဲ့ရတာပဲ၊ အဲဒီနောက် သူက သူ့ရဲ့ အမျိုးသမီးကျွန်တွေကို သွားရောက်နှိပ်စက်နေတုန်း ကျွန်တော်က သူ့ရဲ့ 'ညီအစ်ကို' ဆိုတဲ့ အဆင့်အတန်းနဲ့ မြေအောက်တတိယထပ်က မုဆိုးအဖွဲ့ဝင်တွေကို တိတ်တဆိတ် ဆက်သွယ်ခဲ့တယ်”

“ရှောက်ယုံက စခန်းပတ်ပတ်လည်ကို တစ်နေကုန် လိုက်ပြနေခဲ့လို့ လူအများကြီးက ကျွန်တော့်ကို မြင်ဖူးကြတယ်၊ သူတို့ဟာ ရှောက်ယုံက လူတစ်ယောက်ကို ဒီလောက်တန်ဖိုးထားတာ တစ်ခါမှမမြင်ဖူးကြတော့ ကျွန်တော့်ရဲ့ 'ညီအစ်ကို' ဆိုတဲ့ အထောက်အထားကို သိပ်ပြီး သံသယမဝင်ကြဘူး၊ ကျွန်တော်က ဘာမှမလုပ်ခဲ့ဘဲ ဒီ 'ကျွန်တွေ' ကို သွားကြည့်ချင်ရုံတင်မလို့ သူတို့ကလည်း သဘာဝအတိုင်း မတားဆီးခဲ့ကြပါဘူး”

“ကျွန်တော် မုဆိုးအဖွဲ့ဝင်တွေဆီကနေ အသေးစိတ်အချက်အလက်အချို့ကို သိခဲ့ရပြီး လူဘယ်နှယောက် ကျန်သေးလဲဆိုတာ အတည်ပြုခဲ့တယ်၊ အဲဒီနောက် သူတို့ကို ဘယ်လိုကယ်ထုတ်မလဲဆိုတာ စစီစဉ်ခဲ့တာ၊ တကယ်တော့ ဒီနေ့ အောင်မြင်လိမ့်မယ်လို့ မမျှော်လင့်ထားပေမဲ့ ရှောက်ယုံ ပိတ်မိသွားလိမ့်မယ်လို့ ဘယ်သူသိမှာလဲ၊ တိုက်ခိုက်ရေးစွမ်းရည်ရှိသူတွေက သူ့ကို သွားကယ်ကြလို့ မြေအောက်ကုန်တိုက်ရဲ့ လူအင်အားက သိသိသာသာ လစ်ဟာသွားခဲ့တယ်၊ ဒါဟာ အခွင့်အရေးကောင်းပဲလို့ ကျွန်တော် ထင်လိုက်မိတယ်”

“ဒါကြောင့် ကျွန်တော်က သူတို့ကို အာရုံပြောင်းစေဖို့ ပရမ်းပတာအခြေအနေတစ်ခု ဖန်တီးလိုက်ပြီး အသက်ရှင်ကျန်ရစ်တဲ့ မုဆိုးအဖွဲ့ဝင်တွေနဲ့အတူ ထွက်ပြေးခဲ့တာပဲ၊ အပြင်ရောက်တာနဲ့ ခင်ဗျားတို့ကို ချက်ချင်း ဆက်သွယ်လိုက်တာ၊ စခန်းထဲမှာတင် ဆက်သွယ်ရင် အရေးပေါ် ပေါ်သွားမှာစိုးလို့ မဆက်သွယ်ရဲခဲ့ဘူး”

ကောဟွာ၏ ပြောပြချက်ကို နားထောင်ပြီးနောက် ဟန်ရွှေက ရုတ်တရက် မေးမြန်းလိုက်၏။

“ရှင် ဘယ်လို ပရမ်းပတာအခြေအနေမျိုး ဖန်တီးခဲ့တာလဲ၊ အဲဒါက ရှင်တို့ကို ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း ထွက်ပြေးခွင့်ရစေရုံတင်မကဘဲ သူတို့တွေ ရှင်တို့ကို လိုက်ဖို့ အချိန်မရအောင်ပါ ဖြစ်သွားစေတာလား”

ဟန်ရွှေသည် ပို၍ စေ့စပ်သေချာသူဖြစ်ရာ လမ်းခရီးတွင် အခြားအသက်ရှင်ကျန်ရစ်သူများကို မတွေ့ခဲ့ရသည်ကို သတိပြုမိ၏။

ယုတ္တိဗေဒအရ ကောဟွာသည် လူများနှင့်အတူ ထွက်ပြေးလာခြင်းဖြစ်ရာ တစ်စုံတစ်ယောက်က မြင်တွေ့ခဲ့ရမည်ဖြစ်ပြီး တစ်ဖက်လူကလည်း လူလွှတ်၍ လိုက်လံဖမ်းဆီးရမည် မဟုတ်ပါလား။

၎င်းတို့တွင် လူအင်အားမရှိ၍လော။ သို့မဟုတ် ထိုပရမ်းပတာအခြေအနေက အလွန်ကြီးမားလွန်းသဖြင့် ကောဟွာ ထွက်ပြေးသွားသည်ကို သတိမပြုမိကြခြင်းလား။

ကောဟွာသည် ဝမ်ထောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ၎င်း၏ခေါင်းကို အတန်ငယ် ငုံ့လိုက်၏။

“ကျွန်တော်... ဇွန်ဘီအုပ်ကြီးကို မြေအောက်ကုန်တိုက်ထဲ ဆွဲခေါ်သွားခဲ့တာပါ”

“...”

ဝမ်ထောင်တို့ သုံးဦးစလုံးသည် ကောဟွာကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။

ဤပရမ်းပတာအခြေအနေမှာ... တကယ်ကို ကြီးမားလှပေသည်။

မဟုတ်သေး၊ ဤသည်မှာ ကြီးမားခြင်း၊ မကြီးမားခြင်း ပြဿနာမျှသာ မဟုတ်ဘဲ မြေအောက်ကုန်တိုက်စခန်းတစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းမည့် အစီအစဉ်ပင် ဖြစ်၏။

ဇွန်ဘီဗိုင်းရပ်စ်သည် ကူးစက်တတ်သော သဘောရှိသည်။ စခန်းအတွင်းရှိ လူတစ်ဦး ကူးစက်ခံရပါက လူတစ်အုပ်လုံး ကူးစက်ခံရနိုင်လေသည်။

၎င်းသည် ဇွန်ဘီအုပ်ကြီးကို စခန်းထဲသို့ ဆွဲခေါ်သွားခဲ့ရာ လူတစ်စုကို ကူးစက်စေပြီး ထိုလူများက အခြားလူများကို ထပ်မံကူးစက်စေမည် ဖြစ်၏။ ထိုမြင်ကွင်းမှာ ရိုးရိုးလေးနှင့် တွေးကြည့်ရန်ပင် ခက်ခဲလှသည်။

“အခွင့်အရေးပဲ၊ ဒါဟာ အခွင့်အရေးပဲ”

ဝေကျန့်ကော်က ရုတ်တရက် ပြောလိုက်၏။

“တကယ်ပဲ အခွင့်အရေးပဲ၊ ပြန်သွားပြီး စစ်တပ်ကို ပြင်ဆင်မလား၊ မြေအောက်ကုန်တိုက်ကို သွားကြည့်မလား”

ဝမ်ထောင်က ဝေကျန့်ကော်ကို ကြည့်လိုက်သည်။

“ငါလည်း အဲဒီလိုပဲ တွေးနေတာ”

ယာဉ်သည် စခန်းသို့ ပြန်လည်ရောက်ရှိပြီးနောက် ဝေကျန့်ကော်သည် စစ်တပ်ကို ပြင်ဆင်ရန် ချက်ချင်းထွက်သွားခဲ့ပြီး ဟန်ရွှေသည်လည်း ပြင်ဆင်ရန် သွားခဲ့ရာ ကားထဲတွင် ဝမ်ထောင်နှင့် ကောဟွာ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။

“မင်း သွားပြီး အနားမယူဘူးလား”

ဝမ်ထောင်က လှည့်၍ မေးမြန်းလိုက်၏။

“အစ်ကိုကြီးရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ မလိုပါဘူး၊ ကျွန်တော် တကယ်တော့ ခွန်အားအများကြီး မသုံးခဲ့ရပါဘူး”

ကောဟွာသည် ဝမ်ထောင်ကို ဦးစွာ ကျေးဇူးတင်စကားဆိုပြီးနောက် တိုးတိုးကပ်၍ ပြောကြားခဲ့သည်။

“အစ်ကိုကြီး၊ တကယ်တော့ ကျွန်တော် အချို့အရာတွေကို ဖုံးကွယ်ထားခဲ့တာ ရှိတယ်”

“ဟင်၊ ဘာလဲ”

ဝမ်ထောင်က မျက်ခုံးပင့်လိုက်၏။

“ရှောက်ယုံ ပိတ်မိသွားတဲ့ အကြောင်းရင်းကတော့ ကျွန်တော် သူ့ရဲ့ ရေဘူးထဲကို ခွန်အားနည်းဆေးရည် တစ်ပုလင်းလုံး လောင်းထည့်ခဲ့လို့ ဖြစ်ဖို့များတယ်”

“...”

အံ့ဩစရာကောင်းလှ၏၊ ၎င်းသည် တကယ်ကို ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“တကယ်တော့ ကျွန်တော် ဇွန်ဘီတွေကို အထဲမသွင်းခင်ကတည်းက စခန်းထဲမှာ ဇွန်ဘီအန္တရာယ်က ရှိနေခဲ့တာ၊ ကျွန်တော် သနားစရာကောင်းတဲ့ အမျိုးသမီးမုဆိုး လေးယောက်ကို တိုက်ရိုက်မသတ်ခဲ့ပါဘူး၊ အခြေအနေကို ရှင်းပြပြီး ကြိုတင်ပြင်ဆင်ထားတဲ့ ဇွန်ဘီသွေးတွေကို သူတို့အပေါ် သုတ်လိမ်းပေးခဲ့တာ၊ မနက်ခင်းမှာ သူတို့ကို သွားရောက်ကစားခဲ့ကြတဲ့ အဓိကအဖွဲ့ဝင်တွေအားလုံး ဇွန်ဘီဗိုင်းရပ်စ် ကူးစက်ခံရပြီး... အထဲမှာ ရုတ်တရက် ပရမ်းပတာ ဖြစ်သွားတော့တာပဲ၊ အဲဒီအခါကျမှ ကျွန်တော်က အပြင်ကဇွန်ဘီတွေကို အထဲသွင်းဖို့ အခွင့်အရေးရပြီး အတွင်းရော အပြင်ပါ ညှပ်ပူးညှပ်ပိတ်တိုက်ခိုက်မှုကို ဖန်တီးနိုင်ခဲ့တာ”

“...”

ဝမ်ထောင် စကားမဲ့သွားတော့သည်။

-------

All Chapters