အခန်း ၁၁၅
Vol. 11 Ch. 115
အခန်း ၁၁၅။ မြေအောက်တတိယထပ်
ဝမ်ထောင်သည် ကောဟွာအား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်မိ၏။
ပထမဦးစွာက ကောဟွာသည် ရန်သူ့စခန်းထဲသို့ ဇွန်ဘီများကို ဆွဲခေါ်သွားခဲ့သည်ဟု ကြားရစဉ်ကပင် ဝမ်ထောင်သည် ၎င်းအား အတော်ပင် ရက်စက်ကြမ်းကြုတ်သူဟု တွေးမိခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ထိုသို့ဆွဲမခေါ်မီ ကောဟွာသည် စခန်းအတွင်း၌လည်း ဖရိုဖရဲဖြစ်အောင် အရင်လုပ်ဆောင်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုသို့ ဖရိုဖရဲဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ၎င်းသည် သနားစရာကောင်းသော အမျိုးသမီးအနည်းငယ်အပေါ်သို့ ဇွန်ဘီသွေးများ သုတ်လိမ်းပေးခဲ့ခြင်းကြောင့် ဖြစ်၏။ အမှန်အတိုင်းဆိုရသော် ဝမ်ထောင်ကိုယ်တိုင် လုပ်ဆောင်ရမည်ဆိုပါက ဇွန်ဘီများကို ဆွဲခေါ်သည့်အဆင့်အထိသာ အများဆုံးလုပ်နိုင်မည်ဖြစ်ပြီး ထိုသို့လုပ်ရန်ပင် စိတ်ပိုင်းဆိုင်ရာ ဖိအားအတော်အတန်ကို ကျော်လွှားရမည် ဖြစ်သည်။ အကြောင်းမှာ မည်သူမျှ မွေးရာပါ ယုတ်မာသူမဟုတ်ကြသည့်အပြင် ထိုစခန်းထဲတွင်လည်း အပြစ်မဲ့သော အသက်ရှင်ကျန်ရစ်သူများ ရှိနေနိုင်သောကြောင့် ဖြစ်၏။ ထိုအမျိုးသမီးများ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ အဆိပ်ခတ်မည့်အဆင့်အထိမူ ဝမ်ထောင် တွေးမိလိမ့်မည်ပင် မဟုတ်ပေ။
သို့သော်လည်း ကောဟွာသည် ထိုသို့လုပ်ဆောင်ခဲ့ရုံသာမက အောင်မြင်အောင်လည်း စွမ်းဆောင်နိုင်ခဲ့သည်။
စိတ်ခံစားချက်အရ ကြည့်လျှင် ဤသို့ပြုလုပ်ခြင်းမှာ တကယ်ပင် မကောင်းလှပေ။ အမျိုးသမီးများသည် ထိုမျှအထိ နှိပ်စက်ခံထားရပြီးဖြစ်သည်ကို ၎င်းက ထိုကဲ့သို့ ဆက်ဆံခဲ့သေး၏။ သို့သော်လည်း အကျိုးအကြောင်းဆင်ခြင်တုံတရားအရ ကြည့်မည်ဆိုပါက ထိုအရာမှာ အလွန်ပင် သင့်လျော်သော နည်းလမ်းတစ်ခု ဖြစ်သည်။ ထိုအမျိုးသမီးများသည် မည်သို့ပင်ဖြစ်စေ သေချင်နေကြသူများဖြစ်ရာ မသေဆုံးမီ အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခွင့်ရခြင်းသည် ထိုက်တန်သော သေဆုံးခြင်းဟု သတ်မှတ်နိုင်ပေသည်။
“အစ်ကိုကြီး၊ ကျွန်တော် အစ်ကိုကြီးကို လှည့်စားချင်လို့မဟုတ်ပါဘူး၊ စောစောက လူတွေအများကြီး ရှိနေလို့ပါ”
လူများလျှင် အမြင်လည်း များတတ်စမြဲ ဖြစ်၏။ ကောဟွာသည် ၎င်း၏လုပ်ရပ်အပေါ် အခြားသူများက မကျေမနပ် ဖြစ်မည်ကို မသေချာသဖြင့် ထုတ်မပြောရဲခဲ့ပေ။ သို့သော်လည်း ဝမ်ထောင်ကိုမူ မလှည့်စားချင်သဖြင့် သီးသန့်လာရောက် ပြောပြခြင်း ဖြစ်သည်။
ဝမ်ထောင်သည် ၎င်းအား ခေတ္တမျှ စိုက်ကြည့်လိုက်သည်။
“ဒီအကြောင်းကို နောက်ထပ် ဘယ်သူသိသေးလဲ”
“ကျွန်တော်တစ်ယောက်ပဲ သိတာပါ”
“ဒါဆိုရင် ဒီအကြောင်းကို နောက်ခါ ထပ်မပြောနဲ့တော့”
“ဟုတ်ကဲ့”
ကောဟွာသည် ဝမ်းသာအားရ ဖြစ်သွား၏။ သူသည် ဝမ်ထောင်၏ထံ၌သာ ခိုလှုံလိုခြင်းဖြစ်ရာ ဝမ်ထောင်က သူ့အား မုန်းတီးခြင်းမရှိသရွေ့ ကျန်သည့်အရာများမှာ အရေးမကြီးပေ။
“ခဏနေရင် မင်းပါ လိုက်ဦးမလို့လား”
ဝမ်ထောင်က ထပ်မံမေးမြန်းလိုက်သည်။
“ဟုတ်ကဲ့၊ ကျွန်တော် သွားကြည့်ချင်လို့ပါ”
“ဒါဆိုလည်း ကောင်းပြီလေ”
ဝမ်ထောင်သည် စကားအများကြီး ဆက်မပြောတော့ပေ။
မကြာမီ စခန်းအတွင်း၌ လူအတော်များများ စုဝေးမိကြပြီး ရှန့်ဟုန်ပင်းနှင့် အခြားသူများလည်း ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
“သွားကြစို့.."
"သွားမယ်”
စခန်းတံခါးကြီးများ ပွင့်သွားပြီး ယာဉ်အချို့သည် အမြန်ဆုံးမောင်းနှင်ထွက်ခွာသွားခဲ့၏။
လျှပ်စစ်တောင်တက်ကားအတွင်း၌ ကောဟွာက မောင်းနှင်နေပြီး ဝမ်ထောင်နှင့် ဟန်ရွှေတို့က နောက်ခန်း၌ ထိုင်နေကြသည်။
ကောဟွာသည် အတန်ငယ် စိတ်လှုပ်ရှားနေ၏။
သူသည် ဇွန်ဘီများကို သဘာဝအတိုင်း အစဉ်အမြဲ နာကျည်းမုန်းတီးခဲ့သူ ဖြစ်သည်။ သူ့အနေဖြင့် ဤကဲ့သို့သော ဇွန်ဘီသတ်ဖြတ်ပွဲ ကြီးကို ဘေးမှကြည့်ရရုံမျှဖြင့်ပင် လက်လွတ်မခံလိုပေ။ သတ်ဖြတ်ပွဲဟု ခေါ်ဆိုရခြင်းမှာလည်း မြေအောက်ကုန်တိုက်အတွင်း၌ အသက်ရှင်ကျန်ရစ်သူ လူအနည်းငယ်မျှသာ ကျန်တော့မည်ဟု တွေးမိသောကြောင့် ဖြစ်သည်။
ဝမ်ထောင်က ဟန်ရွှေအား ပြောပြ၏။
“မြေအောက်ကုန်တိုက်ထဲမှာ ဇွန်ဘီတွေပဲ ပြည့်နေလိမ့်မယ်လို့ ငါထင်တယ်၊ ခဏနေလို့ ဘယ်သူ့ကိုပဲတွေ့တွေ့ ညှာတာနေဖို့ မလိုဘူး”
၄င်းသည် ကောဟွာနှင့် အတွေးချင်း တူညီနေ၏။ အကယ်၍ အပြင်ဘက်မှ ဇွန်ဘီများကိုသာ ဆွဲခေါ်ခဲ့ခြင်းဖြစ်ပါက ခုခံကာကွယ်မှုကို စနစ်တကျ ပြုလုပ်လျှင် အသက်ရှင်ကျန်ရစ်သူအချို့ ရှိနေနိုင်သေးသည်။ သို့သော်လည်း ဖရိုဖရဲဖြစ်မှုသည် အတွင်းပိုင်းမှ အရင်စတင်ခဲ့ခြင်းဖြစ်ရာ ဤစခန်းမှာ အခြေခံအားဖြင့် ပျက်စီးသွားပြီ ဖြစ်၏။ အထူးသဖြင့် ၎င်းသည် ဝင်ပေါက်အချို့ကို ပိတ်ဆို့ထားသည့် မြေအောက်စခန်းတစ်ခုဖြစ်သဖြင့် ထွက်ပြေးချင်လျှင်ပင် ပြေးနိုင်မည် မဟုတ်ပေ။
“အင်း”
ဟန်ရွှေက ခေါင်းညိတ်ပြသည်။
ယာဉ်တန်းသည် လမ်းခရီး၌ ဇွန်ဘီအချို့နှင့် ကြုံတွေ့ခဲ့ရသော်လည်း အလျင်အမြန်ပင် ရှင်းလင်းနိုင်ခဲ့၏။ အထူးဇွန်ဘီအချို့ကို မြင်တွေ့ခဲ့သော်လည်း မည်သူမျှ ဂရုစိုက်ရန် အချိန်မရှိကြပေ။ မြေအောက်ကုန်တိုက်ကို စီးနင်းနိုင်ရေးမှာ အရေးကြီးဆုံး ဖြစ်သည်။
သို့သော်လည်း မြေအောက်ကုန်တိုက်သို့ ရောက်ရှိရန် အချိန်အတော်အတန် ပေးခဲ့ရသေး၏။ အကြောင်းမှာ လမ်းခရီး၌ ဇွန်ဘီအုပ်ကြီးများကို ရှောင်ကွင်းခဲ့ရသဖြင့် ထင်သလိုမြန်မြန်မောင်းနှင်၍ မရသောကြောင့် ဖြစ်သည်။
ယာဉ်တန်းသည် မြေအောက်ကုန်တိုက်၏ ဝင်ပေါက်တစ်ခုနှင့် မလှမ်းမကမ်းတွင် ရပ်တန့်လိုက်၏။ ဝင်ပေါက်ကြီး ပွင့်ဟနေပြီး ဇွန်ဘီများဖြင့် ပြည့်နှက်နေသည်ကို မြင်ရသည့်အခါ အားလုံးက ခေါင်းခါယမ်းလိုက်ကြသည်။ ဤမြေအောက်ကုန်တိုက်စခန်းမှာ အခြေခံအားဖြင့် ပျက်စီးသွားပြီဟု ဆုံးဖြတ်နိုင်သည်။
ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် ကားပေါ်မှ ဆင်းလိုက်ကြ၏။ ကောဟွာသည်လည်း အတန်ငယ် ဝေခွဲမရဖြစ်ပြီးနောက် အလျင်အမြန် လိုက်ဆင်းလာခဲ့သည်။
လူအများအပြား ရှိနေသဖြင့် သူ၏ လုံခြုံရေးကို အာမခံနိုင်သည်ဟု တွေးမိသောကြောင့် ဖြစ်၏။
“လူတချို့ အပြင်မှာ စောင့်ခဲ့ကြ၊ ကျန်တဲ့လူတွေ ငါနဲ့အတူ အရှိန်ပြင်းဝင်တိုက်ပြီး ဝင်ကြမယ်”
ဝေကျန့်ကော်သည် လက်တစ်ဖက်တွင် စစ်သုံးဒိုင်းကာကို ကိုင်ဆွဲပြီး အခြားလက်တစ်ဖက်တွင် မီးသတ်ပုဆိန်ကို ကိုင်ဆောင်ကာ ရှေ့ဆုံးမှ ဦးဆောင်ခဲ့သည်။
ရှန့်ဟုန်ပင်းသည်လည်း ထိုလက်နက်ကိရိယာများကိုပင် ကိုင်ဆောင်လျက် ၎င်း၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါခဲ့၏။
ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် ရှန့်ဟုန်ပင်း၏ နောက်မှ လိုက်ပါကြပြီး ကောဟွာက ဝမ်ထောင်၏ နောက်မှ အနီးကပ် လိုက်ပါလာခဲ့သည်။
ဝမ်ထောင်က သူ့အား လှည့်ကြည့်ကာ သတိပေး၏။
“ကိုယ့်ကိုယ်ကိုယ် သတိထား”
“နားလည်ပါပြီ”
လုကန်းကတော့ လိုက်မလာခဲ့ပေ။ သူသည် လူအနည်းငယ်ကို ခေါ်ဆောင်ကာ ကုန်တိုက်၏ အမိုးပေါ်သို့ ကြိုတင်တက်ရောက်သွားခဲ့သည်။သူတို့သည် ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန် တာဝန်ယူထားကြခြင်း ဖြစ်၏။ ဤသည်မှာ အနီးနားရှိ ဇွန်ဘီများကို စောင့်ကြည့်ရန်အတွက်သာမက ရှောက်ယုံတို့အဖွဲ့ ရုတ်တရက် ပြန်လည်ရောက်ရှိလာမည်ကို စောင့်ကြည့်ရန်လည်း ဖြစ်သည်။ ထိုလူများ ပိတ်မိနေသည်ဆိုသော်လည်း လွတ်မြောက်လာရန် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
ဖုန်းမင်အန်းလည်း အထဲသို့ မဝင်ခဲ့ပေ။ ၎င်း၏ အန်ဖတ်အကျိအချွဲစွမ်းရည်မှာ ခြုံခိုတိုက်ခိုက်ရန်အတွက် အဆင်ပြေသော်လည်း ရှေ့တန်းတိုက်ပွဲအတွက်မူ သိပ်မသင့်တော်လှပေ။ အကြောင်းမှာ ၎င်းသည် အလွန်ဝေးဝေးသို့ မအန်နိုင်သည့်အပြင် အန်ပြီးနောက်တွင်လည်း ဝမ်းဗိုက်အတွင်း၌ ခေတ္တမျှ နေမကောင်းဖြစ်တတ်သဖြင့် တိုက်ခိုက်ရေးစည်းချက်ကို များစွာထိခိုက်စေသောကြောင့် ဖြစ်သည်။ ၎င်းအား အပြင်ဘက်တွင် စောင့်ခိုင်းထားခြင်းက ပို၍ကောင်းမွန်ပေသည်။
ထို့ကြောင့် ယခုအချိန်တွင် တိုက်ပွဲ၌ ပါဝင်သည့် စွမ်းရည်ရှင်များမှာ ဝေကျန့်ကော်၊ ရှန့်ဟုန်ပင်း၊ ဝမ်ထောင်နှင့် ဟန်ရွှေတို့ ဖြစ်ကြ၏။
စွမ်းရည်ရှင်လေးဦးသည် ရှေ့ဆုံးမှ ဦးဆောင်ကာ အခြားသူများကို ခေါ်ဆောင်၍ မြေအောက်ကုန်တိုက်အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။
မြေအောက်ကုန်တိုက်သည် ဝမ်ထောင် ထင်ထားသကဲ့သို့ မှောင်မည်းမနေပေ။ အပေါ်ဘက်တွင် အလင်းဖောက် ပြတင်းပေါက်အချို့ ရှိနေသည့်အပြင် ၎င်းတို့၌ မီးစက်အကြီးစားတစ်ခုလည်း ရှိနေသောကြောင့် ဖြစ်သည်။ အောက်ဘက်တွင် အတန်ငယ် မှောင်နေသော်လည်း လမ်းကိုမူ မြင်တွေ့နိုင်ပါသေးသည်။
ရုပ်ဆိုးလှသော ဇွန်ဘီများကြားတွင် အသွင်အပြင် အတန်ငယ် သပ်ရပ်သော ဇွန်ဘီအချို့ ရောနှောနေသည်ကို မြင်ရသည့်အခါ ဝေကျန့်ကော်သည် သက်ပြင်းပြင်းချလိုက်မိ၏။
“အရှိန်ပြင်းဝင်တိုက်”
သူက စိတ်ထဲမှ အော်ဟစ်လိုက်သည်။ ခန္ဓာကိုယ်ပေါ်တွင် ဖျော့တော့သော အလင်းဒိုင်းကာတစ်ခု ပေါ်လာခဲ့ပြီးနောက် ညာဘက်ခြေထောက်ဖြင့် မြေပြင်ကို ကန်ကျောက်ကာ သာမန်ဇွန်ဘီအုပ်ဆီသို့ ရုတ်တရက် အရှိန်ပြင်းဝင်တိုက်လိုက်တော့သည်။
ဘုန်း....
သူနှင့် တိုက်မိသွားသော ဇွန်ဘီများသည် ကြေမွကုန်ကြခြင်း သို့မဟုတ် လွင့်စင်သွားကြ၏။ အမြောက်အမြားမှာ အချိန်တိုအတွင်း သေကျေဒဏ်ရာရကုန်ကြသည်။
မလှမ်းမကမ်းတွင်မူ ဤမြင်ကွင်းကို ကြည့်ရင်း ကောဟွာသည် မျက်လုံးပြူးသွားခဲ့ရပြီး အတိုင်းထက်အလွန် တုန်လှုပ်သွားခဲ့၏။
သူသည် စွမ်းရည်ရှင်များအကြောင်းကို သိထားပါသည်။ စခန်းအတွင်း၌ ကော်မတီဝင်အချို့မှာ စွမ်းရည်ရှင်များ ဖြစ်ကြသည်ဟု ကောလာဟလများ ရှိနေခဲ့၏။ ထိုရှောက်ယုံနှင့် အခြားလက်အောက်ငယ်သားအချို့သည်လည်း စွမ်းရည်ရှင်များ ဖြစ်ကြသည်။
သို့သော်လည်း ၎င်းအနေဖြင့် စွမ်းရည်ရှင်တစ်ဦး လက်တွေ့တိုက်ခိုက်သည်ကို မြင်ဖူးခြင်းမှာ ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။
ဝေကျန့်ကော်မှာ နွားသိုးတစ်ကောင်ကဲ့သို့ ပြေးဝင်ကာ ဇွန်ဘီဆယ်ကောင်ကျော်ကို တိုက်ရိုက် လွင့်စင်သွားစေခြင်း သို့မဟုတ် ကြေမွသွားစေခြင်းများ ပြုလုပ်နိုင်လေသည်။
သူတို့ကဲ့သို့ သာမန်လူများမှာမူ ဇွန်ဘီတစ်ကောင်ကို သတ်ရန်အတွက်ပင် နည်းလမ်းပေါင်းစုံ သုံးရသည့်အပြင် ရှုံးနိမ့်ခြင်းလည်း ရှိနိုင်သေး၏။ကွာဟချက်မှာ တကယ်ပင် ကြီးမားလှပေသည်။
သူသည်လည်း စွမ်းရည်ရှင်တစ်ဦး ဖြစ်ချင်မိသွားတော့သည်။
ထိုအချိန်တွင် ရှန့်ဟုန်ပင်းသည်လည်း ဝင်ရောက်တိုက်ခိုက်ခဲ့၏။
သူသည်လည်း အရှိန်ပြင်းဝင်တိုက်စွမ်းရည်ကို ထိုနည်းတူစွာ အသုံးပြုကာ လမ်းပိတ်နေသော ဇွန်ဘီဆယ်ကောင်ကျော်ကို တိုက်သတ်လိုက်သည်။ သို့သော်လည်း အရှိန်ပြင်းဝင်တိုက်ပြီးနောက် ရှန့်ဟုန်ပင်းသည် ပုဆိန်ကို ထပ်မံလွှဲယမ်းလိုက်ပြန်၏။
ချက်ချင်းပင် ၎င်းအား ဗဟိုပြု၍ အလွန်ဖျော့တော့သော တုန်ခါလှိုင်းတစ်ခု ပျံ့နှံ့သွားခဲ့ပြီး ဇွန်ဘီအချို့ကို အချိန်တိုအတွင်း ထပ်မံသတ်ဖြတ်လိုက်ပြန်သည်။
“စွမ်းရည် နှစ်မျိုးပဲ”
ကောဟွာတစ်ဦးတည်းတင်မကဘဲ အခြားစစ်သားများသည်လည်း ဤမြင်ကွင်းကို ကြည့်ရင်း အံ့ဩသွားကြ၏။ သူတို့သည် မိမိတို့၏ တပ်မှူးမှာ စွမ်းရည်ရှင်တစ်ဦးဖြစ်ကြောင်း သိထားကြသော်လည်း စွမ်းရည် နှစ်မျိုး ရှိနေလိမ့်မည်ဟုတော့ မထင်ထားခဲ့ကြပေ။
ကောဟွာသည် အရပ်မျက်နှာအနှံ့ သတ်ဖြတ်နေသော လူနှစ်ဦးကို ကြည့်လိုက်ပြီးနောက် ဝမ်ထောင်ကို လှည့်ကြည့်လိုက်သည်။ ၎င်းသည် ဝမ်ထောင် မည်မျှအထိ သန်မာသည်ကို အလွန် မြင်တွေ့ချင်နေမိ၏။ ဝေကျန့်ကော်နှင့် ရှန့်ဟုန်ပင်းတို့ နှစ်ဦးစလုံးမှာ အလွန်သန်မာကြသော်လည်း ဝမ်ထောင်မှာ အသန်မာဆုံးဖြစ်သည်ဟု သူက အခိုင်အမာ ယုံကြည်နေဆဲ ဖြစ်သည်။ သူ၏ ဆုံးဖြတ်ချက် မမှားနိုင်ဟု လည်း ခံစားနေမိ၏။
သို့သော်လည်း ဝမ်ထောင်သည် အမှန်တကယ်တွင် များများစားစားလှုပ်ရှားခြင်း မရှိပေ။ သူသည် လက်ပစ်ဒူးလေးကိုသာ ကိုင်ဆောင်လျက် ဟန်ရွှေနှင့်အတူ လေးမျှားများကိုသာ အေးအေးလူလူ ပစ်ခတ်နေခဲ့သည်။
အဓိကအားဖြင့် အထဲတွင် အတန်ငယ် မှောင်နေသည့်အပြင် နေရာမှာလည်း ထိုမျှမကျယ်ဝန်းပေ။ အခြားသူများ၏ စွမ်းရည်များသည် ဧရိယာအလိုက် တိုက်ခိုက်ခြင်းမျိုးဖြစ်ရာ သူပါထပ်ဝင်သွားလျှင် မိမိလူအချင်းချင်း ထိခိုက်မှု ဖြစ်စေနိုင်သည်။ ဝမ်ထောင်သည် ဤအခွင့်အရေးကို အသုံးပြု၍ သူ၏ မြားပစ်စွမ်းရည်ကိုလည်း လေ့ကျင့်နိုင်သေး၏။
မြေအောက်ပထမထပ်ရှိ ဇွန်ဘီများကို ရှင်းလင်းရန် အချိန်အများကြီး မပေးခဲ့ရပေ။ ထိုနေရာ၌ အသက်ရှင်ကျန်ရစ်သူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပါ။
လတ်တလောကမှ ဇွန်ဘီအဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်ကြောင်း ထင်ရှားလှသော သပ်သပ်ရပ်ရပ်ဇွန်ဘီများကို ကြည့်ခြင်းအားဖြင့် ဤမြေအောက်ပထမထပ်တွင် အသက်ရှင်ကျန်ရစ်သူ အနည်းဆုံး ငါးဆယ်ကျော် ရှိခဲ့ဖူးကြောင်း သိနိုင်လေသည်။ ထိုလူငါးဆယ်ကျော်စလုံးမှာ ကူးစက်ခံရခြင်း ဖြစ်၏။ ဝမ်ထောင်သည် ကောဟွာအား မသိမသာ လှည့်ကြည့်လိုက်မိသည်။ ဤသည်မှာ ၎င်း၏ လက်ချက်များသာ မဟုတ်ပါလား။
အဖွဲ့သည် မြေအောက်ဒုတိယထပ်သို့ ဆက်လက်ချီတက်ခဲ့ကြ၏။ မြေအောက်ဒုတိယထပ်မှာ အတန်ငယ် ပိုမိုမှောင်မည်းသော်လည်း ပြဿနာကြီးကြီးမားမား မရှိပေ။ ဝေကျန့်ကော်နှင့် ရှန့်ဟုန်ပင်းတို့သည် ၎င်းတို့၏ စွမ်းရည်များကို ဆက်လက်ပြသခဲ့ကြပြီး အချိန်အတော်ကြာပြီးနောက် ဒုတိယထပ်ကိုလည်း ရှင်းလင်းနိုင်ခဲ့သည်။
“နောက်တစ်ထပ်ကတော့ မင်းအလှည့်ပဲ”
ဝေကျန့်ကော်သည် စိတ်လှုပ်ရှားနေသော်လည်း မတတ်နိုင်သည့် အမူအရာမျိုးဖြင့် ဝမ်ထောင်အား ပြောကြားခဲ့သည်။
အရှိန်ပြင်းဝင်တိုက်စွမ်းရည်မှာ အသုံးပြုရသည်မှာ အားရစရာကောင်းသော်လည်း စွမ်းအင်ကုန်ဆုံးမှုမှာ အလွန်များပြားလှ၏။ ၎င်းအနေဖြင့် အချိန်တိုအတွင်း သုံးကြိမ်သာ သုံးနိုင်ပြီး သုံးပြီးနောက်တွင်မူ မောပန်းနွမ်းနယ်သော အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်သည်။ သူသည် စောစောက စိတ်လှုပ်ရှားလွန်းသဖြင့် အရှိန်ပြင်းဝင်တိုက်ခြင်း သုံးကြိမ်စလုံးကို အသုံးပြုခဲ့မိခြင်း ဖြစ်၏။ ရှန့်ဟုန်ပင်းမှာမူ အခြေအနေ အတန်ငယ် ပိုကောင်းသော်လည်း ၎င်း၌ စွမ်းအင်ပမာဏ နှစ်ရာသာ ရှိသည်။ အရှိန်ပြင်းဝင်တိုက်ခြင်းက စွမ်းအင်သုံးဆယ်ကို ကုန်ဆုံးစေပြီး တုန်ခါလှိုင်းက စွမ်းအင်နှစ်ဆယ် ကုန်ဆုံးစေ၏။ စွမ်းရည်နှစ်ခုစလုံးကို အတူတူသုံးပါက အကြိမ်ရေအများကြီး သုံးနိုင်မည်မဟုတ်ရာ ယခုအခါ သူ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေမှာလည်း အတန်ငယ် ပျော့ခွေနေပြီ ဖြစ်သည်။
ဝမ်ထောင်သည် စကားပင်မပြောနိုင်အောင် ဖြစ်သွား၏။ ထိုလူများကို အကန့်အသတ်ဖြင့်သာ သုံးရန် ကြိုတင်ပြောခဲ့ဖူးသည်။ ထိုလူနှစ်ဦးသည် ပါးစပ်ကသာ ဟုတ်ကဲ့၊ ဟုတ်ကဲ့ဟု ဆိုခဲ့ကြသော်လည်း ခန္ဓာကိုယ်ကမူ မိမိကိုယ်ကို မောပန်းနွမ်းနယ်အောင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်၏။ ဤသည်မှာ ၎င်းတို့အနေဖြင့် စွမ်းရည်များကို လက်တွေ့တိုက်ပွဲတွင် ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သဖြင့် အသားမကျသေးခြင်းလည်း ဖြစ်နိုင်သည်။
ကံကောင်းထောက်မစွာဖြင့် မြေအောက်ဒုတိယထပ်တွင် ဇွန်ဘီအရေအတွက် နည်းပါးလှပြီး စုစုပေါင်း သုံးဆယ်ခန့်သာ ရှိ၏။ သို့မဟုတ်ပါက ၎င်းတို့သည် ဝမ်ထောင်အား ကူညီရန် အစောကြီးကတည်းက တောင်းဆိုခဲ့ကြရမည် ဖြစ်သည်။
“ကောင်းပြီ၊ ခင်ဗျားတို့ အရင်နားလိုက်ဦး”
ဝမ်ထောင်က ခေါင်းညိတ်လိုက်ပြီးနောက် ရှေ့ဆုံးမှ ဦးဆောင်ခဲ့ရာ ဟန်ရွှေကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်လာခဲ့သည်။
မြေအောက်တတိယထပ်သို့ ဝင်ရောက်လိုက်သည်နှင့် အခြေအနေမှာ ကွာခြားသွားကြောင်း သိသိသာသာ ခံစားလိုက်ရ၏။
သွေးညှီနံ့များအပြင် အမျိုးမျိုးသော ထူးဆန်းသော အနံ့ဆိုးများ ထွက်ပေါ်နေခဲ့သည်။ အလွန်ပင် နံစော်လှသည်။
ထို့ပြင် မြေအောက်တတိယထပ်၏ ဖွဲ့စည်းပုံမှာ အပေါ်ထပ်နှစ်ထပ်နှင့် မတူညီပေ။ အပေါ်ထပ်များ၏ ဖွဲ့စည်းပုံမှာ မူလအတိုင်းဖြစ်သော်လည်း တတိယထပ်ကိုမူ အသစ်ပြန်လည် ဒီဇိုင်းဆွဲထားခြင်း ဖြစ်၏။ ဧရိယာတစ်ခုချင်းစီတွင် ဆိုင်းဘုတ်တစ်ခုစီ ချိတ်ဆွဲထားသည်။
“နှင်းသိုလှောင်ရာနေရာ၊ အနားယူရာနေရာ၊ လှောင်အိမ်အတွင်းတိုက်ခိုက်ရေးနေရာ၊ ကျွန်များထားရှိရာနေရာ၊ ခွေးသင်တန်းပေးရာနေရာ”
ထိုဆိုင်းဘုတ်များကို ကြည့်ရင်း ဝမ်ထောင်သည် မျက်မှောင်ကို သိသိသာသာ ကုတ်လိုက်မိ၏။
ဤရှောက်ယုံမှာ ပျော်ပါးတတ်လှပေသည်။
တတိယထပ်တွင် ဇွန်ဘီအရေအတွက် များစွာရှိပုံမရပေ။ အနည်းဆုံးတော့ ၎င်းတို့အဖွဲ့ အောက်သို့ဆင်းလာချိန်တွင် အများကြီး မတွေ့ခဲ့ရပါ။
သို့သော်လည်း မည်သူမျှ ပေါ့ဆခြင်းမရှိကြပေ။ အထူးသဖြင့် ဟန်ရွှေက ဝမ်ထောင်၏ နားအနီးသို့ကပ်၍ ရှေ့ဘက်ရှိ ဧရိယာများတွင် ဇွန်ဘီအမြောက်အမြား ရှိနေကြောင်း တိုးတိုးကပ်၍ သတိပေးလိုက်သည့်အခါ ဝမ်ထောင်သည် အားလုံးကို မည်သည့်အချိန်တွင်မဆို တိုက်ပွဲဝင်ရန် အသင့်ပြင်ထားကြဖို့ သတိပေးလိုက်သည်။
“သူတို့ အဲဒီဧရိယာတွေထဲမှာ ရှိနေကြတာ၊ အထူးဇွန်ဘီအချို့နဲ့ အသက်ရှင်ကျန်ရစ်သူတွေလည်း ရှိသေးတယ်”
ဟန်ရွှေက လှောင်အိမ်အတွင်းတိုက်ခိုက်ရေးနေရာ၊ ကျွန်များထားရှိရာနေရာနှင့် ခွေးသင်တန်းပေးရာနေရာတို့ကို ညွှန်ပြခဲ့သည်။
ထိုဧရိယာများ၏ တံခါးများမှာ ပိတ်ထားကြသဖြင့် အတွင်းပိုင်း အသေးစိတ်အခြေအနေကို မြင်တွေ့နိုင်ခြင်း မရှိပေ။
ဝမ်ထောင်သည် ရှေ့ဆုံးတွင်ရှိသော လှောင်အိမ်အတွင်းတိုက်ခိုက်ရေးနေရာသို့ လျှောက်လှမ်းသွားပြီးနောက် တံခါးကို ရုတ်တရက် တွန်းဖွင့်လိုက်၏။
မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော ဝါကျင်ကျင် မီးလင်းရောင်အောက်တွင် ကြီးမားသော သံလှောင်အိမ်တစ်ခု ရှိနေခဲ့သည်။
သံလှောင်အိမ်အတွင်း၌ သွေးချင်းချင်းနီနေသော ကိုယ်လုံးတီးအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် အတူတူ ကပ်ထိုင်နေကြပြီး ၎င်းတို့သည် အသက်ရှင်နေကြဆဲ ဖြစ်၏။
သံလှောင်အိမ်၏ အပြင်ဘက်တွင်မူ ဇွန်ဘီအုပ်တစ်အုပ်သည် အစွယ်တငေါငေါ၊ လက်သည်းတဖြဖြဖြင့် သံလှောင်အိမ်ကို ကုတ်ခြစ်နေကြသည်။
ဝမ်ထောင် တံခါးဖွင့်လိုက်သည့် အခိုက်အတန့်တွင် ထိုဇွန်ဘီများသည် ရုတ်တရက် လှည့်ကြည့်လာကြပြီး ၎င်းတို့၏ တိမ်ဖုံးနေသော မျက်လုံးများဖြင့် သူတို့အား စိုက်ကြည့်လာကြ၏။
"ဂီး... ဂီး...”
ချက်ချင်းဆိုသလိုပင် ထိုဇွန်ဘီများသည် ၎င်းတို့၏ ပန်းတိုင်ကို ပြောင်းလဲလိုက်ကြပြီး ဝမ်ထောင်ထံသို့ ပြေးဝင်လာကြတော့သည်။
ထိုဇွန်ဘီအုပ်ကို ကြည့်ရင်း ဝမ်ထောင်သည် ရှောင်တိမ်းမနေတော့ပါ။ ၎င်းတို့ နီးကပ်လာသည့်အခါ သူ၏ မီးသတ်ပုဆိန်ကို မြှောက်လိုက်ပြီး အရှိန်အပြင်းဆုံး ပြေးဝင်လာသော ဇွန်ဘီ၏ ဦးခေါင်းတည့်တည့်သို့ ခုတ်ချလိုက်တော့သည်။
ခွပ်။
[-၁၀၀၀]
[-၁၀၀၀]
[-၁၀၀၀]
[...]
ရှန့်ဟုန်ပင်း၏ စွမ်းရည်ထက် များစွာကြီးမားသော တုန်ခါလှိုင်းတစ်ခု ပေါ်ထွက်လာခဲ့၏။ အချိန်တိုအတွင်း ထိုဇွန်ဘီအုပ်သည် ရိတ်သိမ်းခံလိုက်ရသော ဂျုံပင်များကဲ့သို့ လဲပြိုကုန်ကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်များသည် တုန်ခါလှိုင်းကြောင့် ကြေမွကုန်ကြသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး သွေးသားခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် ဗရပွ ဖြစ်သွားခဲ့တော့သည်။ အနီးနားရှိ နံရံများနှင့် တိုင်များပင် အတန်ငယ် တုန်ခါသွားခဲ့ရ၏။ နောက်ဘက်မှ ဤမြင်ကွင်းကို မြင်တွေ့ရသည့်အခါ ကောဟွာသည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့သည်။
“ငါ ထင်တဲ့အတိုင်းပဲ၊ ဝမ်ထောင်က ပိုပြီး သန်မာတာပဲ”
ဝမ်ထောင်သည်လည်း ပျက်စီးသွားသော အဆောက်အအုံနံရံများကို ကြည့်ရင်း စကားပင် မဆိုနိုင်အောင် ဖြစ်သွားရ၏။
သူသည် တုန်ခါလှိုင်းစွမ်းရည်ကို စတင်ရရှိစဉ်က အမြင့်ဆုံး တိုက်ခိုက်မှုအချင်းမှာ သုံးမီတာသာ ရှိခဲ့ပြီး ဘာဆာကာသွေးဆာဇွန်ဘီ၏ ထက်ဝက်သာ ရှိခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း တုန်ခါလှိုင်းအမြုတေ ဆယ်ခုကို ပေါင်းစပ်ပြီးနောက်တွင်မူ ယခုအခါ ၎င်း၏ အမြင့်ဆုံး တုန်ခါလှိုင်းအချင်းမှာ ခြောက်မီတာခန့် ရှိနေပြီဖြစ်ရာ ဘာဆာကာသွေးဆာဇွန်ဘီနှင့် အတူတူပင် ဖြစ်၏။
ခြောက်မီတာအချင်းဆိုသည်မှာ သေးငယ်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် မသေးငယ်ပေ။ အထူးသဖြင့် နံရံများရှိသော မိုးလုံလေလုံ အခန်းအတွင်း၌ တုန်ခါလှိုင်းသည် နံရံများကို တိုက်ရိုက် ထိခိုက်စေသောကြောင့် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ဤနေရာမှာ သံကူကွန်ကရစ် ဖြစ်နေပြီး သာမန်အုတ်နံရံသာဆိုပါက ပြိုကျသွားနိုင်ခြေ ရှိသည်။
“နောက်တစ်ခါကျရင် ငါ့ရဲ့ ခွန်အားကို ပိုပြီး သတိထားရမယ်”
ဝမ်ထောင်သည် သံလှောင်အိမ်ကို လှည့်ကြည့်လိုက်၏။ အထဲရှိ အသက်ရှင်ကျန်ရစ်သူ နှစ်ဦးစလုံးမှာ မျက်လုံးများ ပြူးကျယ်နေကြပြီး ၎င်းတို့ မြင်တွေ့နေရသည့် အရာကို မယုံကြည်နိုင်အောင် ဖြစ်နေကြပုံရသည်။
ဝမ်ထောင်သည် သူတို့အား ဂရုမစိုက်ဘဲ နောက်ထပ် ဧရိယာတစ်ခုသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။
အခြားသူများသည် သံလှောင်အိမ်ကို ဖွင့်ရန်နှင့် ထိုအသက်ရှင်ကျန်ရစ်သူ နှစ်ဦးအား အခြေအနေ မေးမြန်းရန် အလျင်အမြန် ပြေးဝင်သွားကြ၏။
ကျွန်များထားရှိရာနေရာသည် အတွင်းပိုင်း ပိုကျသောနေရာတွင် ရှိပြီး အလွန်ကျယ်ဝန်းကာ သံတိုင်များဖြင့် ကာရံထားခြင်း ဖြစ်သည်။
အနီးသို့ လျှောက်လှမ်းသွားသည့်အခါ အထဲတွင် ဇွန်ဘီများနှင့် အသက်ရှင်ကျန်ရစ်သူများစွာ ရှိနေသည်ကို မြင်တွေ့ရ၏။ သို့သော်လည်း ထိုအသက်ရှင်ကျန်ရစ်သူများသည် ခွေးလှောင်အိမ်များအတွင်း၌ ပိတ်လှောင်ခံထားရခြင်းဖြစ်ရာ ဤသည်ကပင် ၎င်းတို့အား ဇွန်ဘီများ၏ တိုက်ခိုက်ခြင်းမှ လွတ်မြောက်စေခဲ့ခြင်း ဖြစ်သည်။
“ဂယား...ဂစ်ဂစ်...”
လူသစ်များ ရောက်ရှိလာခြင်းကို သိရှိသွားသည့်အခါ ထိုဇွန်ဘီများသည် ချက်ချင်းပင် အော်ဟစ်မြည်တမ်းကြပြီး အပြင်သို့ ထွက်လာချင်ကြတော့သည်။
သို့သော်လည်း ကျွန်များထားရှိရာနေရာ၏ သံတိုင်တံခါးမှာ အတွင်းဘက်သို့ ဆွဲဖွင့်ရခြင်းမျိုး ဖြစ်၏။ ဇွန်ဘီများသည် ဆွဲရမည်ကို မသိကြသဖြင့် ဝင်ပေါက်ဝ၌သာ ပိတ်မိနေကြပြီး အပြင်သို့ မထွက်နိုင်ကြချေ။
ဤသည်မှာ ဇွန်ဘီများကို သတ်ဖြတ်ရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။ ဝမ်ထောင်သည် ကိုယ်တိုင်မလှုပ်ရှားဘဲ ထိုအခွင့်အရေးကို စစ်သားများထံသို့ ပေးအပ်လိုက်ရာ ထိုလူများအား သံတိုင်များကြားမှတစ်ဆင့် ဓားများနှင့် ပုဆိန်များကို အသုံးပြု၍ ဇွန်ဘီများကို သတ်ဖြတ်စေခဲ့၏။ ဤသည်မှာ ၎င်းတို့၏ အမြင့်ဆုံး သွေးပမာဏကို တိုးတက်စေနိုင်သောကြောင့် ဖြစ်သည်။
ဝမ်ထောင်သည် ဇွန်ဘီများရှိသော နောက်ဆုံးဧရိယာသို့ ရောက်ရှိလာခဲ့ရာ ထိုနေရာသည် အထူးဇွန်ဘီများ ရှိနေသည့်နေရာလည်း ဖြစ်၏။ ထိုနေရာမှာ ခွေးသင်တန်းပေးရာနေရာ ဖြစ်သည်။
"ခွေးသင်တန်းပေးခြင်း" ဆိုသည်မှာ အမှန်တကယ် ခွေးများကို ဆိုလိုခြင်းမဟုတ်ဘဲ ရှောက်ယုံ စုဆောင်းထားသည့် အမျိုးသမီးကျွန်များကို ထားရှိရာနေရာ ဖြစ်ကြောင်း ထင်ရှားလေသည်။
ယခင်က ဖမ်းဆီးခံခဲ့ရသော အမျိုးသမီးမုဆိုး လေးဦးစလုံးမှာလည်း ဤနေရာ၌ ရှိနေကြ၏။
တံခါးမှာ ဟစိဟစိ ဖြစ်နေခဲ့သည်။ ကောဟွာက ဝမ်ထောင်အား ၎င်းထွက်ခွာသွားစဉ်က အထဲတွင် လူတစ်ဆယ်ကျော် ရှိနေပြီး အားလုံး ဇွန်ဘီအဖြစ်သို့ ပြောင်းလဲသွားကြပြီဟု ခန့်မှန်းရကြောင်း၊ သို့သော်လည်း ယခု မည်မျှကျန်သေးသည်ကိုမူ မသိရကြောင်း ပြောပြလေသည်။
ဟန်ရွှေက တံခါးနောက်ကွယ်တွင် ဇွန်ဘီများ မရှိကြောင်း အတည်ပြုပြီးနောက် ဝမ်ထောင်သည် တံခါးကို တွန်းဖွင့်လိုက်၏။
ချက်ချင်းပင် ပိုမိုဆိုးရွားသော အနံ့ဆိုးတစ်ခု ထွက်ပေါ်လာခဲ့သည်။
နှာခေါင်းစည်း တပ်ဆင်ထားသည့်တိုင် ဝမ်ထောင်သည် မျက်မှောင်မကုတ်ဘဲ မနေနိုင်အောင် ဖြစ်ရ၏။
ဤဧရိယာသည် အထူးပင် လင်းထိန်နေပြီး မီးစက်၏ လျှပ်စစ်ဓာတ်အားအားလုံးကို ဤနေရာသို့သာ ပေးသွင်းထားသကဲ့သို့ ဖြစ်နေသည်။
လင်းထိန်နေသော မီးလင်းရောင်အောက်တွင် ကိုယ်လုံးတီးအမျိုးသမီးအချို့မှာ အမျိုးမျိုးသော ပုံစံများဖြင့် တည်ရှိနေကြ၏။ အချို့မှာ နံရံပေါ်တွင် ခြေလက်များကို ဖြဲ၍ ဇောက်ထိုး ပိတ်လှောင်ခံထားရပြီး အချို့မှာ ဆူးချွန်များဖြင့် ပြည့်နှက်နေသော ကုလားထိုင်များပေါ်တွင် ထိုင်နေကြရကာ အချို့မှာ ခန္ဓာကိုယ်အတွင်းသို့ ဝါယာကြိုးများ ထိုးသွင်းခံထားရပြီး အချို့သော ဝမ်းဗိုက်အလွန်ကြီးမားနေသူများမှာမူ ကုတင်များပေါ်တွင် ချည်နှောင်ခံထားရသည်။ သို့သော်လည်း ချွင်းချက်မရှိ အားလုံး သေဆုံးနေကြပြီ ဖြစ်၏။ ၎င်းတို့သည် အကိုက်ခံထားရခြင်း မရှိသော်လည်း ဇွန်ဘီအဖြစ်သို့ ပြောင်းလဲသွားကြပြီ ဖြစ်သည်။
ကြမ်းပြင်၊ နံရံများနှင့် အမိုးပေါ်တွင်ပင် သွေးများနှင့် အမျိုးမျိုးသော ရှုပ်ပွနေသော အရည်များဖြင့် ပြည့်နှက်နေခဲ့၏။
ဝင်ပေါက်ဝ၌ ဇီဝနမူနာများကဲ့သို့သော လူသားခန္ဓာကိုယ်အစိတ်အပိုင်းအချို့ ထည့်သွင်းထားသည့် စင်တစ်ခုလည်း ရှိနေသေး၏။
[-၁]
[-၁]
[...]
ဤမြင်ကွင်းကို ကြည့်ရင်း ဝမ်ထောင်ကိုယ်တိုင်ပင် သွေးပမာဏ ကျဆင်းလာခဲ့ရသည်။
သို့သော်လည်း ၎င်းအနေဖြင့် ရွံရှာနေရန် အချိန်မရှိပေ။ အကြောင်းမှာ အတွင်းပိုင်းအကျဆုံးနေရာတွင် အထူးဇွန်ဘီ လေးကောင် ရှိနေသောကြောင့် ဖြစ်သည်။
၎င်းတို့၏ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အတန်ငယ် သပ်ရပ်သော အဝတ်အစားများ ဝတ်ဆင်ထားသော်လည်း ခန္ဓာကိုယ်အောက်ပိုင်းမှာမူ ဗလာကျင်းနေ၏။ ဝမ်ထောင်ကို မြင်ရသည့်အခါ ၎င်းတို့၏ တိမ်ဖုံးနေသော မျက်လုံးများမှာ ပြူးကျယ်သွားကြပြီး ၎င်းတို့၏ မျက်နှာများမှာ ပုံပျက်ပန်းပျက် ဖြစ်သွားကြလျက် ၎င်းထံသို့ ပြေးဝင်လာကြတော့သည်။
“...”
ဝမ်ထောင်သည် သက်ပြင်းချလိုက်မိ၏။ သူ့အနေဖြင့် စိတ်ဓာတ်ကို ဖြေလျှော့ရန် လိုအပ်နေသည်။
ထို့နောက် ဝမ်ထောင်သည် တိကျစွာပစ်ခတ်ခြင်းစွမ်းရည်ကို အသုံးပြုလိုက်၏။
ချက်ချင်းပင် ကမ္ဘာကြီးတစ်ခုလုံးမှာ အရောင်အသွေး စုံလင်သွားသကဲ့သို့ ဖြစ်သွားခဲ့သည်။
ဝမ်ထောင်သည် ခါးနောက်ဘက်မှ မီးသတ်ပုဆိန် နှစ်လက်ကို ထုတ်ယူလိုက်ပြီး ရှေ့ဆုံးမှ ပြေးထွက်လာသော ဇွန်ဘီထံသို့ တိုက်ရိုက် လွှဲပစ်လိုက်တော့သည်။
ဝှစ်။
ဒုတ်...
ပထမဆုံး ပုဆိန်သည် ထိုဇွန်ဘီ၏ ဦးခေါင်းတည့်တည့်သို့ တိကျစွာ ထိမှန်သွားခဲ့ပြီး အတွင်းပိုင်းအထိ နက်ရှိုင်းစွာ စိုက်ဝင်သွားခဲ့၏။
[-၂၃၀၀]
[၀/၂၃၀၀]
ဘုန်း။
ထိုဇွန်ဘီ မြေပြင်ပေါ်သို့ လဲကျသွားသည်။
ဝမ်ထောင်သည် ထိုဇွန်ဘီတွင် မည်သည့်စွမ်းရည် ရှိသည်ကိုပင် မသိလိုက်ရချေ။
ဝှစ်...
ဝမ်ထောင်၏ ဒုတိယမြောက် ပုဆိန်သည် အခြားသော ဝမ်းဗိုက်ကြီးမားသည့် ဇွန်ဘီတစ်ကောင်ထံသို့ လွှဲပစ်လိုက်ပြန်သည်။
ဒုတ်။
[-၁၅၀၀]
[၀/၁၅၀၀]
နောက်ထပ် တစ်ချက်တည်းသတ်ဖြတ်ခြင်း ဖြစ်၏။
သို့သော်လည်း မသေဆုံးမီ ထိုဇွန်ဘီသည် ဝမ်ထောင်ထံသို့ အန်ဖတ်အကျိအချွဲတစ်ခုကို လှမ်းအန်ခဲ့သော်လည်း သူ၏ တိုက်ခိုက်မှုအကွာအဝေးမှာ အလွန်တိုတောင်းလှသဖြင့် ၎င်း၏ အဝတ်အစားအနားသတ်ကိုပင် မထိမှန်ခဲ့ချေ။
ဝမ်ထောင်သည် ခါးတွင် ချိတ်ဆွဲထားသော နောက်ထပ် မီးသတ်ပုဆိန် နှစ်လက်ကို ထပ်မံထုတ်ယူလိုက်ပြန်သည်။
ဝှစ်..ဝှစ်
ကျန်ရှိနေသော ဇွန်ဘီနှစ်ကောင်ထံသို့ အသီးသီး လွှဲပစ်လိုက်၏။
တိကျစွာပစ်ခတ်ခြင်းစွမ်းရည်ကို အသုံးမပြုပါက ၎င်းအနေဖြင့် အလွန်ဆုံး ဇွန်ဘီတစ်ကောင်တည်းကိုသာ ရည်ရွယ်၍ ပုဆိန်လွှဲပစ်နိုင်မည်ဖြစ်ပြီး ထိမှန်ရန်လည်း မသေချာပေ။
သို့သော်လည်း စွမ်းရည်ကို အသုံးပြုလိုက်သည့်အခါ အတိုင်းအတာတစ်ခုရှိသော နယ်ပယ်အတွင်း၌ သူသည် အရပ်မျက်နှာတစ်ခုတည်း၌ရှိနေသော အရာဝတ္ထုနှစ်ခုကို တစ်ပြိုင်နက်တည်း အလွန်မြင့်မားသော တိကျမှုဖြင့် ရည်ရွယ်ပစ်ခတ်နိုင်လေသည်။
ဒုတ်..
တတိယမြောက် မီးသတ်ပုဆိန်သည်လည်း ဇွန်ဘီတစ်ကောင်ကို ထိမှန်သွားခဲ့ပြီး ၎င်း၏ မျက်တွင်းကို ဖောက်ထွက်ကာ ဦးနှောက်အတွင်းသို့ တိုက်ရိုက် စိုက်ဝင်သွားခဲ့၏။
[-၁၈၀၀]
[၀/၁၈၀၀]
စတုတ္ထမြောက် ဇွန်ဘီနှင့် ပတ်သက်၍မူ ဝမ်ထောင်၏ နောက်ဆုံးပုဆိန်သည် ၎င်း၏ နဖူးတည့်တည့်သို့ ထိမှန်သွားခဲ့သော်လည်း ထိခိုက်မှုမှာမူ မများပြားလှပေ။
[-၂၃၄]
[၁၇၆၆/၂၀၀၀]
၎င်း၏ မာတောင့်နေသော ခန္ဓာကိုယ်နှင့် မည်းမှောင်နေသော အရေပြားကို ကြည့်ရင်း ဝမ်ထောင် မျက်ခုံးပင့်လိုက်မိ၏။
“ကြေးအရေပြားသံမဏိအရိုး...”
ဤသည်မှာ ကြေးအရေပြားသံမဏိအရိုးအမြုတေ၏ ဘေးထွက်ဆိုးကျိုးဖြစ်ကြောင်း ထင်ရှားလှပေသည်။
“ဂါး...ဂီးဂီး...”
ထိုဇွန်ဘီသည် လက်သည်းများကို ဖြဲလျက် ဝမ်ထောင်ထံသို့ ပြေးဝင်လာခဲ့သော်လည်း ၎င်း၏ အရှိန်မှာ အလွန်နှေးကွေးလှသဖြင့် အတန်ငယ် ဟာသဆန်နေသကဲ့သို့ ဖြစ်နေ၏။
ဝမ်ထောင်သည် သူ၏ နောက်ဆုံးပုဆိန်ကို ထုတ်ယူလိုက်ပြီး ထိုဇွန်ဘီထံသို့ တိုက်ရိုက် လျှောက်လှမ်းသွားခဲ့သည်။
ဒုန်း။
ဒုန်း။
ဒုန်း။
ပုဆိန်ဖြင့် ၎င်း၏ ဦးခေါင်းကို ခုတ်ရခြင်းမှာ တူတစ်ချောင်းဖြင့် ထုရိုက်နေရသကဲ့သို့ ခံစားရ၏။
သို့သော်လည်း ၎င်း၏ ကြေးအရေပြားသံမဏိအရိုးစွမ်းရည်မှာ ဝမ်ထောင် ယခင်က တွေ့ကြုံခဲ့ဖူးသော ကြေးအရေပြားသံမဏိအရိုးဇွန်ဘီကို မမှီပေ။ ပုဆိန်ဖြင့် ငါးကြိမ်ဆက်တိုက် ခုတ်ပြီးနောက်တွင်မူ ထိုဇွန်ဘီ၏ ဦးခေါင်းခွံမှာ နောက်ဆုံး၌ ခံနိုင်ရည်မရှိတော့ဘဲ ပေါက်ကွဲသွားခဲ့တော့သည်။
ဟူး...
အထူးဇွန်ဘီ လေးကောင်ကို ဆက်တိုက် သတ်ဖြတ်ပြီးနောက် ဝမ်ထောင်သည် သက်ပြင်းချလိုက်ရင်း ပစ္စည်းများကို အလျင်အမြန် သိမ်းဆည်းလိုက်ကာ "တိကျစွာပစ်ခတ်ခြင်း" အခြေအနေကို အဆုံးသတ်လိုက်၏။ ၎င်းသည် တိကျစွာပစ်ခတ်ခြင်းအခြေအနေသည် အနီးကပ်တိုက်ခိုက်ရေးအတွက်လည်း အထောက်အကူပြုကြောင်း လတ်တလောမှ သိရှိခဲ့ခြင်း ဖြစ်သည်။ ဤသည်ကပင် ၎င်းအား ပုဆိန်ဖြင့် ခြောက်ကြိမ်စလုံး နေရာတည်းကို တိကျစွာ ခုတ်နိုင်စေခဲ့ခြင်းဖြစ်ပြီး ခုတ်ချက်တိုင်းတွင် ထိခိုက်မှုမှာ ယခင်ခုတ်ချက်ထက် ပိုမိုများပြားစေခဲ့၏။ သို့မဟုတ်ပါက ၎င်းအနေဖြင့် နောက်ထပ် ခုနစ်ကြိမ် သို့မဟုတ် ရှစ်ကြိမ်ခန့် ပိုမိုခုတ်ရမည် ဖြစ်သည်။
ဝမ်ထောင် တံခါးအတွင်းသို့ ဝင်ရောက်လာချိန်မှစ၍ ဤအထူးဇွန်ဘီ လေးကောင်ကို သတ်ဖြတ်ပြီးသည်အထိ အချိန်မှာ တစ်မိနစ်ပင် မပြည့်ခဲ့ချေ။
ဟန်ရွှေ၊ ဝေကျန့်ကော်နှင့် အခြားသူများသည် ကူညီရန် ပြင်ဆင်နေခဲ့ကြသော်လည်း လမ်းပိတ်မိမည်ကို စိုးရိမ်နေခဲ့ကြသည်။ ဝမ်ထောင် ဤမျှအထိ မြန်မြန်ဆန်ဆန် ရှင်းလင်းလိုက်သည်ကို မြင်ရသည့်အခါမှ အားလုံးက သက်ပြင်းချနိုင်ကြတော့၏။
ဝမ်ထောင်သည် ထိုဇွန်ဘီများတွင် သွေးပမာဏ များစွာမရှိသည်ကို မြင်သောကြောင့်သာ တစ်ဦးတည်း သတ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ မည်သည့်ဇွန်ဘီမဆို သွေးပမာဏ သုံးထောင်ကျော် ရှိနေပါက အားလုံးကို အတူတူဝိုင်းဝန်း တိုက်ခိုက်ရန် ခေါ်ဆိုမည် ဖြစ်၏။ လူသားများကဲ့သို့ပင် ဇွန်ဘီများသည်လည်း သွေးပမာဏ တစ်ထောင်တိုးတိုင်း တိုက်ခိုက်ရေးစွမ်းရည်မှာ များစွာတိုးတက်တတ်စမြဲဖြစ်ရာ သွေးပမာဏ နှစ်ထောင်နှင့် သုံးထောင်ကြား ကွာခြားချက်မှာ အလွန်ကြီးမားလှပေသည်။
အခြားသူများသည် အထဲသို့ ဝင်ရောက်လာကြပြီး ပတ်ဝန်းကျင်ကို လေ့လာကြ၏။ သေဆုံးသွားသော အထူးဇွန်ဘီများ၏ အနီးနားတွင် လူသားခန္ဓာကိုယ်အစိတ်အပိုင်းများအဖြစ် ဖြတ်တောက်ခံထားရခြင်း သို့မဟုတ် "ကုလားထိုင်များ" အဖြစ် ပြုလုပ်ခံထားရခြင်းရှိသည့် ဇွန်ဘီအချို့ကို မြင်တွေ့ရသည့်အခါ အားလုံးက ရွံရှာခြင်းနှင့် ဝမ်းနည်းခြင်းတို့ကို ခံစားလိုက်ရတော့သည်။ အကြောင်းမှာသူတို့မှာ မိမိတို့စခန်းမှ လူများဖြစ်ကြသောကြောင့် ဖြစ်ပေသည်။
"ခွေးမသား..ရှောက်ယုံ"
------