← Chapters

အခန်း ၁၁၇

Vol. 11 Ch. 117

အခန်း ၁၁၇

Vol. 11 Ch. 117

အခန်း ၁၁၇ - အကျပ်အတည်းဆီသို့ အသိစိတ်နှင့် ကျင့်ကြံခြင်း

အရှိန်ပြင်းဒူးခေါင်းကာသည် လက်ကောက်ဝတ်ကာကဲ့သို့ပင် ဘယ်နှင့်ညာ ညီညီညာညာ ဒီဇိုင်းထုတ်ထားပြီး အတိုင်းအတာကိုလည်း ညှိယူ၍ ရနိုင်၏။

[အရှိန်ပြင်းညာဘက်ဒူးခေါင်းကာ - ခိုင်ခံ့သော ဖွဲ့စည်းတည်ဆောက်ပုံရှိပြီး ဓားများနှင့် လှံများကို ကာကွယ်နိုင်သည်။ ကြာရှည်ခံနိုင်မှု +၁၀၊ ခုခံအား +၁၀]

ဘယ်ဘက်ဒူးခေါင်းကာတွင်လည်း အလားတူ ဂုဏ်သတ္တိများပင် ရှိသည်။

ဝမ်ထောင်သည် မူလက အာနိသင်ကို စမ်းသပ်လိုသော်လည်း သူ ထရန် ပြင်လိုက်စဉ်မှာပင် ဟန်ရွှေသည် အိပ်ပျော်နေရင်း မသိစိတ်ဖြင့် သူ့ကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်ကို ခံစားလိုက်ရ၏။

"ထားလိုက်ပါတော့၊ မနက်ဖြန်မှပဲ စမ်းသပ်တော့မယ်"

ဝမ်ထောင်သည် စိတ်ကူးဖြင့် ဒူးခေါင်းကာ နှစ်ခုလုံးကို ဟင်းလင်းပြင်ကျောပိုးအိတ်ထဲသို့ သိမ်းဆည်းလိုက်သည်။ ထို့နောက် ဟန်ရွှေ၏ ဆံပင်ကို ခပ်ဖွဖွ ပွတ်သပ်ပေးရင်း သူလည်း ဖြည်းညှင်းစွာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့ နံနက်စောစော။

ဝမ်ထောင် နိုးလာသောအခါ လှပသော မျက်လုံးရွဲတစ်စုံက သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူတို့၏ အကြည့်ချင်း ဆုံမိသောအခါ ဟန်ရွှေသည် သူမ၏ နားရွက်ကလေးများ နီမြန်းသွားကာ ခေါင်းငုံ့၍ အကြည့်ကို အလျင်အမြန်ပင် လွှဲဖယ်လိုက်၏။

"ဟို... နိုးပြီလား... ရှင်က ကျွန်မကို အရမ်းတင်းနေအောင် ဖက်ထားလို့ ကျွန်မ ထလို့မရဘူး ဖြစ်နေတာ..."

ဝမ်ထောင်သည် သူမကို စကားမရှိသလို ကြည့်လိုက်မိသည်။

သူမကို တင်းကျပ်စွာ ဖက်ထားသည် ဟုတ်စ။

သူ တင်ယွီချင်ကို ဖက်ပြီး အိပ်စဉ်ကဆိုလျှင် တင်ယွီချင်သည် မနက်တိုင်း စောစော ထနိုင်ခဲ့သည်မဟုတ်ပါလော။ တင်ယွီချင်ထက် များစွာ သန်မာသော ဟန်ရွှေက ထ၍မရစရာ အကြောင်းမရှိပါ။

ဟန်ရွှေသည် ဆင်ခြေပေးနေခြင်း ဖြစ်သည်ကို သိသော်လည်း ဝမ်ထောင်က သူမကို မ​ဖော်ထုတ်ခဲ့ပါ။

သူက ဟန်ရွှေ၏ တင်ပါးကို ပုတ်ပေးလိုက်၏။

"ထတော့"

"အင်း..."

ဟန်ရွှေ ထထိုင်လိုက်ပြီး ဝမ်ထောင်ကို ကျောပေးကာ အဝတ်အစားများ ဝတ်ဆင်လိုက်သည်။ ထိုချောမွေ့ပြီး အပြစ်ဆိုဖွယ်မရှိသော ကျောပြင်ကို ကြည့်ရင်း ဝမ်ထောင်သည် သူတို့နှစ်ဦးမှာ လင်မယားအစစ်အမှန်ကဲ့သို့ပင် ဖြစ်နေသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။ အမှန်တော့ သူ တင်ယွီချင်နှင့် အတူရှိစဉ်ကလည်း ဤကဲ့သို့ပင် ခံစားခဲ့ရသည်။

ဆန်းဝေကွမ်းသည် ယမန်နေ့ညက ပြန်မလာခဲ့ချေ၊ သူသည် ဤနေရာ၌ မနေထိုင်တော့ဘဲ အိုရင်းရင်း၏ အိမ်သို့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။

မနက်စာအတွက် အာဟာရရည်ဖြင့်သာ အလွယ်တကူ ဖြေရှင်းလိုက်ပြီးနောက် ဝမ်ထောင်သည် ဘက်စုံသုံးအဆောက်အအုံရှိ ကော်မတီရုံးခန်းသို့ သွားရောက်ခဲ့၏။

ယမန်နေ့က ပြန်ရောက်ပြီးနောက် လူတိုင်း၏ စိတ်နှလုံးမှာ လေးလံနေကြသဖြင့် စောစောစီးစီး အနားယူခဲ့ကြသည်။ သို့သော်လည်း တိုက်ပွဲရရှိမှုများကို မခွဲဝေရသေးသဖြင့် ယနေ့သည် ထိုအရာအတွက်အချိန်တန်ပြီ ဖြစ်၏။

ဝမ်ထောင်တွင် လောလောဆယ် အစားအစာနှင့် ဆင်တူသော ပစ္စည်းများ မပြတ်လပ်သေးချေ။ သို့သော် သူ မပြတ်လပ်သည်ဖြစ်စေ၊ ပြတ်လပ်သည်ဖြစ်စေ သူ၏ ဝေစုကိုမူ ယူရမည် ဖြစ်သည်။ သူသာ မယူပါက အခြားသူများက မည်သို့ တွေးတောကြမည်နည်း။ သူသည် အများနှင့် တစ်မူထူး၍ မနေချင်ချေ။

ထို့နောက် အဓိက အစီအစဉ်ဖြစ်သော အမြုတေများပေါ်လာ၏။

ဝမ်ထောင်သည် ယမန်နေ့က အထူးဇွန်ဘီ အမြောက်အမြားကို သတ်ဖြတ်ခဲ့သည်။ သူ အသုံးပြုနိုင်သော အမြုတေများကို သိမ်းဆည်းထားပြီး ကျန်ရှိသောအရာများကို ထုတ်ပြလိုက်၏။

"ဟင်... အစိမ်းရောင် အမြုတေတွေပဲ၊ ဒါပေမဲ့ အရောင်က ပိုရင့်နေတယ်..."

ဝမ်ထောင်၏ လက်ထဲရှိ အစိမ်းရောင် အမြုတေ သုံးခုကို မြင်သောအခါ လူတိုင်းမှာ အနည်းငယ် အံ့အားသင့်သွားကြသည်။ ယမန်နေ့က မြေအောက်တတိယထပ်ရှိ အထူးဇွန်ဘီများကို ဝမ်ထောင် သတ်ဖြတ်စဉ်က သူ၏ လှုပ်ရှားမှုများမှာ အလွန် လျင်မြန်လှသည်၊ ဇွန်ဘီများကို သတ်ခြင်း၊ အမြုတေများကို ထုတ်ယူခြင်းနှင့် ပစ္စည်းများကို သိမ်းဆည်းခြင်းအားလုံးကို တစ်ဆက်တည်း ချောမွေ့စွာ ပြုလုပ်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူတို့သည် အမြုတေများကို သေချာမမြင်ခဲ့ရချေ။

ဝမ်ထောင်က ဤအမြုတေများ၏ ဂုဏ်သတ္တိများကို အုပ်စုအား ရှင်းပြလိုက်ပြီးနောက် မည်သူက လိုအပ်ခြင်း ရှိမရှိ မေးမြန်းလိုက်သည်။

ရှန့်ဟုန်ပင်းက တုန်ခါလှိုင်းအမြုတေကို ယူလိုက်ပြီး ဝေကျန့်ကော်က အရှိန်ပြင်းအမြုတေကို ယူကာ ဖုန်းမင်အန်းက အန်ဖတ်အချွဲအမြုတေကို ယူလိုက်၏။

ဤအစိမ်းရောင် အမြုတေ သုံးခုအပြင် ဝမ်ထောင်သည် ပြန်လမ်းတွင်လည်း အခြားအထူးဇွန်ဘီများကို သတ်ဖြတ်ခဲ့သဖြင့် အမြုတေအချို့ ရရှိခဲ့သေးသည်။ သူ အသုံးမပြုနိုင်သဖြင့် အခြားသူများအတွက် အသုံးဝင်မည့် အရာများကို ခွဲဝေပေးလိုက်၏။

အမှန်တော့ ဝမ်ထောင် မသတ်ခဲ့ရသော အထူးဇွန်ဘီအနည်းငယ်လည်း ရှိသေးသည်၊ သို့သော် သူ၏ အမြုတေများကို ဝမ်ထောင် အသုံးပြုနိုင်သဖြင့် အခြားသူများက သူ့အတွက် သိမ်းဆည်းပေးခဲ့ကြ၏။

၎င်းတို့မှာ အပြာရောင် တစ်ခုနှင့် အဖြူရောင် တစ်ခု ဖြစ်သော ကြေးအရေပြားသံမဏိအရိုးအမြုတေများ ဖြစ်ကြသည်။

ဤအမြုတေ နှစ်ခုဖြင့်ဆိုလျှင် ဝမ်ထောင်သည် နောက်ထပ် မော်ကွန်းဝင်အဆင့်အမြုတေတစ်ခုကို ပေါင်းစပ်နိုင်ပေတော့မည် ။

ဝမ်ထောင်သည် မည်သူမျှ မလိုချင်သော အမြုတေအနည်းငယ်ကို သိမ်းဆည်းလိုက်ပြီးနောက် ရှောက်ယုံ၏ စခန်းကိစ္စကို လူတိုင်းနှင့် ဆွေးနွေးလိုက်သည်။

ထိုမြေအောက်ဈေးဝယ်စင်တာမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သော်လည်း ရှောက်ယုံသည် သေဆုံးချင်မှ သေဆုံးဦးမည် ဖြစ်၏။ အမဲလိုက်သမားများ အပြင်ထွက်သည့်အခါ သေချာစွာ စောင့်ကြည့်ရန်နှင့် ရှောက်ယုံ၏ အစအနကို တွေ့ရှိပါက ချက်ချင်း သတင်းပို့ရန် သူတို့ ညွှန်ကြားရမည် ဖြစ်သည်။

ဝေကျန့်ကော်သည် စုံစမ်းရန် ဆေးရုံသို့ လူစေလွှတ်သင့်မသင့် အနည်းငယ် တွန့်ဆုတ်နေမိသည်။ သို့သော် ဆေးရုံသည် အလွန်အန္တရာယ်များလှ၏၊ ရှောက်ယုံကို စစ်ဆေးရန်အတွက်နှင့် လူအင်အား ဆုံးရှုံးရမည်ဆိုပါက တန်လိမ့်မည် မဟုတ်ချေ။

ထိုစကားကို ကြားသောအခါ ဝမ်ထောင်က တိုက်ရိုက်ပင် ပြောလိုက်၏။

"ငါ သွားမယ်။ ငါကိုယ်တိုင်လည်း ဆေးရုံကို သွားပြီး စစ်ဆေးချင်နေတာနဲ့ အတော်ပဲ"

"ဟေ.. မင်း သွားမလို့လား..."

လူတိုင်းက မျက်မှောင်ကြုတ်လိုက်ကြသည်။ ဝမ်ထောင်ကို မသွားစေချင်၍ မဟုတ်ဘဲ ထိုနေရာသည် အလွန် အန္တရာယ်များလွန်းသောကြောင့် ဖြစ်၏။ ဝမ်ထောင် တစ်စုံတစ်ရာ ဖြစ်ပွားပါက စခန်း၏ ဆုံးရှုံးမှုမှာ အလွန်ကြီးမားလွန်းလိမ့်မည် ဖြစ်သည်။

"အားလုံး စိတ်ပူမနေပါနဲ့။ ငါ အထဲကို အနက်ကြီး ဝင်မှာမဟုတ်ပါဘူး။ အပြင်ဘက်ကနေပဲ အကဲခတ်မှာပါ"

ဝမ်ထောင်က ပြုံးလျက် ပြောလိုက်သည်။ သူသည် ဆေးရုံသို့ သေချာပေါက် သွားရောက်မည် ဖြစ်သော်လည်း သူ၏ သွေးပမာဏ သုံးထောင်သို့ ရောက်ရှိသည်အထိ စောင့်ဆိုင်းရမည် ဖြစ်၏။

"ကောင်းပြီလေ ဒါဆိုရင်တော့ သေချာပေါက် သတိထားပါ"

"အင်း"

သူတို့အုပ်စုသည် စခန်းတိုးတက်ရေးဆိုင်ရာ အချို့ကိစ္စရပ်များကို ဆွေးနွေးပြီးနောက် ဝမ်ထောင်သည် အရင်ဆုံး ထွက်ခွာခဲ့တော့သည်။ သူသည် ဤကဲ့သို့သော အရာများတွင် ကျွမ်းကျင်မှုမရှိသဖြင့် အများကြီး စိတ်မပူချင်ချေ။

ဝမ်ထောင်သည် လောလောဆယ်တွင် သွေးပမာဏ ၃၀၀၀ ရောက်ရှိရန် ၂၀ သာ လိုတော့သဖြင့် ယနေ့တွင် သူ၏ သွေးပမာဏကို တိုးမြှင့်ရန် စီစဉ်လိုက်၏။

အောက်ထပ်သို့ ဆင်းလာသောအခါ ဟန်ရွှေသည် သူ့ကို စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်သည်။

"သွားကြစို့"

ဝမ်ထောင်သည် ဟန်ရွှေကို ခေါ်ဆောင်ကာ ကားပေါ်တက်၍ စခန်းမှ ထွက်ခွာခဲ့၏။

သူသည် မူလက တစ်ရက်ခန့် အချိန်ဖြုန်းရမည်ဟု ပြင်ဆင်ထားခဲ့သည်၊သူ၏ ယခင် အတွေ့အကြုံများအရ တစ်စုံတစ်ခုကို လိုအပ်လေလေ၊ ထိုအရာကို ရရှိရန် ပို၍ ခက်ခဲလေလေ ဖြစ်တတ်သည်။

သို့သော်လည်း ယနေ့တွင် သူ၏ ကံတရားမှာ ကောင်းမွန်ခဲ့၏။ တစ်နာရီမျှအကြာတွင် ဝမ်ထောင်သည် တစ်ကောင်တည်းရှိနေသော ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဇွန်ဘီတစ်ကောင်ကို တွေ့ရှိလိုက်ရသည်။

အကျိအချွဲဗုံးကို အသုံးပြု၍ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဇွန်ဘီကို လွယ်ကူစွာ သတ်ဖြတ်လိုက်ပြီးနောက် ဝမ်ထောင်သည် အိပ်ငိုက်ခြင်းလှိုင်းတစ်ခု သူ့ထံသို့ ရိုက်ခတ်လာသည်ကို ခံစားလိုက်ရ၏။

ဝမ်ထောင်သည် သူ၏ သွေးဘားတန်းကို တစ်ချက် ကြည့်လိုက်သည်။

[၃၀၂၀/၃၀၂၀]

"သွားစို့၊ ပြန်ကြရအောင်"

ဝမ်ထောင်သည် ကားထဲသို့ အပြေးအလွှား ဝင်လိုက်ပြီး ဟန်ရွှေက စခန်းဆီသို့ ချက်ချင်းပင် မောင်းနှင်သွားတော့၏။

စခန်းသို့ ပြန်လည်ရောက်ရှိချိန်တွင် ဝမ်ထောင်သည် အိပ်ပျော်သွားခဲ့ပြီ ဖြစ်သည်။ ဟန်ရွှေသည် မူလက ဝမ်ထောင်ကို သူ၏ဗီလာသို့ ပြန်ပို့ရန် စီစဉ်ခဲ့သော်လည်း စဉ်းစားပြီးနောက် သူမ၏ ကိုယ်ပိုင်အိမ်သို့သာ ခေါ်ဆောင်လာခဲ့၏။

နှစ်နာရီကျော်အကြာတွင် ဝမ်ထောင် နိုးလာခဲ့သည်။

သူ၏ ခန္ဓာကိုယ်အတွင်း၌ တိုးပွားလာသော စွမ်းအားများကို ခံစားရသဖြင့် သူ ကျေနပ်စွာ ပြုံးမိ၏။ ဤကဲ့သို့သော စွမ်းအားတိုးမြင့်မှုမျိုးမှာ အတော်ပင် စွဲလမ်းစရာကောင်းလှသည်။

"ဂုဏ်ယူပါတယ်"

ကုတင်ဘေးရှိ ဟန်ရွှေက သူမ၏ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုစကားကို ပြောကြားလိုက်၏။

"မင်းလည်း အဆင့်တက်ဖို့ လိုနေပြီ။ မနက်ဖြန် မင်းကို ဇွန်ဘီတွေ သတ်ဖို့ ခေါ်သွားမယ်"

ဝမ်ထောင်သည် မနက်ဖြန်တွင် ဆေးရုံသို့ သွားရန် စီစဉ်လိုက်သည်။

"ဟုတ်ကဲ့"

ဟန်ရွှေသည် ဝမ်းမြောက်ဝမ်းသာဖြင့် ခေါင်းငြိမ့်ပြ၏။ သူမသည် ဝမ်ထောင်နှင့်အတူ ဇွန်ဘီများကို အမဲလိုက်ရသည်ကို သဘောကျသည်၊ ၎င်းသည် သူမအား ကြီးမားသော လုံခြုံမှုကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်၏။

"ဒီနေ့တော့ ကောင်းကောင်းအနားယူပြီး ခွန်အားမွေးထားလိုက်ဦး"

"အင်း"

ဝမ်ထောင်သည် သူ၏ကိုယ်ပိုင်အိမ်သို့ ပြန်လာခဲ့သည်။ ညလုံးပေါက် အပြင်ထွက်နေခဲ့သော ဝမ်ထောင်က နောက်ဆုံးတွင် ပြန်ရောက်လာသည်ကို မြင်တွေ့ရသော တင်ယွီချင်သည် သူ့ကို မကျေမနပ်ဖြစ်သော အကြည့်တစ်ချက်သာ ပေးလိုက်ပြီး အများကြီးမပြောရဲဘဲ မနက်စာကိုသာ နာခံစွာ ပြင်ဆင်ပေးရှာ၏။

စားသောက်နေစဉ်အတွင်း ဝမ်ထောင်က မနက်ဖြန်တွင် ဇွန်ဘီများကို အမဲလိုက်ရန် အပြင်ထွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တင်ယွီချင်က ရုတ်တရက် လှမ်း၍ ပြောလိုက်၏။

"ဝမ်ထောင်... မနက်ဖြန်... ငါ့ကိုပါ တစ်ခါတည်း ခေါ်သွားလို့ ရမလား..."

"မရီးက ငါနဲ့အတူ ဇွန်ဘီတွေကို အမဲလိုက်ချင်လို့လား"

ဝမ်ထောင်သည် အနည်းငယ် အံ့အားသင့်သွားရသည်။

"ဟုတ်တယ်"

တင်ယွီချင်က ခေါင်းငြိမ့်ပြပြီးနောက် မရေမရာဖြင့် ပြောလိုက်သည်၊

"ကါ အခုဆိုရင်... နင့်ကို ကူညီပေးနိုင်လောက်ပြီ မဟုတ်လား..."

သူမတွင် ယခုအခါ သွေးပမာဏ တစ်ထောင် ရှိနေပြီ ဖြစ်၏။ တိုက်ခိုက်ရေးစွမ်းရည် အများကြီး မရှိသေးသော်လည်း သူမ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ များစွာ သန်မာလာခဲ့ပြီဖြစ်သဖြင့် ဝမ်ထောင်၏ ကျောပိုးအိတ်ကို ကူညီသယ်ပိုးပေးခြင်း စသည်တို့ကို ပြုလုပ်ပေးနိုင်ချေရှိသည်။ အကျပ်အတည်းတစ်ခုတွင်လည်း သူမ၌ ကိုယ်တိုင်လွတ်မြောက်နိုင်စွမ်း ရှိနေပြီ ဖြစ်၏။

တင်ယွီချင်၏ မျက်ဝန်းထဲမှ ပြတ်သားသော အမူအရာကို မြင်သောအခါ ဝမ်ထောင်က ပြုံးလျက် ပြောလိုက်သည်။

"မရီးမှာ ဒီလို ရည်ရွယ်ချက် ရှိတာ ကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်တော်က အရမ်းအန္တရာယ်များတဲ့ ဇွန်ဘီတချို့ကို အမဲလိုက်ရမှာ ။ မရီး ငါ့နောက်ကို လိုက်လာရင် အများကြီး အသုံးဝင်မှာ မဟုတ်ပါဘူး"

ဝမ်ထောင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။

"..."

တင်ယွီချင်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားခဲ့သည်။ ဝမ်ထောင်၏ နောက်သို့ လိုက်ပါရန် စိတ်ပိုင်းဖြတ်ရန်အတွက် သူမတွင် ကြီးမားသော သတ္တိကို မွေးမြူခဲ့ရခြင်း ဖြစ်သည်။ အဆုံးသတ်တွင်မူ ဝမ်ထောင်သည် သူမကို ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ်သာ သဘောထားနေဆဲ ဖြစ်၏။

သူမသည် ဝမ်ထောင်ကို အပြစ်မတင်ချေ၊ မိမိကိုယ်မိမိ အသုံးမကျခြင်းကိုသာ အပြစ်တင်မိတော့သည်။

တင်ယွီချင်၏ မျက်နှာအမူအရာကို မြင်သောအခါ ဝမ်ထောင်က လက်လှမ်း၍ သူမ၏ မျက်နှာကို သပ်ပေးလိုက်၏။ တင်ယွီချင်သည် ခေါင်းကို စောင်းကာ သူမ၏ ပါးပြင်ကို သူ၏ လက်နှင့် ပွတ်သပ်လိုက်သည်။

"ဒီလိုလုပ်ရအောင်၊ နောက်မှ မရီးနဲ့အတူ အပြင်ထွက်ဖို့ လူတစ်ယောက် စီစဉ်ပေးမယ်။ မရီးအနေနဲ့ သာမန်ဇွန်ဘီတွေကို အမဲလိုက်တာကနေ အရင်စနိုင်တယ်လေ။ မရီးရဲ့ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ဆိုရင် သာမန်ဇွန်ဘီတွေကို အမဲလိုက်တာက အလွန်လွယ်ကူပါတယ်၊ ဒါပေမဲ့ မရီးမှာ အတွေ့အကြုံ နည်းလွန်းနေသေးတာပါ။ အတွေ့အကြုံတွေ ပိုပြီး ရအောင် ယူဖို့ လိုအပ်နေတယ်..."

"ကောင်းပါပြီ"

ခေတ္တမျှ တွန့်ဆုတ်ပြီးနောက် တင်ယွီချင်သည် လေးလံစွာဖြင့် ခေါင်းငြိမ့်ပြလိုက်၏။

ဝမ်ထောင်ကိုယ်တိုင် သူမကို ခေါ်ဆောင်သွားမည် မဟုတ်သော်လည်း သူ စီစဉ်ပေးသော လူများသည် သေချာပေါက် ယုံကြည်စိတ်ချရသူများ ဖြစ်ကြပြီး သူမကို အန္တရာယ်ထဲသို့ ဆွဲခေါ်သွားမည် မဟုတ်ချေ။

တင်ယွီချင်သည် ယခုအခါ ပြင်းထန်သော အကျပ်အတည်းတစ်ခုကို ခံစားနေရသည်။ ဝမ်ထောင် သူမကို ချစ်သည် မချစ်သည်ကို မသိသော်လည်း သူမ၏ ခန္ဓာကိုယ်ကြောင့်သာ သူ ဆွဲဆောင်ခြင်း ခံရခြင်း ဖြစ်နိုင်သည်ကိုမူ သူမ သိ၏။

မည်မျှပင် ကောင်းမွန်သော အရာဖြစ်ပါစေ၊ အချိန်အကြာကြီး ကစားပြီးနောက်တွင် ငြီးငွေ့သွားတတ်သည်မှာ ဓမ္မတာ ဖြစ်သည်။ ထို့အပြင် သူမသည် ငယ်ရွယ်သော မိန်းကလေးတစ်ဦး မဟုတ်တော့ချေ၊ အသက်ကြီးလာသည်နှင့်အမျှ သူမ၏ ဆွဲဆောင်မှုမှာ ကျဆင်းလာရုံသာ ရှိတော့သည်။

နောင်တွင် ဝမ်ထောင် သူမကို မနှစ်သက်တော့ပါက သူမ မည်သို့ ပြုလုပ်ရမည်နည်း။

သူမသည် ဝမ်ထောင်ကို မဆုံးရှုံးချင်ချေ၊ သူ၏ ကာကွယ်မှုကို လိုချင်ရုံသာမက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ သူမ ယခုအခါ သူ့ကို မခွဲနိုင်တော့သောကြောင့် ဖြစ်၏။ သူမသည် လှပသော်လည်း ကမ္ဘာပေါ်တွင် လှပသော လူများစွာ ရှိကြသည်။ ဝမ်ထောင်သည် သူမ၏ ရုပ်ရည်ကြောင့်သာ နှစ်သက်ခြင်း ဖြစ်ပါက သူသည် အခြားသူများကိုလည်း ထိုနည်းတူပင် နှစ်သက်သွားနိုင်သည် မဟုတ်ပါလော။ ထို့ကြောင့် သူမသည် မိမိကိုယ်မိမိ အသုံးဝင်သော လူတစ်ဦးဖြစ်အောင် ပြုလုပ်ရမည်ဖြစ်ပြီး ဝမ်ထောင်၏ စွန့်ပစ်ခြင်းကို မခံရစေရန် ကြိုးစားရမည် ဖြစ်၏။

ဝမ်ထောင်သည် တင်ယွီချင်၏ အတွေးများကို မသိသော်လည်း သူမ၏ အမူအရာကို ကြည့်၍ အချို့ကို ခန့်မှန်းနိုင်ပါသည်။

စားသောက်ပြီးနောက် ဝမ်ထောင်က လက်ဟန်ပြလိုက်ရာ တင်ယွီချင်သည် ချက်ချင်းပင် သိတတ်စွာဖြင့် သူ၏ အနားသို့ လာကာ သူ၏ ပေါင်ပေါ်တွင် ထိုင်လိုက်၏။

ဝမ်ထောင်သည် တင်ယွီချင်၏ နာခံမှုနှင့် သိတတ်မှုကို အလွန် သဘောကျသည်။ တစ်ခါတစ်ရံတွင် အကြည့်တစ်ချက် သို့မဟုတ် လှုပ်ရှားမှုတစ်ခုတည်းဖြင့်ပင် တင်ယွီချင်သည် သူ ဘာလုပ်ချင်သည်ကို သိ၏။

အမှန်တော့ ဝမ်ထောင် အနှစ်သက်ဆုံးအရာမှာ တင်ယွီချင်၏ ကုသရေးစွမ်းရည် ဖြစ်သည်။ သူမတွင် ဤစွမ်းရည် ရှိနေသရွေ့ မည်သူမျှ သူမ၏နေရာကို အစားမထိုးနိုင်ပါ။

ဝမ်ထောင်သည် ဤကုသရေးစွမ်းရည်ကို မကြာခဏ အသုံးမပြုပါ။ သူသည် မိမိကိုယ်မိမိ သွေးပမာဏ နည်းပါးသွားမည့် အန္တရာယ်ရှိသော အခြေအနေမျိုးသို့ ယေဘုယျအားဖြင့် အဖြစ်မခံပါ။ ၊ သို့သော် အဆိုးဆုံးအတွက် ပြင်ဆင်ထားရမည် ဖြစ်၏။ သူ မလိုအပ်သည်ဖြစ်စေ၊ လိုအပ်သည်ဖြစ်စေ ဤစွမ်းရည်က မရှိ၍ မဖြစ်ချေ။

မွန်းလွဲပိုင်းတွင်။

ဝမ်ထောင်သည် ကောဟွာကို ရှာဖွေလိုက်၏။

"အစ်ကိုကြီး... ဘာများ အမိန့်ရှိပါသလဲ"

ကောဟွာသည် ယနေ့နံနက်တွင် ကော်မတီက အရင်းအမြစ်ဌာန အကြီးအကဲအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ဤအရာသည် အာဏာအစစ်အမှန်ရှိသော ရာထူးတစ်ခု ဖြစ်ပြီး ယခင်က အခြားကော်မတီဝင်များက ပူးတွဲတာဝန်ယူခဲ့ကြခြင်း ဖြစ်၏။

ကောဟွာသည် စန်းထ၍ စခန်း၏ အဓိက အလွှာထဲသို့ ရုတ်တရက် ရောက်ရှိသွားခဲ့သည်။

သို့သော် သူသည် မိမိ၏ အဆင့်အတန်း မည်သို့ပင်ဖြစ်စေ၊ ကော်မတီဝင်တစ်ဦး ဖြစ်လာလျှင်ပင် ဝမ်ထောင်အပေါ် အမြဲတမ်း ရိုသေလေးစားရမည်ဟု မိမိကိုယ်မိမိ သတိပေးခဲ့၏။

သူသည် လူကဲခတ်ရာတွင် အမြဲတမ်း တော်ခဲ့ပြီး ဝမ်ထောင်နှင့် တွေ့ဆုံကတည်းက ထိုလူအပေါ် သူ၏ ကဲခတ်မှုမှာ ဘယ်တော့မှ မမှားယွင်းခဲ့ချေ။

ထို့ကြောင့် သူသည် ဝမ်ထောင်၏ ပေါင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားရန် သူ၏ အစီအစဉ်ကို မပြောင်းလဲဘဲ ဆက်လက်ဆုပ်ကိုင်ထားမည် ဖြစ်၏။

"ငါနဲ့အတူ ခဏလောက် အပြင်ထွက်ခဲ့"

ဝမ်ထောင်က သပ်ရပ်သော်လည်း တက်ကြွနေသော ကောဟွာကို ကြည့်ပြီး ပြောလိုက်သည်။

"ဟုတ်ကဲ့"

ကောဟွာက ဘာမှမမေးဘဲ သူ၏ လက်ရှိအလုပ်များကို ချက်ချင်းပင် လွှဲပြောင်းပေးခဲ့ပြီး တစ်မိနစ်ပင်မပြည့်မီ ဝမ်ထောင်၏ ရှေ့တွင် ပြန်လည်ပေါ်လာခဲ့၏။

"အစ်ကိုကြီး... ကျွန်တော် အဆင်သင့်ဖြစ်ပါပြီ"

"အင်း... ကားပေါ်တက်"

ဝမ်ထောင်သည် ကောဟွာကို ခေါ်ဆောင်ကာ စခန်းမှ ထွက်ခွာခဲ့တော့၏။

ထို့နောက် သူသည် ဇွန်ဘီအုပ်တစ်ခုနှင့် မလှမ်းမကမ်းတွင် ကားကို ရပ်လိုက်သည်။

"အစ်ကိုကြီး... ကျွန်တော်တို့က..."

ကောဟွာသည် မမေးချင်သော်လည်း ဤမျှများပြားသော ဇွန်ဘီများကို မြင်ရသဖြင့် အနည်းငယ်တော့ ထိတ်လန့်မိ၏။

"မင်း ပိုပြီး သန်မာချင်သလား"

ဝမ်ထောင်က ရုတ်တရက် မေးလိုက်သည်။

"သန်မာချင်ပါတယ်"

ကောဟွာက တွန့်ဆုတ်မှုမရှိဘဲ ပြောလိုက်၏။

"ဒါမှ ငါ့လူ"

ဝမ်ထောင်က သူ့ထံသို့ သံပိုက်ချွန်တစ်ခု ကမ်းပေးလိုက်သည်။

"သွားပြီး ငါ့အတွက် ဇွန်ဘီတစ်ကောင်ကို သတ်ပြစမ်း"

"...ဟုတ်ကဲ့"

ကောဟွာ၏ နဖူးတွင် ချွေးစေးများ ပြန်လာခဲ့သည်။

သူ ဇွန်ဘီတစ်ကောင်ကို ကိုင်တွယ်နိုင်ခြင်း ရှိမရှိ မသိသေးသည့်အချက်ကို ထားလိုက်ပါတော့၊ ကိုင်တွယ်နိုင်လျှင်ပင် ဤနေရာ၌ ဆယ်ဂဏန်းကျော် ရှိနေသည်မဟုတ်ပါလော။ သူ မည်သို့ အနိုင်ရနိုင်ပါမည်နည်း။

သို့သော် ဤအရာသည် သူ၏ အစ်ကိုကြီး၏ အမိန့်ဖြစ်သဖြင့် သူ မလွန်ဆန်ရဲချေ။ ဝမ်ထောင်၏ ပေါင်ကို ဖက်ထားရန် စောစောကတည်းက ဆုံးဖြတ်ခဲ့ပြီးဖြစ်သဖြင့် သူသည် ဤလမ်းကို အဆုံးအထိ လျှောက်ရမည် ဖြစ်၏၊ လမ်းတစ်ဝက်တွင် လက်လျှော့ရန် ရွေးချယ်စရာ မရှိချေ။

ကောဟွာသည် သံပိုက်ကို ဆုပ်ကိုင်ကာ စိတ်ကို တင်းထားရင်း ဇွန်ဘီများဆီသို့ ဦးတည်လျှောက်လှမ်းသွားတော့သည်။

သူ၏ ပန်းတိုင်မှာ ခန္ဓာကိုယ် သေးငယ်သော အမျိုးသမီးဇွန်ဘီတစ်ကောင် ဖြစ်၏။ အမျိုးသမီးများ၏ စွမ်းအားမှာ သဘာဝကျစွာ ပို၍ အားနည်းသည်၊ ဇွန်ဘီအဖြစ် ပြောင်းလဲသွားပြီးနောက် ပို၍ သန်မာလာမည်ဖြစ်သော်လည်း အမျိုးသားဇွန်ဘီလောက် သန်မာလိမ့်မည် မဟုတ်ချေ။ ပို၍ သင့်တော်သဖြင့် သူ ဤတစ်ကောင်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ကောဟွာ အနီးသို့ မချဉ်းကပ်မီမှာပင် ဇွန်ဘီသည် သူ၏ အနံ့ကို ရရှိသွားပုံရပြီး ခေါင်းကို ဖြည်းညှင်းစွာ လှည့်လာခဲ့၏။ ကောဟွာကို မြင်သောအခါ ၎င်းသည် သူ့ထံသို့ ချက်ချင်း လျင်မြန်စွာ လျှောက်လာတော့သည်။

ဤဇွန်ဘီများသည် အက်ဆစ်မိုး ရွာသွန်းခြင်း ခံခဲ့ရသဖြင့် သူတို့၏ ခန္ဓာကိုယ်များမှာ ပို၍ တောင့်တင်းလာပြီး အရှိန်မှာ များစွာ နှေးကွေးသွားခဲ့သော်လည်း ၎င်းတို့သည် ပို၍ ရုပ်ဆိုးကာ ထိတ်လန့်စရာကောင်းလှ၏။

ရုပ်ဆိုးလှသော ဇွန်ဘီက တစ်လှမ်းချင်း ချဉ်းကပ်လာသည်ကို ကြည့်ရင်း ကောဟွာသည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ သံပိုက်ကို မြှောက်လိုက်သည်။

သူ စိတ်ပိုင်းဖြတ်လိုက်စဉ်မှာပင် အခြားဇွန်ဘီများကလည်း သူ့ကို စတင်သတိပြုမိလာကြသည်ကို မြင်တွေ့လိုက်ရ၏။

ထို့နောက်တွင်မူ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ် ဇွန်ဘီအုပ်ကြီးတစ်ခုလုံးသည် လက်မောင်းများကို ဆန့်တန်းကာ သူ့ထံသို့ လျှောက်လာကြတော့သည်။

"..."

ကောဟွာသည် သွားများကို တင်းတင်းကြပ်ကြပ် ကြိတ်လိုက်၏။

တောက်... လုပ်လိုက်စမ်း။

အခြားအရာများကို ဂရုမစိုက်တော့ဘဲ ကောဟွာသည် သံပိုက်ကို မြှောက်ကာ ထိုအမျိုးသမီးဇွန်ဘီထံသို့ တိုက်ရိုက်ပင် ပြေးဝင်သွားတော့သည်။

ဝမ်ထောင်သည် သူ့ကို အန္တရာယ်ပြုရန် အကြောင်းပြချက် မရှိသည်ကို သူ သိသည်၊ သူ့ကို ဤသို့ ပြုလုပ်ခိုင်းခြင်း၌ ရည်ရွယ်ချက် ရှိရမည် ဖြစ်သဖြင့် သူ နာခံရန်သာ ရှိ၏။

ဘုန်း။

ကောဟွာ၏ သံပိုက်သည် အမျိုးသမီးဇွန်ဘီ၏ ဦးခေါင်းခွံကို ထိုးမိသော်လည်း အထဲသို့ ဝင်မသွားခဲ့ချေ။ သူသည် မျက်တွင်းကို ထိုးရန် ရည်ရွယ်ခဲ့သော်လည်း သူ၏ ပစ်မှတ်မှာ လွဲချော်သွားခဲ့ပြီး ဇွန်ဘီ၏ ဦးခေါင်းခွံမှာ အလွန် မာကျောလွန်းလှသည်။

ထို့နောက် ဇွန်ဘီက လက်ဖြင့် ရိုက်လိုက်ရာ သူ၏ သံပိုက်ကို ထိမှန်သွားပြီး သူ၏ လက်ထဲမှ လွတ်ကျလုနီးပါး ဖြစ်သွားခဲ့၏။

သူ၏ လက်မောင်းမှာ ထုံကျဉ်သွားသည်ကို ခံစားရသဖြင့် ကောဟွာသည် ဇွန်ဘီကို ထပ်မံ၍ ထိုးနှက်လိုက်ပြန်သည်။

သို့သော် ထိုအချိန်တွင် အခြားဇွန်ဘီတစ်ကောင်က သူ့ထံသို့ ချဉ်းကပ်လာခဲ့ပြီ ဖြစ်၏။

သူ အခြားဇွန်ဘီ၏ လုံးထွေးခြင်းကို ခံရတော့မည့် ဆဲဆဲတွင် ရုတ်တရက် ဝူးခနဲ အသံနှင့်အတူ ထိုဇွန်ဘီသည် မြေပြင်ပေါ်သို့ တိုက်ရိုက်ပင် လဲကျသွားခဲ့သည်။

အခြားဇွန်ဘီတစ်ကောင် ထပ်မံ ရောက်ရှိလာသော်လည်း ၎င်းသည်လည်း မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြန်၏။

ကောဟွာတွင် အခြားအရာများကို ကြည့်ရန် အချိန်မရှိချေ၊ သူသည် ဤဇွန်ဘီတစ်ကောင်တည်းကိုသာ အာရုံစိုက်၍ ကိုင်တွယ်နိုင်တော့သည်။

အချိန် မည်မျှ ကုန်လွန်သွားသည်ကို သူ မသိချေ၊ သို့သော် သူသည် နောက်ဆုံးတွင် သံပိုက်ကို ဇွန်ဘီ၏ မျက်တွင်းထဲသို့ ထိုးသွင်းကာ ၎င်း၏ ဦးနှောက်ကို အောင်မြင်စွာ ဖျက်ဆီးပစ်လိုက်နိုင်သောအခါမှသာ သူ၏ ပတ်ပတ်လည်တွင် ဇွန်ဘီများ လဲလျောင်းနေသည်ကို သတိပြုမိတော့၏။

ကောဟွာသည် အနောက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်ရာ ဝမ်ထောင်သည် လက်ကိုင်ဒူးလေးကို ကိုင်ဆောင်ကာ သူ့ကို တည်ငြိမ်စွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ကောဟွာသည် အပြေးအလွှား သွားတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုကို တွေးမိပုံရပြီး လဲကျနေသော ဇွန်ဘီများထံသို့ အပြေးအလွှား သွားကာ ၎င်းတို့၏ ဦးခေါင်းများမှ ဒူးလေးမြှားများကို ဆွဲထုတ်လိုက်၏၊ မြှားများပေါ်မှ သွေးများကို ဇွန်ဘီများ၏ ခန္ဓာကိုယ်ဖြင့် သုတ်လိုက်ပြီးနောက် ဝမ်ထောင်၏ အနားသို့ ပြန်လာခဲ့သည်။ သူက မြှားများကို ဝမ်ထောင်ထံ ကမ်းပေးလိုက်ပြီး ကျေးဇူးတင်ရှိမှုအပြည့်ဖြင့် ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။ ကျွန်တော် အဲဒီဇွန်ဘီကို သတ်လိုက်ပါပြီ"

"အရမ်းကောင်းတယ်။ ကားပေါ်တက်"

ဝမ်ထောင်သည် ဒူးလေးမြှားများကို ယူလိုက်ပြီးနောက် ကောဟွာကို ဇွန်ဘီများရှိရာ အခြားနေရာတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ပြန်သည်။

ဤနေရာတွင် ဇွန်ဘီ အကောင်နှစ်ဆယ်နီးပါး ရှိသော်လည်း အတော်ပင် ပြန့်ကျဲနေကြ၏။

ဝမ်ထောင်သည် မီးသတ်ပုဆိန်ကို ကိုင်ကာ ကားပေါ်မှ ဆင်းလိုက်ပြီး ကောဟွာကလည်း အလျင်အမြန် လိုက်ပါလာခဲ့သည်။

သူတို့နှစ်ဦး ရောက်ရှိလာခြင်းသည် ချက်ချင်းပင် ဇွန်ဘီအမြောက်အမြား၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့၏။

ဇွန်ဘီများသည် ခန္ဓာကိုယ်များကို တွန့်လိမ်ကာ သူ့ထံသို့ လျှောက်လာကြသည်ကို ကြည့်ရင်း ကောဟွာသည် ယခုတစ်ကြိမ်တွင် မထိတ်လန့်တော့ချေ။ အစ်ကိုကြီးသည် သူ၏ ဘေးတွင် ရှိနေသည်မဟုတ်ပါလော။

ဝမ်ထောင်သည် ဇွန်ဘီများ သူတို့ အနီးသို့ ရောက်ရှိလာသည်အထိ စောင့်ဆိုင်းလိုက်ပြီးနောက် သူ၏ ပုဆိန်ကို လွှဲရိုက်လိုက်ရာ တုန်ခါမှုလှိုင်းတစ်ခုလည်း တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာခဲ့၏။

[-၉၈၁]

[-၉၉၂]

[...]

ချက်ချင်းပင် ဝမ်ထောင်၏ ရှေ့မှောက်ရှိ ဇွန်ဘီအားလုံးမှာ မြေပြင်ပေါ်သို့ လဲကျသွားကြတော့သည်။

ဝမ်ထောင်က ကောဟွာကို လှမ်းပြောလိုက်၏။

"ဒီဇွန်ဘီတွေက မသေသေးဘူး၊ သွားပြီး အဆုံးသတ်လိုက်"

"ဟုတ်ကဲ့"

ကောဟွာသည် စိတ်လှုပ်ရှားစွာဖြင့် သံပိုက်ကို ယူကာ လဲကျနေသော ဇွန်ဘီများကို တစ်ကောင်ပြီးတစ်ကောင် ထိုးသတ်ပစ်လိုက်သည်။

ထိုအချိန်တွင် သူ၏ စိတ်နှလုံးမှာ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့၏။

သေချာပေါက်ပင် ပေါင်ကို ဖက်ထားခြင်းက မှန်ကန်သော ရွေးချယ်မှု ဖြစ်သည်။ အကျိုးကျေးဇူးများ ရောက်ရှိလာခဲ့ပြီ မဟုတ်ပါလား။

ယခုခေတ်တွင် ဇွန်ဘီများကို သတ်ခြင်းက ပို၍ သန်မာလာစေနိုင်သည်ကို စခန်းရှိ လူတိုင်း သိကြသည်။ သို့သော် အပြင်ထွက်၍ ဇွန်ဘီများကို သတ်ရဲသူများမှာ လူနည်းစုသာ ရှိသေးသည်၊ အမှန်တော့ ဤအရာသည် အသက်အန္တရာယ် စွန့်စားရသောအလုပ် ဖြစ်သည်။

သို့သော် ယခုအခါ ဝမ်ထောင်က ဇွန်ဘီများကို မသေမရှင် ဖြစ်အောင် လုပ်ပေးထားပြီး သူက နောက်ဆုံးပိတ် အချက်ကိုသာ တိုက်ခိုက်ရသဖြင့် မည်သည့် အန္တရာယ်မျှ မရှိချေ။

စခန်းရှိ လူမည်မျှက ဤကဲ့သို့သော ဆက်ဆံမှုမျိုးကို ခံစားဖူးကြသနည်း။

သူ ခံစားဖူး၏။ ဤအရာသည် ကောင်းမွန်သော အစ်ကိုကြီးတစ်ဦးကို မှတ်မိခြင်း၏ ရလဒ်ပင် ဖြစ်သည်။

အတန်ကြာသောအခါ ကောဟွာသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ နွေးထောင်မှုကို ရုတ်တရက် ခံစားလိုက်ရပြီး သူ၏ မောပန်းနွမ်းနယ်မှုများမှာ လွင့်ပျောက်သွားခဲ့သည်။ သူ၏ မျက်နှာတွင် ချက်ချင်းပင် ဝမ်းမြောက်မှု အရိပ်အယောင်များ ထင်ဟပ်လာ၏။

သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ တိုးတက်လာခဲ့လေပြီ။

ကျန်သော ဇွန်ဘီအနည်းငယ်ကို သတ်ဖြတ်ပြီးနောက် သူသည် ဝမ်ထောင်၏ ရှေ့မှောက်၌ ချက်ချင်း ဒူးထောက်လိုက်မိ၏။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

"ထတော့၊ ရှေ့မှာ အများကြီး ကျန်သေးတယ်"

"ဟုတ်ကဲ့"

မွန်းလွဲပိုင်းတစ်ခုလုံးကို ကုန်ဆုံးစေခဲ့ပြီးနောက် ကောဟွာ၏ သွေးပမာဏမှာ ၁၀၀၀ သို့ ရောက်ရှိသွားခဲ့သည်။ သူ အိပ်ပျော်မသွားမီ ဝမ်ထောင်က လှမ်း၍ ပြောလိုက်၏။

"မင်းရဲ့ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ဆိုရင် သာမန်ဇွန်ဘီတစ်ကောင်ကို တစ်ယောက်ချင်း ရင်ဆိုင်ရတာ ပြဿနာမရှိတော့ဘူး၊ အကောင်အနည်းငယ်ကိုတောင် မင်းကိုယ်တိုင် ကိုင်တွယ်နိုင်တယ်။ ဒါပေမဲ့ မင်းမှာ နည်းစနစ် အားနည်းနေသေးတယ်၊ ဒါကြောင့် မနက်ဖြန်ကစပြီး နေ့တိုင်း အချိန်အနည်းငယ်ပေးပြီး အပြင်မှာ ဇွန်ဘီတွေကို သတ်တဲ့ နည်းစနစ်ကို လေ့ကျင့်ပါ"

"ဟုတ်ကဲ့"

ဝမ်ထောင်သည် ကောဟွာကို ပျိုးထောင်ရန် ထိုက်တန်သည်ဟု ခံစားရသော်လည်း သူ၏ စွမ်းအားမှာ အားနည်းလွန်းနေသေးသည်။ ကမ္ဘာပျက်ကပ်တွင် စွမ်းအားသည် အရေးအကြီးဆုံးအရာ ဖြစ်၏။

သို့ဖြစ်ရာ ဝမ်ထောင်သည် သူ၏ သွေးပမာဏကို တိုးမြှင့်ရန် သူ့ကို အပြင်သို့ ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထို့နောက်မှ သူ့ကို ဦးစားပေးအဖြစ် ပျိုးထောင်နိုင်မည် ဖြစ်သည်။

မနက်ဖြန်တွင် သူသည် တင်ယွီချင်ကို ဇွန်ဘီများသတ်ရန် အပြင်သို့ ခေါ်ဆောင်သွားဖို့ လူတစ်ဦးကို စီစဉ်ပေးမည်ဖြစ်ပြီး ကောဟွာကိုလည်း တစ်ခါတည်း လိုက်ပါစေမည် ဖြစ်၏။ သူသည် သူတို့ကို ဇွန်ဘီတိုက်ခိုက်ရေး နည်းစနစ်များတွင် ကျွမ်းကျင်လာစေရန်နှင့် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို အသုံးချနိုင်စေရန် လိုလားသည်။ ထို့နောက်မှ ထိုနှစ်ဦးအတွက် မည်သည့် စွမ်းရည်မျိုးက သင့်တော်မည်ကို သူ စဉ်းစားမည် ဖြစ်၏။

စခန်းသို့ ပြန်ရောက်သောအခါ ဝမ်ထောင်သည် ကောဟွာကို အိမ်သို့ ပြန်ပို့ရန် လူတစ်ဦးကို စေလွှတ်လိုက်သည်။

သူကမူ အပြင်ဘက်တွင် စမ်းသပ်ရန် အခွင့်အရေး မရရှိခဲ့သဖြင့် အရှိန်ပြင်းဒူးခေါင်းကာ၏ အာနိသင်ကို စမ်းသပ်ရန် သွားရောက်ခဲ့၏။

သစ်သားတိုင်များသည် တိုက်ခိုက်မှုဒဏ်ကို မခံနိုင်သဖြင့် သူသည် ခြံဝင်းအတွင်း၌ သံတိုင်တစ်ခုကို စိုက်ထူလိုက်သည်။

ထို့နောက် သူသည် ဒူးဖြင့် တိုက်ခိုက်ခြင်းကို စမ်းသပ်လိုက်၏။ သူ ထင်မှတ်ထားသည့်အတိုင်းပင် ဖြစ်သည်၊ သူ ဒူးဖြင့် တိုက်ခိုက်သောအခါ အရှိန်ရော စွမ်းအားပါ အတိုင်းအတာတစ်ခုအထိ တိုးပွားလာခဲ့သည်။

ပြီးတော့ ဒူးခေါင်းကာများမှာ အလွန် မာကျောသဖြင့် တိုက်ခိုက်သည့်အခါ သူ၏ ခြေထောက်တွင် မည်သည့် နာကျင်မှုကိုမျှ မခံစားရချေ။ ဤအရာကို အားကောင်းသော လှုပ်ရှားမှုတစ်ခုအဖြစ် အသုံးပြုနိုင်ချေရှိသည်။

သို့သော်လည်း ဤကဲ့သို့သော တိုက်ခိုက်ရေးနည်းစနစ်မှာ ဇွန်ဘီများနှင့် တိုက်ခိုက်ရာတွင် အသုံးမဝင်လှချေ၊ သူတို့နှင့် တိုက်ခိုက်ရာတွင် ပုဆိန်ကို အသုံးပြုခြင်းကသာ ပို၍ သင့်တော်ဆဲ ဖြစ်၏။ ဤနည်းစနစ်မှာ အခြားစွမ်းရည်ရှင်များနှင့် ကိုင်တွယ်ရန်အတွက် ဖြစ်သည်။

နောက်တစ်နေ့ နံနက်တွင်။

ဝမ်ထောင်နှင့် တင်ယွီချင်တို့သည် တစ်ဦးကိုတစ်ဦး ကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်ပေးခဲ့ကြ၏။

"ငါ သေချာပေါက် ဇွန်ဘီတစ်ကောင်ကို ကိုယ်တိုင် သတ်ပြပါ့မယ်"

လက်နက်အပြည့်အစုံ တပ်ဆင်ထားသော တင်ယွီချင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပြောလိုက်သည်။

"ကြိုးစားပါ မရီး"

ဝမ်ထောင်က သူမ၏ ခေါင်းကို ပုတ်ပေးလိုက်ပြီးနောက် ဘက်စုံသုံးအဆောက်အအုံ၏ အဝင်ဝသို့ ကားမောင်းသွားခဲ့၏။

ထိုနေရာတွင် လူအုပ်ကြီးက စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်သည်။

ဝမ်ထောင်သည် ဇွန်ဘီများကို သတ်ရန် အမဲလိုက်သမားအဖွဲ့တစ်ဖွဲ့ကို စီစဉ်ပေးခဲ့ပြီး တင်ယွီချင်နှင့် ကောဟွာတို့သည် သူတို့၏ ဇွန်ဘီသတ်ဖြတ်ရေး စွမ်းရည်များကို လေ့ကျင့်ရန် ၎င်းတို့နောက်သို့ လိုက်ပါသွားကြ၏။

သူတို့သည် စခန်း၏ ပတ်ပတ်လည်တွင်သာ လှုပ်ရှားကြမည်ဖြစ်သဖြင့် မည်သည့် အထူးဇွန်ဘီနှင့်မျှ ကြုံတွေ့ရလိမ့်မည် မဟုတ်ချေ။ အန္တရာယ်ရှိလျှင်ပင် အချိန်မီ ပြန်ပြေးလာနိုင်သဖြင့် အတော်ပင် ဘေးကင်းလှသည်။

ဝမ်ထောင်က အများကြီး ထပ်မပြောတော့ချေ၊ တင်ယွီချင်နှင့် ကောဟွာကို ခေါင်းငြိမ့်ပြလိုက်ပြီး သူတို့ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ဟန်ရွှေကို လှမ်းပြောလိုက်၏။

"ငါတို့လည်း သွားကြစို့"

"အင်း"

ဟန်ရွှေသည် အနည်းငယ်တော့ ထိတ်လန့်မိ၏။

သူတို့၏ ယနေ့ ပန်းတိုင်မှာ ပထမဆေးရုံ ဖြစ်သောကြောင့်ပင်။

-------

All Chapters