အခန်း ၁၁၈
Vol. 11 Ch. 118
အခန်း ၁၁၈ - ပထမဆေးရုံ
ရွှေကျဲခရိုင် ပထမဆေးရုံသည် ရွှေကျဲခရိုင်တွင် အကြီးမားဆုံး ဆေးရုံဖြစ်ပြီး နှစ်ပေါင်း ကိုးဆယ်ကျော် သမိုင်းကြောင်း ရှိခဲ့၏။ ဤဆေးရုံသည် ဧက သုံးရာကျော် ကျယ်ဝန်းပြီး ဝန်ထမ်းအင်အား နှစ်ထောင်ကျော် ရှိသည်။
အကယ်၍ ဆေးရုံအတွင်းရှိ လူနာများနှင့် ၎င်းတို့၏ မိသားစုဝင်များကိုပါ ထည့်တွက်မည်ဆိုပါက စုစုပေါင်း လူဦးရေ မည်မျှရှိမည်ကို အတိအကျ ခန့်မှန်းရန် ခက်ခဲလှပေလိမ့်မည်။
ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားပြီးနောက် လူအမြောက်အမြား ရှိနေသော ဆေးရုံတစ်ခု၏ အခြေအနေကိုမူ မှန်းဆကြည့်ရုံဖြင့် သိနိုင်၏။
ဝေကျန့်ကော်သည် ဆေးဝါးအချို့ ရှာဖွေရန်အတွက် ယခင်က ဤနေရာသို့ လူစေလွှတ်ခဲ့ဖူးသည်။ သို့သော် သူ မျှော်လင့်မထားသည်မှာ စေလွှတ်လိုက်သော စစ်ကြောင်းတစ်ခုလုံး ဆေးရုံအတွင်း၌ပင် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်၏။ ထိုစစ်ကြောင်းအဖွဲ့ဝင်များ နောက်ဆုံး ပေးပို့ခဲ့သော သတင်းစကားမှာ 'အန္တရာယ်များတယ်၊ မလာကြနဲ့' ဟူ၍ ဖြစ်သည်။
ထိုအချိန်တွင် ရူးသွပ်ဇွန်ဘီများ ပေါ်မလာသေးဘဲ စစ်ကြောင်းအဖွဲ့ဝင်များသည် လက်နက်အပြည့်အစုံနှင့် ပစ်ခတ်မှုအား ကောင်းကောင်းဖြင့် သွားခဲ့ကြခြင်းဖြစ်သည်။
သို့တိုင်အောင် ၎င်းတို့သည် လုံးဝ ချေမှုန်းခံခဲ့ရ၏။ ထို့ကြောင့် ဆေးရုံ၏ အန္တရာယ်ကြီးမားပုံကို အလွယ်တကူ မှန်းဆကြည့်နိုင်သည်။
သို့သော်လည်း စွန့်စားရမှု မြင့်မားလေလေ ရရှိမည့် အကျိုးအမြတ်ကလည်း ကြီးမားလေလေ ဖြစ်သည်။
ဆေးရုံသည် အန္တရာယ်များသော်လည်း အထူးဇွန်ဘီ အမြောက်အမြား ရှိနေ၏။ ဤနေရာတွင် ပိုမိုမြင့်မားသော သွေးပမာဏ ကန့်သတ်ချက်နှင့် ဇွန်ဘီအမြုတေများကို ပိုမိုရရှိနိုင်သည်။
ထို့ကြောင့် ရဲရင့်သော အသက်ရှင်ကျန်ရစ်သူအချို့သည် ဆေးရုံကို ပစ်မှတ်ထားလာကြရာ ရှောက်ယုံနှင့် ဝမ်ထောင်တို့လည်း အပါအဝင် ဖြစ်သည်။
လျှပ်စစ် တောင်တက်ကားအတွင်း၌ ဝမ်ထောင်က မေးလိုက်၏။
"ရောက်ဖို့ ဘယ်လောက် လိုသေးလဲ"
ဟန်ရွှေသည် မြေပုံကို ကြည့်ရင်း စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်လိုက်သည်။
"အခု သွားနေတဲ့ အရှိန်နဲ့ဆိုရင်... နောက်ထပ် တစ်နာရီလောက်တော့ ကြာဦးမယ် ထင်တယ်"
"နောက်ဆုံးတော့ ရောက်တော့မှာပဲ... ခဏလောက် နားရအောင်"
ဝမ်ထောင်သည် ကားကို အဆောက်အအုံအသေးလေးတစ်ခု၏ နောက်တွင် ရပ်လိုက်ပြီးနောက် အာဟာရရည် အနည်းငယ် ထုတ်ယူကာ ဟန်ရွှေထံသို့ နှစ်ပုလင်း ကမ်းပေးလိုက်၏။
၎င်းတို့သည် မနက် ၇ နာရီတွင် စတင်ထွက်ခွာလာခဲ့ကြရာ ယခုအခါ မနက် ၁၁ နာရီ ရှိနေပြီဖြစ်သော်လည်း ပထမဆေးရုံသို့ မရောက်ရှိသေးပေ။
အကွာအဝေး ဝေးလံလွန်း၍မဟုတ်ဘဲ လမ်းခရီးက သွားလာရ အလွန်ခက်ခဲလွန်းသောကြောင့် ဖြစ်သည်။
ဆေးရုံနှင့် နီးကပ်လာလေလေ လမ်းများက ပို၍ ပိတ်ဆို့လာလေလေ ဖြစ်၏။ လမ်းမပေါ်တွင် စွန့်ပစ်ထားသော ယာဥ်အမျိုးမျိုးကို မရေမတွက်နိုင်အောင် တွေ့ရသည့်အပြင် ဇွန်ဘီများလည်း ပိုမိုများပြားလာသည်။
ဝမ်ထောင်သည် သာမန်ဇွန်ဘီများကို သတ်ဖြတ်ခြင်းဖြင့် အချိန်မဖြုန်းလိုသဖြင့် တတ်နိုင်သမျှ ပတ်လမ်းများမှ ကွေ့ပတ်မောင်းနှင်ခဲ့၏။
ထို့အပြင် လမ်းခရီးတွင် အထူးဇွန်ဘီအချို့နှင့်လည်း ကြုံတွေ့ခဲ့ရသဖြင့် ဝမ်ထောင်သည်အမြုတေအချို့ကို ရယူရန် အခွင့်အရေး ယူခဲ့ရာ အချိန်ပိုမို ကုန်ဆုံးသွားခဲ့သည်။ ထို့ကြောင့်သာ ယခုအချိန်အထိ နှောင့်နှေးနေရခြင်း ဖြစ်၏။
သို့သော် ကံကောင်းထောက်မစွာဖြင့် နောက်ထပ် တစ်နာရီအတွင်း ပန်းတိုင်သို့ရောက်ရှိတော့မည် ဖြစ်သည်။
ဟန်ရွှေသည် မိမိလက်ထဲရှိ အာဟာရရည်ကို ကြည့်ရင်း အလွန်သိချင်စိတ် ဖြစ်ပေါ်နေကာ ပတ်ဝန်းကျင်ကိုလည်း သတိကြီးစွာဖြင့် စောင့်ကြည့်နေ၏။
ဝမ်ထောင်သည် ဤအရာများကို မည်သည့်နေရာမှ ရရှိခဲ့သည်ကို သူမ မသိရှိပေ။ သယ်ဆောင်ရ လွယ်ကူရုံသာမက အရသာလည်း ရှိလှသည်။ သူမသည် စခန်းတစ်ခုလုံးတွင် လိုက်လံရှာဖွေခဲ့သော်လည်း ယခုကဲ့သို့ အရာမျိုးကို မတွေ့ရှိခဲ့ရပါ။
ဝမ်ထောင်ကလည်း ဖွင့်မပြောသဖြင့် သူမအနေဖြင့်လည်း အားနာ၍ မမေးမြန်းတော့ပေ။
အာဟာရရည်ပုလင်းများကို သောက်သုံးပြီးနောက် ၎င်းတို့နှစ်ဦးသည် ခရီးကို ဆက်ခဲ့ကြ၏။
ဟန်ရွှေ ခန့်မှန်းခဲ့သည့်အတိုင်းပင် တစ်နာရီအကြာတွင် သူတို့နှစ်ဦးသည် ပထမဆေးရုံ အဆောက်အအုံ၏ အောက်ခြေသို့ ရောက်ရှိလာခဲ့ကြသည်။
သို့သော်လည်း သူတို့သည် ခြေကျင် လျှောက်လှမ်းလာခဲ့ကြခြင်း ဖြစ်ပြီး လျှပ်စစ် တောင်တက်ကားကိုမူ ဝေးလံသော နေရာတစ်ခုတွင် ရပ်တန့်ထားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် စွန့်ပစ်ထားသော ယာဥ်များ အလွန်များပြားလှသဖြင့် ကားမောင်း၍ ဝင်ရောက်ရန် လုံးဝ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။
"ကျွန်မတို့ တကယ်ပဲ အထဲအထိ ဝင်ကြမှာလား..."
ပျက်စီးယိုယွင်းပြီး လူသူကင်းမဲ့နေသော ပထမဆေးရုံကြီးကို ကြည့်ရင်း ဟန်ရွှေသည် စိတ်မသက်မသာဖြင့် တံတွေးကို မျိုချလိုက်မိ၏။
သူမ၏ စိတ်အာရုံကြောင့်လားတော့ မသိရသော်လည်း ဤဆေးရုံအနီးသို့ ရောက်ရှိလာပြီးနောက်ပိုင်း သူမ အလွန် နေရခက်လာခဲ့သည်။ အထူးသဖြင့် ဆေးရုံကို လှမ်းကြည့်လိုက်သည့်အခါ နေ့ခင်းကြောင်တောင် အချိန်ဖြစ်သော်လည်း တစ်မျိုးကြီး ခြောက်ခြားဖွယ်ကောင်းသည်ဟု ခံစားနေရ၏။
"အထဲကို မဝင်သေးဘူး။ အပြင်ဘက်ကို အရင် စစ်ဆေးကြည့်ရအောင်"
ဆေးရုံသို့ လာရာလမ်းတွင် ဇွန်ဘီအမြောက်အမြားနှင့် တွေ့ဆုံခဲ့သော်လည်း ဆေးရုံအနီးသို့ ရောက်ရှိလာသည့်အခါတွင်မူ ဤနေရာ၌ ဇွန်ဘီတစ်ကောင်မျှ မရှိချေ။
ဤဇွန်ဘီများအားလုံး ဆေးရုံအတွင်းသို့ ဝင်ရောက်သွားကြပြီ ဖြစ်လိမ့်မည်ဟု ဝမ်ထောင်က ပြင်းပြင်းထန်ထန် သံသယဝင်မိ၏။
"ဟင်... ဟိုဘက်က ကားက ကြည့်ရတာ နည်းနည်း ထူးခြားနေသလိုပဲ"
ဟန်ရွှေသည် မျက်စိလျင်သူဖြစ်သဖြင့် နေရာတစ်ခုသို့ ချက်ချင်း လက်ညှိုးထိုးပြကာ တိုးတိုးလေး ပြောလိုက်သည်။
ဝမ်ထောင်သည် သူမ ညွှန်ပြရာ အရပ်သို့ လှမ်းကြည့်လိုက်ရာ သူ၏ မျက်မှောင်များ ချက်ချင်း တွန့်ကွေးသွား၏။
ဆေးရုံပတ်ပတ်လည်ရှိ ကားများသည် အက်ဆစ်မိုး အပြင်းအထန် ရွာသွန်းမှုကို ကာလရှည်ကြာ ခံခဲ့ရသဖြင့် အခြေခံအားဖြင့် အားလုံး ပျက်စီးနေပြီ ဖြစ်သည်။
သို့သော် လှမ်းမြင်နေရသော အကွာအဝေးတွင် ကားတစ်စီး ရှိနေပြီး ၎င်းသည် အနည်းငယ် သံချေးတက်နေသော်လည်း အဓိက အစိတ်အပိုင်းများမှာ လုံးဝ မပျက်စီးဘဲ ကောင်းမွန်နေဆဲ ဖြစ်၏။
ဤကားသည် နောက်ပိုင်းမှသာ ဤနေရာသို့ ရောက်ရှိလာပြီး ရပ်တန့်ထားခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။
"သွားကြည့်ရအောင်"
ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် ကားအနီးသို့ အတူတူ ချဉ်းကပ်သွားကြ၏။ ဟန်ရွှေသည် မိမိ၏ စွမ်းရည်ကို အသုံးပြု၍ စစ်ဆေးလိုက်ပြီး ကားအတွင်း လူမရှိကြောင်း သေချာပြီးနောက် ၎င်းတို့နှစ်ဦး ရှေ့သို့ တိုးသွားခဲ့ကြသည်။
၎င်းမှာ သံမဏိပြားများနှင့် သံဇကာများဖြင့် အားဖြည့် မွမ်းမံထားသော ပစ်ကပ်ကားတစ်စီး ဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် အသက်ရှင်ကျန်ရစ်သူတစ်ဦး၏ လက်ရာဖြစ်ကြောင်း ထင်ရှား၏။
ကားမှာ သော့ခတ်ထားခြင်းမရှိဘဲ သော့မှာလည်း ကားသော့ပေါက်တွင် ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် ဝမ်ထောင်အတွက် သော့ဖွင့်ရမည့် ဒုက္ခမှ သက်သာသွားခဲ့၏။
ကားအတွင်း၌ ကောင်းမွန်စွာ ထုပ်ပိုးထားသော အစားအစာအချို့၊ ချွန်ထက်စွာ သွေးထားသော သံချောင်းတစ်စည်းနှင့် ဓာတ်ဆီနှစ်ပုံးကို တွေ့ရသည်။
"ဒါက ရှောက်ယုံရဲ့ ကား ဖြစ်ပုံရတယ်"
ရှောက်ယုံသည် သံချောင်းများကို ပစ်ပေါက်၍ ဇွန်ဘီများကို သတ်ဖြတ်ရသည်ကို သဘောကျကြောင်း ဝေကျန့်ကော်က ယခင်က ပြောပြဖူးသည်။ သူမှတစ်ပါး သာမန်လူတစ်ဦးသည် ယခုကဲ့သို့ သံချောင်းအမြောက်အမြားကို ပြင်ဆင်ထားလိမ့်မည် မဟုတ်ပေ။
"ဒီပစ္စည်းတွေ အကုန် ယူသွားမယ်"
ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် ပစ္စည်းအားလုံးကို ယူဆောင်ပြီးနောက် စွန့်ပစ်ထားသော ကားတစ်စီးအတွင်း၌ ဝှက်ထားလိုက်ကြ၏။ ထို့ပြင် ကားသော့ကိုလည်း တစ်ပါတည်း ယူဆောင်သွားခဲ့ကြသည်။
အကယ်၍ ရှောက်ယုံ သေဆုံးခြင်းမရှိသေးပါက... ဝမ်ထောင်သည် သူ၏ အသုံးဝင်နိုင်မည့် ပစ္စည်းများကို ဤအတိုင်း ထားခဲ့လိမ့်မည် မဟုတ်ပေ။
ထို့နောက် ဝမ်ထောင်သည် အနီးပတ်ဝန်းကျင်တွင် လိုက်လံရှာဖွေခဲ့ရာ ထိုကဲ့သို့သော ယာဥ်သုံးစီးကိုလည်း ထပ်မံတွေ့ရှိခဲ့၏။
ပထမဆုံး ကားနည်းတူ ဝမ်ထောင်သည် ထိုကားများပေါ်ရှိ ပစ္စည်းအားလုံးကို သိမ်းကျုံးယူငင်ပြီးနောက် ပစ္စည်းများနှင့် ကားသော့များကို အခြားတစ်နေရာတွင် ဝှက်ထားလိုက်သည်။ သော့မရှိသော ကားများကိုမူ သော့အိမ်တွင်းသို့ ပစ္စည်းတစ်ခုခု ရိုက်သွင်းကာ ပိတ်ဆို့ပစ်လိုက်၏။
ဤအရာများကို လုပ်ဆောင်ပြီးနောက် ဝမ်ထောင်သည် ဆေးရုံကို တစ်ဖန် ပြန်လည်ကြည့်ကာ ဟန်ရွှေကို ပြောလိုက်သည်။
"သွားကြရအောင်၊ ငါတို့ အထဲဝင်ပြီး ကြည့်ရအောင်"
၎င်းတို့နှစ်ဦးသည် ဆေးရုံအပြင်တွင်အတန်ကြာ လှုပ်ရှားနေခဲ့ကြသော်လည်း မည်သည့်အန္တရာယ် သို့မဟုတ် ဇွန်ဘီတစ်ကောင်မျှ မတွေ့ရှိခဲ့ရသဖြင့် ဝမ်ထောင်၏ ယုံကြည်မှုမှာ အနည်းငယ် ပိုမိုမြင့်မားလာခဲ့၏။
"ကောင်းပြီ"
ဆေးရုံ၏ ပင်မဝင်ပေါက်ကြီးမှာ ပွင့်နေသဖြင့် ၎င်းတို့နှစ်ဦးသည် တံတိုင်းများကို ကျော်တက်ခြင်းမပြုဘဲ အရှေ့ဘက်တံခါးမှ တိုက်ရိုက် ဝင်ရောက်ခဲ့ကြသည်။ ဆေးရုံတွင် ဝင်ပေါက်ကြီးနှစ်ခု ရှိရာ တောင်ဘက်တံခါးမှာ ပင်မဝင်ပေါက်ဖြစ်ပြီး အရှေ့ဘက်တံခါးမှာ ဘေးဘက်ဝင်ပေါက် ဖြစ်၏။
"ကျွန်မကတော့ တစ်မျိုးကြီး ခြောက်ခြားစရာကောင်းတယ်လို့ ခံစားနေရတုန်းပဲ..."
ဟန်ရွှေက တိုးတိုးလေး ရေရွတ်လိုက်သည်။
ဝမ်ထောင်တွင်လည်း ယခုကဲ့သို့ ခံစားချက်မျိုး ရှိနေ၏။
"ပတ်ဝန်းကျင်ကို ပိုပြီး သတိထားနိုင်ဖို့ ပြီးတော့ ဇွန်ဘီတွေရဲ့ ချုံခိုတိုက်ခိုက်မှုကို ကာကွယ်ဖို့ မင်းရဲ့ စွမ်းရည်ကို ပိုသုံးထားပါ"
"အင်း"
ဆေးရုံအတွင်းပိုင်းတွင်လည်း စွန့်ပစ်ထားသော ကားများ ပိတ်ဆို့နေသဖြင့် ဝမ်ထောင်နှင့် ဟန်ရွှေတို့ ခက်ခက်ခဲခဲရှေ့ဆက်နေ၏။
"ဇွန်ဘီတစ်ကောင် ရှိတယ်"
ရုတ်တရက် ဟန်ရွှေက သတိပေးလိုက်သည်။
ထိုဇွန်ဘီသည် ကားတစ်စီးအတွင်း၌ ရှိနေပြီး ထိုင်ခုံခါးပတ် ပတ်ထားဆဲ ဖြစ်ကာ အပြင်သို့ ထွက်ရန် ခြေလက်များကို ယမ်းခါနေသော်လည်း ခါးပတ်ကြောင့် ထိုင်ခုံတွင် တင်းကြပ်စွာ ချည်နှောင်ခံထားရ၏။
ဝမ်ထောင်က လှမ်းကြည့်လိုက်ရာ ၎င်းမှာ သာမန်ဇွန်ဘီတစ်ကောင် ဖြစ်သည်။
"သူ့ကို လျစ်လျူရှုထားလိုက်"
သူတို့နှစ်ဦးသည် ပြင်ပလူနာဌာန အဆောက်အအုံ၏ အောက်ခြေသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့ကြ၏။
ပြင်ပလူနာဌာန အဆောက်အအုံအတွင်း၌ ဆေးဆိုင်တစ်ခု ရှိနေသဖြင့် ဆေးဝါးအမြောက်အမြား ရှိနေသင့်သည်။ ဤအရာများသည် စခန်းတွင် လိုအပ်ချက် မြင့်မားနေသော ပစ္စည်းများဖြစ်ရာ ယူဆောင်နိုင်ပါက သေချာပေါက် ယူဆောင်သွားကြမည် ဖြစ်သည်။
သို့သော်လည်း မှောင်မည်းနေသော ပြင်ပလူနာ ဆေးဆိုင်ဝင်ပေါက်ကို ကြည့်ရင်း ဝမ်ထောင်သည် အထဲသို့ ဝင်ရန် အလောတကြီးမလုပ်သေးဘဲ ဟန်ရွှေကို ထိုနေရာအား အာရုံခံခိုင်းလိုက်၏။
"အထဲမှာ ဇွန်ဘီတွေ ရှိတယ်၊ အထူးဇွန်ဘီ သုံးကောင်တောင်ပဲ"
ဤစကားကို ကြားရသည့်အခါ ဝမ်ထောင်သည် အမှန်တကယ်ပင် သက်ပြင်းချကာ စိတ်အေးသွားခဲ့ရသည်။
ဆေးရုံတွင် အထူးဇွန်ဘီများစွာ အပါအဝင် ဇွန်ဘီအမြောက်အမြား ရှိနေပြီး အလွန်အမင်း အန္တရာယ်များကြောင်း သူ ယခင်က ကြားဖူးထား၏။
သို့သော် ယခုအခါ အဆောက်အအုံတစ်ခု၏ အောက်ခြေအထိ လျှောက်လှမ်းလာခဲ့ပြီးသော်လည်း ထိုင်ခုံခါးပတ်ဖြင့် အချည်ခံထားရသော ကံဆိုးသည့် သာမန်ဇွန်ဘီအချို့ကိုသာ တွေ့ရသေးသည်။ ၄င်းက သူ ကြားဖူးထားသည်နှင့် လုံးဝ ကွဲပြားနေ၏။
ဤအခြေအနေက ဝမ်ထောင်ကို မျက်မှောင်ကြုတ်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် အခြေအနေများ ပုံမှန်မဟုတ်ပါက နောက်ကွယ်တွင် ပရိယာယ်တစ်ခုခု ရှိနေတတ်သောကြောင့် ဖြစ်၏။
ယခုအခါ အထူးဇွန်ဘီ သုံးကောင်နှင့် တစ်ပြိုင်နက်တည်း ကြုံတွေ့ရသည့်အခါတွင်မူ ဝမ်ထောင်ကို အမှန်တကယ် စိတ်သက်သာရာရစေသည်။
"သူတို့က ဘယ်လို ဇွန်ဘီမျိုးလဲဆိုတာ ငါ သွားကြည့်လိုက်ဦးမယ်..."
ဝမ်ထောင်သည် ဝင်ပေါက်အနီးသို့ တိတ်တဆိတ် ချဉ်းကပ်သွားပြီး ခေါင်းပြူ၍ ကြည့်လိုက်၏။
မှောင်မည်းနေသော အတွင်းပိုင်းကို သူ၏ မျက်စိက ကျင့်သားရသွားပြီးနောက် ဝမ်ထောင်သည် ထိုဇွန်ဘီ သုံးကောင်ကို မြင်တွေ့လိုက်ရသည်။
ပထမတစ်ကောင်မှာ ဆရာဝန် ကုတ်အင်္ကျီအဖြူရောင်ကို ဝတ်ဆင်ထားသော ဇွန်ဘီ ဖြစ်၏။
ပိန်လှီပြီး ကွေးကောက်နေသော ခန္ဓာကိုယ်ကို ကြည့်ခြင်းအားဖြင့် ၎င်းသည် အမျိုးသား ဆရာဝန်တစ်ဦး ဖြစ်ခဲ့ပုံရသည်။ ထိုအရာမှတစ်ပါး အခြား ထူးခြားသော လက္ခဏာ မရှိချေ။
သို့သော် ၎င်း၏ သွေးပမာဏဘားမှာ 【၃၀၀၀/၃၀၀၀】 တွင် ရှိနေသည်။
ဒုတိယနှင့် တတိယမြောက် ဇွန်ဘီများသည် ထိုင်ခုံများပေါ်တွင် အတူတူ ထိုင်နေကြ၏။ တစ်ကောင်မှာ ဆေးရုံဝတ်စုံကို ဝတ်ဆင်ထားပြီး အခြားတစ်ကောင်မှာ သူနာပြုဝတ်စုံကို ဝတ်ဆင်ထားသည်။
ဆေးရုံဝတ်စုံနှင့် ဇွန်ဘီမှာ အဘိုးကြီးတစ်ဦးနှင့် တူလှ၏။ ၎င်း၏ သွေးပမာဏဘားမှာ 【၃၂၀၀/၃၂၀၀】 တွင် ရှိနေသည်။
သူနာပြုဝတ်စုံနှင့် ဇွန်ဘီမှာမူ အထူးသဖြင့် အဝလွန်နေသော အမျိုးသမီးကြီး ဖြစ်သည်။ သူမသည် ပေါက်ကွဲဇွန်ဘီထက်ပင် ပိုမိုဝဖြိုးသည်ဟု ခံစားရပြီး သူမ၏ သွေးပမာဏဘားမှာ 【၃၅၀၀/၃၅၀၀】 တွင် ရှိနေ၏။
ဝမ်ထောင် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုကဲ့သို့သော ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့်ဆိုလျှင် သူမသည် သူနာပြုတစ်ဦး မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူနာပြုများသည် လူများကို ပြုစုရသူများဖြစ်ပြီး ပြုစုခြင်းခံရသူများ မဟုတ်သောကြောင့် ဖြစ်သည်။ ၄င်းက ဇွန်ဘီဖြစ်သွားပြီးနောက် မျိုးဗီဇပြောင်းလဲမှု ဖြစ်နိုင်ချေ ရှိ၏။
ဝမ်ထောင်က ၎င်းတို့အား လှမ်းကြည့်လိုက်စဥ်မှာပင် ဇွန်ဘီသုံးကောင်စလုံးသည် သူ့ကို တစ်ပြိုင်နက်တည်း သတိပြုမိသွားကြသည်။ ဆရာဝန်ဇွန်ဘီ၏ မျက်နှာပေါ်တွင် လူသားကဲ့သို့ ဒေါသထွက်နေသော အရိပ်အယောင်တစ်ခု ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကို လှည့်ပတ်ကာ ဝမ်ထောင်ထံသို့ လျင်မြန်စွာ လျှောက်လှမ်းလာခဲ့၏။
ကျန်ရှိသော ဇွန်ဘီနှစ်ကောင်သည်လည်း ယိုင်တိုင်တိုင်ဖြင့် မတ်တတ်ထရပ်လိုက်ကြသည်။
ဝမ်ထောင်သည် မိမိကိုယ်ကိုယ် ယုံကြည်မှု မလွန်ကဲရဲသဖြင့် အပြင်ဘက်သို့ လျင်မြန်စွာ ပြန်လည်ပြေးထွက်ခဲ့၏။
ယခုအချိန်တွင် ဤဇွန်ဘီများ၏ စွမ်းရည်ကို သူ အသေအချာ မသိသေးသဖြင့် ၎င်းတို့ကို အပြင်သို့ မျှားခေါ်ထုတ်ခြင်းက ပိုကောင်း
ပါသည်။
"တိုက်ပွဲအတွက် ပြင်ဆင်ထားတော့"
ဝမ်ထောင်သည် အပြင်ဘက်ရှိ ဟန်ရွှေကို လျင်မြန်စွာ သတိပေးလိုက်၏။
ဟန်ရွှေသည် စွန့်ပစ်ထားသော ယာဥ်တစ်စီး၏ အမိုးပေါ်တွင် ဝပ်နေပြီး သူမ၏ စနိုက်ပါဒူးလေကို ပြင်ဆင်ကာ ပြင်ပလူနာ ဝင်ပေါက်သို့ ချိန်ရွယ်ထားသည်။
ဆရာဝန်ဇွန်ဘီသည် အပြင်သို့ ပထမဆုံး လျှောက်လှမ်းလာခဲ့ပြီး အလွန်ဒေါသထွက်နေသကဲ့သို့ မိမိ၏ ရင်ဘတ်ကို တစ်ခါတစ်ရံ ထုရိုက်နေ၏။
အထူးသဖြင့် ပြင်ပမှ နေရောင်ခြည်က သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့်အခါ သူသည် ပါးစပ်ကို ကျယ်ပြန့်စွာ ဖွင့်ဟ၍ အသံတိတ် ဟိန်းဟောက်လိုက်သည်။
"ဇွန်ဘီတွေက ဒေါသထွက်တတ်တာလား။ သူတို့မှာ ဉာဏ်ရည် ရှိနေတာလား"
ဤမြင်ကွင်းကို ကြည့်ရင်း ဝမ်ထောင် မျက်မှောင်ကြုတ်လိုက်မိ၏။ တစ်ဖက်လူ၏ စွမ်းရည်က အမှန်တကယ် မည်သည့်အရာ ဖြစ်သည်ကို သူ အနည်းငယ် စူးစမ်းလိုစိတ် လည်း ဖြစ်ပေါ်လာသည်။
သို့သော် သူ စူးစမ်းလိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ အရေးမကြီးပေ။ အရေးကြီးသည်မှာ ၎င်းကို နှိမ်နင်းရန် ဖြစ်သည်။
ရှူး -
ဟန်ရွှေသည် မောင်းတံကို ပထမဆုံး ဆွဲလိုက်၏။
ဒူးလေးမြှားတံသည် ဆရာဝန်ဇွန်ဘီ၏ ဦးခေါင်းကို တိကျစွာ ထိမှန်သွားပြီး အတွင်းပိုင်းသို့ တိုက်ရိုက် စိုက်ဝင်သွားခဲ့သည်။
【-၅၄၂】
【၂၄၅၈/၃၀၀၀】
"ခုခံအားက အတော်လေး မြင့်တာပဲ"
ဤပျက်စီးမှု ကိန်းဂဏန်းကို မြင်လိုက်ရသည့်အခါ ဝမ်ထောင်သည် ရုတ်တရက် အတော်လေး အံ့အားသင့်သွားရ၏။
ဟန်ရွှေ၏ စနိုက်ပါဒူးလေ ပျက်စီးမှုစွမ်းအားမှာ အလွန်မြင့်မားသည်။ ပုံမှန်အားဖြင့် အထူးဇွန်ဘီတစ်ကောင်ကို ထိမှန်သည့်အခါ မြှားတံတစ်စင်းသည် တစ်ထောင်ကျော် ပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်သည်။ သို့သော် ဤဆရာဝန်ဇွန်ဘီကို ထိမှန်သည့်အခါတွင်မူ ငါးရာဝန်းကျင်သာ ပျက်စီးမှု ရှိခဲ့၏။
ဇွန်ဘီသည် မြှားတံဖြင့် ထိမှန်ခံရသဖြင့် သူ၏ ခေါင်းကို နောက်သို့ အနည်းငယ် စောင်းလိုက်ပြီးနောက် ဝမ်ထောင်ထံသို့ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။
ဝမ်ထောင်သည် ဟန်ရွှေ မြှားတံပြန်ထည့်နေစဥ်အတွင်း လျင်မြန်စွာ တစ်ချက် ပစ်ခတ်လိုက်၏။ တိကျမှု ရှိစေရန်အတွက် သူသည် တိကျသောပစ်ခတ်မှု စွမ်းရည်ကို အသက်သွင်းလိုက်သည်။
ဝှီး..
ဒုတ်
【-၃၂၄】
【၂၁၃၄/၃၀၀၀】
၎င်းသည် ဇွန်ဘီ၏ ဦးခေါင်းခွံကို ထပ်မံထိမှန်ခဲ့သော်လည်း ယခုတစ်ကြိမ် ပျက်စီးမှုမှာ သုံးရာကျော်သာ ရှိခဲ့၏။
မိမိ၏ လက်ကိုင်ဒူးလေးသည် ဟန်ရွှေ၏ စနိုက်ပါဒူးလေကဲ့သို့ စွမ်းအားမပြင်းထန်ကြောင်း ဝမ်ထောင် သိထားသဖြင့် အံ့သြခြင်းတော့မရှိပေ။
သူ၏ လျင်မြန်သော လက်အရှိန်ဖြင့် သုံးချက် ဆက်တိုက် လျင်မြန်စွာ ပစ်ခတ်လိုက်သည်။
【-၃၁၄】
【-၃၂၂】
【၁၄၉၈/၃၀၀၀】
တိုက်ခိုက်မှုတစ်ခုအတွင်းမှာပင် သွေးပမာဏ ၃၀၀၀ ရှိသော ဆရာဝန်ဇွန်ဘီသည် သွေးပမာဏ ထက်ဝက်ခန့် လျော့နည်းသွားခဲ့၏။ သူ၏ ဦးခေါင်းတွင် ဒူးလေးမြှားတံ လေးစင်း စိုက်နေသဖြင့် ကြည့်ရသည်မှာ အနည်းငယ် ဟာသဆန်လှသည်။
သို့သော်လည်း ယခုအချိန်တွင် ၄င်းက လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်၏။
၎င်းသည် ရုတ်တရက် သူ၏ အိတ်ကပ်အတွင်းမှ တောက်ပနေသော အရာတစ်ခုကို ထုတ်ယူကာ ဝမ်ထောင်ထံသို့ ပစ်ပေါက်လိုက်သည်။
ဇွန်ဘီ၏ လှုပ်ရှားမှုကို မြင်လိုက်ရသည့်အခါ ဝမ်ထောင်သည် ရုတ်တရက် အန္တရာယ်ရှိသော ခံစားချက်တစ်ခု ပြင်းထန်စွာ ဖြစ်ပေါ်လာ၏။ သူသည် ဘေးဘက်သို့ ချက်ချင်း လှိမ့်ချလိုက်ပြီး စွန့်ပစ်ထားသော ယာဥ်တစ်စီး၏ နောက်ကွယ်တွင် ပုန်းကွယ်လိုက်သည်။
ချလွမ်...
ဒုတ်...
တောက်ပနေသော ခွဲစိတ်ဓားတစ်စင်းသည် ဝမ်ထောင် ရပ်နေခဲ့သော နေရာသို့ တိကျစွာ ကျရောက်လာပြီး ကွန်ကရစ်ကြမ်းပြင်အတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားခဲ့၏။
" ဘုရားရေ.. ဒီကောင်က အဝေးကနေ တိုက်ခိုက်နိုင်တာလား"
မဟုတ်ပေ၊ ပိုမိုတိကျစွာ ပြောရလျှင် ၎င်းသည် ဝမ်ထောင်နှင့် နီးကပ်လာပြီးနောက်မှသာ ခွဲစိတ်ဓားဖြင့် ရုတ်တရက် ပစ်ပေါက်ခဲ့ခြင်း ဖြစ်သဖြင့် အလတ်စား အကွာအဝေး တိုက်ခိုက်မှု ဖြစ်သည်။
ခွဲစိတ်ဓားသည် ဝမ်ထောင်၏ ပေါက်ပုဆိန်နှင့် အနည်းငယ် တူလှပြီး အလွန်ဝေးလံသော နေရာသို့ ပစ်ပေါက်နိုင်ခြင်း မရှိချေ။
ပထမအကြိမ် တိုက်ခိုက်မှု လွဲချော်သွားပြီးနောက် ဇွန်ဘီသည် သူ၏ အိတ်ကပ်အတွင်းမှ ခွဲစိတ်ဓားတစ်ဆုပ်လုံးကို ထုတ်ယူလိုက်ရာ ဝမ်ထောင်၏ မျက်ခွံများ တုန်လှုပ်သွားရ၏။
ကံကောင်းထောက်မစွာဖြင့် ဟန်ရွှေသည် နောက်ဆုံးတွင် မြှားတံထည့်ခြင်းကို ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ရှူး -
【-၅၅၃】
【၉၄၅/၃၀၀၀】
ဤမြှားတံသည် ဇွန်ဘီ၏ ဦးခေါင်းခွံကို ထပ်မံ၍ တိကျစွာ ထိမှန်သွားခဲ့ပြီး ၎င်း၏ ခေါင်းကို နောက်သို့ လန်သွားစေကာ ဓားများ ပစ်ပေါက်ခြင်းကို တားဆီးလိုက်နိုင်၏။
ဝမ်ထောင်သည် အခွင့်အရေးကို အသုံးချ၍ လျင်မြန်စွာ ထရပ်လိုက်ပြီး သူ၏ လက်ကိုင်ဒူးလေးကို ဆွဲထုတ်ကာ တိကျသောပစ်ခတ်မှု စွမ်းရည်ကို အသက်သွင်းပြီး ဆယ်စက္ကန့်အတွင်း သုံးကြိမ် လျင်မြန်စွာ ပစ်ခတ်လိုက်သည်။
【-၃၃၆】
【-၃၅၁】
【-၂၅၈】
【၀/၃၀၀၀】
နောက်ဆုံး မြှားတံသည် ၎င်း၏ သွေးပမာဏဘားကို ကုန်ဆုံးသွားစေခဲ့၏။
ဝုန်း -
ဆရာဝန်ဇွန်ဘီသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ဝမ်ထောင်သည် ရရှိလာသော ပစ္စည်းများကို စစ်ဆေးရန် အချိန်မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကျန်ရှိသော အထူးဇွန်ဘီ နှစ်ကောင်သည်လည်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်သည်။
"အဟွတ်၊ အဟွတ်..."
အဘိုးကြီးဇွန်ဘီသည် သွားများဖြဲကာ အကြိမ်နည်းငယ် ချောင်းဆိုးလိုက်ရာ မည်းနက်နေသော သွားအချို့ကို မြင်တွေ့ရပြီး သူ၏ ပါးစပ်မှ ဝါညိုရောင် ထွက်သက်များ ထွက်ပေါ်လာခဲ့၏။
ထိုအချိန်တွင် အဝလွန် သူနာပြုဇွန်ဘီသည် ရုတ်တရက် အဘိုးကြီးဇွန်ဘီကို ဖမ်းဆွဲကာ သူ၏ ခါးကို ပွေ့ဖက်ပြီး သုံးရာ့ခြောက်ဆယ် ဒီဂရီ လှည့်ပတ်လိုက်၏။ထို့နောက် အရှိန်ရလာမှ အဘိုးကြီးဇွန်ဘီကို ဝမ်ထောင်ထံသို့ ပစ်လွှင့်လိုက်သည်။
"နင့်အမေကလွှား....နင်တို့က လူနာတွေကို ဒီလိုပဲ ပြုစုစောင့်ရှောက်တာလား"
ဝမ်ထောင်သည် မယုံကြည်နိုင်စွာဖြင့် ကျိန်ဆဲလိုက်၏။
ဇွန်ဘီတွေက ပူးပေါင်းဆောင်ရွက်နိုင်ကြတာလား။ သူတို့က ဒီလိုတွေတောင် လုပ်နိုင်နေကြပြီပေါ့။
အဘိုးကြီးဇွန်ဘီတွင် မည်သည့်စွမ်းရည်များ ရှိသည်ကို သူ မသိရှိသော်လည်း ဝတုတ်နေသော သူနာပြုဇွန်ဘီက သူ့ကို လွှင့်ပစ်လိုက်ခြင်း ဖြစ်သဖြင့် သူ၏ စွမ်းရည်များသည် အနီးကပ် အကွာအဝေးတွင်မှသာ အသက်ဝင်နိုင်ချေ ရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ထို့ကြောင့် ဝမ်ထောင်သည် သူ၏ တိကျသောပစ်ခတ်မှု စွမ်းရည်ကို ထပ်မံအသက်သွင်းလိုက်ပြီး သူ၏ ညာဘက်ခြေထောက်ကို အားပြုကာ အဘိုးကြီးဇွန်ဘီ မိမိရှေ့သို့ ကျရောက်လုဆဲဆဲ အချိန်တွင် ဝမ်ထောင်သည် လေထဲတွင် ပြင်းထန်သော ကန်ချက်တစ်ခု ထုတ်လွှတ်လိုက်၏။
"လာမကပ်နဲ့.."
ဝုန်း -
အဘိုးကြီးဇွန်ဘီသည် မြေပြင်ပေါ်သို့ပင် မကျရောက်ရသေးမီ ဝမ်ထောင်၏ ကန်ချက်ကြောင့် ဘောလုံးတစ်လုံးကဲ့သို့ ကန်ထုတ်ခံလိုက်ရပြီး ဝတုတ်နေသော သူနာပြုဇွန်ဘီထံသို့ တိုက်ရိုက် ပြန်လည်လွင့်ပျံသွားခဲ့သည်။
သူနာပြုဇွန်ဘီသည် တုံ့ပြန်ရန်ပင် အချိန်မရသေးဘဲ အဘိုးကြီးဇွန်ဘီ၏ တိုက်မိခြင်းကို ခံလိုက်ရ၏။
ဝုန်း -
၎င်းတို့ နှစ်ဦးစလုံး မြေပြင်ပေါ်သို့ တစ်ပြိုင်နက်တည်း လဲကျသွားခဲ့ကြသည်။
ထို့နောက် အဘိုးကြီးဇွန်ဘီသည် ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးလိုက်ရာ သူ၏ ပါးစပ်မှ ဝါညိုရောင် မီးခိုးများ ပေါက်ကွဲထွက်လာပြီး သူနှင့် အမျိုးသမီးဇွန်ဘီတို့ကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့၏။
မီးခိုးများသည် မည်သည့်အရာဖြစ်စေ ဝမ်ထောင်နှင့် ဟန်ရွှေတို့၏ အမြင်အာရုံကို ပိတ်ဆို့သွားစေခဲ့သဖြင့် အတွင်းပိုင်းတွင် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို ၎င်းတို့ မမြင်တွေ့နိုင်တော့ပေ။
သို့သော် ဝမ်ထောင်သည် ၎င်းတို့၏ သွေးပမာဏဘားများကို မြင်တွေ့နိုင်ဆဲ ဖြစ်သည်။ ဇွန်ဘီ နှစ်ကောင်စလုံးသည် သွေးပမာဏ ၁၀၀ ကျော်စီ လျော့နည်းသွားကြောင်း သူ မြင်တွေ့လိုက်ရရာ ၎င်းမှာ ၎င်းတို့အတွက် သာမန်ဒဏ်ရာလေးမျှသာ ဖြစ်၏။
ထိုအရာမှတစ်ပါး သွေးပမာဏ လျော့နည်းခြင်း မရှိချေ။သို့သော်လည်း ၄င်းက မီးခိုးတွင် အဆိပ်မရှိကြောင်း သက်သေမပြနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဇွန်ဘီများနှင့် လူသားများသည် ခန္ဓာကိုယ် ဖွဲ့စည်းပုံချင်း ကွဲပြားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဝမ်ထောင်သည် လက်ကိုင်ဒူးလေးကို မြှောက်ကာ မီးခိုးများအတွင်းသို့ ရမ်းသန်း၍ အပြင်းအထန် ပစ်ခတ်လိုက်တော့၏။
ဝှစ်-
ဝှစ်
ဝှစ်
ဝမ်ထောင်၏ ပစ်ခတ်မှုနှုန်းမှာ အလွန်လျင်မြန်လှသဖြင့် ခဏအတွင်းမှာပင် သူသည် မြှားတံများစွာ ပစ်ခတ်ခဲ့ပြီး ဖြစ်သည်။
သူသည် သွေးဘားတန်းများ၏ တည်နေရာကို အာရုံစိုက်ကာ ၎င်းတို့၏ အောက်ခြေတည့်တည့်သို့ ပစ်ခတ်ခဲ့၏။ သူသည် ထိမှန်ခြင်း ရှိမရှိ မသိသော်လည်း ဆက်တိုက်သာ ပစ်ခတ်နေခဲ့သည်။
ဝေးလံသော နေရာတွင် ဟန်ရွှေသည် အနည်းငယ် မိန်းမောနေမိ၏။ သူမ၏ စနိုက်ပါမှန်ပြောင်းမှတစ်ဆင့် ဝါးနေသော မီးခိုးဝါများကို ကြည့်ရင်း သူမ မောင်းတံကို မဆွဲရဲခဲ့ပေ။
ယခုကဲ့သို့ အခြေအနေမျိုးတွင် သူမ တိကျစွာ မပစ်ခတ်နိုင်ကြောင်း သိရှိထားသဖြင့် ဝမ်ထောင်ကို အကာအကွယ်ပေးရန်နှင့် အခြားအန္တရာယ်များကို စောင့်ကြည့်ရန်သာ သူမ ဆုံးဖြတ်လိုက်သည်။
ဝမ်ထောင်သည် မီးခိုးအတွင်းရှိ သွေးဘားတန်းတစ်ခုတွင် သွေးပမာဏ အနည်းငယ်သာ ကျန်ရှိတော့သည်ကို မြင်လိုက်ရသဖြင့် နောက်ထပ် မြှားတံတစ်စင်း ထပ်မံပစ်ခတ်လိုက်၏။
【-၃၄၂】
【၀/၃၂၀၀】
အဘိုးကြီးဇွန်ဘီ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဖူး -
ရုတ်တရက် ဝါညိုရောင် မီးခိုးများ၏ အတိုင်းအတာမှာ ပိုမိုကျယ်ပြန့်လာခဲ့၏။ ယခင်က ၎င်းသည် အချင်း ဆယ်မီတာခန့်သာ ရှိသော်လည်း ယခုအခါ အနည်းဆုံး ဆယ့်ငါးမီတာခန့် ရှိနေပြီ ဖြစ်သည်။
နောက်ထပ် အထူးဇွန်ဘီတစ်ကောင်ကို သတ်ဖြတ်ပြီးနောက် ဝမ်ထောင်သည် သူ၏ လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဝါညိုရောင် မီးခိုးများအတွင်း၌ ဇွန်ဘီတစ်ကောင် ကျန်ရှိနေသေးသောကြောင့် ဖြစ်သည်။
သေစမ်း..
ဝှစ်
ဝှစ်
【-၃၂】
【-၃၆၀】
【-၂၃】
【-၃၀】
ဂဏန်းနှစ်လုံးရှိသော ပျက်စီးမှုများက သူ့ပစ်ချက်များက ဦးခေါင်းကို တိကျစွာ မထိမှန်ခဲ့ကြောင်း ထင်ရှားနေသော်လည်း အရေးမကြီးပေ။ ဝမ်ထောင်တွင် အပိုမြှားတံများ အမြောက်အမြား ရှိနေသည်။
ဘုန်း၊ ဘုန်း -
ထိုအချိန်တွင် ဝါညိုရောင် မီးခိုးများအတွင်းမှ ခြေသံများ ထွက်ပေါ်လာခဲ့၏။ ဝတုတ်နေသော သူနာပြုဇွန်ဘီသည် အပြင်သို့ ထွက်လာပုံရသည်။
သို့သော် သူမ၏ အရှိန်မှာ အလွန်နှေးကွေးလှပြီး စက္ကန့်အနည်းငယ်ကြာမှသာ ခြေလှမ်းတစ်လှမ်း လှမ်းနိုင်၏။
ဝမ်ထောင်သည် ဆက်တိုက် ပစ်ခတ်နေခဲ့သည်။
နောက်ဆုံးတွင် မြှားတံသည် သူနာပြုဇွန်ဘီ၏ ဦးခေါင်းခွံကို ဖောက်ဝင်သွားခဲ့ပြီးနောက် ဤတတိယမြောက် အထူးဇွန်ဘီသည်လည်း နောက်ဆုံး၌ သေဆုံးသွားခဲ့ရ၏။
"သူတို့အားလုံး သေကုန်ပြီ"
ဝမ်ထောင်သည် ဟန်ရွှေကို လက်ဝှေ့ယမ်းပြလိုက်ရာ သူမသည် စနိုက်ပါဒူးလေကို လျင်မြန်စွာ သိမ်းဆည်းပြီး ပြေးလာသည်။
" တကယ်ပဲ အကုန် သေကုန်ပြီလား"
ဟန်ရွှေသည် မယုံကြည်နိုင်အောင် ဖြစ်နေရ၏။
သူမ၏ အမြင်အရ ဝမ်ထောင်သည် ဝါညိုရောင် မီးခိုးများအတွင်းသို့ ရမ်းသန်းပစ်ခတ်နေပြီး အတွင်းရှိ ဇွန်ဘီနှစ်ကောင် သေဆုံးသွားပြီဟု ပြောဆိုနေခြင်း ဖြစ်သည်။
ဝမ်ထောင်အပေါ် သူမ၏ ယုံကြည်မှုကြောင့်သာ မဟုတ်ပါက သူမသည် အနီးသို့ လုံးဝ လာလိမ့်မည်မဟုတ်ဘဲ ဝါညိုရောင် မီးခိုးများကိုသာ ဆက်လက် ချိန်ရွယ်ထားမိလိမ့်မည် ဖြစ်သည်။
"အင်း။ ဒီဝါညိုရောင် မီးခိုးတွေ ပျယ်သွားတာကို ခဏလောက် စောင့်ကြည့်ရအောင်..."
ဝမ်ထောင်သည် ဆရာဝန်ဇွန်ဘီထံမှ ရရှိလာသော ပစ္စည်းများကို အရင် သွားရောက်သိမ်းဆည်းလိုက်ပြီးနောက် ဟန်ရွှေနှင့်အတူ စွန့်ပစ်ထားသော ကားတစ်စီးအတွင်း၌ ပုန်းကွယ်နေလိုက်၏။
တစ်မိနစ်ခန့်အကြာတွင် ဝါညိုရောင် မီးခိုးတိမ်တိုက်သည် နောက်ဆုံး၌ ကွယ်ပျောက်သွားခဲ့သည်။
ဟန်ရွှေသည် လျင်မြန်စွာ လှမ်းကြည့်လိုက်ရာ မီးခိုးများအတွင်းရှိ မြင်ကွင်းကြောင့် သူမ၏ မျက်ဝန်းများ ကျယ်ပြန့်သွားရ၏။
အဘိုးကြီးဇွန်ဘီနှင့် ဝတုတ်နေသော ဇွန်ဘီတို့သည် ဖြူကောင်များကဲ့သို့ ဖြစ်နေကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒူးလေးမြှားတံများဖြင့် ပြည့်နှက်နေခဲ့သည်။
သို့သော်လည်း ၎င်းတို့၏ အသက်ကို နုတ်ယူသွားခဲ့သည်မှာ ၎င်းတို့၏ ဦးခေါင်းခွံအတွင်းရှိ မြှားတံများ ဖြစ်၏။
"ဒါက တကယ်ပဲ အလုပ်ဖြစ်တာပဲ..."
ဟန်ရွှေ တီးဆိုး ရေရွတ်လိုက်မိသည်။
ဝါညိုရောင် မီးခိုးများသည် ယခုကဲ့သို့ ကျယ်ပြန့်သော ဧရိယာကို ဖုံးလွှမ်းထားခဲ့ရာ ဝမ်ထောင်သည် မည်ကဲ့သို့ တိကျစွာ ပစ်ခတ်နိုင်ခဲ့သနည်း။ မြှားတံအချို့သည် ဇွန်ဘီများ၏ ခန္ဓာကိုယ် သို့မဟုတ် မြေပြင်ပေါ်သို့ ထိမှန်ခဲ့သော်လည်း ၎င်းတို့သည် အခြေခံအားဖြင့် ထိုနေရာတစ်ခုတည်းတွင်သာ ရှိနေခဲ့ကြ၏။ ဝမ်ထောင်သည် ထိုနေရာကို ရည်ရွယ်ချက်ရှိရှိ ချိန်ရွယ်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။ ဟန်ရွှေသည် ဤနိယာမကို နားမလည်သော်လည်း အလွန် အထင်ကြီး လေးစားမိသွားခဲ့ရသည်။
သူမ၏ အတွေးကို ဖတ်မိသကဲ့သို့ ဝမ်ထောင်က ပြုံးလျက် ရှင်းပြခဲ့၏။
"သူတို့ ဝါညိုရောင် မီးခိုးထဲမှာ ရှိနေတုန်းက သိပ်ပြီး မလှုပ်ရှားခဲ့ကြဘူး။ ဒါကြောင့် သူတို့ မူလရှိနေခဲ့တဲ့ နေရာကိုပဲ ငါ ပစ်လိုက်တာ"
၎င်းတို့သည် အမှန်တကယ်ပင် သိပ်မလှုပ်ရှားခဲ့ကြသဖြင့် ထိုအကြောင်းပြချက်ကိုမူ မဖြစ်မနေ လက်ခံလိုက်ရ၏။
ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် ဇွန်ဘီနှစ်ကောင်ထံသို့ လျှောက်လှမ်းသွားခဲ့ကြသည်။ ဝမ်ထောင်သည် ၎င်းတို့၏အမြုတေများကို တူးထုတ်လိုက်ပြီး ဟန်ရွှေကမူ မြှားတံများကို ပြန်လည်ရယူရန် ကူညီပေးခဲ့၏။
ယခုကဲ့သို့ များပြားလှသော မြှားတံများကို သိမ်းဆည်းရန်အတွက် အချိန်အတန်ကြာ ကုန်ဆုံးသွားခဲ့ရသည်။
"ဟူး - "
ဟန်ရွှေသည် သူမ၏ နဖူးပေါ်ရှိ ချွေးစက်လေးများကို သုတ်လိုက်၏။ သူမသည် အနီးပတ်ဝန်းကျင်တွင် အန္တရာယ်မရှိစေရန်အတွက် မိမိ၏ အာရုံခံစွမ်းရည်ကို တစ်ချိန်လုံး အသက်သွင်းထားခဲ့သဖြင့် အနည်းငယ် မောပန်းနေခဲ့ပြီ ဖြစ်သည်။
"ဒီအဆောက်အအုံထဲမှာ ဇွန်ဘီတွေ ရှိနေသေးတယ်၊ ပြီးတော့ သူတို့က အထူးဇွန်ဘီတွေပဲ..."
ဟန်ရွှေက ဝမ်ထောင်ကို လှမ်းကြည့်လိုက်သည်။
"အထဲမဝင်ခင် ခဏလောက် နားရအောင်"
ဝမ်ထောင်သည်လည်း အနည်းငယ် မောပန်းနေခဲ့ပြီ ဖြစ်၏။ တိုက်ပွဲသည် ကာလရှည်ကြာခြင်းမရှိသော်လည်း သူသည် ဒူးလေးကြိုးကို ဆွဲရမည့် လှုပ်ရှားမှုကို လျင်မြန်စွာ ထပ်ခါတလဲလဲ ပြုလုပ်ခဲ့ရသဖြင့် သူ၏ လက်များမှာ မီးခိုးထွက်လုမတတ် ဖြစ်နေခဲ့သည်။ သူသည် အနားယူရန်နှင့် ရရှိလာသော ပစ္စည်းများကို စစ်ဆေးရန် လိုအပ်နေ၏။ ယခုကဲ့သို့သော ဇွန်ဘီများနှင့် ထပ်မံကြုံတွေ့ရပါက ၎င်းတို့ကို တုံ့ပြန်နိုင်ရန်အတွက် ဤဇွန်ဘီများတွင် မည်သည့်စွမ်းရည်များ ရှိသည်ကို သူ သိရှိရန် လိုအပ်သည်။
"ကောင်းပြီ"
ပြင်ပလူနာဌာန အဆောက်အအုံ၏ ဝင်ပေါက်တွင် သော့ခတ်ထားသော အခန်းတစ်ခန်း ရှိနေ၏။ အတွင်း၌ ဇွန်ဘီများ မရှိသဖြင့် ဝမ်ထောင်သည် သော့ကို ဖွင့်လိုက်ပြီး ၎င်းတို့နှစ်ဦး အထဲသို့ ဝင်ရောက်ခဲ့ကြသည်။
ဝမ်ထောင်သည် မိမိ၏ သွေးဘားတန်းကို ကြည့်လိုက်၏။ သူသည် ဇွန်ဘီ သုံးကောင်စလုံးကို သတ်ဖြတ်ခဲ့ပြီး ဖြစ်ရာ တစ်ကောင်ချင်းစီက သူ၏ သွေးပမာဏကို ၆၀ စီ တိုးမြင့်ပေးခဲ့သည်။ သူ၏ သွေးပမာဏမှာ ယခုအခါ 【၃၁၈၀/၃၁၈၀】 သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
ထို့နောက် သူက ကျောပိုးအိတ်ကို ကြည့်လိုက်သည်။
ပထမဆုံးအနေဖြင့် ဇွန်ဘီအမြုတေ သုံးခု ဖြစ်၏။
ဝမ်ထောင်သည် အဘိုးကြီးဇွန်ဘီ၏အမြုတေကို အရင် ကြည့်လိုက်သည်။ ထိုဝါညိုရောင် မီးခိုးများမှာ မည်သည့်အရာဖြစ်သည်ကို သူ အလွန် သိချင်နေခဲ့၏။
[အဆင့် ၁ အမြုတေ - ချောင်းဆိုးစေသောမီးခိုး]
[အရည်အသွေး - ထူးချွန် (၄၀ ရာခိုင်နှုန်း)]
[သန့်စင်မှု - ၅၀ ရာခိုင်နှုန်း (ဘေးထွက်ဆိုးကျိုး - ချောင်းဆိုးခြင်း)]
[ချောင်းဆိုးစေသောမီးခိုး - ထူထပ်သော မီးခိုးများကို ထုတ်လွှတ်ရန် စွမ်းအင်ကို သုံးစွဲသည်။ ဇွန်ဘီများ မီးခိုးအတွင်း ရှိနေသည့်အခါ ၎င်းတို့၏ ခန္ဓာကိုယ်များ ပိုမို တောင့်တင်းလာလိမ့်မည်။ ဇွန်ဘီမဟုတ်သူများ မီးခိုးအတွင်း ရှိနေသည့်အခါ ၎င်းတို့သည် အဆက်မပြတ် ချောင်းဆိုးနေလိမ့်မည်။]
"ဒီဇွန်ဘီနှစ်ကောင်က ဝါညိုရောင် မီးခိုးထဲမှာ ဘာလို့ သိပ်မလှုပ်ရှားနိုင်လဲဆိုတာ မဆန်းတော့ပါဘူး။ သူတို့ရဲ့ ခန္ဓာကိုယ်တွေက တောင့်တင်းနေပြီး အရှိန်နှေးကွေးသွားတာကိုး..."
ဝမ်ထောင် နားလည်သွားခဲ့ပြီ ဖြစ်သည်။
ဤစွမ်းရည်သည် ကောင်းမွန်သော ဧရိယာထိန်းချုပ်မှု စွမ်းရည်တစ်ခု ဖြစ်လာနိုင်သည်။ ချောင်းဆိုးခြင်းဟူသော ဘေးထွက်ဆိုးကျိုးက မည်မျှအထိ ပြင်းထန်သည်ကိုတော့ သူမသိသေးပါ။
-----