အခန်း ၁၂၁
Vol. 11 Ch. 121
အခန်း ၁၂၁ - အမြုတေ ၆ ခု ပေါင်းစပ်ခြင်း
ဂေါ်ရီလာဇွန်ဘီကြီးသည် ဆေးရုံအနီးမှ ဖြတ်သန်းသွားမည့်ပုံ ပေါ်နေသဖြင့် ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် ထိုဧရိယာမှ လျင်မြန်စွာ ထွက်ခွာခဲ့ကြ၏။
ဂေါ်ရီလာဇွန်ဘီ၏ အရွယ်အစားမှာ အလွန်တရာ ကြီးမားလှသည်။ အကယ်၍ ထိုနေရာ၌ ဆက်ရှိနေပါက သူတို့အား ရှာမတွေ့လျှင်ပင် မတော်တဆနင်းမိ၍ အသက်ပျောက်သွားနိုင်၏။ ထို့အပြင် ဤဂေါ်ရီလာဇွန်ဘီသည် အလွန်အမင်း စိတ်ဆတ်ပြီး အလွန်ပြင်းထန်သော ဖျက်ဆီးလိုစိတ်ရှိသည်။ ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် မနေ့ညက တည်းခိုခဲ့သော တိုက်ခန်းအဆောက်အအုံဆီသို့ ပြန်ပြေးခဲ့ကြသော်လည်း ယခုအကြိမ်တွင် ထိုသူနှစ်ဦးစလုံးသည် ခေါင်မိုးပေါ်သို့ ပြေးတက်ခဲ့ကြသည်။
ခေါင်မိုးထပ်သည် ပိုမိုကျယ်ပြန့်သော မြင်ကွင်းကို ပေးနိုင်သဖြင့် ဆေးရုံကို ထိုနေရာမှ အထင်အရှား မြင်တွေ့နိုင်၏။
နှစ်ဦးသားသည် ဘေးချင်းယှဉ်လျက် ဝပ်နေကြပြီး ဆေးရုံသို့လာရာ လမ်းတစ်လျှောက် ဖျက်ဆီးလာသော ဂေါ်ရီလာဇွန်ဘီကို ကြည့်နေကြသည်။
ဝမ်ထောင်၏ မျက်မှောင်မှာ ပြင်းထန်စွာ တွန့်ချိုးသွား၏။
"သူက ဘာလို့ ဒီကို ရောက်လာတာလဲ... ဒါက ကုန်တိုက်အဟောင်းနဲ့ အများကြီး ဝေးတာကို"
ဤဂေါ်ရီလာဇွန်ဘီသည် ဇွန်ဘီဘုရင်တစ်ကောင် ဖြစ်နိုင်သည်။ ဇွန်ဘီဘုရင်များသည် မိမိတို့၏ ကိုယ်ပိုင်နယ်မြေများ ရှိကြပြီး များသောအားဖြင့် ထိုနယ်မြေအတွင်း၌သာ နေထိုင်တတ်ကြ၏။
လူတိုင်းက ဂေါ်ရီလာဇွန်ဘီ၏ နယ်မြေသည် ကုန်တိုက်အဟောင်း အနီးတွင် ရှိသည်ဟု လက်ခံထားကြသည်။ ထို့ကြောင့် ကုန်တိုက်အဟောင်းမှ ပြန်လာပြီးနောက် အခြေစိုက်စခန်းသည် ထိုဧရိယာတစ်ခုလုံးကို တားမြစ်ဇုန်အဖြစ် သတ်မှတ်ခဲ့ပြီး မည်သူ့ကိုမျှ သွားရောက်ခွင့် မပြုခဲ့ပေ။
သို့သော် ယခုနေရာမှာ ဆေးရုံဖြစ်ပြီး ကုန်တိုက်အဟောင်းနှင့် အတော်လှမ်းလှမ်းတွင် ရှိ၏။
ဤဂေါ်ရီလာဇွန်ဘီသည် မည်ကဲ့သို့ ဤနေရာသို့ ရောက်ရှိလာသနည်း။
၎င်း၏ နယ်မြေကို စွန့်ပစ်လိုက်ခြင်းလား။ သို့မဟုတ်ပါက... ၎င်း၏ နယ်မြေကို ဤနေရာအထိ တိုးချဲ့လိုက်ခြင်းပင် ဖြစ်နိုင်သည်။
ဝမ်ထောင်သည် နောက်ဆုံးအချက်က ပိုမိုဖြစ်နိုင်ခြေ ရှိသည်ဟု ခံစားလိုက်ရ၏။
စစ်တပ်မှ ပေးထားသော အချက်အလက်များအရ ဇွန်ဘီဘုရင်တစ်ကောင်၏ နယ်မြေသည် ၎င်း၏ ခွန်အား တိုးပွားလာသည်နှင့်အမျှ ကျယ်ပြန့်လာတတ်သည်။ ဤဂေါ်ရီလာဇွန်ဘီ၏ ခွန်အားသည် သိသာထင်ရှားစွာ တိုးတက်လာခဲ့ပြီး ဖြစ်သဖြင့် ၎င်း၏ နယ်ပယ်ကို တိုးချဲ့လိုခြင်းမှာ သဘာဝကျ၏။
ဒုန်း— ဒုန်း—
ဂေါ်ရီလာဇွန်ဘီသည် ခြေလေးချောင်းဖြင့် ရွေ့လျားရင်း လမ်းတစ်လျှောက် မြင်သမျှအရာအားလုံးကို ရိုက်ပုတ်ပစ်ရာ စွန့်ပစ်ထားသော ယာဉ်များစွာ လွင့်စင်သွားကြသည်။
ရူးသွပ်ဇွန်ဘီ အတော်များများက ဆူညံသံကို ကြားပြီး အမှောင်ထုထဲမှ ပြေးထွက်လာကြသော်လည်း ဂေါ်ရီလာဇွန်ဘီဖြစ်ကြောင်း မြင်သည်နှင့် တပြိုင်နက် နောက်ဆုတ်သွားကြ၏။
ဂေါ်ရီလာဇွန်ဘီသည် ၎င်းတို့က ဇွန်ဘီဖြစ်စေ၊ မဖြစ်စေ ဂရုမစိုက်ပေ။ ၎င်း၏ လမ်းကို ပိတ်ဆို့ထားသမျှ အရာအားလုံးကို ရိုက်ထုတ်ပစ်နေသည်။
ယာဉ်များသာမက ဇွန်ဘီများစွာလည်း လွင့်စင်သွားကြ၏။ အထူးဇွန်ဘီ ဖြစ်သော ပေါက်ကွဲဇွန်ဘီတစ်ကောင်ပင် ရိုက်ပုတ်ခံရသဖြင့် ပေါက်ကွဲသွားသည်ကို မြင်လိုက်ရသည်။
ဒုန်း—
ပေါက်ကွဲဇွန်ဘီသည် ကျယ်လောင်သော အသံဖြင့် ပေါက်ကွဲသွားပြီး ဂေါ်ရီလာဇွန်ဘီ၏ သွေးပမာဏကို ၁၀၀ ကျော် ကုန်ဆုံးစေခဲ့၏။
"ကာကွယ်ရေးက အတော်ပဲ အားကောင်းတာပဲ"
ဝမ်ထောင်သည် ဤမြင်ကွင်းကြောင့် အံ့အားသင့်သွားရသည်။
ပေါက်ကွဲဇွန်ဘီ၏ ပေါက်ကွဲမှုစွမ်းအားသည် အထူးဇွန်ဘီတစ်ကောင်ကို ချက်ချင်း သေဆုံးစေနိုင်သော်လည်း ဂေါ်ရီလာဇွန်ဘီအား တစ်ရာကျော်မျှသာ ထိခိုက်ပျက်စီးမှု ပေးနိုင်ခဲ့၏။ ဤကာကွယ်ရေးမှာ မယုံနိုင်စရာပင်။
"ဒီဇွန်ဘီက အရင်ကထက် အများကြီး ပိုကြောက်ဖို့ကောင်းလာပြီ"
ဟန်ရွှေက ထိတ်လန့်စွာဖြင့် တိုးတိုးလေး ပြောလိုက်၏။ သူမ ဤဇွန်ဘီကို နောက်ဆုံးမြင်ခဲ့စဉ်က ဤမျှအထိ အားမကောင်းခဲ့ပါ။ ထိုစဉ်ကပင် သူတို့ မယှဉ်နိုင်ခဲ့ရာ ယခုဆိုလျှင် ပို၍ပင် မဖြစ်နိုင်တော့ပေ။
မကြာမီ ဂေါ်ရီလာဇွန်ဘီသည် ဆေးရုံဝင်ပေါက်သို့ ရောက်ရှိလာပြီး ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် ၎င်း၏ ရုပ်သွင်ကို အထင်အရှား မြင်တွေ့လိုက်ရသည်။
"အရင်ကထက် ပိုပြီး ပုပ်ပွနေပြီ၊ အချို့နေရာတွေမှာ အရိုးတွေကိုတောင် မြင်နေရတယ်..."
ဟန်ရွှေက တိုးတိုးလေး ပြောလိုက်၏။
"သူ တိုက်စားအက်ဆစ်မိုး မိထားတာ ဖြစ်ရမယ်..."
ယခင် စောင့်ကြည့်ချက်များအရ တိုက်စားအက်ဆစ်မိုး မိထားသော အပင်များသည် ညှိုးနွမ်းသေဆုံးသွားနိုင်သလို ပိုမိုရှင်သန်ကြီးထွားလာနိုင်ခြေလည်း ရှိသည်။ ဇွန်ဘီများအတွက်မူ တိုက်စားအက်ဆစ်မိုးသည် သူတို့၏ သွေးပမာဏကို တိုးပွားစေ၏။
သို့သော် လူသားများအတွက်မူ တိုက်စားအက်ဆစ်မိုး အလွန်အမင်း မိပါက အသက်အန္တရာယ် ရှိနိုင်သည်။ ဂေါ်ရီလာဇွန်ဘီ၏ သွေးပမာဏ တိုးပွားလာခြင်းမှာ တိုက်စားအက်ဆစ်မိုး အများပြား မိထားခြင်းကြောင့် ဖြစ်နိုင်၏။ ၎င်းသည် ယခင်က ဤမျှအထိ ပုပ်ပွမနေခဲ့ပေ။
ပုပ်ပွသည်ဖြစ်စေ၊ မပုပ်ပွသည်ဖြစ်စေ ဇွန်ဘီ၏ ခွန်အားကို သက်ရောက်မှု မရှိပါ။ သာမန်ဇွန်ဘီများသည် ပုပ်ပွလာသောအခါ အရှိန်လျော့သွားတတ်သော်လည်း ဤဂေါ်ရီလာဇွန်ဘီ၏ အရှိန်မှာမူ ယခင်ကအတိုင်းပင် ။
"ဂါး—"
"ဘုန်း..ဘုန်း.."
ဂေါ်ရီလာဇွန်ဘီသည် ဆေးရုံဆီသို့ ဦးတည်၍ ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ကြီးမားသော လက်သီးများဖြင့် ရင်ဘတ်ကို တီးခတ်လိုက်ရာ တကယ့်ဂေါ်ရီလာတစ်ကောင်နှင့်ပင် တူလှ၏။
"ဒါက ဘာကို ဆိုလိုတာလဲ"
ဝမ်ထောင် အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။
ဆေးရုံအတွင်းရှိ ဇွန်ဘီများသည် ဂေါ်ရီလာဇွန်ဘီ ပြုလုပ်လိုက်သော ဆူညံသံကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ အချို့က ၎င်းအား ကြည့်လိုက်ကြသော်လည်း အနားသို့ မချဉ်းကပ်ကြဘဲ အချို့ကမူ ၎င်းထံသို့ တည့်တည့် ဦးတည်သွားကြ၏။ ပြင်ပလူနာဌာနအဆောက်အအုံ အတွင်းမှလည်း ရူးသွပ်ဇွန်ဘီ အတော်များများ ပြေးထွက်လာကြသည်။
ဘဝတူဇွန်ဘီများကို ရင်ဆိုင်ရာတွင် ဂေါ်ရီလာဇွန်ဘီသည် အားနာမှုမရှိဘဲ ၎င်း၏ လက်များကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်၏။
ဒုန်း။
ဒုန်း။
ဇွန်ဘီတစ်ကောင်လျှင် လက်သီးတစ်ချက်စီဖြင့် လွင့်စင်သွားစေသည်။ အထူးဇွန်ဘီအချို့ပင် မှုန်မှုံညက်ညက် ကြေမွသွားကုန်၏။
ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်နေကြသည်။ အကယ်၍ သူတို့ ခုနက မထွက်ခွာခဲ့ပါက သူတို့၏ ကံကြမ္မာသည်လည်း ဤဇွန်ဘီများထက် ထူးခြားလိမ့်မည် မဟုတ်ပေ။
ဇွန်ဘီများတွင် အသိဉာဏ် မရှိကြသဖြင့် ဂေါ်ရီလာဇွန်ဘီအနားသို့ သွားခြင်းမှာ မိမိကိုယ်ကို သေကြောင်းကြံခြင်းဖြစ်သည်ကို မသိကြပေ။ ဆူညံသံကြောင့် ဆွဲဆောင်ခံရသဖြင့် အသိစိတ်မဲ့စွာပင် ထိုအသံမြည်ရာဆီသို့ လျှောက်သွားခဲ့ကြခြင်းပင်။
သို့သော် အထူးဇွန်ဘီများသည် အသိဉာဏ် အချို့ ရှိကြပုံရ၏။ သူတို့သည် သာမန်ဇွန်ဘီများကဲ့သို့ ဂေါ်ရီလာဇွန်ဘီ၏ အရိုက်အပုတ်ကို ငြိမ် ခံမနေကြဘဲ ပြန်လည်တိုက်ခိုက်ကြသည်။
ဂျာကင်အဖြူ ဝတ်ဆင်ထားသော ဆရာဝန်ဇွန်ဘီတစ်ကောင်သည် အိတ်ကပ်ထဲမှ ခွဲစိတ်ဓားတစ်စင်းကို ထုတ်ယူကာ ဂေါ်ရီလာဇွန်ဘီထံသို့ ပစ်ပေါက်လိုက်၏။
သို့သော် ထိုခွဲစိတ်ဓားများသည် ဂေါ်ရီလာဇွန်ဘီ၏ အရေပြားကိုပင် မဖောက်နိုင်ပါ။ ဂေါ်ရီလာဇွန်ဘီသည် မိမိအား ယားယံအောင် ပြုလုပ်နေသောအရာကို မြင်ပြီးနောက် ဟောင်းနွမ်းနေသော ကားတစ်စီးကို မယူကာ ဂျာကင်အဖြူဝတ်ဇွန်ဘီထံသို့ လှမ်းထုလိုက်၏။
ဒုန်း။
ဂျာကင်အဖြူဝတ်ဇွန်ဘီမှာ ပြားချပ်သွားပြီး ၎င်း၏ ၃၀၀၀ ရှိသော သွေးဘားတန်းမှာ ချက်ချင်းပင် သုည ဖြစ်သွားတော့သည်။
ဤသည်ကို အဝေးမှ ကြည့်နေသော ဝမ်ထောင်သည် ရင်ထဲ၌ နာကျင်မှုကို ခံစားလိုက်ရ၏။ သူရမည့် သွေးပမာဏ ၆၀ မှာ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။ အကယ်၍ မိမိသာ သတ်ခွင့်ရခဲ့လျှင်...။
ဂျာကင်အဖြူဝတ်ဇွန်ဘီအပြင် အခြားသော အထူးဇွန်ဘီများလည်း ချဉ်းကပ်လာကြသော်လည်း မည်သည့်ဇွန်ဘီမျှ ဂေါ်ရီလာဇွန်ဘီကို မယှဉ်နိုင်ကြပေ။
ဝမ်ထောင်သည် အထူးဇွန်ဘီများ ဆက်တိုက်သတ်ဖြတ်ခံရသည်ကို ကြည့်ရင်း သူတို့၏ အလောင်းများ ရှိရာ နေရာများကို စိတ်ထဲ၌ တိတ်တဆိတ် မှတ်သားထားလိုက်၏။
ဤနည်းဖြင့် သူ၏ အမြင့်ဆုံးသွေးပမာဏကို မတိုးနိုင်သလို တိုက်ပွဲပစ္စည်းများကျဆင်းခြင်းလည်း မရှိသော်လည်း ဇွန်ဘီအမြုတေများကတော့ ရှိနေဆဲ ဖြစ်သည်။ ဂေါ်ရီလာဇွန်ဘီ ထွက်ခွာသွားသည်နှင့် သူ သွားရောက် ကောက်ယူနိုင်သည် မဟုတ်ပါလား။
သို့သော် ဤဂေါ်ရီလာဇွန်ဘီသည်လည်း ထူးဆန်းလှ၏။ ၎င်းသည် ဆေးရုံအတွင်းသို့ မဝင်ဘဲ ပင်မဝင်ပေါက်၌သာ ဆက်တိုက် ဟိန်းဟောက်နေသည်။ ဇွန်ဘီအရေအတွက် မည်မျှအထိ သတ်ဖြတ်ပြီးသည်ကို မသိရသော်လည်း အချိန်တော်တော်ကြားမှ ဂေါ်ရီလာဇွန်ဘီသည် ဆေးရုံအတွင်းသို့ ရုတ်တရက် အရှိန်ပြင်းဝင်တိုက်ကာ ဝင်သွားတော့၏။
ထို့နောက် ၎င်းသည် လူနာဆောင်အဆောက်အအုံဆီသို့ တည့်တည့် ဝင်ဆောင့်လိုက်သည်။
ဝုန်း—
၎င်းသည် အဆောက်အအုံနံရံကို ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်သွားစေပြီး ဂေါ်ရီလာဇွန်ဘီ၏ ရုပ်သွင်သည်လည်း ပျောက်ကွယ်သွား၏။
အခြားဇွန်ဘီများသည်လည်း ထိုအပေါက်ကြီးဆီသို့ အသံနောက်လိုက်လျက် လိုက်ပါသွားကြသည်။
မကြာမီ ဆေးရုံဝင်ပေါက် သို့မဟုတ် ဝန်းအတွင်း၌ ဇွန်ဘီတစ်ကောင်မျှ မကျန်တော့ဘဲ ၎င်းတို့အားလုံးမှာ ဂေါ်ရီလာဇွန်ဘီ၏ ဆူညံသံကြောင့် ဆွဲဆောင်ခေါ်ဆောင်သွားခြင်း ခံလိုက်ရ၏။
ဝမ်ထောင်သည် မြေပြင်အနှံ့ ပျံ့ကြဲနေသော အလောင်းများကို ကြည့်ရင်း စိတ်လှုပ်ရှားမိသည်။ သို့သော်လည်း သူ စိတ်ကို ထိန်းထားဆဲ ဖြစ်၏။ အဆုံး၌ ဂေါ်ရီလာဇွန်ဘီသည် အဆောက်အအုံအတွင်း၌ ရှိနေသေးသည်။
သုံးမိနစ်ခန့် ကြာပြီးနောက် ကျယ်လောင်သော အသံကြီးနှင့်အတူ ဂေါ်ရီလာဇွန်ဘီသည် အခြားတစ်ဖက်ရှိ နံရံကို ဖောက်ထွက်ကာ ပြေးထွက်လာပြန်၏။
"ဟင်။ သူ ထွက်သွားပြီလား"
ဝမ်ထောင်သည် ဂေါ်ရီလာဇွန်ဘီ၏ သွေးဘားတန်း လျော့ကျမသွားသည်ကို မြင်လိုက်ရပြီး ၎င်း အတွင်း၌ ဘာလုပ်နေခဲ့သည်ကိုမူ မသိရပေ။ သို့သော် ဂေါ်ရီလာဇွန်ဘီ ထွက်ခွာသွားခြင်းမှာ ကောင်းမွန်သောအချက်ဖြစ်ပြီး ၎င်းသည် အခြားလမ်းကြောင်းတစ်ခုကို အသုံးပြုသွားသောကြောင့် သူတို့ အချင်းချင်း ဆုံတွေ့ကြလိမ့်မည် မဟုတ်ပေ။
"မြန်မြန် မြန်မြန်။ အမြုတေတွေကို သွားကောက်ရအောင်"
ဂေါ်ရီလာဇွန်ဘီ ထွက်ခွာသွားခြင်းနှင့် ဆေးရုံအတွင်းရှိ ဇွန်ဘီများအားလုံး ၎င်းကြောင့် ဆွဲဆောင်ခေါ်ဆောင်သွားခြင်း အခွင့်အရေးကို အသုံးချကာ ဇွန်ဘီအမြုတေများကို ကောက်ယူရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။
ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် ဆေးရုံဝင်ပေါက်ဆီသို့ လျင်မြန်စွာ ပြေးသွားကြ၏။ ဇွန်ဘီအလောင်းပုံကြီးကို ကြည့်ရင်း ဝမ်ထောင်၏ ပါးစပ်မှာ နားရွက်ချိတ်မတတ် ပြုံးဖြဲသွားတော့သည်။
သုံးမိနစ်ခန့် ကြာပြီးနောက် ထိုဇွန်ဘီများသည် လူနာ ဌာနအတွင်းမှ ပြန်လည်ထွက်လာတော့မည့်ပုံ ပေါ်နေသဖြင့် ဝမ်ထောင်သည် ဟန်ရွှေအား နောက်ဆုတ်ရန် ကပျာကယာ ခေါ်လိုက်၏။
"သွားစို့"
ဤနေရာတွင် သေဆုံးနေသော အထူးဇွန်ဘီအချို့ ရှိနေနိုင်သေးသော်လည်း ဇွန်ဘီအလောင်းများထဲတွင် အထူးဇွန်ဘီ အလောင်းများကို ရှာဖွေရခြင်းမှာ အတော်လေး ဒုက္ခများလှသည်။ ပြဿနာမှာ ၄င်းတို့က သေဆုံးနေသဖြင့် သွေးဘားတန်းများ သုညဖြစ်သွားပြီးနောက် ဝမ်ထောင်အနေဖြင့် ၎င်းတို့အား အလွယ်တကူ ခွဲခြား၍ မရနိုင်တော့ပေ။ အလောင်းများကို တစ်ခုစီ လိုက်ရှာနေရ၏။
ထို့အပြင် ဆေးရုံအတွင်းရှိ အထူးဇွန်ဘီများကသာ ပြင်ပရှိ အရာများနှင့် အနည်းငယ် ကွာခြားကာ ဤနေရာရှိ ဇွန်ဘီများအားလုံးမှာတော့ ရုပ်ချင်းဆင်တူသဖြင့် ပြင်ပအသွင်သဏ္ဌာန်ကို ကြည့်၍ ဆုံးဖြတ်ရန် ခက်ခဲလှသည်။
သူတို့နှစ်ဦးသည် တိုက်ခန်းဆီသို့ တစ်ဖန် ပြန်လည်ရောက်ရှိလာကြ၏။
အိတ်အတွင်းရှိ အမြုတေပုံကြီးကို ကြည့်ရင်း ဟန်ရွှေသည် အသိစိတ်မဲ့စွာပင် တံတွေးမြိုချလိုက်မိသည်။
ဝမ်ထောင် ရေတွက်ကြည့်လိုက်ရာ စုစုပေါင်း အမြုတေ ၃၇ ခု ကောက်ယူနိုင်ခဲ့ကြ၏။
အကယ်၍ ဂေါ်ရီလာဇွန်ဘီသာ မရှိခဲ့ပါက သူသည် ဤမျှအထိ များပြားသော အမြုတေများ ရရှိရန် ဇွန်ဘီများကို အတော်ကြာအောင် သတ်ဖြတ်ရပေလိမ့်မည်။
ထို့အပြင် အမြုတေများထဲတွင် လိမ္မော်ရောင်အမြုတေ သုံးခုပင် ပါဝင်နေသေးသည်။
ဤလိမ္မော်ရောင် မော်ကွန်းဝင်အဆင့်အမြုတေ သုံးခုကို မြင်တွေ့ရသောအခါ ဝမ်ထောင် အနည်းငယ် ရင်ခုန်သွားရ၏။
ဤသည်မှာ သူ့ဘဝတွင် ဇွန်ဘီတစ်ကောင်၏ ဦးခေါင်းအတွင်းမှ လိမ္မော်ရောင်အမြုတေကို ပထမဆုံးအကြိမ် ရရှိခြင်း ဖြစ်ရမည်။
သူ အသုံးပြုခဲ့သော အမြုတေများသည် လိမ္မော်ရောင်များ ဖြစ်ကြသော်လည်း ထိုအရာများမှာ သူ ကိုယ်တိုင် အမြုတေ နှစ်ခု သို့မဟုတ် သုံးခုဖြင့် ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်သည်။ ဇွန်ဘီများထံမှ တိုက်ရိုက်တူးဖော်ရရှိသော သဘာဝ လိမ္မော်ရောင်အမြုတေကို ရရှိခြင်းမှာမူ ယခုက ပထမဆုံးအကြိမ် ဖြစ်၏။
ဝမ်ထောင်သည် သဘာဝ လိမ္မော်ရောင်အမြုတေများ အမှန်တကယ် ရှိ၊ မရှိ ယခင်က သံသယဝင်ခဲ့ဖူးသည်။ အဆုံး၌ သူသည် နီရောင်အမြုတေများစွာ မြင်ဖူးသော်လည်း လိမ္မော်ရောင်တစ်ခုမျှ မမြင်ဖူးခဲ့ပေ။
သို့သော် ယခုအချိန်တွင် ဝမ်ထောင် သိလိုက်ရသည်မှာ လိမ္မော်ရောင်အမြုတေများ မရှိခြင်း မဟုတ်ဘဲ သူ၏ ကံတရားကသာ အလွန် ညံ့ဖျင်းနေခဲ့ခြင်းပင်။ ဤလိမ္မော်ရောင်အမြုတေ သုံးခုမှာ ပစ်ပေါက်မှုကျွမ်းကျင်ခြင်း၊ ခွန်အားကြီးမားခြင်းနှင့် လျှာရှည်တို့ ဖြစ်ကြ၏။
【အဆင့် ၁ အမြုတေ · ပစ်ပေါက်မှုကျွမ်းကျင်ခြင်း】
【အရည်အသွေး: မော်ကွန်းဝင်အဆင့် (၁၀၀%)】
【သန့်စင်မှု: ၅၀% (ဘေးထွက်ဆိုးကျိုး: စိတ်ဆတ်ခြင်း)】
...【အဆင့် ၁ အမြုတေ · ခွန်အားကြီးမားခြင်း】
【အရည်အသွေး: မော်ကွန်းဝင်အဆင့် (၁၀၀%)】
【သန့်စင်မှု: ၅၀% (ဘေးထွက်ဆိုးကျိုး: ခွန်အားသည်ခန္ဓာကိုယ်အရွယ်အစားနှင့်အချိုးကျခြင်း)】
...【အဆင့် ၁ အမြုတေ · လျှာရှည်】
【အရည်အသွေး: မော်ကွန်းဝင်အဆင့် (၁၀၀%)】
【သန့်စင်မှု: ၅၀% (ဘေးထွက်ဆိုးကျိုး: စိတ်အပြောင်းအလဲမြန်ခြင်း)】
ဤအမြုတေ သုံးခုစလုံးမှာ အတော်လေး အသုံးဝင်လှသည်။ ဝမ်ထောင်သည် 'ပစ်ပေါက်မှုကျွမ်းကျင်ခြင်း' နှင့် 'ခွန်အားကြီးမားခြင်း' နှစ်ခုစလုံးကို ရယူလိုစိတ် ရှိနေ၏။
သို့သော် သဘာဝ လိမ္မော်ရောင်အမြုတေများသည် ပေါင်းစပ်ထားသော အရာများနှင့် ကွာခြားမှု ရှိနေဆဲ ဖြစ်သည်။ ၎င်းတို့နှစ်ခုစလုံး၏ အောင်မြင်မှုနှုန်းမှာ ၁၀၀% ဖြစ်သော်လည်း သဘာဝ အမြုတေများတွင် ခန္ဓာကိုယ်တွင်းအညစ်အကြေးများနှင့် ဘေးထွက်ဆိုးကျိုးများကတော့ ရှိနေဆဲ ဖြစ်သည်။
ဝမ်ထောင်သည် ဤအမြုတေ သုံးခုကို မိမိကိုယ်တိုင် အသုံးပြုလိမ့်မည် မဟုတ်သည်မှာ သေချာလှပြီး ၎င်းတို့အား ပေါင်းစပ်ခြင်းအတွက် အသုံးပြုရန်မှာလည်း နှမြောစရာ ဖြစ်သဖြင့် အခြေစိုက်စခန်းသို့ ပြန်ယူသွားကာ အခြားသူများ လိုအပ်ခြင်း ရှိ၊ မရှိ ကြည့်ရှုရန် ဆုံးဖြတ်လိုက်၏။
ထိုအမြုတေ သုံးခုအပြင် ချောင်းဆိုးစေသောမီးခိုးနှင့် ပြန်လည်ပြည့်ဖြိုးခြင်းကဲ့သို့သော အခြားအရာများစွာလည်း ရှိသေးသည်။ သူ ယခင်က မြင်တွေ့ခဲ့ဖူးသော မိမိကိုယ်ကိုဖောက်ခွဲခြင်း၊ တုန်ခါမှုလှိုင်း၊ တိကျစွာပစ်ခတ်ခြင်း စသည်တို့လည်း ပါဝင်၏။
"မင်း တစ်ခုခု အသုံးပြုချင်လား"
ဝမ်ထောင်က ဟန်ရွှေအား မေးလိုက်သည်။
သူတို့ အတူတူ ရရှိခဲ့ခြင်း ဖြစ်သဖြင့် သူမတွင်လည်း သဘာဝကျစွာ ရွေးချယ်ခွင့် ရှိသည်။
"ကျွန်မ..."
ဟန်ရွှေသည် အမြုတေများစွာကို ကြည့်ရင်း သူမ၏ မျက်လုံးများ တောက်ပသွားသော်လည်း မည်သည့်အရာကို ရွေးချယ်ရမည်ကို မသိဖြစ်နေ၏။ လက်တွေ့တွင် သူမ အလိုချင်ဆုံးအရာမှာ အာရုံခံနိုင်စွမ်း အမြုတေ ဖြစ်သော်လည်း နှမြောစရာကောင်းလှစွာဖြင့် ဤအတောအတွင်း သူမသည် ထိုအာရုံခံနိုင်စွမ်းရှိသောဇွန်ဘီ တစ်ကောင်တည်းကိုသာ မြင်ဖူးခဲ့ပြီး ထိုအချိန်မှစ၍ ထပ်မံမတွေ့ရတော့ပေ။
"ရှင်ပဲ ကျွန်မနဲ့ ဘယ်လို အမြုတေမျိုး သင့်တော်မလဲဆိုတာ ကြည့်ပေးပါလား..."
ဟန်ရွှေက ဝမ်ထောင်အား ကြည့်လိုက်၏။ သူမသည် သူ့ကို အပြည့်အဝ ယုံကြည်ထားသဖြင့် သူ၏ ရွေးချယ်မှုက မိမိထက် ပိုမိုသင့်တော်လိမ့်မည်ဟု ခံစားလိုက်ရသည်။
"ငါ့အမြင်အရတော့ မင်း ပစ်ပေါက်မှုကျွမ်းကျင်ခြင်းတစ်ခုကို ယူတာ ကောင်းမယ် ထင်တယ်၊ ဒါမှမဟုတ် ပြန်လည်ပြည့်ဖြိုးခြင်း ဒါမှမဟုတ် တုန်ခါမှုလှိုင်းလည်း ဖြစ်နိုင်တာပဲ..."
ဝမ်ထောင်သည် ခေတ္တမျှ တွေးတောပြီးနောက် ပြောလိုက်၏။ လက်တွေ့တွင် တိကျစွာပစ်ခတ်ခြင်းသည်လည်း ဟန်ရွှေနှင့် အတော်လေး သင့်တော်လှသော်လည်း သူသည် ထိုအမြုတေကို မိမိကိုယ်တိုင် အသုံးပြုရန် လိုအပ်နေသဖြင့် မိမိ၏ လိုအပ်ချက်ကို အရင်ဆုံး ဖြည့်ဆည်းရမည် ဖြစ်သည်။
"ဒါဆို... ကျွန်မ ပစ်ပေါက်မှုကျွမ်းကျင်ခြင်း အမြုတေကိုပဲ လိုချင်တယ်"
ဟန်ရွှေတွင် အရှိန်ပြင်းဝင်တိုက်စွမ်းရည် ရှိနေသော်လည်း သူမသည် အဝေးမှ တိုက်ခိုက်ခြင်းကို ပိုမိုနှစ်သက်ဆဲ ဖြစ်သည်။
"ကောင်းပါပြီ၊ ဒါပေမဲ့... အခုချက်ချင်း ပေါင်းစပ်ဖို့ မလောပါနဲ့ဦး။ ငါ ဒီအမြုတေကို မင်းအတွက် အရင်ဆုံး သိမ်းဆည်းပေးထားမယ်"
"ဟုတ်ကဲ့"
ဟန်ရွှေသည် အကြောင်းရင်းကို မမေးဘဲ ချက်ချင်း သဘောတူလိုက်၏။
ဝမ်ထောင်သည် ဟန်ရွှေ၏ အကြွင်းမဲ့ ယုံကြည်မှုကို မြင်တွေ့ရသဖြင့် ပြုံးလိုက်မိသည်။
သူသည် ပြဿနာတစ်ခုကို ရုတ်တရက် တွေးမိသွား၏။ သူသည် ယခင်က အမြုတေ၏ ခန္ဓာကိုယ်တွင်းအညစ်အကြေးများ ပြဿနာကို အမှန်တကယ် ဂရုမပြုခဲ့မိဘဲ ဘေးထွက်ဆိုးကျိုးများကိုသာ ပိုမိုစိတ်ဝင်စားခဲ့သည်။
အဆုံး၌ ခန္ဓာကိုယ်တွင်းအညစ်အကြေးများသည် အဆင့်တစ်ခုအထိ စုပုံလာမှသာ ပြဿနာ ဖြစ်ပေါ်စေတတ်ပြီး များသောအားဖြင့် ခန္ဓာကိုယ်တွင်းအညစ်အကြေး အနည်းငယ် ရှိနေခြင်းမှာ ကြီးမားသော ကိစ္စတစ်ခု မဟုတ်ပေ။
ဘေးထွက်ဆိုးကျိုးများမှာမူ ခန္ဓာကိုယ် အသွင်ပြောင်းလဲခြင်းမှသည် လူတစ်ဦး၏ အရည်အသွေးကို သက်ရောက်မှု ရှိသည်အထိ အတော်လေး ထင်ရှားလှ၏။၄င်းမှာ ထင်ထားသည်ထက် များစွာ ပိုမိုကြောက်ဖို့ကောင်းလှသည်။
သို့သော် ယခုအကြိမ်တွင် ရှောက်ယုံကို မြင်တွေ့ပြီးနောက် ဝမ်ထောင်သည် အမြုတေအတွင်းရှိ ခန္ဓာကိုယ်တွင်းအညစ်အကြေးများကို လျစ်လျူရှု၍ မရတော့ကြောင်း ရုတ်တရက် သဘောပေါက်လိုက်၏။
အဘယ်ကြောင့်ဆိုသော် ရှောက်ယုံ၏ ခန္ဓာကိုယ်တွင်း ခန္ဓာကိုယ်တွင်းအညစ်အကြေး ပမာဏမှာ ၇၀% သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။
ခန္ဓာကိုယ်တွင်းအညစ်အကြေးများ ၁၀၀% သို့ ရောက်ရှိသွားပါက ဇွန်ဘီအဖြစ်သို့ မလွဲမသွေ ပြောင်းလဲသွားပေလိမ့်မည်။ သို့သော် ၎င်းသည် ၁၀၀% အောက်တွင် ရှိနေသရွေ့ အဆင်ပြေသည်ဟုလည်း မဆိုလိုပေ။
သူ ဇွန်ဘီအမြုတေကို ပထမဆုံးအကြိမ် မြင်တွေ့စဉ်က သတိပေးချက်တွင် အထင်အရှား ဖော်ပြထားခဲ့သည်မှာ—ခန္ဓာကိုယ်တွင်း ခန္ဓာကိုယ်တွင်းအညစ်အကြေးများ ပိုမိုများပြားလေလေ၊ ဇွန်ဘီအဖြစ်သို့ ပြောင်းလဲသွားနိုင်ခြေ ပိုမိုမြင့်မားလေလေ ဖြစ်၏။
ဝမ်ထောင်သည် ရှောက်ယုံ၏ ခန္ဓာကိုယ်တွင် ခန္ဓာကိုယ်တွင်းအညစ်အကြေး ၇၀% ရှိနေခြင်းကြောင့် ဇွန်ဘီအဖြစ် ပြောင်းလဲနိုင်ခြေ မည်မျှအထိ မြင့်မားသည်ကို မသိသော်လည်း အကယ်၍ ၁% မျှသာ ရှိလျှင်ပင် ၎င်းသည် အချိန်ကိုက်ဗုံးတစ်လုံးသဖွယ် ဖြစ်နေ၏။ မည်သည့်အချိန်တွင် ပြောင်းလဲသွားမည်ကို မပြောနိုင်ပေ။ ထို့ကြောင့် ခန္ဓာကိုယ်တွင်းအညစ်အကြေးများ ပြဿနာကို ယခုအချိန်တွင် လေးနက်စွာ စဉ်းစားရမည် ဖြစ်သည်။
ဝမ်ထောင်သည် ရှောက်ယုံတွင် ဤမျှအထိ များပြားသော ခန္ဓာကိုယ်တွင်းအညစ်အကြေးများ စုပုံလာခြင်းမှာ သူသည် ဇွန်ဘီအမြုတေများကို အလွန်အမင်း ပေါင်းစပ်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ခန့်မှန်းလိုက်၏။
သူ၌ စွမ်းအင်ပမာဏ ၄၀၀၀ ရှိနေသဖြင့် ၎င်းသည် အနည်းဆုံး ဇွန်ဘီအမြုတေ ၄၀ ခန့် ပေါင်းစပ်ထားခြင်းကို ဆိုလိုပြီး လက်တွေ့တွင်မူ ထိုထက် များစွာ ပိုမိုများပြားကာ နှစ်ဆ သို့မဟုတ် ထိုထက်မက ဖြစ်နိုင်ခြေ ရှိသည်။
ဝမ်ထောင်သည် အမြုတေတစ်ခုကို ပေါင်းစပ်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းအညစ်အကြေး မည်မျှအထိ စုပုံလာသည်ကို အတိအကျ မသိရပေ.။
သေချာပေါက်ပင် ဝမ်ထောင် မိမိကိုယ်တိုင်ကမူ သန့်စင်မှု ၁၀၀% ရှိသော အမြုတေများကိုသာ ပေါင်းစပ်သောကြောင့် ခန္ဓာကိုယ်တွင်းအညစ်အကြေးများကို ဂရုပြုရန် မလိုပေ။ သို့သော် ဤကမ္ဘာပျက်ကပ်အတွင်း ဝမ်ထောင် တစ်ဦးတည်းသာ ရှိနေခြင်း မဟုတ်ဘဲ သူ့တွင် သူငယ်ချင်းများ၊ အသင်းဖော်များနှင့် တစ်ခုလုံးသော ရွှေကျဲအခြေစိုက်စခန်းလည်း ရှိနေသေးသည်။ ထို့ကြောင့် သူသည် ဤအချက်ကို သိရှိအောင် ပြုလုပ်ရမည် ဖြစ်၏။ ဝမ်ထောင်သည် ဟန်ရွှေအား ကြည့်လိုက်ရာ သူမ၏ သွေးဘားတန်းအောက်ရှိ ခန္ဓာကိုယ်တွင်းအညစ်အကြေး အရည်အသွေးတွင် "၁%" ဟု ပြသနေသည်။ ၎င်းသည် အလွန်နည်းပါးပြီး အန္တရာယ်မရှိပုံ ပေါ်နေသော်လည်း သူမသည် ဇွန်ဘီအမြုတေ အနည်းငယ်သာ ပေါင်းစပ်ရသေးပြီး လက်ရှိအချိန်အထိ စုစုပေါင်း သုံးခုသာ ရှိသေးသည်။
ဟန်ရွှေ၏ ခန္ဓာကိုယ်တွင်းအညစ်အကြေးများကိုသာ ကြည့်ခြင်းဖြင့် ဝမ်ထောင်အနေဖြင့် ဆုံးဖြတ်ချက် မချနိုင်သေးဘဲ အခြားသူများ၏ အရည်အသွေးများနှင့် နှိုင်းယှဉ်ကြည့်ရမည် ဖြစ်၏ ။
မကြာသေးမီက အခြေစိုက်စခန်းအတွင်းရှိ ကော်မတီဝင်များ အားလုံးမှာ စွမ်းရည်ရှင်များ ဖြစ်လာကြသဖြင့် သူ ပြန်ရောက်မှသာ ၎င်းတို့အား သေချာစွာ လေ့လာနိုင်ပါမည်။
ဝမ်ထောင်သည် အခြားအမြုတေများကို ထပ်မံကြည့်ရှုလိုက်ရာ ၎င်းတို့အထဲတွင် ပစ်ပေါက်မှုကျွမ်းကျင်ခြင်း၊ ခွန်အားကြီးမားခြင်း၊ အရှိန်ပြင်းဝင်တိုက် စသည်တို့ကဲ့သို့သော သူ အသုံးပြုနိုင်သည့် အရာများစွာ ပါဝင်နေသည်။
သို့သော် ဝမ်ထောင်အား အပျော်ရွှင်ဆုံး ဖြစ်စေသည်မှာ သူသည် နောက်ဆုံး၌ ကိုယ်တိုင်ကုသခြင်း အမြုတေတစ်ခုကို မြင်တွေ့လိုက်ရခြင်း ဖြစ်၏။
【အဆင့် ၁ အမြုတေ · ကိုယ်တိုင်ကုသခြင်း】
【အရည်အသွေး: ထူးချွန် (၈၀%)】
【သန့်စင်မှု: ၅၀% (ဘေးထွက်ဆိုးကျိုး: အထိအတွေ့အာရုံခံစားမှုလျော့နည်းခြင်း)】
【ကိုယ်တိုင်ကုသခြင်း: ကြာချိန်တစ်ခုအတွင်းမှာ ဒဏ်ရာအချို့ကို ဖြည်းဖြည်းချင်း ပြန်လည်ကုသပေးနိုင်သည်】
ဤသည်မှာ ထူးချွန် အရည်အသွေးရှိသော ကိုယ်တိုင်ကုသခြင်း အမြုတေ ဖြစ်သည်။ တစ်ခုတည်းသာ ရှိသော်လည်း သူ ပေါင်းစပ်ရန်အတွက် လုံလောက်၏။ အဘယ်ကြောင့်ဆိုသော် သူ၏ လက်ထဲတွင် သာမန်အရည်အသွေးရှိသော ကိုယ်တိုင်ကုသခြင်း အမြုတေတစ်ခု ရှိနှင့်ပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့နှစ်ခုကို ပေါင်းစပ်လိုက်ပါက ဘေးထွက်ဆိုးကျိုး သို့မဟုတ် ခန္ဓာကိုယ်တွင်းအညစ်အကြေးများ မရှိသော မော်ကွန်းဝင်အဆင့်အမြုတေတစ်ခု ရရှိလာလိမ့်မည်။
ယခုအချိန်တွင် ဝမ်ထောင်သည် မည်သည့်အမြုတေကို ပေါင်းစပ်ရမည်ကို စဉ်းစားရခက်မနေတော့ဘဲ ကိုယ်တိုင်ကုသခြင်းကိုသာ ပေါင်းစပ်တော့မည် ဖြစ်၏။
"ခေါင်မိုးပေါ်ကို သွားပြီး ပတ်ဝန်းကျင်မှာ ဇွန်ဘီတွေ ရှိ၊ မရှိ စောင့်ကြည့်ပေးပါဦး။ ငါတို့ ဒီနေရာမှာ နောက်ထပ် တစ်ည နားရလိမ့်မယ်"
"အင်း"
ဟန်ရွှေအား လွှတ်လိုက်ပြီးနောက် ဝမ်ထောင်သည် အမြုတေများကို သူ၏ ဟင်းလင်းပြင်ကျောပိုးအိတ်အတွင်းသို့ ချက်ချင်း သိမ်းဆည်းလိုက်၏။ သူ၏ ဟင်းလင်းပြင်ကျောပိုးအိတ်အတွင်း၌ အမြုတေ အတော်များများ ရှိနှင့်ပြီးဖြစ်ရာ ဤအရာများကို ထည့်လိုက်သောအခါ အမြုတေပုံကြီးမှာ သိသာထင်ရှားစွာ ပိုမိုကြီးမားသွားသည်။
ထို့နောက် သူသည် လက်တလော လိုအပ်နေသော အမြုတေများအားလုံးကို ပေါင်းစပ်လိုက်၏။
ခုနစ်ရောင်ခြယ်အလင်းတန်း တစ်ချက် တောက်ပသွားပြီးနောက် သူ၏ ဟင်းလင်းပြင်ကျောပိုးအိတ်အတွင်း၌ လိမ္မော်ရောင်အမြုတေ ၆ ခု ပေါ်လာသည်။
【အဆင့် ၁ အမြုတေ · တိကျစွာပစ်ခတ်ခြင်း * ၂】
【အဆင့် ၁ အမြုတေ · ကြေးအရေပြားသံမဏိအရိုး * ၃】
【အဆင့် ၁ အမြုတေ · ကိုယ်တိုင်ကုသခြင်း * ၁】
မည်သည့် စကားမျှ မဆိုဘဲ ဝမ်ထောင်သည် တိကျစွာပစ်ခတ်ခြင်း အမြုတေနှစ်ခုကို သူ၏ ပါးစပ်ထဲသို့ တစ်ခုပြီးတစ်ခု အရင်ဆုံး ထည့်လိုက်ရာ ပေါင်းစပ်လိုက်စဉ်အတွင်း သူ၏ ခန္ဓာကိုယ်၌ နွေးထွေးသောအာရုံခံစားမှု လှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် သူသည် ကြေးအရေပြားသံမဏိအရိုး အမြုတေများကို သူ၏ ပါးစပ်ထဲသို့ တစ်ခုပြီးတစ်ခု ထပ်မံထည့်လိုက်၏။
ထိုနွေးထွေးသောအာရုံခံစားမှုသည် သူ၏ ခန္ဓာကိုယ်ဆီသို့ တစ်ဖန် ပြန်လည်ရောက်ရှိလာပြန်သည်။
ခေတ္တမျှ ကြာပြီးနောက် "ကြေးအရေပြားသံမဏိအရိုး" သုံးခုစလုံးမှာ ဝမ်ထောင်၏ ပေါင်းစပ်ခြင်း ခံလိုက်ရ၏။
ထို့နောက် ဝမ်ထောင်သည် နောက်ဆုံးဖြစ်သော ကိုယ်တိုင်ကုသခြင်း အမြုတေကို ကြည့်လိုက်သည်။
လွန်ခဲ့သော ရက်များက ဝမ်ထောင်သည် မိမိ၏ အကန့်အသတ်မှာ အမြုတေ လေးမျိုး ပေါင်းစပ်ခြင်းဖြစ်သည်ဟု ခံစားခဲ့ရသော်လည်း သူ၏ ခွန်အားမှာ ထိုပေါင်းစပ်ခြင်းကို အတင်းအကျပ် ပြုလုပ်နိုင်ရန် လုံလောက်မှု မရှိခဲ့ပေ။
သို့သော် ယခုအချိန်တွင် သူ၏ ခွန်အားက လုံလောက်မှု ရှိနေပြီဖြစ်ရာ စတုတ္ထမြောက် အမြုတေအမျိုးအစားကို ပေါင်းစပ်ရန်မှာ မည်သည့် ပြဿနာမျှ မရှိတော့ကြောင်း ခံစားလိုက်ရ၏။
သို့သော်လည်း ဘေးကင်းစေရန်အတွက် သူသည် ဟန်ရွှေ ပြန်လာသည်အထိ စောင့်ဆိုင်းပြီးမှသာ ထိုဇွန်ဘီအမြုတေကို မျိုချလိုက်သည်။
ချက်ချင်းပင် ဝမ်ထောင်သည် သူ၏ ခန္ဓာကိုယ် အလွန် နွေးထွေးလာသည်—မဟုတ်ပါ၊ အလွန် ပူပြင်းလာသည်ဟု ခံစားလိုက်ရ၏။
ထို့ကြောင့် ဝမ်ထောင်သည် သူ၏ အဝတ်အစားများအားလုံးကို ချွတ်ပစ်လိုက်သည်။ သူ့အနားတွင် ရှိနေသော ဟန်ရွှေသည် အနည်းငယ် ဆွံ့အသွားရ၏။
ပထမတွင် သူမက ဝမ်ထောင်သည် ဤကဲ့သို့သော အချိန်မျိုးတွင် မိမိအား တစ်စုံတစ်ခု ပြုလုပ်လိုသည်ဟု ထင်မိလိုက်၏။သို့သော် ဝမ်ထောင်သည် ထိုကဲ့သို့သော လူမျိုးမဟုတ်ပေ ၊ သူတို့ အန္တရာယ်အနီး၌ ရှိနေစဉ်အတွင်း သူသည် ဤကဲ့သို့သောအရာများအတွက် စွမ်းအင်ကို မည်သည့်အခါမျှ ဖြုန်းတီးလိမ့်မည် မဟုတ်ပေ။
ဝမ်ထောင်က ဟန်ရွှေအား သူသည် အမြုတေအသစ်တစ်ခုကို ပေါင်းစပ်နေခြင်းဖြစ်ပြီး သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် ပူနေရုံမျှသာ ဖြစ်ကြောင်း ပြောပြလိုက်၏။
ထိုအခါမှ ဟန်ရွှေသည် ဝမ်ထောင်အား ယပ်ခတ်ပေးရန် ကပျာကယာ ကပ်လာခဲ့သည်။
သို့သော် ဝမ်ထောင်သည် ယခုအကြိမ်တွင် ဖြစ်ပေါ်လာသော အပူရှိန်မှာ ယခင်အကြိမ်ကဲ့သို့ မပြင်းထန်လှဘဲ ဆိုးဆိုးရွားရွာ မခံစားရကြောင်း သိလိုက်ရ၏။
၄င်းမှာ သူ၏ ခွန်အား တိုးပွားလာခြင်းကြောင့် ဖြစ်နိုင်လားတော့ မပြောတတ်ပေ။
မိနစ်အနည်းငယ် ကြာပြီးနောက် ဝမ်ထောင်သည် သူ၏ ခန္ဓာကိုယ်အပူချိန် ဖြည်းဖြည်းချင်း လျော့ကျသွားသည်ကို ခံစားလိုက်ရပြီး မကြာမီ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
ဟန်ရွှေသည် ဝမ်ထောင်၏ လက်မောင်းကို ကိုင်ထားခဲ့ပြီး သူ၏ အရေပြားမှာ သိပ်မပူတော့ကြောင်း သိရမှသာ သက်ပြင်းတစ်ချက် ချနိုင်တော့၏။
တစ်ချိန်တည်းမှာပင် ဝမ်ထောင်သည် သူ၏ အရည်အသွေးများကို ကြည့်လိုက်သည်။
သွေးပမာဏ 【၃၄၁၀/၃၄၁၀】
စွမ်းအင်ပမာဏ 【၂၀၀၀/၂၀၀၀】
သူ၏ စွမ်းအင်ပမာဏမှာ ၁၄၀၀ မှ ၂၀၀၀ သို့ တိုးမြင့်သွားခဲ့ပြီ ဖြစ်သည်။ ဤမျှအထိ များပြားသော စွမ်းအင်ပမာဏနှင့်ဆိုလျှင် ကြာမြင့်သော တိုက်ပွဲတစ်ခု မဟုတ်သရွေ့ သူသည် စွမ်းအင်သုံးစွဲမှုအတွက် ပူပန်ရန် မလိုတော့ပေ။
နောက်တစ်ခုမှာ သူ၏ စွမ်းရည် ဖြစ်သည်။
【တုန်ခါမှုလှိုင်း +၁၀】
【ကြေးအရေပြားသံမဏိအရိုး +၆】
【တိကျစွာပစ်ခတ်ခြင်း +၃】
【ကိုယ်တိုင်ကုသခြင်း +၁】
စွမ်းရည်လေးခုအနက် တုန်ခါမှုလှိုင်းသည် ၎င်း၏ အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း အခြားသုံးခုမှာမူ တိုးတက်ရန် နေရာများစွာ ရှိနေသေးသည်။
ဝမ်ထောင်သည် လက်ရှိတွင် မိမိ၏ တိုက်ခိုက်ရေးစွမ်းရည် မည်မျှအထိ သန်မာလာသည်ကို အတိအကျ မသိရပေ။ အဓိက အကြောင်းရင်းမှာ သူသည် အလွန်အမင်း သတိကြီးလွန်းသောကြောင့် ဖြစ်၏။
အကယ်၍ လူနှစ်ဦး အတူတူ ထွက်တိုက်နိုင်ပါက သူသည် တစ်ဦးတည်း မည်သည့်အခါမျှ သွားလိမ့်မည် မဟုတ်ပါ။ အကယ်၍ အဝေးမှ တိုက်ခိုက်ရန် ဒူးလေးကို အသုံးပြုနိုင်ပါက သူသည် အနီးကပ်တိုက်ခိုက်မှုကို မည်သည့်အခါမျှ ပြုလုပ်လိမ့်မည် မဟုတ်ပေ။
သူသည် အုပ်စုကြီးတစ်ခုကို တစ်ဦးတည်း ရင်ဆိုင်မည့်အစား မိမိ နိုင်လိမ့်မည်ဟု သေချာရေရာမှု မရှိပါက ဇွန်ဘီများကို ဖြည်းဖြည်းချင်းသာ ဆွဲဆောင် တိုက်ခိုက်ချင်၏...။
ဤသည်မှာ ဝမ်ထောင်အား အပြစ်ဆို၍ မရနိုင်ပါ။ အဓိက အကြောင်းရင်းမှာ အခြေအနေများသည် အမှားခံနိုင်ခြေ အလွန်နည်းပါးသောကြောင့် ဖြစ်သည်။ အကယ်၍ သူသည် ဇွန်ဘီတစ်ကောင်၏ ကုတ်ခြစ်ခြင်း သို့မဟုတ် ကိုက်ခြင်း ခံရပါက ဇွန်ဘီဗိုင်းရပ်စ် သေချာပေါက် ကူးစက်ခံရမည် ဖြစ်၏။
ဗိုင်းရပ်တားဆီးဆေးများသည် ဇွန်ဘီဗိုင်းရပ်စ်၏ ရောဂါလက္ခဏာစတင်ခြင်းကို နှောင့်နှေးစေနိုင်သော်လည်း ၎င်းတို့အား ဆက်တိုက် အသုံးပြုရမည် ဖြစ်သည်။ ဝမ်ထောင်တွင် ဗိုင်းရပ်တားဆီးဆေးများ ရှိနေသော်လည်း သူသည် ၎င်းတို့အပေါ် မှီခိုနေသော အလေ့အထမျိုး မဖြစ်ချင်ပါ။ ထို့အပြင် ဗိုင်းရပ်တားဆီးဆေးများကို အလွန်အမင်း အသုံးပြုခြင်းသည် ခန္ဓာကိုယ်အတွက် မကောင်းပေ။
ထို့ကြောင့် လက်ရှိအချိန်အထိ ဝမ်ထောင်သည် မိမိ၏ ခွန်အားအပြည့်ဖြင့် အမှန်တကယ် လွတ်လပ်စွာ တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ရသေးပါ။
သေချာပေါက်ပင် ဝမ်ထောင်သည် မိမိ ခွန်အားအပြည့် ထုတ်သုံးပါက မည်သူမျှ မယှဉ်နိုင်တော့ဟု တွေးရလောက်အောင် မာနထောင်လွှားခြင်းမျိုး မရှိပေ။ ခုနက ဂေါ်ရီလာဇွန်ဘီကို ကြည့်ပါ ။ သူ ခွန်အားအပြည့် ထုတ်သုံးလျှင်ပင် ၎င်းအား ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
ဝမ်ထောင်သည် ထိုဂေါ်ရီလာဇွန်ဘီတွင် သွေးပမာဏ ၅၀၀၀ သာ ကျန်ရှိတော့သည့်တိုင်အောင် သူ နိုင်လိမ့်မည် မဟုတ်ဟုပင် ခံစားမိနေသေး၏...။
--------