← Chapters

အခန်း ၁၂၂

Vol. 11 Ch. 122

အခန်း ၁၂၂

Vol. 11 Ch. 122

အခန်း (၁၂၂) ခြုံခိုတိုက်ခိုက်ခံရခြင်းနှင့် ကိုယ်တိုင်ကုသခြင်းစွမ်းရည်

ဝမ်ထောင်သည် သူ၏စွမ်းရည်အသစ်ဖြစ်သော "ကိုယ်တိုင်ကုသခြင်း" စွမ်းရည်ကို စမ်းသပ်ကြည့်လိုက်၏။

"တစ်စက္ကန့်ကို စွမ်းအင်ပမာဏ ၁ မှတ်ပဲ ကုန်တာလား။ မဆိုးဘူး၊ တကယ်ကို မဆိုးဘူး"

ကိုယ်တိုင်ကုသခြင်းစွမ်းရည်သည် ကြေးအရေပြားသံမဏိစွမ်းရည်ကဲ့သို့ အသုံးပြုနေစဉ်အတွင်း တစ်စက္ကန့်လျှင် စွမ်းအင်ပမာဏ ၁ သာ ကုန်ဆုံးလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ တိကျစွာပစ်ခတ်ခြင်းစွမ်းရည်၏ တစ်စက္ကန့်လျှင် စွမ်းအင်ပမာဏ ၁၀ အထိ ကုန်ဆုံးသည်နှင့် လုံးဝကွာခြားလှသည်။

သူ၏ လက်ရှိစွမ်းအင်ပမာဏ ၂၀၀၀ ဖြင့်ဆိုပါက ထိုစွမ်းရည်ကို နာရီဝက်ခန့် ဆက်တိုက်အသုံးပြုနိုင်၏။

ကိုယ်တိုင်ကုသခြင်းစွမ်းရည်က မည်မျှအစွမ်းထက်သည်ကိုတော့ သူ မသိသေးချေ။ ကိုယ်တိုင်ကုသခြင်းစွမ်းရည် အမြုတေ၏ ဖော်ပြချက်တွင် "ဒဏ်ရာများကို တဖြည်းဖြည်းဖြင့် ပြန်လည်ကုသပေးသည်" ဟုသာ ပါရှိရာ "တစ်ဖြည်းဖြည်း" ဆိုသည်မှာ မည်မျှမြန်ဆန်သည်ကို သူအတိအကျမသိရသေးပေ။

နောက်မှ သေချာလေ့လာရပေမည်။ ကံဆိုးချင်တော့ လက်ရှိတွင် သူသည် သွေးအားအပြည့်ဖြစ်နေသဖြင့် စမ်းသပ်ရန် နည်းလမ်းမရှိခဲ့ပါ။

ဝမ်ထောင်သည် ပြတင်းပေါက်အပြင်ဘက်က ကောင်းကင်ယံကို ကြည့်လိုက်ရာ ညနေခင်းသို့ ရောက်ရှိနေပြီဖြစ်၏။

ယခုအချိန်မျိုးတွင် အပြင်ထွက်ပြီး စွန့်စားရန် မလိုတော့ပေ။ ဆေးရုံအတွင်း၌ မည်သည့်အခြေအနေရှိနေသည်ကိုလည်း သူ မသေချာသလို၊ ဂေါ်ရီလာဇွန်ဘီက အဘယ်ကြောင့် အထဲသို့ ပြေးဝင်သွားသည်ကိုလည်း သူ မသိရသေးပါ။ မသိရှိရသေးသောအရာများသည် အန္တရာယ်ကို ကိုယ်စားပြုနေသဖြင့် သတိထားခြင်းကသာ အကောင်းဆုံးဖြစ်ပေသည်။

သူတို့နှစ်ဦးသည် ထိုတိုက်ခန်း၌ပင် တစ်ညတာ အနားယူခဲ့ကြ၏။

နောက်တစ်နေ့ နံနက်ခင်းတွင်တော့ သူတို့သည် ဆေးရုံဝင်ပေါက်သို့ ပြန်လည်ရောက်ရှိလာကြသည်။

သို့သော် ဆေးရုံ၏ အခြေအနေကို မြင်လိုက်ရသောအခါ ဝမ်ထောင် အနည်းငယ် ခေါင်းခဲသွားရ၏။ ထိုဇွန်ဘီများက တစ်ဖန်ပြန်လည် ပျောက်ကွယ်သွားကြပြန်လေပြီ။

၎င်းတို့သည် အဆောက်အအုံအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြသည်မှာ ထင်ရှားလေသည်။

ယခင်က ဤဇွန်ဘီများသည် ရှောက်ယုံနှင့် သူ၏အဖွဲ့ကြောင့် အဆောက်အအုံအတွင်းသို့ ဆွဲဆောင်ခြင်းခံခဲ့ရခြင်း ဖြစ်နိုင်ခြေ အလွန်များ၏။ ယခုအခါ ရှောက်ယုံ မရှိတော့သလို သူ၏လက်အောက်ငယ်သားများလည်း အားလုံးသေဆုံးသွားလောက်ပြီ ဖြစ်သည်။

ဇွန်ဘီများ အဘယ်ကြောင့် အထဲသို့ ပြန်ဝင်သွားကြသနည်း။ မနေ့က ဂေါ်ရီလာဇွန်ဘီနှင့် ဆက်စပ်မှု ရှိနေနိုင်မလား။

ဝမ်ထောင်သည် အကူအညီမဲ့စွာခေါင်းခါလိုက်မိ၏။

ဇွန်ဘီများက အဆောက်အအုံအတွင်းသို့ ရောက်ရှိနေသဖြင့် ၎င်းတို့ကို အပြင်သို့ မျှားခေါ်ရန် မလွယ်ကူတော့ပါ။ သို့မဟုတ်ပါက အပြင်သို့ ထွက်လာမည့်အရာသည် တစ်ကောင်နှစ်ကောင်တည်း မဟုတ်ဘဲ ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ ဖြစ်လာနိုင်ပေသည်။ ၎င်းအပြင် ဤနေရာ၌ ရူးသွပ်ဇွန်ဘီများစွာ ရှိနေသေးသည်မဟုတ်ပါလား။

"ဆုတ်ခွာမယ်"

ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် မနေ့က သိမ်းဆည်း၍မပြီးသေးသော ဇွန်ဘီအမြုတေအချို့ကို လိုက်လံကောက်ယူပြီးနောက် ခေတ္တမျှ ထပ်မံစောင့်ဆိုင်းနေခဲ့ကြ၏။ မည်သည့်အခွင့်အရေးမှ မရှိတော့ကြောင်း အတည်ပြုပြီးနောက် ဝမ်ထောင်သည် ပြတ်ပြတ်သားသားပင် ထွက်ခွာခဲ့တော့သည်။

နှမြောစရာကောင်းသော်လည်း ဤဇွန်ဘီများ အပြင်သို့ထွက်မလာသဖြင့် ဆက်ရှိနေလည်း အလကားပင်ဖြစ်၏။

သို့သော် ဝမ်ထောင်သည် ဤနေရာသို့ သေချာပေါက် ပြန်လာမည်ဖြစ်သည်။ ထို့အပြင် နောက်တစ်ကြိမ်တွင် အသံချဲ့စက်တစ်ခု ယူဆောင်လာရန်လည်း သူ စိတ်ကူးလိုက်၏။

ဆေးရုံထဲက ဇွန်ဘီတွေ အပြင်ထွက်မလာရင် ဆူညံသံကိုသုံးပြီး မျှားခေါ်ရုံပဲ။

သေချာသည်မှာ ဤအစီအစဉ်တွင် အန္တရာယ်အချို့ ရှိနေနိုင်ပြီး ခြေလှမ်းတစ်လှမ်းမှားသည်နှင့် သူ သေဆုံးသွားနိုင်ပေသည်။ ထို့ကြောင့် ၎င်းကို မည်သို့အကောင်အထည်ဖော်ရမည်ကို သူ သေချာလေ့လာရမည်ဖြစ်၏။

သူ၏တောင်တက်ယာဉ်ဘေးသို့ ရောက်ရှိလာပြီး ယာဉ်တွင် မည်သည့်ပြဿနာမှမရှိကြောင်း အတည်ပြုပြီးနောက် ဝမ်ထောင်သည် အင်ဂျင်ကိုနှိုးကာ ဟန်ရွှေနှင့်အတူ မောင်းထွက်ခဲ့သည်။

လမ်းတစ်လျှောက်တွင် ဂေါ်ရီလာဇွန်ဘီ ချန်ထားခဲ့သော အပျက်အစီးများကို ကြည့်ရင်း ဝမ်ထောင်က ကျောချမ်းမိ၏။ ထိုကောင်သည် ဤနေရာသို့ လာရာလမ်းတစ်လျှောက်တွင် အရာဝတ္ထုများစွာကို ဖျက်ဆီးခဲ့သည်တကား။

ဝမ်ထောင်သည် ဂေါ်ရီလာဇွန်ဘီ ဖြတ်သန်းသွားသော လမ်းကြောင်းကို စိတ်ထဲ၌ တိတ်တဆိတ် မှတ်သားထားလိုက်သည်။ နောင်တွင် စခန်းမှ အမဲလိုက်သမားများ အပြင်ထွက်သည့်အခါ ဤဧရိယာများကို ရှောင်ရှားရန် သူ ပြောပြထားရပေမည်။

"ဝမ်ထောင်၊ အထူးဇွန်ဘီတစ်ကောင်ပဲ"

မွန်းတည့်ချိန်တွင် သူတို့ ရွှေကျဲအခြေစိုက်စခန်းသို့ ရောက်ရန် နီးကပ်နေပြီဖြစ်ရာ ဟန်ရွှေက ရုတ်တရက် လမ်းကြောင်းတစ်ခုဆီသို့ လက်ညှိုးထိုးပြလိုက်၏။

ဝမ်ထောင်သည် သူမညွှန်ပြရာသို့ ကြည့်လိုက်သည်။ ရင်ပြင်တစ်ခုအတွင်း၌ သာမန်ဇွန်ဘီများကြားတွင် ကြက်အုပ်ထဲကဗျိုင်းတစ်ကောင်ကဲ့သို့ ထင်ရှားနေသော အရပ်မြင့်မြင့် ဇွန်ဘီနှစ်ကောင် ရှိနေ၏။

တစ်ကောင်သည် သွေးပမာဏ ၃၀၀၀ ရှိသော ပေါက်ကွဲဇွန်ဘီဖြစ်ပြီး ကျန်တစ်ကောင်မှာ သွေးပမာဏ ၂၄၀၀ ရှိသော အလွန်ဝဖြိုးသည့် အမျိုးသားဇွန်ဘီတစ်ကောင် ဖြစ်၏။

ပေါက်ကွဲဇွန်ဘီ၏ ရင်ဘတ်သည် အလွန်အမင်း ဖောင်းကားနေပြီး ရင်ခေါင်းအတွင်းရှိ ကိုယ်တွင်းအင်္ဂါများပင် အပြင်သို့ ထွက်နေလေပြီ။

ဖတ်တီးဇွန်ဘီမှာမူ တစ်ကိုယ်လုံး ဝဖြိုးနေရုံသာမက ဝမ်းဗိုက်သည်လည်း ကြီးမားလှရာ ပုံမှန်အသွင်သဏ္ဌာန် မရှိတော့လောက်အောင်ပင် ဝနေတော့သည်။ ၎င်း၏ အစာအိမ်သည် လည်း အချိန်မရွေး ပေါက်ကွဲသွားနိုင်သကဲ့သို့ ခံစားရစေ၏။ ၎င်းသည် အန်ဖတ်အကျွဲအချွဲဇွန်ဘီများနှင့် မတူပေ။ ထိုဇွန်ဘီများသည် ဝမ်းဗိုက်အနည်းငယ်သာ ကြီးမားသော်လည်းယခုဇွန်ဘီမှာမူ ပို၍ များစွာ ဝဖြိုးလှပေသည်။

အသွင်အပြင်ကိုသာ ကြည့်ခြင်းအားဖြင့် ဤအရာသည် ဝမ်ထောင် တစ်ခါမှမမြင်ဖူးသေးသော ဇွန်ဘီအမျိုးအစားသစ် ဖြစ်နိုင်၏။

" လှုပ်ရှားကြမလား"

ဟန်ရွှေသည် စမ်းသပ်ကြည့်ချင်စိတ်ပြင်းပြနေ၏။

သူမသည် ဆေးရုံတွင် ကြောက်ရွံ့နေခဲ့သော်လည်း လမ်းခရီးတွင်မူ အစွမ်းကုန် တိုက်ခိုက်လိုစိတ် ရှိနေသည်။

၎င်းတို့သည် အထူးဇွန်ဘီနှစ်ကောင်သာဖြစ်ပြီး သူမနှင့် ဝမ်ထောင်အတွက်မူ မည်သည့်ခြိမ်းခြောက်မှုမှ မရှိသလောက်ပင် ဖြစ်၏။

ဘေးမှာရှိနေနေသော သာမန်ဇွန်ဘီများအတွက်မူ ဝမ်ထောင်၏ တုန်ခါမှုလှိုင်းအချို့ကိုသာ အသုံးပြုရန် လိုအပ်သည်။

"တိုက်ကြမယ်"

သူတို့နှစ်ဦး ကားပေါ်မှ ဆင်းလိုက်ကြ၏။

မိမိကိုယ်ကိုဖောက်ခွဲဇွန်ဘီ ရှိနေသည်ကို ထည့်သွင်းစဉ်းစားပြီး ဝမ်ထောင်သည် ၎င်းတို့နှစ်ကောင်ကို နေရာတွင် ကပ်ထားရန် အကျွဲအချွဲဗုံးများကို အသုံးပြုရန် ရွေးချယ်လိုက်ပြီးမှ ဖြည်းဖြည်းချင်း သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။

ဝမ်ထောင်သည် သတိကြီးစွာဖြင့် တိတ်တဆိတ် ချဉ်းကပ်သွား၏။ ကောင်းမွန်သော နေရာတစ်ခုကို ရှာဖွေတွေ့ရှိပြီးနောက် သူသည် ပေါက်ကွဲဇွန်ဘီဆီသို့ ဗုံးတစ်လုံး တိုက်ရိုက် ပစ်ပေါက်လိုက်သည်။

ဗုန်း...

အကျွဲအချွဲဗုံးသည် ချက်ချင်းပင် အဖြူရောင်အရည်များကို အများအပြား ဖြန်းထုတ်လိုက်ပြီး ပေါက်ကွဲဇွန်ဘီတစ်ကောင်လုံးကို ရစ်ပတ်ကာ မလှုပ်ရှားနိုင်အောင် ပြုလုပ်လိုက်၏။ အနီးနားရှိ ကံမကောင်းသော သာမန်ဇွန်ဘီအချို့လည်း ကပ်ညှိသွားကြလေသည်။

ဝမ်ထောင်သည် ရှေ့သို့ အလောတကြီး မတိုးသွားပေ။ ထို့ပြင် အခြားအကျွဲအချွဲဗုံးတစ်လုံးကို ထုတ်ယူကာ ထိုဖတ်တီးဇွန်ဘီကြီးဆီသို့ ပစ်ပေါက်လိုက်ပြန်သည်။

ဝမ်ထောင်ကို အံ့အားသင့်စေသည်မှာ အကျွဲအချွဲဗုံးက ဖတ်တီးဇွန်ဘီပေါ်တွင် ပေါက်ကွဲသွားပြီးနောက် ၎င်းကို ကပ်ညှိစေရန် ပျက်ကွက်ခဲ့ခြင်းပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ခန္ဓာကိုယ်မှ အလွန်ချောကျိသော စိမ်းဝါဝါအရည်များကို စိမ့်ထွက်စေသဖြင့် အကျွဲအချွဲဗုံး၏ အာနိသင်ကို ချက်ချင်း ပျောက်ကွယ်သွားစေသောကြောင့် ဖြစ်ပေသည်။

"ဟင်။ ကပ်လို့မရဘူးလား"

ဝမ်ထောင် အနည်းငယ် အံ့အားသင့်သွားသော်လည်း သူ သိပ်ပြီး ဂရုမစိုက်တော့ပေ။ သူသည် ပေါက်ကွဲဇွန်ဘီဆီသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။

ပေါက်ကွဲဇွန်ဘီနှင့် ဤဖတ်တီးဇွန်ဘီကြားတွင် အကွာအဝေးတစ်ခု ရှိနေသေးသဖြင့် လောလောဆယ်တွင် ဖတ်တီးဇွန်ဘီအတွက် သူ စိတ်ပူရန် မလိုသေးချေ။

ဝမ်ထောင်သည် ပုဆိန်ကို မြှောက်ကာ လေထဲ၌ လွှဲယမ်းလိုက်၏။ မြင်သာသော လှိုင်းတွန့်တစ်ခု ပေါ်လာပြီး သာမန်ဇွန်ဘီအချို့ကို ချက်ချင်း သတ်ဖြတ်လိုက်သည်။

ဝမ်ထောင် မရပ်တန့်ခဲ့ပါ။ သူသည် တုန်ခါမှုလှိုင်းများကို တန်ဖိုးမရှိသည့်အလား ဆက်တိုက်အသုံးပြုလိုက်ရာ သာမန်ဇွန်ဘီများသည် ရိတ်သိမ်းခံရသော ဂျုံပင်များကဲ့သို့ လဲပြိုသွားကြ၏။

နောက်ဆုံးတွင် ဝမ်ထောင်သည် ပေါက်ကွဲဇွန်ဘီထံသို့ ရောက်ရှိသွားပြီး ပုဆိန်ကို လွှဲယမ်းလိုက်တော့သည်။

【-၃၀၀၀】

【၀/၃၀၀၀】

တစ်ချက်တည်းဖြင့်ပင် သွေးပမာဏ ၃၀၀၀ ရှိသော ပေါက်ကွဲဇွန်ဘီကို ချက်ချင်း သတ်ဖြတ်နိုင်ခဲ့၏။

ပေါက်ကွဲဇွန်ဘီများသည် ကာကွယ်ရေးနိမ့်ပါးသော်လည်း ဝမ်ထောင်သည် ယခင်က နှစ်ချက်ခုတ်ရန် လိုအပ်ခဲ့သည်။ ယခုမူ သူသည် တစ်ချက်တည်းဖြင့် အပြတ်ရှင်းနိုင်ခဲ့ပြီ ဖြစ်၏။

ဝမ်ထောင်သည် သူ၏ တိုက်ခိုက်မှုစွမ်းရည်အပေါ် အတော်ပင် ကျေနပ်မိသည်။

ပေါက်ကွဲဇွန်ဘီထံမှ တိုက်ပွဲရပစ္စည်းအားလုံးကို သိမ်းဆည်းပြီးနောက် ဝမ်ထောင်သည် ဖတ်တီးဇွန်ဘီကို လှည့်ကြည့်လိုက်၏။

ဖတ်တီးဇွန်ဘီသည် စိမ်းဝါဝါအရည်များကို အများအပြား စိမ့်ထွက်စေလျက်ရှိရာ ထိုအရည်များကြောင့် အကျွဲအချွဲဗုံးဖြင့် ဖြစ်ပေါ်လာသော အဖြူရောင်အကျွဲအချွဲများပေါ်တွင် မည်သည့်သက်ရောက်မှုမျှမရှိ ဖြစ်နေသည်။

ထို့အပြင် ထိုအရည်များသည် ပျို့အန်ချင်စရာကောင်းလောက်အောင် နံစော်သောအနံ့တစ်ခု ရှိနေ၏။

"ဒါက ဘယ်လိုဇွန်ဘီမျိုးလဲ..."

စကားမပြောနိုင်လောက်အောင် ဖြစ်နေသော်လည်း ဝမ်ထောင်သည် ၎င်းနှင့် အနီးကပ်တိုက်ခိုက်မှု ပြုလုပ်ရန် အစီအစဉ်မရှိပါ။

ဝမ်ထောင်၏လက်ထဲတွင် ခွဲစိတ်ဓားတစ်ချောင်း ပေါ်လာသည်။

၎င်းတို့ကို ရရှိပြီးကတည်းက ခွဲစိတ်ဓားများကို သူ သေချာမသုံးရသေးသဖြင့် ဤအချိန်သည် စမ်းသပ်ရန် အကောင်းဆုံးအချိန် ဖြစ်၏။

တိကျစွာပစ်ခတ်ခြင်းစွမ်းရည်ကို အသက်သွင်းလိုက်ပြီ။

ဝမ်ထောင်သည် ရန်သူ၏ မျက်လုံးကို ချိန်ရွယ်လိုက်ပြီးနောက် ဓားပျံကို ပြင်းထန်စွာ ပစ်လွှတ်လိုက်လေသည်။

ဝှစ်—

ဝမ်ထောင်၏ လက်ရှိခွန်အားဖြင့်ဆိုပါက ခွဲစိတ်ဓားသည် ဖတ်တီးဇွန်ဘီ၏ မျက်တွင်းထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားပြီး ၎င်း၏သွေးဘားတန်းကို ချက်ချင်းပင် အဆုံးသတ်သွားစေ၏။

【-၂၄၀၀】

【၀/၂၄၀၀】

"သူ့ရဲ့ ကာကွယ်ရေးကလည်း ဒီလောက်တောင် နိမ့်တာလား"

ဝမ်ထောင် တွေးတောရုံသာရှိသေးပြီး ဇွန်ဘီက "ဘုန်း" ဟု အသံမြည်ကာ ပေါက်ကွဲသွားသည်ကို ကြားလိုက်ရသည်။

"အာ။ ဒါကလည်း ကိုယ်ကိုကိုယ်ဖောက်ခွဲဇွန်ဘီပဲလား"

ဝမ်ထောင် အနည်းငယ် ဝေခွဲမရ ဖြစ်သွား၏။

သို့သော် ဤဖတ်တီးဇွန်ဘီ၏ ပေါက်ကွဲသံသည် ပေါက်ကွဲဇွန်ဘီထက် များစွာ ပိုမိုတိုးညင်းလှပေသည်။ ပေါက်ကွဲဇွန်ဘီ၏ အသံက ဗုံးတစ်လုံးကဲ့သို့ဆိုပါက... ဤအရာသည် အလွန်ဆုံးရှိမှ ပူဖောင်းတစ်ခု ပေါက်ကွဲသံကဲ့သို့သာ ဖြစ်၏။ ၎င်းသည် ရူးသွပ်ဇွန်ဘီများကိုပင် ဆွဲဆောင်နိုင်မည်မဟုတ်ပေ။

ထို့အပြင် ၎င်း၏ မိမိကိုယ်ကိုဖျက်ဆီးခြင်း အစွမ်းသည်လည်း ပေါက်ကွဲဇွန်ဘီကဲ့သို့ မပြင်းထန်လှပါ။ ၎င်း၏ဘေးနားရှိ သာမန်ဇွန်ဘီအချို့မှာ ဘာမှမဖြစ်ဘဲ ကောင်းမွန်နေဆဲဖြစ်၏။ ပေါက်ကွဲဇွန်ဘီ၏ ပေါက်ကွဲမှုကမူ အထူးဇွန်ဘီများကိုပင် သေဆုံးစေနိုင်သည်။

သို့သော် ပေါက်ကွဲဇွန်ဘီနှင့်မတူသည်မှာ ဤဖတ်တီးဇွန်ဘီ ပေါက်ကွဲသွားသောအခါ ၎င်း၏အတွင်း၌ရှိသော စိမ်းဝါဝါအရည်များသည် ရေဖြည့်ထားသော ပူဖောင်းတစ်ခုကဲ့သို့ အရပ်မျက်နှာအနှံ့သို့ ပန်းထွက်သွားခြင်း ဖြစ်၏။

၎င်း၏ပတ်ဝန်းကျင်ရှိ သာမန်ဇွန်ဘီများသည် ချက်ချင်းပင် ရွှဲရွှဲစိုသွားကြသည်။

"သွားပြီ"

ထိုအနံ့က အမိုနီးယားအနံ့နှင့် ဆင်တူလှပြီး စူးရှကာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော အနံ့ဆိုးကြီးဖြစ်၏။

ဝမ်ထောင်သည် မာကျောသော မြေပြင်တစ်ခုဖြစ်ပေါ်စေရန် အခြားအကျွဲအချွဲဗုံးတစ်ခုကို ချက်ချင်း ပစ်ပေါက်လိုက်သည်။ ထို့နောက် စက်ဆုပ်ရွံရှာဖွယ် အမူအရာဖြင့် တိုက်ပွဲရပစ္စည်းများကို ကောက်ယူရန် ပြေးသွား၏။

နံသည်ဖြစ်စေ၊ မနံသည်ဖြစ်စေ တိုက်ပွဲရပစ္စည်းများကို သူ ချန်မထားခဲ့နိုင်ပေ။

ထိုအချိန်တွင် ရင်ပြင်အတွင်းရှိ အခြားဇွန်ဘီများသည် ဗရမ်းဗတာများဖြစ်ကုန်ပြီး ဝမ်ထောင်ဆီသို့ ပြေးလွှားလာကြ၏။

၎င်းတို့သည် သာမန်ဇွန်ဘီများသာ ဖြစ်သဖြင့် ဝမ်ထောင်သည် ၎င်းတို့ကို ဂရုမစိုက်တော့ဘဲ လှည့်ထွက်ရန်သာ ပြင်လိုက်၏။

သို့သော် ဝမ်ထောင်ကို အံ့အားသင့်စေသည်မှာ ထိုသာမန်ဇွန်ဘီများသည် သူ့နောက်သို့ လိုက်မလာကြခြင်းပင် ဖြစ်သည်။ ထိုအစား ၎င်းတို့သည် စိမ်းဝါဝါအရည်များ ရွှဲစိုနေသော ဇွန်ဘီများကို ဝိုင်းရံလိုက်ကြပြီးနောက်... ကန်ကျောက်ခြင်း၊ ထိုးနှက်ခြင်း၊ ဆွဲဖြဲခြင်းနှင့် ကိုက်ခဲခြင်းများကို စတင်ပြုလုပ်ကြတော့သည်။

"..."

ဝမ်ထောင်၏ မျက်လုံးများ ပြူးကျယ်သွားရ၏။

ဘာတွေဖြစ်နေတာလဲ။

သို့သော် ယခုအခါသည် တွေးတောနေရမည့် အချိန်မဟုတ်ပေ။ ဝမ်ထောင်သည် ကားဆီသို့ အမြန်ပြေးသွားလိုက်သည်။

ဟန်ရွှေသည် မောင်းသူနေရာတွင် ထိုင်နေပြီး တံခါးကို ဖွင့်ပေးလိုက်၏။

ထိုစဉ် ဟန်ရွှေ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ဝမ်ထောင်ကို အော်ဟစ်လိုက်သည်။

"သတိထား"

သို့သော် စကားလုံးများ သူမ၏နှုတ်ခမ်းမှ ထွက်လာချိန်တွင်မူ နောက်ကျသွားခဲ့ပြီ ဖြစ်၏။

ဘုန်း—

ကြီးမားသော လက်မောင်းရှိသည့် ဇွန်ဘီတစ်ကောင်သည် မှောင်မိုက်သော ထောင့်တစ်ခုမှ ရုတ်တရက် ပြေးထွက်လာပြီး ဝမ်ထောင်ကို ချက်ချင်းပင် အရှိန်ပြင်းပြင်း ဝင်တိုက်လိုက်တော့သည်။

ဝုန်း—

ဝမ်ထောင် လွင့်ထွက်သွားပြီး ရင်ပြင်ရှိ အုတ်တံတိုင်းတစ်ခုကို ဝင်တိုက်ကာ အခြားတစ်ဖက်သို့ ကျရောက်သွားခဲ့ရာ သူ၏ အသက်ဘေးအခြေအနေကို မသိရတော့ပေ။

"ဝမ်ထောင်"

ဟန်ရွှေ၏ မျက်နှာ ဖြူလျော်သွားရ၏။ သူမသည် ကားပေါ်မှ အလောတကြီး ဆင်းလိုက်ပြီး ထိုအရှိန်ပြင်းဝင်တိုက်ဇွန်ဘီဆီသို့ အရှိန်ပြင်းဝင်တိုက်ခြင်း စွမ်းရည်ကို အသုံးပြုလိုက်သည်။

ယား...

ဘုန်း—

ဟန်ရွှေသည် အရှိန်ပြင်းဝင်တိုက်ဇွန်ဘီကို ပြင်းထန်စွာ ဝင်တိုက်လိုက်သော်လည်း ရန်သူက ၎င်း၏ ကြီးမားသော လက်မောင်းကို သုံး၍ သူမ၏ အရှိန်ပြင်းဝင်တိုက်ခြင်းကို ကာကွယ်လိုက်ရာ နောက်သို့ နှစ်လှမ်းမျှသာ ဆုတ်သွားခဲ့၏။

ဟန်ရွှေ ခေါင်းမူးသွားရပြီး သူမ၏ ခေါင်းကသံပြားတစ်ခုနှင့် စောင့်မိသကဲ့သို့ ခံစားလိုက်ရသည်။

"ဂါး.."

အရှိန်ပြင်းဝင်တိုက်ဇွန်ဘီက ၎င်း၏လက်မောင်းကို လွှဲယမ်းလိုက်ရာ ဟန်ရွှေ လွင့်ထွက်သွား၏။

"ဖုန်း—"

ဟန်ရွှေ သစ်ပင်တစ်ပင်ကို ပြင်းထန်စွာ ဝင်တိုက်မိသည်။ သူမ၏ လည်ချောင်းထဲတွင် ချိုမြိန်သော အရသာတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး သွေးနီရောင်အချို့က သူမ၏ မျက်နှာဖုံးကို စိုစွတ်သွားစေ၏။

"အင်အားကြီးလိုက်တာ..."

ဟန်ရွှေသည် မနည်းထရပ်လိုက်ပြီး သူမ၏ ခါးနောက်မှ ပစ္စတိုကို ဆွဲထုတ်လိုက်သည်။

ဤအရှိန်ပြင်းဝင်တိုက်ဇွန်ဘီ၏ ခွန်အားက ဤမျှကြီးမားလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။ ၎င်း၏ ကာကွယ်ရေးသည်လည်း ပို၍ပင် သန်မာနေပြီး သူမ၏ အရှိန်ပြင်းဝင်တိုက်ခြင်းကိုပင် ကာကွယ်နိုင်ခဲ့သည်။

ယနေ့ သူမ ဤနေရာ၌ လဲပြိုရတော့မည်လား။

ဟန်ရွှေသည် အရှိန်ပြင်းဝင်တိုက်ဇွန်ဘီဆီသို့ သေနတ်ကို မြှောက်လိုက်၏။ ပစ္စတိုက ၎င်းကို သတ်နိုင်မည်မဟုတ်ကြောင်း သူမ သိသော်လည်း သူမတွင် အခြားရွေးချယ်စရာ မရှိပေ။

ရူးသွပ်ဇွန်ဘီများကို ဆွဲဆောင်မိမည်လားဆိုသည်ကိုမူ သူမ စိုးရိမ်ရန် မလိုတော့ပါ။ အရှိန်ပြင်းဝင်တိုက်ဇွန်ဘီက ဝမ်ထောင်ကို တံတိုင်းဆီသို့ တိုက်မိပြီး ပြိုကျသွားစေသော အသံသည် အလွန်ကျယ်လောင်လှသဖြင့် ရူးသွပ်ဇွန်ဘီအချို့ ပေါ်လာပြီး အရှိန်အဟုန်ဖြင့် ပြေးလာနေကြပြီ ဖြစ်၏။

ဟန်ရွှေ သေနတ်ပစ်ဖတ်ရန် ပြင်လိုက်စဉ်မှာပင် အပျက်အစီးများထဲမှ ပေါက်ပုဆိန်တစ်လက် ရုတ်တရက် ပျံသန်းထွက်လာပြီး အရှိန်ပြင်းဝင်တိုက်ဇွန်ဘီ၏ ဦးခေါင်းနောက်ဘက်သို့ ပြင်းထန်စွာ စိုက်ဝင်သွားသည်။

ဘုန်း—

အရှိန်ပြင်းဝင်တိုက်ဇွန်ဘီသည် ရိုက်ခတ်မှုကြောင့် ယိုင်တိုင်တိုင်ဖြစ်သွားပြီး အပျက်အစီးများဆီသို့ လှည့်၍ ဟိန်းဟောက်လိုက်၏။

သံကူကွန်ကရစ်တူကြီးကို ကိုင်ဆောင်ထားသော အရပ်မြင့်မြင့် အရိပ်တစ်ခုသည် အပျက်အစီးများထဲမှ ဖြည်းည်းစွာ လျှောက်လှမ်းထွက်လာပည်။

"ဝမ်ထောင်"

ဤအရာကို မြင်လိုက်ရသောအခါ ဟန်ရွှေ ဝမ်းသာလွန်း၍ မျက်ရည်များပင် စီးကျလာမိ၏။ သူမသည် ရူးသွပ်ဇွန်ဘီများကို ကြည့်ကာ ပြတ်ပြတ်သားသားပင် ၎င်းတို့ဆီသို့ ပြေးသွားလိုက်သည်။ သူမသည် အရှိန်ပြင်းဝင်တိုက်ဇွန်ဘီကို မရင်ဆိုင်နိုင်သဖြင့် ဝမ်ထောင်ထံ လွှဲအပ်ထားခဲ့သော်လည်း အခြားသူများက သူ့ကို လာရောက်နှောင့်ယှက်ခြင်းမရှိစေရန်တော့ တားဆီးပေးနိုင်ပါသေးသည်။

ဝမ်ထောင်သည် သူ၏ လည်ပင်းကို လှည့်လိုက်ရာ အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာ၏။ သူသည် သွေးပမာဏ ၄၂၀၀ ရှိသော အရှိန်ပြင်းဝင်တိုက်ဇွန်ဘီကို ကြည့်ပြီး ပြုံးလိုက်သည်။

ကြီးမားသော အရှိန်ပြင်းဝင်တိုက်ဇွန်ဘီအတွက် သူ၏ ပုဆိန်များက တိုတောင်းလွန်းသည်ဟု ခံစားရသဖြင့် သူသည် သွေးဆာဇွန်ဘီထံမှ ရရှိခဲ့သော သံကူကွန်ကရစ်တူကြီးကို ဟင်းလင်းပြင်ကျောပိုးအိတ်ထဲမှ ထုတ်ယူလိုက်ခြင်းပင်။

တူကြီးသည် သူ၏ ကြံ့ခိုင်မှုကို ထိတ်လန့်စရာကောင်းလောက်အောင် ကုန်ဆုံးစေသော်လည်း ဤကဲ့သို့ အရေပြားထူသော ဇွန်ဘီအတွက်မူ အထူးပင် သင့်လျော်လှသည်။ ထို့အပြင် ဝမ်ထောင်သည် ခွန်အားဆေးရည်ကိုလည်း သောက်သုံးထားပြီး ဖြစ်၏။

အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် ဝမ်ထောင်သည် တူကြီးကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ အရှိန်ပြင်းဝင်တိုက်ဇွန်ဘီဆီသို့ ပြေးဝင်သွားတော့သည်။

ဝူး—

လူသားက သေဆုံးခြင်းမရှိသေးသည်ကို မြင်သောအခါ အရှိန်ပြင်းဝင်တိုက်ဇွန်ဘီသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ၎င်း၏ လက်မောင်းများကို မြှောက်ကာ ဝမ်ထောင်ဆီသို့ အရှိန်ပြင်းဝင်တိုက်ရန် ထပ်မံ ပြင်ဆင်လိုက်ပြန်၏။

ဝမ်ထောင်သည် တူကြီးကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်လိုက်ပြီး အခြားလက်တစ်ဖက်တွင် ခွဲစိတ်ဓားတစ်ချောင်း ပေါ်လာကာ ၎င်းကို အရှိန်ပြင်းဝင်တိုက်ဇွန်ဘီ၏ ဦးခေါင်းဆီသို့ တိုက်ရိုက် ပစ်လွှတ်လိုက်သည်။

【-၇၄】

၎င်းက ဒဏ်ရာအများအပြား မရရှိစေသော်လည်း ဇွန်ဘီ၏ ဦးခေါင်းကို နောက်သို့ လွင့်သွားစေသဖြင့် ၎င်း၏ အရှိန်ပြင်းဝင်တိုက်ခြင်းကို အောင်မြင်စွာ ရပ်တန့်သွားစေ၏။

ထိုတိုတောင်းသော အချိန်အတွင်းမှာပင် ဝမ်ထောင်သည် အရှိန်ပြင်းဝင်တိုက်ဇွန်ဘီထံသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သူသည် သံကူကွန်ကရစ်တူကြီးကို လက်နှစ်ဖက်ဖြင့် မြှောက်ကာ အောက်သို့ တအား လွှဲချလိုက်၏။

ဘုန်း—

【-၆၅】

အရှိန်ပြင်းဝင်တိုက်ဇွန်ဘီသည် ကာကွယ်ရန် ၎င်း၏ ထူထဲသော ညာဘက်လက်မောင်းကို မြှောက်လိုက်သော်လည်း ရိုက်ခတ်မှုဒဏ်ကြောင့် နောက်သို့ တစ်လှမ်း ဆုတ်သွားရပြီး မြေပြင်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားစေသည်။

"မင်းက တော်တော်မာတယ်လို့ ထင်နေတာလား။ မင်း တကယ် ဘယ်လောက်မာလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ဝမ်ထောင်သည် တူကြီးကို တစ်ဖန်ပြန်၍ မြှောက်ကာ အောက်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်ပြန်သည်။

ဘုန်း—

【-၇၁】

အရှိန်ပြင်းဝင်တိုက်ဇွန်ဘီသည် နောက်သို့ အခြားတစ်လှမ်း ထပ်မံဆုတ်သွားရ၏။

၎င်းကို တုံ့ပြန်ရန် အခွင့်အရေးမပေးဘဲ ဝမ်ထောင်သည် တတိယအကြိမ်မြောက် ဆောင့်ချလိုက်ပြန်သည်။

ဘုန်း—

【-၃၂၉】

ဤတတိယအကြိမ်မြောက် တိုက်ခိုက်မှုက အရှိန်ပြင်းဝင်တိုက်ဇွန်ဘီကို နောက်သို့ ခြေလှမ်းများစွာ ယိုင်လဲသွားစေပြီး မြေပြင်ပေါ်သို့ လဲပြိုသွားစေ၏။ ထူထဲသော လက်မောင်းများသည် ၎င်း၏ ဦးခေါင်းကို မကာကွယ်နိုင်တော့ပေ။

ဝမ်ထောင်သည် အခွင့်အရေးကို အရယူကာ ရှေ့သို့ ပြေးဝင်ပြီး အမြင့်သို့ ခုန်တက်လိုက်သည်။ သူသည် တူကြီးကို လက်နှစ်ဖက်ဖြင့် မြှောက်ကာ အရှိန်ပြင်းဝင်တိုက်ဇွန်ဘီ၏ ဦးခေါင်းပေါ်သို့ ဆောင့်ချလိုက်တော့သည်။

ဘုန်း—

【-၂၀၄၁】

ဤတိုက်ခိုက်မှုက အရှိန်ပြင်းဝင်တိုက်ဇွန်ဘီ၏ သွေးပမာဏ ထက်ဝက်ကို ချက်ချင်း လျော့နည်းသွားစေ၏။ ၎င်းသည် ဝေဝေဝါးဝါးဖြစ်သွားပုံရပြီး ၎င်း၏ဦးခေါင်းသည် ယိမ်းထိုးနေကာ ၎င်း၏ကြီးမားသော လက်မောင်းများကိုပင် မမြှောက်နိုင်တော့ချေ။

ဝမ်ထောင်သည် ဆက်တိုက်ပင် တူကြီးကို ကျယ်ပြန့်သော လှိုင်းအဝိုင်းပုံစံဖြင့် လွှဲယမ်းလိုက်ပြီးနောက် သူ၏ ခွန်အားအားလုံးဖြင့် အောက်သို့ ဆောင့်ချလိုက်တော့သည်။

ဘုန်း—

【-၁၄၇၀】

【၀/၄၂၀၀】

အရှိန်ပြင်းဝင်တိုက်ဇွန်ဘီ၏ သွေးဘားတန်းသည် ကုန်ဆုံးသွားခဲ့လေပြီ ။

ဝမ်ထောင်သည် တိုက်ပွဲရပစ္စည်းများကို အမြန်ကောက်ယူကာ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။

သွေးဆာဇွန်ဘီ၏ တူကြီးသည် သာမန်လူသားများအတွက် မဟုတ်ပေ။ ၎င်းက လေးလံလွန်းလှပြီး ကြံ့ခိုင်မှုကို အလွန်ကုန်ဆုံးစေသည်။ လွှဲယမ်းမှု အနည်းငယ်ပြုလုပ်ပြီးနောက်တွင်ပင် သူ မောဟိုက်သွားရ၏။

စက္ကန့်အနည်းငယ်မျှ အနားယူပြီးနောက် ဝမ်ထောင်သည် တူကြီးကို ဆွဲကာ ဟန်ရွှေဆီသို့ ပြေးဝင်သွားတော့သည်။

ဤအချိန်တွင် ရူးသွပ်ဇွန်ဘီ နှစ်ဆယ်နီးပါးသည် ဟန်ရွှေကို ဝိုင်းရံထားကြပြီး ၎င်းတို့၏ ရုပ်အလောင်းများစွာသည်လည်း မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီ ဖြစ်၏။

ဝမ်ထောင်သည် အတွင်းသို့ ပြေးဝင်ကာ တူကြီးဖြင့် မြေပြင်ပေါ်သို့ ဆောင့်ချလိုက်သည်။

သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ထိုသံကူကွန်ကရစ်တူကြီးဖြင့် ဆိုပါက သူသည် သွေးဆာဇွန်ဘီတစ်ကောင်နှင့်ပင် တူလှပေသည်။

ဘုန်း—

တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ပတ်ဝန်းကျင်ရှိ ရူးသွပ်ဇွန်ဘီများသည် ကားတစ်စီးနှင့် တိုက်မိသကဲ့သို့ လွင့်စင်သွားကြပြီး ဧရိယာအကျယ်အဝန်းတစ်ခုကို ချက်ချင်း ရှင်းလင်းသွားစေ၏။

"သွားစို့။ မင်း ကားမောင်း"

သူတို့ဆီသို့ ထပ်မံပြေးလာနေသော ရူးသွပ်ဇွန်ဘီများကို မြင်လိုက်ရသဖြင့် ဝမ်ထောင်သည် ဆက်လက်တိုက်ခိုက်မနေတော့ပေ။ သူသည် ဟန်ရွှေကို ဆွဲကာ ထွက်ပြေးတော့သည်။

ဤရူးသွပ်ဇွန်ဘီများကို သတ်ဖြတ်ခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးမှမရှိရာ ဝမ်ထောင်သည် ၎င်းတို့အတွက် အချိန်မဖြုန်းချင်ပေ။

ဟန်ရွှေသည် မောင်းသူနေရာသို့ အမြန်ဝင်လိုက်၏။ ဝမ်ထောင် အတွင်းသို့ ရောက်သည်နှင့် သူမ လီဗာကို အဆုံးထိ နင်းလိုက်တော့သည်။

ဝူးဝူး ဝူးဝူး—

ပိုမိုများပြားသော ရူးသွပ်ဇွန်ဘီများ မရောက်ရှိလာမီ ကားသည် ရင်ပြင်မှ ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။

ရူးသွပ်ဇွန်ဘီ တစ်ဆယ်ကျော်ခန့်က ကားနောက်သို့ လိုက်နေကြဆဲဖြစ်သော်လည်း ဝမ်ထောင်သည် လွယ်ကူသော လမ်းကြောင်းတစ်ခုကို အထူးရွေးချယ်ထားခဲ့သည်။ အရှိန်ရလာသည်နှင့် ၎င်းတို့သည် ရူးသွပ်ဇွန်ဘီများကို လျင်မြန်စွာ ဖြတ်ကျော်နိုင်ခဲ့ပေသည်။

"ဟူး—"

နောက်ကြည့်မှန်ထဲတွင် သာမန်ဇွန်ဘီအနည်းငယ်ကိုသာ မြင်တွေ့ရပြီး ရူးသွပ်ဇွန်ဘီများ မရှိတော့သည်ကို တွေ့ရသောအခါ ဟန်ရွှေ သက်ပြင်းချနိုင်ခဲ့တော့သည်။

သူမသည် နောက်ခန်းထိုင်ခုံရှိ ဝမ်ထောင်ကို အမြန်လှည့်ကြည့်ကာ စိုးရိမ်တကြီး မေးမြန်းလိုက်၏။

"ဝမ်ထောင်၊ ရှင် အဆင်ပြေရဲ့လား"

"ငါ အဆင်ပြေပါတယ်"

ဝမ်ထောင်က ခေါင်းခါပြပြီးနောက် ပြုံးလိုက်သည်။

"စောစောက မင်း သတိပေးခဲ့လို့ပေါ့၊ မဟုတ်ရင် အခြေအနေတွေ တကယ် ဆိုးသွားနိုင်တယ်"

အရှိန်ပြင်းဝင်တိုက်ဇွန်ဘီ၏ အရှိန်ပြင်းဝင်တိုက်ခြင်း အကွာအဝေးသည် မီတာသုံးဆယ်ကျော်အထိ ရောက်ရှိနိုင်ပြီး ၎င်းက မယုံနိုင်လောက်အောင် လျင်မြန်လှပေသည်။ သတိပေးချက်မရှိဘဲ ရှောင်တိမ်းရန် အလွန်ခက်ခဲလှ၏။

၎င်းက မှောင်ရိပ်ခိုနေရာမှ ပုန်းကွယ်နေသည့်အခါ ကာကွယ်ရန် ပို၍ပင် ခက်ခဲလှပေသည်။ အသံကြားရသည့်အချိန်တွင် နောက်ကျသွားခဲ့ပြီ ဖြစ်၏။

ဟန်ရွှေတွင် အာရုံခံစွမ်းရည် ရှိသော်လည်း သူမ၏ အတိုင်းအတာက အချင်း ဆယ်မီတာခန့်သာ ရှိသဖြင့် အရှိန်ပြင်းဝင်တိုက်ဇွန်ဘီက ၎င်းတို့ထံသို့ ရောက်ရှိမလာမချင်း သူမ မသိရှိနိုင်ပေ။

ဥပမာအားဖြင့် ယခင်တိုက်ပွဲတွင် ဝမ်ထောင် ဇွန်ဘီများကို အမဲလိုက်နေစဉ် သူမသည် စနိုက်ပါဒူးလေးကို ကိုင်ဆောင်ကာ သူ့အတွက် စောင့်ကြည့်ပေးရန် သူမ၏ အာရုံခံစွမ်းရည်ကို တိတ်တဆိတ် အသုံးပြုနေခဲ့သည်။

သူမ အရှိန်ပြင်းဝင်တိုက်ဇွန်ဘီကို အာရုံခံမိချိန်တွင် ၎င်းသည် ဝမ်ထောင်နှင့် ဆယ်မီတာခန့်သာ ကွာဝေးတော့သည်။ အရှိန်ပြင်းဝင်တိုက်စွမ်းရည်အတွက်မူ ထိုအကွာအဝေးက မျက်စိတစ်မှိတ်အတွင်း ရောက်ရှိနိုင်သည်။

ထိုအခြေအနေတွင် ဟန်ရွှေသည် ထိတ်လန့်တကြား အော်ဟစ်ရုံမှတစ်ပါး ဘာမှမတတ်နိုင်ခဲ့ချေ။

သူမ၏ အော်ဟစ်သံသည်ပင် နောက်ကျလုနီးပါး ဖြစ်ခဲ့သော်လည်း... ထိုအချိန်တွင် ဝမ်ထောင်သည် ကားဆီသို့ ပြေးလွှားလာနေပြီး သူမကို တည့်တည့် ကြည့်နေခဲ့ခြင်း ဖြစ်၏။

ဟန်ရွှေက ဝမ်ထောင်ကို ရာနှုန်းပြည့် ယုံကြည်သကဲ့သို့ ဝမ်ထောင်သည်လည်း သူမကို လုံးဝဥဿုံ ယုံကြည်ပေသည်။ သို့မဟုတ်ပါက သူမကို သူနှင့်အတူ အမြဲခေါ်လာမည် မဟုတ်ပေ။

ဟန်ရွှေ၏ မျက်ဝန်းထဲက ထိတ်လန့်မှုကို ဝမ်ထောင် မြင်လိုက်ရသောအခါ သူသည် ချက်ချင်းလိုလို ကြေးအရေပြားသံမဏိစွမ်းရည်ကို ချက်ချင်း အသက်သွင်းခဲ့ခြင်းဖြစ်သည်။

ကြေးအရေပြားသံမဏိစွမ်းရည်သည် စွမ်းအင်ပမာဏကို အဆက်မပြတ် ကုန်ဆုံးစေသဖြင့် ဝမ်ထောင်သည် ၎င်းကို တိုက်ပွဲအတွင်း၌သာ အသုံးပြုပြီးနောက်တွင် ပြန်လည်ပိတ်ထားလေ့ရှိ၏။

သူ တိုက်ပွဲတစ်ခုကို ပြီးမြောက်ရုံသာရှိသေးသဖြင့် ၎င်းက သဘာဝအတိုင်း ပိတ်နေခဲ့သော်လည်း သူ၏ တုံ့ပြန်မှုများက လျင်မြန်လှသည်။

ကြေးအရေပြားသံမဏိစွမ်းရည်ကို သူ အသက်သွင်းပြီးသည်နှင့် သူ၏ ဘေးဘက်မှ ပြင်းထန်သော ရိုက်ခတ်မှုတစ်ခုကို ခံစားလိုက်ရပြီး လွင့်ထွက်သွားခဲ့ရ၏။ သူသည် တံတိုင်းတစ်ခုကိုပင် ဝင်တိုက်မိခဲ့သည်။

ထိုအချိန်တွင် သူ နာကျင်မှုကို မခံစားရဘဲ အနည်းငယ်မျှသာ ခေါင်းမူးသွားခဲ့၏။

အပျက်အစီးများထဲမှ တွားသွားထွက်လာပြီးနောက် ဝမ်ထောင်သည် သူ၏ သွေးဘားတန်းကို စစ်ဆေးလိုက်သည်။

သူသည် သွေးပမာဏ နှစ်ရာကျော် ဆုံးရှုံးသွားခဲ့၏။

အကယ်၍ သူသာ ကြေးအရေပြားသံမဏိစွမ်းရည်ကို အသက်မသွင်းခဲ့ပါက ၎င်းက နှစ်ထောင်ခန့် ဖြစ်သွားနိုင်ပြီး... သူ ချက်ချင်းပင် သေဆုံးသွားနိုင်ပေသည်။

ဤအရှိန်ပြင်းဝင်တိုက်ဇွန်ဘီသည် သွေးပမာဏ ၄၂၀၀ ရှိရာ ၎င်း၏ ခွန်အားက ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ထို့ကြောင့် သူ ဟန်ရွှေကို ကျေးဇူးတင်ရမည် ဖြစ်၏။ သူမသာ မရှိပါက ယနေ့သည် ဘေးဒုက္ခတစ်ခု ဖြစ်သွားနိုင်ပေသည်။

ဝမ်ထောင် တကယ်ပင် ဒဏ်ရာမရရှိသည်ကို မြင်ရသောအခါ ဟန်ရွှေ နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့သော်လည်း မိမိကိုယ်ကို စိတ်ပျက်မိပြန်သည်။

"ငါ သတိထားမိတာ နောက်ကျသွားတုန်းပဲ။ စောစောကသာ မြင်ခဲ့ရင် ဒီလောက် အန္တရာယ်မများဘူး..."

သူမ ခေါင်းခါလိုက်ပြီးနောက် စိုးရိမ်တကြီး ထပ်ပြောလိုက်၏။

"ကျွန်မတို့ ပြန်ရောက်ရင် ချန်ကျွမ်းကို ရှင် သေချာစစ်ဆေးခိုင်းလိုက်ဦး။ အတွင်းဒဏ်ရာတွေ ရှိနေရင် မကောင်းဘူး..."

"အင်း"

ဝမ်ထောင်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ ဟန်ရွှေကိုယ်တိုင်လည်း အတော်ပင် ဒဏ်ရာရရှိထားသော်လည်း သူ့အတွက် စိုးရိမ်ပေးနေ၏။

ဝမ်ထောင်သည် ဟန်ရွှေကို ကုသရန် ဆေးသေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။

ဆေးသေတ္တာအတွင်း၌ ဆေးဝါးနှင့်ပတ်တီးများ ပါရှိရာ ဆေးဝါးက သွေးကို ပြန်လည်ဖြည့်တင်းပေးနိုင်ပေသည်။

"ဒါကို သောက်လိုက်"

ဝမ်ထောင်သည် အမည်းရောင်ဆေးလုံးကြီးတစ်လုံးကို ကမ်းပေးလိုက်၏။

"အင်း"

ဟန်ရွှေ သေချာနားမလည်သော်လည်း ဝမ်ထောင်အပေါ် ယုံကြည်မှုကြောင့် သူမ မေးခွန်းများ မမေးခဲ့ပေ။

"ဟင်"

ခေတ္တမျှကြာသော် ဟန်ရွှေသည် သူမကိုယ်သူမ ပိုမိုကောင်းမွန်လာသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။ သူမ၏ အတွင်းဒဏ်ရာများက... သက်သာသွားပြီလား။

ဝမ်ထောင်သည် သူမအား အခြားဆေးလုံးအချို့ကို ထပ်မံပေးလိုက်ပြန်သည်။

၎င်းတို့ အခြေစိုက်စခန်းဂိတ်တံခါးများကို မြင်ရချိန်တွင် ဟန်ရွှေသည် အပေါ်ယံဒဏ်ရာအချို့သာ ကျန်ရှိတော့ပြီး သွေးအားအပြည့်နီးပါး ဖြစ်သွားခဲ့ပြီ ဖြစ်၏။

"ဒီဆေးက တကယ် အံ့ဩဖို့ကောင်းတာပဲ"

ဟန်ရွှေ အံ့အားသင့်သွားရသည်။ ဤကဲ့သို့ ထိရောက်သော ဆေးဝါးမျိုးကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။

"အံ့ဩဖို့ကောင်းတယ်မလား။ နောက်မှ မင်း အရန်အဖြစ် သိမ်းထားဖို့ အချို့ ပေးပါ့မယ်"

"ကျေးဇူးတင်ပါတယ်"

ဟန်ရွှေ ငြင်းပယ်ခြင်းမရှိခဲ့ပါ။ ဤအရာများသည် အသက်ကယ်ပစ္စည်းများ ဖြစ်သည်မဟုတ်ပါလား။

ကားက အခြေစိုက်စခန်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်သွားသောအခါမှ ဝမ်ထောင် နောက်ဆုံးတွင် စိတ်အေးသွားရတော့သည်။

ထိုအချိန်မှသာ သူသည် တိုက်ပွဲမှရရှိသော တိုက်ပွဲရပစ္စည်းများကို ကြည့်ရှုရန် အခွင့်အရေးရသည်။

သူသည် စုစုပေါင်း အထူးဇွန်ဘီသုံးကောင်ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်၏။ မိမိကိုယ်ကိုဖောက်ခွဲဇွန်ဘီက သူ့အား သွေးပမာဏ ၆၀ ပေးခဲ့ပြီး၊ ဖတ်တီးဇွန်ဘီက ၅၀ နှင့် အရှိန်ပြင်းဝင်တိုက်ဇွန်ဘီက ၇၀ ပေးခဲ့ရာ သူ၏ လက်ရှိသွေးပမာဏမှာ 【၃၅၉၀/၃၅၉၀】 ဖြစ်သည်။

သူ၏ သွေးအားက အပြည့်ဖြစ်နေရသည့် အကြောင်းရင်းမှာ ဆေးသေတ္တာကို အသုံးပြုခဲ့သောကြောင့် မဟုတ်ဘဲ ဒဏ်ရာရရှိပြီးနောက် ချက်ချင်းပင် သူ၏ ကိုယ်တိုင်ကုသခြင်းစွမ်းရည်ကို အသုံးပြုခဲ့သောကြောင့် ဖြစ်၏။

ယခုအခါ သူသည် ကိုယ်တိုင်ကုသခြင်းစွမ်းရည်၏ အသေးစိတ်အချက်အလက်ကို သိရှိသွားခဲ့ပြီ ဖြစ်သည်။ ၎င်းက သွေးပမာဏ ၁ ကို ပြန်လည်ဖြည့်တင်းရန် တစ်စက္ကန့်လျှင် စွမ်းအင်ပမာဏ ၁ ကုန်ဆုံးခြင်း ဖြစ်ပေသည်။

၎င်းက တစ်စက္ကန့်လျှင် သွေးပမာဏ ၁ သာ ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး သူ့ကို ချက်ချင်း မကုသနိုင်သော်လည်း တကယ်ကို ကောင်းမွန်ပါသည်။

အဆုံးသတ်တွင် စွမ်းအင်ပမာဏ ၂၀၀၀ ရှိခြင်းက သွေးပမာဏ ၂၀၀၀ ရှိသော အပိုကုသရေးအထုပ်တစ်ခု ရှိနေသကဲ့သို့ပင် မဟုတ်ပါလား။

------------

All Chapters