အခန်း ၃၅၉
Vol. 36 Ch. 359
အခန်း (၃၅၉) - သစ္စာဖောက်ခြင်း၏ အရုဏ်ဦး (၁)
အမြင့်ဆုံး ကင်းမျှော်စင်ထက်၌ လေ့ဟောက်၏ သူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့သွားခဲ့သည်။
ကာကွယ်ရေးမျဉ်း၏ အပြင်ဘက်တွင် အစိမ်းပုပ်ရောင်ဝိညာဉ်အလင်းတန်းများ လွှမ်းခြုံနေပြီး လေထဲတွင် လွင့်မျောနေသည့် ဦးခေါင်းခွံကြီးသုံးခု ရှိနေသည်။
သူတို့၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအားများမှာ အချင်းချင်း ရောယှက်နေကြပြီး လေထုကို လိမ်ဖည်သွားစေသည့် စွမ်းအားစက်ကွင်းတစ်ခုကို ဖွဲ့စည်းထားကြသည်။
ဤစက်ကွင်း၏ ပြင်းအားကြောင့် မူလကတည်းကပင် ဖရိုဖရဲဖြစ်နေကြသည့် မိစ္ဆာသားရဲ မဟာမိတ်စစ်တပ်ကြီးမှာ ဤရူးသွပ်မှုများထဲသို့ လုံးဝကျရောက်သွားခဲ့ကြပြီဖြစ်သည်။
ကောင်းကင်ယံတစ်ခုလုံးကို မိုးကြိုးအမွေးလင်းယုန်အုပ်စုကြီးက လုံးဝဖုံးလွှမ်းထားခဲ့ပြီဖြစ်သည်။
သူတို့သည် လှည့်ပတ်ပျံသန်းမနေကြတော့ဘဲ အောက်သို့ ထိုးဆင်းလာကြပြီး မလှုပ်မယှက် ကျောက်ဆောင်တံတိုင်း၏ အလင်းရောင်ပေါ်သို့ သူတို့၏ ခန္ဓာကိုယ်များဖြင့် ပြင်းထန်စွာ ဝင်တိုက်ကြတော့သည်။
မြေပြင်ပေါ်တွင်လည်း ဧရာမကျောက်သားချပ်ဝတ်ကြံ့ကြီးများသည် ရွေ့လျားနေသည့် သံမဏိတုံးကြီးများပမာ ခေါင်းများကို ညိတ်လျက် မြေပြင်တုန် ခြေလှမ်းများဖြင့် ထိုးစစ်ဆင်လာကြသည်။
ပျက်စီးလုနီးပါးဖြစ်နေသော မြို့တံတိုင်းပေါ်သို့ ထပ်ခါတလဲလဲ ပြင်းထန်စွာ ရိုက်ချနေကြသည်။
မရေမတွက်နိုင်သော အရိပ်ကျားသစ်များနှင့် အရိုးခွဲဝံပုလွေများသည်လည်း သူတို့ကြားတွင် ရောနှောနေကြပြီး အမည်းရောင်ဒီရေလှိုင်းကြီးတစ်ခုအလား တိုးဝင်နိုင်သည့် အက်ကြောင်းတိုင်းမှတစ်ဆင့် အပေါ်သို့ တက်ရန် ကြိုးစားနေကြသည်။
ကာကွယ်ရေးမျဉ်းမှာ ပြိုလဲလုနီးပါး ဖြစ်နေခဲ့ပြီ။
မြေဝါရောင် အလင်းဒိုင်းမှာ ပြင်းထန်စွာ လှုပ်ခတ်နေလေသည်။ မှိတ်တုတ်မှိတ်တုတ် အလင်းစက်လေးများက အချိန်မရွေး ပြိုကွဲသွားနိုင်သော ရေပူဖောင်းတစ်ခုအလားပင်။
ရှေ့တန်းက သံမဏိဒိုင်းကာ ကင်းစခန်းမှ စစ်သည်များသည် သူတို့ သွေးအကြိမ်ပေါင်းများစွာ အန်ထုတ်ခဲ့ရပြီးဖြစ်သည်။
သို့သော် သူတို့က ဒိုင်းများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်များကို နောက်ဆုံးကာကွယ်ရေးအဖြစ် အသုံးပြု၍ ကာကွယ်နေကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့အနောက်တွင် ဆုတ်ခွာစရာ လမ်းကြောင်း လုံးဝမရှိတော့သောကြောင့် ဖြစ်သည်။
“တောင့်ထားကြစမ်း။ နင်မြို့အတွက်။ သေသည်အထိ တိုက်ပွဲဝင်၊ နောက်မဆုတ်နဲ့။”
လေ့ဟောက်၏ အသံမှာ ဩရှရှဖြစ်နေပြီး ကွဲအက်လုနီးပါးပင်။
သူသည် သူ၏ လေးလံသော လက်သီးကို လွှဲယမ်းလိုက်ပြီး ယခုလေးတင် တက်လာသည့် အရိပ်ကျားသစ်တစ်ကောင်ကို ချေမှုန်းပစ်လိုက်သော်လည်း ပိုမိုများပြားသော မိစ္ဆာသားရဲများက နေရာလွတ်ကို ချက်ချင်း ပြန်လည် ဖြည့်တင်းလိုက်ကြပြန်သည်။
စိတ်ပျက်အားငယ်မှုများသည် အေးစက်သော ဒီရေတစ်ခုအလား သူ၏ ဆင်ခြင်တုံတရားကို ဖြည်းညင်းစွာ ဝါးမြိုလာခဲ့သည်။
ဤအဆုံးအဖြတ်ပေးမည့် အခိုက်အတန့်လေးအတွင်း ဝံပုလွေအသိုက်ဘက်မှ တုံ့ပြန်မှု ရောက်ရှိလာခဲ့ပြီဖြစ်သည်။
၎င်း၏ အတိုင်းအတာမှာ ယခင်က “ပူးတွဲ ကာကွယ်ရေး” များထက် များစွာ ကျော်လွန်နေပြီး ရက်စက်ကြမ်းကြုတ်လှသည်ဟုပင် ပြောဆိုနိုင်သည်။
စစ်မြေပြင်၏ ဘယ်ဘက်တောင်ပံတွင်၊ မိုးကြိုးများနှင့် ဒေါသတရားများ၏ မုန်တိုင်းတစ်ခု တိုက်ခတ်လာခဲ့ပြီ ဖြစ်သည်။
ထျန်းပင်း၏ ရွှေအိုရောင်ပုံရိပ်သည် အရိပ်ထဲက အမဲလိုက်သူ မဟုတ်တော့ဘဲ စစ်မြေပြင် ကောင်းကင်ယံထက်၌ အတောက်ပဆုံးသော မိုးကြိုးတိုတမ်ကြီးတစ်ခုအလား ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
သူ နားကွဲမတတ် ဟိန်းဟောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ရစ်ပတ်နေသော ရွှေအိုရောင် လျှပ်စီးကြောင်းများ ပြင်းထန်စွာ ပေါက်ကွဲထွက်လာခဲ့ပြီး မိုးကြိုးအကျဉ်းထောင် အရူးနတ်ဘုရားအခြေအနေ အပြည့်အဝ အသက်ဝင်သွားခဲ့ပြီဖြစ်သည်။
သူသည် လုပ်ကြံသတ်ဖြတ်သူ ပင်မတပ်ဖွဲ့ကို ဦးဆောင်လျက် နတ်ဘုရားတစ်ပါးက လွှဲယမ်းလိုက်သည့် တောက်ပသော စစ်ပုဆိန်ကြီးတစ်လက်အလား မဟာမိတ်စစ်တပ်၏ ထိုးစစ်ဆင် လမ်းကြောင်း၏ အသိပ်သည်းဆုံးနှင့် အကြမ်းတမ်းဆုံးဖြစ်သည့် “ခါးလယ်ပိုင်း” ဆီသို့ အပြင်းထန်ဆုံး အနေအထားဖြင့် ဖြတ်တောက် ဝင်ရောက်သွားတော့သည်။
“ဝုန်း… ချွတ်…”
သူ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လျှပ်စီးကြောင်းများက အကျဉ်းထောင်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
ပြင်းထန်သော မိုးကြိုးပစ်ခတ်မှုမှာ တစ်ချက်ချင်း တိုက်ခိုက်ခြင်း မဟုတ်တော့ဘဲ အဆက်မပြတ်ရှိနေသည့် လျှပ်စစ်စက်ကွင်း နယ်ပယ်တစ်ခုကို ဖွဲ့စည်းလိုက်ခြင်းပင် ဖြစ်သည်။
ထိုအကွာအဝေးအတွင်းရှိ မိစ္ဆာသားရဲများသည် အဆင့်မခွဲခြားဘဲ လျှပ်စစ်ဓာတ်လိုက်ကုန်ကြသဖြင့် လောင်ကျွမ်းကာ တုန်ယင်နေကြရသည်။
အားနည်းသော ကောင်များမှာမူ တစ်ခါတည်း ပြာအဖြစ် ပြောင်းလဲသွားကြရရှာသည်။ သူ၏ လက်သည်းများကို လွှဲယမ်းလိုက်ပြီး မိုးကြိုးလက်သီး တိုက်ခိုက်မှုမှာ ကျွမ်းကျင်မှုများကို အသုံးချခြင်း မဟုတ်တော့ပေ။ သန့်စင်သော စွမ်းအားများကို မျှဝေပေးခြင်းဖြစ်သည်။
သူ၏ လက်သီးချက်တိုင်းက လမ်းပိတ်နေသည့် မိစ္ဆာသားရဲများနှင့် သူတို့၏ ခြေအောက်က မြေပြင်ကိုပါ အပိုင်းပိုင်း ဆုတ်ဖြဲပစ်ခဲ့သည်။
သူ့ဘေးတွင် ထိုးစစ်အဖြစ် ဖွဲ့စည်းထားကြသည့် ရေပြာကြေးခွံအစောင့်အရှောက် လေးဦးသည် “စစ်မြေပြင် ရှင်းလင်းသူ” များ၏ တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်နေကြသည်။
သူတို့သည် ထျန်းပင်း၏ ထိုးစစ်ဆင် လမ်းကြောင်းနောက်မှ ကပ်လျက် လိုက်ပါလာကြသည်။
သူတို့က မိုးပြာရောင်ဝံပုလွေ အဆက်မပြတ်ခုတ်ပိုင်းခြင်းကို လှုံ့ဆော်လိုက်ချိန်တွင် လက်သည်းအရိပ်များသည် သေမင်းတမန်မုန်တိုင်းတစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့ပြီး ထျန်းပင်းအား ချုံခိုတိုက်ခိုက်ရန် ကြိုးစားကြသည့် မည်သည့်မိစ္ဆာသားရဲကိုမဆို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်ကြသည်။
သူတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ ပြီးပြည့်စုံသော တိတ်တဆိတ်ပူးပေါင်းမှုဖြစ်ပြီး အသိစိတ်ငါးခုရှိသော်လည်း တကယ့်သတ်ဖြတ်ရေး အစုအဖွဲ့တစ်ခုအလား စည်းလုံးနေသည်။
“ကြည့်ကြပါဦး…ဟိုဘက်ကို လှမ်းကြည့်ကြပါဦး…ရွှေရောင်မိုးကြိုးဝံပုလွေနတ်ဘုရားကြီးပဲ…သူ့ဆီက အလင်းတွေ ဖြာထွက်နေတယ်”
အရပ်သားထဲမှ ကောင်လေးတစ်ဦးက သူ၏ အကြောက်တရားများကို မေ့လျော့လျက် လျှပ်စီးများနှင့် မီးခိုးများ ဖုံးလွှမ်းနေသည့် ဘယ်ဘက်တောင်ပံ ဧရိယာဆီသို့ စိတ်လှုပ်ရှားစွာ ညွှန်ပြရင်း အော်ဟစ်လိုက်သည်။
ဆိုးယုတ်မှုအားလုံးကို ဖယ်ရှားပစ်လိုက်သည့် ထိုကြီးမြတ်လှသော ခွန်အားများက စိတ်ပျက်အားငယ်နေခဲ့ကြရသည့် လူများစွာ၏ နှလုံးသားထဲတွင် မျှော်လင့်ချက်သေးသေးလေးတစ်ခု ပေါ်ပေါက်လာစေသည်။
တစ်ပြိုင်နက်တည်းနီးပါးတွင် စစ်မြေပြင်၏ ညာဘက်တောင်ပံသည်လည်း အေးစက်သော သေမင်းတမန် ဧရိယာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ရန့်မြဲ့၏ တောင်ကြီးတစ်လုံးအလား တည်ငြိမ်လှသော အသံက ဝံပုလွေအသိုက် ကွန်ရက်အတွင်း ရှင်းလင်းပြတ်သားပြီး တည်ငြိမ်စွာ ထွက်ပေါ်လာသည်။
“အစောင့်အရှောက်များ၊ ဒိုင်းဖွဲ့စည်းပုံကို ရှေ့သို့ ရွှေ့ပါ”
“ခြေလှမ်း သုံးလှမ်း…“
“မဟာနှင်းအစောင့်အရှောက်၊ မိစ္ဆာသားရဲ အသိပ်သည်းဆုံး ဧရိယာအပေါ် ပစ်မှတ်ထား”
“ပစ်ခတ်မှု သုံးလှိုင်းပြင်ဆင်ထား”
“တစ်စက္ကန့်စီခြားပြီးတော့ ပစ်”
အမိန့်ပေးလိုက်သည်နှင့် သာမန်အစောင့်အရှောက်ဝံပုလွေများသည် ညီညာစွာဖြင့် တိုးညင်းသော ဟိန်းဟောက်သံတစ်ခုကို ထုတ်လွှတ်လိုက်ကြသည်။
သူတို့၏ လေးလံပြီး ကြေးခွံပုံစံရုန်းများ ရှိနေသည့် ရေခဲချပ်ဝတ်တန်ဆာများက အရုဏ်ဦး အလင်းအောက်တွင် အေးစက်သော အလင်းတန်းများကို ဖြာထွက်နေသည်။
သူတို့၏ လေးလံသော ခြေလှမ်းများနှင့်အတူ ကိုင်ဆောင်ထားကြသည့် ဧရာမရေခဲဒိုင်းကြီးများက မြေပြင်ပေါ်တွင် အချင်းချင်း တင်းကြပ်စွာ ချိတ်ဆက်လျက် ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်များကို ထုတ်လွှတ်နေသည့် ရွေ့လျားနေသော မြို့တံတိုင်းကြီးတစ်ခုကို ဖွဲ့စည်းလိုက်သည်။
သူတို့သည် မဟာမိတ်စပ်တပ်၏ ဘေးဘက်တပ်ဖွဲ့များ ဆောင်ကြဉ်းလာသည့် ကြမ်းတမ်းသော ရိုက်ခတ်မှု အရှိန်အဟုန်များကို အတင်းအဓမ္မ ခုခံကာ နောက်သို့ တွန်းထုတ်ပစ်လိုက်ကြသည်။
ထို့နောက် ဤနှင်းခဲဒိုင်း ဖွဲ့စည်းပုံ၏ အနောက်တည့်တည့်တွင် မဟာနှင်းအစောင့်အရှောက်ကိုးဦးသည် နိုးထလာခဲ့ကြပြီဖြစ်သော ရေခဲနတ်ဘုရား ကိုးပါးအလား မတ်မတ်ရပ်နေကြသည်။
သူတို့သည် တစ်ပြိုင်နက်တည်း ကောင်းကင်ယံသို့ ခေါင်းမော့လိုက်ကြပြီး နဖူးပေါ်ရှိ ရေခဲသလင်းကျောက်ပုံစံများက အလွန်တောက်ပစွာ လင်းလက်လာသည်။
သူတို့ပတ်လည်တွင် ပျံ့လွင့်နေသော အအေးဓာတ်များက လေထုအတွင်းရှိ ရေငွေ့များကို ရေခဲသလင်းကျောက်ငယ်လေးများအဖြစ် ပြောင်းလဲစေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော အစွန်းရောက် အအေးစွမ်းအားများသည် သူတို့၏ ခေါင်းပေါ်တွင် လျင်မြန်စွာ စုစည်းသွားကြသည်။
“ရေခဲဥက္ကာခဲ... ပြင်းထန်စွာ ရိုက်ချခြင်း”
ပထမဆုံး ပစ်ခတ်မှုလှိုင်း။
၎င်းအတွင်း၌ မိုးပြာရောင်ရှိပြီး အချင်းဝက် မီတာငါးမီတာထက် ကျော်လွန်ကာ လုံးဝအစိုင်အခဲဖြစ်လုနီးပါး ဖြစ်နေသည့် ရေခဲဥက္ကာခဲသုံးလုံးသည် ရှည်လျားလှသော အဖြူရောင်အအေးမြူလမ်းကြောင်းများကို ဖြစ်ပေါ်စေသည်။
အရုဏ်ဦး ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး နားကွဲမတတ် လေခွဲသံကြီးများနှင့်အတူ ညာဘက်တောင်ပံရှိ ထိုးစစ်ဆင်လာနေသည့် သားရဲအုပ်စု၏ ဗဟိုချက်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
“ဝုန်း”
လောင်ကျွမ်းနေသော မီးတောက်များတစ်ခုမှ ထွက်ပေါ်လာခြင်းမရှိ။
တစ်ခဏအတွင်း ကျယ်ပြန့်သွားသည့် အကြွင်းမဲ့နယ်ပယ်ကြီးတစ်ခုသာ ရှိနေခဲ့သည်။
အဖြူရောင်အအေးလှိုင်းကြီးက စက်ဝိုင်းပုံစံဖြင့် အလွန်မြန်ဆန်စွာ အပြင်သို့ တိုက်စားသွားသည်။
အကွာအဝေးအတွင်းရှိ မိစ္ဆာသားရဲ ရာဂဏန်းခန့်မှာ ဟိန်းဟောက်နေကြသည့် ဧရာမမျောက်ဝံကြီးများ ဖြစ်စေ၊ ထိုးစစ်ဆင်နေကြသည့် ကြံ့ကြီးများဖြစ်စေ တစ်ခဏအတွင်း ပုံသဏ္ဌာန်မျိုးစုံဖြင့် ရေခဲရုပ်တုကြီးများအဖြစ် ပြောင်းလဲသွားကြသည်။
ရက်စက်လှသော မျက်နှာအမူအရာများမှာလည်း ထိုနေရာမှာပင် အေးခဲသွားခဲ့ရသည်။ ထို့နောက် ဒုတိယမြောက်နှင့် တတိယမြောက် ပစ်ခတ်မှုလှိုင်းများ ထပ်မံရောက်ရှိလာပြန်သည်။
“ဝုန်း… ဝုန်း“
ပိုမိုများပြားလှသော ရေခဲဥက္ကာခဲများ ပြင်းထန်စွာ ကျရောက်လာခဲ့ပြီး အအေးလှိုင်း ဧရိယာများမှာ အချင်းချင်းထပ်လျက် ပိုမိုကျယ်ပြန့်သွားခဲ့သည်။
တစ်ချိန်က ကြမ်းတမ်းလှသော သားရဲအုပ်စုကြီးမှာ အေးခဲသွားပြီး ထူးဆန်းပြီး ကျယ်ပြောလှသော တိတ်ဆိတ်နေသည့် နှင်းခဲချိပ်ပိတ်နယ်မြေကြီးတစ်ခုတွင် ပိတ်မိနေသကဲ့သို့ပင်။
အနောက်က လိုက်ပါလာကြသည့် မိစ္ဆာသားရဲများမှာ ထိတ်လန့်တကြားဖြင့် ရှောင်ကွင်းရန် ကြိုးစားကြသော်လည်း ရှေ့က ရေခဲရုပ်တုကြီးများနှင့် မရှောင်လွှဲနိုင်ဘဲ ဝင်တိုက်မိကြသဖြင့် ရုပ်တုကြီးများ ပြိုကွဲသွားကာ ပြတ်တောက်နေသော ခြေလက်များနှင့် ရေခဲတုံးများ နေရာအနှံ့ ပျံ့လွင့်သွားစေခဲ့သည်။
မြင်ကွင်းမှာာ အစွန်းရောက်အောင် ဖရိုဖရဲဖြစ်နေခဲ့ပြီ။
ဤသည်မှာ တိုက်ပွဲတစ်ခု မဟုတ်တော့ပေ။ အေးစက်ပြီး ရက်စက်ညှာတာမှုမရှိသော သတ်ဖြတ်မှုကြီး သက်သက်သာ ဖြစ်သည်။
“ဘုရားသခင်... ဒါ... ဒါက...”
လက်မောင်းတစ်ဖက်တည်းသာ ကျန်ရှိတော့သည့် ထိုဖခင်ဖြစ်သူသည် ကြောက်မက်ဖွယ်ကောင်းသော ထိုရေခဲငရဲခန်းကြီးကို စိုက်ကြည့်နေမိရင်း နှုတ်ခမ်းများ တုန်ယင်နေကာ စကားလုံးများကို ပီသအောင်ပင် မပြောနိုင်ရှာတော့ပေ။
ယခင်က သူ၏ အကြောက်တရားများသည် ယခုအခါ ထူးဆန်းစွာပင် ကိုးကွယ်ယုံကြည်မှု ခံစားချက်တစ်မျိုးအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
မြို့အပြင်ဘက်တွင် အရူးအမူးသတ်ဖြတ်ပြီး အရာအားလုံးကို ဖျက်ဆီးပစ်ရန်သာ သိကြသည့် အကောင်များနှင့် နှိုင်းယှဉ်ပါက တင်းကျပ်လှသော စည်းကမ်းများနှင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ပိုင်ဆိုင်ထားကြသည့် ဤ နှင်းဝံပုလွေများသည် အဆမတန်ကွာခြားလွန်းပေသည်။
ဤအတွေးမှာ သူ့အတွက်ပင် အလွန်တရာ ရူးသွပ်လှသည်ဟု ခံစားရသော်လည်း ၎င်း ကြီးထွားလာမှုကိုမူ သူ မတားဆီးနိုင်ခဲ့ပေ။
ထို့နောက် စစ်မြေပြင်တစ်ခုလုံး၏ အဖရိုဖရဲဖြစ်ဆုံးနှင့် မြင်တွေ့ရန် အခက်ခဲဆုံးဖြစ်သည့် အရိပ်များ ဖုံးလွှမ်းနေသော လမ်းထောင့်တွင်မူ တိတ်ဆိတ်လှသော သေမင်းတမန် စားသောက်ပွဲကြီးတစ်ခုမှာ စတင်နေခဲ့သည်မှာ ကြာမြင့်နေပြီမဟုတ်ပါလော။
ယင်းဖုန်း၏ ပုံရိပ်သည် အလင်းနှင့် အရိပ်တို့၏ နယ်နိမိတ်ကြားတွင် လုံးဝပေါင်းစပ်နေပုံရသည်။
သူ၏ ရေခဲမျက်ဝန်းပြာများသည် စစ်မြေပြင်တစ်ခုလုံးကို တည်ငြိမ်စွာ စစ်ဆေးကြည့်ရှုနေသည်။
သူကိုယ်တိုင် မျက်နှာချင်းဆိုင် ထိပ်တိုက်ရင်ဆိုင်မှုများတွင် ပါဝင်ခြင်း မရှိသလောက်ပင်။
သူသည် ဝံပုလွေအသိုက်၏ ထူးခြားသော ဝိညာဉ်ကွန်ရက်မှတစ်ဆင့် လုံးဝကွဲပြားသော တပ်ဖွဲ့နှစ်ခုကို တစ်ပြိုင်နက်တည်း ကွပ်ကဲနေခြင်း ဖြစ်သည်။
များပြားလှသော သာမန်ကင်းလှည့်အမဲလိုက်တပ်ရင်းမှ စစ်သည်များသည် စစ်မြေပြင်ပေါ်က သူတို့၏ ပုံရိပ်ယောင်ကိုယ်ပျောက် ပင်ကိုစွမ်းရည်ကို အသုံးပြုလျက် မိစ္ဆာသားရဲများ၏ အမြင်ကွယ်ရာ နေရာများကြားတွင် လျင်မြန်စွာ လှုပ်ရှားနေကြသည်။
သူတို့၏ ရည်မှန်းချက်မှာ သတ်ဖြတ်ရန် မဟုတ်ဘဲ အနှောင့်အယှက်များပေးရန်နှင့် ဖရိုဖရဲဖြစ်မှုများကို ဖန်တီးရန်အတွက်သာ ဖြစ်သည်။
သူတို့၏ ချွန်ထက်သော ရေခဲလက်သည်းများက မိစ္ဆာသားရဲများ၏ ခြေဆစ်များ၊ ခြေကျင်းဝတ်များနှင့် အတောင်ပံများကို တမင်တကာ ရည်ရွယ်တိုက်ခိုက်ကြသည်။
လျင်မြန်လှသော လက်သည်းချက်တစ်ချက်စီ တိုက်ခိုက်ပြီးတိုင်း မိစ္ဆာသားရဲများ၏ နာကျင်ဖွယ် အော်ဟစ်သံများနှင့် လှုပ်ရှားမှုများ ရပ်တန့်သွားခြင်းတို့က သားရဲအုပ်စု၏ ထိုးစစ်ဆင်မှု အရှိန်အဟုန်ကို နှေးကွေးသွားစေပြီး မဟာမိတ်စစ်တပ်အတွင်း၌လည်း ထိတ်လန့်မှုများကို ဖြစ်ပေါ်စေတော့သည်။