အခန်း ၉၄၁
Vol. 48 Ch. 941
အပိုင်း(၉၄၁) ကြယ်နီကျွန်း အစည်းအဝေး
ကြယ်နီကျွန်း၏ အစည်းအဝေး အကြောင်းအရာက သိပ်ပြီး မရှုပ်ထွေးပေ။
အဓိကကတော့ နတ်ဘုရားနိုင်ငံတော်ကို ရင်ဆိုင်ရမည့် နောက်ထပ် စစ်ဆင်ရေး အစီအစဉ်ကို အတည်ပြုရန် ဖြစ်၏။
ထိုအထဲတွင် အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခုက နတ်ဘုရားနိုင်ငံတော် တောင်ဘက်သို့ ထွက်ပြေးမည့် လမ်းကြောင်းကို ခိုက်ရီနည်းပညာက ကြားဖြတ် တားဆီးပေးရန်ပင်။
ဤအစိတ်အပိုင်းကို ဖြည့်ဆည်းနိုင်မှသာ နတ်ဘုရားနိုင်ငံတော်ကို အပြီးတိုင် ရှင်းလင်းပစ်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် လက်ရှိအချိန်၌ ခိုက်ရီနည်းပညာဘက်က အလွန် အရေးပါနေ၏။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် ဗိုလ်ချုပ်ဟော်ရဲ့လူတွေက တာဝန်ယူထားတဲ့ပုံပဲ"
ဟုန်ထျန်ရီက စစ်ဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသား တစ်ဦးကို လှမ်းကြည့်လိုက်သည်။
ထိုသက်လတ်ပိုင်း အမျိုးသားက ခေါင်းညိတ်ပြပြီး "ဟုတ်တယ်... ကျုပ်ရဲ့ လက်အောက်ခံ လီဟူ သွားနှင့်ပြီ... မကြာသေးခင်ကပဲ သတင်းကောင်း တစ်ခု ပို့လာတယ်... ခိုက်ရီနည်းပညာရဲ့ ခေါင်းဆောင် ဂျိမ်းစ်ကို ဖမ်းမိထားပြီတဲ့"
"ဂျိမ်းစ်... နိုင်ငံခြားသားလား" ဟုန်ထျန်ရီက အံ့သြစွာ မေးလိုက်သည်။
ဟော်ကျန့်ကော်က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်... ပင်လယ်ရပ်ခြားက ရောက်လာတဲ့ အပြင်လူ ဖြစ်လောက်တယ်... ကပ်ဘေးမတိုင်ခင်ကတည်းက ဒီမှာ ကုမ္ပဏီ လာထောင်ထားတာ... ရေကြီးပြီးတဲ့နောက် ဒီမှာပဲ သောင်တင်နေတာ"
ဟုန်ထျန်ရီက သိချင်စိတ်ကို မထိန်းနိုင်ဘဲ "နိုင်ငံခြားသား တစ်ယောက် တည်ထောင်ထားတဲ့ ခိုလှုံရေးစခန်း အဖွဲ့အစည်းကို... လူတွေက သူ့စကား နားထောင်ကြတယ်လား"
အခြားသူများကလည်း မနေနိုင်ဘဲ ဝင်ရောက် ဝေဖန်လာကြသည်။
"ယွီကျိုးပြည်နယ်ကလည်း ပြည်နယ်ကြီး တစ်ခုပဲလေ... အသက်ရှင်ကျန်ရစ်သူ အများကြီးထဲမှာ တော်တဲ့လူ တစ်ယောက်မှ မရှိတော့ဘူးလား... အပြင်လူ တစ်ယောက်ကိုများ ဒေသတစ်ခုရဲ့ ခေါင်းဆောင်အဖြစ် တင်မြှောက်ထားကြတယ်လို့"
"တောက်... ယွီကျိုးပြည်နယ်က လူတွေအကုန်လုံးက အသုံးမကျတဲ့ အမှိုက်တွေချည်းပဲလား" တစ်ယောက်က ဆဲရေးတိုင်းထွာလိုက်သည်။
ဗိုလ်ချုပ်တစ်ဦးကလည်း ခနဲ့တဲ့တဲ့ ပြုံးရင်း "မိစ္ဆာဂိုဏ်း မဟုတ်ရင်လည်း အပြင်လူတွေပဲ... ယွီကျိုးပြည်နယ်ကတော့ တကယ်ကို သုံးစားမရတာပဲ... ကိုယ်ပိုင် ဒေသခံ အဖွဲ့အစည်းဆိုတာ လုံးဝ မရှိသလောက်ပဲ"
ဤလူများ အများစုက ကျင်းကျိုး ဒေသခံများ ဖြစ်ကြရာ သဘာဝအလျောက်ပင် အထက်စီးဆန်သော ဟန်ပန်များ ရှိနေကြပြီး အခြားဒေသမှ လူများကို အထင်သေးတတ်ကြသည်။
ယခု ယွီကျိုးပြည်နယ်၏ အခြေအနေကို သိလိုက်ရသောအခါ သူတို့ သဘာဝအတိုင်း လှောင်ပြောင် သရော်လာကြခြင်း ဖြစ်၏။
ဟော်ကျန့်ကော်က မျက်မှောင်ကြုတ်သွားပြီး လေးနက်သော အသံဖြင့် "အားလုံးပဲ... ကျုပ် ရထားတဲ့ သတင်းတွေအရဆိုရင် ဒီ ဂျိမ်းစ်ရဲ့ အစွမ်းက သာမန် မဟုတ်ဘူး... သူ့ရဲ့ အစွမ်းက တော်တော်လေး ထူးခြားတယ်"
"ဘာအစွမ်းမို့လို့လဲ... ဘယ်လောက်ပဲ တော်နေပါစေ... သူလည်း လူတစ်ယောက်တည်းပဲလေ" တစ်ယောက်က လှောင်ပြုံး ပြုံးလိုက်သည်။
အခြားတစ်ယောက်ကလည်း "တကယ်သာ စွမ်းတယ်ဆိုရင် ခင်ဗျားရဲ့ လက်အောက်ငယ်သား ဖမ်းတာကို ခံရပါ့မလား... ဒါက တောင်ဘက်က လူတွေ အရမ်း အားနည်းနေတာကို ပြနေတာပဲ"
ဟော်ကျန့်ကော်မှာ စိတ်ထဲတွင် ပြောစရာ စကားပင် ပျောက်ရှသွားသည်။ သူက ဤလူများထဲတွင် ကျင်းကျိုး ဒေသခံ မဟုတ်သော လူနည်းစုထဲမှ တစ်ဦး ဖြစ်ပြီး သူ၏ ဇာတိမှာ ရုံမြို့ ဖြစ်သည်။ သို့သော် စစ်ထဲဝင်ပြီးနောက် ကျင်းကျိုးစစ်တပ် အခြေစိုက်စခန်းသို့ တာဝန်ကျလာခဲ့ခြင်း ဖြစ်၏။
နောက်ပိုင်း ရေကြီးမှုကြီး ဖြစ်ပွားပြီးနောက် သူ၏ ကိုယ်ပိုင် သန္ဓေပြောင်းအစွမ်းကို အားကိုးကာ တဖြည်းဖြည်း ကြိုးစားလာခဲ့ရာမှ မိမိတပ်ဖွဲ့၏ ခေါင်းဆောင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ယခု ကျင်းကျိုး ဇာတိဖွားများက မာနတခွဲသားနှင့် ပြောဆိုနေကြပြီး တောင်ဘက်မှ ခိုက်ရီနည်းပညာကို အထင်သေးနေကြခြင်းမှာ တကယ်တမ်းတော့ သူကဲ့သို့ နယ်ခံမဟုတ်သော အခြားဒေသခံများကို အထင်သေးနေခြင်းပင် မဟုတ်ပါလော။
သူက အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ခပ်အေးအေးပင် "ခင်ဗျားတို့ အားလုံးက ခိုက်ရီနည်းပညာကို အမှိုက်လို့ ပြောနေကြမှတော့... အစတုန်းက ဒီတာဝန်ကို ဘာလို့ ဝင်မယူခဲ့ကြတာလဲ"
ထိုစကား ထွက်ပေါ်လာသည်နှင့် အစည်းအဝေးခန်းထဲတွင် ခေတ္တ တိတ်ဆိတ်သွားသည်။
အစောပိုင်းက ဟုန်ထျန်ရီ စစ်ဆင်ရေး အစီအစဉ်ကို တိုင်ပင်ဆွေးနွေးစဉ်ကတည်းက နတ်ဘုရားနိုင်ငံတော် တောင်ဘက်သို့ ထွက်ပြေးမည်ကို ကြိုတင် ခန့်မှန်းထားပြီး ဖြစ်၏။
ထို့ကြောင့် သူက ခိုက်ရီနည်းပညာနှင့် ဆက်သွယ်ရန် လူများကို စောစီးစွာ စေလွှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့မဟုတ်ပါက နတ်ဘုရားနိုင်ငံတော် စတင်ရှုံးနိမ့်သည်နှင့် ကျင်းကျိုး၏ ရေပေါ်ကျွန်းက ခိုက်ရီနည်းပညာ အနီးသို့ ရောက်ရှိနေမည် မဟုတ်ပေ။
လီဟူတို့အဖွဲ့က စောစောစီးစီးကတည်းက ထွက်ခွာသွားခဲ့ပြီ ဖြစ်ကြောင်း ထင်ရှားနေသည်။
အစောပိုင်းက ကျင်းကျိုးစစ်တပ် ဆွေးနွေးတိုင်ပင်စဉ်က ခိုက်ရီနည်းပညာကို အရင် ဖြေရှင်းရန် တပ်ဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့သည်။
သို့သော် ထိုအချိန်က ဤနေရာတွင် ရှိနေသူများထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ခိုက်ရီနည်းပညာကို တိုက်ခိုက်ရန် ကိုယ်တိုင် တာဝန်ယူမည်ဟု နှုတ်မှ ထုတ်မပြောခဲ့ကြပေ။
ယခု မိမိဘက်မှ လက်ရုံးတပည့်က ခိုက်ရီနည်းပညာ၏ ဂျိမ်းစ်ကို ဖမ်းမိလာသောအခါမှ ဤလူများက ဂျိမ်းစ်နှင့် ခိုက်ရီနည်းပညာမှာ ပြောလောက်စရာ မဟုတ်ကြောင်း ထွက်ပြောနေကြပြန်သည်။
ဒါက မိမိဘက်မှ လူများ၏ ကြိုးစားအားထုတ်မှုကို ဖျက်ဆီးပစ်နေခြင်း မဟုတ်ပါလော။
ဟော်ကျန့်ကော်က စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်ပြီး "ကျုပ် စုံစမ်းထားပြီးသား... အရင်တုန်းက ခိုက်ရီနည်းပညာ ခေါင်းဆောင် ဂျိမ်းစ်က နတ်ဘုရားနိုင်ငံတော် ခေါင်းဆောင် ရှန်တိကို မျက်နှာချင်းဆိုင် တိုက်ခိုက်ပြီး ဆုတ်ခွာသွားအောင် လုပ်နိုင်ခဲ့ဖူးတယ်... ခင်ဗျားတို့ထဲမှာရော ရှန်တိကို ဘယ်သူ အနိုင်ယူနိုင်လဲ"
လူအုပ်ကြီးထံမှ အသံများ ချက်ချင်း တိတ်ကျသွားလေသည်။
သို့သော် ချက်ချင်းပင် တစ်ယောက်က ဝင်ပြောလိုက်သည်။ "ဗိုလ်ချုပ်ဟော်... ခင်ဗျားပဲ ပြောတယ်လေ... အဲဒါက အရင်တုန်းက ကိစ္စပါဆို"
"မိစ္ဆာဂိုဏ်း ခေါင်းဆောင် ရှန်တိက ဒီနှစ်တွေထဲမှာ ကျင့်ကြံမှု မြန်ဆန်ပြီး အစွမ်းတွေ အရမ်း တိုးတက်လာတာလည်း ဖြစ်နိုင်တာပဲလေ... ဒါက ဟို ဂျိမ်းစ် စွမ်းတယ်ဆိုတာကို သက်သေမပြနိုင်ပါဘူး"
"လောင်ယွီ ပြောတာ မှန်တယ်... အဲဒီ အပြင်လူက ရှန်တိရဲ့ အနောက်မှာ အများကြီး ကျန်ရစ်နေခဲ့တာလည်း ဖြစ်နိုင်တာပဲ"
ဟုန်ထျန်ရီက လူအများ အငြင်းပွားနေကြသည်ကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားပြီး လေးနက်သော အသံဖြင့် "ဟုတ်ပြီ... အားလုံးပဲ ခဏလောက် တိတ်တိတ်နေကြပါဦး"
သူ စကားစလိုက်သည်နှင့် လူများအားလုံး အနည်းငယ် တိတ်ဆိတ်သွားကြသည်။
သို့သော် လှောင်ပြုံး ပြုံးနေသူ အချို့ ရှိနေဆဲဖြစ်ပြီး သိပ်ဂရုစိုက်ပုံ မပေါ်ပေ။
ဟုန်ထျန်ရီက ဆက်ပြောလိုက်သည်။ "ဗိုလ်ချုပ်ဟော်ရဲ့ လူတွေက ခိုက်ရီနည်းပညာရဲ့ ခေါင်းဆောင်ကို ဖမ်းမိလာတာဟာ တကယ်တော့ ကြီးမားတဲ့ အောင်မြင်မှု တစ်ခုပါပဲ... ဘာမှ ပြောစရာ မလိုပါဘူး"
"ဗိုလ်ချုပ်ဟော်... ခိုက်ရီနည်းပညာဘက်ကို သိမ်းသွင်းနိုင်ဖို့ အချိန်ဘယ်လောက်ကြာဦးမလဲ"
ဟော်ကျန့်ကော်က ခေတ္တ စဉ်းစားလိုက်ပြီး "ကျုပ်လူတွေက ခိုက်ရီနည်းပညာက လူတွေနဲ့ စေ့စပ်ဆွေးနွေးနေကြပြီ... ဒါပေမဲ့ လောလောဆယ် သတင်းပြန်မလာသေးဘူး... မကြာခင် ရောက်လာလိမ့်မယ်လို့တော့ ကျုပ် ခန့်မှန်းတယ်"
ဟုန်ထျန်ရီက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ "ဒါဆိုလည်း ကောင်းတာပေါ့... လောလောဆယ် ကျုပ်တို့ရဲ့ စစ်ဆင်ရေး အစီအစဉ်မှာ ခိုက်ရီနည်းပညာဆိုတဲ့ အစိတ်အပိုင်းလေးပဲ လိုတော့တာ"
"နတ်ဘုရားနိုင်ငံတော် တောင်ဘက်ကို ထွက်ပြေးမယ့် လမ်းကြောင်းကို ပိတ်ဆို့နိုင်ပြီဆိုတာနဲ့ တစ်ပြိုင်နက်... အချိန်ကျရင် နှစ်ဖက်ညှပ်တိုက်ပြီး ဒီကင်ဆာကျိတ်ကို သေချာပေါက် ဖျက်ဆီးပစ်နိုင်လိမ့်မယ်"
ထိုစဉ် မလှမ်းမကမ်းရှိ စစ်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက ရုတ်တရက် ဝင်ပြောလိုက်သည်။ "ခိုက်ရီနည်းပညာရဲ့ တောင်ဘက်မှာ မုန်ယာကုမ္ပဏီလို့ ခေါ်တဲ့ အဖွဲ့အစည်းတစ်ခု ရှိသေးတယ်လို့ ကျွန်တော် ကြားထားတယ်... အဲဒါလည်း ယွီကျိုးပြည်နယ် နယ်နိမိတ်ထဲမှာပဲ"
"ဒီအဖွဲ့အစည်းကိုပါ တစ်ပါတည်း တိုက်ခိုက် သိမ်းပိုက်လိုက်ရမလား"
ဟုန်ထျန်ရီက ခေတ္တ တွေးတောလိုက်ပြီး "အရမ်း ဝေးလွန်းတယ်... တောင်ဘက်ကို ထပ်သွားရင် ကျန်းနန်ပြည်နယ်ကို ရောက်သွားလိမ့်မယ်... ကျင်းကျိုးနဲ့ အရမ်းဝေးတဲ့အတွက် မလိုအပ်ပါဘူး"
"နောက်ပြီး ကျုပ်တို့ရဲ့ အာကာသယာဉ်က လူဒီလောက်အများကြီးကို မဆံ့ဘူး... လောလောဆယ် ကျင်းကျိုးဘက်က လူဦးရေကိုတောင် နေရာချထားဖို့ အဆင်မပြေသေးတာ... အပြင်ဘက်ကို ထပ်ပြီး နယ်မြေချဲ့ထွင်ဖို့ မလိုတော့ပါဘူး"
"လောလောဆယ် နတ်ဘုရားနိုင်ငံတော်ဆိုတဲ့ မိစ္ဆာဂိုဏ်းကို အရင် ဖြိုခွင်းပြီး လုံလောက်တဲ့ စွမ်းအင်ကျောက်တုံး အရင်းအမြစ်တွေ ရလာမှပဲ ထပ်စဉ်းစားကြတာပေါ့"
အားလုံးက ခေါင်းညိတ်လိုက်ကြပြီး မည်သူကမျှ ထပ်မံ ငြင်းခုံခြင်း မရှိတော့ပေ။
"လောလောဆယ်တော့ ဒီလောက်ပဲထားလိုက်ကြစို့... အစည်းအဝေး ရပ်နားမယ်"
ဟုန်ထျန်ရီက လက်ယမ်းပြလိုက်ရာ ဗိုလ်ချုပ်ကြီးများအားလုံး မတ်တတ်ထရပ်ကာ သုံးငါးယောက် တစ်စုဖြင့် စုဖွဲ့၍ ထွက်ခွာသွားကြသည်။
ဟော်ကျန့်ကော်မှာ ချက်ချင်း ထွက်မသွားဘဲ အခြားသူများအားလုံး ထွက်သွားလုနီးပါး အချိန်ရောက်မှသာ မတ်တတ်ထရပ်လိုက်ပြီး ဟုန်ထျန်ရီ အနီးသို့ လျှောက်သွားကာ မေးလိုက်သည်။ "ထျန်ရီ... ခင်ဗျားရဲ့ ဒဏ်ရာ အခြေအနေ ဘယ်လိုနေလဲ"
ဟုန်ထျန်ရီက ကြားသောအခါ ဖြည်းညင်းစွာ ပြုံးလိုက်ပြီး "ဒဏ်ရာသေးသေးလေးတွေပါ... ဒီတစ်ခေါက် ရှန်တိရဲ့ ဒဏ်ရာက ကျုပ်ထက် ပိုပြင်းတယ်... ဒါမှမဟုတ်ရင် သူ ဒီလောက်မြန်မြန် ဆုတ်သွားမှာ မဟုတ်ဘူး... ကျုပ်တို့ အချိန်ကို အမိအရ ဆုပ်ကိုင်ထားရမယ်... သူ့ကို အသက်ရှူချောင်ဖို့ အခွင့်အရေး ပေးလို့မဖြစ်ဘူး"
ပြောပြီးနောက် သူက ဟော်ကျန့်ကော်ကို ကြည့်လိုက်ပြီး "ဗိုလ်ချုပ်ဟော်... ခိုက်ရီနည်းပညာဘက်ကို ခင်ဗျား မျက်ခြည်မပြတ် စောင့်ကြည့်ထားပါ... ခြေလှမ်း မြန်မြန်သွက်သွက် လှမ်းဖို့ လိုတယ်"
ဟော်ကျန့်ကော်က ခေါင်းညိတ်လိုက်သည်။ "ကျုပ် သိပါတယ်... မနက်ဖြန်အထိ အကြောင်းပြန်စာ မရသေးဘူးဆိုရင်... ကျုပ် ကိုယ်တိုင် သွားလိုက်မယ်"
"ခင်ဗျားလည်း ပင်ပန်းသွားပြီ"
"အားလုံးက ကမ္ဘာသစ် တည်ဆောက်ဖို့အတွက်ပါပဲ"
ဟုန်ထျန်ရီက ကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်ပြီး "ဟုတ်တာပေါ့... ကမ္ဘာသစ်... လာပါ... အာကာသယာဉ် တည်ဆောက်ရေး စခန်းကို သွားကြည့်ကြရအောင်"
သူတို့နှစ်ဦး အစည်းအဝေးခန်းမထဲမှ အတူတကွ ထွက်ခွာလာခဲ့ကြပြီး အာကာသယာဉ် တည်ဆောက်ရေး စခန်းဆီသို့ လျှောက်သွားကြသည်။
ကြီးမားကျယ်ပြန့်သော အာကာသယာဉ်စခန်းတွင် အင်ဂျင်နီယာသုံး ကားကြီးများစွာက အလုပ်များစွာ လှုပ်ရှားနေကြပြီး ဧရာမ အာကာသယာဉ်ကြီး တစ်စင်းက မြေပြန့်ပြင်ထက်တွင် ရပ်နားထားသည်။
အာကာသယာဉ် တစ်ခုလုံး၏ ဧရိယာအကျယ်အဝန်းက ခြောက်မိုင်ထက်ပင် ကျော်လွန်နေ၏။
အပြင်ပန်းပုံစံမှာ အာကာသစခန်းတစ်ခုနှင့် အနည်းငယ် တူညီနေပြီး ကြီးမားခမ်းနားကာ အနာဂတ်နည်းပညာ အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
ဟုန်ထျန်ရီက မျက်စိရှေ့ရှိ အာကာသယာဉ်ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်များ ထွက်ပေါ်လာသည်။
"အာကာသယာဉ်ရဲ့ အဓိက ဖွဲ့စည်းပုံက အခြေခံအားဖြင့် ပြီးစီးသွားပြီ... လောင်စာအဖြစ် အသုံးပြုဖို့ လုံလောက်တဲ့ စွမ်းအင်ကျောက်တုံးတွေကို ရှာဖွေနိုင်ဖို့ပဲ လိုတော့တယ်... အဲဒါရရင် တရားဝင် စတင် ပျံသန်းလို့ ရပြီ"
"အာကာသယာဉ် အာကာသထဲ ဝင်ရောက်နိုင်တဲ့ အချိန်ရောက်ရင်... ကျုပ်တို့အတွက် ဆုတ်လမ်းတစ်ခု ရှိသွားပြီလို့ သတ်မှတ်လို့ရတယ်"
"ဒါ့အပြင် ကောင်းကင်မှာ ချိတ်ဆွဲထားတဲ့ ကြယ်မြစ်ကြီးရဲ့ လျှို့ဝှက်ချက်ကို ဖြေရှင်းဖို့တောင် အခွင့်အရေး ရလာနိုင်သေးတယ်"
ဟော်ကျန့်ကျွင်းက ခေတ္တ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။ "ထျန်ရီ... ခင်ဗျားက ဟိုလူကြီးတွေရဲ့ စကားကို ဒီလောက်တောင် ယုံကြည်နေတာလား"
ဟုန်ထျန်ရီက ကြားသောအခါ ရယ်မောလိုက်ပြီး "ယုံတာ မယုံတာက ဘာအရေးပါလို့လဲ"
"လောလောဆယ် ဒီရေဘေးကြီးက လုံးဝ ရပ်တန့်သွားမှာ မဟုတ်ဘူး... အနှေးနဲ့အမြန် ဒီကမ္ဘာဂြိုဟ်က ရေလွှမ်းမိုးခံရတဲ့ ကမ္ဘာကြီးအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားမှာပဲ"
"ဒီရေပေါ်ကျွန်းတွေ၊ လေပေါ်ကျွန်းတွေကလည်း ဟိုလူကြီးတွေ ပြောသလိုပဲ ဆယ်နှစ်အတွင်းမှာ အသက်ဝင်မှု ပျောက်ဆုံးသွားပြီး ရေအောက်ကို အကုန်လုံး နစ်မြုပ်သွားမှာ အသေအချာပဲ"
"အဲဒီအချိန်ရောက်ရင် လူသားတွေအတွက် ခြေချစရာ နေရာဆိုတာ တကယ်ကို ရှိတော့မှာ မဟုတ်ဘူး"
"ကျုပ်တို့ အခု ဒီအာကာသယာဉ်ကို တည်ဆောက်နိုင်တယ်ဆိုတာက အနာဂတ်မှာ ဒီထက်ပိုများတဲ့ အာကာသယာဉ်တွေကို ထပ်ပြီး တည်ဆောက်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ"
"အနာဂတ်မှာ ကျုပ်တို့တွေ အနီးအနားက ဂြိုဟ်တွေပေါ်မှာ စခန်းတွေ တည်ဆောက်လို့ရမယ်... ကောင်းကင်က ကြယ်မြစ်ကြီးနဲ့ ဝေးဝေးမှာ နေနိုင်သရွေ့... မိုးကောင်းကင်ကနေ ကျဆင်းလာတဲ့ ရေဘေးကြီးကို ရှောင်လွှဲနိုင်လိမ့်မယ်"
"ဒါက ကျုပ်တို့ လူသားတွေအတွက် တစ်ခုတည်းသော ဆုတ်လမ်းပဲ"
ဟော်ကျန့်ကျွင်းက ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချကာ... "ဒီအကြောင်းပြချက်ကြောင့်သာ မဟုတ်ရင်... ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ် ဒီလူတွေနဲ့ အတူ တွဲပြီး အလုပ်မလုပ်ချင်ဘူး"
ဟုန်ထျန်ရီက ခေါင်းညိတ်လိုက်ပြီး "ကျုပ် သိပါတယ်... ဗိုလ်ချုပ်ရဲ့ လက်ထဲမှာ လေပေါ်ကျွန်း (၁) ကျွန်းနဲ့ ရေပေါ်ကျွန်း (၂) ကျွန်း ရှိတယ်လေ... ပွင့်ပွင့်လင်းလင်း ပြောရရင် ဘယ်နေရာသွားသွား လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ဘာသာ ဘုရင်တစ်ပါးလို စံစားနေလို့ ရနေတာပဲ"
"တချို့လူတွေက အခြေအနေကို နားမလည်ဘဲ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း အထက်တန်းကျတယ်လို့ ထင်နေကြတာ... ဗိုလ်ချုပ် နစ်နာသွားရတာပေါ့"
ဟော်ကျန့်ကျွင်းက လက်ကာပြလိုက်ပြီး "ထားလိုက်ပါတော့... အားလုံးက လူသားမျိုးနွယ်အတွက်ပါပဲ"
သူတို့နှစ်ဦး စကားအနည်းငယ် ပြောဆိုပြီးနောက် ဤအာကာသယာဉ်ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဟုန်ထျန်ရီက ပြောလိုက်သည်။ "အာကာသယာဉ် စတင် လည်ပတ်နိုင်လို့ အာကာသထဲ ရောက်သွားရင်... ကျုပ်တို့ အရင်ဆုံး ကောင်းကင်ပေါ်က ဂြိုဟ်တုစနစ်ကို ပြုပြင်ဖို့ ကြိုးစားရမယ်... သန္ဓေပြောင်းစွမ်းအင် သံလိုက်စက်ကွင်းရဲ့ အနှောင့်အယှက်ကို ခုခံနိုင်အောင် သန္ဓေပြောင်း ပစ္စည်းတွေနဲ့ တစ်ခါထဲ အစားထိုး ပြောင်းလဲပစ်ရမယ်"
"ဂြိုဟ်တုစနစ် ပြုပြင်ပြီးသွားရင် အင်တာနက် ကွန်ရက်လှိုင်းကို ပြန်လည်ရယူနိုင်ပြီလို့ ဆိုလိုတာပဲ... အဲဒီအချိန်ကျမှသာ လူသားတွေက သတင်းအချက်အလက်ခေတ်ရဲ့ နည်းပညာစွမ်းရည်ကို အမှန်တကယ် ပြန်လည်ရရှိပြီလို့ သတ်မှတ်လို့ရမှာ"
ဟော်ကျန့်ကျွင်းက ခေါင်းညိတ်လိုက်ပြီး ဝမ်းသာပီတိဖြစ်စွာဖြင့် "အဲဒီနေ့ မြန်မြန် ရောက်လာပါစေလို့ တကယ် ဆုတောင်းတယ်"
ဟုန်ထျန်ရီက "စိတ်ချပါ... မကြာခင် ရောက်လာမှာပါ"
"အာကာသယာဉ်ရဲ့ စွမ်းအင် ပြဿနာကို ဖြေရှင်းနိုင်ပြီဆိုတာနဲ့... အရာအားလုံးက သူ့အလိုလို အဆင်ပြေသွားလိမ့်မယ်"
ဆက်ရန်...