အခန်း ၉၄၂
Vol. 48 Ch. 942
အပိုင်း(၉၄၂) ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ခြင်းကလည်း စွမ်းရည်တစ်ရပ်ပင်
ဤမျှကြီးမားသော အာကာသယာဉ်ကြီးအတွက် လိုအပ်သော စွမ်းအင်ကလည်း သဘာဝကျစွာပင် အလွန်များပြားလှသည်။
ကံကောင်းသည်မှာ ယခုက အစွမ်းပိုင်ရှင်များခေတ် ဖြစ်နေပြီဖြစ်ရာ အစွမ်းကျောက်တုံး တစ်တုံးတွင် ပါဝင်သော စွမ်းအင်များက အလွန်များပြားနေပြီ ဖြစ်သည်။
ထို့အပြင် သင်္ကေတများ၏ အခန်းကဏ္ဍက အစွမ်းကျောက်တုံးအတွင်းရှိ စွမ်းအင်များကို ချဲ့ထွင်ပေးပြီး အကျိုးရှိရှိ အသုံးချနိုင်စေသောကြောင့် စူပါအာကာသယာဉ် နည်းပညာကို အကောင်အထည်ပေါ်လာစေသည်။
သေချာသည်မှာ စတုရန်းမိုင် ၄ မိုင်ကျော် ကျယ်ဝန်းသော ဤမျှကြီးမားသည့် အာကာသယာဉ်ကြီးကို စတင်မောင်းနှင်ရန် ၎င်း၏ စွမ်းအင်စနစ်က အလွန်အားကောင်းနေရန် လိုအပ်မည်ဖြစ်သည်။
အထူးသဖြင့် ဤကဲ့သို့ ဧရာမအရာကြီးက ဂြိုဟ်၏ ဆွဲငင်အားကို ကျော်လွှားကာ လေထုကို ဖြတ်သန်းပြီး အာကာသထဲသို့ ဝင်ရောက်ရန် လိုအပ်သောကြောင့် ၎င်း၏ စွမ်းအင်စနစ် မည်မျှ အားကောင်းရမည်ကို မှန်းဆကြည့်နိုင်သည်။
စွမ်းအင်လိုအပ်ချက် များလေလေ သုံးစွဲရမည့် စွမ်းအင် ပမာဏကလည်း များပြားလေလေ ဖြစ်သည်။
ဤသည်က ကျင်းကျိုးစစ်တပ် အဆက်မပြတ် တိုးချဲ့ပြီး စွမ်းအင်ကျောက်တုံး သယံဇာတများကို ပိုမိုရှာဖွေစုဆောင်းနေရသည့် ရည်ရွယ်ချက်ပင် ဖြစ်သည်။
"ဒီလိုဆိုရင် မင်းတို့က ကျင်းကျိုးစစ်တပ်ဘက်ကို နေ့တိုင်း လှုပ်ရှားမှုတွေ သတင်းပို့ရမှာပေါ့"
ခိုက်ရီနည်းပညာ ရုံးချုပ်ရှိ လေပေါ်ကျွန်းတွင် လင်းယွမ်က လီဟူနှင့် ဒေါက်တာယင်တို့ နှစ်ယောက်ကို ကြည့်ကာ မေးမြန်းသည်။
လီဟူက ခေါင်းညိတ်ပြကာ ပြောသည်။ "ဟုတ်တယ်... နောက်ဆုံးတစ်ကြိမ်က မနေ့ကပဲ... ခိုက်ရီနည်းပညာရဲ့ ခေါင်းဆောင်ကို ဖမ်းမိထားတဲ့ကိစ္စကို သတင်းပို့ခဲ့တယ်... ပြီးတော့ ခိုက်ရီနည်းပညာနဲ့ စေ့စပ်ညှိနှိုင်းနေတယ်ဆိုတဲ့ အကြောင်းကိုပါ ပြောပြခဲ့တယ်"
သူ စကားပြောပြီးသည်နှင့် ဘေးနားရှိ ဂျိမ်းစ်၏ မျက်နှာက နီရဲသွားပြီး ရင်ထဲတွင် အလွန်ဒေါသထွက်သွားသည်။
"အဲ့ဒီတုန်းက ငါ သတိလက်လွတ်ဖြစ်သွားတာ... မင်းတို့ရဲ့ ဒီဟင်းလင်းပြင်လှောင်အိမ်ကိရိယာက ခိုးကြောင်ခိုးဝှက် သုံးထားတာ... ငါ့မျက်စိရှေ့မှာဆိုရင် မင်းတို့ အဲ့ဒါကို သုံးဖို့တောင် အခွင့်အရေး ရမှာမဟုတ်ဘူး"
လင်းယွမ်က ဂျိမ်းစ်ကို တစ်ချက်ကြည့်ကာ ပြောသည်။ "ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာကလည်း စွမ်းရည်တစ်ရပ်ပဲ... အမှားကနေ သင်ခန်းစာယူပါ ဂျိမ်းစ်... ဒီလိုအခြေအနေမျိုးကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မင်း စဉ်းစားသင့်တယ်"
"ဒီတစ်ခေါက် လီဟူက ဟင်းလင်းပြင်လှောင်အိမ်ကိရိယာကို သုံးပြီး မင်းကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့တယ်... နောက်တစ်ခါ တခြားတစ်ယောက် ပြောင်းသွားရင်ရော"
"ဒီလို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေတွေကို တားဆီးဖို့ နည်းလမ်းရှိမရှိ သေချာစဉ်းစားပါ"
ဂျိမ်းစ်က အလျင်အမြန် ခါးသက်သက် ပြုံးကာ ပြန်ဖြေသည်။ "ဟုတ်ကဲ့ပါ ဆရာလင်း"
လင်းယွမ်က လီဟူတို့နှစ်ယောက်ဘက်သို့ လှည့်ကြည့်ကာ ပြုံးလိုက်ပြီး "ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တဲ့အကြောင်း ပြောမှပဲ ငါသတိရတော့တယ်"
"စစ်တပ်က ခိုးကြောင်ခိုးဝှက်တိုက်ခိုက်တဲ့ နည်းလမ်းကိုသုံးပြီး ဂျိမ်းစ်ကို ဖမ်းနိုင်ခဲ့မှတော့... ငါတို့ကလည်း သတင်းအချက်အလက် မညီမျှတာကို အသုံးချပြီး မင်းရဲ့အထက်အရာရှိ ဗိုလ်ချုပ် ဟော်ကျန့်ကော်ကို လာအောင် ဖြားယောင်းလို့ မရဘူးလား"
လီဟူမှာ ကြောင်အမ်းသွားပြီး တွေးတောနေမိသည်။ ခဏအကြာတွင် သူက လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြသည် "ဒီနည်းလမ်း ဖြစ်နိုင်ချေရှိတယ်လို့ ထင်တယ်"
"ဗိုလ်ချုပ်ဟော်က ကျင်းကျိုးစစ်တပ်ရဲ့ အုပ်စုကွဲတွေကြားထဲမှာ တကယ်တော့ အမြင်မကြည်ခံရတဲ့သူပဲ... သူနဲ့ ဟုန်ထျန်ရီတို့ ဆက်ဆံရေးကောင်းတာကလွဲရင် ကျန်တဲ့ စစ်တပ်အုပ်စုခေါင်းဆောင်တွေက တကယ်တော့ သူ့ကို သိပ်မကြည်ကြဘူး"
"ဒီတစ်ခေါက် ခိုက်ရီနည်းပညာဆီကို တာဝန်လာထမ်းဆောင်ရတာက တကယ်တော့ တခြားအုပ်စုတွေက ဒီအလုပ်ကို လက်မခံချင်ကြလို့ ကျွန်တော်တို့ဆီ ရောက်လာတာ"
လင်းယွမ်က ထိုစကားကို ကြားသောအခါ စိတ်ဝင်စားသွားသည်။ "ဘာသဘောလဲ... ကျင်းကျိုးစစ်တပ်အတွင်းက အုပ်စုတွေကို ဘယ်လို ခွဲခြားထားတာလဲ"
လီဟူက ရှင်းပြသည်။ "ကျင်းကျိုးစစ်တပ်ထဲမှာ အရင်က ဒေသတွေအလိုက် အုပ်စုတွေ ခွဲထားတာ... တကယ်လို့ ကျင်းကျိုးဒေသခံ စစ်ဗိုလ်ချုပ်တွေဆိုရင် အလိုလို ပိုပြီး ရင်းနှီးကြတယ်... တခြားဒေသကလာတဲ့ ဗိုလ်ချုပ်တွေထက် ဆက်ဆံရေးက ပိုကောင်းကြတယ်"
"ဗိုလ်ချုပ်ဟော်က ရုံချန်မြို့ကနေ လာတာ... သူ့လက်အောက်က စစ်သားတော်တော်များများကလည်း ရုံချန်ကနေလာတဲ့သူတွေပဲ... ဒါကြောင့် ကျင်းကျိုးစစ်ဒေသမှာ အလိုလို မျက်နှာသာမရဘဲ မကြာခဏ ဖယ်ဉ်ခံရတယ်"
ဂျိမ်းစ်က မနေနိုင်ဘဲ ဝင်မေးသည် "ဒါဆို ဘာလို့ ငါတို့ ခိုက်ရီနည်းပညာဆီကို တာဝန်လာထမ်းဆောင်ရတာက မတတ်သာလို့လဲ... ငါတို့ ခိုက်ရီနည်းပညာကို ရင်ဆိုင်ရခက်မယ်လို့ ထင်လို့လား"
လီဟူက ဂျိမ်းစ်ကို တစ်ချက်ကြည့်ကာ ပြန်ဖြေသည် "အဲ့ဒီလိုတော့ မဟုတ်ဘူး"
"ဟမ်... ဒါဆို ဘာဖြစ်လို့လဲ"
လီဟူက ဆက်ပြောသည်။ "စစ်တပ်က အုပ်စုအသီးသီးက ခိုလှုံရေးစခန်းတွေက တောင်ပိုင်းနဲ့ နီးလေလေ ပိုပြီး ခေတ်နောက်ကျလေလေလို့ ထင်ကြတယ်... သူတို့မျက်စိထဲမှာ ခိုက်ရီနည်းပညာက ရွာခံအဖွဲ့အစည်းတစ်ခုလို့ မြင်ကြတာ... သူတို့က အနီးနားမှာရှိနေတဲ့ နတ်ဘုရားနိုင်ငံတော်ဆီကနေ အကျိုးအမြတ်တွေကိုပဲ ပိုပြီး ခွဲဝေယူချင်ကြတာ"
"နတ်ဘုရားနိုင်ငံတော်က ရှန်တိ ဒီလောက် စွမ်းမယ်လို့ သူတို့ မထင်ထားခဲ့ဘူး... အလွယ်တကူနဲ့ တိုက်ခိုက်လို့ မရခဲ့ဘူးလေ"
"ဗိုလ်ချုပ်ဟော်ကို ခိုက်ရီနည်းပညာဆီ ဖြေရှင်းဖို့ လွှတ်လိုက်တာက နတ်ဘုရားနိုင်ငံတော်ဆိုတဲ့ ကိတ်မုန့်ဝေစုထဲကနေ သူ့ကို ကန်ထုတ်လိုက်တာနဲ့ အတူတူပဲ"
"ဒီကိစ္စကြောင့်ပဲ... ခိုက်ရီနည်းပညာကို ရင်ဆိုင်ရ ခက်တာ မခက်တာနဲ့ တကယ်တော့ ဘာမှမဆိုင်ဘူး"
ဂျိမ်းစ်မှာ ပြောစရာစကား ပျောက်သွားသည်။
အကယ်၍ လင်းယွမ်သာ ဒီမှာမရှိနေလျှင် သူက လီဟူနှင့် တစ်ယောက်ချင်း ယှဉ်ချပြီး သူ၏ စွမ်းရည်တွေကို ပြသချင်စိတ် ပေါက်သွားသည်။
တောက်... အကုန်လုံးက ငါ့ကို အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့သူလို့ ထင်နေကြတာလား။
လင်းယွမ်က လီဟူကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။
လီဟူ၏ ဤစကားများကို သူ မယုံကြည်ပေ၊ အကယ်၍ သူတို့က ခိုက်ရီနည်းပညာကို တကယ်တမ်း အထင်သေးပါက ဘာကြောင့် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် ရွေးချယ်ခဲ့မည်နည်း။
ဘာကြောင့် တိုက်ရိုက်လာပြီး အင်အားသုံး ဖိအားမပေးခဲ့သနည်း။
လင်းယွမ် ခန့်မှန်းကြည့်ရသလောက် သူတို့က ခိုက်ရီနည်းပညာကို စိုးရိမ်ကြောက်ရွံ့ပြီး ခိုက်ရီနည်းပညာဘက်တွင် စစ်သည်အင်အား ဆုံးရှုံးရမည်ကို ကြောက်နေခြင်း ဖြစ်နိုင်ခြေများသည်။
လင်းယွမ်က သူတို့နှစ်ဦး၏ စကားဝိုင်းကို ဖြတ်ပြောသည်။ "လီဟူ... မင်းမှာ ဗိုလ်ချုပ်ဟော်ကျန့်ကော်ကို ဒီလာဖို့ လုပ်နိုင်မယ့် နည်းလမ်း ရှိလား"
လီဟူက ချက်ချင်း ခေါင်းညိတ်ပြသည် "ဆရာလင်း... ကျွန်တော် စမ်းကြည့်လို့ရပါတယ်"
"ဟိုဘက်က ဗိုလ်ချုပ်ဟော်ကို တော်တော်လေး ဖိအားပေးထားတယ်... ဗိုလ်ချုပ်ဟော်မှာလည်း ဖိအားတွေ အများကြီးရှိတယ်... အကယ်၍ ကျွန်တော့်ဘက်က ခိုက်ရီကုမ္ပဏီကို ဖြေရှင်းဖို့ ကြန့်ကြာနေမယ်ဆိုရင် သူ ကိုယ်တိုင် လာဖို့ ရာခိုင်နှုန်းများတယ်"
လင်းယွမ်က ချက်ချင်းပင် ပြုံးရွှင်စွာ ပြောသည် "ဟုတ်ပြီ... ဒါဆို မင်း အခုပဲ သူ့ဆီကို သတင်းပို့... ဂျိမ်းစ်ကို မင်းတို့ ဖမ်းမိထားပေမဲ့ ခိုက်ရီနည်းပညာက လူတွေက အရှုံးမပေးသေးဘူး... လောလောဆယ် ခိုက်ရီနည်းပညာက နတ်ဘုရားနိုင်ငံတော်က လူတွေနဲ့ ဆက်သွယ်နေပြီလို့ ပြော"
"တကယ်လို့ ချက်ချင်း မတားဆီးဘူးဆိုရင် ခိုက်ရီနည်းပညာက နတ်ဘုရားနိုင်ငံတော်နဲ့ မဟာမိတ်ဖွဲ့သွားနိုင်ခြေ အရမ်းများတယ်လို့ ပြော"
လီဟူ၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး ခေါင်းညိတ်ပြသည်။ "ဟုတ်ကဲ့ပါ ဆရာလင်း... ကျွန်တော် အခုပဲ ဗိုလ်ချုပ်ဟော်ဆီ သတင်းသွားပို့ပါမယ်"
လင်းယွမ်က လက်ကာပြကာ သူ့ကို သွားလုပ်ဆောင်ရန် အချက်ပြလိုက်သည်။
ထို့နောက် လင်းယွမ်က ဒေါက်တာယင်ဘက်သို့ လှည့်ကြည့်ကာ "ဒေါက်တာယင်... ဟင်းလင်းပြင် လှောင်အိမ်၊ ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း၊ ဟင်းလင်းပြင် ကူးပြောင်းခြင်း စတဲ့ နည်းပညာ မှတ်တမ်းတွေကို စုစည်းပြီး ကျွန်တော့်ဆီ အမြန်ဆုံး ပေးပို့ပေးပါ"
ဒေါက်တာယင်က ခေါင်းညိတ်ပြသည်။ "ဟုတ်ကဲ့ပါ ဆရာလင်း"
ဤလူများက လင်းယွမ်၏ ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတ ထည့်သွင်းခြင်းကို ခံထားရပြီး လင်းယွမ်အား သခင်အဖြစ် အသိအမှတ်ပြုထားရာ အလိုအလျောက်ပင် လင်းယွမ်၏ စကားကို တစ်သဝေမတိမ်း နားထောင်ကြသည်။
ထိုနှစ်ဦး ထွက်သွားပြီးနောက် ဂျိမ်းစ်က မှုန်ကုပ်သော မျက်နှာဖြင့် ပြောသည်။ "ကျင်းကျိုးစစ်တပ်က အရမ်း မောက်မာလွန်းတယ်"
"တကယ်လို့ မျက်နှာချင်းဆိုင် တိုက်ခိုက်ရမယ်ဆိုရင် ကျွန်တော်က သူတို့ကို ရှုံးမှာ မဟုတ်ဘူး"
လင်းယွမ် ပြုံးကာ ပြောသည် "ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လို့ရနေတာကို ဘယ်သူက မျက်နှာချင်းဆိုင် တိုက်ခိုက်မှာလဲ"
"ဂျိမ်းစ်... မင်းရဲ့ စွမ်းရည်က အရမ်းကို သဘာဝလွန်ဆန်လွန်းနေတာလေ... တခြားလူတွေက ပေါ်တင်လာတိုက်ခိုက်မှသာ ထူးဆန်းနေမှာ... မင်းကိုယ်ပေါ်မှာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာကို ကာကွယ်နိုင်မယ့် ကိရိယာတချို့ အမြဲတမ်း ပြင်ဆင်ထားတာ အကောင်းဆုံးပဲ"
ဂျိမ်းစ်က အလျင်အမြန် ပြန်ပြောသည် "ကျွန်တော့်ကိုယ်ပေါ်မှာ အမြဲတမ်း အကာအကွယ်ပေးတဲ့ ကိရိယာတွေ ရှိပါတယ်... ရုပ်ပိုင်းဆိုင်ရာ အကာအကွယ် ကိရိယာတွေတင်မဟုတ်ဘူး... စိတ်စွမ်းအင်ဆိုင်ရာ အကာအကွယ်တွေပါ ရှိတယ်... ဒါပေမဲ့ ဘယ်လိုပဲ တွက်ချက်ထားပါစေ... တစ်ဖက်လူက ဟင်းလင်းပြင် ကိရိယာကို သုံးပြီး ကျွန်တော့်ကို တိုက်ရိုက် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"
"ကြည့်ရတာ ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ဖို့ ဟင်းလင်းပြင် အမျိုးအစား ကိရိယာတစ်ခုတော့ ကျွန်တော် ရှာရတော့မယ် ထင်တယ်"
"အကယ်လို့ တစ်ဖက်လူက ကျွန်တော့်အနားကို ချဉ်းကပ်လာမယ်ဆိုရင် ကျွန်တော် သေချာပေါက် သိနိုင်တယ်... သတိထားရမှာက ဒီလို အဝေးကနေ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာမျိုးကိုပဲ"
လင်းယွမ်လည်း ခေါင်းကို ဖြည်းညင်းစွာ ညိတ်ပြသည်။ တကယ်တမ်းလည်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရာတွင် နည်းလမ်းပေါင်းစုံ ရှိနေသည်။
ယေဘုယျအားဖြင့် အနီးကပ် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခံရလျှင် တိုက်ခိုက်ခံရသူတွင် အားကောင်းသော စိတ်စွမ်းအင် ရှိပါက မျက်တောင်တစ်ခတ်အတွင်းမှာပင် အန္တရာယ်ကို အာရုံခံသိရှိနိုင်သည်။
အစွမ်းပိုင်ရှင် အများစုဆိုလျှင် ကိုယ်ပေါ်တွင် အကာအကွယ် ကိရိယာများကို အမြဲတမ်း ဆောင်ထားတတ်ကြသည်။
သို့သော် ဟင်းလင်းပြင် လှောင်အိမ်ကဲ့သို့သော ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှု နည်းလမ်းကမူ အရမ်းကို ကောက်ကျစ်လွန်းလှသည်။
အဝေးမှနေ၍ ဟင်းလင်းပြင် လှောင်အိမ်ကို ဖွင့်လှစ်ခြင်း၊ အဝေးထိန်းစနစ်ဖြင့် ဖွင့်လှစ်ခြင်းများကြောင့် တိုက်ခိုက်ခံရသူအနေဖြင့် အန္တရာယ်ကို အာရုံခံသိရှိရန် အလွန်ခက်ခဲသည်။
အကယ်၍ ဟင်းလင်းပြင် လှောင်အိမ်ထဲသို့ ဆွဲသွင်းခံရရုံမျှသာဆိုလျှင် အစွမ်းပိုင်ရှင် ကိုယ်တိုင်၌ ဟင်းလင်းပြင် အမျိုးအစား ကိရိယာ ပါရှိပါက ဟင်းလင်းပြင် လှောင်အိမ်ကို ဖျက်ဆီးပြီး ထွက်ပြေးလွတ်မြောက်နိုင်မည့် အခွင့်အရေး ရှိသေးသည်။
သို့သော် ဟင်းလင်းပြင် လှောင်အိမ်ထဲတွင် စွမ်းအင် ချိတ်ပိတ် အစီအရင်ကို တပ်ဆင်ထားရာ အဖမ်းခံရသူအနေဖြင့် အစွမ်းကိရိယာများကို အသုံးပြုပြီး ဟင်းလင်းပြင် လှောင်အိမ်ကို ဖျက်ဆီးနိုင်မည့် ဖြစ်နိုင်ခြေကို တိုက်ရိုက် ဖြတ်တောက်လိုက်ခြင်းပင် ဖြစ်သည်။
ဤသို့ဖြင့် ဤဟင်းလင်းပြင် လှောင်အိမ်ကသာ လူများကို အမှန်တကယ် ဒုက္ခပေးနိုင်သော လက်နက်တစ်ခု ဖြစ်လာသည်။
ဂျိမ်းစ်ကဲ့သို့ စွမ်းအားကြီးသူပင်လျှင် မဖျက်ဆီးနိုင်ခဲ့ပေ။
လင်းယွမ် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ရာ အကယ်၍ သူသာဆိုလျှင်လည်း ဟင်းလင်းပြင် လှောင်အိမ်ထဲသို့ အဖမ်းခံရပြီးနောက် စွမ်းအင် ချိတ်ပိတ် အစီအရင်နှင့် ရင်ဆိုင်ရပါက ထွက်ပြေးလွတ်မြောက်ရန် အလွန် ခက်ခဲမည်မှာ သေချာသည်။
ထိုအချိန်မျိုးတွင် ရန်သူက လူပင်လယ် ဗျူဟာကို အသုံးပြုပြီး ဟင်းလင်းပြင် လှောင်အိမ်ထဲတွင် သူ့ကို ဝင်ရောက်တိုက်ခိုက်ပါက တကယ်ကို အန္တရာယ်ကြီးလှသည်။
သေချာသည်မှာ လင်းယွမ်က ဂျိမ်းစ် မဟုတ်ပေ။ သူ ကိုယ်တိုင်တွင် ဟင်းလင်းပြင် အစွမ်း ရှိနေရာ မည်သည့် ဟင်းလင်းပြင် တုန်ခါမှုမျိုးမဆို လင်းယွမ်ကို လွတ်ကင်းအောင် ဖုံးကွယ်ထား၍ မရနိုင်ပေ။
ထို့ကြောင့် ဟင်းလင်းပြင် လှောင်အိမ်ကို စတင်ဖွင့်လှစ်လိုက်သည့် မျက်တောင်တစ်ခတ်အတွင်းမှာပင် လင်းယွမ်က ချက်ချင်း အာရုံခံသိရှိနိုင်မည်မှာ အသေအချာပင်။
ထိုမှတစ်ဆင့် အမြန်ဆန်ဆုံး တုံ့ပြန်မှုများကို ပြုလုပ်နိုင်မည် ဖြစ်သည်။
"ဆရာလင်း... တကယ်လို့ ဟော်ကျန့်ကော်က တကယ်ပဲ အယုံသွင်းခံရပြီး ရောက်လာလို့ သူ့ကို ဖမ်းမိသွားခဲ့ရင် ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ" ဂျိမ်းစ်က မေးမြန်းသည်။
လင်းယွမ်က ထိုစကားကို ကြားသောအခါ ပြုံးကာ ပြောသည် "အဲ့ဒါဆိုရင် လွယ်သွားပြီ... အဲ့ဒီအချိန်ကျရင် ဟော်ကျန့်ကော်ရဲ့ အင်အားကို အသုံးချပြီး ငါတို့ ကျင်းကျိုးစစ်တပ်ထဲကို ဝင်ရောက်ကြည့်ကြမယ်... တစ်ခါတည်း ကျင်းကျိုးစစ်တပ်တစ်ခုလုံးကို အမြစ်ပြတ် ရှင်းလင်းပစ်နိုင်မယ့် အခွင့်အရေးတောင် ရကောင်းရနိုင်တယ်"
ဂျိမ်းစ်က ထိုစကားကို ကြားသောအခါ မျက်လုံးများ အရောင်လက်သွားပြီး ပြောသည် "တကယ်လို့ ကျင်းကျိုးစစ်တပ်ကိုသာ ဝါးမျိုနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အင်အားက နိုင်ငံထဲမှာ တကယ်ကို အင်အားအကြီးဆုံး အုပ်စုတစ်စု ဖြစ်လာမှာပဲ"
"အဲ့ဒီအချိန်ကျရင် တစ်နိုင်ငံလုံးကိုတောင် လွှမ်းမိုးနိုင်သွားလိမ့်မယ်"
လင်းယွမ် ပြုံးရုံသာ ပြုံးနေပြီး ထိုကိစ္စနှင့် ပတ်သက်၍ အတွေးသိပ်များများ မရှိပေ။
သူ၏ အတွေးက အလွန် ရိုးရှင်းလှသည်။ ထိုက်ယန်တောင် ခိုလှုံရေးစခန်း တည်ဆောက်မှုက ကြီးမားလေလေ၊ လူဦးရေ များလေလေ၊ အနာဂတ်တွင် သူ ရရှိမည့် အမှတ်များကလည်း ပိုများလာလေလေ ဖြစ်မည်။
အကယ်၍ ထိုက်ယန်တောင် ခိုလှုံရေးစခန်းကသာ တစ်ကမ္ဘာလုံးရှိ နိုင်ငံတော်၏ ထိပ်တန်း ခိုလှုံရေးစခန်းကြီး တစ်ခု တကယ် ဖြစ်လာပြီး လူဦးရေ သိန်းနှင့်ချီ ရှိလာပါက သူ နေ့စဉ် ရရှိမည့် အမှတ်ဝင်ငွေမှာ အတိုင်းမသိ များပြားနေမည် ဖြစ်သည်။
ထို့နောက် လင်းယွမ်က လီဟူထံမှ ဤကိုယ်ပျောက်ကျွန်း၏ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေကို ယူဆောင်ခဲ့သည်။
ဤတစ်ကြိမ်တွင် သူ ကိုယ်တိုင် ဤကျွန်း၏ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေကို သန့်စင်လိုက်ပြီး တစ်ချိန်တည်းမှာပင် ခိုက်ရီနည်းပညာ၏ သုတေသနဌာနကို ကျွန်းပေါ်သို့ လာရောက်စေကာ ဒေါက်တာယင်နှင့်အတူ ဤကျွန်းပေါ်ရှိ အဆင့်မြင့် သင်္ကေတ နည်းပညာများကို လေ့လာသင်ယူစေသည်။
ကျွန်းပေါ်ရှိ ဟင်းလင်းပြင် ကူးပြောင်းခြင်း ကိရိယာ၊ ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း၊ ဟင်းလင်းပြင် လှောင်အိမ် စသည်တို့က အလွန် အားကောင်းသော ပညာရပ်ဆိုင်ရာ ဗဟုသုတများနှင့် သက်ဆိုင်နေရာ ဖြည်းဖြည်းချင်း လေ့လာသင်ယူရန် လိုအပ်ပေသည်။
ဆက်ရန်...