အခန်း ၉၄၃
Vol. 48 Ch. 943
အပိုင်း(၉၄၃) ငါးစာမိသွားပြီ
နောက်တစ်နေ့ မနက်စောစောတွင် အပြင်ဘက်မှ လူတစ်ယောက် အပြေးအလွှား ဝင်ရောက်လာပြီး သတင်းပို့လိုက်သည်။
"ဆရာလင်း... စုန်းမ မော်လီ တွေ့ခွင့်တောင်းနေပါတယ်"
လင်းယွမ်က မျက်ခုံးပင့်လိုက်သည်။ စုန်းမ မော်လီကို နတ်ဘုရားနိုင်ငံတော်သို့ စေ့စပ်ဆွေးနွေးရန် သူ စေလွှတ်ထားခဲ့ခြင်း ဖြစ်သည်။ ဤမျှ စောစောစီးစီး ပြန်ရောက်လာသည်ကို ကြည့်လျှင် ဆွေးနွေးမှု အောင်မြင်သွားပြီလား။
"သူ့ကို ဝင်လာခိုင်းလိုက်"
"ဟုတ်ကဲ့... ဆရာ"
မကြာမီမှာပင် မော်လီက လျင်မြန်စွာ ဝင်ရောက်လာပြီး လင်းယွမ်ကို မြင်သောအခါ အနည်းငယ် ဦးညွှတ်ကာ "ဆရာလင်း" ဟု နှုတ်ဆက်လိုက်သည်။
လင်းယွမ်က "ဒီလောက်စောစော ပြန်ရောက်လာတာ... နတ်ဘုရားနိုင်ငံတော်က ကိစ္စ ဘယ်လိုနေလဲ" ဟု မေးလိုက်သည်။
မော်လီက သက်ပြင်းချလိုက်ပြီး "ကျွန်မ အရည်အချင်း မရှိလို့ ဒီကိစ္စကို သေချာ မလုပ်ဆောင်နိုင်ခဲ့ဘူး" ဟု ဖြေသည်။
"ဟမ်... ဘာဖြစ်တာလဲ"
မော်လီက မနေ့က ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်လည် တင်ပြလိုက်သည်။
"အကြမ်းဖျင်း အခြေအနေကတော့ အဲ့ဒါပဲ... နတ်ဘုရားနိုင်ငံတော်က ကျွန်မတို့နဲ့ ပူးပေါင်းဖို့ အစီအစဉ် မရှိဘူး... ပိုတိတိကျကျ ပြောရရင် ဘာတန်ဖိုးမှ ပေးဆပ်ဖို့ အစီအစဉ် မရှိတာပါ"
ထိုစကားကို ကြားသောအခါ လင်းယွမ်က မဲ့ပြုံးပြုံးလိုက်ပြီး "ကြည့်ရတာ သူတို့က ကျင်းကျိုးစစ်တပ်က ငါတို့နဲ့ ပူးပေါင်းမှာ မဟုတ်ဘူးလို့ ထင်နေတဲ့ပုံပဲ... ငါတို့အနေနဲ့ ကျင်းကျိုးစစ်တပ်ကို ရင်ဆိုင်ဖို့ သူတို့နဲ့ပဲ ပူးပေါင်းရမယ်လို့ အပိုင်တွက်ထားတာပဲ" ဟု ပြောလိုက်သည်။
မော်လီက ဒေါသတကြီးဖြင့် "ကျွန်မ သူတို့နဲ့ စကားပြောနေတုန်း သူတို့က ကျွန်မတို့ကို လုံးဝ အထင်သေးနေတာကို သိသိသာသာ ခံစားရတယ်" ဟု ပြောသည်။
"ဆရာလင်း... နတ်ဘုရားနိုင်ငံတော်က လူတွေက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး မောက်မာရိုင်းစိုင်းလွန်းတယ်... ကျွန်မတို့ သူတို့နဲ့ ပူးပေါင်းစရာ မလိုပါဘူး... ကျင်းကျိုးစစ်တပ်ကိုပဲ သူတို့ကို ရှင်းလင်းခိုင်းလိုက်တာ အကောင်းဆုံးပဲ"
လင်းယွမ်က ခဏမျှ စဉ်းစားလိုက်ပြီး သူ၏ စိတ်ထဲတွင် အကြံအစည်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။
"မလောနဲ့... ဒီကိစ္စအတွက် ငါ့မှာ အကြံရှိတယ်... အခုလောလောဆယ်တော့ နတ်ဘုရားနိုင်ငံတော်က လူတွေကို သွားဆက်သွယ်စရာ မလိုတော့ဘူး"
"အခု ငါတို့တွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်... နောက်ရက်အနည်းငယ်နေရင် ကျင်းကျိုးစစ်တပ်က အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက် ထပ်ရောက်လာလိမ့်မယ်"
မော်လီ အံ့အားသင့်သွားပြီး "ကျွန်မတို့က ကျင်းကျိုးစစ်တပ်နဲ့ ပူးပေါင်းလိုက်ပြီလား... သူတို့ဆီက အရေးပါတဲ့ ပုဂ္ဂိုလ်က ကျွန်မတို့ဆီ ဘာလာလုပ်မှာလဲ" ဟု မေးလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး "ငါတို့ကို လာတိုက်ခိုက်ဖို့ပေါ့"
မော်လီ ချက်ချင်း ကြောင်အမ်းသွားပြီး အခြေအနေကို နားမလည်နိုင် ဖြစ်သွားသည်။
လင်းယွမ်က ဆက်မပြောတော့ဘဲ တိုက်ပွဲအတွက် ပြင်ဆင်ထားရန်သာ သူမကို မှာကြားလိုက်သည်။
မော်လီ ထွက်သွားပြီးနောက် လင်းယွမ်သည်လည်း လေ့ကျင့်ခြင်း အခြေအနေသို့ ထပ်မံ ဝင်ရောက်သွားလေသည်။
ဤရက်ပိုင်းအတွင်း ကိစ္စရပ်များကို ဖြေရှင်းခြင်းမှလွဲ၍ ကျန်အချိန်အားလုံးကို သူသည် လေ့ကျင့်ခြင်းတွင်သာ မြှုပ်နှံထားခဲ့သည်။
သူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်သည် ၂ရာခိုင်နှုန်း လိုအပ်နေသေးပြီး ပြည့်စုံလုနီးပါး ဖြစ်နေပြီဖြစ်ရာ လျော့ရဲနေ၍ မရပေ။
မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ပြည့်စုံသွားသည်နှင့် တစ်ပြိုင်နက် ဤကမ္ဘာဂြိုဟ်ပေါ်တွင် သူ၏ ပြိုင်ဘက်ဟူ၍ မည်သူမျှ ရှိတော့မည် မဟုတ်ပေ။
ထိုအချိန်သို့ ရောက်ရှိသွားပါက သူ၏ လေ့ကျင့်ခြင်း အလျင်သည် ပို၍သာ မြန်ဆန်လာမည် ဖြစ်သည်။
နေ့လယ်ခင်း အချိန်သို့ ရောက်သောအခါ မော်လီက အပြေးအလွှား ဝင်ရောက်လာပြန်သည်။
"ဆရာလင်း... လီဟူဆီက သတင်းရောက်လာတယ်... အများဆုံး နောက်ထပ် နာရီဝက်နေရင် ဟော်ကျန့်ကျွင်း ရောက်လာတော့မယ်"
လင်းယွမ်က ထိုစကားကို ကြားသောအခါ ချက်ချင်း ပြုံးလိုက်ပြီး "အကုန် ပြင်ဆင်ပြီးပြီလား" ဟု မေးလိုက်သည်။
"စိတ်ချပါ... အားလုံး ပြင်ဆင်ထားပြီးပါပြီ... သူတို့ လီဟူရဲ့ လေပေါ်ကျွန်းထဲ ဝင်လာတာနဲ့ စွမ်းအင်ချိတ်ပိတ် အစီအရင်ကို ချက်ချင်း အသက်သွင်းလိုက်မယ်... ဒီကျင်းကျိုးစစ်တပ်က လူတွေကို တစ်ယောက်မကျန် အသေအချာ ဖမ်းမိမှာပါ" ဟု မော်လီက ရယ်မောလျက် ပြန်ဖြေသည်။
လင်းယွမ်သည်လည်း ချက်ချင်း ရယ်မောလိုက်ပြီး "ကောင်းတယ်"
"သွားကြစို့... ငါတို့လည်း သွားကြည့်ရအောင်"
မကြာမီ သူတို့နှစ်ဦးသည် ကိုယ်ပျောက်နိုင်စွမ်းရှိသော လီဟူ၏ လေပေါ်ကျွန်းပေါ်သို့ ရောက်ရှိသွားကြသည်။
လက်ရှိအချိန်တွင် လေပေါ်ကျွန်းမှာ ပုံမှန်အတိုင်းသာ ရှိနေပြီး အတွင်းရှိ လူများမှာ ကိုယ်စီ အလုပ်များနေကြကာ ကျွန်းပေါ်ရှိ လူနေရပ်ကွက်မှာလည်း ယခင်အတိုင်း စည်ကားနေဆဲ ဖြစ်သည်။
သို့သော် အမှန်တကယ်တွင်မူ ကျွန်းတစ်ကျွန်းလုံး၏ အနီးတစ်ဝိုက်တွင် စွမ်းအင်ချိတ်ပိတ် အစီအရင်ကို ချထားပြီး ဖြစ်သည်။ သာမန်အရပ်သားများအဖြစ် ဟန်ဆောင်နေကြသော လူများထဲတွင် ခိုက်ရီနည်းပညာမှ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိ အစွမ်းထက် အစွမ်းပိုင်ရှင် အများအပြား ပါဝင်နေသည်။
ထို့အပြင် အနီးအနားတွင် ယမ်းဖောက်ခွဲရေး လက်နက်များနှင့် ဗုံးများကိုလည်း မြှုပ်နှံထားပြီး ဖြစ်သည်။
ယခုအချိန်တွင် လေပေါ်ကျွန်း တစ်ခုလုံးသည် ဧရာမ ထောင်ချောက်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားချေပြီ။
၎င်းသည် ပါးစပ်ကြီးဟကာ လီဟူက ဟော်ကျန့်ကျွင်းနှင့် အခြားလူများကို ခေါ်ဆောင်လာမည့် အချိန်ကို စောင့်ဆိုင်းနေလေသည်။
နာရီဝက်ကြာပြီးနောက် အဝေးရှိ လေထုမှာ တွန့်လိမ်သွားပြီး ဧရာမ လေပေါ်ကျွန်း တစ်ကျွန်းသည် ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ပေါ်ထွက်လာသည်။
လင်းယွမ်၊ ဂျိမ်းစ်နှင့် မော်လီတို့ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့သြသွားကြသည်။
"ဒါက ဟင်းလင်းပြင် နေရာရွှေ့ပြောင်းတာလား" ဟု ဂျိမ်းစ်က မနေနိုင်ဘဲ မေးလိုက်သည်။
ဘေးနားရှိ မော်လီသည်လည်း တိတ်တဆိတ် အံ့သြသွားပြီး "လေပေါ်ကျွန်း တစ်ကျွန်းလုံးကိုပါ ရွှေ့ပြောင်းလာနိုင်တာပဲ... တော်တော် အစွမ်းထက်တာပဲ" ဟု ပြောလိုက်သည်။
လင်းယွမ်က လေးနက်သော မျက်နှာထားဖြင့် "ကြည့်ရတာ ကျင်းကျိုးစစ်တပ်က အစွမ်းသင်္ကေတ နည်းပညာကို အသုံးပြုတဲ့ နေရာမှာ ငါတို့ကို ကျော်လွန်သွားတာ ကြာပြီထင်တယ်" ဟု ပြောသည်။
"အရင်ခေတ်က နိုင်ငံရဲ့မြို့တော်တစ်ခုဖြစ်ခဲ့တဲ့အတိုင်း တကယ်ကို အစွမ်းထက်တာပဲ"
ဂျိမ်းစ်က ဝင်ပြောလိုက်သည်။ "ကပ်ဘေး မတိုင်ခင်က သိပ္ပံရုပ်ရှင်တွေထဲကလို ခံစားချက်မျိုးပဲ"
"သူတို့ တီထွင်ထားတဲ့ အာကာသယာဉ်မှာလည်း ဒီလိုနည်းပညာမျိုး တပ်ဆင်ထားမှာ သေချာတယ်... ဒါပေမဲ့ ရုပ်ရှင်တွေထဲကလို အလွန်ဝေးကွာတဲ့ နေရာတွေအထိ ဟင်းလင်းပြင် နေရာရွှေ့ပြောင်းနိုင်မလား ဆိုတာကိုတော့ မသိရသေးဘူး"
လင်းယွမ်က "အကွာအဝေး တိုတိုပဲ ဟင်းလင်းပြင် နေရာရွှေ့ပြောင်းနိုင်ရင်တောင် တော်တော်လေး အစွမ်းထက်နေပါပြီ" ဟု ချီးကျူးလိုက်သည်။
နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု တစ်ခုတွင် အခက်ခဲဆုံးမှာ ဘာမှမရှိသည့်အရာမှ ရှိလာအောင် တီထွင်ရခြင်းပင် ဖြစ်သည်။
ယခုလို ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း နည်းပညာကို ဖော်ထုတ်နိုင်ပြီ ဖြစ်ရာ နောက်ပိုင်းတွင် ရွှေ့ပြောင်းနိုင်သည့် အတိုင်းအတာကို တိုးချဲ့ရန်မှာ ပိုမို လွယ်ကူလာမည်သာ ဖြစ်သည်။
ထိုလေပေါ်ကျွန်း ပေါ်ထွက်လာပြီးနောက် ပတ်ဝန်းကျင် ဟင်းလင်းပြင်သည် တဖြည်းဖြည်း တည်ငြိမ်သွားလေသည်။
ဟင်းလင်းပြင် နေရာရွှေ့ပြောင်းလာသော ထိုလေပေါ်ကျွန်းပေါ်ရှိ စွမ်းအင်များဖြင့် ဖုံးလွှမ်းထားသော အကာအကွယ်သည် စတင် ပြိုကွဲသွားသည်။
ထို့နောက် လူရိပ်များစွာသည် လေထဲသို့ ပျံတက်လာကြပြီး ထိုလေပေါ်ကျွန်းမှတစ်ဆင့် လီဟူ၏ လေပေါ်ကျွန်းဆီသို့ တိုက်ရိုက် ပျံသန်းလာကြသည်ကို မြင်လိုက်ရသည်။
လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ရင်း "လာကြပြီ" ဟု ပြောလိုက်သည်။
"အားလုံးကို အကြောင်းကြားလိုက်... စွမ်းအင်ချိတ်ပိတ် အစီအရင်ကို အချိန်မရွေး အသက်သွင်းဖို့ အဆင်သင့် ပြင်ထားကြ"
ဂျိမ်းစ်က ချက်ချင်း ခေါင်းညိတ်လိုက်ပြီး "သိပြီ"
လေထဲတွင် လီဟူက သူ၏ ကိုယ်ပျောက်ကျွန်း ကို ကြည့်ရင်း စိတ်ထဲတွင် အနည်းငယ် စိုးရိမ်နေမိသည်။
ထိုအချိန်တွင် ဟော်ကျန့်ကျွင်းက ရုတ်တရက် မေးလိုက်သည်။ "လီဟူ... ခိုက်ရီနည်းပညာမှာ ဂျိမ်းစ်ကလွဲရင် တခြား အစွမ်းထက်တဲ့သူတွေ ရှိသေးလား"
လီဟူက "အစွမ်းထက်တဲ့လူ နှစ်ယောက် ရှိသေးတယ်... တစ်ယောက်က ဂျက်ခ် လို့ခေါ်ပြီး နောက်တစ်ယောက်က မော်လီ လို့ခေါ်တယ်" ဟု ပြန်ဖြေသည်။
"သူတို့လည်း ပြင်ပကလာတဲ့သူတွေပဲလား" ဟု ဟော်ကျန့်ကျွင်းက သံသယဖြင့် မေးလိုက်သည်။
လီဟူက ခေါင်းခါလိုက်သည်။ "ဂျက်ခ်က ပြင်ပနယ်မြေကပါ... မော်လီ ဆိုတဲ့ မိန်းမကတော့ တို့နယ်မြေကလူပဲ"
"ကိုယ့်နယ်မြေက မိန်းမဖြစ်ပြီး ပြင်ပကလူတစ်ယောက်ရဲ့ လက်ပါးစေအဖြစ် လိုလိုလားလား လုပ်နေတယ်ပေါ့... ဟက်" ဟော်ကျန့်ကျွင်း၏ ဘေးရှိ စစ်ဝတ်စုံနှင့် လူငယ်က မထီမဲ့မြင်ဟန်ဖြင့် မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
လီဟူက "အဲဒီမိန်းမက ကပ်ဘေး မတိုင်ခင်ကတည်းက ဂျိမ်းစ်ရဲ့ ရည်းစားလို့ ကြားတယ်... ကပ်ဘေးဖြစ်ပြီးနောက်ပိုင်း လမ်းခွဲလိုက်ကြပေမဲ့ အခုထိတော့ အတူတူ အလုပ်လုပ်နေကြတုန်းပဲ" ဟု ပြောသည်။
စစ်ဝတ်စုံနှင့် လူငယ်က ထိုစကားကို ကြားသောအခါ လှောင်ပြုံးပြုံးလိုက်ပြီး "ကပ်ဘေး မတိုင်ခင်ကတည်းက သူများအောက်မှာ ခေါင်းလျှိုးနေတဲ့ ခွေးမတစ်ကောင် ဖြစ်နေတာကိုး"
လီဟူက ဘာမှ မပြောသော်လည်း ဟော်ကျန့်ကျွင်းကမူ ကြိမ်းမောင်းလိုက်သည်။ "ဆွန်းချီဟန်... မင်းရဲ့ အထင်သေးတဲ့ အမူအကျင့်ကို ဖျောက်ထားစမ်း... မင်းတို့ကို ငါ ဘယ်လို သင်ထားလဲ... ဘယ်လို ရန်သူမျိုးကိုမဆို သတိအပြည့်နဲ့ ရင်ဆိုင်ရမယ်လို့ ပြောထားတယ် မဟုတ်လား"
"အခုက အစွမ်းပိုင်ရှင်တွေရဲ့ ခေတ်ရောက်နေပြီ... အစွမ်းပိုင်ရှင်တွေရဲ့ အစွမ်းတွေက မှန်းဆလို့မရဘူး... သတိမထားရင် အချိန်မရွေး ခေါင်းပြတ်သွားနိုင်တယ်... နားလည်လား"
ဆွန်းချီဟန် ဟုခေါ်သော စစ်ဝတ်စုံနှင့် လူငယ်က ခေါင်းညိတ်လိုက်ပြီး "နားလည်ပါပြီ... ဗိုလ်ချုပ်"
သူက နှုတ်မှ ထိုသို့ ပြောလိုက်သော်လည်း သူ၏ မျက်လုံးထဲတွင်မူ ဂရုမစိုက်သော အရိပ်အယောင်များ ပေါ်လွင်နေဆဲ ဖြစ်သည်။
သူများအောက်မှာ ခေါင်းလျှိုးနေသူ တစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေးကိုဖြစ်စေ စွမ်းရည်ကိုဖြစ်စေ သူက အထင်ကြီးမည် မဟုတ်ပေ။
သူတို့ စကားပြောနေစဉ်မှာပင် လူအုပ်ကြီးသည် လီဟူ၏ လေပေါ်ကျွန်းသို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။
ဟော်ကျန့်ကျွင်းသည် မည်သည့် ကာကွယ်မှုမှ မလုပ်ထားဘဲ လီဟူနောက်မှ လိုက်ပါကာ ကျွန်းပေါ်ရှိ စစ်စခန်းသို့ ဆင်းသက်လာခဲ့သည်။
လီဟူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ မျက်နှာစိမ်း အများအပြားကို တွေ့လိုက်ရသဖြင့် သူ၏ ရင်ခုန်သံမှာ အနည်းငယ် မြန်ဆန်လာသည်။
ဟော်ကျန့်ကျွင်းက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ခုကို သတိထားမိသွားပုံ ရသည်။
သူက လီဟူဘက်သို့ လှည့်ကြည့်ကာ "ခဏနေဦး" ဟု လှမ်းပြောလိုက်သည်။
လီဟူ ခြေလှမ်း ရပ်တန့်သွားပြီး မျက်နှာအမူအရာ မပျက်စေဘဲ ဟော်ကျန့်ကျွင်းကို လှည့်ကြည့်ကာ "ဗိုလ်ချုပ်... ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။
"မင်းရဲ့ ရင်ခုန်သံက ဘာလို့ ဒီလောက် မြန်နေရတာလဲ... ငါ့ကို ဖုံးကွယ်ထားတဲ့ ကိစ္စများ ရှိနေလား" ဟု ဟော်ကျန့်ကျွင်းက မေးလိုက်သည်။
လီဟူက ဟန်မပျက် ပြုံးလိုက်ပြီး "ဘယ်ဟုတ်ရမှာလဲ... ကျွန်တော် ဗိုလ်ချုပ်နောက်ကို လိုက်လာတာ နှစ်ပေါင်းများစွာ ကြာနေပြီပဲ... ကျွန်တော့်ကို မယုံသေးဘူးလား"
ဟော်ကျန့်ကျွင်းက မျက်လုံးကို မှေးလိုက်ပြီး "ဟုတ်တယ်လေ... မင်း ငါ့နောက်ကို လိုက်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ... အန္တရာယ်ပေါင်းများစွာကို ဖြေရှင်းခဲ့ပြီးပြီ... မင်း ဘယ်တုန်းက ဒီလောက် စိုးရိမ်ဖူးလို့လဲ"
လီဟူ၏ အပြုံးသည် တဖြည်းဖြည်း တောင့်တင်းသွားသည်။ ဟော်ကျန့်ကျွင်းက သူ့ကို တကယ် သံသယဝင်သွားပြီဖြစ်ကြောင်း သူ သိလိုက်သည်။
ထိုအချိန်မှာပင် လေပေါ်ကျွန်း တစ်ခုလုံးပေါ်၌ အစီအရင် အလင်းတန်းများသည် ရုတ်တရက် လေထဲသို့ ထိုးတက်လာကြသည်။
မျက်စိတစ်မှိတ်အတွင်း ကောင်းကင်နှင့် မြေကြီးကို ပိတ်ဆို့လိုက်ပြီး ဟင်းလင်းပြင် တစ်ခုလုံးကို ချိတ်ပိတ်လိုက်လေသည်။
ဟော်ကျန့်ကျွင်း၊ ဆွန်းချီဟန်နှင့် အခြားလူများက တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း သတိထားမိလိုက်ကြသည်။
ဆွန်းချီဟန်က မသိစိတ်အရ အစွမ်းကို အသုံးပြုရန် ကြိုးစားလိုက်သော်လည်း သူ၏ ခန္ဓာကိုယ်ထဲရှိ သန္ဓေပြောင်းစွမ်းအင်များကို အသုံးပြု၍ မရနိုင်တော့ကြောင်း ချက်ချင်း သိလိုက်ရသည်။
သူ၏ မျက်နှာပေါ်တွင် အံ့သြဒေါသထွက်မှုများ ချက်ချင်း ပေါ်လွင်လာသည်။
"စွမ်းအင်ချိတ်ပိတ် အစီအရင်"
ထို့နောက် သူက တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး လီဟူဘက်သို့ ရုတ်တရက် လှည့်ကာ ဒေါသတကြီး ကြည့်လိုက်သည်။ "လီဟူ... မင်းလက်ချက်လား"
သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။
လီဟူနှင့် သူသည် ကပ်ဘေး မတိုင်ခင်ကတည်းက စစ်တပ်ထဲတွင် သူငယ်ချင်းကောင်းများ ဖြစ်ခဲ့ကြပြီး ဟော်ကျန့်ကျွင်း၏ လက်ရုံးများ ဖြစ်ခဲ့ကြသည် မဟုတ်ပါလော။
လီဟူက သူတို့ကို သစ္စာဖောက်လိမ့်မည်ဟု သူ လုံးဝ မယုံကြည်နိုင်ပေ။
ထိုအချိန်တွင် ဟော်ကျန့်ကျွင်း၏ မျက်နှာထားသည်လည်း ချက်ချင်း လေးနက်သွားပြီး ပတ်ဝန်းကျင်ရှိ စွမ်းအင်ချိတ်ပိတ် အစီအရင်၏ အရွယ်အစားကို အကဲခတ်လိုက်သည်။
စွမ်းအင်ချိတ်ပိတ် အစီအရင်ကြီးသည် ကျွန်း၏ ထက်ဝက်ကျော်ကို ဖုံးလွှမ်းထားသည်ကို တွေ့လိုက်ရသည်။ သူသည် ယခုအခါ အစွမ်းကို အသုံးပြု၍ မရတော့ဘဲ ခြေလျင် လမ်းလျှောက်၍သာ ထွက်ပြေးရမည်ဆိုပါက ဤစွမ်းအင်ချိတ်ပိတ် အစီအရင် နယ်မြေထဲမှ အချိန်တိုအတွင်း လွတ်မြောက်နိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။
တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ လူအများအပြားသည် သူတို့၏ အလုပ်များကို ရပ်တန့်ကာ သူတို့ထံသို့ ဝိုင်းရံလာကြသည်။
ဟော်ကျန့်ကျွင်း မျက်နှာပျက်သွားပြီး လီဟူဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဘာကြောင့်လဲ"
"မင်းက ငါ အယုံကြည်ရဆုံးလူလေ... ဘာလို့ ဒီလိုလုပ်ရတာလဲ"
လီဟူက ပြုံးလိုက်ပြီး "ကျွန်တော်ဒီလိုလုပ်ရတာက သခင် အတွက်ပါ"
"ဘာ" ဟော်ကျန့်ကျွင်း ချက်ချင်း ကြောင်သွားသည်။
ဘေးနားရှိ ဆွန်းချီဟန်သည်လည်း အံ့သြသွားပြီး "မင်းရဲ့သခင်... လီဟူ... မင်း ဘာတွေ ပြောနေတာလဲ... မင်းမှာ သခင်က ဘယ်ကရောက်လာတာလဲ... မင်းရဲ့ သခင်က ဘယ်သူလဲ"
"ဒါ ဘယ်ခေတ်ရောက်နေပြီလဲ... မင်းက ခွေး ဝက်မှ မဟုတ်တာ... ဘာသခင်လဲ"
သို့သော် ဟော်ကျန့်ကျွင်းက ပြဿနာကို ရိပ်မိသွားပြီး အလွန်အမင်း မည်းမှောင်နေသော မျက်နှာထားဖြင့် "သူ ကျေးကျွန်ဖြစ်စေတဲ့ အစွမ်း မိထားတာပဲ" ဟု ပြောလိုက်သည်။
ထိုသို့ ပြောပြီးနောက် သူက လီဟူကို ဆက်လက် အဖက်မလုပ်တော့ဘဲ ပတ်ဝန်းကျင်ကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ထွက်လာခဲ့... မင်းက နည်းလမ်းပေါင်းစုံသုံးပြီး ငါ့ရဲ့ ယုံကြည်ရတဲ့လူကို ကျေးကျွန်အဖြစ် ဖမ်းထားတာ... ငါ ဒီထောင်ချောက်ထဲ ဝင်လာမယ့်အချိန်ကို စောင့်နေတာ မဟုတ်ဘူးလား"
ဆက်ရန်...