အခန်း ၉၄၉
Vol. 48 Ch. 949
အပိုင်း(၉၄၉) ဟုန်ထျန်ရီ
ဟုန်ထျန်ရီ၏ ရယ်မောသံကို ကြားလိုက်ရသောအခါ လူအုပ်ထဲရှိ ဂျိမ်းစ်၏ မျက်ဝန်းအိမ်တွင် မှိုင်းညို့သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
သူ့အစွမ်းက ထူးခြားပြီး အခြားသူများ၏ အစွမ်းကို ချိတ်ပိတ်ထားနိုင်စွမ်း ရှိသည်။
အခြားသူများက သူ၏ အစွမ်းကို ကြားရုံဖြင့် ကြောက်လန့်တကြား ဖြစ်သွားတတ်ကြသော်လည်း ကျင်းကျိုးစစ်တပ်ကမူ အရူးတစ်အုပ်လိုပင် သူ့ကို တကူးတက လိုက်လံရှာဖွေနေကြသည်။
လီဟူ၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရစဉ်က ထို ဒေါက်တာယင်ဆိုသူသည် စမ်းသပ်မှုများ ပြုလုပ်ရန်အတွက် သူ၏ သွေးများကို အဆက်မပြတ် ဖောက်ယူခဲ့သည်ကို ပြန်တွေးမိလိုက်သည်။
ဂျိမ်းစ်၏ ရင်ထဲတွင် ဒေါသမီးတောက်များ ဟုန်းဟုန်းတောက်လောင်လာတော့သည်။
လင်းယွမ်က သူ့ပခုံးကို ပုတ်လိုက်ပြီး "မင်းက ဒီလောက် အလိုရှိခံနေရတဲ့သူ ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး" ဟု ပြောလိုက်သည်။
ဂျိမ်းစ်မှာ ငိုရခက် ရယ်ရခက် ဖြစ်သွားပြီး "ဆရာလင်းကလည်း... ကျွန်တော့်ကို မနောက်ပါနဲ့" ဟု အလျင်အမြန် ပြန်ပြောလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ရင်း "သူတို့မှာ လူဘယ်လောက် ပါလဲ ကြည့်လိုက်ဦး" ဟု ဆိုသည်။
"ခုနက ကျွန်တော် သတိထားကြည့်လိုက်တယ်... ဟုန်ထျန်ရီ အပါအဝင် အားလုံးပေါင်း လူ (၂၀) ရှိတယ်"
ဘေးနားရှိ ဝမ်လင်းအာက လေသံတိုးတိုးဖြင့် "ဝိညာဉ်စွမ်းအင် ထောက်လှမ်းရေးအိမ်မြှောင်ရဲ့ ပြသချက်အရ ဒီလူ (၂၀) လုံးက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ အစွမ်းပိုင်ရှင်တွေချည်းပဲ" ဟု ပြောလိုက်သည်။
"သာမန် အစောင့်တပ်ဖွဲ့ တစ်ခုအတွက် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ အစွမ်းပိုင်ရှင် (၂၀) တောင် ပါဖို့ မလိုပါဘူး" မော်လီက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
ဂျိမ်းစ်က လှောင်ပြုံး ပြုံးလိုက်ပြီး "ကြည့်ရတာ ဒီဟုန်ထျန်ရီက ဟော်ကျန့်ကျွင်း အပေါ် သိပ်ယုံကြည်တဲ့ပုံမပေါ်ဘူး"
"ကျွန်မတို့ဘက်မှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့သူ (၅၀) ကျော်နေပြီ... အတူတူ ဝင်တိုက်မယ်ဆိုရင် နှစ်ဆသာတဲ့ အင်အားနဲ့ဆိုတော့ အသာလေး ဖြိုနိုင်မှာပါ" ဝမ်လင်းအာက သုံးသပ်ပြသည်။
လင်းယွမ်က အနည်းငယ် ပြုံးလိုက်ပြီး "ငါတို့ရဲ့ အဓိက တာဝန်က ဟုန်ထျန်ရီကို ဖမ်းဖို့ပဲ... ကျန်တာ အကုန်လုံးက ဒုတိယ ဦးစားပေးတွေ"
ဟုန်ထျန်ရီကို ဖမ်းမိလိုက်ခြင်းက သူ၏ လက်အောက်ရှိ အင်အားစုများကို ထိန်းချုပ်လိုက်နိုင်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် အနည်းအကျဉ်း ထွက်ပြေးလွတ်မြောက်သွားသူများ ရှိလျှင်တောင်မှ အခြေအနေ တစ်ရပ်လုံးကို ထိခိုက်စေနိုင်မည် မဟုတ်ပေ။
ဟော်ကျန့်ကျွင်းက ဟုန်ထျန်ရီကို ခေါ်ဆောင်လာရင်း ဝိုင်းရံထားသော နေရာ၏ အလယ်ဗဟိုသို့ တဖြည်းဖြည်း ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်က အသံဩဩဖြင့် "အသင့်ပြင်ထား" ဟု ပြောလိုက်သည်။
အားလုံး၏ စိတ်နှလုံးများ တုန်ခါသွားကြ၏။
နောက်တစ်ခဏတွင် လင်းယွမ်က "တိုက်ကြ" ဟု အမိန့်ပေးလိုက်သည်။
ဆွန်ချီဟန်က စကားပို မပြောတော့ဘဲ "အစီအရင်ကို ဖွင့်လိုက်" ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဝုန်း"
ဟိုင်ရှင်းကျွန်း တစ်ကျွန်းလုံး ချက်ချင်းပင် အသံမြည်ဟည်း တုန်ခါသွားလေတော့သည်။
ချိတ်ပိတ် သင်္ကေတများမှ အလင်းရောင်များ တစ်ခုပြီးတစ်ခု လင်းလက်လာပြီး ဟိုင်ရှင်းကျွန်း တစ်ကျွန်းလုံးရှိ သန္ဓေပြောင်းစွမ်းအင်များ အားလုံး လျင်မြန်စွာ အေးခဲရပ်တန့်သွားတော့သည်။
ဟုန်ထျန်ရီတို့ လူစုမှာ ရုတ်တရက် လန့်ဖျပ်သွားကြပြီး ခြေလှမ်းများကို ချက်ချင်း ရပ်တန့်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ကြသည်။
ချိတ်ပိတ် အစီအရင်ကြီးကို မြင်လိုက်ရသည်နှင့် ဟုန်ထျန်ရီက တစ်စုံတစ်ရာကို ချက်ချင်း ရိပ်စားမိသွားသည်။
သူက ရုတ်တရက် လှည့်ထွက်လိုက်ပြီး သူ့ဘေးရှိ ဟော်ကျန့်ကျွင်းကို လှမ်းဖမ်းရန် ကြိုးစားလိုက်၏။
ဟုန်ထျန်ရီ၏ ဦးနှောက်က အလွန် လျင်မြန်စွာ အလုပ်လုပ်နေသည်။ ဟိုင်ရှင်းကျွန်းပေါ်တွင် ချိတ်ပိတ် အစီအရင်ကို တပ်ဆင်နိုင်ပြီး အောင်မြင်စွာ အသက်သွင်းနိုင်သူမှာ ဟော်ကျန့်ကျွင်း တစ်ယောက်တည်းသာ ရှိကြောင်း သူ ကောင်းကောင်း သိထားသည်။
ဟော်ကျန့်ကျွင်းက ဘာကြောင့် ဤသို့ လုပ်ရသနည်းဆိုသည်ကို မသိသော်လည်း ပထမဆုံး ဟော်ကျန့်ကျွင်းကို အရင်ဆုံး ဖမ်းဆီးထားရမည်ဆိုသည့် အချက်ကိုတော့ သူ ရှင်းလင်းစွာ နားလည်ထားသည်။
သူ၏ တုံ့ပြန်မှုက လျင်မြန်လှသော်လည်း ဟော်ကျန့်ကျွင်းကမူ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်နေသည်။
ဟော်ကျန့်ကျွင်းသည် နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်သည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်အတွင်းမှ သွေးမြူများ ပန်းထွက်လာကာ သူ၏ ကိုယ်လုံးကြီးမှာ ချက်ချင်း ကြီးထွားဖောင်းကားလာပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အသွင်သို့ ပြောင်းလဲသွားတော့သည်။
ထိုလုပ်ရပ်နှင့်အတူ အနီးအနားရှိ ဂျိမ်းစ်နှင့် အခြားသူများကလည်း ပြင်းထန်စွာ အော်ဟစ်လိုက်ကြသည်။
"တိုက်ကြ"
"ဝီ"
လူပေါင်း ဆယ်ဂဏန်းခန့်သည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အသွင်သို့ လျင်မြန်စွာ ပြောင်းလဲလိုက်ကြပြီး ဟုန်ထျန်ရီတို့အဖွဲ့ဆီသို့ တိုက်ရိုက် ပြေးဝင်သွားကြလေသည်။
ထိုအခါမှသာ ဟုန်ထျန်ရီတို့ လူစုလည်း သတိဝင်လာကြတော့သည်။
"ဟော်ကျန့်ကျွင်း... မင်း ဘာလုပ်တာလဲ"
ဟုန်ထျန်ရီက ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း ချက်ချင်းပင် နောက်သို့ ဆုတ်လိုက်ပြီး "မြန်မြန်... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းကြ" ဟု အကျယ်ကြီး အော်ပြောလိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူက ပထမဆုံးအဖြစ် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အသွင်သို့ ပြောင်းလဲသွား၏။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး လေထဲတွင်ပင် ကြီးထွားလာပြီး မျက်စိတစ်မှိတ်အတွင်း ဧရာမ သတ္တဝါကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။
ဤသတ္တဝါကြီးမှာ ကျောဘက်တွင် တောင်ပံတစ်စုံ ပါရှိသော ကောင်းကင်ခွေးမိစ္ဆာကြီး အသွင်ဖြစ်ပြီး တစ်ကိုယ်လုံးတွင် အဖြူရောင် အမွေးအမျှင်များ ဖုံးလွှမ်းနေကာ မျက်လုံး သုံးလုံး ပါရှိသည်။
တစ်ကိုယ်လုံး နှင်းပွင့်များအလား ဖြူဖွေးနေသော်လည်း မျက်လုံးများမှာမူ အသက်ဝင်ကာ မည်းနက်နေပြီး ခြေလက်လေးဖက်မှာ ရွှေရောင် တောက်ပကာ ထက်မြက်နေသဖြင့် ကြည့်လိုက်ရုံဖြင့် တိုက်ခိုက်ရေးစွမ်းအား မသာမန်ကြောင်း သိသာလှပေသည်။
၎င်းမှာ ဟုန်ထျန်ရီ၏ မျိုးရိုးဗီဇ အသွင်ဖြစ်သော မျက်လုံးသုံးလုံး ကောင်းကင်ခွေးမိစ္ဆာပင် ဖြစ်သည်။
ယခုအချိန်တွင် ဤ မျက်လုံးသုံးလုံး ကောင်းကင်ခွေးမိစ္ဆာကြီး၏ အရွယ်အစားမှာ ပေ ၃၀၀ နီးပါးခန့် ရှိနေပြီး မျက်နှာချင်းဆိုင်ရှိ ကြယ်ငါးအဖြစ် ပြောင်းလဲသွားသော ဟော်ကျန့်ကျွင်းထက် ပေ ၃၀ ကျော်ခန့် ပိုမို မြင့်မားနေလေသည်။
ထိုနေရာတွင် ရပ်နေရုံမျှဖြင့်ပင် သူတို့နှစ်ဦးကြားရှိ ကွာဟချက်ကို အထင်းသား ခံစားသိရှိနိုင်ပေသည်။
သို့သော်လည်း ရောင်စုံ ကြယ်ငါးကြီး၏ အနောက်ဘက်မှ ဧရာမ ကိုယ်လုံးကြီး နှစ်ခု ရုတ်တရက် ပြေးထွက်လာကြသည်။
၎င်းတို့အနက် တစ်ကောင်မှာ လက်ထဲတွင် ထက်မြက်သော လက်နက်ကို ကိုင်ဆောင်ထားသည့် ကြံ့ချိုတစ်ချောင်း ပါသော သတ္တဝါကြီးဖြစ်ပြီး အရပ်အမောင်းမှာ ပေ ၂၆၀ ကျော်ခန့် ရှိသဖြင့် မျက်လုံးသုံးလုံး ကောင်းကင်ခွေးမိစ္ဆာကြီး၏ ရှေ့တွင်ပင် သေးငယ်အားနည်းသည့်ပုံ မပေါ်ပေ။
၎င်းက အခြားသူမဟုတ်ဘဲ ဂျိမ်းစ်ပင် ဖြစ်သည်။
သူ၏ ဘေးနားတွင်လည်း ပေ ၂၃၀ ကျော် မြင့်မားသော ဧရာမ မျိုးရိုးဗီဇ သတ္တဝါကြီး တစ်ကောင် ရှိနေသေးသည်။
၎င်းမှာ သွေးရောင် လင်းနို့ကြီး တစ်ကောင်ဖြစ်ပြီး တောင်ပံနှစ်ဖက်ကို ဖြန့်ကျက်လိုက်ပါက ပေ ၂၃၀ ကျော်အထိ ရှိလေသည်။
ဤ ဧရာမ မျိုးရိုးဗီဇ သတ္တဝါကြီး သုံးကောင်သည် ယခုအခါ ဟုန်ထျန်ရီ၏ မျက်လုံးသုံးလုံး ကောင်းကင်ခွေးမိစ္ဆာကြီးကို အတူတကွ ဝိုင်းရံထားလိုက်ကြသည်။
ဟုန်ထျန်ရီ၏ မျက်နှာကြီး မှောင်မိုက်သွားပြီး သူ၏ မျက်လုံးသုံးလုံးဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ ပတ်ပတ်လည်တွင် ဧရာမ မျိုးရိုးဗီဇ သတ္တဝါကြီး ကောင်ရေ (၅၀) ကျော်ခန့် ပြည့်နှက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူ တစ်ချက်ကို သေချာပေါက် နားလည်ထားသည်။ ချိတ်ပိတ် အစီအရင်ထဲတွင် မည်သည့် လှည့်ကွက်များမှ အသုံးမဝင်ဘဲ ရုပ်ပိုင်းဆိုင်ရာ ခွန်အားဖြင့်သာ ယှဉ်ပြိုင်တိုက်ခိုက်ရမည် ဆိုသည်ကိုပင်။
မည်သည့် သန္ဓေပြောင်းစွမ်းအင်ကိုမှ အသုံးပြု၍ မရသည့် အခြေအနေမျိုးတွင် မျိုးရိုးဗီဇ သတ္တဝါကြီး အရေအတွက် ပိုများသောဘက်က သဘာဝကျကျပင် အင်အားပိုကြီးပေလိမ့်မည်။
ဟုန်ထျန်ရီက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သော်လည်း နောက်တစ်ခဏတွင် မျက်မှောင်ကြုတ်သွားရသည်။
သူက ပစ္စည်းသိုလှောင်ခန်းထဲမှ လက်နက်များနှင့် အကာအကွယ်များကို ထုတ်ယူချင်ခဲ့သော်လည်း သန္ဓေပြောင်းစွမ်းအင် မရှိသည့်အတွက် အခြေခံအကျဆုံးဖြစ်သည့် ပစ္စည်းသိုလှောင်ခန်းကိုပင် ဖွင့်၍ မရတော့ပေ။
ဤအချက်က သူ၏ မျက်ဝန်းထဲရှိ မှိုင်းညို့သော အရိပ်အယောင်များကို ပိုမို နက်ရှိုင်းသွားစေသည်။
သူက ရောင်စုံ ကြယ်ငါး အသွင်ရှိနေသော ဟော်ကျန့်ကျွင်းကို စူးစိုက်ကြည့်ရင်း အေးစက်သော လေသံဖြင့် မေးလိုက်သည်။ "ဗိုလ်ချုပ်ဟော်... ခင်ဗျား ဒါ ဘာသဘောလဲ"
ယခုအခါ ဟော်ကျန့်ကျွင်းမှာ ရောင်စုံ ကြယ်ငါးကြီးအဖြစ် ပြောင်းလဲနေသော်လည်း လူစကားကို ပြောဆိုနိုင်စွမ်း ရှိနေဆဲပင်။ "ထျန်ရီ... အချည်းနှီး ခုခံမှုတွေ မလုပ်ပါနဲ့တော့... ငါတို့ဆီမှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ အစွမ်းပိုင်ရှင်ချည်းပဲ (၅၀) ကျော်နေပြီ"
"မင်းဘက်က လူ (၂၀) နဲ့က ဘယ်လိုမှ ငါတို့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"
"လက်လျှော့လိုက်ပါ... ငါနဲ့အတူ ဆရာလင်းရဲ့ လက်အောက်ကို ဝင်ပြီး ထိုက်ယန်တောင် ခိုလှုံရေးစခန်းနဲ့ ပူးပေါင်းလိုက်ပါ"
ဟုန်ထျန်ရီ၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရသည်။ "ထိုက်ယန်တောင် ခိုလှုံရေးစခန်း... ခိုက်ရီနည်းပညာ ကုမ္ပဏီ မဟုတ်ဘူးလား... ခင်ဗျားက ဒီ ထိုက်ယန်တောင် ခိုလှုံရေးစခန်း ဆိုတာကို ခိုလှုံသွားတာလား"
"ဆရာလင်းဆိုတာကရော ဘယ်သူလဲ... သူက ခင်ဗျားကို ဘာအကျိုးအမြတ်တွေ ပေးလို့ ကျင်းကျိုးစစ်တပ်ကို သစ္စာဖောက်ဖို့အထိတောင် ဆန္ဒရှိသွားရတာလဲ"
"တစ်နိုင်ငံလုံးမှာ ကျင်းကျိုးစစ်တပ်လို ကြီးမားတဲ့ အင်အားစုမျိုး နောက်ထပ် ရှိလာမှာ မဟုတ်တော့ဘူး ဆိုတာကို... ခင်ဗျား အသေအချာ သိသင့်တာပေါ့"
"ကျုပ်တို့ ကျင်းကျိုးစစ်တပ်ကမှ နိုင်ငံရဲ့ အင်အားအကြီးဆုံး ခိုလှုံရေးစခန်းပဲ"
ဟုန်ထျန်ရီ၏ မျက်လုံးများထဲတွင် အလွန်တရာ စိတ်မကောင်းဖြစ်နေသော အရိပ်အယောင်များ ပေါ်လာပြီး သူ၏ အသံတွင် ရိုးသားမှုများ အပြည့်အဝ ပါဝင်နေသည်။ "ဗိုလ်ချုပ်ဟော်... ခင်ဗျားက ကျွန်တော် အမျှော်လင့်ဆုံး အစွမ်းပိုင်ရှင် တစ်ယောက်ပါ... ခင်ဗျားမှာ ကြီးမားတဲ့ အလားအလာတွေ ရှိတယ်"
"ခင်ဗျားနဲ့ ကျွန်တော်သာ ပူးပေါင်းလိုက်ရင် တစ်ကမ္ဘာလုံးကိုတောင် သိမ်းပိုက်နိုင်စွမ်း ရှိတယ်"
လင်းယွမ်က အနီးအနားတွင် ရပ်နေရင်း ဟုန်ထျန်ရီ၏ စကားဝိုင်းကို နားထောင်ကာ မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။
"မင်းရဲ့ အကြီးမားဆုံး ပါရမီက အစွမ်းမဟုတ်ဘဲ ဒီလို စကားပြောစွမ်းရည် ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး"
"မင်းစကားတွေက အရင်တုန်းကဆိုရင်တော့ သူ့ကို တကယ်ပဲ သိမ်းသွင်းနိုင်ပြီး မင်းအတွက် အသေခံ အလုပ်အကျွေးပြုဖို့တောင် ဖြစ်သွားစေနိုင်တယ်"
"ဟမ်"
ဟုန်ထျန်ရီက လင်းယွမ်၏ စကားကို ကြားလိုက်ရသဖြင့် ရုတ်တရက် ခေါင်းလှည့်ကာ ရောက်လာသူကို ကြည့်လိုက်သည်။
သူ၏ သူငယ်အိမ်များ ချက်ချင်း ကျဉ်းမြောင်းသွားပြီး လင်းယွမ်ကို စူးစိုက်ကြည့်နေတော့သည်။
"မင်းက ဘယ်သူလဲ"
"ဆရာလင်း"
ဟုန်ထျန်ရီ ဆက်မေးရန် အချိန်မရလိုက်မီ ရောင်စုံ ကြယ်ငါးကြီးက လမ်းဖယ်ပေးလိုက်ပြီး လင်းယွမ်ကို ရိုသေလေးစားစွာဖြင့် နှုတ်ဆက်လိုက်သည်။
ထိုအခါမှသာ ဟုန်ထျန်ရီက သူ့ရှေ့ရှိလူမှာ မည်သူမည်ဝါဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။
"မင်းက ဆရာလင်းဆိုတာလား" သူက လင်းယွမ်ကို လေးနက်သော အကြည့်များဖြင့် အကဲခတ်ကြည့်လိုက်သည်။
ဟော်ကျန့်ကျွင်းကဲ့သို့သော လူတစ်ယောက်ကို ဤမျှလောက် အသေအလဲ သစ္စာရှိစေလောက်အောင် လင်းယွမ်၏ ကိုယ်ပေါ်တွင် မည်သည့် ထူးခြားချက်များ ရှိနေသနည်းဆိုသည်ကို သူ မြင်အောင် မကြည့်တတ်ပေ။
သို့သော်လည်း မကြာမီတွင် သူ ဆက်၍ မတွေးတောတော့ချေ။
အဘယ်ကြောင့်ဆိုသော် သူ၏ရှေ့ရှိ ဤလူကို ဖမ်းဆီးနိုင်လျှင် (သို့မဟုတ်) သတ်ဖြတ်နိုင်လျှင် ယခု ကြုံတွေ့နေရသော ပြဿနာအားလုံး ပြေလည်သွားမည်ဖြစ်ကြောင်းကို သူ နားလည်ထားသောကြောင့်ပင်။
ထိုသို့ တွေးမိသည်နှင့်တစ်ပြိုင်နက် ဟုန်ထျန်ရီက စကားပို မပြောတော့ဘဲ တောင်ပံနှစ်ဖက်ကို ပြင်းထန်စွာ ခတ်လိုက်ပြီး လင်းယွမ်ဆီသို့ ချက်ချင်း ပြေးဝင်သွားလေတော့သည်။
ခေါင်းဆောင်ကို အရင်ဖြိုရမည် ဆိုသည့် သဘောတရားကို ဟုန်ထျန်ရီက မည်သူ့ထက်မဆို ပို၍ နားလည်ထားပေသည်။
ဆက်ရန်...