အခန်း ၉၅၄
Vol. 48 Ch. 954
အပိုင်း(၉၅၄) ဝမ်ကျစ်ယွမ်
"ခင်ဗျားရဲ့ လေ့ကျင့်တဲ့နည်းလမ်းက တကယ်ကို အစွမ်းထက်တာပဲ... တခြားသူတွေဆိုရင် လိုက်တောင် တုပနိုင်မှာ မဟုတ်ဘူး"
လင်းယွမ်က ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
ဟုန်ထျန်ရီက အလျင်အမြန် ပြုံးကာ "တခြားသူတွေ လိုက်မလုပ်နိုင်ပေမဲ့ ဆရာလင်းကတော့ အကြောင်းအကျိုး အမျိုးအစား အစွမ်းပိုင်ရှင်ပဲလေ... ဘာလို့ လိုက်မလုပ်နိုင်ရမှာလဲ"
လင်းယွမ်က ပြုံးလိုက်ပြီး "ဟုတ်တယ်... ခင်ဗျားရဲ့ ဒီကျင့်စဉ်နည်းလမ်းက ကျွန်တော့်ကို တော်တော်လေး စိတ်ကူးဉာဏ် ပွင့်သွားစေတယ်"
ယခုအခါ သူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သည် ၉၈ ရာခိုင်နှုန်းတွင် တစ်ဆို့နေခဲ့ရာ နေ့စဉ် ပင်ပန်းဆင်းရဲစွာ လေ့ကျင့်မှုအပေါ်သာ အားကိုးနေရပြီး အဆင့်တက်ရန် အနည်းဆုံး နှစ်လနှင့်အထက် အချိန်ယူရမည် ဖြစ်သည်။
သို့သော် ဟုန်ထျန်ရီ၏ ဤလေ့ကျင့်မှုနည်းလမ်းအတိုင်း လုပ်ဆောင်မည်ဆိုပါက ထိုအချိန်ကို များစွာ လျှော့ချနိုင်ပေလိမ့်မည်။
"ဒါနဲ့... ခင်ဗျားတို့ ကျင်းကျိုးစစ်တပ်က ကိုယ့်ဘာသာ လေ့ကျင့်ရုံသက်သက်တော့ မဖြစ်နိုင်ဘူးမလား... လေ့ကျင့်ရာမှာ အထောက်အကူပြုတဲ့ စက်ပစ္စည်း ကိရိယာတွေဘာတွေများ ရှိလား" လင်းယွမ်က ရုတ်တရက် သတိရသွားပြီး အလျင်အမြန် မေးလိုက်သည်။
မည်သည့်အဖွဲ့အစည်းမဆို အင်အားကြီးထွားလာရန်အတွက် ကိုယ့်ဘာသာ ကြိတ်မှိတ်လေ့ကျင့်ရုံသက်သက်ဖြင့် မည်သို့မျှ မဖြစ်နိုင်ဘဲ သင်္ကေတနည်းပညာ ကိရိယာများ၏ အကူအညီကို မဖြစ်မနေ လိုအပ်ပေသည်။
ထိုက်ယန်တောင် ခိုလှုံရေးစခန်းဘက်တွင် သူကိုယ်တိုင် လဲလှယ်ထားသော စွမ်းအင်စုဝေးအဆောက်အအုံနှင့် မျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာ ကဲ့သို့သော အထောက်အကူပြု ပစ္စည်းများ ရှိနေသဖြင့် အစွမ်းပိုင်ရှင်များ၏ လေ့ကျင့်မှုတိုးတက်နှုန်းကို မြှင့်တင်ပေးနိုင်သည်။
မုန်ယာကုမ္ပဏီနှင့် ခိုက်ရီနည်းပညာ ကုမ္ပဏီတို့တွင်လည်း ၎င်းတို့နှင့် သက်ဆိုင်သော နည်းပညာသုံး ကိရိယာများ ရှိကြသည်။
ကျင်းကျိုးစစ်တပ်တွင် အစွမ်းထက်သူများမှာ တိမ်တိုက်များအလား များပြားလှပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၇၀ ရာခိုင်နှုန်းနှင့်အထက် ရောက်ရှိနေသူများစွာ ရှိနေရာ ကိုယ်ပိုင်လေ့ကျင့်မှု သက်သက်အပေါ်သာ အားကိုးနေရသည်ဟုဆိုလျှင် လင်းယွမ်အနေဖြင့် လုံးဝ မဖြစ်နိုင်ဟု ခံစားမိသည်။
အဘယ်ကြောင့်ဆိုသော် လူတိုင်း အစွမ်းများ နိုးထလာသည့် အချိန်ကာလမှာ များစွာ ကွာခြားမှု မရှိသောကြောင့် ဖြစ်သည်။
တစ်ခုတည်းသော ကွာခြားချက်မှာ သင်္ကေတနည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အမြန်နှုန်းပင် ဖြစ်သည်။
ပင်လယ်ရေမျက်နှာပြင်ထက် ပို၍မြင့်မားသော ဒေသများသည် ရေလွှမ်းမိုးမှုဒဏ်ကို နောက်ကျမှ ခံရသဖြင့် ကပ်ဘေးမတိုင်မီက နည်းပညာအဆင့်အတန်းများကို ပိုမို ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။
ထိုနေရာများသည် နည်းပညာအဆင့်အတန်းကို အစောဆုံး ပြန်လည်ထူထောင်နိုင်ခဲ့ပြီး သင်္ကေတနည်းပညာကို ဖွံ့ဖြိုးတိုးတက်စေမည့် ဒေသများ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ကျင်းကျိုးစစ်တပ်တွင် အဆင့်မြင့်နည်းပညာသုံး လေ့ကျင့်ရေး ကိရိယာအချို့ သေချာပေါက် ရှိနေလိမ့်မည်ဟု လင်းယွမ် ခန့်မှန်းမိသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဟုန်ထျန်ရီက ချက်ချင်း ခေါင်းညိတ်လိုက်ပြီး "အဲ့လိုတော့ရှိတာပေါ့... အဲ့ဒီလိုမှ မဟုတ်ရင် ကိုယ့်ပင်ကိုယ်စွမ်းရည်လေး အားကိုးပြီး လေ့ကျင့်နေရုံနဲ့ ကျွန်တော်တို့ ကျင်းကျိုးစစ်တပ်မှာ ဒီလောက်များပြားတဲ့ အစွမ်းထက်သူတွေ ထွက်ပေါ်လာနိုင်စရာ အကြောင်းမရှိဘူးလေ"
"ကပ်ဘေးကြီး မကျရောက်ခင်ကတည်းက စစ်ဘက်ဆိုင်ရာ စက်ရုံတွေ အားလုံးကို ကုန်းမြင့်ဒေသတွေဆီ ပြောင်းရွှေ့ထားခဲ့ပြီးပြီ... ဒါကြောင့် ဒီမှာ ပြီးပြည့်စုံတဲ့ ထုတ်လုပ်ရေးလမ်းကြောင်းတွေနဲ့ စက်ပစ္စည်းတွေ အစောကြီးကတည်းက ရှိနေခဲ့တာပါ"
"နောက်ပိုင်း အစွမ်းသင်္ကေတတွေကို တွေ့ရှိလာတဲ့အခါ နည်းပညာနဲ့ သန္ဓေပြောင်းအစွမ်း ပေါင်းစပ်နိုင်မယ့် မျှော်လင့်ချက် ရောင်ခြည်ကို မြင်တွေ့ခဲ့ရတယ်... အဲ့ဒီနောက်ပိုင်းကစပြီး အားလုံးက သင်္ကေတနည်းပညာကို စတင် သုတေသနပြုလာကြတာပဲ"
"အဲ့ဒီအချိန်တုန်းက နိုင်ငံတော် သိပ္ပံအကယ်ဒမီကြီးက ကျွန်တော်တို့ ကျင်းကျိုးမှာ ရှိနေခဲ့တာ... ကျွန်တော်တို့ အခြေအနေ တည်ငြိမ်သွားတာနဲ့ ချက်ချင်းပဲ ကပ်ဘေးမတိုင်ခင်က သိပ္ပံလောကရဲ့ ထိပ်သီးပညာရှင်ကြီးတွေကို သွားရောက် ကယ်တင်ခဲ့ကြတယ်"
"သူတို့ကို ကယ်တင်နိုင်ခဲ့ပြီးနောက်... သူတို့ရဲ့ အကူအညီနဲ့ ကျွန်တော်တို့ ကျင်းကျိုးဟာ စွမ်းအင်ချိတ်ပိတ် သင်္ကေတအစီအရင်... ဟင်းလင်းပြင် ရွှေ့ပြောင်းရေးနည်းပညာနဲ့ ဟင်းလင်းပြင် နေရာရွှေ့ပြောင်းရေး စက်ကိရိယာ စတာတွေကိုပါ တီထွင်နိုင်ခဲ့တယ်"
"ဒါ့အပြင် မျိုးရိုးဗီဇ ရောင်စဉ်တန်း လေ့ကျင့်မှုပုံစံကိုပါ သုတေသနပြု ဖော်ထုတ်နိုင်ခဲ့တယ်... ကျွန်တော်တို့က မတူညီတဲ့ မျိုးဗီဇအခြေခံတွဲတွေကနေ ထွက်ပေါ်လာတဲ့ ရောင်စဉ်တန်း ဖွဲ့စည်းပုံတွေအပေါ် မူတည်ပြီး အသေးစိတ် မျိုးရိုးဗီဇမြေပုံကို ရေးဆွဲခဲ့တယ်... ဒီနည်းလမ်းကို အသုံးပြုပြီး ရောနှောနေတဲ့ မျိုးရိုးဗီဇတွေနဲ့ ကျွန်တော်တို့ လိုချင်တဲ့ ပစ်မှတ်မျိုးရိုးဗီဇကို ခွဲခြားနိုင်ခဲ့တာပဲ"
"ဒီလိုမျိုး လုပ်လိုက်တဲ့အတွက် အစွမ်းပိုင်ရှင်တွေရဲ့ လေ့ကျင့်မှုနှုန်းကို အကြီးအကျယ် မြှင့်တင်ပေးနိုင်ခဲ့တာပါ"
"ဒီနည်းစနစ်ကို ကျွန်တော်တို့ ပြီးပြည့်စုံအောင် ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်လို့... အစွမ်းပိုင်ရှင် အများအပြားလည်း အခု အသုံးပြုနေကြပါပြီ"
"ဒါပေမဲ့ ဒီလို ရောင်စဉ်တန်းကိရိယာမျိုး ထုတ်လုပ်ရတာက နည်းနည်း ရှုပ်ထွေးတယ်... တိကျသေချာတဲ့ စက်ပစ္စည်း အများအပြားနဲ့ သင်္ကေတထုတ်လုပ်မှုတွေ ပါဝင်နေလို့ လောလောဆယ်မှာတော့ အများအပြား အစုလိုက်အပြုံလိုက် မထုတ်လုပ်နိုင်သေးဘူး... လေ့ကျင့်ရေးကွင်းပြင်အဖြစ်ပဲ တည်ဆောက်ပြီး ခိုလှုံရေးစခန်းက နေထိုင်သူတွေကို လေ့ကျင့်ဖို့အတွက် ထောက်ပံ့ပေးထားနိုင်တယ်"
"အခုလောလောဆယ် ကျွန်တော့်ရဲ့ ထင်းကော်ကျွန်း အပါအဝင်... ဝမ်ကျစ်ယွမ်... ကျန်းဝမ်ပင်းနဲ့ လုယွမ်ဆန်း တို့ရဲ့ ကျွန်းတွေမှာလည်း သက်ဆိုင်ရာ စက်ပစ္စည်းတွေ ရှိနေတယ်"
"ဒါနဲ့... ဗိုလ်ချုပ်ဟော် ဆီမှာလည်း ရှိပါတယ်"
ဤစကားများကို ကြားလိုက်ရသောအခါ လင်းယွမ်၏ ရင်ထဲတွင် ချက်ချင်းပင် ဝမ်းသာအံ့သြသွားလေသည်။
"မျိုးရိုးဗီဇထဲက အခြေခံတွဲတွေကို အသုံးပြုပြီး ရောင်စဉ်တန်း စစ်ထုတ်တာဟုတ်လား... ဒါက ကျွန်တော်တို့ဘက်မှာ တစ်ခါမှ မစဉ်းစားမိဖူးတဲ့ လမ်းကြောင်းတစ်ခုပဲ"
ထိုက်ယန်တောင် ဖြစ်စေ... မုန်ယာကုမ္ပဏီနှင့် ခိုက်ရီနည်းပညာ ဖြစ်စေ... အားလုံး၏ သုတေသနပြုသည့် လမ်းကြောင်းမှာ မျိုးရိုးဗီဇ အမှတ်အသားဖြင့် တည်နေရာရှာဖွေသည့် နည်းလမ်းသာ ဖြစ်ပြီး ရောင်စဉ်တန်းဘက်သို့ သုတေသန မပြုခဲ့ကြပေ။
မျှော်လင့်ထားသည့်အတိုင်းပင် လူသားများ၏ ဉာဏ်ပညာကား အဆုံးအစမရှိပေ။
လူဦးရေ အခြေခံအင်အား လုံလောက်စွာ ရှိနေသရွေ့ လူတိုင်းထံမှ ထူးဆန်းအံ့သြဖွယ် စိတ်ကူးစိတ်သန်းများ ထွက်ပေါ်လာနိုင်စွမ်း ရှိသည်။
"ဒီတစ်ကြိမ် မြောက်ပိုင်းကိုသာ စည်းလုံးနိုင်ခဲ့ရင် ထိုက်ယန်တောင်ရဲ့ အလုံးစုံ နည်းပညာအဆင့်အတန်းက သေချာပေါက် ခုန်ပျံကျော်လွှားပြီး ကြီးမားတဲ့ အပြောင်းအလဲတစ်ခုကို ရရှိလာတော့မှာပဲ"
"နောက်ကျရင် သက်ဆိုင်ရာ အချက်အလက်တွေကို ကျွန်တော့်ဆီ တစ်စုံလောက် ကူးပေးစမ်းပါ" လင်းယွမ်က ဟုန်ထျန်ရီကို ပြောလိုက်သည်။
ဟုန်ထျန်ရီက ချက်ချင်း ခေါင်းညိတ်လိုက်ပြီး "ဟုတ်ကဲ့ပါ ဆရာလင်း... ဒါနဲ့ သက်ဆိုင်တဲ့ သုတေသီတွေရော လိုအပ်သေးလား... သူတို့ကို ထိုက်ယန်တောင် ခိုလှုံရေးစခန်းက သုတေသနဌာနနဲ့ ပူးပေါင်းပြီး သက်ဆိုင်ရာ နည်းပညာတွေ ထုတ်လုပ်ဖို့ ကျွန်တော် စီစဉ်ပေးလို့ ရပါတယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "အင်း... ဒီကိစ္စတွေ ပြီးသွားတဲ့အခါမှပဲ စီစဉ်ကြတာပေါ့"
"ဟုတ်ကဲ့ပါ"
စကားပြောနေကြရင်းဖြင့် သူတို့အဖွဲ့သည် ထင်းကော်ကျွန်းပေါ်သို့ ရောက်ရှိလာကြသည်။
ဟုန်ထျန်ရီက ဦးဆောင်ကာ လင်းယွမ်အား အနီးအနားရှိ ကျွန်းပေါ်တွင် လမ်းလျှောက်ရင်း လိုက်လံ မိတ်ဆက်ပြသပေးလေသည်။
ဤနေရာ၏ နည်းပညာအဆင့်အတန်းမှာ ထိုက်ယန်တောင်ထက် များစွာ ပိုမိုမြင့်မားနေသည်မှာ အမှန်ပင် ဖြစ်သည်။
သို့သော် ပြည်သူလူထုသုံး နည်းပညာများတွင်မူ သိသာထင်ရှားမှု မရှိလှဘဲ အဆင့်မြင့် သင်္ကေတနည်းပညာ အသုံးပြုမှု အများစုမှာ စစ်ဘက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအပေါ်၌သာ အဓိက အခြေခံထားခြင်း ဖြစ်သည်။
ကပ်ဘေးမတိုင်မီက စစ်အင်အားကိုသာ အဓိကထားသော အင်ပါယာနိုင်ငံကြီးများကဲ့သို့ စစ်ရေးစွမ်းရည်မှာ အလွန်တိုးတက်နေသော်လည်း အခြေခံစက်မှုလုပ်ငန်းများက နောက်ကောက်ကျနေခဲ့ရာ ပြည်သူများ၏ နေထိုင်မှုအဆင့်အတန်းမှာ ထိုက်ယန်တောင်၏ ဖွံ့ဖြိုးတိုးတက်မှုလောက် မကောင်းမွန်ပေ။
ဤသို့သော အခြေအနေမျိုးကသာ ပုံမှန်ဖြစ်စဉ်တစ်ခု ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ရေပေါ်ကျွန်းကြီးများရှိ အရင်းအမြစ်များကို စစ်ရေးကဏ္ဍအတွက် ဦးစားပေး ထောက်ပံ့ရမည်မှာ သေချာနေသည် မဟုတ်ပါလော။
သာမန်ပြည်သူများအတွက်မူ ဤကဲ့သို့သော ကပ်ဘေးကာလကြီးတွင် ဝမ်းဝခါးလှုံ နေထိုင်ရခြင်းကပင် အလွန်တရာ ကြီးမားသော သက်သာရာရမှုကြီး တစ်ခု ဖြစ်နေပေပြီ။
ပိုမို သာလွန်ကောင်းမွန်သော ဘဝကို ရယူလိုပါက စစ်တပ်ထဲဝင်ကာ စစ်တပ်နှင့် ပူးပေါင်းမှသာ အထက်တန်းစား တစ်ယောက် ဖြစ်လာရန် အခွင့်အရေး ရရှိနိုင်ပေမည်။
သို့သော် ထိုက်ယန်တောင် ခိုလှုံရေးစခန်းတွင်မူ သာမန်ပြည်သူများ၏ ဘဝသည် ကပ်ဘေးမတိုင်မီက အခြေအနေသို့ အခြေခံအားဖြင့် ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။
စားဝတ်နေရေးအတွက် ပူပန်စရာမလိုဘဲ အခြေခံသုံးစွဲမှုများအတွက်လည်း စိတ်ပူစရာ မလိုပေ။ လူတိုင်းတွင် လုပ်စရာ အလုပ်ရှိကြပြီး ရှာဖွေနိုင်သော အမှတ်များ ကိုယ်စီ ရှိနေကြသည်။
အနည်းငယ် ကြိုးစားရုန်းကန်ရုံမျှဖြင့် ဘဝကို အဆိုးရွားကြီး ဖြတ်သန်းရမည် မဟုတ်ပေ။
ထိုက်ယန်တောင် ကုန်သွယ်ရေးစင်တာ ရှိနေခြင်းက လူများ၏ နေထိုင်မှု အရည်အသွေးကို များစွာ မြှင့်တင်ပေးထားပြီး ဤအရာမှာ ကျင်းကျိုးစစ်တပ်အနေဖြင့် ခိုလှုံရေးစခန်းမှ ပြည်သူများကို မည်သို့မျှ မဖြည့်ဆည်းပေးနိုင်သော နေထိုင်မှုဘဝ အဆင်ပြေချောမွေ့မှုပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ ကုန်သွယ်ရေးစင်တာအတွင်းရှိ ကုန်ပစ္စည်း တစ်စိတ်တစ်ပိုင်းကို လင်းယွမ်က စနစ် ထံမှ လဲလှယ်ထားခြင်းဖြစ်ပြီး ကျန်တစ်စိတ်တစ်ပိုင်းကိုမူ ထိုက်ယန်တောင်မှ ကိုယ်တိုင် ထုတ်လုပ်ထားခြင်း ဖြစ်သောကြောင့်တည်း။
အခြားသော အဖွဲ့အစည်းများကမူ ဤကဲ့သို့သော ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းအပေါ် အရင်းအမြစ်များကို ဖြုန်းတီးပစ်မည် မဟုတ်ပေ။
"ဆရာ... ဝမ်ကျစ်ယွမ်တို့ ရောက်လာပါပြီ"
ထိုအချိန်မှာပင် အပြင်ဘက်မှ လူတစ်ယောက် အလျင်စလို ဝင်လာပြီး သတင်းပို့လေသည်။
လင်းယွမ်နှင့် ဟုန်ထျန်ရီတို့ နှစ်ယောက်လုံး ရပ်တန့်သွားပြီး အချင်းချင်း တစ်ချက် ကြည့်လိုက်ကြသည်။
ဟုန်ထျန်ရီက "ဆရာလင်း... ကျွန်တော်တို့ သွားကြမလား" ဟု မေးလိုက်သည်။
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "အစီအစဉ်အတိုင်းပဲ ဆက်လုပ်... ကျွန်တော် ဒီမှာရှိနေတာကို ဂရုစိုက်နေစရာ မလိုဘူး"
"ဟုတ်ကဲ့ပါ"
ထို့နောက် ဟုန်ထျန်ရီက လူများကို ခေါ်ဆောင်ကာ ဝမ်ကျစ်ယွမ်နှင့် သွားရောက် တွေ့ဆုံလေသည်။
လင်းယွမ်မှာမူ လူအုပ်ထဲတွင် ရောနှောကာ အမှောင်ထဲ၌ ပုန်းကွယ်နေခဲ့သည်။
အကယ်၍ ဝမ်ကျစ်ယွမ်သာ တစ်ခုခု ရိပ်မိသွားပါက ချက်ချင်း လက်စတုံးရတော့မည် ဖြစ်သည်။
လူအုပ်ကြီးက မကြာမီ ဆုံတွေ့သွားကြသည်။ ဝမ်ကျစ်ယွမ်သည် အသက် ၃၀ မပြည့်သေးသည့် လူငယ်တစ်ဦး ဖြစ်ပြီး ရုပ်ရည်မှာ သာမန်မျှသာ ဖြစ်သော်လည်း သူ၏ မျက်လုံးတစ်စုံမှာမူ အလွန် ဩဇာတိက္ကမ ရှိလှသည်။
အရပ်မှာ သိပ်မရှည်လှဘဲ ၅ ပေ ၉ လက်မ ခန့်သာ ရှိသော်လည်း တစ်ကိုယ်လုံးတွင် ဒေါသ မထွက်ဘဲနှင့်ပင် ကြောက်ရွံ့လေးစားဖွယ် အငွေ့အသက်များ ရှိနေသည်။
ဤသည်မှာ သူက မိုးကြိုးဓာတ် သန္ဓေပြောင်းအစွမ်းပိုင်ရှင် ဖြစ်နေခြင်းကြောင့်လည်း ဖြစ်နိုင်သလို ရာထူးမြင့်မြင့် ရရှိကာ အာဏာကို ချုပ်ကိုင်ထားပြီးနောက်ပိုင်း ပေါ်ထွက်လာသည့် အရှိန်အဝါကြောင့်လည်း ဖြစ်နိုင်ပေသည်။
နှစ်ဖက်လူများ တွေ့ဆုံလိုက်သည်နှင့် ဟုန်ထျန်ရီက ပြုံးကာ "ကျစ်ယွမ်... သတင်းကောင်းပဲ... ဗိုလ်ချုပ်ဟော်ရဲ့ လူတွေ အကြံအောင်သွားပြီ... အခုဆိုရင် တောင်ပိုင်းက ခိုက်ရီနည်းပညာကုမ္ပဏီကို ငါတို့ သိမ်းပိုက်လိုက်နိုင်ပြီ"
ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်ကျစ်ယွမ်ကလည်း ဝမ်းသာသွားသည့်ဟန်ဖြင့် "ဟော်ကျန့်ကျွင်း ဒီကောင်က တော်တော် အစွမ်းထက်တာပဲ... တောင်ပိုင်းက အင်အားစုကို ဒီလောက်မြန်မြန် သိမ်းနိုင်လိမ့်မယ်လို့ မထင်ထားဘူး"
"ဗိုလ်ချုပ်ဟုန်... ဒါဆို ကျွန်တော်တို့တွေ နတ်ဘုရားနိုင်ငံတော်ကို ဝိုင်းဝန်းချေမှုန်းဖို့ ပြင်ဆင်လို့ ရပြီပေါ့"
ဟုန်ထျန်ရီက ခေါင်းယမ်းလိုက်ပြီး "မလောပါနဲ့ဦး... အခု မင်းကို ခေါ်လိုက်တာက မင်းရယ် ဗိုလ်ချုပ်ဟော်ရယ်နဲ့ တိုင်ပင်စရာ ကိစ္စလေး တစ်ခုရှိလို့ပါ"
"ဟမ်... ဘာကိစ္စများလဲဗျ" ဝမ်ကျစ်ယွမ်က သံသယဖြင့် မေးလိုက်သည်။
ဟုန်ထျန်ရီက အသံကို နှိမ့်ကာ "ပြီးခဲ့တဲ့အကြိမ်က ငါတို့ ကျင်းကျိုးစစ်တပ် ပူးပေါင်းပြီး နတ်ဘုရားနိုင်ငံတော်ကို ဝိုင်းတိုက်တုန်းက ရှန်တိ လွတ်သွားခဲ့တယ်လေ... ဒါပေမဲ့ ငါတို့က သူ့ကို တကယ်ပဲ မဖမ်းနိုင်ခဲ့တာလို့ မင်း ထင်နေသလား"
ဝမ်ကျစ်ယွမ်က ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် "ဘယ်ဟုတ်ပါ့မလဲဗျာ... အဲ့ဒီ ရှန်တိ ဘယ်လောက်ပဲ စွမ်းစွမ်း သူ့လက်အောက်မှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းထားတဲ့ အစွမ်းထက်သူ ဘယ်နှယောက်များ ရှိလို့လဲ... တကယ်တမ်းသာ လုပ်မယ်ဆိုရင် ဗိုလ်ချုပ်ဟုန် လူတွေလောက်နဲ့တင် သူ့ကို အလွယ်လေး ဖြိုချနိုင်တာကို"
"ဒါဆိုရင် ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့ ဘာလို့ ရှုံးနိမ့်ခဲ့ရသလဲ ဆိုတာ မင်း ပြောကြည့်ပါဦး"
"ဘာလို့ရမှာလဲ... ကျန်းဝမ်ပင်းနဲ့ လုယွမ်ဆန်း ဆိုတဲ့ ခွေးကောင်နှစ်ကောင်က အရေးကြီးတဲ့ အချိန်ကျမှ နောက်ဆုတ်သွားလို့ပေါ့... သေချင်တဲ့ကောင်တွေ"
ဟုန်ထျန်ရီက အနည်းငယ် ပြုံးလိုက်ပြီး "ဟုတ်တာပေါ့... အရေးကြီးတဲ့ အချိန်ကျရင် အမြဲတမ်း ခြေပုန်းခုတ်တဲ့သူတွေ ရှိနေတတ်တယ်"
"ငါတို့က မဟာမိတ်အဖွဲ့တွေ ဖြစ်နေလျက်နဲ့ အမြဲတမ်း နောက်ကျောကို ဓားနဲ့ထိုးချင်နေတဲ့ လူတွေ ရှိနေကြတာပဲ"
"အဲ့ဒီလိုသာ မဟုတ်ရင် ကျင်းကျိုးစစ်တပ်က ဒီနှစ်တွေအတွင်း အနီးအနားက မြို့နယ်အားလုံးကို အလွယ်တကူ သိမ်းပိုက်ပြီးလောက်ပြီပေါ့"
"ဒါကြောင့် ဒီတစ်ခေါက် တောင်နဲ့မြောက် ပူးပေါင်းပြီး နတ်ဘုရားနိုင်ငံတော်ကို ဝိုင်းတိုက်မယ်ဆိုရင်တောင်မှ အမှားအယွင်းတွေ ထပ်ဖြစ်လာနိုင်မလားလို့ မင်းကို မေးရတာပဲ"
"ဒါကတော့..." ဝမ်ကျစ်ယွမ်က မျက်မှောင်ကြုတ်သွားပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။ "ဗိုလ်ချုပ်ဟုန်... ခင်ဗျားမှာ ဘာအကြံကောင်းတွေများ ရှိနေလို့လဲ"
"ကျန်းဝမ်ပင်းနဲ့ လုယွမ်ဆန်း တို့နှစ်ယောက်က ခွေးရူးနဲ့ ဝက်ရူးလို ပေါင်းနေကြတာ... အစကတည်းက ခင်ဗျားရဲ့ အမိန့်ကို သိပ်နာခံတဲ့သူတွေ မဟုတ်ဘူး... အဲ့ဒါ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ"
ဟုန်ထျန်ရီက တည်ငြိမ်သောအသံဖြင့် "အရင်တုန်းက အပြင်ရန်ကို မနှိမ်နင်းခင် အတွင်းရန်ကို အရင်ရှင်းရမယ်လို့ မင်း အမြဲ ပြောခဲ့တယ်လေ... ငါက အခြေအနေ တစ်ရပ်လုံးကို ထည့်တွက်ပြီး စစ်တပ်အတွင်းမှာ ကမောက်ကမတွေ မဖြစ်စေချင်လို့ ငြိမ်နေခဲ့တာ... ဒါပေမဲ့ ပြီးခဲ့တဲ့ နတ်ဘုရားနိုင်ငံတော်နဲ့ တိုက်ပွဲအပြီးမှာ ငါလည်း သဘောပေါက်သွားပြီ"
"တကယ်လို့ ငါတို့ အချင်းချင်းကြားမှာ စည်းလုံးညီညွတ်မှု မရှိဘူးဆိုရင် ဘာကိစ္စလုပ်လုပ် လက်တွန့်နေရမှာပဲ... ဒီလိုဖြစ်နေမယ့်အစား မင်းပြောသလို အတွင်းရန်ကို အရင် ရှင်းပစ်လိုက်တာက ပိုကောင်းလိမ့်မယ်"
ဝမ်ကျစ်ယွမ်က ရုတ်တရက် ခေါင်းမော့လာပြီး မျက်နှာပေါ်တွင် အလွန် ဝမ်းသာအံ့သြသွားသည့် အရိပ်အယောင်များ ပေါ်လာသည်။ "ဗိုလ်ချုပ်ဟုန်... ခင်ဗျား သဘောပေါက်သွားပြီပေါ့"
ဟုန်ထျန်ရီက အနည်းငယ် ပြုံးလိုက်ပြီး "အခု မင်းကို ခေါ်လိုက်တာလည်း အဲ့ဒီကိစ္စအတွက် တိုင်ပင်ချင်လို့ပဲ"
"ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်ဗျာ... ကျွန်တော် လုံးဝ ထောက်ခံတယ်... တိုင်ပင်နေစရာတောင် မလိုဘူး... ကျန်းဝမ်ပင်းနဲ့ လုယွမ်ဆန်းကို မျက်မုန်းကျိုးနေတာ ကြာလှပြီ"
ဝမ်ကျစ်ယွမ်က စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ပြောလိုက်လေသည်။
ဆက်ရန်...