အခန်း ၉၅၇
Vol. 48 Ch. 957
အပိုင်း(၉၅၇) ထောင်ချောက်ဆင်ခြင်း
အရိုးစာချုပ် ချုပ်ဆိုသည့် လုပ်ငန်းစဉ်က အလွန်ရိုးရှင်းလှသည်။ သို့သော်လည်း သူတို့က ကန့်သတ်ချက် စည်းကမ်းချက် အတော်များများကို ထပ်မံထည့်သွင်းခဲ့ကြပြီးနောက်မှသာ အပြီးတိုင် သဘောတူညီမှု ရရှိသွားခဲ့ကြသည်။
လူသုံးယောက် အရိုးစာချုပ် ချုပ်ဆိုပြီးသွားချိန်တွင်တော့ အခန်းတွင်းရှိ လေထုက ချက်ချင်းပင် သိသိသာသာ ပြေလျော့သွားတော့သည်။
ဝမ်ကျစ်ယွမ်ပင် သက်ပြင်းတစ်ချက် ချလိုက်မိပြီး ပေါ့ပါးလွတ်လပ်စွာ ဟားတိုက်ရယ်မောလိုက်သည်။
"ဗိုလ်ချုပ်ဟော်... ခင်ဗျား ကျွန်တော်တို့နဲ့ ပူးပေါင်းလာတာ အကောင်းဆုံးပါပဲ"
"ကျွန်တော်တို့ သုံးဖွဲ့ ပူးပေါင်းလိုက်ပြီဆိုတော့ နောက်ဆက်တွဲ လုယွမ်ဆန်းနဲ့ ကျန်းဝမ်ပင်တို့ကို ရင်ဆိုင်ဖို့က သိပ်ကို လွယ်ကူသွားပါပြီ"
"အော်... ဗိုလ်ချုပ်ဝမ်မှာ အကြံကောင်းတွေများ ရှိနေလို့လား" ဟု ဟော်ကျန့်ကျွင်းက မေးလိုက်သည်။
ဝမ်ကျစ်ယွမ်က နှုတ်ခမ်းတစ်ဖက် တွန့်ကွေးသွားကာ ပြုံးလိုက်ပြီး "ကျွန်တော့်မှာ အင်မတန် သေချာတဲ့ အကြံတစ်ခု ရှိတယ်"
"ဗိုလ်ချုပ်ဟုန် အနေနဲ့ ထင်းကော်ကျွန်းပေါ်မှာ ကျွန်တော်တို့ အားလုံးကို ထပ်ပြီး အစည်းအဝေး ခေါ်ပေးဖို့ပဲ လိုတယ်... တောင်ပိုင်းက ခိုက်ရီနည်းပညာကုမ္ပဏီကို ဗိုလ်ချုပ်ဟော်က သိမ်းပိုက်လိုက်ပြီ... အခု ဒုတိယအကြိမ် စစ်ပွဲစတင်ပြီး တောင်ပိုင်းကနေ ခိုက်ရီနည်းပညာကုမ္ပဏီရဲ့ အကူအညီနဲ့ နတ်ဘုရားနိုင်ငံတော်ကို တစ်ပြိုင်နက်တည်း သိမ်းပိုက်မယ်လို့ အကြောင်းပြလိုက်ရုံပဲ"
"ဒီအစည်းအဝေးကို အကြောင်းပြပြီး ကျန်းဝမ်ပင်နဲ့ လုယွမ်ဆန်းတို့ လူစုကို ထင်းကော်ကျွန်းပေါ် လှည့်စားခေါ်ဆောင်လာလို့ ရပြီပေါ့"
"အဲဒီအချိန်ရောက်ရင် ထင်းကော်ကျွန်းပေါ်မှာ စွမ်းအင်ချိတ်ပိတ်အစီအရင်ကို ကြိုတင်ပြင်ဆင်ထားလိုက်မယ်... ဒါဆိုရင် ကျွန်တော်တို့ သုံးယောက်ပေါင်းပြီး တိုက်ခိုက်လိုက်တာနဲ့ ကျန်းဝမ်ပင်နဲ့ လုယွမ်ဆန်းတို့ နှစ်ယောက်စလုံးကို အသေအချာ ဖမ်းမိနိုင်ပြီလေ... ဘယ်လိုလဲ"
ဟုန်ထျန်ရီနှင့် ဟော်ကျန့်ကျွင်းတို့ တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ပြုံးလိုက်ကြသည်။
ဤအစီအစဉ်က သူတို့ ယခင်က ကြိုတင်ရေးဆွဲထားသည့် အစီအစဉ်နှင့် အတော်လေး ဆင်တူနေသည်။
မူလက သူတို့သည် ဝမ်ကျစ်ယွမ်ကို ဖမ်းဆီးပြီးနောက် ဤအစီအစဉ်အတိုင်း အကောင်အထည်ဖော်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
ယခုမူ ထိုအစီအစဉ်ကို ဝမ်ကျစ်ယွမ် ကိုယ်တိုင်က ထုတ်ဖော်ပြောဆိုလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ဤသည်က သူတို့ကိုယ်တိုင် နှုတ်ဟပြောဆိုရမည့် အလုပ်ကို သက်သာသွားစေသည်။
ဟော်ကျန့်ကျွင်းက ခေါင်းညိတ်လိုက်ပြီး "ဒီအစီအစဉ် မဆိုးဘူးလို့ ကျွန်တော် ထင်တယ်"
ဟုန်ထျန်ရီကလည်း ချက်ချင်းပင် သဘောတူလိုက်ပြီး "ကောင်းပြီ... ဒါဆိုလည်း ဒီအစီအစဉ်အတိုင်းပဲ ဆက်လုပ်ကြတာပေါ့... အခု ကျွန်တော်တို့ သုံးဖွဲ့ လမ်းခွဲကြမယ်... မှတ်ထားရမှာက ဘယ်သူမှ ရိပ်မိမသွားအောင် ခြေရာလက်ရာ ဖျောက်ထားကြရမယ်"
"အချိန်ကျလာရင် ထင်းကော်ကျွန်းမှာ အစည်းအဝေးလုပ်ဖို့ ကျွန်တော် တရားဝင် ကြေညာလိုက်မယ်... ခင်ဗျားတို့က ဟန်လုပ်ပြီး သရုပ်ဆောင်ပေးရမယ်... လုယွမ်ဆန်းနဲ့ ကျန်းဝမ်ပင်တို့က ဒါကို သာမန် အစည်းအဝေးတစ်ခုလို့ ယုံကြည်သွားအောင် လုပ်ရမယ်"
"ဟားဟား... စိတ်ချပါ... သူတို့ ဘာသံသယမှ မဝင်သွားစေရဘူး" ဝမ်ကျစ်ယွမ်က စိတ်လှုပ်ရှားစွာဖြင့် ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။
ထို့နောက် သူတို့အားလုံး အသေးစိတ် အစီအစဉ်များကို တိုင်ပင်ဆွေးနွေးလိုက်ကြပြီး ချက်ချင်းပင် လူစုခွဲလိုက်ကြသည်။
ဝမ်ကျစ်ယွမ် ထွက်ခွာသွားပြီးနောက် ဟုန်ထျန်ရီက လမ်းခုလတ်မှ လှည့်ပြန်လာခဲ့ပြီး ဟော်ကျန့်ကျွင်းနှင့် ပြန်လည် ဆုံတွေ့ခဲ့သည်။
ထိုအချိန်တွင် ဟော်ကျန့်ကျွင်းနှင့် လင်းယွမ်တို့ လူစုသည် အစည်းအဝေးခန်းမအတွင်း၌ ကိစ္စရပ်များကို တိုင်ပင်ဆွေးနွေးနေကြပြီ ဖြစ်သည်။
ဟုန်ထျန်ရီက အထဲသို့ ဝင်လာပြီး "ဆရာလင်း... ဝမ်ကျစ်ယွမ်ကို ဘာလို့ တိုက်ရိုက် လက်အောက်ခံအဖြစ် မသိမ်းသွင်းလိုက်တာလဲ... အခု သူက ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး အရိုးစာချုပ် ချုပ်ဆိုခဲ့တယ် ဆိုပေမယ့် ဒီလူ့လုပ်ရပ်တွေက အရမ်း လောလွန်းတယ်... အရေးကြီးတဲ့ အချိန်ကျမှ အလွဲအချော်တွေ ဖြစ်လာမှာ စိုးရိမ်ရတယ်"
လင်းယွမ်က ပြုံးလိုက်ပြီး "တပ်ဖွဲ့တစ်ခုရဲ့ ခေါင်းဆောင် ဖြစ်လာနိုင်တဲ့သူက ဒီလောက်တော့ အရည်အချင်း မညံ့နိုင်ပါဘူး... ခုနက သူ့ပုံစံက လောလောဆယ်ဆယ် ဖြစ်နေတယ်လို့ ခင်ဗျား ထင်နေတာလား"
"ဆရာ့သဘောက..." ဟုန်ထျန်ရီ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး တစ်စုံတစ်ခုကို ရိပ်မိသွားပုံရသည်။
လင်းယွမ်က ဆက်ပြောလိုက်သည်။ "ခုနက လောလောလောလော လုပ်ပြတာက သူ တမင်သက်သက် ဟန်ဆောင်တာ ဖြစ်နိုင်တယ်... တကယ်တော့ သူက အခွင့်အရေး ပိုရဖို့ ကြိုးစားနေတာ... ခင်ဗျားရဲ့ တုံ့ပြန်မှုကို စမ်းသပ်ချင်နေတာပဲ"
"နောက်တစ်ချက်က... ဗိုလ်ချုပ်ဟော် ခင်ဗျားတို့ မဟာမိတ်အဖွဲ့ထဲ ဝင်လာမယ့်ကိစ္စကို ဖျက်ဆီးပစ်ဖို့ သူ့မှာ အကြံအစည် မရှိဘူးလို့ ပြောလို့မရဘူး"
ဟုန်ထျန်ရီ ကြောင်သွားသည်။ ဝမ်ကျစ်ယွမ်က အခွင့်အရေး ပိုရရန်နှင့် သူ၏ တုံ့ပြန်မှုကို စမ်းသပ်ရန် ကြိုးစားနေသည် ဆိုသည့်အချက်ကို သူ နားလည်နိုင်သည်။
သို့သော် ဟော်ကျန့်ကျွင်း မဟာမိတ်အဖွဲ့ထဲ ဝင်လာမည်ကို ဖျက်ဆီးပစ်ရန် ကြိုးစားသည် ဆိုသည်ကိုတော့ သူ နားမလည်နိုင်ပေ။
"ဆရာလင်း... ဒီလိုလုပ်တာက သူ့အတွက် ဘာအကျိုးရှိမှာမို့လို့လဲ"
"ကျွန်တော်တို့ မဟာမိတ်အဖွဲ့ ပိုအားကောင်းလာတာက ပိုကောင်းတာ မဟုတ်ဘူးလား"
လင်းယွမ်က ပြုံးလျက် "ဗိုလ်ချုပ်ဟော်က မဟာမိတ်အဖွဲ့ထဲ ဝင်လာလို့ ဝမ်ကျစ်ယွမ်အတွက် ဘာအကျိုးရှိမှာလဲ... သူ့ရဲ့ အာဏာကို နောက်တစ်ဖုံ ခွဲဝေပေးလိုက်ရုံပဲ ရှိမှာပေါ့"
"ဒါပေမဲ့ ခုနကသာ ဗိုလ်ချုပ်ဟော်က ခင်ဗျားတို့နဲ့ မပူးပေါင်းဘူးဆိုရင် ဝမ်ကျစ်ယွမ်က ဗိုလ်ချုပ်ဟော်ကို ဖမ်းဖို့ ခင်ဗျားကို သေချာပေါက် မြှောက်ပင့်ပေးလိမ့်မယ်"
"အဲဒီလိုသာဆိုရင် ခင်ဗျားအနေနဲ့ သူ့ကိုပဲ အားကိုးပြီး လှုပ်ရှားရတော့မယ်လေ... သူ့ရဲ့ အရေးပါမှုက ဘယ်သူနဲ့မှ အစားထိုးလို့ မရတော့ဘူးပေါ့"
ထိုစကားကို ကြားလိုက်ရသောအခါ ဟုန်ထျန်ရီနှင့် ဟော်ကျန့်ကျွင်းတို့လည်း ချက်ချင်း သဘောပေါက်သွားကြသည်။
ဟော်ကျန့်ကျွင်းက မနေနိုင်ဘဲ သက်ပြင်းချကာ "ဝမ်ကျစ်ယွမ်က တော်တော် ပါးနပ်တာပဲ... သူ့မှာ ဒီလို ရည်ရွယ်ချက်မျိုး ရှိနေမယ်လို့ ထင်တောင် မထင်ထားမိဘူး"
ဟုန်ထျန်ရီကလည်း သက်ပြင်းချလိုက်သည်။ "ကျွန်တော်တို့ သူ့ကို အထင်သေးမိသွားတယ်... အခုလို နေရာမျိုးအထိ တက်လာနိုင်တာက ကံကောင်းလို့ မဟုတ်ဘူးဆိုတာ သေချာတယ်... သူ့ရဲ့ စွမ်းရည်နဲ့ ဉာဏ်ပညာက ကျွန်တော်တို့ထက် မနိမ့်ကျဘူး"
ဟော်ကျန့်ကျွင်းက ပြုံးလိုက်ပြီး "နှမြောစရာပဲ... နောက်ဆုံးတော့လည်း သူက ကျွန်တော်တို့ ဆင်ထားတဲ့ ထောင်ချောက်ထဲကို ဝင်လာခဲ့တာပါပဲ... ဆရာလင်းရဲ့ အကွက်ချမှုက ပိုပြီး အဆင့်မြင့်သွားတာပေါ့"
ဟုန်ထျန်ရီကလည်း ပြုံးကာ "မှန်ပါတယ်... ဆရာလင်းကမှ တကယ့် အတော်ဆုံးပါပဲ"
ထိုနှစ်ယောက်သည် တစ်ယောက်တစ်ပေါက်ဖြင့် လင်းယွမ်အား ချီးကျူးထောပနာ ပြုနေကြတော့သည်။
လင်းယွမ်မှာ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားပြီး "ရပါပြီ... ရပါပြီ... ကျွန်တော့်ကို အမွှန်းတင်မနေကြပါနဲ့တော့... မနက်ဖြန် လှုပ်ရှားမယ့် ကိစ္စကိုပဲ ဆက်ဆွေးနွေးကြတာပေါ့"
"ဗိုလ်ချုပ်ဟုန်... ထင်းကော်ကျွန်းက စွမ်းအင်ချိတ်ပိတ်အစီအရင် ပြင်ဆင်တာ ဘယ်လိုအခြေအနေ ရှိပြီလဲ"
ဟုန်ထျန်ရီက အလျင်အမြန်ပင် "ဒီနေ့ ကျွန်တော် ပြန်ရောက်ရောက်ချင်းပဲ လူတွေကို စတင် ပြင်ဆင်ခိုင်းထားပါတယ်... အခုအချိန်လောက်ဆို အားလုံး အဆင်သင့် ဖြစ်လောက်ပါပြီ"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ဒါဆို ညအချိန်ကို အခွင့်ကောင်းယူပြီး လူအင်အားတွေ စတင် ရွှေ့ပြောင်းကြတာပေါ့"
"ဗိုလ်ချုပ်ဟော်... ခင်ဗျားရဲ့ လူတွေကိုတော့ လောလောဆယ် မလှုပ်ရှားသေးနဲ့ဦး... မနက်ဖြန် မိုးလင်းမှ လုယွမ်ဆန်း... ကျန်းဝမ်ပင်တို့နဲ့ အတူတူ ထင်းကော်ကျွန်းကို လာခဲ့လိုက်... အရင်ကလိုပဲ သတိကြီးကြီးထားနေတဲ့ ပုံစံမျိုးကို ဆက်ထိန်းထား... လုယွမ်ဆန်းတို့ သံသယ ဝင်သွားအောင် မလုပ်မိစေနဲ့"
ဟော်ကျန့်ကျွင်းက ခေါင်းညိတ်လိုက်သည်။ "နားလည်ပါပြီ"
"ကျွန်တော့်ဘက်က လူတွေကိုတော့ ထင်းကော်ကျွန်းကို အရင် ရွှေ့ပြောင်းထားလိုက်မယ်"
ဟုန်ထျန်ရီက ခေါင်းညိတ်ပြီး "ကျွန်တော် စီစဉ်လိုက်ပါ့မယ်"
ထို့နောက် သူတို့အားလုံး လှုပ်ရှားရမည့်အချိန်အတွက် စစ်ဆင်ရေး အသေးစိတ်များကို ထပ်မံ ဆွေးနွေးလိုက်ကြသည်။
ဟုန်ထျန်ရီက ပြောလိုက်သည်။ "အချိန်ကျရင် ဆရာလင်းက ကိုယ်တိုင် ဝင်တိုက်ခိုက်စရာ မလိုပါဘူး... ဘယ်ဘက်က အကူအညီ လိုအပ်နေလဲဆိုတာ ကြည့်ပြီး လိုအပ်တဲ့နေရာကို ကူညီပေးလိုက်ရုံနဲ့ လုံလောက်ပါတယ်"
"ကျွန်တော်နဲ့ ဝမ်ကျစ်ယွမ် ပူးပေါင်းပြီး ကျန်းဝမ်ပင်ကို တာဝန်ယူ ဖြေရှင်းမယ်"
"ဗိုလ်ချုပ်ဟော်... ခင်ဗျားနဲ့ ဂျိမ်းစ်တို့က လုယွမ်ဆန်းကို ဖြေရှင်းပေးဖို့ တာဝန်ယူပေးပါ... ဘယ်လိုလဲ"
ဟော်ကျန့်ကျွင်း၊ ဂျိမ်းစ်နှင့် ဝမ်လင်းအာ သုံးယောက်စလုံး ခေါင်းညိတ်လိုက်ကြသည်။
"ကျွန်တော်တို့ သဘောတူပါတယ်"
"ဗိုလ်ချုပ်ဟုန်... အဲဒီ နှစ်ယောက်ရဲ့ အချက်အလက်တွေကို ကျွန်မတို့ကို တစ်စုံလောက် ပေးလို့ရမလား" ဟု ဝမ်လင်းအာက မေးလိုက်သည်။
ဟုန်ထျန်ရီက ခေါင်းညိတ်ပြပြီး "ရတာပေါ့... အချက်အလက်တွေကို ကျွန်တော် စောစောကတည်းက ပြင်ဆင်ထားပါတယ်"
ထိုသို့ပြောရင်း သူက ကြိုတင် ပြင်ဆင်ထားသော စာရွက်စာတမ်းများကို ထုတ်ယူကာ ဝမ်လင်းအာတို့ထံသို့ ကမ်းပေးလိုက်သည်။
တစ်ပြိုင်နက်တည်းမှာပင် စာရွက်ပေါ်ရှိ အကြောင်းအရာများကိုပါ စတင် မိတ်ဆက် ရှင်းပြလေတော့သည်။
"ဒီစာရွက်တွေထဲမှာ အဓိက မှတ်တမ်းတင်ထားတာက လုယွမ်ဆန်းနဲ့ ကျန်းဝမ်ပင်တို့ နှစ်ယောက်ရဲ့ သန္ဓေပြောင်းအစွမ်းတွေ အကြောင်းပဲ"
"အဲဒီအထဲမှာ လုယွမ်ဆန်းက မီးဓာတ်အစွမ်းကို ပိုင်ဆိုင်ထားတယ်... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နှုန်းက ၇၆% အထိ ရောက်နေပြီ... သူ့ရဲ့ ဒေါသကြီးတဲ့ စရိုက်က မီးဓာတ်အစွမ်းနဲ့ အတော်လေး ကိုက်ညီနေတယ်"
"ကျန်းဝမ်ပင်ကတော့ ရေဓာတ်အစွမ်းကို ပိုင်ဆိုင်ထားပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နှုန်းက ၈၀% အထိ ရှိတယ်"
"သူတို့ နှစ်ယောက်ထဲမှာ ကျန်းဝမ်ပင်က ခေါင်းဆောင်နေရာမှာ ရှိတယ်... သူတို့ နှစ်ယောက်ထဲက တစ်ယောက်တည်းဆိုရင် ဘာမှ စိုးရိမ်စရာ မရှိပေမယ့်... သူတို့ နှစ်ယောက်ပေါင်းပြီး အဖွဲ့လိုက် တိုက်ခိုက်တဲ့နေရာမှာ အတော်လေး ကျွမ်းကျင်ကြတယ်"
"သူတို့ နှစ်ယောက်ရဲ့ အစွမ်းတွေက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အထောက်အကူ ပြုနိုင်ပြီး တစ်အပေါင်းတစ်က နှစ်ထက်တောင် ပိုပြီး ကြီးမားတဲ့ အစွမ်းအာနိသင်ကို ထုတ်ဖော်ပြသနိုင်တယ်"
"ပြီးတော့ သူတို့ရဲ့ လက်အောက်ငယ်သားတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေလည်း ပါသေးတယ်... အားလုံးပဲ လေ့လာကြည့်လို့ ရပါတယ်"
သူတို့အားလုံး အချက်အလက်များကို အလျင်အမြန် ဖတ်ရှုလေ့လာလိုက်ကြပြီး ရန်သူများ၏ အကြမ်းဖျင်း အခြေအနေကို နားလည်သဘောပေါက်သွားကြသည်။
ဟော်ကျန့်ကျွင်းက ပြောလိုက်သည်။ "တကယ်တော့ သိပ်ပြီး စိုးရိမ်နေစရာ မလိုပါဘူး... အချိန်ကျလို့ ကျွန်တော်တို့ဘက်က စွမ်းအင်ချိတ်ပိတ်အစီအရင်ကိုသာ ဖွင့်လိုက်မယ်ဆိုရင် ဒီလူတွေ အစွမ်းထုတ်သုံးဖို့ အခွင့်အရေး ရနိုင်မှာ မဟုတ်တော့ဘူး"
ဂျိမ်းစ်ကလည်း "အမှန်ပဲ... အဲဒီအချိန်ကျရင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်တွေအချင်းချင်း လက်နက်မဲ့ တိုက်ခိုက်ရတာမျိုးပဲ ဖြစ်လာမှာပါ"
ဝမ်လင်းအာက "ဒါဆိုရင် ကိစ္စက အများကြီး ရိုးရှင်းသွားပြီပေါ့" ဟု ဝင်ပြောသည်။
လူစုသည် အတန်ကြာအောင် ဆွေးနွေးတိုင်ပင်ခဲ့ကြပြီးနောက် မှောင်မိုက်သည့်အချိန်သို့ ရောက်ရှိလာသောအခါ လင်းယွမ်၊ ဂျိမ်းစ်၊ ဝမ်လင်းအာနှင့် အခြားသူများသည် ညအမှောင်ကို အကာအကွယ်ယူကာ ယာဉ်ပျံပေါ်သို့ တက်ရောက်ပြီး ထင်းကော်ကျွန်းဆီသို့ ဦးတည်ထွက်ခွာသွားကြတော့သည်။
ဆက်ရန်...