← Chapters

အခန်း ၄၃၁

Vol. 44 Ch. 431

အခန်း ၄၃၁

Vol. 44 Ch. 431

အခန်း (၄၃၁) - စီမာဟွေ့နန်၏ စိုးရိမ်ပူပန်မှုနှင့် ပြန်လည်ဆုံတွေ့ခြင်း

ပြင်းထန်သော ချီစွမ်းအင် ပေါက်ကွဲမှုအောက်တွင် ရက်ပေါင်းများစွာ တိုက်ခိုက်ခံထားရသည့် သံမဏိခံတပ်အစီအရင်မှာ လူအများ စိတ်ဝင်တစား ကြည့်ရှုနေစဉ်အတွင်းမှာပင် ရွှေရောင်အရည်များအဖြစ် စီးကျသွားသည်။

အစီအရင် ပျက်စီးသွားလေပြီ။

ချိုင့်ဝှမ်းအတွင်းရှိ ကျောက်စိမ်းနန်းဆောင်အတွင်း၌....။

ရှန်းကုန်းဂိုဏ်း အကြီးအကဲ၏ မျက်ဝန်းတွင် မျှော်လင့်ချက်မဲ့သည့် အရိပ်အယောင်များ ပေါ်လာသည်။

ဘုန်းး....

ဘုန်းး....

ဘုန်းး....

သူ့နံဘေးတွင် အစီအရင်ကို ဝိုင်းဝန်းထိန်းညှိပေးနေကြသော ချီသန့်စင်နှောင်းပိုင်းအဆင့် ကျင့်ကြံသူများသည် တစ်ပြိုင်နက်တည်း ခန္ဓာကိုယ် ပေါက်ကွဲ၍ သေဆုံးသွားကြသည်။ ရက်ပေါင်းများစွာ အစီအရင်ကို ထိန်းချုပ်ခဲ့ကြသဖြင့် သူတို့၏ အသက်သည် အစီအရင်နှင့် တစ်သားတည်း နှောင်ဖွဲ့မိနေခဲ့ပြီ ဖြစ်ရာ ယခု အစီအရင် ပျက်စီးသွားသောအခါ သူတို့ပါ အသက်ဆုံးရှုံးသွားရခြင်း ဖြစ်သည်။

အကြီးအကဲသည် ခါးသီးစွာ ရယ်မောလိုက်ရင်း

"ငါ့အလှည့်ရောက်ပြီ ထင်ပါရဲ့...."

သူသည် တံခါးဝတွင် ပေါ်လာသည့် ရင်းနှီးသော မျက်နှာကို ကြည့်ကာ သနားစရာကောင်းစွာ ရယ်မောလိုက်သည်။

"ဂိုဏ်းချုပ်.... နောက်ဆုံးအနေနဲ့...."

နောက်ဆုံး နှုတ်ဆက်စကားကို သူ မပြောလိုက်နိုင်တော့ပေ။ ကြောက်မက်ဖွယ်ကောင်းသော အစီအရင်၏ တန်ပြန်သက်ရောက်မှုဒဏ်ကြောင့် သူ၏ခန္ဓာကိုယ်သည် တစ်စက္ကန့်အတွင်း အပိုင်းပိုင်းအစစဖြစ်သွားရသည်။

ဘုန်းး....

သွေးမြူမှုန်များက နန်းဆောင်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

ဂိုဏ်းချုပ်ဖေးချန်းချူး၏ မျက်လုံးများ ပြူးကျယ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ စွမ်းအင်များ ပေါက်ကွဲထွက်မတတ် ဖြစ်လာသည်။ သူ လက်တစ်ချက် လှုပ်ရှားလိုက်ရာ ကြီးမားလှသော မီးပြင်းဖိုကြီးတစ်ခု သူ့ရှေ့တွင် ပေါ်ထွက်လာ၏။ သူသည် ထိုမီးပြင်းဖိုကြီးကို လက်တစ်ဖက်ဖြင့် ကိုင်စွဲလျက် ကောင်းကင်ထက်သို့ ပျံတက်သွားတော့သည်။

ဒေါသနှင့် နာကျည်းမှုတို့ကြောင့် တုန်ရင်နေသော အသံဖြင့် သူ အော်ဟစ်လိုက်သည်။

"လော့ချန်.... မင်း သေပေတော့…."

....

"မင်း ဘယ်လိုတောင် လုပ်ရဲရတာလဲ…."

"သတ္တိသိပ်ရှိနေတယ်ပေါ့…."

"ဒါ မသင့်တော်ဘူးလေ…."

လော့ချန်၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ကျိုးစုန်းတို့ သုံးဦး အငိုက်မိသွားကြသည်။ ပေတစ်ရာကျော် ရှည်လျားသော မီးနဂါးကြီးက အစီအရင်ကို ဖောက်ထွက်သွားချိန်တွင် ကျိုးစုန်းနှင့် လင်းယွီကျစ်တို့နှစ်ဦးစလုံး ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။

လော့ချန်သည် သူတို့၏ အော်ဟစ်သံများကို အေးစက်သော အကြည့်တစ်ချက်ဖြင့်သာ တုံ့ပြန်ခဲ့သည်။ သူ၏ နောက်တွင်မူ ကြီးမားလှသော အစီအရင်ကြီးသည် ဦးတည်ချက်ကို ရုတ်တရက် ပြောင်းလဲလိုက်ပြီ ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင် လှိုင်းလုံးကြီးသည် အန္တရာယ်ရှိသော အရှိန်အဝါဖြင့် စတင် စုစည်းလာနေပြီ ဖြစ်သည်။

"အဲ့ဒီက မိတ်ဆွေသုံးယောက်...."

မင်လုံယွီ၏ အသံသည် စစ်တလင်းတစ်ခုလုံး ဟိန်းထွက်လျက် ထွက်ပေါ်လာသည်။

"ကျုပ်ရဲ့ ဒီအစီအရင်မှာ နဝမမြောက် တိုက်ကွက် ကျန်သေးတယ်နော်၊ သေချာ စဉ်းစားပြီးမှ လှုပ်ရှားကြ"

မင်လုံယွီ၏ အသံသည် ကျယ်လောင်သော ခေါင်းလောင်းသံကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။ သူ စကားပြောနေစဉ်မှာပင် အစီအရင်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများမှာ အခြေခံတည်အဆင့် (၉) သို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်လာသည်။ ထိုအရှိန်အဝါမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

ကျိုးစုန်းနှင့် လော့ဖုန်းတို့၏ မျက်နှာထားများ ပျက်ယွင်းသွားကြပြီး မာနကြီးလှသော လင်းယွီကျစ်ပင်လျှင် မျက်နှာဖြူဖျော့သွားရသည်။

ထိုအချိန်တွင် ချိုင့်ဝှမ်းအတွင်းမှ ဖေးချန်းချူး၏ ဒေါသတကြီး အော်သံ ပေါက်ကွဲထွက်လာသည်။

"လော့ချန်.... မင်း သေပေတော့…."

လော့ချန် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။ ဆယ်မိုင်အကွာတွင် ဖေးချန်းချူးသည် ကြီးမားလှသော မီးပြင်းဖိုကြီးကို လက်တစ်ဖက်ဖြင့် ကိုင်ကာ တားမနိုင်ဆီးမရ အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေသည်။

လော့ချန်၏ မျက်နှာထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

"ဟက်…. အချိန်ကိုက်ပဲ"

လော့ချန် သူ့နောက်ရှိ လူသုံးယောက်ကို လှည့်ပင်မကြည့်တော့ဘဲ ဖေးချန်းချူးရှိရာသို့ လျှပ်စီးအလား တိုးဝင်သွားတော့သည်။ လမ်းတွင် မီးနဂါး နဝမမြောက်တိုက်ကွက် အစီအရင်ကို ဖြတ်ကျော်စဉ် တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်သကဲ့သို့ သူ လုပ်ဆောင်လိုက်သည်။

နောက်တစ်ခဏတွင် ရွှေမီးဓားသည် အော်မြည်သံနှင့်အတူ မီးကြယ်တံခွန်ကဲ့သို့ အရှိန်ပြင်းစွာဖြင့် လော့ချန် နောက်မှ လိုက်ပါသွားသည်။ လေထုမှာ အလွန်အမင်း ပုံပျက်သွားပြီး ထိုမီးကြယ်တံခွန်၏ အပူဒဏ်ကြောင့် လောင်ကျွမ်းတော့မည့်အလား ဖြစ်လာသည်။

"သွားစမ်း"

လော့ချန် လက်ကို ဓားကဲ့သို့ ညွှန်လိုက်ရာ မီးကြယ်တံခွန်မှာ ချက်ချင်းပင် ရှေ့သို့ ရောက်သွားသည်။

ဝူးး....

ဖေးချန်းချူး ထိုမီးပြင်းဖိုကြီးကို အားကုန် လွှဲပစ်လိုက်သည်။ ထိုတိုက်ခိုက်မှုတွင် သူ ဘာမျှ မချန်ထားခဲ့ပေ။ အခြေတည်အဆင့် ၄ ရှိသော သူ၏ စွမ်းအားဖြင့် နေမီးလျှံမီးပြင်းဖိုကြီး၏ စွမ်းအားကို အလုံးစုံ ထုတ်သုံးလိုက်သည်။ သူ လော့ချန်အား မသတ်နိုင်လျှင်ပင် အနည်းဆုံး နှစ်ဦးစလုံး ဒဏ်ရာရသွားအောင် လုပ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ထိုကဲ့သို့ ဖြစ်လာပါက အပြင်မှ စောင့်ကြည့်နေသော သုံးဦးမှာ ငြိမ်ကြည့်မနေနိုင်တော့ဘဲ ပါဝင်လာပေလိမ့်မည်။ ထိုအခါမှသာ သူ အသက်ရှင်နိုင်မည့် အခွင့်အရေး ရှိမည်ဖြစ်သည်။

သို့သော်လည်း မီးကြယ်တံခွန်နှင့် မီးပြင်းဖိုကြီးတို့ တိုက်မိတော့မည့်ဆဲဆဲတွင် မီးကြယ်တံခွန်သည် ထူးဆန်းသော လမ်းကြောင်းအတိုင်း ကွေ့ဝိုက်သွားကာ မီးပြင်းဖိုကြီးကို ရှောင်ကွင်းသွားခဲ့သည်။ ဖေးချန်းချူး၏ ကြောက်လန့်တကြား ဖြစ်နေသော အကြည့်များအောက်တွင် သူ၏ ရင်ဘတ်ကို ဓားတစ်လက် ဖောက်ဝင်သွားခဲ့လေပြီ။

ဖေးချန်းချူးမှာ သူ၏ အားကုန်ထုတ်သုံးမှုကြောင့် အားနည်းချက်မှာ ပို၍ ထင်ရှားလာခဲ့သည်။ နှစ်ဦးစလုံးမှာ အဆင့်တူ ဖြစ်သော်လည်း ဖေးချန်းချူးသည် နှစ်ပေါင်းများစွာ အေးချမ်းစွာ နေထိုင်ခဲ့ရသဖြင့် တိုက်ပွဲနှင့် ကင်းကွာနေခဲ့သည်။ လော့ချန်ကမူ တိုက်ပွဲပေါင်းစုံမှတစ်ဆင့် အထက်သို့ တက်လှမ်းလာသူ ဖြစ်သည်။

ထိုမျှသာမက ယခုအခါ ရွှေမီးဓားသည် ယခင်ကထက် များစွာ ပို၍ အစွမ်းထက်နေသည်။ ၎င်း၏ မီးဓာတ်ချီစွမ်းအင်များသည် ပေါက်ကွဲထွက်လာပြီး ဖေးချန်းချူး၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်တော့သည်။ ဖေးချန်းချူးတစ်ယောက် မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ရှေ့သို့ လှမ်းကြည့်လိုက်မိသည်။

"သူလည်း ဒဏ်ရာရမှာပါ…. ဟုတ်တယ်မလား"

သူ့အကြည့်အောက်တွင် လော့ချန်နှင့် ဝမ်ယွမ်တို့ နှစ်ဦး ပူးပေါင်းကာ သန်မာသော ကိုယ်ခန္ဓာနှင့် စွမ်းအားတို့ဖြင့် ထိုနောက်ဆုံးတိုက်ကွက်ကို ခုခံလိုက်သည်။ သူတို့နှစ်ဦး၏ နောက်တွင်မူ ကျိုးစုန်းတို့ သုံးဦးမှာ ဘာမှ မဖြစ်သလို ခပ်အေးအေး ကြည့်နေကြသည်။

“မင်းတို့ကောင်တွေ....”

ဘုန်းး....

မီးကြယ်တံခွန်မှာ ကျောက်စိမ်းနန်းဆောင်၏ ဆိုင်းဘုတ်တွင် စိုက်ဝင်သွားပြီး ရင်ဘတ်ကို ဖောက်ထွင်းခံထားရသော ဖေးချန်းချူးမှာလည်း မကျွတ်မလွတ်နိုင်သော မျက်လုံးများဖြင့် အသက်ပျောက်သွားသည်။

လော့ချန် သက်ပြင်းတစ်ချက် ချလိုက်ပြီး မီးဖိုကြီးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ဝမ်ယွမ်က သူ့အား စိုးရိမ်တကြီး ကြည့်လိုက်၏။ သူတို့နှစ်ဦးစလုံး ထိုတိုက်ခိုက်မှုကို အတူတူ ခုခံခဲ့ကြသော်လည်း သူ့တွင် စွမ်းအားများကို လွှဲဖယ်ပစ်နိုင်သည့် နည်းလမ်း ရှိသည်။ လော့ချန်ကမူ ထိုစွမ်းအားကို တိုက်ရိုက် ကြံ့ကြံ့ခံခဲ့ရခြင်း ဖြစ်သည်။

"မင်း ထိခိုက်သွားသေးလား…."

လော့ချန် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"ရှန်ကုန်းဂိုဏ်းရဲ့ ကျန်တဲ့ကိစ္စတွေကိုတော့ အစ်ကိုပဲ အဆုံးသတ်ပေးပါတော့"

သူသည် ဝမ်ယွမ်၏ အဖြေကိုပင် မစောင့်တော့ဘဲ ကောင်းကင်ထက်သို့ ပျံတက်သွားကာ ကျိုးစုန်းတို့သုံးဦးရှိရာသို့ ဦးတည်ပျံသန်းသွားတော့သည်။ ရွှေမီးဓားသည်လည်း သူ့နောက်မှ တပ်ကြပ်မကွာ လိုက်ပါသွား၏။

ထိုသို့သော မှော်ရတနာကို လွယ်ကူချောမွေ့စွာ ထိန်းချုပ်နိုင်စွမ်းရှိသည့် လော့ချန်၏ အစွမ်းကို မြင်လိုက်ရသည့်အခါ ကျိုးစုန်း လုံးဝ တုန်လှုပ်သွားခဲ့ရသည်။

‘ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူက အလယ်ပိုင်းအဆင့်ပဲ ရှိသေးတာကို.... ဘယ်လိုလုပ်ပြီး မှော်ရတနာကို ဒီလောက် လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်ရတာလဲ၊ သူ ဒါကို ဘယ်လောက်တောင် နက်နက်ရှိုင်းရှိုင်း သန့်စင်ထားလို့လဲ’

ထိုသို့ တွေးတောနေသူမှာ ကျိုးစုန်း တစ်ဦးတည်း မဟုတ်ပေ။ လော့ဖုန်းလည်း မျက်နှာပျက်နေသည်။ လော့ချန် ရှေ့သို့ တိုးလာသည်နှင့်အမျှ လင်းယွီကျစ်၏ မျက်နှာမှာ ဖြူဖျော့သွားပြီး နောက်သို့ အလိုလို ဆုတ်မိသွားသည်။

လော့ချန် ထိုသုံးဦး၏ ရှေ့သို့ ရောက်လာသောအခါ အခြေအနေမှာ ယခင်နှင့်မတူတော့ဘဲ လုံးဝ ပြောင်းလဲသွားပြီဖြစ်သည်။ သူတို့နှင့် အပေးအယူ လုပ်မည့်သူမှာ သေဆုံးသွားပြီ ဖြစ်သည်။

"ခင်ဗျားတို့ သုံးယောက် ပြန်ကြပါတော့”

လော့ချန်က တည်ငြိမ်လွန်းလှသော လေသံဖြင့် ပြောလိုက်သည်။ ဖေးချန်းချူးကို သတ်လိုက်ခြင်းမှာ ပိုးကောင်တစ်ကောင်ကို နင်းသတ်လိုက်သကဲ့သို့ပင်။ လော့ဖုန်းသည် ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးမှ တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလျက် ဘာစကားမျှ မဆိုတော့ဘဲ ချက်ချင်း ထွက်ခွာသွားတော့သည်။ လင်းယွီကျစ်မှာမူ လော့ချန်ကို မကျေနပ်စွာ စိုက်ကြည့်ပြီးမှ ထွက်ခွာသွားသည်။

ကျိုးစုန်းကမူ ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်ရင်း

"တကယ်ကို မီးနတ်ဘုရားလော့ ပီသပါပေတယ်.... ဒီလို လျှပ်စီးလို မြန်ဆန်တဲ့ နည်းလမ်းတွေက ကျုပ်လို အဘိုးကြီးကို တကယ်ပဲ မျက်စိပွင့်စေခဲ့ပါတယ်"

လော့ချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ရင်း

"မိတ်ဆွေကျိုးရဲ့ ဓားပညာနဲ့ ယှဉ်ရင် ကျွန်တော့်အစွမ်းက ဘာမှမဟုတ်ပါဘူး"

"ဟာ.... မဟုတ်တာ၊ မဟုတ်တာ...."

ကျိုးစုန်းက နှိမ့်ချစွာ ပြန်ပြောလိုက်သည်။

"ကျင့်ကြံသူတိုင်းက ချီစွမ်းအင်ကို သုံးပြီး ဓားကို ထိန်းချုပ်ကြတာပဲလေ၊ ကျုပ်ကတော့ တခြားလူတွေထက် နည်းနည်းလေး ပိုပြီး နက်နက်ရှိုင်းရှိုင်း လေ့လာထားရုံပါပဲ"

လော့ချန် ထပ်မံ၍ မတုံ့ပြန်တော့ဘဲ ထိုသူအား တိတ်ဆိတ်စွာသာ စိုက်ကြည့်နေခဲ့သည်။

ကျိုးစုန်းသည် အောက်ဘက်ရှိ ချီစွမ်းအင်များ ပြည့်နှက်လျက် မြည်ဟီးနေဆဲဖြစ်သော အစီအရင်ကြီးကို လှမ်းကြည့်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။

‘ကဲ.... အခြေအနေက ဒီလိုဖြစ်သွားပြီပဲ၊ ငါ ဘာလုပ်နိုင်ဦးမှာလဲ....’

သူ မထွက်ခွာမီ စိတ်မထိန်းနိုင်ဘဲ မေးမြန်းလိုက်သည်။

"မီးနတ်ဘုရားလော့.... ဟို သတ္တုတွင်း ကိစ္စကကော...."

"ဒီက ကိစ္စတွေ အားလုံး ပြီးပြတ်သွားတဲ့အခါမှပဲ ဆွေးနွေးကြတာပေါ့"

လော့ချန်က အလိုက်သင့်လေး ပြန်ဖြေလိုက်သည်။ ကျိုးစုန်းသည် ယခင်က သူ့ကို ဆန့်ကျင်ခဲ့သော်လည်း ထိုသို့လုပ်ရခြင်းမှာ ဖေးချန်းချူးနှင့် အပေးအယူကြောင့်သာ ဖြစ်ပေသည်။ ယခုအခါ အခြေအနေ ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ ရန်မဖွဲ့ခြင်းမှာ အကောင်းဆုံးပင်။ မည်သို့ပင်ဖြစ်စေ ကျိုးစုန်းသည် အခြေတည်နှောင်းပိုင်းအဆင့် ရှိသော ကျင့်ကြံသူကြီးတစ်ဦး ဖြစ်နေသည် မဟုတ်လော။

တစ်ဖက်ရှိ ကျိုးစုန်းမှာမူ ရှန်ကုန်းဂိုဏ်း၏ နယ်မြေကို နောက်ဆုံးအကြိမ် လှမ်းကြည့်လိုက်ပြီးနောက် အဝေးသို့ ပျံသန်းထွက်ခွာသွားတော့သည်။

လော့ချန်သည် ကောင်းကင်ထက်၌ ရပ်တန့်နေလျက် ထိုပုံရိပ်သုံးခု မိုးကုတ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ သူတို့ မိုင်တစ်ရာကျော် အကွာအဝေးသို့ ရောက်ရှိသွားသည့် အချိန်မှသာ သူ သက်ပြင်းကို ဖြည်းညှင်းစွာ ချလိုက်တော့သည်။

"မင်လုံယွီ.... အစီအရင်ကို ရုပ်သိမ်းလိုက်တော့"

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် စစ်တလင်းတစ်ခုလုံးကို လွှမ်းခြုံထားသော တောက်လောင်နေသည့် အစီအရင်ကြီးသည် နေရောင်အောက်တွင် နှင်းပွင့်များ အရည်ပျော်သွားသကဲ့သို့ ချက်ချင်း ကွယ်ပျောက်သွားတော့သည်။ အစီအရင် ကွယ်ပျောက်သွားပြီးနောက် မြင်တွေ့လိုက်ရသော မြင်ကွင်းမှာ ပျက်စီးနေသော မြေပြင်သာ ဖြစ်သည်။ အစီအရင် အလံပေါင်း တစ်ရာကျော်သည် မီးလောင်ကျွမ်းလျက် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ လော့ချန် ခေါ်လာခဲ့သည့် ချီသန့်စင်နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ၁၀၀ မှာလည်း မြေပြင်ပေါ်တွင် ပင်ပန်းနွမ်းနယ်စွာ လဲလျောင်းနေကြသည်။ အစောပိုင်းက ထည့်သွင်းထားသော အဆင့်လတ် ဝိညာဉ်ကျောက်တုံး ၅၀၀ မှာလည်း ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သလို နောက်ထပ် ထပ်မံဖြည့်စွက်ထားသော ဝိညာဉ်ကျောက်တုံး ၃၀၀ မှာလည်း စွမ်းအင် ခန်းခြောက်နေပြီ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ဤတိုက်ပွဲအတွက် အဆင့်လတ် ဝိညာဉ်ကျောက်တုံး ၈၀၀ ကျော် ကုန်ကျခဲ့ခြင်း ဖြစ်သည်။

စစ်ပွဲဆိုသည်မှာ အမြဲ အရင်းအမြစ်များကို ပြိုင်ဆိုင်ရခြင်းပင် မဟုတ်ပါလော။

အစီအရင်၏ ဗဟိုချက်တွင်မူ မင်လုံယွီသည် မော်ကွန်းဝင်အစီအရင်အိမ်မြှောင်ကို ကိုင်ထားရင်း မျက်နှာဖြူဖျော့နေသည်။ သူ့တစ်ကိုယ်လုံးမှာလည်း ချွေးများဖြင့် ရွှဲနစ်နေသည်။

လော့ချန် ချီးကျူးစကား ပြောလိုက်သည်။

"မင်း အကောင်းဆုံး လုပ်နိုင်ခဲ့တယ်"

မင်လုံယွီက အားယူကာ ပြုံးလိုက်ရင်း

"အဖွဲ့ချုပ်ခေါင်းဆောင်…. ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သိပ်ယုံကြည်မှုလွန်ကဲသွားခဲ့တယ်…. အခြေတည်အစောပိုင်းအဆင့်လောက်နဲ့ မီးနဂါးကိုးဆင့် အစီအရင်ကို ထိန်းချုပ်ဖို့ ကြိုးစားတာ.... ဒီလောက်အထိ ခက်ခဲလိမ့်မယ်လို့ မထင်ထားမိဘူး"

"မင်း တကယ့်ကို ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ပါတယ်"

လော့ချန်သည် မင်လုံယွီအား စိတ်သက်သာရာရအောင် နှစ်သိမ့်ပေးလိုက်သည်။

အမှန်လည်း ထိုသို့ ဖြစ်ပေသည်။ ဤတိုက်ပွဲတွင် မင်လုံယွီ၏ စွမ်းဆောင်ချက်မှာ ကြီးမားလှသည်။ သူသည် သံမဏိခံတပ်အစီအရင်ကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ရုံသာမက ကျန်ရှိနေသော အရှိန်အဝါကို အသုံးချပြီး နဝမြောက်တိုက်ကွက် ရှိနေသယောင် ဟန်ဆောင်လျက် အခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူကြီး နှစ်ဦးကိုပါ ကြောက်လန့်သွားအောင် လုပ်နိုင်ခဲ့သည်။

"အဖွဲ့ချုပ်ခေါင်းဆောင်.... အခု ဘာဆက်လုပ်ကြမလဲ" ဟု မင်လုံယွီက မေးမြန်းလိုက်သည်။

"စိတ်ပူစရာ မလိုပါဘူး၊ ဒါက တခြားတစ်ယောက်ရဲ့ တာဝန်ပဲလေ"

လော့ချန်က ဝမ်ယွမ်ရှိရာဘက်သို့ လှည့်ပင်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။

ထိုအစား သူ၏ အကြည့်သည် မိုးကုတ်စက်ဝိုင်းဆီသို့ ရောက်ရှိနေသည်။ ထိုနေရာတွင် အဆင့်မြင့် လှေပျံတစ်စင်းသည် သူတို့ထံသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည်။ လှေဦးပိုင်းတွင်မူ လှပကျော့ရှင်းသော ပုံရိပ်တစ်ခု ရပ်တန့်နေလျက် မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေခဲ့သည်။ လှေကြီး လုံးဝ မရပ်တန့်မီမှာပင် ထိုပုံရိပ်သည် လေထဲသို့ ခုန်ဆင်းလိုက်ပြီး လော့ချန်ထံသို့ တိုက်ရိုက် ပျံသန်းလာတော့သည်။

"အဖွဲ့ချုပ်ခေါင်းဆောင်ရှင့်.... ကျွန်မ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်"

သူမ ပျာပျာသလဲ လှမ်းပြောလိုက်သည်။

သို့သော်လည်း လော့ချန်ကမူ အဝေးမှနေ၍ လက်သီးဆုပ် ဂါဝရပြုလိုက်သည်။

"မိတ်ဆွေဟွေ့နန်.... အခြေတည်အဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ၊ နောင်ကိုလည်း ဒီထက်မက မြင့်မားတဲ့ အဆင့်တွေကို တက်လှမ်းနိုင်ပါစေ"

စီမာဟွေ့နန် ခေတ္တမျှ ကြောင်အန်းအန်း ဖြစ်သွားခဲ့ရသည်။ သူမ ခန္ဓာကိုယ်ပတ်လည်ရှိ စွမ်းအင်လှိုင်းများသည် သူမ၏ ကျင့်ကြံမှုအဆင့် တိုးတက်သွားခြင်းကို သံသယဖြစ်ဖွယ်မရှိ သက်သေပြနေခဲ့ပြီ ဖြစ်သည်။ ထို့နောက်တွင်မူ သူမထံမှ တောက်ပသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။

"ကျွန်မလည်း တူတူပါပဲ.... ရှန်ကုန်းဂိုဏ်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး လော့ထျန်းအဖွဲ့ရဲ့ အမည်ကို ထျန်းလန် နတ်ဘုရားမြို့တော်တစ်ခုလုံး ဟိန်းထွက်သွားအောင် လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် မိတ်ဆွေလော့ကို ဂုဏ်ယူပါတယ်ရှင်"

"ဟားဟားဟားဟား....”

သူတို့နှစ်ဦးစလုံး အချင်းချင်း ကြည့်လိုက်ကြရင်း ကျယ်လောင်စွာ ရယ်မောလိုက်ကြတော့သည်။ နောက်ထပ် စကားလုံးများစွာ ပြောနေရန် မလိုတော့ပေ။

....

စစ်တလင်းကို ရှင်းလင်းခြင်းနှင့် စစ်သုံ့ပန်းပစ္စည်းများကို သယ်ယူခြင်းသည် တစ်ရက်နှင့် တစ်ညလုံး ကြာမြင့်ခဲ့သည်။ ရှန်ကုန်းဂိုဏ်း၏ ကျန်ရှိနေသော တပည့်များကိုလည်း လော့ထျန်းအဖွဲ့မှ ရိုးရှင်းစွာ စစ်ဆေးပြီးနောက် လွှတ်ပေးလိုက်သည်။ သူတို့၏ ခေါင်းဆောင်များ အားလုံး သေဆုံးသွားခဲ့ပြီဖြစ်ပြီး ကျန်ရှိနေသူများမှာလည်း ချီသန့်စင်အဆင့်ကျင့်ကြံသူများသာ ဖြစ်ကြသည်။ အချို့မှာ နှောင်းပိုင်းအဆင့် ရောက်နေကြသော်လည်း လော့ထျန်းအား ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပေ။

တစ်ခါတရံတွင် အမြစ်ပြတ် သတ်ဖြတ်ခြင်းသည် အကောင်းဆုံး နည်းလမ်းမဟုတ်ပေ။ လော့ထျန်းအဖွဲ့သည် ဤမျှတိုတောင်းသော အချိန်အတွင်း ဂိုဏ်းအင်အားစုအမြောက်အမြားကို ဖျက်ဆီးပစ်ရန် သတ္တိရှိခဲ့ခြင်းမှာ အကြောင်းရင်း နှစ်ခုကြောင့် ဖြစ်သည်။ ပထမတစ်ခုမှာ သူတို့သည် အမြဲ ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်ဖြင့် လှုပ်ရှားခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာ သူတို့၏ နောက်ကွယ်တွင် အစွမ်းထက်လှသော ရေခဲခံတပ် ရှိနေခြင်းကြောင့် ဖြစ်သည်။ အကယ်၍ စည်းကမ်းဖောက်ဖျက်ခဲ့ပါက ကျိုးကြောင်းဆီလျော်လျှင်ပင် ပြင်းထန်သော ဝေဖန်မှုများကို ခံရနိုင်ပေသည်။ ဤသို့ ပြင်းထန်သော စစ်ဆင်ရေးများကြားတွင် အားနည်းသော ကျင့်ကြံသူများကို ချန်ထားပေးခြင်းဖြင့် မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများကို ရှောင်ရှားလိုက်ခြင်း ဖြစ်သည်။

မင်လုံယွီနှင့် ချီသန့်စင်နှောင်းပိုင်းအဆင့် ကျင့်ကြံသူ တစ်ရာတို့သည် ပထမနေ့မှာပင် ဝမ်ယွမ်နှင့်အတူ ဒန်ရှားတောင်သို့ ပြန်လည်ရောက်ရှိသွားကြပြီ ဖြစ်သည်။ ဤနေရာတွင် ကျန်ရှိနေသူများမှာ လော့ချန်နှင့် စီမာဟွေ့နန်တို့သာ ဖြစ်ကြသည်။

လန်ချီ လှေပျံပေါ်တွင်မူ လော့ချန်သည် ကြည်လင်တောက်ပနေသော ကျောက်တုံးတစ်တုံးကို အံ့ဩတကြီး စစ်ဆေးနေမိသည်။ အကယ်၍ သူ၏ ခန့်မှန်းချက်မှန်ပါက ထုံးရွှမ် ကောင်းကင်ကျောက်တုံးပင် ဖြစ်ရမည်။ ၎င်း၏ အဆင့်မှာ မြင့်မားလှသည်။ ထူးခြားချက်မှာ ထုံးရွှမ်ဆိုသည့်အတိုင်း ပစ္စည်းအမျိုးမျိုးကို ပေါင်းစပ်ပေးနိုင်ခြင်း ဖြစ်သည်။ ၎င်းက လက်နက်သွန်းလုပ်သူများအတွက် ရွှေလိုပင် တန်ဖိုးရှိသည်။ ထို့အပြင် အခြားသော အံ့ဩစရာ ဂုဏ်သတ္တိတစ်ခု ရှိသေးသည်မှာ အကယ်၍ ၎င်းကို မိမိ၏ သက်စောင့်မှော်ရတနာ ဗဟိုချက်အဖြစ် အသုံးပြုပါက ထိုမှော်ရတနာ၏ နောင်အနာဂတ် ကြီးထွားလာနိုင်မည့် စွမ်းရည်ကို မြှင့်တင်ပေးနိုင်ခြင်း ဖြစ်ပေသည်။ ထို့အပြင် စတုတ္ထအဆင့် ပစ္စည်းတစ်ခုဖြစ်သည့်အလျောက် ဤကျောက်တုံးသည် လေဝင်လေထွက်ကောင်းမွန်စေခြင်း၊ အရည်ပျော်စေခြင်း၊ ချီစွမ်းအင် ထည့်သွင်းခြင်းနှင့် သန့်စင်ခြင်းစသည့် အခြားသော အသုံးချမှု မြောက်မြားစွာ ရှိသေးသည်။ ၎င်းကို မည်သို့အသုံးပြုမည်ဆိုသည်မှာ ကိုယ်ပိုင် အစွမ်းအစပေါ်တွင်သာ မူတည်ပေသည်။

‘ကျိုးစုန်းက ဒါကို ဘာလို့ ဒီလောက်တောင် လိုချင်နေရတာလဲ မဆန်းတော့ပါဘူး၊ သူက ဓားပညာကို အထူးပြုကျင့်ကြံတာ ဖြစ်ပေမဲ့ မှော်ရတနာဓားပျံတွေက အခြေတည်အဆင့် ကျင့်ကြံသူတွေ အပြည့်အဝ ထိန်းချုပ်နိုင်တဲ့အရာ မဟုတ်ဘူးလေ၊ တကယ်လို့ သူ ဒီလိုပစ္စည်းမျိုးကိုသာ သူ့ရဲ့ ဓားထဲမှာ ထည့်လိုက်မယ်ဆိုရင် သူ့ရဲ့ ထိန်းချုပ်နိုင်စွမ်းကို ဆယ်ရာခိုင်နှုန်းကနေ နှစ်ဆယ်ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်မှာပဲ၊ ဒါပေမဲ့ ငါ့အတွက်တော့ အခုလောလောဆယ် ဒါကို မလိုသေးပါဘူး’

ခေတ္တမျှ စဉ်းစားပြီးနောက် လော့ချန်သည် ထိုကျောက်တုံးကို သူ၏ သိုလှောင်အိတ်ထဲသို့ ဂရုတစိုက် ထည့်သွင်းလိုက်သည်။ ၎င်း၏ တန်ဖိုးသည် လက်နက်တစ်ခု၏ စွမ်းအားကို မြှင့်တင်ရန်မျှသာ မဟုတ်ပေ။ ထိုသို့ပြုလုပ်ခြင်းသည် အမြင်ကျဉ်းလွန်းရာ ရောက်ပေလိမ့်မည်။ ၎င်းသည် သက်စောင့်မှော်ရတနာ သွန်းလုပ်ရာတွင် အဓိက ကုန်ကြမ်းအဖြစ် အသုံးပြုရန်အတွက်သာ အသင့်တော်ဆုံး ဖြစ်ပေသည်။

သူ စဉ်းစားနေစဉ်မှာပင် အပြင်မှ ခြေသံများ နီးကပ်လာခဲ့သည်။ ခေတ္တမျှ ကြာပြီးနောက် စီမာဟွေ့နန် အခန်းအတွင်းသို့ လှမ်းဝင်လာခဲ့၏။

သူမ လော့ချန်အား ကြည့်ရင်း မျက်နှာအပျက်ပျက်ဖြင့်

"အဖွဲ့ချုပ်ခေါင်းဆောင်.... ရှင် တကယ့်ကို အဆင်အခြင်မဲ့လွန်းတာပဲ၊ ပညာရှိဆိုတာ ဘေးအန္တရာယ်နဲ့ ဝေးဝေးမှာ နေရတာလေ၊ ရှင်က ဘယ်လိုလုပ်ပြီး အခြေတည်နှောင်းပိုင်း ကျင့်ကြံသူကြီး နှစ်ယောက်ကို ဘာမှမဟုတ်သလိုမျိုး ဆက်ဆံလိုက်ရတာလဲ"

သူမ၏ အပြစ်တင်စကားကို ကြားသောအခါ လော့ချန် ရယ်မောလိုက်မိသည်။

"ဘာအန္တရာယ်ကို ပြောတာလဲဗျာ"

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters