← Chapters

အခန်း ၄၃၃

Vol. 44 Ch. 433

အခန်း ၄၃၃

Vol. 44 Ch. 433

အခန်း (၄၃၃) - ညီမငယ်လေး၏ ပြောင်းလဲသွားသော ရည်မှန်းချက်

ဒန်ရှားတောင်ပေါ်တွင် ပတ်ဝန်းကျင်တစ်ခုလုံး လှုပ်ရှားသက်ဝင်လျက် ရှိနေတော့သည်။ ကျင့်ကြံသူများသည် အလုပ်ရှုပ်လျက် ကူးလူးသွားလာနေကြပြီး သူတို့၏ မျက်နှာထက်တွင်မူ ပျော်ရွှင်ကြည်နူးမှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကြ၏။

လော့ထျန်းအဖွဲ့သည် နောက်ထပ် တိုက်ပွဲတစ်ခုတွင် အောင်ပွဲခံနိုင်ခဲ့ပြန်ပြီ ဖြစ်သည်။ ဤတစ်ကြိမ် တိုက်ပွဲသည် အတိတ်က အဖွဲ့အတွင်းရှိ အကြီးအကဲများ တောင်တက်တိုက်ခိုက်ပြီး ဂိုဏ်းများကို ဖြိုခွဲခဲ့စဉ်ကထက် အချိန်ပိုမို ကြာမြင့်ခဲ့သော်လည်း အဖွဲ့ချုပ်ခေါင်းဆောင်၏ စွမ်းဆောင်နိုင်စွမ်းကို မည်သူမျှ သံသယမဝင်ကြပေ။ အကြောင်းမှာ ယခုတစ်ကြိမ်တွင် သူတို့ ချေမှုန်းခဲ့ရသည်မှာ အင်အားချည့်နဲ့နေသော အကြွင်းအကျန်အဖွဲ့မဟုတ်ဘဲ အင်အားအပြည့်အဝ ရှိနေဆဲဖြစ်သည့် ဂိုဏ်းငယ်တစ်ခု ဖြစ်နေသောကြောင့်ပင်။

ရန်သူသည် အခြေတည်အလယ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး ဒုတိယအဆင့် ခံစစ်အစီအရင်ဖြင့် အခိုင်အမာ ကာကွယ်ထားသည့်အပြင် အခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူကြီး နှစ်ဦးနှင့် အခြေတည်အဆင့် ၆ ကျင့်ကြံသူတစ်ဦးကိုပါ စစ်ကူ ဖိတ်ခေါ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤကဲ့သို့သော ဆိုးရွားလှသည့် အခြေအနေမျိုးအောက်တွင်ပင် အဖွဲ့ချုပ်ခေါင်းဆောင်သည် ဤမာကျောလှသော အရိုးတုံးကြီးကို မိမိ၏ စွမ်းပကားသက်သက်ဖြင့် အောင်မြင်စွာ ကိုက်ခဲဝါးမြိုပြနိုင်ခဲ့သည်။

ဤကဲ့သို့သော စွမ်းဆောင်မှုကြီးက စိတ်လှုပ်ရှား တက်ကြွဖွယ်ရာပင် ဖြစ်တော့သည်။ ဤအောင်ပွဲကြောင့် လော့ထျန်းအဖွဲ့မှ ကျင့်ကြံသူများသည် ဂုဏ်ယူဝံ့ကြွားမှု တိုးပွားလာကာ ပိုမိုရဲရင့်လာကြသည်။ ယနေ့မှစ၍ သူတို့ အပြင်သို့ ထွက်သည့်အခါတိုင်း ခေါင်းမော့ရင်ကော့ သွားလာနိုင်ကြပြီ ဖြစ်၏။

"ငါတို့ လော့ထျန်းအဖွဲ့က ဝိညာဉ်ကျောက်ပဲရှာတတ်တာမဟုတ်ဘူး.... တိုက်ပွဲဝင်ဖို့ ဆိုရင်လည်း ဘယ်တော့မှ နောက်မဆုတ်ဘူး" ဟု ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုနိုင်ကြပြီ ဖြစ်သည်။

လူအုပ်ကြီး သက်ဝင်လှုပ်ရှားနေသည့် အချိန်မှာပင် လူရိပ်တစ်ခု တောင်ထိပ်သို့ တက်လာသည်။ သူ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ကျင့်ကြံသူများသည် ခြေလှမ်းများကို ရပ်တန့်လျက် ဦးညွှတ်အရိုအသေပြုကြသည်။

"ခန်းမခေါင်းဆောင်စီမာ.... မင်္ဂလာပါဗျ"

"ခေါင်းဆောင်စီမာ.... တိုက်ပွဲအောင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ…."

စီမာရှန့်သည် မိမိ ရင်ထဲမှ အလျင်စလိုဖြစ်နေသော စိုးရိမ်ပူပန်မှုများကို အားတင်းဖုံးကွယ်ထားရင်း လူတိုင်းကို ခေါင်းညိတ်ပြကာ တုံ့ပြန်ခဲ့သည်။ သူ နောက်ဆုံးတွင် ဟွေးရှင်းခန်းမသို့ ရောက်ရှိသွားတော့သည်။

ဟွေးရှင်းခန်းမသို့ လှမ်းဝင်လိုက်သည်နှင့် အဖွဲ့အတွင်းရှိ အဆင့်မြင့် တာဝန်ရှိသူ အနည်းဆုံး ငါးဦးခန့်သည် စီမာဟွေ့နန်ထံသို့ အစီရင်ခံရန် စီတန်းနေကြသည်ကို မြင်တွေ့လိုက်ရသည်။ အခြေတည်အဆင့်ရှိသော တွမ်ဖုန်းပင်လျှင် ထိုလူအုပ်ကြား၌ စောင့်ဆိုင်းနေခဲ့၏။ ဤသည်ကို မြင်လျှင် စီမာရှန့်သည် မိမိ၏ စိတ်မရှည်မှုကို မြိုသိပ်ကာ အနောက်ဘက်တွင် ငြိမ်သက်စွာ ရပ်စောင့်နေခဲ့သည်။

နောက်ဆုံး နှစ်နာရီခန့် ကြာမြင့်ပြီး လူအားလုံး ထွက်ခွာသွားကြသည့် အခါမှသာ သူ မအောင့်အီးနိုင်တော့ဘဲ ရှေ့သို့ အလောတကြီး လှမ်းတက်သွားခဲ့သည်။

"ခန်းမခေါင်းဆောင်စီမာ.... ကိစ္စတစ်ခုခု ရှိလို့လားရှင်"

စီမာဟွေ့နန်သည် သီးသန့်နေရာမျိုးတွင်ပင် စီမာရှန့်နှင့် စီမာဝမ်ကျဲတို့ကို ဆွေမျိုး တော်စပ်မှုအလိုက် မခေါ်ဆိုဘဲ ရာထူးအမည်ဖြင့်သာ အမြဲ ခေါ်ဆိုလေ့ရှိသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ စီမာရှန့်သည် မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ အပြည့်ဖြင့်

"ညီမလေး.... မင်း အခြေတည်အဆင့်ကို ရောက်ခါစပဲ ရှိသေးတာကို ကျင့်ကြံဆင့် တည်ငြိမ်အောင် ကောင်းကောင်းမလုပ်ဘဲ ဘာလို့ ဒီလောက်အထိ အလုပ်ရှုပ်နေရပြန်တာလဲ"

အစ်ကိုကြီးဖြစ်သူ၏ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော စကားကို ကြားလိုက်ရသည့်အခါ စီမာဟွေ့နန် သူမ၏ ဖရိုဖရဲ ဖြစ်နေသော ဆံနွယ်အချို့ကို သပ်တင်လိုက်ရင်း ပြုံးလိုက်သည်။

"အစ်ကိုကြီး ဒါဟာ အသေးအဖွဲကိစ္စပါ…."

"ဒါက ဘယ်လိုလုပ် အသေးအဖွဲ ကိစ္စဖြစ်ရမှာလဲ.... ဒါက မင်းရဲ့ ကျင့်ကြံခြင်းလမ်းစဉ် တစ်ခုလုံးနဲ့ ဆက်စပ်နေတဲ့ ကိစ္စပဲလေ…."

"ကျွန်မရဲ့ လမ်းစဉ် ဟုတ်လား"

သူမ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"အစ်ကိုကြီးက ကျွန်မကို တကယ်ပဲ အထင်ကြီးလွန်းနေတာပဲ…. ကျွန်မက ပိုမြင့်မားတဲ့ အဆင့်တွေကို တက်လှမ်းနိုင်လိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား…. ရွှေအမြုတေအဆင့်လား၊ ဝိညာဉ်သန္ဓေတည်အဆင့်လား.... ကျွန်မရဲ့ ပါရမီနဲ့လေ"

တစ်သီတစ်တန်းကြီး ပြန်လည်မေးခွန်းထုတ်လိုက်သည့် စကားများအောက်တွင် စီမာရှန့်သည် တစ်ခွန်းတစ်ပါဒမျှ ပြန်မပြောနိုင်ဘဲ ဆွံ့အသွားခဲ့ရသည်။

စီမာဟွေ့နန်သည် အလုပ်များကို ခေတ္တရပ်လိုက်ပြီး ထိုင်ခုံမှ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူမသည် အခြေတည်အဆင့်သို့ ရောက်ရှိခါစ ဖြစ်သဖြင့် မတည်ငြိမ်သေးသော ချီစွမ်းအင် လှိုင်းတံပိုးများသည် သူမ၏ ခန္ဓာကိုယ်မှ ပတ်ဝန်းကျင်သို့ မကြာခဏဆိုသလို လွင့်ပျံထွက်ပေါ်နေဆဲ ဖြစ်သည်။ သူမ၏ အရှိန်အဝါမှာ အစ်ကို ဖြစ်သူကိုပင် တုန်လှုပ်သွားစေသည်။

သူမ နွေးထွေးစွာ ပြုံးပြလိုက်ပြီး ဟွေးရှင်းခန်းမ၏ အပြင်ဘက်ဆီသို့ ခြေလှမ်းလှမ်းခဲ့၏။

"တချို့ အချိန်တွေမှာ ကျွန်မတို့တွေ လက်တွေ့ကျကျ တွေးတောဖို့ လိုတယ်"

သူမ ခပ်တိုးတိုး ပြောလိုက်သည်။

"ကျွန်မ အခုလို အခြေတည်အဆင့်ကို တက်နိုင်ခဲ့တာက အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ ကျေးဇူးကြောင့်ပါ…. ဒီအချိန်မှာ ကျွန်မ ဘယ်လိုလုပ်ပြီး ကိုယ့်အတွက်ကိုယ်ပဲ ကြည့်နိုင်မှာလဲ"

စီမာရှန့်သည် သူမ၏ အနောက်မှ ကပ်လျက် လိုက်ပါလာခဲ့ရင်း မချင့်မရဲဖြင့်

"ဒါပေမဲ့...."

"ဒါပေမဲ့ ဆိုတာတွေ မရှိပါဘူးရှင်"

စီမာဟွေ့နန်က သူ့စကားကို ဖြတ်ပြောလိုက်သည်။

ကျော့ရှင်းသပ်ရပ်သော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို အထက်သို့ မြှင့်တင်လျက် ထုံးဖွဲ့ထားသော သူမသည် တည်ငြိမ်မြင့်မြတ်သော အရှိန်အဝါအပြည့်ရှိနေသည်။ သူမသည် အမြဲ လှပကျော့ရှင်းသူ ဖြစ်ခဲ့သော်လည်း ယခုအခါ သူမ၏ မျက်နှာထက်တွင် နှစ်ပေါင်းများစွာ လော့ထျန်းအဖွဲ့ကို ဦးဆောင်ခဲ့သည့် ပြတ်သားလှသော အာဏာစက် အရှိန်အဝါများ ပိုမိုထင်ဟပ်နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ယခုအဆင့်တက်ပြီးနောက် ထိုအရှိန်အဝါသည် ပိုမိုအားကောင်းလာကာ ပို၍ပင် မြင့်မြတ်ပြီး ထည်ဝါလာခဲ့သည်။

သူမ တည်ငြိမ်စွာ ဆက်ပြောသည်။

"တချို့ အချိန်တွေမှာ ကျွန်မတို့တွေ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း သိဖို့လိုတယ်…. ဝမ်ယွမ်ဆိုရင် အာဏာနဲ့ အကျိုးစီးပွားတွေကို စွန့်လွှတ်ပြီး ကျင့်ကြံခြင်းမှာပဲ စိတ်နှစ်ထားနိုင်တယ်၊ မင်လုံယွီဆိုရင်လည်း အစီအရင်ပညာကလွဲလို့ ကျန်တာ ဘာကိုမှ မတောင်းတဘူး၊ ဒါဆိုရင် ကျွန်မကော...."

စီမာဟွေ့နန်သည် ဟွေးရှင်းခန်းမ တံခါးဝကြီးတွင် ခြေစုံရပ်လိုက်ပြီး တောင်အောက်ရှိ လှပသော ရှုခင်းများကို ငေးမောကြည့်ရှုလိုက်သည်။ ထို့နောက် ပိုမိုမြင့်မားသော အရပ်ရှိ လော့ထျန်းအဖွဲ့၏ ခန်းမဆောင်ကြီးဆီသို့ လှမ်းကြည့်လိုက်သည်။

"ကျွန်မရဲ့ ပါရမီက သာမန်ပဲမို့.... တစ်သက်လုံးမှာ အခြေတည်နှောင်းပိုင်းအဆင့်ကိုတောင် ရောက်နိုင်ပါ့မလား မသေချာဘူး၊ ဒီလိုဆိုမှတော့ ကျွန်မ ဘာဖြစ်လို့ ကျင့်ကြံခြင်းတစ်ခုတည်းမှာပဲ အချိန်တွေ အများကြီး ကုန်ဆုံးခံနေရမှာလဲ….. အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ ကျေးဇူးကြောင့် ကျွန်မ အောင်အောင်မြင်မြင် အဆင့်တက်နိုင်ခဲ့ပြီး နှစ်ပေါင်း နှစ်ရာမကတဲ့ သက်တမ်းကို ပိုပြီး ရရှိခဲ့တာဟာ တကယ် ကြီးမားတဲ့ ဆုလာဘ် ဖြစ်နေပါပြီ…. ဒါဆိုရင် ဒီပိုတိုးလာတဲ့ နှစ်ပေါင်းနှစ်ရာ သက်တမ်းကို ပိုအဓိပ္ပာယ်ရှိတဲ့ အရာတွေပေါ်မှာပဲ အသုံးချရမှာပေါ့ရှင်"

စီမာရှန့် တစ်ယောက် နားမလည်နိုင်တော့ပေ။ ကျင့်ကြံသူတစ်ဦး၏ ရည်ရွယ်ချက်မှာ အမြင့်ဆုံးသော လမ်းစဉ်ကို လျှောက်လှမ်းရန် မဟုတ်ပါလော။ မိမိတို့အတွက် အခြေအနေ မပေးသည် ဖြစ်ပါစေဦးတော့၊ အဘယ်ကြောင့် အားထုတ်ကြိုးပမ်းမှုကို မပြုလုပ်ရသနည်း။

"မင်းပြောတဲ့ အဓိပ္ပာယ်ရှိတဲ့ အရာဆိုတာ.... ဒီလိုမျိုး ရှုပ်ထွေးလှတဲ့ အဖွဲ့ ကိစ္စရပ်တွေကို ကိုယ်တွယ်နေရတာကို ပြောတာလား"

သူ ဝေခွဲမရစွာဖြင့် မေးမြန်းလိုက်သည်။

စီမာဟွေ့နန်က သူ့ကို တစ်ချက် ကြည့်လိုက်ရင်း

"အစ်ကိုကြီးအမြင်မှာ ဒါတွေက အသေးအဖွဲလို့ ထင်ရပေမဲ့ မမှားစေနဲ့ အစ်ကိုကြီး.... ဒါတွေက တကယ်ကို အရေးကြီးတဲ့ အရာတွေပဲ…. ကျွန်မသာ ဒီအရာတွေပေါ်မှာ စိတ်ရောကိုယ်ပါ နှစ်မထားခဲ့ရင် ကျွန်မ ဒီလောက်အထိ မြန်မြန်ဆန်ဆန် အဆင့်တက်နိုင်လိမ့်မယ်လို့ အစ်ကိုကြီး ထင်နေတာလား…. တကယ်တော့ ကျွန်မ ဒီအဆင့်ကို လုံးဝ ရောက်နိုင်ပါ့မလားတောင် မသေချာပါဘူး"

စီမာရှန့်သည် ညီမဖြစ်သူ၏ ထက်မြက်လှသော စကားလုံးများအောင်တွင် ထပ်မံ၍ ဆွံ့အသွားခဲ့ရပြန်သည်။ သူ ပြန်လည်ချေပရန် စကားလုံး မရှိတော့ပေ။ မှန်ပေသည်။ အကယ်၍ စီမာဟွေ့နန်သာ လော့ချန်ကိုယ်စား လော့ထျန်းအဖွဲ့ကြီးကို ဤမျှ တိကျသေချာစွာ စီမံခန့်ခွဲပေးနိုင်သည့် အရည်အချင်းကို မပြသနိုင်ခဲ့လျှင် သူမအနေဖြင့် အဖွဲ့သို့ နောက်မှ ရောက်ရှိလာသူ ဖြစ်ပါလျက်နှင့် ဤကဲ့သို့သော အဖိုးတန် အခြေတည် အရင်းအမြစ်များကို သူတစ်ပါးထက် အရင် မည်သို့ရရှိနိုင်ပါမည်နည်း။ လော့ချန်နှင့် ပိုမိုနီးစပ်သော ဆက်ဆံရေးရှိသည့် ကူချိုင်ယီနှင့် ချင်လျန်ချန်းတို့ပင်လျှင် အခြေတည်ဆေးလုံးကို မရရှိကြသေးသည် မဟုတ်ပါလော။

"အဖွဲ့ချုပ်ခေါင်းဆောင်အတွက် ကျွန်မရဲ့ တန်ဖိုးက...."

သူမ ပြတ်သားစွာ ပြောလိုက်သည်။

"အစ်ကိုကြီး ပြောတဲ့ အသေးအဖွဲ ကိစ္စရပ်တွေကို သေသေချာချာ ကိုင်တွယ်နိုင်လားအပေါ်မှာပဲ မူတည်နေတာ…. သူက မဟာတာအိုလမ်းစဉ်ကို လျှောက်လှမ်းဖို့ ရည်မှန်းချက်ကြီးမားပြီး ခိုင်မာတဲ့ စိတ်ဓာတ်ရှိသူလေ…. ဒီလို အလုပ်တွေက သူ့ရဲ့ ကျင့်ကြံမှုကို နှောင့်နှေးစေရုံပဲ ရှိလိမ့်မယ်…. ဒါကြောင့် သူ့အတွက် ဒီကိစ္စအားလုံးကို ကိုင်တွယ်ပေးဖို့ဟာ ကျွန်မရဲ့ တာဝန်၊ ကျွန်မရဲ့ ဝတ္တရားပဲ"

‘တာဝန်၊ ဝတ္တရား ဟုတ်လား’

စီမာရှန့် တွေးတောမိသွားသည်။ မိမိ၏ ညီမဖြစ်သူသည် အတိတ်ကာလက အသက်ဘေးမှ ကယ်တင်ခဲ့ဖူးသော ထိုကျေးဇူးတရားကို ဆပ်နေဆဲ ဖြစ်ပေလိမ့်မည်။

လော့ချန် ဤကိစ္စကို မည်သည့်အခါမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့သော်လည်း စီမာဟွေ့နန်ကမူ ဘယ်တော့မှ မေ့လျော့ခဲ့ခြင်း မရှိပေ။ သူမအနေဖြင့် အဖွဲ့အပေါ် သစ္စာရှိစွာ ဆောင်ရွက်ခဲ့ခြင်းမှာ ကျေးဇူးဆပ်လိုသော စိတ်ဆန္ဒကြောင့်လည်း ပါဝင်နေခဲ့သည်။ ယခင်က သူမနှင့် တွမ်ဖုန်းတို့ ကျင့်ကြံခြင်းအဆင့် တူညီစဉ်က သူမက ပိုမိုမြင့်မားသော ကျင့်ကြံမှုအဆင့်တွင် ရှိခဲ့ဖူးသည်။ သို့သော် တွမ်ဖုန်းတစ်ယောက် ကျင့်ကြံခြင်းအတွက် အချိန်အမြောက်အမြား ဖယ်ထုတ်နိုင်ခဲ့သော်လည်း သူမကမူ လော့ထျန်းအဖွဲ့ကို စီမံခန့်ခွဲခြင်း၌သာ စိတ်နှစ်ထားခဲ့သည်။ အကျိုးဆက်အနေဖြင့် သူမသည် ကျင့်ကြံခြင်းတွင် နောက်ကျကျန်ရစ်ခဲ့ရပြီး ချီသန့်စင်အထွတ်အထိပ်သို့ ရောက်ရှိရန် နောက်ကျခဲ့ကာ အခြေတည်အဆင့်သို့လည်း တွမ်ဖုန်းထက် နှစ်ပေါင်းများစွာ ကြာမှသာ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမမည်သည့်အခါမျှ မကျေမနပ် ညည်းညူခဲ့ဖူးခြင်း မရှိပေ။

"ပြီးတော့ အစ်ကိုကြီးက ကျွန်မရဲ့ ကျင့်ကြံမှု အခြေအနေ တည်ငြိမ်မှု ရှိ၊ မရှိအတွက် စိုးရိမ်နေတာဟာ.... တကယ့်ကို အပိုတွေးပူနေတာပါပဲ"

စီမာဟွေ့နန်သည် မိမိအပေါ် စိုးရိမ်ပေးသော အစ်ကိုဖြစ်သူ၏ မေတ္တာကို ခံစားမိသဖြင့် နူးညံ့သော အပြုံးကို ပြသလိုက်သည်။

"ကျွန်မရဲ့ ကျင့်ကြံမှု တည်ငြိမ်ခြင်း ရှိ၊ မရှိဆိုတာ အဖွဲ့အပေါ် ဘာများ သက်ရောက်မှု ရှိမှာမို့လို့လဲ…. လော့ထျန်းအဖွဲ့ရဲ့ စီမံခန့်ခွဲရေးမှူး ကျွန်မကိုယ်တိုင် စစ်မြေပြင်ရဲ့ ရှေ့တန်းကနေ ထွက်တိုက်ရမယ်လို့ အစ်ကိုကြီး တကယ်ပဲ ထင်နေတာလား"

စီမာရှန့်သည် ပါးစပ်ကို ဟလိုက်သော်လည်း ပြန်လည်ပြောဆိုရန် စကားလုံး ရှာမတွေ့တော့ပေ။ အမှန်တရားက ထင်ရှားလှပေသည်။ သူမ စစ်မြေပြင်သို့ မထွက်ရမီ သူကိုယ်တိုင် အရင်ဆုံး တိုက်ပွဲဝင်ရမည် ဖြစ်သည်။ အမှန်စင်စစ် တားဆီး၍မရနိုင်သော အင်အားကြီး ရန်သူများနှင့် ရင်ဆိုင်ရလျှင်ပင် လော့ထျန်းအဖွဲ့မှ မည်သူမဆို အရင်ဆုံး သေဆုံးသွားနိုင်သော်လည်း စီမာဟွေ့နန်မှာမူ နောက်ဆုံးမှသာ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရမည့်သူ ဖြစ်သည်။

သူ ဆွံ့အသွားသည်ကို မြင်သောအခါ စီမာဟွေ့နန်က ဆက်ပြောလိုက်သည်။

"အမှန်အတိုင်း ပြောရရင်တော့.... ကျွန်မ အစတည်းက ကျင့်ကြံဆင့် တည်ငြိမ်ဖို့အတွက် အချိန်ယူပြီး တံခါးပိတ်ကျင့်ကြံဖို့ စိတ်ကူးမရှိခဲ့ဘူး…. လော့ထျန်းအဖွဲ့ဟာ အခုအချိန်မှာ သမိုင်းတစ်လျှောက် အရေးကြီးဆုံး ကာလကို ရောက်ရှိနေပြီ၊ အစ်ကိုကြီးက ကျွန်မရဲ့ ရာထူးနေရာမှာ မရှိတဲ့အတွက် ဒီအချိန်ကာလက ဘယ်လောက်အထိ အရေးပါမှန်း လုံးဝ သိနိုင်မှာ မဟုတ်ဘူး…. ပုံအောနေတဲ့ အရင်းအမြစ်တွေ၊ အပိုင်ရထားတဲ့ စီးပွားရေးလုပ်ငန်းတွေ.... ဒါတွေအားလုံးဟာ မျိုးနွယ်စုတစ်စုကိုတောင် ရုတ်တရက် အဆမတန် ကြီးပွားတိုးတက်သွားစေနိုင်တဲ့ အရာတွေပဲ၊ တကယ်လို့ လော့ထျန်းအဖွဲ့အနေနဲ့ ဒါတွေအားလုံးကို အပြည့်အဝ အသုံးချနိုင်ခဲ့မယ်ဆိုရင် ကျွန်မတို့တွေ နောက်ထပ် ကြီးမားတဲ့ အဆင့်သစ်တစ်ခုကို တက်လှမ်းနိုင်လိမ့်မယ်၊ လုံလောက်တဲ့ အချိန်တစ်ခု ရခဲ့မယ်ဆိုရင် လော့ထျန်းအဖွဲ့ကို ထျန်းလန်နတ်ဘုရားမြို့တော်အတွင်းမှာ ရွှေအမြုတေအဆင့်ရှိတဲ့ ဂိုဏ်းကြီးတွေရဲ့ အောက်၊ အင်အားအကြီးဆုံး အဖွဲ့ ဖြစ်လာအောင် ကျွန်မ သေချာပေါက် တည်ဆောက်ပြနိုင်တယ်၊ ကျောက်စိမ်းအိုးနယ်မြေတစ်ခုလုံးမှာရှိတဲ့ အလားတူ အင်အားစုတွေကြားမှာတောင် ထိပ်ဆုံးက ရပ်တည်နိုင်တဲ့ အဖွဲ့ကြီးတစ်ခု ဖြစ်လာနိုင်တယ်"

သူမ၏ မျက်နှာထက်တွင် ပြတ်သားသော အရိပ်အယောင်များ ရှိနေပြီး နက်မှောင်သော မျက်ဝန်းအစုံ၌ ရည်မှန်းချက်ကြီးမားမှုများ အထင်းသား ပေါ်လွင်နေသည်။

စီမာရှန့်တစ်ယောက် အံ့ဩတကြီးဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရ၏။ သူသည် မိမိ၏ ညီမငယ်လေးထံတွင် ဤကဲ့သို့သော အမူအရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ၎င်းသည် ကိုယ်ပိုင် အစွမ်းအစသက်သက်ဖြင့် အာဏာကို ဆုပ်ကိုင်ထားသော အုပ်ချုပ်သူများထံတွင်သာ မြင်တွေ့ရလေ့ရှိသည့် အတိုင်းအဆမဲ့သော ရည်မှန်းချက်ကြီးမားမှုသာ ဖြစ်ပေသည်။ သူတို့နှင့်အတူ လောကအနှံ့ လှည့်လည်ရင်း အရာရာကို စေ့စပ်သေချာစွာ တွက်ချက်တတ်ခဲ့သော ညီမငယ်လေးသည် ရုတ်တရက် ဤကဲ့သို့သော ကြီးမားလှသည့် ပြောင်းလဲမှုကြီးကို ပြသလာခဲ့ရာ ဤသည်က သူ့အား တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။

သူ တစ်ကိုယ်လုံး တုန်ရီသွားခဲ့မိသည်။ ဤသည်မှာ ရုတ်တရက် ပြောင်းလဲသွားခြင်းလော။ မဟုတ်ပေ။ လွန်ခဲ့သော အချိန်များစွာကတည်းက သူကိုယ်တိုင် သတိမထားမိဘဲ လျစ်လျူရှုထားခဲ့မိခြင်းသာ ဖြစ်သည်။ ညီမဖြစ်သူသည် လော့ထျန်းအဖွဲ့၏ ဒုတိယအမြင့်ဆုံး ရာထူးကို စတင်ဆုပ်ကိုင်ခဲ့သည့် အချိန်ကတည်းက တဖြည်းဖြည်း ပြောင်းလဲနေခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ကျင့်ကြံဆင့် တည်ငြိမ်အောင် ပြုလုပ်ရန် ကိစ္စရပ်ကြောင့်သာ သူ သတိပြုမိသွားခြင်း ဖြစ်ပေသည်။

"ကဲပါ.... အစ်ကိုကြီးလည်း ကျွန်မအတွက် အများကြီး တွေးပူမနေပါနဲ့တော့"

စီမာဟွေ့နန်၏ မျက်နှာထက်မှ ရည်မှန်းချက် မီးလျှံများသည် ငြိမ်းသတ်သွားခဲ့ပြီး နဂိုအတိုင်း တည်ငြိမ်အေးဆေးသွားခဲ့သည်။

"ကျင့်ကြံဆင့် တည်ငြိမ်ဖို့ ကိစ္စလေးကတော့ ကျွန်မ အားတဲ့အချိန်လေးတွေမှာ ဖြည်းဖြည်းချင်း ကျင့်ကြံရင်းနဲ့ သေချာပေါက် လုပ်နိုင်ပါတယ်ရှင်…. ကျွန်မမှာ လုပ်စရာ အလုပ်တွေ အများကြီး ရှိသေးလို့ အစ်ကိုကြီးကို ဆက်ပြီး ဧည့်မခံတော့ဘူးနော်"

သူမ ခန်းမအတွင်းသို့ မဝင်မီ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ လှည့်ကြည့်လိုက်ပြီး မျက်နှာကို တင်းလျက် ပြောလိုက်သည်။

"ခန်းမခေါင်းဆောင်စီမာ.... တိုက်ခိုက်ရေးခန်းမဆောင်ရဲ့ ဒီတစ်ကြိမ် တိုက်ပွဲမှာ စွမ်းဆောင်ခဲ့တဲ့ ကျင့်ကြံသူတွေနဲ့ အမှားအယွင်း လုပ်ခဲ့တဲ့ ကျင့်ကြံသူတွေရဲ့ အမည်စာရင်းကို အမြန်ဆုံး ပြုစုပြီး တင်ပြပေးပါ၊ ပြီးရင် ကျွန်မ ခန်းမခေါင်းဆောင်မုရုံနဲ့ တိုင်ပင်ပြီး ဆုပေးဒဏ်ပေး စာရင်းတွေ လုပ်ရဦးမှာပါ"

စီမာရှန့် ဘာမှ ဆက်မပြောနိုင်တော့ပေ။ အလုပ်ကိစ္စနှင့် ပတ်သက်လာလျှင် မိသားစုဝင်ချင်း ဖြစ်ပါစေဦးတော့၊ ညီမဖြစ်သူသည် အမြဲ စည်းစနစ်တကျဖြင့် တိကျပြတ်သားစွာသာ ကိုင်တွယ်ဆောင်ရွက်လေ့ ရှိပေသည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters