← Chapters

အခန်း ၄၃၄

Vol. 44 Ch. 434

အခန်း ၄၃၄

Vol. 44 Ch. 434

အခန်း (၄၃၄) - သစ်ပင်ကြီးတစ်ပင်၏ ပင်စည်နှင့် အကိုင်းအခက်များ

လော့ထျန်းအဖွဲ့၏ ဤတစ်ခေါက် ဆုပေးဒဏ်ပေးမှုမှာ မရှုပ်ထွေးလှပေ။ အကြောင်းမှာ တိုက်ပွဲတွင် အမှန်တကယ် ပါဝင်ဆင်နွှဲခဲ့သူမှာ လူနည်းစုသာ ရှိသောကြောင့်ပင်။ ထိုသူများမှာ လော့ချန်၊ ဝမ်ယွမ်၊ တွမ်ဖုန်း နှင့် မင်လုံယွီ တို့ ဖြစ်ကြသည်။ အဖွဲ့ချုပ်ခေါင်းဆောင်ဖြစ်သော လော့ချန်ကို ဖယ်ထားလျှင် အဓိက ဆုလာဘ်များကို ကျန်လူသုံးဦးကိုသာ ခွဲဝေပေးရန် လိုသည်။

ရရှိခဲ့သော အောင်မြင်မှုများအရ မင်လုံယွီသည် အခြားသူများထက် သာလွန်လျက် ရှိနေခဲ့သည်။ ဒန်ရှားတောင်တွင် စောင့်ကြပ်နေခြင်း၊ အခြေတည်အဆင့် ကျင့်ကြံသူနှစ်ဦးကို သတ်ဖြတ်ခြင်း၊ ကန်းမျိုးနွယ်စုကို ချေမှုန်းခြင်း၊ ရှန်းကုန်းဂိုဏ်းကို သုတ်သင်ခြင်း စသည့် ကိစ္စရပ်အားလုံးတွင် သူ၏ အခန်းကဏ္ဍမှာ မရှိမဖြစ်ပင်။ သူ၏ စွမ်းဆောင်မှုများမှာ အတိုင်းအဆမဲ့ ကြီးမားလှပေသည်။ ထို့အပြင် အစီအရင်စွမ်းပကားသက်သက်ဖြင့်ပင် အကျိုးအမြတ် လာရောက်ချောင်းမြောင်းနေကြသော အခြေတည် ကျင့်ကြံသူများကို မောင်းထုတ်နိုင်ခဲ့သေး၏။

သူ့အတွက် ဆုလာဘ်များကို အစကတည်းက ထုတ်ပေးထားခဲ့ပြီး ဖြစ်သည်။ ကန်းရှုကျန်းနှင့် ရှန်ကုန်းဂိုဏ်းအကြီးအကဲတို့၏ သိုလှောင်အိတ်များကို သူ့အား ပေးခဲ့သည်။ ထို့အပြင် လော့ချန်ကိုယ်တိုင် ကန်းလျဲ့၏ မှော်ရတနာ စစ်တူရွင်းကြီးကိုပါ လက်ဆောင်အဖြစ် သီးသန့်ပေးခဲ့သေးသည်။ စီမာဟွေ့နန်ကလည်း လော့ထျန်းအဖွဲ့၏ နာမည်ဖြင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀၀၀ ကို ထပ်မံချီးမြှင့်ခဲ့သည်။ ၎င်းသည် အလွန်အမင်းပင် ရက်ရောလွန်းလှသော ဆုလာဘ်တစ်ခု ဖြစ်သည်။ အကယ်၍ ဤသတင်းသာ အပြင်သို့ ပျံ့နှံ့သွားပါက ရေတွက်၍မရနိုင်သော အခြေတည်ကျင့်ကြံသူများအကြား မနာလိုဝန်တိုမှုများကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မည်။ သို့သော် လော့ချန်အတွက်မူ ဤအရာအားလုံးသည် လုံးဝ ထိုက်တန်လှပေသည်။ မင်လုံယွီအား မိမိဘက်တော်သားအဖြစ် ယုံကြည်ခဲ့ခြင်းမှာ သူ၏ ဘဝတွင် ချမှတ်ခဲ့သော အကောင်းဆုံး ဆုံးဖြတ်ချက်များထဲမှ တစ်ခုဖြစ်သည်။ သူ့အနားတွင် ဤကဲ့သို့သော အစီအရင်ပညာရှင်တစ်ဦး ရှိနေခြင်းကြောင့် တိုက်စစ်ဆင်ခြင်း၊ ခံစစ်ပြင်ခြင်း စသဖြင့် လုပ်ဆောင်သမျှ ကိစ္စရပ်တိုင်းမှာ ပိုမို လွယ်ကူ ချောမွေ့သွားပြီဖြစ်သည်။

မင်လုံယွီကိုယ်တိုင်လည်း ဤဆုလာဘ်အပေါ် အလွန်ကျေနပ်လျက် ရှိသည်။ မှော်ရတနာနှင့် ဝိညာဉ်ကျောက် ငါးသောင်းသည်ပင်လျှင် အလွန်ရက်ရောသော ဆုလာဒ် ဖြစ်နေချေပြီ။ ထို့ပြင် သူ့ထံတွင် မဖွင့်ရသေးသော သိုလှောင်အိတ်နှစ်လုံး ရှိနေသေးသည် မဟုတ်ပါလော။ ထိုအထဲတွင် မည်ကဲ့သို့သော အံ့ဩစရာများ စောင့်ကြိုနေမည်ကို မည်သူသိနိုင်ပါမည်နည်း။

မင်လုံယွီကို ဆုချပြီးနောက် ဒုတိယ စွမ်းဆောင်မှုအရှိဆုံးဖြစ်သော ဝမ်ယွမ်၏ အလှည့် ရောက်ရှိလာခဲ့သည်။ လုရုန်အား သုတ်သင်ခြင်း၊ တန်ယွမ်ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းခြင်းအပြင် ရှန်ကုန်းဂိုဏ်းကို ဖျက်ဆီးရာတွင်လည်း ကူညီပေးခဲ့သောကြောင့် သူ၏ ဆုလာဘ်သည်လည်း မနည်းလှပေ။

လုရုန်၏ သိုလှောင်အိတ်ကို ဝမ်ယွမ် ရရှိခဲ့သည်။ ထိုအထဲတွင် ပါဝင်သော လုရုန်၏ မှော်ဆေးတံသည်လည်း ယခုအခါ သူ၏ ပိုင်ဆိုင်မှု ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် လော့ထျန်းအဖွဲ့က သူ့အား အဆင့်နိမ့် ဝိညာဉ်ကျောက် ၃၀၀၀၀ နှင့် ဒုတိယအဆင့် ကျင့်ကြံခြင်းဆေးလုံး အလုံး နှစ်ဆယ်ကိုလည်း ချီးမြှင့်ခဲ့သည်။

နောက်ဆုံးအနေဖြင့် တွမ်ဖုန်း ဖြစ်သည်။ သူသည် ချီစွမ်းအင်များ ခန်းခြောက်သွားခဲ့သဖြင့် တိုက်ပွဲတစ်ခုတည်းတွင်သာ ပါဝင်နိုင်ခဲ့သည်။ ယွီကျန်းကျောင်းတော်မှ မြောင်ယွီကို ဟန့်တားကာ မင်လုံယွီအား သူမကို သတ်ဖြတ်နိုင်ရန် ကူညီပေးခဲ့သည်။ ဤသည်မှာ စွမ်းဆောင်မှုတစ်ခု ဖြစ်သော်လည်း ထူးခြားလှသည်တော့ မဟုတ်ပေ။

သူ၏ ဆုလာဘ်မှာ ရိုးရိုးလေးပင်။ အဆင့်နိမ့် ဝိညာဉ်ကျောက် နှစ်သောင်းနှင့် ချီတည်ငြိမ်ဆေးလုံး ဆယ်လုံး ဖြစ်သည်။ သို့သော် လော့ချန် သူ့အား ရှန်ကုန်းဂိုဏ်း၊ ဂိုဏ်းချုပ် ဖေးချန်းချူး၏ မီးပြင်းဖိုကိုပါ ပေးလိုက်သည်။ အတိအကျ ပြောရလျှင် မှော်လက်နက်ခန်းမဆောင်သို့ ပေးလိုက်ခြင်း ဖြစ်ပေသည်။ ထိုမီးပြင်းဖိုကို မှော်လက်နက်များ သွန်းလုပ်ရာတွင် အသုံးပြုနိုင်ပြီး ၎င်းနှင့်အတူ တွမ်ဖုန်းသည် သူကြိုတင်ပြင်ဆင်ထားခဲ့သော မှော်ရတနာ သန္ဓေသားလောင်း နှစ်ခုကို ပိုမိုမြန်ဆန်စွာ ဖန်တီးနိုင်တော့မည် ဖြစ်သည်။

ဆုလာဘ်များ ခွဲဝေမှုကို ကြားသိရသည့်အခါ လူသုံးဦးစလုံးက ရလဒ်ကို တည်ငြိမ်စွာ လက်ခံခဲ့ကြသည်။ မင်လုံယွီ၏ ဝေစုက သိသိသာသာ ပိုများနေသော်လည်း ဝမ်ယွမ်နှင့် တွမ်ဖုန်းတို့ တစ်ချက်မျှပင် မကျေမနပ် ညည်းညူခြင်း မရှိခဲ့ကြပေ။ အမှန်စင်စစ် သူတို့ ဘာမျှ မရလျှင်ပင် စိတ်ကွက်ကြမည် မဟုတ်ပေ။ နှစ်ပေါင်းများစွာ ကြာလာခဲ့ပြီးနောက် သူတို့သည် လော့ထျန်းအဖွဲ့နှင့် တစ်သားတည်းဖြစ်သွားခဲ့ပြီဖြစ်ရာ ကိုယ့်အိမ်ကိုယ်ယာကဲ့သို့ပင် ခံစားနေရပြီ ဖြစ်သည်။ ကိုယ့်အသိုက်အမြုံကိုယ် ကာကွယ်စောင့်ရှောက်ခြင်းမှာ သဘာဝပင်။ ထို့ပြင် သူတို့ နေ့စဉ်ရရှိနေသော ရက်ရောလှသည့် ခံစားခွင့်များလည်း ရှိနေသည် မဟုတ်လော။

အခြေတည်အဆင့် ကျင့်ကြံသူများက အာရုံစိုက်မှု အများဆုံး ရရှိနေစဉ်တွင် စီမာဟွေ့နန်ကမူ ချီသန့်စင်အဆင့် ကျင့်ကြံသူများအပေါ် အာရုံစိုက်ထားခဲ့သည်။

စီမာရှန့်သည် တိုက်ပွဲခန်းမဆောင်ကို ဦးဆောင်ကာ ထျန်းယင်းတောင်နှင့် ယွီကျန်းကျောင်းတော်ကို သိမ်းပိုက်နိုင်ခဲ့သဖြင့် သူ၏ စွမ်းဆောင်မှုမှာ သံသယဝင်ဖွယ် မရှိပေ။ ဘီယန်ကျန်းနှင့် ချွီလင်ကျွင်းတို့သည် ဆေးဝါးခန်းမဆောင်နှင့် ဆေးဖော်ခန်းမဆောင်တို့ကို ဦးဆောင်ကာ တန်ယွမ်ဂိုဏ်းမှ အဖိုးတန် ဆေးဖက်ဝင် အပင်မြောက်မြားစွာနှင့် ပထမအဆင့် ဆေးဖော်ဆရာ နှစ်ဦးကိုပါ ခေါ်ဆောင်လာခဲ့သဖြင့် ဤသည်မှာလည်း ဆုချရန် ထိုက်တန်လှပေသည်။ အနောက်ဘက် အခြေစိုက်စခန်းကို စီမံခန့်ခွဲပြီး ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သော မုရုံချင်းလျန်နှင့် ကူချိုင်ယီတို့သည်လည်း စွမ်းဆောင်မှုအလိုက် ဝေစုများ ရရှိခဲ့ကြသည်။

အပြင်စည်းအဖွဲ့မှ ကျင့်ကြံသူများအဖို့ အနည်းငယ် ထိခိုက်နစ်နာမှု ရှိခဲ့သော်လည်း တိုက်ပွဲစိတ်ဓာတ်အပြည့်ဖြင့် တိုက်ပွဲဝင်ခဲ့ကြသဖြင့် အသိအမှတ်ပြုခြင်းနှင့် ထိုက်တန်လှပေသည်။

ကိုင်တွယ်ရမည့် ကိစ္စရပ်များစွာ ရှိနေသဖြင့် စီမာဟွေ့နန်သည် စေ့စပ်သေချာပြီး အတန်ငယ် ရှုပ်ထွေးလှသော ဆုပေးဒဏ်ပေး ထုတ်ပြန်ချက်ကို ရေးသားခဲ့သည်။ ထိုထုတ်ပြန်ချက်မှာ အလွန်ပင် အသေးစိတ်လွန်းလှသဖြင့် တစ်ချက်မျှ လှမ်းကြည့်ရုံမျှဖြင့်ပင် မည်သူမဆို ခေါင်းကိုက်သွားနိုင်သည်။

၎င်းသည် ရိုးရှင်းသော ဝိညာဉ်ကျောက်တုံးနှင့် ဆေးလုံးများ ခွဲဝေပေးခြင်းထက် များစွာ ပိုမိုရှုပ်ထွေးလှပေသည်။ ၎င်းတွင် ရာထူးနေရာများ၊ လစာများ၊ စုဆောင်းထားသော ကုသိုလ်အမှတ်များနှင့် အခြားအရာများစွာ ပါဝင်သည်။ အမှန်စင်စစ် လူနှစ်ဦးသည် အဖိုးတန်လှသော အခြေတည်ဆေးလုံးနှင့် တိုက်ရိုက်လဲလှယ်နိုင်ရန် လုံလောက်သော ကုသိုလ်အမှတ်များကို စုဆောင်းမိထားပြီး ဖြစ်သည်။ ထိုလူနှစ်ဦးမှာ စီမာရှန့်နှင့် မုရုံချင်းလျန်တို့ ဖြစ်ကြသည်။ ထို့တင်မကသေးဘဲ ယခင်က ချမှတ်ထားခဲ့သော မူဝါဒများအရ ဘီယန်ကျန်းသည်လည်း အခြေတည်ဆေးလုံးနှင့် လဲလှယ်နိုင်ရန် လိုအပ်သော ကန့်သတ်ချက်သို့ ရောက်ရှိလုနီးပါး ဖြစ်နေလေပြီ။

စီမာရှန့်သည် ချီသန့်စင်အထွတ်အထိပ်အဆင့်သို့ မရောက်ရှိသေးသဖြင့် စောင့်ဆိုင်းနိုင်သော်လည်း ဘီယန်ကျန်းကမူ ချီသန့်စင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ဆေးလုံးတစ်လုံးကို အရေးပေါ် လိုအပ်နေခဲ့ပြီ ဖြစ်သည်။

မုရုံချင်းလျန်အတွက်မူ တစ်နှစ်ခန့် အနားယူပြီးနောက် သူမ၏ ကျန်းမာရေးသည် နဂိုအတိုင်း ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ သူမ၏ အသက်အရွယ်အရ အခြေတည်ဆေးလုံးအတွက် လိုအပ်ချက်မှာလည်း အလွန်ပင် အရေးကြီးနေခဲ့ချေပြီ။

ထို့ကြောင့် ပြဿနာတစ်ခု ပေါ်ပေါက်လာရသည်မှာ လော့ထျန်းအဖွဲ့အနေဖြင့် ဤမျှများပြားသော အခြေတည်ဆေးလုံးများကို မည်သည့်နေရာမှ ရှာဖွေရပါမည်နည်း။

....

"မင်း အဲဒီအတွက် တွေးပူမနေပါနဲ့…. ငါ ဖြေရှင်းလိုက်မယ်"

လော့ချန် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

သူ၏ ယုံကြည်မှုကို မြင်တွေ့ရသည့်အခါ စီမာဟွေ့နန် ထပ်မံ၍ မမေးတော့ပေ။ ထိုအစား သူမ အခြားပြဿနာတစ်ခုကို တင်ပြခဲ့သည်။

"အခုအချိန်မှာ လော့ထျန်းအဖွဲ့က အရေးကြီးတဲ့ အလှည့်အပြောင်းကို ရောက်နေတာ…. ကျွန်မတို့တွေ နေရာအသီးသီးကနေ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ရရှိထားပြီးပြီမို့ သေချာပေါက် ဂရုတစိုက် စီမံခန့်ခွဲဖို့ လိုအပ်ပါတယ်"

လော့ချန် နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

"လူအင်အား လိုအပ်နေတာလား"

စီမာဟွေ့နန်က ခေါင်းညိတ်လိုက်ပြီးနောက် ပြန်၍ ခါယမ်းလိုက်ကာ

"လူအင်အား လိုအပ်တာ တစ်ချက်၊ နောက်တစ်ချက်က တာဝန်တွေ ရှင်းရှင်းလင်းလင်း မရှိတာပါ"

လော့ချန်၏ မျက်မှောင်များ တွန့်ကွေးသွားခဲ့သည်။

"ဟင်"

စီမာဟွေ့နန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး လက်တွေ့အခြေအနေကို ချက်ချင်း တင်ပြလိုက်သည်။ ဆေးဝါးခန်းမဆောင်၏ လက်အောက်ရှိ ဝိညာဉ်စိုက်ခင်းများမှာ ဆေးဝါးခန်းမဆောင်မှ ကျင့်ကြံသူများသက်သက်ဖြင့်သာ စီမံနေခြင်း မဟုတ်ပေ။ အချို့အချိန်များတွင် တိုက်ပွဲခန်းမဆောင်မှ အားလပ်နေသော အဖွဲ့ဝင်များက ကူညီလုပ်ဆောင်ပေးခဲ့ကြသည်။ သို့သော် တိုက်ပွဲများ ဖြစ်ပွားလာသည့်အခါတွင်မူ စိုက်ခင်းများကို ပြုစုပျိုးထောင်ရန် လူ မလုံလောက်တော့ပေ။

ယခုအခါ ဒန်ရှားတောင်တွင် တန်ဖိုးကြီး ဝိညာဉ်အပင်သစ်မြောက်မြားစွာ ရောက်ရှိနေပြီဖြစ်သဖြင့် အခြေအနေမှာ ပို အရေးကြီးလာခဲ့သည်။ ထိုအပင်များမှာ သာမန် ဆေးဖက်ဝင်အပင်များ မဟုတ်ဘဲ အချိန်ပြည့် အထူးပြုစုစောင့်ရှောက်ရန် လိုအပ်သည့် စီးပွားရေးတန်ဖိုးရှိသော အပင်များ ဖြစ်သည်။

ထိုပြဿနာတစ်ခုတည်း မဟုတ်သေးပေ။ ဥပမာအားဖြင့် လင်းယုန်များမှာ အခြေအနေ လုံးဝ မကောင်းမွန်ကြပေ။ ၎င်းတို့၏ အသိုက်များကို ထျန်းယင်းတောင်မှ ပြောင်းရွှေ့လာခဲ့သည်မှာ တစ်လမျှသာ ရှိသေးသော်လည်း ဂရုစိုက်မှု အားနည်းခြင်းကြောင့် လင်းယုန်ပေါက်စ အချို့ သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။ ဤသည်မှာ ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေသည်။ ဤကဲ့သို့သော ကိစ္စများစွာ ရှိနေသေး၏။ ကျောက်စိမ်းပိုးကောင်များကို မွေးမြူခြင်း၊ အကြေးခွံစိမ်းနဂါးငါး အစာကျွေးခြင်း စသဖြင့် လုပ်ငန်းစဉ်တိုင်းကို မနည်းရုန်းကန်နေရသည်။

ဤပြဿနာများကို ကြားပြီးနောက် လော့ချန်၏ ခေါင်းမှာ ပေါက်ထွက်မတတ် ဖြစ်သွားသည်။

"ငါပဲ ပေါ့ဆမိသွားတာပါ…. ပစ္စည်းကောင်းတွေကို အိမ်ထဲ သယ်လာဖို့ပဲ စိတ်ကူးမိပြီး နောက်ဆက်တွဲတွေကို မေ့သွားတာပါ"

သူသည် မိမိကိုယ်ကို အကွက်စေ့လုပ်နိုင်ပြီဟု ယုံကြည်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် စီမာဟွေ့နန် တာဝန်ယူခဲ့သည့် ရက်အနည်းငယ်အတွင်းမှာပင် သူမ ပြဿနာအမြောက်အမြားကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။

စီမာဟွေ့နန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"အဖွဲ့ချုပ်ခေါင်းဆောင် မစိုးရိမ်ပါနဲ့…. ဒီလို ကိစ္စတွေကအစ အဖွဲ့ချုပ်ခေါင်းဆောင် ဘယ်လိုက်အာရုံစိုက်နိုင်ပါ့မလဲ…. ဒီလို ကိစ္စတွေကို ကျွန်မပဲ သေချာ စီစဉ်လိုက်ပါမယ်"

လော့ချန် သဘောကျစွာ ပြုံးလိုက်ရင်း

"ဒါဆို.... မင်း ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ.... လူသစ် ခေါ်မလား"

"လူသစ်ခေါ်ရုံတင် မဟုတ်ပါဘူး…. အခုအချိန်မှာ လော့ထျန်းအဖွဲ့က အပြောင်းအလဲတစ်ခု လိုအပ်နေပါပြီ"

လော့ချန် ခေါင်းညိတ်လိုက်သည်။ သူသည်လည်း မိမိတို့၏ ဖွဲ့စည်းပုံတွင် တစ်စုံတစ်ခု လွဲမှားနေသည်ဟု ခံစားနေရသည်မှာ ကြာပြီ ဖြစ်သည်။ သို့သော် သူကိုယ်တိုင် အကြံပြုထားခဲ့သော ဆက်ခံမှုစနစ်မှလွဲ၍ မည်သည့်အရာကို ပြောင်းလဲရမည်ကို သူ အတိအကျ မသိသေးပေ။

"အဖွဲ့ချုပ်ခေါင်းဆောင်…. ကျွန်မ သေသေချာချာ လေ့လာကြည့်ပြီးပြီ…."

စီမာဟွေ့နန်က ဆက်ပြောသည်။

"ကျွန်မတို့နဲ့ အကိုက်ညီဆုံးကတော့ အခြေခိုင်ပြီးသား ဂိုဏ်းကြီးတွေရဲ့ ဖွဲ့စည်းပုံပါပဲ"

"တကယ်လို့ လော့ထျန်းအဖွဲ့ကို သစ်ပင်ကြီးတစ်ပင်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ ဆက်ခံမှုစနစ်က အမြစ် ဖြစ်ပြီး အဲဒီ အမြစ်ပေါ်က ပင်စည်ကတော့ ကျွန်မတို့လို အခြေတည်အဆင့် ကျင့်ကြံသူတွေပါ၊ အဲဒီအပြင် အကိုင်းအခက်တွေ အများကြီး ရှိနေရင် ဖြတ်တောက်ပြီး အာဟာရကို အပြည့်အဝ စုပ်ယူနိုင်အောင် လုပ်ရပါမယ်"

ထိုနှိုင်းယှဉ်ချက်မှာ ရိုးရှင်းသော်လည်း အလွန်ပင် ထိရောက်လှပေသည်။ လော့ချန် သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး သူမ ဆက်ပြောမည့် စကားကို စောင့်ဆိုင်းနေခဲ့သည်။

သူ၏ အကြည့်အောက်တွင် စီမာဟွေ့နန် တည်ငြိမ်သော လေသံဖြင့် ဆက်လက် ရှင်းပြခဲ့သည်။

"လော့ထျန်းအဖွဲ့ရဲ့ ခန်းမခုနစ်ဆောင်က မလုံလောက်တော့ပါဘူးရှင်…."

"လက်ရှိ ရှိနေတဲ့ ခန်းမ ခုနစ်ဆောင်အပြင်.... ကျွန်မ နောက်ထပ် ခန်းမသုံးဆောင် ထပ်တည်ထောင်ဖို့ အဆိုပြုချင်ပါတယ်…. အဲဒါတွေကတော့ စိုက်ပျိုးရေးခန်းမဆောင်၊ သားရဲခန်းမဆောင်နဲ့ ကျင့်စဉ်သင်ကြားရေးခန်းမဆောင်တို့ပါ…."

"စိုက်ပျိုးရေးခန်းမဆောင်ကို ဆေးဝါးခန်းမဆောင်ရဲ့ အဓိက အဖွဲ့ဝင်တွေနဲ့ စပြီး ဖွဲ့စည်းဖို့ အကြံပြုပါတယ်၊ ယွမ်တုန်းရှန်းက အတွေ့အကြုံရှိပြီး ကျွမ်းကျင်သူတစ်ဦး ဖြစ်တာကြောင့် သူ့ကို ဦးဆောင်ခွင့်ပေးဖို့ လုံးဝ သင့်တော်ပါတယ်…. သားရဲခန်းမဆောင်အတွက်ကတော့ ကျွန်မတို့ဆီမှာ တိုးလာတဲ့ ဝိညာဉ်သားရဲတွေအတွက်ပါ၊ ဒါက ကျွန်မတို့ လျစ်လျူရှုလို့မရတဲ့ အရာပါ၊ ထျန်းလန်နတ်ဘုရားမြို့တော်ကနေ အရည်အချင်းရှိတဲ့ သားရဲထိန်းကျောင်းသူတွေကို ခေါ်ဖို့ လိုပါလိမ့်မယ်…. ပြီးတော့ ကျင့်စဉ်သင်ကြားရေးခန်းမဆောင်ကတော့ အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ ဆက်ခံမှုစနစ်ကို အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်၊ တိုက်ပွဲတွေ အများကြီး ကြုံတွေ့ပြီးတဲ့နောက် ကျွန်မတို့ဆီမှာ ကျင့်စဉ်ကျမ်းစာတွေ အပုံလိုက် စုဆောင်းထားပြီးပါပြီ၊ စာကြည့်တိုက်တစ်ခုသက်သက်ကတော့ ဒီအရာတွေကို ကောင်းကောင်း အသုံးချနိုင်ဖို့ မလုံလောက်ပါဘူး၊ ကျွန်မကိုယ်တိုင် အဆင့်တက်လှမ်းခဲ့တာကိုပဲ နမူနာကြည့်ပါဦး၊ ကျွန်မ ဒုတိယအဆင့် ကျမ်းစာအများကြီး ဖတ်ပြီးတော့မှသာ ရေစပ်နန်းဆောင်အတတ်ကို နောက်ဆုံး ရွေးချယ်နိုင်ခဲ့တာ၊ တကယ်လို့ တစ်စုံတစ်ယောက်က ဒီကျင့်စဉ်တွေကို စနစ်တကျ စုစည်းပြီး ခွဲခြားပေးထားမယ်ဆိုရင် ကျွန်မ အချိန်တွေ အများကြီး သက်သာသွားနိုင်မှာ"

သူမ၏ ရှည်လျားလှသော ရှင်းပြချက်သည် အခြားသူတစ်ဦးဦးကို ခေါင်းကိုက်သွားစေနိုင်သော်လည်း လော့ချန်ကမူ ဂရုတစိုက် နားထောင်နေခဲ့သည်။ သူသည် လော့ထျန်းအဖွဲ့ကြီး ကြီးထွားလာစဉ် ကြုံတွေ့ရသော ပြဿနာများကို ကောင်းစွာ သိရှိထားသဖြင့် စီမာဟွေ့နန်၏ အစီအစဉ်မှာ အလွန်ပင် စေ့စပ်သေချာပြီး ပြီးပြည့်စုံလှကြောင်း သဘောပေါက်လိုက်သည်။

ဥပမာအားဖြင့် သီးသန့် စိုက်ပျိုးရေးခန်းမဆောင် ဖွဲ့စည်းခြင်းမှာ ကျိုးကြောင်းဆီလျော်ရုံတင်မကဘဲ မဖြစ်မနေ လိုအပ်သောအရာ ဖြစ်သည်။ အမှန်စင်စစ် ဆေးဝါးခန်းမဆောင်၏ တာဝန်ဝတ္တရားများမှာ လွန်လေပြီးသော ကာလများကတည်းက ဝေဝါးနေခဲ့သည်။ ၎င်းသည် မူလက ဆေးဖော်ခန်းမဆောင်ကို ပံ့ပိုးပေးရန် ရည်ရွယ်ထားခြင်း ဖြစ်သော်လည်း နေရာပြောင်းရွှေ့မှု မြောက်မြားစွာ ပြုလုပ်ပြီးနောက်တွင်မူ ဆေးဖက်ဝင် ပစ္စည်းအများစုကို အပြင်ဘက်မှသာ ဝယ်ယူရရှိခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ဆေးဝါးခန်းမဆောင်သည် ဝိညာဉ်အပင်များ စိုက်ပျိုးခြင်းနှင့် ဝိညာဉ်စိုက်ခင်းများ စီမံခြင်းဆီသို့သာ ဦးတည်သွားခဲ့သည်။ ၎င်းက ထူးဆန်းသော အခြေအနေတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ စိုက်ခင်းများကို ပြုစုနေသော ကျင့်ကြံသူ အများစုမှာ ဆေးဝါးခန်းမဆောင်မှ အဖွဲ့ဝင်များပင် မဟုတ်ကြချေ။ ထို့အစား တိုက်ခိုက်ရေးခန်းမဆောင်မှ အားလပ်နေသော အဖွဲ့ဝင်များကသာ ဝင်ရောက် လုပ်ကိုင်ပေးခဲ့ကြခြင်း ဖြစ်သည်။ ဤအစီအစဉ်က ယာယီအားဖြင့် အဆင်ပြေခဲ့သော်လည်း ရေရှည်အတွက်မူ မဖြစ်နိုင်သည်မှာ ထင်ရှားလှပေသည်။

စိုက်ပျိုးရေးခန်းမဆောင်ကို တည်ထောင်လိုက်ခြင်းဖြင့် ဤပြဿနာအများစုကို ဖြေရှင်းနိုင်မည် ဖြစ်သည်။ ဤသည်မှာ လက်ရှိ လော့ထျန်းအဖွဲ့တွင်ရှိသော အဖွဲ့ဝင် သုံးရာခန့်ဖြင့် လုပ်ဆောင်နိုင်သည့်အရာမဟုတ်ပေ။

"ဒါဆို လူသစ် ခေါ်ရမှာပေါ့"

"ဟုတ်ကဲ့.... အရမ်းအရေးကြီးပါတယ်…. တံခါးကို ဖွင့်ပေးပေးပါ ခေါင်းဆောင်၊ ကျင့်ကြံအဆင့် မလိုပါဘူး၊ ချီသန့်စင်အစောပိုင်းဆို ရပါပြီ၊ သူတို့ကို လိုအပ်သလို ပျိုးထောင်သွားလို့ ရပါတယ်၊ အဆင့်မြင့်ကျင့်ကြံသူတွေ အတွက်ကတော့ သူတို့မှာ သီးသန့်ကျွမ်းကျင်မှုတစ်ခု ရှိရမှာဖြစ်ပြီး ချက်ချင်း အသုံးချနိုင်သူတွေ ဖြစ်ရပါမယ်”

“ကျွန်မရဲ့ ရည်မှန်းချက်ကတော့ ကျင့်စဉ်သင်ကြားရေးခန်းမဆောင်နဲ့ ပြစ်ဒဏ်ခန်းမဆောင်ကလွဲလို့ ကျန်တဲ့ ခန်းမတိုင်းမှာ အဖွဲ့ဝင် တစ်ရာအောက် မနည်း ရှိနေဖို့ပါ"

ထို့နောက် သူမ၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ သူမ ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့ပြီး လော့ချန်ကို တစ်ချက် လှမ်းကြည့်လိုက်ကာ တစ်စုံတစ်ခုကို စဉ်းစားတွက်ချက်နေသကဲ့သို့ ရှိနေခဲ့သည်။

လော့ချန် သူမ၏ တုံ့ဆိုင်းမှုကို သတိပြုမိသွားပြီး

"ဆက်ပြော ဟွေ့နန်"

စီမာဟွေ့နန် ခေတ္တမျှ ထပ်မံ၍ တုံ့ဆိုင်းနေခဲ့ပြီးနောက် အသက် ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ ပွင့်လင်းစွာဖြင့်

"အဖွဲ့ချုပ်ခေါင်းဆောင်.... အမှန်အတိုင်း ပြောရရင်တော့ တိုက်ခိုက်ရေးခန်းမဆောင်က အသုံးနည်းနေတယ်လို့ ကျွန်မ ထင်ပါတယ်၊ သာမာန် အချိန်တွေမှာ သူတို့ထဲက အများစုက လယ်ယာစိုက်ပျိုးရေးပဲ လုပ်နေကြတာ၊ ပြီးတော့ ပြစ်ဒဏ်ခန်းမဆောင်က…. အမှန်အတိုင်း ပြောရရင် သူတို့မှာ ဘာမှ လုပ်စရာ သိပ်မရှိပါဘူး၊ သူတို့ လုပ်နေတာတွေကို တိုက်ခိုက်ရေးခန်းမဆောင်ကလူတွေလည်း လုပ်လို့ရနေတာပဲ၊ သူတို့ရဲ့ တာဝန်တွေက ဘာမှကွာတာလည်း မဟုတ်ပါဘူး...."

လော့ချန် မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း

"မင်း သူတို့ကို ပေါင်းလိုက်ချင်တာလား"

စီမာဟွေ့နန်သည် လော့ချန်၏ မျက်ဝန်းများကို တည့်တည့်မကြည့်ဘဲ ခေါင်းညိတ်ပြခဲ့သည်။

သူမ၏ တွန့်ဆုတ်မှုကို လော့ချန် နားလည်သွားသည်။ တိုက်ခိုက်ရေးခန်းမဆောင်ကို သူမ၏ အစ်ကိုအရင်းဖြစ်သူ စီမာရှန့် ဦးဆောင်နေခြင်း ဖြစ်ပြီး ပြစ်ဒဏ်ခန်းမဆောင်ကိုမူ လော့ချန်၏ ယခင်က ကိုယ်ရံတော် ဖြစ်ခဲ့ပြီး ယုံကြည်စိတ်ချရသော လူရင်းဖြစ်သည့် ကျိုးယွမ်လီ ဦးဆောင်နေခြင်း ဖြစ်သောကြောင့်ပင်။ ပြစ်ဒဏ်ခန်းမဆောင်၏ အဖွဲ့ဝင်အများစုမှာ ကျိုးယွမ်လီကိုယ်တိုင် လော့ချန်၏ ယခင် ကိုယ်ရံတော်များထဲမှ လက်ရွေးစင် ရွေးချယ်ထားခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ပုံမှန်အားဖြင့် လူသိနည်းအောင် နေထိုင်ကြသော်လည်း လော့ထျန်းအဖွဲ့အတွင်းရှိ မည်သူမျှ သူတို့ကို မဆန့်ကျင်ရဲကြပေ။ သူတို့သည် အမြဲ အသင့်ရှိနေသော လော့ချန်၏ ကိုယ်ပိုင် ဓားသွားများ ဖြစ်ကြသည်။

စီမာဟွေ့နန်အနေဖြင့် ယခုလို ပေါင်းစည်းရန် အကြံပြုခြင်းမှာ ရဲတင်းလွန်းလှပေသည်။

နှစ်ဦးကြားရှိ လေထုမှာ ချက်ချင်းပင် တင်းမာသွားခဲ့ရသည်။

သို့သော် လော့ချန် ခပ်တိုးတိုး ရယ်မောလိုက်ပြီး ထိုတင်းမာမှုကို ဖြိုခွဲလိုက်သည်။

"ပြစ်ဒဏ်ခန်းမဆောင်ဆိုတာ အမြဲတမ်း တည်ရှိနေဖို့ ရည်ရွယ်ထားတာ မဟုတ်ပါဘူး…. ဒါက ငါ အခြေတည်အဆင့်ရောက်ပြီးတဲ့နောက် ကျိုးယွမ်လီအတွက် သီးသန့် ပြင်ဆင်ပေးခဲ့တာပဲ ရှိတာ…. ပေါင်းလိုက်တာက လုံးဝ သဘာဝကျပါတယ်…. ကျိုးယွမ်လီကို ဘယ်လို ကိုင်တွယ်ချင်လဲ ဆိုတာကတော့ မင်း မှန်ကန်တယ် ထင်တဲ့အတိုင်းသာ လုပ်၊ ငါ့ဘက်က လုံးဝ ပံ့ပိုးပေးမှာပါ"

ဤစကားများကို ကြားရသည့်အခါမှသာ စီမာဟွေ့နန်သည် သူမ၏ ပုခုံးထက်မှ ကြီးမားလှသော ဝန်ထုပ်ဝန်ပိုးကြီး ကျဆင်းသွားသကဲ့သို့ အသက်ဝဝရှူနိုင်တော့သည်။ သူမ၏ စိတ်ကူးထဲတွင် အစီအစဉ်တစ်ခု ချက်ချင်းပင် ပုံဖော်လာခဲ့ချေပြီ။

"ကျွန်မ ပြစ်ဒဏ်ခန်းမဆောင်ကို တိုက်ခိုက်ရေးခန်းမဆောင်အောက်ထဲ ပေါင်းထည့်ဖို့ ရည်ရွယ်ထားပေမဲ့ ပြစ်ဒဏ်ခန်းမဆောင်ရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကိုတော့ ဖျက်သိမ်းမှာ မဟုတ်ပါဘူး၊ သူတို့က ဆက်ပြီး လှုပ်ရှားနေမှာပါ"

"မင်း ဆိုလိုတာက နှစ်ခုလုံး ဆက်ရှိနေမယ်ပေါ့ ဟုတ်လား" လော့ချန် စိတ်ဝင်တစား မေးမြန်းလိုက်သည်။

စီမာဟွေ့နန်က ပြတ်သားစွာ ခေါင်းညိတ်သည်။

"အတူတူ ရှိနေရုံတင် မဟုတ်ပါဘူးရှင်…. ကျွန်မအနေနဲ့ တိုက်ခိုက်ရေးခန်းမဆောင်ထဲမှာ ထောက်လှမ်းရေးအဖွဲ့တစ်ဖွဲ့ကိုပါ ထပ်ပြီး ထည့်ချင်ပါတယ်"

ဤနေရာသို့ ရောက်သည့်အခါ သူမ၏ အမူအရာ တည်ကြည်လေးနက်သွားခဲ့သည်။

"အဖွဲ့ချုပ်ခေါင်းဆောင်.... လော့ထျန်းအဖွဲ့ ဒီတစ်ကြိမ် ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေက အစောကတည်းက အရိပ်အယောင် ရှိနေခဲ့တာပါ…. ဒါပေမဲ့ အဲဒီ သတင်းစကားတွေကို သေချာထောက်လှမ်းပြီး ခွဲခြမ်းစိတ်ဖြာမယ့် ကျွမ်းကျင်သူတွေ ကျွန်မတို့ဆီမှာ မရှိခဲ့ဘူး…. အကျိုးဆက်အနေနဲ့ တခြား ကျင့်ကြံသူတွေက လော့ထျန်းအဖွဲ့ရဲ့ စည်းစိမ်တွေကို လာချောင်းမြောင်းတဲ့အထိ ဖြစ်သွားခဲ့ရတာ"

ဤစကားကို ကြားရသည့်အခါ လော့ချန်သည် သတင်းအချက်အလက်၏ အရေးပါပုံကို ချက်ချင်းပင် သဘောပေါက်သွားခဲ့တော့သည်။ အကယ်၍ လီကျင်ဟွမ်၏ သတိပေးမှုနှင့် ရှင်းကျူံးဟန့်၏ သတင်းစကားသာ မရှိခဲ့လျှင် သူသည် ဝမ်ယွမ်နှင့် အခြား အခြေတည် ကျင့်ကြံသူများကို ဦးဆောင်ကာ ချင်းဟွာမြစ်သို့ သွားရောက်၍ အင်အားပြသမိနေလောက်ပြီ ဖြစ်သည်။ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် လော့ထျန်းအဖွဲ့၏ အခြေစိုက်စခန်းလည်း ဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ပြီး ဖြစ်ပေလိမ့်မည်။

‘ထောက်လှမ်းရေး.... ဒါက ငါ လျစ်လျူရှုမိသွားတဲ့ အချက်ပဲ’

လော့ချန် တွေးတောမိလိုက်သည်။

စီမာဟွေ့နန်က ဆက်ပြောသည်။

"တိုက်ခိုက်ရေးခန်းမဆောင်က တိုက်ခိုက်ရေးကိုပဲ အဓိက ထားနေဦးမှာ ဖြစ်ပေမဲ့.... သစ္စာရှိပြီး စွမ်းဆောင်ရည်ရှိတဲ့ လူတွေကို ရွေးချယ်ပြီး စည်းကမ်းထိန်းသိမ်းရေးနဲ့ ထောက်လှမ်းရေးအဖွဲ့တွေပါ ထပ်ထည့်သွားမှာပါ၊ ဒါက ကျွန်မရဲ့ စိတ်ကူးပါ၊ အဖွဲ့ချုပ်ခေါင်းဆောင် ဘယ်လိုထင်လဲဟင်"

လော့ချန် တုံ့ဆိုင်းခြင်းမရှိဘဲ လက်ခုပ်တီးလျက် ချီးကျူးလိုက်သည်။

"သိပ်ကောင်းတဲ့ စိတ်ကူးပဲ၊ ငါ လုံးဝကို သဘောတူတယ်"

လော့ချန်၏ သဘောတူညီမှုကို ရပြီးဖြစ်ရာ စီမာဟွေ့နန် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

"ဒါဆိုရင် ကျွန်မတို့ဆီမှာ ခန်းမ ဆယ်ဆောင် မဟုတ်တော့ဘဲ ကိုးဆောင်ပဲ ရှိတော့မှာပါ…."

"ခန်းမ...."

ထို ခန်းမ ဆိုသည့် စကားလုံးကို ထပ်ခါတလဲလဲ ကြားရလွန်း၍ လော့ချန် စိတ်ညစ်လာသည်။ သူ စီမာဟွေ့နန်အား ကြည့်ကာ ပြောလိုက်သည်။

"ကဲ.... ပြောင်းလက်စနဲ့ ခန်းမ ဆိုတဲ့ စကားလုံးကြီးကိုပါ ပြောင်းလဲလိုက်ကြရအောင်၊ ခန်းမ ဆိုတဲ့ စကားလုံးက သိပ်ဟိတ်ဟန်မရှိဘူး"

စီမာဟွေ့နန် ခေတ္တမျှ ဆွံ့အသွားခဲ့ရသည်။ သို့သော် လော့ချန် ပြောသည်မှာလည်း အမှန်ပင် ဖြစ်၏။ လက်ရှိ လော့ထျန်းအဖွဲ့၏ ဖွဲ့စည်းပုံစနစ်သည် ဖိုရှန်းဂိုဏ်းမှ ဆက်ခံခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ဖိုရှန်းဂိုဏ်းသည် တစ်ကိုယ်တော် ကျင့်ကြံသူများ၏ အဖွဲ့ငယ်တစ်ဖွဲ့သာ ဖြစ်ခဲ့သည်။ ယခုအခါ လော့ထျန်းမှာ စစ်မှန်သော ဂိုဏ်းကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲနေပြီ ဖြစ်ရာ ထိုနာမည်များသည် ခန့်ညားထည်ဝါမှု ကင်းမဲ့နေခဲ့ပြီ ဖြစ်သည်။

"ငါတို့တွေ ဒါကို ခန်းမလို့ ဆက်မခေါ်တော့ဘူး၊ အခုအချိန်ကစပြီး.... နန်းဆောင်လို့ပဲ ခေါ်တွင်စေရမယ်"

‘နန်းဆောင်’

စီမာဟွေ့နန် ထိုနာမည်သစ်ကို စိတ်ထဲမှ စမ်းသပ် ရေရွတ်ကြည့်လိုက်သည်။

"လော့ထျန်းအဖွဲ့ရဲ့ နန်းဆောင်ကိုးဆောင်လားရှင်"

လော့ချန် ပြုံးလိုက်သည်။

"အဆင်ပြေတယ် မဟုတ်လား၊ ငါ အစတည်းက လော့ထျန်းအဖွဲ့လို့ နာမည်ပေးခဲ့တာဟာ.... အားလုံး ကောင်းကင်ယံအထိ တက်လှမ်းနိုင်ဖို့ ရည်ညွှန်းခဲ့တာပဲလေ"

မှန်ပေသည်။ အရာအားလုံး အချိတ်အဆက် မိသွားခဲ့ချေပြီ။ သို့သော် ဤကဲ့သို့သော အသေးအဖွဲ ကိစ္စရပ်များသည် စီမာဟွေ့နန်အတွက်မူ အရေးကြီးလှသည် မဟုတ်ပေ။ သို့သော် အဖွဲ့ချုပ်ခေါင်းဆောင် ကျေနပ်နေသရွေ့ သူမအနေဖြင့် ကန့်ကွက်ရန် အကြောင်းပြချက် မရှိပေ။

ဆွေးနွေးမှု အဆုံးသတ်ခါနီးတွင် လော့ချန် ရုတ်တရက် မေးမြန်းလိုက်သည်။

"မင်း စောစောက ပိုနေတဲ့ သစ်ကိုင်းတွေကို ဖြတ်တောက်ဖို့ လိုအပ်တယ်လို့ ပြောခဲ့တယ်မဟုတ်လား.... ဒါပေမဲ့ အခု အစီအစဉ်အရဆိုရင် ငါတို့တွေက ပိုပြီး တိုးချဲ့လိုက်သလို ဖြစ်နေပြီ"

စီမာဟွေ့နန် ပြုံးလိုက်သည်။

"သစ်ကိုင်းတွေကို ဖြတ်တောက်တယ်ဆိုတာ သစ်ပင်ကြီးက စိမ်းလန်းစိုပြည်လာတဲ့ အခါမှသာ လုပ်ရတာပါရှင်၊ အခုအချိန်မှာ လော့ထျန်းအဖွဲ့က ပျိုးပင်လေးတစ်ပင်ပဲ ရှိသေးတာ၊ လိုအပ်နေတာက အကိုင်းအခက် ဖြတ်တောက်တာ မဟုတ်ဘဲ ကောင်းကင်ယံအထိ ရောက်အောင် အတားအဆီးမဲ့ ကြီးထွားလာဖို့ပါ"

‘ကောင်းကင်ယံအထိ အတားအဆီးမဲ့ ကြီးထွားလာဖို့’

လော့ချန်၏ မျက်ဝန်းများ ချက်ချင်း တောက်ပသွားသည်။ သူ သဘောကျစွာဖြင့် လက်ခုပ်တီးလိုက်သည်။

"သိပ်ကောင်းတယ်...."

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters