အခန်း ၄၃၆
Vol. 44 Ch. 436
အခန်း (၄၃၆) - ရင်းနှီးလွန်းသော ထိုအသံနှင့် တစ်ကျော့ပြန် အတိတ်
[အခြေအနေပြကြေးမုံပြင်]
အမည် - လော့ချန်
သက်တမ်း - ၄၁ / ၂၀၅
ဝိညာဉ်အမြစ် - သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ (ငါးမျိုးစုံ)
အဆင့် - အခြေခံတည်ဆောက်ခြင်း အဆင့် ၄ (၂/၁၀၀)၊ သွေးမြစ်အဆင့် (၂၀/၁၀၀)
အောင်မြင်မှုအမှတ် - ၃၀
[ကျင့်စဉ်များ]
ထာဝရနုပျိုစိမ်းလန်းကျင့်စဉ် - ပြီးပြည့်စုံအဆင့် (၃၀၁/၅၀၀)
နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း ကျင့်စဉ် - ပါရမီရှင်အဆင့် (၇၀၀/၁၀၀)
ဝိညာဉ်သားရဲတစ်သောင်းကျင့်စဥ် - အခြေခံအဆင့် (၁၀/၁၀၀)
[မှော်အတတ်များ]
တတိယအဆင့်
သက်စောင့်အသက်ဆွဲလက်ညှိုး - အခြေခံအဆင့် (၁/၁၀၀)
ဒုတိယအဆင့်
မြေပြိုခြင်း - ပါရမီရှင်အဆင့် (၅၁၀/၁၀၀)
ဖန်သားနတ်ဘုံအကာအရံ - ကျွမ်းကျင်အဆင့် (၂၄၉/၃၀၀)
လိပ်ဝိညာဉ်ချပ်ဝတ်တန်ဆာ - တတ်မြောက်အဆင့် (၁၅၇/၂၀၀)
နေမီးလျှံအတတ် - ပါရမီရှင်အဆင့် (၅၇၀/၁၀၀)
ပထမအဆင့်
ကုသခြင်းမှော်အတတ် - အထွတ်အထိပ်အဆင့်
မြေစိုင်တောင် မှော်အတတ် - အထွတ်အထိပ်အဆင့်
လှိုင်းလုံးမှော်အတတ် - အထွတ်အထိပ်အဆင့်
အသံလုံအတားအဆီး မှော်အတတ် - ပါရမီရှင်အဆင့် (၆၀၀/၁၀၀၀)
စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ် - ပြီးပြည့်စုံအဆင့် (၃၂၇/၅၀၀)
အထွတ်အထိပ်အဆင့် မှော်အတတ်များ (အသေးစိတ်ကြည့်ရန် နှိပ်ပါ)
[ဆေးဖော်စပ်ခြင်း]
ကျောက်စိမ်းကွဲခြင်း - အထွတ်အထိပ်အဆင့်
သစ္စာနှလုံးသား - အထွတ်အထိပ်အဆင့်
ရေတံခွန်စိမ့်စမ်း - ပါရမီရှင်အဆင့် (၇၅၀/၁၀၀၀)
တိမ်တိုက်အသွင်ပြောင်းခြင်း - ပါရမီရှင်အဆင့် (၅၀၇/၁၀၀၀)
ချင်းယွမ်အဆိပ်ဖြေနည်း - ပါရမီရှင်အဆင့် (၅၉၀/ ၁၀၀၀)
ဖေယွမ်လက်ကွက် - အခြေခံအဆင့် (၁၅/၁၀၀)
[ကိုယ်ခံပညာ]
တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း - အထွတ်အထိပ်အဆင့်
ကောင်းကင်နတ်သမီးပန်းကြဲခြင်း - ပါရမီရှင်အဆင့် (၅၀၁/၁၀၀၀)
ဝမ်မျိုးနွယ်စု လက်စွဲကျမ်း - ကျွမ်းကျင်အဆင့် (၂၇၀/၃၀၀)
[အတတ်ပညာများ]
ဒုတိယအဆင့် ဆေးဖော်ဆရာ
မှော်အာဟာရဆေးလုံး - အထွတ်အထိပ်အဆင့်
အံ့ဖွယ်တစ်သောင်းဆေးလုံး - အထွတ်အထိပ်အဆင့်
ကျောက်စိမ်းအမြုတေဆေးလုံး - အထွတ်အထိပ်အဆင့်
ချီလမ်းကြောင်းဆေးလုံး - အထွတ်အထိပ်အဆင့်
သွေးအဆီအနှစ်ဆေးလုံး - ကျွမ်းကျင်အဆင့် (၂၀၄/၃၀၀)
ကျောက်စိမ်းနှင်းစက်ဆေးလုံး - ပြီးပြည့်စုံအဆင့် (၃၅၀/၅၀၀)
နတ်ဒေဝါပျားရည် - အခြေခံအဆင့် (၃/၁၀၀)
အခြေအနေပြကြေးမုံပြင်ပေါ်ရှိ ရှုပ်ထွေးလှသော စာသားများကို လော့ချန် မြင်တွေ့လိုက်ရသည်။ သူသည် တွေဝေခြင်းမရှိဘဲ ပိုလျှံနေသော အချက်အလက်များကို နေရာရွှေ့လိုက်ပြီး ကုသခြင်းအတတ်၊ မြေစိုင်တောင်မှော်အတတ်နှင့်၊ လှိုင်းလုံးမှော်အတတ် အပါအဝင် သူ ပြီးပြည့်စုံအောင် လေ့ကျင့်ထားပြီးဖြစ်သော ပထမအဆင့် မှော်အတတ်များကိုလည်း အောက်ဘက်ရှိ ကျစ်လျစ်သော အပိုင်းတစ်ခုအတွင်းသို့ စုစည်းထည့်သွင်းလိုက်သည်။
ဤအရာများမှာ အခြေခံမှော်အတတ်များသာ ဖြစ်သဖြင့် မျက်နှာပြင်ပေါ်တွင် အမြဲ ပြသထားရန် မလိုချေ။ သို့သော် မြေစိုင်တောင်မှော်အတတ် နှင့် လှိုင်းလုံးမှော်အတတ်တို့ကို မီးလုံးအတတ်နှင့် ပေါင်းစပ်လိုက်သောအခါတွင်မူ ပါရမီရှင်အဆင့်သို့ ထူးဆန်းစွာ တိုးတက်သွားခဲ့ပြီဖြစ်သော မြေပြိုမှော်အတတ် ဖြစ်လာခဲ့သည်။ ထို မြေပြိုမှော်အတတ်၏ တိုက်စစ်စွမ်းအားမှာ ဖျက်ဆီးရွှေ့ပြောင်းနိုင်စွမ်း အပြည့် ရှိပေသည်။ အခြေတည် အလယ်အဆင့်သို့ ရောက်ရှိပြီး ကျင့်ကြံခြင်းမှ ထွက်လာခဲ့ကတည်းက လော့ချန် ထိုမှော်အတတ်ကို နှစ်ကြိမ်တိုင်တိုင် အသုံးပြုခဲ့သည်။ ဝမ်ယွမ်သည်ပင် ထိုမှော်အတတ်ကို အလွန်အမင်း ချီးကျူးခဲ့ဖူး၏။ ပြီးခဲ့သည့် တိုက်ပွဲတွင် ကျဆုံးသွားခဲ့ရှာသော ဝေထော်မှာမူ မှတ်ချက်ပေးရန် အခွင့်အရေး မရခဲ့ရှာချေ။ သို့သော် အကယ်၍ သူ၏ ဝိညာဉ်သာ ရှိနေဦးမည်ဆိုပါက "ခမ်းနားလိုက်တာ" ဟု အော်ဟစ်ချီးကျူးနိုင်သည်။
သို့သော်ငြားလည်း မြေပြိုမှော်အတတ်တွင် အားနည်းချက်မရှိသည်တော့ မဟုတ်ပေ။ ထိုမှော်အတတ်သည် နေမီးလျှံကဲ့သို့ပင် အလွန်တရာ ရှုပ်ထွေးလှသည်။ လော့ချန်အနေဖြင့် ၎င်းကို တိုက်ပွဲအတွင်း အသုံးပြုနိုင်ခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ထိုအတတ်ကို အဆင့်သုံးဆင့်အဖြစ် ပါးနပ်စွာ ခွဲထုတ်ထားပြီး မည်သူ့ကိုမျှ သတိမမူမိစေဘဲ တစ်ဆင့်ချင်းစီကို စီမံနိုင်သောကြောင့်သာ ဖြစ်သည်။
မြေပြိုမှော်အတတ်သည် ဒုတိယအဆင့် တိုက်ခိုက်ရေးမှော်အတတ်များထဲတွင် အားအကောင်းဆုံးတစ်ခုအဖြစ် ကျော်ကြားသော်လည်း လေ့ကျင့်သူ အလွန်ရှားပါးလှပြီး ၎င်း၏ လမ်းညွှန်ကျမ်းများကိုပင် တန်ဖိုးမရှိသလောက် ပေါပေါပဲပဲ ရောင်းချကြသည်။ အကြောင်းမှာ ထိရောက်စွာ အသုံးပြုရန် အလွန် လက်ဝင်လွန်းသောကြောင့် ဖြစ်၏။ လော့ချန်အနေဖြင့် ထိုအတတ်ကို လိုသလို လျင်မြန်ချောမွေ့စွာ အသုံးပြုလိုပါက ၎င်းကို အထွတ်အထိပ်အဆင့်ထိ ရောက်အောင် လေ့ကျင့်ရန် လိုအပ်ပေလိမ့်မည်။
၎င်းနှင့်ဆန့်ကျင်ဘက်အနေဖြင့် ယခင်က နေမီးလျှံမှော်အတတ်ကို အသုံးပြုရာတွင် သူ ကြုံတွေ့ခဲ့ရသော ပြဿနာများမှာမူ ဖြေရှင်းပြီး ဖြစ်သည်။ စီမာဟွေ့နန်မှ ကူညီပေးခဲ့ခြင်းဖြစ်ပြီး သူမသည် ရှန်ကုန်းဂိုဏ်း၏ ပိုင်ဆိုင်မှုများထဲမှ ကျမ်းစာတစ်စောင်ကို ရှာဖွေပေးခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်ကျမှပင် လော့ချန်သည် သူ ယခင်က အောင်မြင်စွာ အသုံးပြုခဲ့သော အစွမ်းထက်လှသည့် နေမီးလျှံမှော်အတတ်မှာ မပြည့်စုံသော အတုခိုးမှုမျှသာ ရှိသေးကြောင်း သိရှိသွားခဲ့တော့သည်။ ကြည့်ရသည်မှာ ခမ်းနားလှသော်လည်း ၎င်း၏ ဖျက်ဆီးနိုင်စွမ်းမှာ အထွတ်အထိပ်အဆင့် မီးလုံးများကို ထပ်ဆင့်ပေါင်းစပ်ထားခြင်းကြောင့်သာ ဖြစ်သည်။
စစ်မှန်သော ကျမ်းစာကို လက်ဝယ်ရရှိပြီးနောက် လော့ချန်သည် နှစ်နာရီပင်မပြည့်သော အချိန်အတွင်း ထိုအတတ်ကို တတ်မြောက်သွားခဲ့သည်။ အဓိက သဘောတရားမှာ ပြောင်းလဲခြင်း မရှိဘဲ မီးလုံးအတတ်၏ အဆင့်မြင့် တိုးချဲ့မှုတစ်ခုသာ ဖြစ်သည်။ ကွာခြားချက်မှာ အဆင့်ဆင့် လုပ်ဆောင်ရသော လုပ်ငန်းစဉ်ကို များစွာမြန်ဆန်စေသည့် သေးငယ်သော ဗျူဟာအချို့ ပါဝင်လာခြင်းပင် ဖြစ်၏။
သဘာဝအတိုင်းပင် ရလဒ်ကောင်းတစ်ခုနောက်တွင် ပေးဆပ်မှုတစ်ခု ရှိစမြဲပင်။ အရှိန်အဟုန် မြှင့်တင်လိုက်ခြင်းသည် ချီစွမ်းအားကို ပိုမို ကုန်ဆုံးစေသည် ဖြစ်ရာ ယခင်ကကဲ့သို့ အကန့်အသတ်မရှိ ထပ်ဆင့်ပေါင်းစပ်၍ မရတော့ချေ။ သို့သော်ငြားလည်း လော့ချန် ထိုအရာကို ဂရုမစိုက်ချေ။ မှော်အတတ်နှစ်ခုအနက် မြေပြိုမှော်အတတ်က ပိုမို ကြီးမားသော အလားအလာ ရှိနေသည်ဖြစ်ရာ သူအနေဖြင့် စိတ်ပျက်စရာ မလိုချေ။ ယခုအခါတွင် နေမီးလျှံမှော်အတတ်သည် တိုက်ပွဲတွင် အသုံးတည့်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိသော လက်နက်တစ်ခု ဖြစ်လာသော်လည်း သူ၏ နောက်ဆုံးဝှက်ဖဲကြီး မဟုတ်တော့ပေ။
ထို့အပြင် ကျယ်ပြောလှသော ဟင်းလင်းပြင်တွင်ဆိုလျှင် လော့ချန်သည် ထပ်ဆင့်ပေါင်းစပ်ထားသော နည်းကို အသုံးပြုနိုင်ဆဲပင် ဖြစ်သည်။ သူ၏ ခိုင်မာလှသော အခြေခံအုတ်မြစ်ကြောင့် ထိုမှော်အတတ်ကို ပြန်လည် လေ့လာလိုက်သည့် အခိုက်အတန့်မှာပင် သူ၏ ကျွမ်းကျင်မှုမှာ ပါရမီရှင်အဆင့်သို့ တိုက်ရိုက် ခုန်တက်သွားခဲ့သည်။ သို့သော် ဤအောင်မြင်မှုက အောင်မြင်မှုရမှတ် တစ်မှတ်မျှပင် ထွက်မလာခဲ့သဖြင့် သူ အနည်းငယ် နှမြောတသ ဖြစ်သွားရ၏။
မှော်အတတ်ကဏ္ဍကို ပြန်လည်စီစဉ်ပြီးနောက် လော့ချန် သူ၏ အခြေအနေပြကြေးမုံပြင်တစ်ခုလုံးကို သေချာစွာ စစ်ဆေးလိုက်သည်။ သူ၏မျက်စိထဲ ပထမဆုံး ရောက်လာသောအရာမှာ ဝမ်းမြောက်ဖွယ်ရာ တစ်ခု ဖြစ်သည်။ သူ၏ သက်တမ်းမှာ ၁၉၀ နှစ်မှ ၂၀၅ နှစ်အထိ တိုးတက်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ထိုအချက်ကို သေချာစွာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်၏။ ဆယ်နှစ်မှာ ကျင့်ကြံဆင့် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ခြင်းကြောင့် ဖြစ်ပြီး ကျန်ရှိသော ငါးနှစ်မှာမူ သွေးကြောထဲ စီးဆင်းနေသော သစ်ဓာတ် ချီစွမ်းအင်၏ မွေးမြူပေးမှုနှင့် ခန္ဓာကိုယ်သန့်စင်ခြင်းတွင် တိုးတက်လာခဲ့ခြင်းကြောင့် ဖြစ်သည်။
ဤသည်မှာ သဘာဝကျလှသည်။ ပိုမို သန်မာသော ရုပ်ခန္ဓာသည် ပိုမို ရှည်လျားသော သက်တမ်းကို ပေးစွမ်းနိုင်သည် မဟုတ်ပါလော။
ကျင့်စဉ်ကဏ္ဍတွင်မူ အထင်ရှားဆုံးသော ပြောင်းလဲမှုမှာ နွယ်မြက်သစ်ပင်ဆေးဘုရင်ကျင့်စဉ် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ၎င်း၏ နေရာတွင် သူ၏ အဓိကကျင့်စဉ်သစ်ဖြစ်သော ထာဝရနုပျိုစိမ်းလန်းကျင့်စဉ်က အစားထိုး ဝင်ရောက်လာခဲ့သည်။သူ၏ ယခင်ကျွမ်းကျင်မှုများကြောင့် ဤကျင့်စဉ်သစ်သည် နွေဦးကျင့်စဉ်မှ ကူးပြောင်းခဲ့စဉ်ကကဲ့သို့ပင် ပြီးပြည့်စုံအဆင့်မှ တိုက်ရိုက် စတင်ခဲ့ခြင်း ဖြစ်သည်။ ကံမကောင်းစွာပင် ထိုကူးပြောင်းမှုသည် အောင်မြင်မှုအမှတ် တစ်မှတ်တည်းကိုသာ ထပ်မံပေးစွမ်းခဲ့ခြင်း ဖြစ်သည်။
လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။
"ငါ.... နောက်တစ်ခါ အလိမ်ခံလိုက်ရပြန်ပြီ ထင်တယ်...."
ဆေးဖော်စပ်ခြင်းကဏ္ဍတွင်မူ သူ ကျင့်ကြံနေစဉ်အတွင်း မကြာခဏ ဆေးလုံးများ ဖော်စပ်ခဲ့မှုကြောင့် သိသာထင်ရှားသော တိုးတက်မှုများ ရှိခဲ့သည်။ ရေတံခွန်စိမ့်စမ်းလက်ကွက်မှာ အထွတ်အထိပ်အဆင့်သို့ နီးကပ်နေပြီဖြစ်ပြီး တိမ်တိုက်အသွင်ပြောင်းခြင်းသည်မူ ပါရမီရှင်အဆင့် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် ဖေယွမ်လက်ကွက်ကိုလည်း လေ့လာသင်ယူခဲ့သေးသည်။ လင်းကျွမ်းလက်ကွက်မှာမူ အလွန် ခက်ခဲနေဆဲပင် ဖြစ်၏။ ကြိုးပမ်းမှု အနည်းငယ် ပြုလုပ်ခဲ့သော်လည်း သူ ၎င်းကို နားမလည်ခဲ့ချေ။ သို့သော် အရေးတကြီး မလိုအပ်သေးသဖြင့် သူ ခေတ္တမျှ ဘေးဖယ်ထားလိုက်တော့သည်။
ကိုယ်ခံပညာကဏ္ဍတွင်မူ အခြေအနေက တစ်မျိုးတစ်ဖုံ ကွဲပြားနေသည်။ ကောင်းကင်နတ်သမီးပန်းကြဲခြင်းတွင် သူ၏ တိုးတက်မှုမှာ နှေးကွေးနေခဲ့ပြီး ၎င်းမှာ သူ လေ့ကျင့်ခြင်းအား ရပ်တန့်ထားခဲ့သောကြောင့် ဖြစ်သည်။ အမှန်စင်စစ် ဤအတတ်သည် မှော်လက်နက်များ ထိန်းချုပ်ရာတွင် ကြီးမားသော အထောက်အကူ မပေးနိုင်တော့သဖြင့် သူ ၎င်းကို အာရုံစိုက်ခြင်း မရှိတော့ချေ။
‘နောင်ကျမှ အောင်မြင်မှုရမှတ်တွေ ပိုလိုလာတဲ့အခါကျမှ ဒါကို အဆုံးထိ လေ့ကျင့်လိုက်တော့မယ်....’ ဟု သူ တွေးလိုက်သည်။
သူ ဆက်လက်၍ လေ့ကျင့်နေခဲ့သည်မှာ ဝမ်မျိုးနွယ်စုလက်စွဲကျမ်းမှ ကိုယ်တွင်းအင်္ဂါငါးပါး ပြုစုပျိုးထောင်ခြင်းလက်ဝါးအတတ် ဖြစ်သည်။ သူ၏ ကိုယ်တွင်းအင်္ဂါများသည် တစ်ရက်ထက်တစ်ရက် ပိုမိုခိုင်မာလာသည်ကို ခံစားနေရသည်။
"မင်း ကိုယ်တွင်းအင်္ဂါတွေကို မွေးမြူပြီးသွားပြီဆိုရင် မင်းရဲ့ အင်္ဂါငါးပါးထဲမှာ သွေးစွမ်းအင် အမြောက်အမြားကို သိုလှောင်ထားနိုင်လိမ့်မယ်" ဟု ဝမ်ယွမ် သူ့အား ပြောပြခဲ့ဖူးသည်။
ထိုမှတစ်ဆင့် စွမ်းအင်ငါးပါး ထွက်ပေါ်လာမည်ဖြစ်ပြီး ထိုအချိန်ကျမှသာ လော့ချန်အနေဖြင့် ဝမ်ယွမ်၏ ဧရာမဝိညာဉ်အသွင်ပြောင်းခြင်းအတတ်ကို လေ့ကျင့်ရန် စဉ်းစားနိုင်ပေလိမ့်မည်။
‘ဒီလက်ဝါးအတတ်ကတော့ ဆက်ပြီး လေ့ကျင့်ဖို့ တန်ပါတယ်၊ ငါ့အတွက် အများကြီး အကျိုးရှိခဲ့တာ၊ အဲ့ ဧရာမဝိညာဉ်အသွင်ပြောင်းခြင်းအတတ်ကိုတော့.... ခွေးတောင် သင်မှာ မဟုတ်ဘူး’ ဟု လော့ချန် တွေးလိုက်မိသည်။
ဝမ်ယွမ်၏ အသွင်ပြောင်းလဲမှုကို တွေးလိုက်ရုံမျှဖြင့် သူ၏ ဦးရေပြားမှာ ထုံကျင်သွားရတော့သည်။ တစ်ကိုယ်လုံး ဗလာကျင်းဖြစ်သွားရသည် မဟုတ်လော။ ဖောင်းကားလာသော ကြွက်သားများကို သူ လက်ခံနိုင်သော်လည်း ထိုအရာကြီးမှာမူ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ခုပင် ဖြစ်သည်။ ပို၍ ဆိုးသည်မှာ ဝမ်ယွမ်သည် မကြာသေးမီက ကတုံးတုံးထားခြင်း ဖြစ်သည်။ သူ အသွင်ပြောင်းလိုက်သည့် မြင်ကွင်းမှာ တကယ်ကို ကြည့်ရဆိုးလှပေသည်။
"ရှူး...."
လော့ချန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ ခေါင်းကို အပြင်းအထန် ရမ်းခါလိုက်တော့သည်။
"မဟုတ်ဘူး.... မဟုတ်ဘူး.... စိတ်ထဲက အမှောင်အတွေးတွေကို မောင်းထုတ်ပစ်ရမယ်၊ ဒါပေမဲ့ အဲဒီပုံရိပ်ကြီးက သေလောက်အောင် ကြောက်ဖို့ကောင်းတယ်၊ ငါ နောက်တစ်ခါ ထပ်မြင်ရရင် မျက်စိကန်းသွားလိမ့်မယ်"
၎င်းမှာ သူ၏ သိက္ခာရှိလှသော ပုံရိပ်နှင့် မိုးနှင့်မြေကဲ့သို့ ကွာခြားလှပေသည်။ လော့ချန်သည် များသောအားဖြင့် လှပသော ဝတ်ရုံများကို ဝတ်ဆင်ကာ ကောင်းကင်ယံတွင် ဓားပျံစီးနင်းရင်း မှော်အတတ်များကို ကျော့ရှင်းစွာ အသုံးပြုလေ့ရှိသူ ဖြစ်သည်။ မီးနတ်ဘုရားလော့ဟူသော ဘွဲ့အမည်ကို သူ အလကားရခဲ့ခြင်း မဟုတ်ပေ။
ကျွမ်းကျင်မှုကဏ္ဍတွင်မူ သတိပြုစရာ အများအပြား မရှိချေ။ တစ်ခုတည်းသော ထူးခြားချက်မှာ သူသည် ကျောက်စိမ်းနှင်းစက်ဆေးလုံးကို ပြီးပြည့်စုံအဆင့်သို့ ရောက်အောင် တွန်းပို့နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအဆင့်တွင် အဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးလုံးများကို လေးဆယ်ရာခိုင်နှုန်းထက်မကသော အောင်မြင်မှုနှုန်းဖြင့် လွယ်ကူစွာ ဖော်စပ်နိုင်သည်။ တစ်ခါကမူ နှင်းဧကရာဇ်ဆေးအိုး၏ ဆေးအရည်အသွေး မြှင့်တင်ပေးနိုင်သော စွမ်းပကားကြောင့် ထိပ်တန်းအဆင့် ကျောက်စိမ်းနှင်းစက်ဆေးလုံးတစ်လုံးကိုပင် မတော်တဆ ဖော်စပ်မိခဲ့သေးသည်။ အမှန်ပင် ဝမ်းမြောက်စရာကောင်းသော မတော်တဆမှု ဖြစ်ခဲ့သည်။
ယခုအခါ သူ့လက်ထဲတွင် အဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးလုံး တစ်ရာထက်မကကို စုဆောင်းထားပြီးဖြစ်ကာ ၎င်းတို့အားလုံးမှာ အသုံးပြုမည့်သူမရှိ ဖြစ်နေကြသည်။
အတိတ်က သဘောတူညီချက်တစ်ခုကြောင့် လော့ချန်အနေဖြင့် ၎င်းတို့ကို ရေခဲခံတပ်မှလွဲ၍ အခြားမည်သည့် အဖွဲ့ကိုမျှ ရောင်းချခွင့် မရှိချေ။ သူသည် ရံဖန်ရံခါတွင် ကူချိုင်ယီထံသို့ လုံလုံလောက်လောက် ပေးလေ့ရှိသော်လည်း ၎င်းမှာ သဘောတူညီချက်ကို ချိုးဖောက်သည်ဟု မဆိုနိုင်ချေ။ သူမက သူနှင့် အရင်းနှီးဆုံးသူတစ်ဦး မဟုတ်ပါလော။ ပြဿနာမှာ ကူချိုင်ယီသည် ယခုထက်ထိ ချီသန့်စင်အဆင့်တွင်သာ ရှိနေဆဲ ဖြစ်သည်။ သူမအနေဖြင့် တကယ်တမ်း မည်မျှ သောက်သုံးနိုင်မည်နည်း။ တစ်နှစ်လျှင် ဆေးလုံးဆယ်လုံးမှာ အကန့်အသတ် ဖြစ်နေခဲ့ပြီဖြစ်ရာ ၎င်းမှာ လော့ချန် သူမကို ဘေးကင်းစွာ သောက်သုံးနိုင်စေရန်အတွက် အထူးနည်းလမ်းများကို ဖော်ထုတ်ပေးထားခဲ့သောကြောင့်သာ ဖြစ်သည်။
"ငါ ဒီလောက်များပြားတဲ့ ဆေးလုံးတွေကို မရောင်းဘဲ ဒီအတိုင်းပဲ သိမ်းထားမယ်ဆိုရင် ဝိညာဉ်ကျောက်တုံးတွေ အများကြီး ဆုံးရှုံးရလိမ့်မယ်" သူ တီးတိုး ရေရွတ်လိုက်သည်။
ကျောက်စိမ်းနှင်းစက်ဆေးလုံးများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်မှာ မနည်းလှချေ။
"ငါ ထန်ထိုက်ကျင်းနဲ့ အဲဒီသဘောတူညီချက်ကို ချုပ်ဆိုခဲ့တာ နှစ်အနည်းငယ်တောင် ရှိသွားပြီ၊ တန်ချန်ဇီအဖြစ် ငါ့ရဲ့ ကျော်ကြားမှုနဲ့ နှင်းဧကရာဇ်ဆေးအိုးရဲ့ စွမ်းပကားတွေကို ထည့်တွက်မယ်ဆိုရင် အဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးလုံးတွေကို ဖော်စပ်နိုင်တာဟာ နည်းနည်းတော့ ရှင်းပြလို့ ရပါတယ်၊ ထန်ထိုက်ကျင်းနဲ့ ကရုဏာမဲ့နတ်သမီးတို့ကလည်း ဒါကို သံသယဝင်ကြမှာ မဟုတ်ပါဘူး"
လော့ချန် ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်သည်။ သူသည် မကြာမီမှာပင် အဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးလုံးများ ဖော်စပ်နိုင်စွမ်း ရှိကြောင်းကို မသိမသာ စတင်၍ အရိပ်အမြွက်ပေးတော့မည် ဖြစ်သည်။
ရှင်းလင်းချက်နှင့် ပတ်သက်၍မူ ယုတ္တိရှိရုံမျှသာ လိုအပ်သည်။ အကယ်၍ ဆေး၏ အာနိသင်က သိသိသာသာ ပိုမို အစွမ်းထက်နေမည်ဆိုပါက မည်သူမျှ အသေးစိတ်အချက်အလက်များကို လိုက်လံစစ်ဆေးနေမည် မဟုတ်ချေ။ သူသည် မိမိ၏ စွမ်းဆောင်ရည်များကို တဖြည်းဖြည်းချင်း ပြသသွားမည်ဖြစ်ပြီး ထို့နောက်တွင်မူ ပမာဏအမြောက်အမြားကို စတင်၍ တင်ပို့တော့မည် ဖြစ်သည်။ အဆင့်နိမ့်ဆေးလုံးများ၏ ဈေးနှုန်းကို မြှင့်တင်၍ မရသော်လည်း အဆင့်လတ် ဆေးလုံးများနှင့် ပတ်သက်၍မူ ကွဲပြားခြားနားသွားပေလိမ့်မည်။ အကယ်၍ ကရုဏာမဲ့နတ်သမီးက ထိုဆေးလုံးများကို လိုချင်သည်ဆိုပါက သူမအနေဖြင့် ဝိညာဉ်ကျောက်တုံးများဖြင့် ပေးချေရပေလိမ့်မည်။
အခြေအနေပြကြေးမုံပြင်ကို ပြန်လည်သုံးသပ်ပြီးနောက် လော့ချန် ကျင့်ကြံခြင်းကို ရပ်နားလိုက်သည်။ တစ်နေ့လျှင် နှစ်ကြိမ် အထူးသဖြင့် နတ်ဘုရားမီးလျှံအမွှေးတိုင် နှင့်အတူ ကျင့်ကြံခြင်းမှာ သူ၏ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုထက်မက ပိုမိုလုပ်ဆောင်မည်ဆိုပါက နောက်တစ်နေ့ နံနက်တွင် သူ ပင်ပန်းနွမ်းနယ်သွားရုံသာ ရှိပေလိမ့်မည်။
မည်သို့ပင်ဆိုစေ ကျင့်ကြံခြင်း ဆိုသည်မှာ မျှတမှု၊ တင်းကြပ်မှုနှင့် လျှော့ချမှုတို့ကို ပြီးပြည့်စုံသော စည်းချက်တစ်ခုအတွင်း ထည့်သွင်းရခြင်း ဖြစ်သည်။ အလွန်အမင်း ဖိအားပေးလွန်းပါက သံတုံးကြီးပင် စိစိကြေသွားနိုင်သည် မဟုတ်ပါလော။
ထိုညက မည်သည့်အရာမျှ ထူးထူးခြားခြား ဖြစ်မလာခဲ့ပေ။
နောက်တစ်နေ့တွင်မူ လော့ချန် သိသိသာသာပင် စကားများလာခဲ့သည်။ အကြောင်းမှာ ယွမ်တုန်းရှန်း သူ့ဆီ လာရောက်လည်ပတ်ခဲ့သောကြောင့် ဖြစ်၏။
လော့ချန် စိုက်ခင်းအစပ်တွင် ထိုင်ကာ ဆေးဖော်ကျမ်းများ ကိုင်ဆောင်ထားရင်း ယွမ်တုန်းရှန်းနှင့်အတူ ထွေရာလေးပါး ပေါ့ပေါ့ပါးပါး ပြောဆိုခဲ့သည်။
နှစ်ဦးသား ဤဒုတိယအဆင့် စိုက်ခင်းအတွင်းရှိ ဝိညာဉ်အပင်များ၏ ကြီးထွားမှု အခြေအနေ၊ လော့ထျန်းအဖွဲ့မှ အသစ်ရရှိထားသော အရင်းအမြစ်များအတွက် စီစဉ်မှုများ၊ စီမာဟွေ့နန် ဦးဆောင်နေသော လူသစ်စုဆောင်းမှုနှင့် လက်ရှိ တိုးတက်မှုများ၊ ထို့အပြင် အသစ်တည်ဆောက်ထားသော သားရဲနန်းဆောင်အကြောင်းကိုပါ ပြောဆိုခဲ့ကြပြီး ထိုနေရာတွင် ချီသန့်စင်အဆင့်ရှိ သားရဲထိန်းကျောင်းသူ အနည်းငယ်က အလုပ်လာရောက် လျှောက်ထားခဲ့ကြသည်။
ယွမ်တုန်းရှန်းသည် သူ၏ အလုပ်များကို ဆက်လက် လုပ်ဆောင်နေရင်းမှာပင် အသေးစိတ်အချက်အလက်မှန်သမျှကို မမောမပန်းဘဲ ပြောပြနေခဲ့သည်။ တစ်ချိန်တွင်မူ သူ အလုပ်ကို ခေတ္တ ရပ်တန့်ကာ လော့ချန်အား ဝိညာဉ်စိုက်ပျိုးရေးဆိုင်ရာ မှော်အတတ်တစ်ခုကိုပင် သင်ကြားပေးခဲ့သေးသည်။
၎င်းမှာ ဒုတိယအဆင့် မှော်အတတ်တစ်ခုဖြစ်သော ရွှေရင်မှည့်ဓားအတတ်ဟု ခေါ်သည်။ သတ္တုဓာတ်ဆိုင်ရာ တိုက်စစ်မှော်အတတ်တစ်ခု ဖြစ်သော်လည်း တိုက်ပွဲအတွက် ရည်ရွယ်ခြင်း မဟုတ်ချေ။ ၎င်း၏ အဓိက ရည်ရွယ်ချက်မှာ ဝိညာဉ်စိုက်ခင်းများအတွင်းရှိ ဖျက်ဆီးတတ်သော ပိုးမွှားများကို သုတ်သင်ရှင်းလင်းရန် ဖြစ်သည်။ အခြားသော မှော်အတတ်များသည်လည်း ထိုသို့ ပြုလုပ်နိုင်သော်လည်း ချီစွမ်းအင်များ ပျံ့နှံ့သွားမှုကြောင့် သီးနှံများကိုပါ ပျက်စီးစေတတ်သည်။ ရွှေရင်မှည့်ဓားအတတ် နှင့်ဆိုပါက ထိုပြဿနာ မရှိတော့ချေ။
ထို့အပြင် ထိုမှော်အတတ်တွင် သစ်ဓာတ် ချီစွမ်းအား အပိုင်းအစများ ပါဝင်နေသည်။ ပိုးမွှားများကို သတ်ဖြတ်ပြီးနောက် သီးနှံများကို အာဟာရဖြစ်စေမည့် အာဟာရဓာတ်များအဖြစ်သို့ ချေဖျက်ပေးနိုင်သည်။
"ဒါက ကျွန်တော် သိတဲ့ တစ်ခုတည်းသော ဒုတိယအဆင့် မှော်အတတ်ပါ…. ကျွန်တော် ဒါကို သုံးတိုင်း တော်တော် သတိထားရပါတယ်"
ယွမ်တုန်းရှန်းက ဂုဏ်ယူစွာ ပြောလိုက်သည်။
"တစ်နှစ်ပတ်လုံးမှာ ကျွန်တော် ဒါကို နှစ်ကြိမ်ပဲ သုံးတာပါ"
ဝိညာဉ်စိုက်ပျိုးရေးဆိုင်ရာ မှော်အတတ်များနှင့် ပတ်သက်လာလျှင် ယွမ်တုန်းရှန်းသည် မိမိကိုယ်ကိုယ် အလွန်ပင် ဂုဏ်ယူနေပုံရသည်။ သို့သော် လော့ချန် ထိုမှော်အတတ်ကို အကြိမ်အနည်းငယ် စမ်းသပ်ကြည့်ပြီးနောက် ရွှေရောင်ဓားအလင်းတန်းတစ်ခုကို လွယ်ကူစွာ ထုတ်လွှတ်လိုက်နိုင်သည်ကို မြင်တွေ့လိုက်ရသောအခါတွင်မူ သူ လုံးလုံးလျားလျား မှင်တက်သွားရတော့သည်။
ထိုမြင်ကွင်းကြောင့် လော့ချန် ခပ်ဖွဖွ ရယ်မောလိုက်သည်။
"ငါက မှော်အတတ်တွေ လေ့ကျင့်တဲ့နေရာမှာ နည်းနည်း ပါရမီရှိလို့ပါ"
ယွမ်တုန်းရှန်း ကြောင်တောင်တောင် ငေးကြည့်နေမိသည်။
‘ဒါကြီးကို ပါရမီနည်းနည်းတဲ့လား.... အဲ့ဒါဆို ငါက....’
သူ မသိခဲ့သည်မှာ လော့ချန် ဖြတ်လမ်းတစ်ခုကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ရွှေရင်မှည့်ဓားအတတ်သည် သတ္တုဓာတ်ဆိုင်ရာ မှော်အတတ်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သော်လည်း ၎င်း၏ အခြေခံအုတ်မြစ်မှာ အမှန်စင်စစ် သစ်ဓာတ် သဘောတရားများတွင် အမြစ်တွယ်နေခြင်း ဖြစ်သည်။ ထာဝရနုပျိုစိမ်းလန်းကျင့်စဉ်၏ ပံ့ပိုးပေးမှုကြောင့် လော့ချန်သည် သစ်ဓာတ်ဆိုင်ရာ မှော်အတတ်များကို နားလည်ရန် များစွာ လွယ်ကူနေခဲ့ခြင်း ဖြစ်၏။
ထို့အပြင် ၎င်းကို ဓားအတတ်ဟု ခေါ်ဆိုသော်လည်း ထိုမှော်အတတ်သည် ချီစွမ်းအင်ကို အခြေခံကျကျ ထိန်းချုပ်ကာ စုဆောင်းထားသော ချီစွမ်းအားကို ထုတ်လွှတ်ခြင်းသာ ဖြစ်သည်။ ၎င်း၏ အခြေခံသဘောတရားမှာ လော့ချန် ယခင်က အသုံးပြုခဲ့ဖူးသော ကျောက်စိမ်းစေ့များ အသုံးပြုသည့် နည်းလမ်းနှင့် အလွန်ပင် ဆင်တူလှပေသည်။ ထို့ကြောင့်ပင် သူ အကြိမ်အနည်းငယ် ကြိုးစားရုံမျှဖြင့် ၎င်း၏ အနှစ်သာရကို ဖမ်းဆုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
‘သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ.... ငါ အခုဆိုရင် ဓာတ်ငါးပါးလုံးရဲ့ အတတ်ပညာတွေကို ထိတွေ့ဖူးသွားပြီပေါ့၊ ဒီသတ္တုဓာတ်ဆိုင်ရာ မှော်အတတ်က ဝိညာဉ်စိုက်ပျိုးရေး မှော်အတတ်တစ်ခုပဲ ဖြစ်ပေမယ့် ကိစ္စမရှိပါဘူး....’
လော့ချန် တွေးလိုက်မိသည်။
သူ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး စိုက်ခင်းအစပ်မှ မတ်တပ်ရပ်လိုက်သည်။
ယွမ်တုန်းရှန်းလည်း လိုက်၍ မတ်တပ်ရပ်လိုက်ပြီး သူ့ပုံစံမှာ အလွန် စိတ်လှုပ်ရှားနေပုံပင်။ သူတို့ မျက်စိရှေ့ရှိ ဒုတိယအဆင့် စိုက်ခင်းသည် ချီစွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့သည်။ ကြယ်ပြာမြက်ခင်းများမှာ စိုပြည်ဝေဆာနေခဲ့ပြီး လစန္ဒာပန်းနှင့် ရွှီရန်သစ်ပင်များမှာလည်း ကောင်းမွန်စွာ ကြီးထွားနေခဲ့ကြပြီ ဖြစ်သည်။
နောင် နှစ်အနည်းငယ် ကြာပါက ရိတ်သိမ်းနိုင်တော့မည် ဖြစ်သည်။ ထိုအချိန်ကျမှပင် ၎င်းတို့သည် ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းကို အလွယ်ဆောင်ကြဉ်းပေးနိုင်ကြပေလိမ့်မည်။ ထိုဝိညာဉ်ကျောက်တုံးများက ဤအဆင့်မြင့် ဂူဗိမာန်၏ ငှားရမ်းခကို ကာမိစေလိမ့်မည် ဖြစ်သည်။
"လော့ထျန်းအဖွဲ့အနေနဲ့ ဒီလို ဒုတိယအဆင့် ဝိညာဉ်စိုက်ခင်းမျိုး နည်းနည်း ပိုပြီး စိုက်ပျိုးနိုင်ရင် ကောင်းမှာပဲ...." ယွမ်တုန်းရှန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
ယခုအခါ လော့ချန်သည် ဝိညာဉ်စိုက်ခင်းတစ်ခု၏ အဆင့်အတန်းဟူသည် မြေဆီလွှာ၏ အဆင့်အတန်းပေါ်တွင်သာ ကန့်သတ်ထားခြင်း မဟုတ်ကြောင်း နားလည်သွားခဲ့ပြီ ဖြစ်သည်။ အရင်းအမြစ် လုံလောက်စွာ ရင်းနှီးမြှုပ်နှံမည်ဆိုပါက သာမန်မြေရိုင်းများကိုပင် ပိုမိုမြင့်မားသော အဆင့်များသို့ မြှင့်တင်နိုင်ပေသည်။ ထို့ကြောင့်ပင် သူသည် ယွမ်တုန်းရှန်း၏ ပုခုံးကို ပုတ်ပေးလိုက်ရင်း "ဖြစ်လာမှာပါ…. ငါတို့ အဲ့အဆင့်ကို ရောက်အောင် သွားကြမယ်၊ ပြီးတော့ အားလုံး နေရာတကျ ဖြစ်လာလိမ့်မယ်" ဟု အားပေးလိုက်သည်။
ယွမ်တုန်းရှန်း ခေါင်းညိတ်လိုက်သည်။ သူသည် အမှန်စင်စစ် လွန်ခဲ့သည့် အချိန်ကတည်းက ထိုလမ်းကြောင်းအတိုင်း ဦးတည်၍ လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ လော့ထျန်းအဖွဲ့သည် အကြေးခွံစိမ်းနဂါးငါးများ ဖမ်းဆီးရန်နှင့် ဟွာဟွာငါးကန်များကို စောင့်ရှောက်ခြင်းတို့တွင် လီမျိုးနွယ်စုကို ကူညီရန် လူအချို့ စေလွှတ်ပေးခဲ့သည်။
ဖမ်းဆီးရမိသော အကြေးခွံစိမ်းနဂါးငါးများကို သတ်ဖြတ်ခြင်းမရှိဘဲ အရှင်အတိုင်း ပြန်လည်သယ်ဆောင်လာကာ မွေးမြူကြသည်။ သူတို့၏ စွန့်ပစ်ပစ္စည်းများသည် ဝိညာဉ်စိုက်ခင်းများ၏ အရည်အသွေးကို မြှင့်တင်ရာတွင် အလွန်ပင် ထိရောက်ကြောင်း သက်သေပြနိုင်ခဲ့သည်။ ထို့အပြင် အကြေးခွံစိမ်းနဂါးငါးများ၏ အရေခွံများသည် စားသောက်ဆိုင်ကြီးများက မကြာခဏ ဝယ်ယူလေ့ရှိကြသော လူကြိုက်များသည့် ပါဝင်ပစ္စည်းတစ်ခုလည်း ဖြစ်သည်။ ကောလာဟလများအရ ၎င်းတို့ကို ဆီပူပူဖြင့် ကြော်လိုက်သောအခါတွင် အလွန်ပင် အရသာရှိလှသည်ဟု ဆိုကြသည်။
မထွက်ခွာမီမှာပင် ယွမ်တုန်းရှန်းသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည်။
“အဖွဲ့ချုပ်ခေါင်းဆောင်…."
“အေး.... ဘာလဲ"
"စီမံခန့်ခွဲရေးမှူးက ပြောပါတယ်.... အကောင်လိုက် ရှိနေတဲ့ မိစ္ဆာသားရဲ အလောင်းတစ်လောင်းရဲ့ သတင်း ရထားတယ်တဲ့"
လော့ချန်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
“ဒုတိယအဆင့် သားရဲလား"
ယွမ်တုန်းရှန်းက မသေချာသော ပုံစံဖြင့် ပြောလိုက်သည်။
"ဟုတ်လောက်မယ်ဗျ…. ကြားရသလောက်တော့ နှင်းတောင်တန်းတွေရဲ့ အနီးနားမှာရှိတဲ့ နှင်းကြာပန်းဈေးမြို့တော်ကနေ သားရဲအလောင်းတွေအများကြီး သယ်ဆောင်လာတာလို့ ပြောပါတယ်"
ထိုစကားကို ကြားလိုက်ရသောအခါ လော့ချန် ပိုမို၍ ယုံကြည်သွားခဲ့သည်။ အကယ်၍ ၎င်းတို့မှာ ပထမအဆင့် သားရဲများသာ ဖြစ်မည်ဆိုပါက ဤမျှ ဝေးလံလှသော နေရာမှ သယ်ဆောင်လာရန် အကြောင်းမရှိချေ၊ ထိုမျှသာမက အမြတ်အစွန်းမှာလည်း အလွန်ပင် နည်းပါးပေလိမ့်မည်။ ၎င်းတို့သည် ဒုတိယအဆင့် သားရဲအလောင်းများ ဖြစ်ရန် အခွင့်အလမ်း အလွန်များပြားလှပြီး အကယ်၍ အကောင်လိုက်အတိုင်း မပျက်မဆီး ရှိနေမည်ဆိုပါက ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။
တွေဝေခြင်းမရှိဘဲ လော့ချန်သည် ယွမ်တုန်းရှန်းနှင့်အတူ ထျန်းလန်တောင်ထိပ်မှ ထွက်ခွာခဲ့ပြီး လော့ထျန်းအဖွဲ့ဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့တော့သည်။
....
သုံးရက်အကြာတွင် လော့ချန်နှင့် ဝမ်ယွမ်တို့သည် မြို့ထဲသို့ ဝင်ရောက်လာခဲ့ကြပြီး စည်ကားလှသော နှင်းကြာပန်းနန်းတော်၏ သွားလာလှုပ်ရှားမှုများ ရှိနေသော အဝင်ဝတွင် ဘေးချင်းယှဉ်လျက် လမ်းလျှောက်ဝင်လာခဲ့ကြသည်။
သို့သော် အသိဟောင်းတစ်ဦးဖြစ်သော ရှီပေါ်ရင်းကို မြင်တွေ့လိုက်ရသောအခါ လော့ချန်မှာ အံ့ဩတုန်လှုပ်ခြင်းများနှင့်အတူ ခေတ္တမျှ ရပ်တန့်သွားရတော့သည်။ သူသည် တံခါးအပြင်ဘက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်ပြီး ဆိုင်းဘုတ်ကို နောက်တစ်ကြိမ် မော့ကြည့်လိုက်မိသည်။
"ဒါက သေချာပေါက် နှင်းကြာပန်းနန်းတော်ပဲ၊ ရေခဲလှိုင်းနန်းတော် မဟုတ်ပါဘူး"
သူ တီးတိုး ရေရွတ်လိုက်သည်။
အခြားသော ဖောက်သည်များကို ဧည့်ခံရန် အလုပ်ရှုပ်နေခဲ့သော ရှီပေါ်ရင်းသည် လော့ချန်အား ချက်ချင်းပင် လှမ်းမြင်သွားခဲ့သည်။ သူမ၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး လှိုက်လှိုက်လှဲလှဲ လှမ်းခေါ်လိုက်သည်။
"မီးနတ်ဘုရားလော့ မတွေ့ရတာ ကြာပြီနော်…."
"အဘွားရှီ.... ကျွန်တော့်ကို မိတ်ဆွေလော့လို့ပဲ ခေါ်ပါဗျာ၊ ကျွန်တော်တို့ကြားမှာ ဒီလို ဘွဲ့တွေ မလိုပါဘူး"
လော့ချန်က လက်သီးဆုပ် ဂါရဝပြုရင်း ပြောလိုက်သည်။
"ပြီးတော့ အဘွားရှီလို ဂိုဏ်းကြီးတစ်ခုက တပည့်တစ်ယောက်ရဲ့ ရှေ့မှာ ကျွန်တော် ဂုဏ်မဖော်ရဲပါဘူး"
ရှီပေါ်ရင်း၏ အိုမင်းနေသော မျက်နှာထက်ဝယ် တောက်ပလှသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
"ဒါတော့ မရဘူးလေ.... အဘွားက ဂိုဏ်းရဲ့ အရိပ်အာဝါသအောက်မှာ ကံကောင်းလို့ ခိုလှုံခွင့်ရထားတဲ့ အခြေတည် ကျင့်ကြံသူတစ်ယောက်ပါပဲ၊ မင်းကတော့ မင်းရဲ့ ကိုယ်ပိုင်အရည်အချင်းသက်သက်နဲ့ တာအိုဘွဲ့အမည်ကို ရရှိခဲ့တာ၊ ဒါ တကယ်ကို လေးစားဖို့ကောင်းတဲ့ အရာပါ"
လော့ချန် ပြုံးလိုက်မိပြီး အပြင်ဘက်သို့ လက်ညှိုးညွှန်ပြလိုက်သည်။
"အဘွားရှီက ဒီနှင်းကြာပန်းနန်းတော်နဲ့ ဘာတွေများ ပတ်သက်နေတာလဲ"
ရှီပေါ်ရင်း ခေါင်းခါလိုက်သည်။
"အဘွားကိုယ်တိုင်တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ နှင်းကြာပန်းနန်းတော်က အဘွားတို့ရေခဲခံတပ်ရဲ့ ပိုင်ဆိုင်မှုတွေထဲက တစ်ခုလေ"
"ဟင်" လော့ချန် မျက်တောင်ခတ်လိုက်မိပြီး သူ့ စိတ်ထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်သွားတော့သည်။
လော့ချန်၏ ဇဝေဇဝါဖြစ်မှုကို မြင်တွေ့လိုက်ရသောအခါ ရှီပေါ်ရင်းက အကျဉ်းချုံး၍ ရှင်းလင်းချက်တစ်ခု ပေးခဲ့သည်။ နှင်းတောင်တန်းများတစ်ဝိုက်တွင် အရွယ်အစား အမျိုးမျိုးရှိသော ဈေးမြို့တော် သုံးခု ရှိနေကြပြီး အားလုံးမှာ ရေခဲခံတပ်၏ အုပ်ချုပ်မှုအောက်တွင် တည်ရှိကြသည်။ အမှန်စင်စစ် ရေခဲခံတပ်သည် အခြေတည်အဆင့်ရှိ ကျင့်ကြံသူများကို ထိုနေရာများတွင် အမြဲ တာဝန်ချထားလေ့ ရှိသည်။ အရင်းအမြစ်များကို စုဆောင်းရန်သာမက ရံဖန်ရံခါတွင် ပါရမီရှိသော တစ်ကိုယ်တော်ကျင့်ကြံသူများကိုလည်း ရေခဲခံတပ်အတွင်းသို့ စည်းရုံးသိမ်းသွင်းရန် ဖြစ်သည်။
"နှစ်စဉ်နှစ်တိုင်း ဈေးမြို့တော်တွေက စုဆောင်းမိတဲ့ အရင်းအမြစ်တွေကို ထျန်းလန်နတ်ဘုရားမြို့တော်ကို ပို့ပေးကြတယ်.... အဘွားတို့က လက်ရှိ တာဝန်ကျနေတဲ့ ဂိုဏ်းမဟုတ်ရင်တောင်မှ ကုန်သွယ်မှုကို ကူညီပေးဖို့အတွက် လူတစ်ယောက်ကို စေလွှတ်ပေးလေ့ ရှိတယ်.... ဘယ်လိုပဲဖြစ်ဖြစ် အောက်ကလူတွေက မြို့ထဲမှာ အဆက်အသွယ် အများကြီး မရှိကြဘူးလေ.... အဘွား ကိုယ်တိုင် ပေါ်လာတဲ့အခါကျတော့ ကုန်ပစ္စည်းတွေက ပိုပြီးတော့ အရောင်းသွက်တာပေါ့"
ထိုသို့ပြောပြီးနောက် သူမ လော့ချန်နှင့် ဝမ်ယွမ်တို့ကို ကြည့်လိုက်သည်။
"မင်းတို့နှစ်ယောက်လည်း ဒီနေ့ကျင်းပမယ့် လေလံပွဲအသေးစားလေးအတွက် လာခဲ့ကြတာလား"
ဝမ်ယွမ်သည် စကားတစ်ခွန်းမျှ မဆိုဘဲ တိတ်ဆိတ်နေခဲ့သည်။ ခရီးစဉ်များအတွင်း သူသည် လော့ချန်၏ ဆုံးဖြတ်ချက်များကိုသာ လိုက်နာခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်၏။ ညှိနှိုင်းဆွေးနွေးခြင်းနှင့် လူမှုဆက်ဆံရေးတို့သည် ကျင့်ကြံရေးတစ်ခုတည်းကိုသာ အာရုံစိုက်ထားသော သူ၏ ကျွမ်းကျင်ရာ နယ်ပယ်မဟုတ်ခဲ့ပေ။
လော့ချန် ခေါင်းညိတ်လိုက်ပြီး မိစ္ဆာသားရဲများ အပါအဝင် ပါဝင်ပစ္စည်း အချို့ကို ပေါ့ပေါ့ပါးပါး စာရင်းပြုစု၍ ပြောပြလိုက်သည်။
"ဒါဆိုရင် ဒီနေ့ မင်းတို့နှစ်ယောက်စလုံး လိုချင်တာတွေ ရပါစေလို့ အဘွား ဆုတောင်းပေးလိုက်ပါတယ်"
ရှီပေါ်ရင်း ပြုံးလိုက်ပြီး ခန်းမကြီးဆီသို့ အသံလွှင့်ကာ သတင်းတစ်ခု ပေးပို့လိုက်တော့သည်။
မကြာမီမှာပင် မိန်းကလေးတစ်ဦး အပြေးအလွှား ထွက်လာခဲ့သည်။
"ဂိုဏ်းတူအစ်မ.... ဘာများ လိုအပ်လို့လဲရှင်"
ထိုကိုယ်ဟန်သွင်ပြင်မှာ အလွန်ပင် ရင်းနှီးနေခဲ့သည်။ ထိုအသံမှာလည်း အတူတူပင်။
လော့ချန်နှင့် ဝမ်ယွမ်တို့ တစ်ပြိုင်နက်တည်းမှာပင် တစ်ယောက်ကိုတစ်ယောက် လှမ်း၍ ကြည့်လိုက်မိကြတော့သည်။
ထိုမိန်းကလေးကား သူတို့ ကောင်းကောင်းသိသော သူပင် ဖြစ်ချေတော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ