← Chapters

အခန်း ၄၃၇

Vol. 44 Ch. 437

အခန်း ၄၃၇

Vol. 44 Ch. 437

အခန်း (၄၃၇) - တာဟဲဈေးမြို့တော်၏ အတိတ်က ရတနာများနှင့် လော့ချန်၏ နှမြောတသစိတ်

"ဒီပုဂ္ဂိုလ်နှစ်ဦးက ငါတို့ရေခဲခံတပ်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေပဲ.... ငါက ခဏနေရင် လေလံပွဲကို ကြီးကြပ်ရမှာမလို့ ကိုယ်တိုင် ဧည့်မခံနိုင်တော့ဘူး.... လျန်ယွဲ့ မင်းပဲ ငါ့ကိုယ်စား သေချာလေး ပြုစုစောင့်ရှောက်ပေးလိုက်ပါ.... နှင်းကြာပန်းနန်းတော်မှာ ပြသမယ့် အဓိက လေလံပစ္စည်းတွေကိုလည်း သေချာ ရှင်းပြပေးလိုက်ဦး"

“သေချာ ဧည့်ခံဖို့ မမေ့နဲနော်.... ငါ ပြောတာကြားလား"

ရှီပေါ်ရင်းက အေးစက်သော လေသံဖြင့် ပြောလိုက်သည်။ ထိုလေသံမှာ လော့ချန်အပေါ် ဆက်ဆံသည့် နွေးထွေးပျူငှာမှုမျိုးနှင့် လုံးဝ ခြားနားနေပေသည်။ ဤကဲ့သို့ ကွဲပြားခြားနားသော ဆက်ဆံမှုကို ကြည့်ခြင်းအားဖြင့် လျန်ယွဲ့ဟု ခေါ်သော အခြေတည်အဆင့် ကျင့်ကြံသူမလေးသည် ရှီပေါ်ရင်း၏ မျက်စိထဲတွင် ရာထူးအဆင့်အတန်း ထူးထူးခြားခြား မြင့်မားခြင်းမရှိကြောင်း သိသာထင်ရှားလှပေသည်။

ဤသို့ ခွဲခြားဆက်ဆံခံရမှုကို ကြုံတွေ့ရသော်လည်း ချိုးလျန်ယွဲ့ကမူ တစ်ချက်မျှ စိတ်ကွက်ဟန်မပြဘဲ ပုံမှန်အတိုင်းပင် သဘောထားလိုက်သည်။

သူမ လော့ချန်နှင့် ဝမ်ယွမ်တို့ကို ကြည့်ကာ ယဉ်ကျေးပျူငှာစွာ ဖိတ်ခေါ်လိုက်၏။

"မိတ်ဆွေနှစ်ဦး.... ဒီဘက်ကို ကြွပါရှင်"

လော့ချန်နှင့် ဝမ်ယွမ်တို့ တစ်ဦးကိုတစ်ဦး တစ်ချက်ကြည့်လိုက်ကြပြီးနောက် မည်သည့်အရိပ်အယောင်မျှ မပြဘဲ သူမနောက်မှ ငြိမ်သက်စွာ လိုက်ပါသွားကြတော့သည်။

....

နှင်းကြာပန်းနန်းတော်ကြီးမှာ ကျယ်ဝန်းလှသည်ဟု ဆိုနိုင်သော်လည်း ရေခဲလှိုင်းနန်းတော်နှင့် နှိုင်းယှဉ်လျှင်မူ ဆယ်ဆမက သေးငယ်နေပေသည်။

သူတို့သုံးဦးသည် လေလံခန်းမဆောင်ကြီးဆီသို့ လျှောက်လှမ်းနေသည့် လမ်းခရီးတစ်လျှောက်တွင် သဘာဝကျကျပင် စကားစမြည် ပြောဆိုဖြစ်ကြသည်။

"မိတ်ဆွေနှစ်ဦးကို ဘယ်လိုခေါ်ဝေါ်ရမလဲဆိုတာ မသိရသေးလို့ရှင်"

"ကျုပ်နာမည်က လော့ချန်ပါ"

"ဝမ်ယွမ်"

"ဪ.... မိတ်ဆွေလော့နဲ့ မိတ်ဆွေဝမ်တို့ပဲကိုး.... ကျွန်မနာမည်က ချိုးလျန်ယွဲ့ ပါ၊ ရေခဲခံတပ်ရဲ့ တပည့်တစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ နှင်းကြာပန်းဈေးမြို့တော်ရဲ့ တာဝန်ခံတစ်ယောက်အနေနဲ့ လုပ်ကိုင်နေပါတယ်"

ချိုးလျန်ယွဲ့က မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။ ထို့နောက် ပါးလွှာသော မှတ်တမ်းစာလိပ်တစ်ခုကို ထုတ်ယူကာ လေလံပွဲတွင် ပါဝင်မည့် အဖိုးတန်ရတနာများအကြောင်းကို ရှင်းပြရန် ပြင်လိုက်သည်။ သို့သော် စာလိပ်ကို ဖြန့်လိုက်ရုံရှိသေး သူမ အံ့အားသင့်သွားဟန်ဖြင့် ခေါင်းမော့ကြည့်လာသည်။

"ဝမ်ယွမ်.... ဟုတ်လား"

"ဟုတ်ပါတယ်.... ဘာဖြစ်လို့လဲ.... မိတ်ဆွေချိုး" ဟု ဝမ်ယွမ်က ခပ်အေးအေးပင် ပြန်မေးလိုက်သည်။

ချိုးလျန်ယွဲ့ မျက်မှောင်ကြုတ်ကာ စဉ်းစားနေသည်။ ဤနာမည်ကို တစ်နေရာရာတွင် ကြားဖူးခဲ့သည်ဟု သူမ စိတ်ထဲတွင် စွဲထင်နေမိခြင်း ဖြစ်သည်။

သူမ အတန်ငယ် တွေးတောပြီးနောက် မဝံ့မရဲဖြင့် ထပ်မံမေးမြန်းလိုက်သည်။

"တာဟဲဈေးမြို့တော်.... ရှင်က တာဟဲဈေးမြို့တော်ကနေ လာခဲ့တာလား"

ဝမ်ယွမ် ဖုံးကွယ်ထားခြင်းမရှိဘဲ ယတိပြတ်ပင် ခေါင်းညိတ်ပြလိုက်၏။

ဘေးနားရှိ လော့ချန်သည် ဝမ်ယွမ် အမှန်အတိုင်း အကုန်ပြောတော့မည့် အခြေအနေကို ရိပ်မိလိုက်သဖြင့် ချက်ချင်းပင် စကားဖြတ်၍ ဝင်ပြောလိုက်သည်။

"ကျုပ်တို့က လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ တာဟဲဈေးမြို့တော်ကနေ ပြောင်းရွှေ့လာခဲ့ကြတာပါ၊ ပြောရရင် ကျုပ်တို့က မိတ်ဆွေချိုးရဲ့ အိမ်နီးနားချင်းတွေလို့တောင် ဆိုနိုင်တာပေါ့"

နှင်းကြာပန်းဈေးမြို့တော်သည် တာဟဲဈေးမြို့တော်၏ အထက်ပိုင်းတွင် တည်ရှိပြီး အလွန်ပင် နီးကပ်လှပေသည်။ လော့ချန်နှင့် ရင်းနှီးကျွမ်းဝင်ခဲ့သော နန်ကုန်းမျိုးနွယ်စုဆိုလျှင်လည်း ယခင်က နှင်းကြာပန်းဈေးမြို့တော်မှတစ်ဆင့် တာဟဲဈေးမြို့တော်သို့ ပြောင်းရွှေ့အခြေချခဲ့ကြသူများ ဖြစ်သည်။

ဤကဲ့သို့ အိမ်နီးနားချင်းဟူသော ရေစက်အကြောင်း ဆက်စပ်မိသွားသောအခါ သူတို့သုံးဦးကြားရှိ လေထုမှာ ပိုမိုရင်းနှီး ပွင့်လင်းလာခဲ့သည်။ တစ်နယ်တစ်ကျေးတွင် ရပ်ဝေးမြေမှ မိတ်ဟောင်းဆွေဟောင်းများနှင့် ပြန်လည်ဆုံတွေ့ရခြင်းမျိုး မဟုတ်ပါလော။

ချိုးလျန်ယွဲ့က ချစ်စဖွယ် ပြုံးလိုက်သည်။

"ဒါကြောင့်လည်း မိတ်ဆွေဝမ်ရဲ့ နာမည်က ရင်းနှီးနေရတာကိုး.... အတိတ်တုန်းက တာဟဲဈေးမြို့တော်မှာ ချီသန့်စင်အဆင့်ရဲ့ တိုက်ခိုက်ရေးစွမ်းရည် အမြင့်မားဆုံးအဖြစ် ကျော်ကြားခဲ့တဲ့သူရဲ့ နာမည်ကလည်း ဝမ်ယွမ်ပဲ.... ကျွန်မ တကယ် မမှတ်မှားပါဘူး"

"မမျှော်လင့်ဘဲ နှစ်အနည်းငယ်အကြာမှာ မိတ်ဆွေဝမ်က တစ်ကိုယ်တော်ကျင့်ကြံသူဘဝနဲ့တောင် အခြေတည်အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီပဲ"

ဝမ်ယွမ်က လော့ချန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး နှုတ်ဆိတ်နေဆဲဖြစ်သည်။

လော့ချန်က စကားဝိုင်းကို ဆက်၍ အသက်သွင်းလိုက်သည်။

"မိတ်ဆွေချိုးကလည်း အတူတူပါပဲမဟုတ်လား…. အတိတ်တုန်းက လျန်ယွဲ့နတ်သမီးဟာ ဈေးမြို့တော်အသီးသီးမှာ နာမည်အကြီးဆုံး အမျိုးသမီးကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့တယ်လို့ ကျုပ် မှတ်မိနေပါသေးတယ်၊ အခုဆိုရင် အခြေတည်အဆင့်ကို ရောက်ရှိရုံတင်မကဘဲ ရေခဲခံတပ်ရဲ့ တပည့်အဖြစ်ပါ ဝင်ခွင့်ရခဲ့တာမို့ တကယ်ကို လေးစားအတုယူစရာပါပဲ"

လော့ချန်၏ ပျားသကာလို ချိုသာသော စကားများကြောင့် ချိုးလျန်ယွဲ့၏ မျက်နှာထက်တွင် ဂုဏ်ယူဝင့်ကြွားသည့် အရိပ်အယောင်များ ယှက်သန်းသွားသည်။ သို့သော် လော့ချန်၏ အခြေတည်အလယ်ပိုင်းအဆင့် ကျင့်ကြံခြင်း စွမ်းအားများကို မြင်တွေ့ထားရသဖြင့် သူမအနေဖြင့် မာနထောင်လွှားခြင်းမပြုဝံ့ပေ။

သူမ ရိုသေစွာဖြင့် အနည်းငယ် နှိမ့်ချပြောဆိုပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

"အခြေတည်အဆင့် ဆိုတာ ကျွန်မတို့လို တစ်ကိုယ်တော် ကျင့်ကြံသူတွေအတွက်တော့ တကယ်ကို ခက်ခဲပင်ပန်းလွန်းလှပါတယ်"

သူတို့သုံးဦး လမ်းလျှောက်ရင်း ဆက်လက် စကားပြောဖြစ်ကြသည်။

လော့ချန်ကလည်း ထပ်တူထပ်မျှ ခံစားရဟန်ဖြင့် ညည်းတွားလိုက်သည်။

"လျန်ယွဲ့ ပြောတာ တကယ် မှန်ပါတယ်"

ချိုးလျန်ယွဲ့က သူမ၏ ပခုံးပေါ်သို့ ဝဲကျနေသော ဆံနွယ်စများကို သပ်တင်လိုက်ရင်း အတိတ်ကို ပြန်ပြောင်းအောက်မေ့ကာ ရင်ဖွင့်ရှာသည်။

"အဲဒီတုန်းက အခြေတည်အဆင့်ကို ရောက်ဖို့အတွက် ကျွန်မ အရှေ့အနောက် တောင်မြောက် လှည့်လည်သွားလာခဲ့ရပြီး အနီးနားက ဈေးမြို့တော်အားလုံးကို နှံ့နေအောင် သွားခဲ့ဖူးတယ်၊ လေလံပွဲအသေးလေးတွေကအစ မရေမတွက်နိုင်အောင် တက်ရောက်ခဲ့ပေမဲ့လည်း အခြေတည်ဆေးလုံး တစ်လုံးရဖို့ကိုပဲ ခါးခါးသီးသီး ကြိုးစားခဲ့ရတယ်"

"အထူးသဖြင့် ရှင်တို့ရဲ့ တာဟဲဈေးမြို့တော်ကတော့ တကယ်ကို လူစိတ်မရှိတဲ့နေရာပဲ.... ဓားပြကျင့်ကြံသူတွေ ပေါများလှပါတယ်ဆိုတဲ့ တောက်ပစမ်းရေဈေးမြို့တော်ထက် ပိုပြီး အန္တရာယ်ကြီးသေးတယ်"

လော့ချန်က သဘောကျဟန်ဖြင့် ရယ်မောလိုက်သည်။

"ဒါကတော့.... တာဟဲဈေးမြို့တော်က ဝမ်တောင်တန်းကြီးနဲ့ နီးကပ်နေပြီး နေ့စဉ်နဲ့အမျှ မိစ္ဆာသားရဲတွေနဲ့ ရင်ဆိုင်နေရတာမို့ အဲဒီက လူတွေက နည်းနည်းတော့ ကြမ်းတမ်းခက်ထန်ကြတာ ပုံမှန်ပါပဲဗျာ"

အခြေတည်အဆင့်သို့ ရောက်ရှိပြီးနောက်တွင် မိမိ၏ ဂုဏ်သိက္ခာကို ချီးမွမ်းပေးမည့်သူ သို့မဟုတ် အတိတ်က ဆင်းရဲဒုက္ခများကို ရင်ဖွင့်စရာလူ မရှိခဲ့သဖြင့် ဖြစ်တန်ရာသည်၊ ယခုအခါ ချိုးလျန်ယွဲ့သည် စကားပြောဆိုလိုစိတ် အလွန်ပင် ထက်သန်နေပေသည်။

"အဲဒီတုန်းက ကျွန်မ မှောင်ခိုဈေးကွက်တစ်ခုမှာ အဖိုးတန်ပစ္စည်းတချို့ကို ဝယ်ယူခဲ့ဖူးတယ်"

"ဝယ်ပြီးလို့ သိပ်မဝေးသေးတဲ့နေရာ အရောက်မှာပဲ.... လူယုတ်မာ ဓားပြကျင့်ကြံသူတစ်ယောက်ရဲ့ လုယက်တိုက်ခိုက်ခြင်းကို ခံလိုက်ရတာ.... အဲဒီတုန်းက ကျွန်မ ခက်ခက်ခဲခဲ လေလံဆွဲထားရတဲ့ အဖိုးတန် သွေးမှော်စာရွက်ကိုပါ ချက်ချင်း သုံးပစ်လိုက်ရတယ်"

ထိုစကားကို ကြားလိုက်ရသောအခါ လော့ချန်၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် ကွေးညွတ်သွားသည်။ သို့သော် သူ ပုံမှန်အတိုင်းပင် ဝင်ရောက်ထောက်ခံလိုက်၏။

"ဒါကတော့ တကယ်ကို ကျင့်ဝတ်သိက္ခာ မရှိတဲ့ လုပ်ရပ်ပဲ"

အမြဲတမ်း မျက်နှာသေဖြင့် နေတတ်သော ဝမ်ယွမ်သည်လည်း ဤအချိန်တွင်မူ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားရရှာသည်။

ချိုးလျန်ယွဲ့က လော့ချန်ကို စိုက်ကြည့်လိုက်သည်။ သူမသည် ယခုအခါ ရှေ့တွင်ရှိနေသူမှာ မည်သူဖြစ်ကြောင်းကို ပြန်အမှတ်ရသွားပြီ ဖြစ်သည်။ သူမရှေ့တွင်ရှိနေသူမှာ လက်ရှိ ထျန်းလန်နတ်ဘုရားမြို့တော်၌ ရေပန်းအစားဆုံး ဖြစ်နေသော အခြေတည်အဆင့် ကျင့်ကြံသူ မီးနတ်ဘုရားလော့ ပင် ဖြစ်ပေသည်။ သူ၏ ဂုဏ်သတင်းကျော်စောမှုမှာ နားဝတွင် မိုးကြိုးပစ်သကဲ့သို့ပင် ဟိန်းညံနေခဲ့သည် မဟုတ်ပါလော။

သူမ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ စကားဆိုလိုက်သည်။

"ကျွန်မ ယုံကြည်ပါတယ်.... အဲဒီလို ယုတ်မာတဲ့ ဓားပြတွေဟာ တာဟဲဈေးမြို့တော်ရဲ့ သောင်းနဲ့ချီတဲ့ ကျင့်ကြံသူတွေထဲမှာ အနည်းစုသာ ဖြစ်ပါလိမ့်မယ်.... တကယ်လို့ အဲဒီတုန်းက မီးနတ်ဘုရားသာ အဲဒီနေရာမှာ ရှိနေခဲ့ရင် ရှင့်လို တရားမျှတမှုကို မြတ်နိုးတဲ့သူမျိုးကတော့ ဒါကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်"

ဝမ်ယွမ် ဘေးဘက်သို့ မျက်နှာလွှဲလိုက်ပြီး ရေခဲတုံးများဖြင့် တည်ဆောက်ထားသော နံရံထက်၌ ထင်ဟပ်နေသည့် မိမိ၏ အရိပ်ကိုသာ စိုက်ကြည့်နေတော့သည်။ ထိုအရိပ်ထဲတွင် သူ၏ ကတုံးမှာ ဝင်းပြောင်နေပြီး အံကို တင်းတင်းကြိတ်ထားရရှာသည်။

လော့ချန်ကမူ ရင်နာစရာကောင်းလှသည်ဟူသော မျက်နှာပေးမျိုး ပြုလုပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"အဲဒီတုန်းက ကျုပ်က ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်နေခဲ့ရတာမို့ ဒီလိုကိစ္စမျိုးတွေကို သိပ်ပြီး သတိမထားမိခဲ့ဘူး"

"လျန်ယွဲ့ ပြောသလိုပဲ.... တကယ်လို့ ကျုပ်သာ အဲဒီနေရာမှာ ရှိနေခဲ့ရင်.... ကျုပ် ဧကန်မုချ အဲဒီလို ယုတ်မာရိုင်းစိုင်းတဲ့ လူဆိုးသူခိုးတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းဆုံးမပစ်မှာဗျာ.... တာဟဲဈေးမြို့တော်ဟာ အဲဒီလို ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်တဲ့နေရာ မဟုတ်ဘူးဆိုတာကို သူတို့ကို သိအောင် လုပ်ပေးရမှာပေါ့"

ဂျွတ်....

အရိုးအဆစ်များ မြည်ဟည်းသွားသော အသံတစ်ခု ထွက်ပေါ်လာသည်။

ချိုးလျန်ယွဲ့က ဝမ်ယွမ်ကို ထူးဆန်းသလို တစ်ချက်ကြည့်လိုက်၏။

ဝမ်ယွမ်က အလွန်ပင် မသက်မသာဖြစ်နေသော အပြုံးတစ်ခုကို အားယူကာ ပြုံးပြလိုက်သည်။

"လက်မောင်း ကြွက်သားတွေကို နည်းနည်း လှုပ်ရှားလိုက်တာပါ.... ဘာမှမဖြစ်ပါဘူး"

ချိုးလျန်ယွဲ့က ခေါင်းညိတ်ပြလိုက်ပြီးနောက် စကားဆက်သည်။

"ဒါပေမဲ့.... အဆိုးထဲက အကောင်းဆိုတာ ဒါမျိုးကို ပြောတာထင်ပါရဲ့"

"ကျွန်မ အဲဒီဓားပြရန်ကနေ ခက်ခက်ခဲခဲ လွတ်မြောက်လာပြီးတဲ့နောက်မှာ တာဟဲဈေးမြို့တော်က တခြားဓားပြတွေရဲ့ လိုက်သတ်တာကို ကြုံရပြန်ရော.... ဒါနဲ့ လမ်းပျောက်ပြီး ပြေးလွှားရင်း ဘေးနားက တောင်ကြီးတစ်ခုထဲကို ရောက်သွားခဲ့တယ်"

"အဲဒီမှာ မမျှော်လင့်ဘဲ ရေခဲခံတပ်ရဲ့ အခြေတည်အဆင့် အကြီးအကဲတစ်ဦး ချန်ထားရစ်ခဲ့တဲ့ ဂူဗိမာန် ထဲကို ဝင်မိသွားတာပဲ"

"အဲဒါတင်မကသေးဘူး.... အဲဒီအကြီးအကဲရဲ့ သိုလှောင်အိတ်ထဲကနေ အခြေတည်ဆေးလုံး တစ်လုံးကိုပါ ကံကောင်းထောက်မစွာနဲ့ ရရှိခဲ့တယ်၊ အဲဒီနောက်ပိုင်းမှာ အခြေတည်အဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့ပြီး အဲဒီအကြီးအကဲ ချန်ထားခဲ့တဲ့ သက်သေအမှတ်အသားပစ္စည်းကို အသုံးပြုပြီး ရေခဲခံတပ်ထဲကို ကံကောင်းခြင်းများစွာနဲ့ ဝင်ရောက်ခွင့် ရခဲ့တာပါ"

ချိုးလျန်ယွဲ့က ဆင်းရဲဒုက္ခများ ကုန်ဆုံး၍ ချမ်းသာသုခသို့ ရောက်ရှိလာရသည့်အလား အလွန်ပင် စိတ်လှုပ်ရှားစွာ ရင်ဖွင့်နေသည်။

"အခုဆိုရင်တော့.... ကျွန်မလည်း အားကိုးရာမဲ့ အထီးကျန်ဘဝမျိုး မဟုတ်တော့ပါဘူး"

လော့ချန်က အချိန်ကိုက်ပင် လက်နှစ်ဖက်ယှက်ကာ နှုတ်ခွန်းဆက်လိုက်သည်။

"ဒါကတော့ တကယ်ကို.... ဝမ်းမြောက်ဂုဏ်ယူစရာ ကိစ္စကြီးပါပဲဗျာ"

ချိုးလျန်ယွဲ့က ပေါ့ပါးစွာ ရယ်မောလိုက်သည်။

"ဝမ်းမြောက်ဂုဏ်ယူစရာကြီးတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ တကယ်လို့သာ ကျွန်မကို အဲဒီတုန်းက အသက်ဘေးအထိ တွန်းပို့ခဲ့တဲ့ အဲဒီရိုင်းစိုင်းတဲ့ ဓားပြနဲ့ ပြန်ဆုံဖြစ်ခဲ့ရင်တော့.... ကျွန်မ သူ့ကို ကျေးဇူးတင်စကား တစ်ခွန်းလောက်တော့ ပြောချင်ပါသေးတယ်"

"လျန်ယွဲ့ရဲ့ စိတ်ထားက တကယ်ကို မွန့်မြတ်လှပါပေတယ်.... ဒီလောက်အထိ သဘောထားကြီးနိုင်တာကိုး" ဟု လော့ချန်က လက်မထောင်၍ ချီးကျူးလိုက်သည်။

"မဟုတ်ပါဘူး မိတ်ဆွေလော့ရဲ့.... ကျေးဇူးတင်တယ်ဆိုတာက အခြေတည်အဆင့်ကို တက်လှမ်းနိုင်ခဲ့လို့ပါ.... ဒါပေမဲ့ ကျေးဇူးတင်စကား ပြောပြီးတာနဲ့တင်.... သူ့ကို အဲ့နေရာမှာ ချက်ချင်း သတ်ပစ်မှာ၊ မဟုတ်ရင် ကျွန်မလေ စိတ်ထဲမှာ တနုံ့နုံ့နဲ့…. အဲ့ကောင်က ကျွန်မရဲ့ ကျင့်ကြံခြင်းလမ်းစဉ်မှာ ဆူးခလုတ် ဖြစ်နေလိမ့်မယ်"

ချိုးလျန်ယွဲ့က ပုံမှန်အတိုင်းပင် ပြောဆိုလိုက်သော်လည်း သူမ၏ လေသံထဲတွင် တစ်ကိုယ်တော်ကျင့်ကြံသူဘဝတုန်းက ကျင့်သုံးခဲ့သည့် အလေ့အထများ ပါဝင်နေဆဲဖြစ်သည်။

ကျေးဇူးရှိက ဆပ်၊ ရန်ရှိက ကလဲ့စားချေ ဟူသော အရာ မဟုတ်ပါလော။

လော့ချန်သည် ဝမ်ယွမ်အား တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ချောင်းဟန့်လိုက်ကာ ချက်ချင်းပင် အခြားအကြောင်းအရာတစ်ခုသို့ စကားလမ်းကြောင်း လွှဲလိုက်တော့သည်။

"လျန်ယွဲ့က ဝေးလံလှတဲ့ နေရာကနေ ဒီထျန်းလန် နတ်ဘုရားမြို့တော်ကို လာခဲ့တာဆိုတော့ လမ်းခရီးမှာ တာဟဲဈေးမြို့တော်ကိုလည်း ဖြတ်သန်းခဲ့ရမှာပေါ့.... လက်ရှိ တာဟဲဈေးမြို့တော်ရဲ့ အခြေအနေက ဘယ်လိုရှိနေလဲဆိုတာ သိခွင့်ရှိမလား"

လက်ရှိ တာဟဲဈေးမြို့တော်အကြောင်းကို ကြားလိုက်ရသောအခါ ချိုးလျန်ယွဲ့၏ မျက်နှာထက်ရှိ အပြုံးများ ပျောက်ကွယ်သွားပြီး လေးနက်သွားရသည်။

"အဲဒီနေရာက.... အခုတော့ နေရာကောင်းတစ်ခု မဟုတ်တော့ဘူးရှင်"

"ဘယ်လို…. သေချာလေး ပြောပေးလို့ ရမလား"

"ရပါတယ်.... မပြောနိုင်စရာ မရှိပါဘူး"

....

နှင်းကြာပန်းနန်းတော်၏ လေလံခန်းမအား ယပ်တောင်သဏ္ဌာန် ဖြန့်ကျက်ထားသည်။

ထိုနေရာတွင် အထူးသီးသန့်ခန်းများမရှိဘဲ စနစ်ကျလှသော ခုံတန်းလျားများသာ စီစဉ်ထားရှိသည်။ အကြောင်းမူကား နှင်းကြာပန်းနန်းတော်သည် အဓိကအားဖြင့် ရေခဲခံတပ်၏ အထူးထွက်ကုန်များကိုသာ ရောင်းချခြင်းဖြစ်ပြီး လေလံပွဲများကိုမူ အလွန် ရှားပါးစွာသာ ကျင်းပလေ့ရှိသည်။ ရှားပါးလှသော အရင်းအမြစ်များ စုဆောင်းမိသည့် အခါမျိုးမှသာ ၎င်းတို့ကို မြင့်မားသော ဈေးနှုန်းဖြင့် ရောင်းချရန် လေလံပွဲ ကျင်းပလေ့ရှိခြင်း ဖြစ်၏။ ပမာဏအားဖြင့် ကြည့်မည်ဆိုပါက များပြားလှခြင်း မရှိချေ။

ချိုးလျန်ယွဲ့သည် လော့ချန်နှင့် ဝမ်ယွမ်တို့အား မြင်ကွင်းအကောင်းဆုံးဖြစ်သော နောက်ဘက် စင်မြင့်တစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။ ဤနေရာမှ ကြည့်မည်ဆိုပါက တစ်ကွင်းလုံးကို အပေါ်စီးမှ မြင်တွေ့နိုင်သလို ကျင့်ကြံသူများ၏ လေလံပွဲဖြစ်သဖြင့် အကွာအဝေး ဝေးကွာနေသော်လည်း စီစဉ်သူဘက်မှ မမြင်ရမည်ကို စိုးရိမ်စရာ မလိုပေ။

နေရာယူပြီးနောက် လော့ချန်နှင့် ဝမ်ယွမ်တို့သည် နားလည်မှုရှိရှိဖြင့် ချိုးလျန်ယွဲ့၏ ပုံရိပ်လေး ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်လိုက်ကြပြီးမှ သက်ပြင်းတစ်ချက် ချနိုင်ကြတော့သည်။

လော့ချန် လက်ကို ဝှေ့ယမ်းကာ သူတို့နှစ်ဦးလုံးကို လွှမ်းခြုံနိုင်မည့် အသံလုံအတားအဆီးတစ်ခုကို ချလိုက်သည်။

"မရိပ်မိသွားလောက်ပါဘူးနော်…"

"မဖြစ်နိုင်တာ”

ဝမ်ယွမ်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

“ငါ အဲဒီတုန်းက ရုပ်ဖျက်ထားတာလေ.... သူမ ဘယ်လိုလုပ် ရိပ်မိနိုင်မှာလဲ"

"ဒါဆိုရင်တော့.... တော်သေးတာပေါ့.... တော်သေးတာပေါ့"

လော့ချန် သက်ပြင်းချလိုက်ပြီး ဝမ်ယွမ်ကို ကြည့်ကာ မထိန်းနိုင်ဘဲ ရယ်မောလိုက်တော့သည်။

"ဟောဒီက လူယုတ်မာ ဓားပြကျင့်ကြံသူကြီး ခင်ဗျာ…."

ဝမ်ယွမ်က သူ့အား မိုက်ကြည့် ကြည့်ကာ ပြန်ချေပလိုက်သည်။

"အေးပါ တရားမျှတမှုကို မြတ်နိုးတဲ့သူကြီးရာ…."

"ဟားဟားဟား...."

အမှန်စင်စစ် ချိုးလျန်ယွဲ့ ပထမဆုံး ပေါ်လာကတည်းက လော့ချန်နှင့် ဝမ်ယွမ်တို့ သူမအား မှတ်မိခဲ့ကြခြင်း ဖြစ်သည်။ သူမသည် တာဟဲဈေးမြို့တော်၌ ဖူမျိုးနွယ်စုကို လော့ချန် ထောင်ချောက်ဆင် တိုက်ခိုက်စဉ်က ထိုထောင်ချောက်ထဲသို့ မတော်တဆ ဝင်ရောက်လာခဲ့သော ကံဆိုးမလေး ဖြစ်ပေသည်။ ထိုစဉ်က လော့ချန်သည် နဂါးရတနာမှောင်ခိုဈေးကွက်မှတစ်ဆင့် ဝမ်ယွမ် အတုပြုလုပ်ထားသော သွေးမှော်စာရွက်ကို ထုတ်ရောင်းခဲ့ရာ ထိုစာရွက်ကို ချိုးလျန်ယွဲ့က လေလံဆွဲ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ထို့နောက် လော့ချန်၏ တောင်းဆိုမှုဖြင့် ဝမ်ယွမ်က သူမကို လိုက်လံလုယက်သဖြင့် သူမ အသက်ဘေးမှ လွတ်မြောက်ရန် သွေးမှော်စာရွက်ကို အသုံးပြုခဲ့ရသည်။ ထိုသို့ဖြင့်သာ လော့ချန်သည် ဖူမျိုးနွယ်စုအပေါ် ဇာတ်ညွှန်းရေး၍ အပြစ်ဇာတ်လမ်းကို ပုံဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။

လော့ချန်သည် ကွယ်ရာမှ ကြိုးကိုင်ခဲ့သူဖြစ်ပြီး လူလုံးမပြခဲ့သဖြင့် တရားမျှတမှုကို မြတ်နိုးသူဟု မည်သို့မျှ ဆို၍မရပေ။ ဝမ်ယွမ်မှာမူ လျန်ယွဲ့နတ်သမီး၏ နှုတ်မှ ထွက်လာသော ထို လူယုတ်မာ ဓားပြကြီးပင် ဖြစ်ပေတော့သည်။

"ဒါက တကယ်ကို.... ရေစက်ပဲ…. ဟားဟား…."

လော့ချန် ရယ်မောပြီးနောက် သူ၏ အမူအရာကို ပြန်ထိန်းလိုက်သည်။

ယခုအခါ ချိုးလျန်ယွဲ့၏ ပြောပြချက်အရ လက်ရှိ တာဟဲဈေးမြို့တော်ကြီးမှာ မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းသော တစ္ဆေနယ်မြေကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ တစ္ဆေဘုရင် ဖန်ရင်ရှုံကြီးလည်း လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။ မြို့တွင်းတွင် သေဆုံးခဲ့ကြသော ထောင်ပေါင်းများစွာသော တစ်ကိုယ်တော်ကျင့်ကြံသူများသည် ယခုအခါ ဖန်ရင်ရှုံ၏ လက်အောက်တွင် ကျွန်ပြုခြင်း ခံနေကြရသည်။ တစ္ဆေချောက်နက်ကြီးသည် မြို့တွင်းမှနေ၍ အပြင်ဘက်သို့ ပြန့်နှံ့လာခဲ့ပြီး ပတ်ဝန်းကျင်ဒေသတစ်ခုလုံးကို ဝါးမြိုထားခဲ့ပြီ ဖြစ်၏။ ရှောင်ဟွမ်းတောင်၊ လခြမ်းတောင်ကြား စသည့် နေရာများအားလုံးသည်လည်း ထိုအထဲတွင် နစ်မြုပ်သွားခဲ့ရပြီ ဖြစ်သည်။

ထိုမျှမကသေးဘဲ ထိုနေရာသို့ မှားယွင်းဝင်ရောက်မိကြသော မိစ္ဆာသားရဲများကိုလည်း တစ္ဆေဘုရင်က ဝါးမြိုကာ တစ္ဆေစစ်သည်တော်များအဖြစ် ပြောင်းလဲပစ်ခဲ့သည်။ ယခုအခါ ထိုကျယ်ဝန်းလှသော တစ္ဆေနယ်မြေကြီးထဲတွင် တစ္ဆေဘုရင် တစ်ပါးအပြင် အဆင့်မြင့်မားပြီး အစွမ်းထက်လှသော တစ္ဆေစစ်သူကြီး အနည်းဆုံး အစိတ်သုံးဆယ်ခန့် ရှိနေပြီ ဖြစ်သည်။ ထို့ပြင် တစ္ဆေနယ်မြေ၏ အတိုင်းအတာမှာလည်း တဖြည်းဖြည်း ပိုမိုကျယ်ပြန့်လာမည့် အရိပ်အယောင်များ ရှိနေသည်။

ရေခဲခံတပ်၏ ရွှေအမြုတေအဆင့် အကြီးအကဲတစ်ဦးသည်ပင် ထိုနေရာသို့ သွားရောက်စုံစမ်းခဲ့ဖူးသော်လည်း တစ္ဆေဘုရင် ဖန်ရင်ရှုံ၏ လက်ချက်ဖြင့် အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရသည်။ ယခုအခါ ထိုနေရာသည် လူသူမနေအပ်သော တားမြစ်နယ်မြေတစ်ခု ဖြစ်သွားခဲ့ရလေပြီ။ ကျင့်ကြံသူများ မဝင်ရောက်ဝံ့ကြသလို ဂိုဏ်းအသီးသီးမှ အခြေတည်အဆင့် ကျင့်ကြံသူများလည်း မချဉ်းကပ်ဝံ့ကြပေ။

ရေခဲခံတပ်အနေဖြင့်လည်း ဤကဲ့သို့သော ရှုပ်ထွေးလှသည့် ကိစ္စရပ်ကြီးကို ဝင်ရောက်မရှင်းလင်းလိုသဖြင့် စုံစမ်းစစ်ဆေးပြီးနောက် ပစ်ထားလိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ တစ္ဆေနယ်မြေကြီးသည် အောက်ဘက်မြစ်ညာဆီသို့သာ ဆက်လက်ပျံ့နှံ့နေခြင်း ဖြစ်ရာ နှင်းကြာပန်းဈေးမြို့တော်အတွက်မူ ကြီးမားသော ခြိမ်းခြောက်မှု မရှိလှပေ။ ခရီးသွားလာရာတွင်လည်း ထိုနေရာကို ဝေးဝေးမှ ရှောင်ကွင်းသွားရုံသာ ဖြစ်သည်။

ဝမ်ယွမ်သည် လက်ရှိ တာဟဲဈေးမြို့တော်၏ အခြေအနေကို သိရှိသွားပြီးနောက် ရင်ထဲမှ အလွန်ပင် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။

"အဲဒီတုန်းက ငါတို့တွေ မင်းရဲ့စကားကို နားထောင်ပြီး တာဟဲဈေးမြို့တော်ကနေ ထွက်ခွာလာခဲ့ကြတာ တကယ်ကို ကံကောင်းတာပဲ.... မဟုတ်ရင် အခုဆို ငါတို့လည်း အဲဒီထောင်သောင်းချီတဲ့ သရဲတစ္ဆေတွေထဲက တစ်ကောင် ဖြစ်နေလောက်ပြီ"

လော့ချန် သက်ပြင်းတစ်ချက် ချလိုက်သည်။

"ကျောက်စိမ်းအိုးဓားဂိုဏ်းက ဘယ်အချိန်ကျမှ အဲဒီတစ္ဆေနယ်မြေကို လာရှင်းမလဲဆိုတာ မသိရသေးဘူး.... တာဟဲဈေးမြို့တော်က တကယ်ကို အဖိုးတန်တဲ့ နေရာကောင်းတစ်ခုပဲ.... တကယ်လို့ ကျွန်တော်တို့သာ အဲဒီနေရာကို ပြန်ပြီး သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကြီးပွားတိုးတက်ရာ နယ်မြေတစ်ခု ဖြစ်လာနိုင်တာပေါ့"

အရှေ့ပိုင်းလွင်ပြင်၊ ဝမ်တောင်တန်းကြီးနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အဓိက အချက်အချာ ကုန်သွယ်ရေး ဈေးမြို့တော်ကြီးတစ်ခု ဖြစ်သည်နှင့်အညီ တာဟဲဈေးမြို့တော်၏ ပထဝီဝင်အနေအထားမှာ အလွန်ပင် သာလွန်ကောင်းမွန်လှသည်။ နှစ်စဉ်နှစ်တိုင်း ရရှိနိုင်သော ကျင့်ကြံခြင်းရတနာများနှင့် အရင်းအမြစ်များမှာလည်း မရေမတွက်နိုင်အောင် များပြားလှပေသည်။ အတိတ်ကာလက ကြီးမားလှသော နာမည်ကြီး ဝိညာဉ်သန္ဓေတည်ဂိုဏ်းကြီး ခြောက်ဂိုဏ်းစလုံးကပင် ခရီးဝေးကွာလှသော်လည်း ထိုနေရာ၌ ကိုယ်ပိုင်အခြေစိုက်စခန်းများနှင့် ဆိုင်ခန်းများကို လာရောက်ဖွင့်လှစ်ခဲ့ကြခြင်းကို ကြည့်ရုံဖြင့် သိသာထင်ရှားလှပေသည်။

လော့ချန်သည် ထိုစဉ်က ကျင့်ကြံခြင်းအဆင့် နိမ့်ပါးမှုကြောင့် အဆင့်မြင့် အရင်းအမြစ်များနှင့် ထိတွေ့ခွင့် မရခဲ့သော်လည်း သူလက်လှမ်းမီသော အရင်းအမြစ်များထဲတွင်ပင် အဖိုးတန်အရာများစွာ ရှိခဲ့ဖူးသည်။ ဥပမာအားဖြင့် အခြေတည်အဆင့်သို့ တိုက်ရိုက်တက်လှမ်းနိုင်သည့် နှစ်ပေါင်းရှစ်ရာသက်တမ်းရှိ မြေကမ္ဘာအမြစ် ကဲ့သို့သော ဆေးဖက်ဝင်အပင်မျိုး ဖြစ်သည်။ ထို့ပြင် မီရှုဟွာ ယခင်က စုဆောင်းရရှိခဲ့ဖူးသော နတ်ဘုရားကြာပန်းခြောက်လွှာဆိုလျှင်လည်း ကျင့်ကြံခြင်းအဆင့်အကန့်အသတ်မရှိဘဲ မည်သည့်ကျင့်ကြံသူမဆို သက်တမ်း အနှစ် ၆၀ တိုးပွားစေနိုင်သည့် ထိပ်တန်း အဖိုးတန်ရတနာကြီး ဖြစ်ပေသည်။ ထိုကဲ့သို့သော အဖိုးတန် သဘာဝရတနာများကို ယခုကဲ့သို့ စီးပွားရေးအချက်အချာကျသော ထျန်းလန် နတ်ဘုရားမြို့တော်ကြီးတွင် အလွယ်တကူ ရှာဖွေစုဆောင်း၍ မရနိုင်ပေ။

ဝမ်ယွမ်က ပုံမှန်အတိုင်းပင် ဝင်ပြောလိုက်သည်။

"တကယ်လို့ အဲဒီနေရာကြီး ပြန်ကောင်းလာခဲ့ရင်တောင် ငါတို့ စားရမယ့် အလှည့် ရောက်လာမှာ မဟုတ်ပါဘူး.... ပြီးတော့ အခု လော့ထျန်းအဖွဲ့ရဲ့ အခြေအနေကလည်း တော်တော်လေး ကောင်းမွန်နေတာပဲ မဟုတ်လား"

လော့ချန် ခေတ္တမျှ ကြောင်သွားရပြီးနောက် ပြုံးလိုက်မိသည်။

"ဒါလည်း ဟုတ်ပါတယ်.... ကျွန်တော် လောဘကြီးမိသွားတာပဲ"

ထို့နောက် လော့ချန်သည် ချိုးလျန်ယွဲ့ မထွက်ခွာမီက ပေးခဲ့သော ဝါးစာလိပ်ကလေးကို ထုတ်ယူလိုက်သည်။ ထိုစာလိပ်ပေါ်တွင် ယခုတစ်ခေါက် လေလံပွဲ၌ ပါဝင်မည့် အဖိုးတန်ရတနာ အများစု၏ စာရင်းကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ သူ၏ အာရုံကို ချက်ချင်းပင် ဖမ်းစားသွားခဲ့သည်မှာ ဒုတိယအဆင့် မိစ္ဆာသားရဲ ငါးကောင်၏ နာမည်များဖြစ်သည်။

အကျိုးအမြတ် ရရှိရန်အတွက် တာဟဲဈေးမြို့တော်ကဲ့သို့သော ဈေးမြို့တော်ကြီးများကို မဖြစ်မနေ ပိုင်ဆိုင်ထားရန် မလိုအပ်ပေ။ မိမိ၏ လက်အောက်တွင် လုံလောက်သော အရည်အချင်းရှိသည့် လူသားအရင်းအမြစ်များကို ပိုင်ဆိုင်ထားနိုင်မည်ဆိုလျှင် ပိုမိုကြီးမားသော အကျိုးအမြတ်များကို သဘာဝကျကျ ဖန်တီးယူနိုင်မည် ဖြစ်သည်။ ထို့ပြင် လော့ချန် ကိုယ်တိုင်၌လည်း ပါရမီရှင် ကျင့်ကြံသူများကို မွေးထုတ်ပေးနိုင်သော နည်းလမ်းကောင်းများ ရှိနေသည် မဟုတ်ပါလော။

ထိုအမည်များကို ကြည့်ရင်း လော့ချန်၏ စိတ်ထဲတွင် အတွေးများ လှိုက်တက်လာမိသည်။

‘ငါ အခုဆိုရင် အဖိုးတန် အရင်းအမြစ်တွေ အများကြီး စုဆောင်းရရှိထားပြီးပြီ၊ ဒါပေမဲ့ တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒါတွေကို အပြည့်အဝ အသုံးမချနိုင်သေးတာက.... ငါ့မှာ တစ်ဖက်တစ်လမ်းကနေ ဦးဆောင်ပေးနိုင်မယ့် အရည်အချင်းရှိတဲ့သူတွေ လိုအပ်နေသေးလို့ပဲ၊ ဒါကြောင့် လော့ထျန်းအဖွဲ့မှာ အခြေတည်အဆင့် ကျင့်ကြံသူတွေ ပိုပြီး ထွက်ပေါ်လာဖို့ အချိန်တန်ပြီ၊ တကယ်လို့ တခြားသူတွေသာဆိုရင်တော့ ဒါကို လုပ်ဆောင်နိုင်ဖို့ နည်းလမ်းမရှိဘဲ လက်မှိုင်ချနေရလိမ့်မယ်၊ ဒါပေမဲ့ ငါ့မှာတော့.... အခြားသူတွေထက် သာလွန်ကောင်းမွန်တဲ့ ကံတရားတွေ ရှိနေတယ်’

‘နတ်ဒေဝါပျားရည်....’

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters