← Chapters

အခန်း ၄၃၈

Vol. 44 Ch. 438

အခန်း ၄၃၈

Vol. 44 Ch. 438

အခန်း (၄၃၈) - ဝမ်ယွမ်လိုချင်သော သွေးမိစ္ဆာဆေးလုံး၏ နောက်ဆုံးကုန်ကြမ်း

လော့ချန်သည် အခြေတည်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်မည့် အခွင့်အလမ်းကို မြှင့်တင်ပေးနိုင်သော နတ်ဒေဝါပျားရည်နှင့် ပတ်သက်၍ အစဉ်အမြဲ အလွန်တရာ သတိကြီးစွာ ထားခဲ့သည်။ သူကိုယ်တိုင် အခြေတည်အဆင့်သို့ ရောက်ရှိပြီးနောက်ပိုင်းတွင် ဤဆေးကို တစ်ကြိမ်တစ်ခါမျှပင် ပြန်လည်ဖော်စပ်ခြင်း မပြုခဲ့ချေ။

သူ၏လက်အောက်တွင် အခြေတည်ဆေးလုံးကို အလွန်အမင်း လိုအပ်နေကြသည့် ချီသန့်စင်အထွတ်အထိပ် ရောက်ရှိနေသော ကျင့်ကြံသူ အရေအတွက် တဖြည်းဖြည်း ပိုမိုများပြားလာနေသော်လည်း ဤလျှို့ဝှက်ချက် ပေါက်ကြားသွားမည်ကို စိုးရိမ်သဖြင့် သူ ဘူးပိတ်သကဲ့သို့ ဖုံးကွယ်ထားခဲ့သည်။

ထိုသို့ ဖုံးကွယ်ထားရခြင်းမှာ သဘောထားကျဉ်းမြောင်းခြင်း သို့မဟုတ် အတ္တကြီးခြင်းကြောင့် မဟုတ်ပေ။ အခြေတည်ဆေးလုံးနှင့် ရင်ဘောင်တန်းနိုင်လောက်သည့် ဤကဲ့သို့သော နတ်ဆေးမျိုးသည် ထိပ်သီးဂိုဏ်းကြီးများ၏ သီးသန့်ပိုင်ဆိုင်မှုသာ ဖြစ်ကြောင်း သူ အစောကြီးကတည်းက ရိပ်မိနားလည်ထားခြင်းကြောင့် ဖြစ်သည်။ အကယ်၍ အနည်းငယ်မျှ သတိလွတ်၍ ပေါက်ကြားသွားခဲ့ပါက အပေါ့ဆုံးအနေဖြင့် ဂိုဏ်းကြီးများ၏ အတင်းအဓမ္မ သိမ်းပိုက်ခြင်းကို ခံရမည်ဖြစ်ပြီး အဆိုးဆုံးအနေဖြင့်မူ လော့ထျန်းတစ်ဖွဲ့လုံး သွေးပင်လယ်ဝေကာ ပျက်စီးခြင်းဘေးဆိုးကြီးနှင့် ရင်ဆိုင်ရနိုင်ပေသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ ဤဆေးလုံးကို ဖော်စပ်ရန်အတွက် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခု သူ၏လက်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အပြင်လောက၌ လော့ထျန်းအဖွဲ့သည် ရှေးဟောင်းကျင့်ကြံသူတစ်ဦး၏ ဂူသင်္ချိုင်းပျက်ကြီးကို တူးဖော်ပြီး အခြေတည်ဆေးလုံး အမြောက်အမြားကို ရရှိခဲ့သည်ဟု ကောလာဟလများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေသည် မဟုတ်ပါလော။ ဤကောလာဟလမှာ တကယ့်အထက်တန်းလွှာ ပုဂ္ဂိုလ်ကြီးများ၏ မျက်စိထဲတွင် တစ်ချက်ကြည့်ရုံဖြင့် ကလိမ်ကကျစ် ဇာတ်လမ်းဖြစ်ကြောင်း သိသာထင်ရှားလှသော်လည်း ယခုတစ်ခေါက် စစ်ပွဲကြီးအတွင်း၌ လော့ထျန်းအဖွဲ့သည် မျိုးနွယ်စုနှင့် ဂိုဏ်းအင်အားစု ငါးခုကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ပြီး အခြေတည်အဆင့် ကျင့်ကြံသူ တစ်ဆယ့်တစ်ဦးကိုပင် သုတ်သင်နိုင်ခဲ့သည်။

ထို့ပြင် သေဆုံးသွားခဲ့ရသော ထိုတစ်ဆယ့်တစ်ဦးမှာ ထျန်းလန်နတ်ဘုရားမြို့တော်တွင် နှစ်ပေါင်းများစွာ အခြေစိုက်လာခဲ့ကြသည့် ဝါရင့်ပုဂ္ဂိုလ်ကြီးများဖြစ်ရာ သူတို့၌ အခြေတည်ဆေးလုံးကို ရရှိနိုင်မည့် လမ်းကြောင်းများနှင့် အရင်းအမြစ်များစွာ ရှိနေမည်မှာ အမှန်ပင်ဖြစ်သည်။ ဤသို့သော အခြေအနေမျိုးတွင် လော့ထျန်းအဖွဲ့အနေဖြင့် ၎င်းတို့၏ အမွေအနှစ်များကို ဝါးမြိုသိမ်းပိုက်ပြီးနောက် လက်ထဲတွင် အခြေတည်ဆေးလုံး အနည်းငယ် ပိုမိုထွက်ရှိလာခြင်းမှာ အလွန်ပင် သဘာဝကျလှသော ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။

အခြားအရာများကို အသာထား၊ လော့ရှားဈေးမြို့တော်မှ လော့ဖုန်းဆိုလျှင်ပင် တစ်ကိုယ်တော် ကျင့်ကြံသူ မြောက်မြားစွာ၏ ရှေ့မှောက်၌ ရှန်ကုန်းဂိုဏ်းက သူ့အား အခြေတည်ဆေးလုံးတစ်လုံး ပေးအပ်ရန် ကတိပြုထားကြောင်း ကိုယ်တိုင် ဖွင့်ဟပြောဆိုခဲ့ဖူးသည်။ သို့သော် ထိုရှန်ကုန်းဂိုဏ်းမှာ လော့ချန်၏လက်ချက်ဖြင့် ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။ ထိုနေရာတွင် ဆေးလုံးတစ်လုံး ရှိခဲ့လျှင် ဒုတိယတစ်လုံး မရှိနိုင်ဟု မည်သူပြောနိုင်အံ့နည်း။ အခြားကျဆုံးသွားသူများဆီမှလည်း ဟိုတစ်စ ဒီတစ်စနှင့် စုဆောင်းလိုက်ပါက ဆေးလုံးအနည်းငယ် ထွက်ပေါ်လာခြင်းမှာ အလွန်ပင် ကျိုးကြောင်းဆီလျော်လှပေသည်။

ဤကိစ္စရပ်ကို အများပြည်သူမျက်စိတွင် ပုံမှန်အတိုင်း ဖြစ်ပျက်နေသည်ဟု ထင်မှတ်စေရန်အတွက် လော့ချန်သည် စစ်ပွဲကြီးပြီးဆုံးကတည်းက စီမာဟွေ့နန်ကို တိတ်တဆိတ် သတိပေး ညွှန်ကြားထားခဲ့ပြီး ဖြစ်သည်။ ထိုစဉ်က သူ စကားလုံးများကို ရှင်းရှင်းလင်းလင်း ချပြခြင်းမရှိခဲ့သော်လည်း သူ၏ ရည်ရွယ်ချက်ကိုမူ အပြည့်အဝ ထုတ်ဖော်ခဲ့သည်။ စီမာဟွေ့နန်၏ ထိုးထွင်းဉာဏ်ပညာဖြင့်ဆိုလျှင် ထိုစိတ်ကူးအကြံအစည်ကို ဧကန်မုချ ရိပ်မိနားလည်နိုင်မည် ဖြစ်သည်။

မကြာသေးမီကာလအတွင်း၌ပင် စီမာဟွေ့နန်သည် အပြင်လောကသို့ ဒွိဟဖြစ်စေမည့် သတင်းစကားအချို့ကို စတင်ဖြန့်ဝေနေခဲ့ပြီ ဖြစ်သည်။

"လော့ထျန်းအဖွဲ့ဟာ စစ်ပွဲကနေ အခြေတည်ဆေးလုံး တချို့ သိမ်းပိုက်ရရှိခဲ့တယ်"

သူမသည် ထိုသတင်းကို သာမန်ကာလျှံကာ ခြောက်ကပ်ကပ်ကြီး ထုတ်ပြန်ခဲ့ခြင်း မဟုတ်ဘဲ တစ်ကိုယ်တော် ကျင့်ကြံသူများကို စည်းရုံးသိမ်းသွင်းသည့် လုပ်ငန်းစဉ်များအတွင်း၌ သဝေမတိမ်း ရောနှောထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ငါးစာတစ်ခုကဲ့သို့ အသုံးပြု၍ ထူးခြားသော အတတ်ပညာ အရည်အချင်းရှိကြသည့် ကျင့်ကြံသူများကို ဆွဲဆောင်ခဲ့ရုံတင်မက ထိုကျင့်ကြံသူများ၏ နှုတ်ဖျားမှတစ်ဆင့် သတင်းစကားကို မြို့တွင်း၌ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားစေခဲ့သည်။

ဤသို့ဖြင့် အချိန်တန်၍ လော့ချန် နတ်ဒေဝါပျားရည်ကို ဖော်စပ်ပြီးနောက် မိမိ၏ သစ္စာရှိလက်အောက်ငယ်သားများကို တိတ်တဆိတ် ဆုလာဘ်အဖြစ် ပေးအပ်ခဲ့လျှင်ပင် ရေစီးရေလာအတိုင်း ချောမွေ့စွာ ပြီးမြောက်သွားတော့မည် ဖြစ်သည်။ အကယ်၍ ဤကဲ့သို့သော အခွင့်အခါကောင်းသာ မရှိခဲ့ပါက လော့ချန်သည် ဤလျှို့ဝှက်ချက်ကို မြေမြှုပ် သင်္ဂြိုဟ်ထားသကဲ့သို့ ဘယ်သောအခါမျှ ထုတ်ပြလိမ့်မည် မဟုတ်ပေ။

....

အချိန်များ တဖြည်းဖြည်း ကုန်လွန်လာသည်နှင့်အမျှ နှင်းကြာပန်းနန်းတော်၏ လေလံခန်းမကြီးအတွင်း၌ လူအများဖြင့် စည်ကားလာခဲ့သည်။ လူဦးရေ အမြောက်အမြား မဟုတ်ဘဲ အကြမ်းဖျင်းအားဖြင့် အယောက်တစ်ရာခန့်သာ ရှိပေသည်။ ထိုအထဲမှ ကိုးပုံတစ်ပုံမှာ ချီသန့်စင်နှောင်းပိုင်းအဆင့် ကျင့်ကြံသူများဖြစ်ကြပြီး အနည်းစုသာ အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

ထိုနေရာသို့ အသစ်ရောက်ရှိလာကြသော အခြေတည်အဆင့် ကျင့်ကြံသူများသည် ခန်းမအတွင်းသို့ ဝင်ရောက်လာစဉ် လော့ချန်ကို မြင်တွေ့ရသောအခါ တစ်ယောက်မကျန် ဝမ်းမြောက်လှိုက်လှဲစွာဖြင့် ခေါင်းညိတ်၍ မိတ်ဖွဲ့နှုတ်ဆက်ကြသည်။ လက်ရှိအချိန်တွင် မီးနတ်ဘုရားလော့ ဟူသော နာမည်ကျော်ကြားမှုမှာ မိုးထိအောင် ထွန်းတောက်နေသည့် အချိန် မဟုတ်ပါလော။ သူသည် သဘာဝကျကျပင် ထျန်းလန်နတ်ဘုရားမြို့တော်ကြီးအတွင်း၌ တဖြည်းဖြည်း ဝင်းပလာနေသော ကြယ်ပွင့်သစ်တစ်ပွင့် ဖြစ်နေခဲ့လေပြီ။

ထိုကျင့်ကြံသူများ၏ ရင်းနှီးပျူငှာမှုအပေါ် လော့ချန်အနေဖြင့် တစ်ဦးတစ်ယောက်ကိုမျှ ကောင်းစွာမသိသော်လည်း တောက်ပသော အပြုံးများဖြင့် ရိုသေစွာ တုံ့ပြန်နှုတ်ဆက်လိုက်သည်။ ယခုအခါတွင် မသိကျွမ်းသေးသော်လည်း ဤသို့ အပြန်အလှန် မျက်မှန်းတန်းမိသွားခြင်းဖြင့် နောင်တစ်ချိန်တွင် လေလံပွဲတစ်ခု၌ အတူတူ ဆုံတွေ့ခဲ့ဖူးသည်ဟူသော အကြောင်းပြချက်ဖြင့် စကားဝိုင်းကို အလွယ်တကူ စတင်နိုင်မည် ဖြစ်သည်။

အားလုံး၏ မျှော်လင့်စောင့်စားမှုများကြားတွင် ရှီပေါ်ရင်းသည် စင်မြင့်ထက်သို့ လျှောက်လှမ်းလာပြီး လေလံပွဲ စတင်ပြီဖြစ်ကြောင်း ကြေညာလိုက်တော့သည်။

လော့ချန် ယခင်က တက်ရောက်ခဲ့ဖူးသော အကြီးစား လေလံပွဲကြီးများနှင့် မတူဘဲ ဤဤကဲ့သို့သော လေလံပွဲမျိုးမှာ ဂိုဏ်းတစ်ခုတည်း၏ လက်အောက်ရှိ ဒေသခံဈေးမြို့တော်အချို့ ပူးပေါင်း၍ ကျင်းပခြင်း ဖြစ်သဖြင့် အတိုင်းအတာအားဖြင့် အလွန်ပင် သေးငယ်လှပေသည်။ ထို့ကြောင့် လုပ်ထုံးလုပ်နည်းများမှာလည်း အလွန်ပင် ရိုးရှင်းတိုတောင်းလှသည်။ လေလံပွဲ မစတင်မီကတည်းက လူအများစုမှာ နည်းလမ်းအမျိုးမျိုးဖြင့် မည်သည့် အဖိုးတန်ရတနာများ ထွက်ပေါ်လာမည်ကို စုံစမ်းသိရှိထားကြပြီး ဖြစ်ရာ လူတိုင်း၏ ရည်မှန်းချက်မှာ အလွန်ပင် တိကျပြတ်သားနေကြသည်။

"ဒုတိယအဆင့် နှင်းဖားမိစ္ဆာရဲ့ အလောင်းတစ်လောင်းပါ…. ခန္ဓာကိုယ်က အကောင်းပကတိအတိုင်း ရှိနေပြီးတော့ ယင်ချီကလည်း ယိုဖိတ်ပျက်စီးသွားခြင်း မရှိပါဘူး…. ဒါဟာ ဆေးဖော်စပ်ဖို့အတွက်ပဲဖြစ်ဖြစ်၊ ရတနာတွေ သွန်းလုပ်ဖို့အတွက်ပဲဖြစ်ဖြစ် အတုမရှိတဲ့ ထိပ်တန်း ကုန်ကြမ်းပစ္စည်းတစ်ခုပါပဲ…."

"အလိုရှိတဲ့ မိတ်ဆွေများ ရှိခဲ့ရင် စဉ်းစားနိုင်ပါတယ်ရှင်"

"အနိမ့်ဆုံး လေလံစျေးနှုန်းကတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ခြောက်ထောင် ဖြစ်ပါတယ်"

ရှီပေါ်ရင်းသည် စင်မြင့်ထက်ရှိ အလျားသုံးမီတာခန့် ရှည်လျားလှသော ဖားကြီး၏ အလောင်းကို ညွှန်ပြကာ အသေးစိတ် ရှင်းလင်းတင်ပြလိုက်သည်။ သားရဲအလောင်းကြီးမှာ ထိုနေရာတွင် ငြိမ်သက်စွာ လဲလျောင်းနေသော်လည်း အသားထဲ အရိုးထဲအထိ စိမ့်ဝင်သွားစေမည့် ကမ္ဘာဦး အအေးဓာတ် အရှိန်အဝါများမှာ ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့နေဆဲဖြစ်သည်။ ထိုအရှိန်အဝါကြောင့် ကျင့်ကြံခြင်းအဆင့် အတန်ငယ် နိမ့်ပါးသော ချီသန့်စင်အဆင့် ကျင့်ကြံသူအချို့မှာ စိတ်ဝိညာဉ်ပင် ခြောက်ခြားသွားကြရသည်။

လူအုပ်ကြီးကြားမှ အာမေဋိတ်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ဒီသားရဲရဲ့ အလောင်းမှာ ဒဏ်ရာအနာအဆာ တစ်ချက်လေးတောင် မရှိပါလား…. ဘယ်လိုကျင့်ကြံသူမျိုးက ဒီလောက်အထိ ချောချောမွေ့မွေ့ သတ်နိုင်ခဲ့တာလဲ….”

စျေးနှုန်းမြှင့်တင်ရန် အခွင့်ကောင်းဖြစ်သဖြင့် ရှီပေါ်ရင်းက ချိုချိုသာသာ ပြန်လည်ဖြေကြားလိုက်သည်။

"တကယ်တော့.... အခုတစ်ခေါက် လေလံတင်မယ့် မိစ္ဆာသားရဲအလောင်းတွေ အားလုံးဟာ ကျွန်မတို့ ရေခဲခံတပ်ရဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးက ခရီးသွားရင်း လမ်းကြုံလို့ အမဲလိုက်ခဲ့တာ ဖြစ်ပါတယ်…. ဒုတိယအဆင့် မိစ္ဆာသားရဲ ငါးကောင်စလုံးက အကောင်းပကတိအတိုင်း ရှိနေတာဖြစ်ပြီးတော့ အလွန်ဆုံးရှိရင် နှင်းခဲကြောင့် ဖြစ်ပေါ်တဲ့ ဒဏ်ရာအနည်းငယ်ပဲ ရှိတာပါ"

လူတိုင်း အံ့အားသင့်စွာဖြင့် အချင်းချင်း ကြည့်လိုက်ကြတော့သည်။ ရေခဲဓာတ်ခံရှိသော သားရဲတစ်ကောင်ကို အအေးဓာတ်ဖြင့်ပင် သတ်ပစ်ခဲ့သည်လော။ ထိုရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးသည် မည်မျှအထိ အစွမ်းထက်လှသော ရေခဲဓာတ်စွမ်းအင်ကို ပိုင်ဆိုင်ထားလေသနည်း။

အခြား ကျင့်ကြံသူတစ်ဦးကလည်း သံသယရှိလှသော မေးခွန်းတစ်ခုကို ထုတ်ဖော်မေးမြန်းလိုက်သည်။

"ရိုးရိုး နှင်းဖားအများစုက သူတို့ရဲ့ ယင်ချီကို ဆုံးရှုံးသွားတတ်ကြတာ မဟုတ်ဘူးလား၊ ဒါကို ဘယ်လိုမျိုး ထိန်းသိမ်းထားနိုင်ခဲ့တာလဲ"

ဤမေးခွန်းကို ရင်ဆိုင်ရသောအခါ ရှီပေါ်ရင်း၏ အမူအရာမှာ အနည်းငယ်မျှ အိုးတိုးအိုးတန်း ဖြစ်သွားခဲ့ရပြီးနောက် ပြန်ဖြေလိုက်သည်။

"အရင်က မရှိခဲ့ရတာဟာ.... အများစုက မိတ်လိုက်တဲ့ အချိန်မှာ ယင်ချီကို ထုတ်လွှတ်ပြီး ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပစ်လိုက်ကြလို့ပါရှင်၊ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့.... နှင်းတောင်တန်းဆီကို အမြဲတမ်း သွားလာလေ့ရှိတဲ့ အဲဒီ မြစ်မျိုဖားကြီးက မိတ်လိုက်ဖို့ တခြားနေရာတစ်ခုကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ဒီဒုတိယအဆင့် နှင်းဖားမိစ္ဆာကြီးရဲ့ ယင်ချီဟာ ပျက်စီးမသွားဘဲ အကောင်းအတိုင်း ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်"

လူအုပ်ကြီးမှာ ဆွံ့အသွားခဲ့ရတော့သည်။ ဤကဲ့သို့သော ဆန်းပြားလှသည့် ထူးဆန်းထွေလာ ကိစ္စရပ်မျိုးလည်း ရှိနိုင်သေးသည်လော။ သူတို့ ဇဝေဇဝါ ဖြစ်နေကြစဉ်မှာပင် လော့ချန်တစ်ယောက် မဆိုင်းမတွဘဲ သူ၏စျေးနှုန်းကို ပထမဆုံးအကြိမ်အဖြစ် ဟစ်အော်လိုက်တော့သည်။

"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ခုနစ်ထောင်"

ဤဒုတိယအဆင့် သားရဲ၏ အကောင်းပကတိအတိုင်း ရှိနေသော အလောင်းကို မက်မောကြသော ကျင့်ကြံသူအချို့ကလည်း ချက်ချင်းပင် စျေးပြိုင်လိုက်ကြသည်။

"ခုနစ်ထောင်ငါးရာ"

လော့ချန် ဒုတိယအကြိမ် စျေးနှုန်းကို ထပ်မံတိုးမြှင့်လိုက်ပြန်သည်။

"ရှစ်ထောင်"

သူ၏ ငွေကြေးဓန ကြွယ်ဝချမ်းသာလှသောအသွင်ကို မြင်လိုက်ရသောအခါ ရှီပေါ်ရင်း၏ မျက်လုံးများမှာ ဝင်းပသွားရသည်။

"မီးနတ်ဘုရားလော့က ဝိညာဉ်ကျောက်တုံး ရှစ်ထောင် ပေးထားပါတယ်ရှင်…. တခြား စျေးပြိုင်မယ့်သူများ ရှိပါသေးသလား"

ခန်းမတစ်ခုလုံး တိတ်ဆိတ်ကာ ဝေခွဲမရဖြစ်နေသည်ကို မြင်သောအခါ သူမ စျေးတက်စေရန် စကားတစ်ခွန်း ထပ်မံဖြည့်စွက်လိုက်သည်။

"ဒီယင်ချီကိုသာ မှော်ရတနာတွေထဲမှာ ထည့်သွင်းသွန်းလုပ်မယ်ဆိုရင်.... ဒါမှမဟုတ် စိတ်ဝိညာဉ် အားနည်းပျက်စီးနေတဲ့အချိန်မှာ စုပ်ယူလိုက်မယ်ဆိုရင်.... အတိုင်းမသိ ကြီးမားလှတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာ ဖြစ်ပါတယ်ရှင်…."

ထိုစကားကြောင့် လေလံကွင်း၏ လေထုမှာ ပြန်လည် ဆူပွက်လာခဲ့သည်။

"ကျုပ် ကိုးထောင် ပေးပါတယ်"

လော့ချန်တစ်ယောက် အဘွားရှီပေါ်ရင်းအား အပြစ်တင်လိုဟန်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ထပ်မံ စျေးခေါ်လိုက်ပြန်သည်။

"တစ်သောင်း"

"တစ်သောင်းငါးရာ"

"တစ်သောင်းတစ်ထောင်"

စျေးနှုန်းအပြိုင်အဆိုင် အော်ဟစ်သံများမှာ နားမဆံ့အောင် ထွက်ပေါ်လာခဲ့သည်။ လော့ချန်က "တစ်သောင်းသုံးထောင်" ဟူသော မြင့်မားလှသည့် စျေးနှုန်းကို ခေါ်ဆိုလိုက်သည့် အချိန်ကျမှသာ ဈေးပြိုင်မှုသည် တဖြည်းဖြည်းနှင့် ငြိမ်သက်သွားခဲ့တော့သည်။

ဤမျှအထိ မြင့်မားသွားသော စျေးနှုန်းမှာ သူ၏ ခန့်မှန်းချက်ထက်များစွာ ကျော်လွန်နေခဲ့ပေသည်။ အတိတ်က သူ ဝယ်ယူခဲ့ဖူးသော မိစ္ဆာအမြုတေပါရှိသည့် အဆင့်နှစ် မီးလျှံတိမ်တိုက်ဂဠုန်သည်ပင် ဝိညာဉ်ကျောက်တုံး ရှစ်ထောင်သာ ကုန်ကျခဲ့ခြင်း ဖြစ်သည်။ မီးလျှံတိမ်တိုက်ဂဠုန်သည် အမဲလိုက်ရန် ပိုမိုခက်ခဲလှသဖြင့် နှင်းဖားထက်စာလျှင် အဆပေါင်းများစွာ ပိုမိုအဖိုးတန်လှပေသည်။ သို့သော် ယခုအခါတွင်မူ ထိုဈေးထက် ထက်ဝက်မက ပိုမိုပေးချေလိုက်ရခြင်း ဖြစ်သည်။

လော့ချန် စိတ်ထဲ၌ မချင့်မရဲ ဖြစ်နေစဉ်မှာပင် ရှီပေါ်ရင်းသည် ကျန်ရှိနေသော ဒုတိယအဆင့် သားရဲအလောင်းလေးခုကိုလည်း တစ်ခုပြီးတစ်ခု ဆက်လက် လေလံတင်ရောင်းချခဲ့သည်။ နောက်ထပ် ထွက်ပေါ်လာသော သားရဲသုံးကောင်စလုံးမှာလည်း ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော်အထိ စျေးနှုန်းများ မြင့်တက်ကာ ရောင်းချသွားရသည်ကို မြင်တွေ့ရပြီးနောက်တွင်မှ လော့ချန် အမှန်တရားကို သဘောပေါက်သွားတော့သည်။

ဖြစ်နိုင်သည်မှာ စျေးနှုန်းများ မြင့်တက်သွားခြင်း မဟုတ်ပေ။ မိစ္ဆာသားရဲများ ပေါများလှသည့် တာဟဲဈေးမြို့တော်ကဲ့သို့သော နေရာများတွင်သာ သားရဲအလောင်းများမှာ တန်ဖိုးမရှိဘဲ စျေးပေါနေခဲ့ခြင်း ဖြစ်သည်။ ထျန်းလန်နတ်ဘုရားမြို့တော်ကြီးသည် ကုန်းတွင်းပိုင်း မြို့တော်ကြီးတစ်ခုဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လှသော စီးပွားရေးအချက်အချာနယ်မြေ ဖြစ်သည်နှင့်အညီ ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော်ဟူသည်မှာ ဒုတိယအဆင့် သားရဲတစ်ကောင်အတွက် ပုံမှန်ပေါက်စျေးသာ ဖြစ်ပေလိမ့်မည်။

ပဉ္စမမြောက် သားရဲဖြစ်သော နှင်းမိစ္ဆာဝံပုလွေ၏ အလောင်းကို လေလံတင်သောအခါ လော့ချန် နောက်တစ်ကြိမ် ထပ်မံဝင်ရောက် လေလံဆွဲခဲ့ပြန်သည်။ ယခုတစ်ကြိမ်တွင်မူ သူသည် အနိမ့်ဆုံးစျေးနှုန်းဖြစ်သော ငါးထောင်ကို ကျော်ဖြတ်ကာ ချက်ချင်းပင် "ဝိညာဉ်ကျောက်တုံး တစ်သောင်း" ဟု အပြတ်အသတ် စျေးခေါ်လိုက်တော့သည်။

ဤကဲ့သို့ ကြီးမားလှသော စျေးနှုန်းကွာဟချက်ကြောင့်လည်းကောင်း၊ နှင်းမိစ္ဆာဝံပုလွေမှာ အလွန်ပင် သာမန်ဆန်လှသော သားရဲတစ်မျိုးဖြစ်ပြီး လူကြိုက်နည်းလှခြင်းကြောင့်လည်းကောင်း သူနှင့် စျေးပြိုင်မည့်သူ တစ်ဦးမျှ ရှိမလာခဲ့ချေ။ ထို့ပြင် မီးနတ်ဘုရားလော့ ဟူသော သူ၏ ဂုဏ်သတင်းမှာလည်း ထိုနေရာ၌ ရှိနေခဲ့ပြီး သူသည် စစ်ပွဲအတွင်းမှ များစွာသော စည်းစိမ်ဥစ္စာများကို သိမ်းပိုက်ရရှိထားသဖြင့် ငွေကြေးအင်အား အလွန်တောင့်တင်းကြောင်း အားလုံးက သိရှိထားကြသည်။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် မည်သူမျှ ဝင်ရောက်မနှောင့်ယှက်ဘဲ လော့ချန်အား မျက်နှာသာပေးလိုက်ကြသည်။

လော့ချန်တစ်ယောက် သားရဲအလောင်းနှစ်ခုကို ဝယ်ယူရရှိခဲ့ပြီးနောက် အခြားသော သားရဲအလောင်းများအပေါ်၌လည်း စိတ်ဝင်စားမှု ရှိနေသည်ကို မြင်တွေ့ရသောအခါ အခြေတည်အဆင့် ကျင့်ကြံသူအချို့မှာ အံ့ဩမိကြသည်။ သို့သော် လူမှုဆက်ဆံရေး ကျယ်ပြန့်ပြီး အမြင်ကျယ်လှသော ဝါရင့်အဘိုးအို ကျင့်ကြံသူတစ်ဦး၏ ရှင်းပြချက်ကို ကြားရပြီးနောက်တွင်မှ အားလုံး သဘောပေါက်သွားကြတော့သည်။

"သူတို့က လော့ချန်ကို မီးနတ်ဘုရားလော့ လို့ပဲ သိကြတာကိုး.... သူက ဒုတိယအဆင့် ဆေးဖော်ဆရာတစ်ဦး ဆိုတာ မေ့နေကြပြီလား"

ထိုစကားကို ကြားလိုက်ရသောအခါ အားလုံး၏ ရင်ထဲ၌ ရှင်းလင်းသွားကြသည်။ ယခုခေတ်ကာလတွင် မိစ္ဆာသားရဲများ၏ အသား၊ သွေးနှင့် အမြုတေများကို ဆေးလုံးဖော်စပ်ရာတွင် အသုံးပြုခြင်းမှာ ဆန်းကြယ်လှသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။

လော့ချန်မှာမူ မိမိ၏ ရင်ထဲ၌ ထိုသားရဲအလောင်းနှစ်ခုကို အသုံးပြု၍ နတ်ဒေဝါပျားရည် မည်မျှအထိ ထွက်ရှိလာနိုင်မည်နည်းဟု ပျော်ရွှင်စွာ တွက်ချက်နေမိသည်။ လက်ရှိ အခြေခံ အဆင့်၏ အောင်မြင်မှုနှုန်း ဆယ်ရာခိုင်နှုန်းဖြင့်ဆိုပါက အလွန်ဆုံးရှိလျှင် ငါးပုလင်း သို့မဟုတ် ခြောက်ပုလင်းခန့်သာ ထွက်ရှိလာရန် မျှော်လင့်နိုင်သည်။ ထိုဆေးပုလင်းများကို မည်သို့ ခွဲဝေပေးရမည်၊ မည်သူ့ကို အသုံးပြုခွင့်ပေးရမည် ဆိုသည်ကိုမူ သူ သေချာစွာ စဉ်းစားချင့်တွက်ရပေဦးမည်။

၎င်း၏ တည်ရှိမှုကို ဖုံးကွယ်ရန်အတွက် ယုံကြည်လောက်ဖွယ် အကြောင်းပြချက်တစ်ခု ရှိနေသည့်တိုင်အောင် နတ်ဒေဝါပျားရည်သည် အန္တရာယ်ရှိလှသော လျှို့ဝှက်ချက်တစ်ခုအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။ ၎င်းကို မိမိနှင့် အနီးကပ်ဆုံးဖြစ်ပြီး မည်သည့်အခါမျှ စကားတစ်ခွန်းမျှ ပေါက်ကြားအောင် လုပ်လိမ့်မည်မဟုတ်သော သူများကိုသာ ယုံကြည်စွာဖြင့် အပ်နှံနိုင်မည် ဖြစ်၏။ ထိုအချက်တစ်ခုတည်းဖြင့်ပင် လော့ထျန်းအဖွဲ့အတွင်းရှိ လူအများအပြားကို ဖယ်ထုတ်ပစ်လိုက်ရသည်။

‘ဒေါ်လေးမုရုံရဲ့ ကျန်းမာရေးက အခုဆိုရင် ပြန်လည်ကောင်းမွန်လာပြီဆိုတော့.... သူမကို အခြေတည်အဆင့်အတွက် နောက်ထပ်တစ်ကြိမ် ကြိုးစားခိုင်းလို့ ရနိုင်တယ်၊ အတိတ်တုန်းက ဦးလေးချင်ကို ပေးခဲ့ဖူးတဲ့ ကတိအတိုင်း.... သူမ စိတ်အေးလက်အေးနဲ့ ကျင့်ကြံနိုင်ဖို့အတွက် အခြေတည် ဆေးတစ်မျိုး ရှာပေးမယ်ဆိုတာ.... အခု အကောင်အထည်ဖော်ပေးရမယ်၊ ဒါပေမဲ့ ဦးလေးချင်ရဲ့ အသက်အရွယ်က.... အခုဆိုရင် အသက် ၆၀ ဆိုတဲ့ အကန့်အသတ်ကို ကျော်လွန်သွားခဲ့ပြီ၊ ဒီနတ်ဒေဝါပျားရည်က အခြေတည်ဆေးလုံးတစ်လုံးလောက် အာနိသင် မရှိဘူး.... ဖြစ်နိုင်တာက အခွင့်အရေး နှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိလိမ့်မယ်၊ ဒါက အမှန်တကယ်ပဲ အလုပ်ဖြစ်ပါ့မလား’

သူ အတွေးကမ္ဘာထဲ နစ်မြုပ်နေစဉ်မှာပင် ဘေးနားရှိ ဝမ်ယွမ်က ရုတ်တရက် စျေးနှုန်းတစ်ခုကို ထအော်လိုက်တော့သည်။

"ဝိညာဉ်ကျောက်တုံး နှစ်သောင်း.... ဒါကို ကျုပ် အကုန်ယူမယ်"

လော့ချန် ဝမ်ယွမ်ကြည့်ရာဘက်သို့ လှည့်ကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်သွားရသည်။ စင်မြင့်ထက်ရှိ ရှီပေါ်ရင်း၏ လက်ချောင်းထိပ်များပေါ်တွင် နက်မှောင်ရှုပ်ထွေးလှသော မိစ္ဆာချီတစ်ခု ရစ်ဝဲနေသည်ကို မြင်တွေ့လိုက်ရခြင်းကြောင့် ဖြစ်သည်။ ၎င်းသည် နက်ရှိုင်းလှသော ငရဲဘုံမှ ဆွဲယူထားသော မိစ္ဆာချီကဲ့သို့ သေခြင်းတရား၏ အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်။

"နှင်းဝံပုလွေချိုင့်ဝှမ်းကနေ ရရှိထားတဲ့ ရာစုနှစ်ချီ သက်တမ်းရှိ နက်ရှိုင်းတဲ့ ယင်သားရဲချီ ဖြစ်ပါတယ်၊ မိတ်ဆွေဝမ်က ဝိညာဉ်ကျောက်တုံး နှစ်သောင်း ခေါ်ဆိုထားပါတယ်၊ တခြား ဈေးပြိုင်ခေါ်ဆိုမယ့်သူ ရှိပါသေးလား"

၎င်းသည် ဒုတိယအဆင့် ယင်သားရဲချီ ဖြစ်နေခဲ့သည်။ လော့ချန် အနည်းငယ် ထိတ်လန့်သွားခဲ့ရသည်။ သူသည် လေလံစာရင်းတွင် ဤပစ္စည်းကို မြင်တွေ့ခဲ့ရခြင်း မရှိချေ။ ကြည့်ရသည်မှာ လေလံပွဲမစတင်မီ တစ်စုံတစ်ဦးက အရေးပေါ် လာရောက်အပ်နှံခဲ့ခြင်း ဖြစ်နိုင်သည်။

ဤအရာသည် အခြား ကြမ်းတမ်းခက်ထန်လှသည့် မိစ္ဆာအရှိန်အဝါများနှင့် မတူဘဲ ပြင်းထန်လှသော သေခြင်းတရား၏ စွမ်းအင်များကို သယ်ဆောင်ထားခြင်း ဖြစ်သည်။ ဤကဲ့သို့သော အငွေ့အသက်မျိုးသည် ပုံမှန်အားဖြင့် မရေမတွက်နိုင်အောင် များပြားလှသော အလောင်းကောင်များ မြေမြှုပ် သင်္ဂြိုဟ်ထားရာ သင်္ချိုင်းမြေများတွင်သာ ပေါ်ပေါက်လေ့ရှိပြီး ကျင့်ကြံသူအများစုအတွက်မူ ၎င်းသည် အသုံးမဝင်လှသော ထူးဆန်းသည့်အရာတစ်ခုမျှသာ ဖြစ်၏။

သို့သော်လည်း လော့ချန်သည် ဝမ်ယွမ်အနေဖြင့် ၎င်းကို လုံးဝ လက်လွတ်ခံလိမ့်မည်မဟုတ်ကြောင်း သိသည်။ အကြောင်းမူကား ဤပစ္စည်းသည် သွေးမိစ္ဆာဆေးလုံးကို ဖော်စပ်ရာတွင် အသုံးပြုရမည့် အဓိက ကုန်ကြမ်းပစ္စည်း သုံးခုထဲမှ တစ်ခု ဖြစ်နေခြင်းကြောင့်ပင်။ အတိတ်က ဝမ်ယွမ်သည် အခြေတည်အဆင့်သို့ တက်လှမ်းရန်အတွက် ဤပစ္စည်းကို ရှာဖွေခဲ့ဖူးသည်။ ယခုအခါတွင်မူ သူသည် အခြေတည်အဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သော်လည်း ဤသွေးမိစ္ဆာဆေးလုံးကို ဆက်လက်အလိုရှိနေရခြင်းမှာ သူ၏ ခန္ဓာကိုယ်ကျင့်ကြံအဆင့်ကို ပိုမိုမြှင့်တင်ရန် ဖြစ်သည်။

ထျန်းလန်နတ်ဘုရားမြို့တော်တွင် ရှိနေခဲ့သည့် နှစ်များတစ်လျှောက် ဝမ်ယွမ်သည် လော့ချန်ကဲ့သို့ တံခါးပိတ်ကာ နေ့စဉ်နှင့်အမျှ ကျင့်ကြံနေခဲ့သူ မဟုတ်ပေ။ သူသည် လေလံပွဲများသို့ အမြဲသွားလေ့ရှိပြီး မြို့တော်အတွင်းရှိ ဆိုင်ပေါင်းမြောက်မြားစွာကိုလည်း လှည့်လည်ကြည့်ရှုလေ့ရှိသည်။ ခန္ဓာကိုယ်ကျင့်စဉ်အတွက် လိုအပ်သော အရင်းအမြစ်များကို စုဆောင်းရုံတင်မက ဤယင်သားရဲချီကို ရှာဖွေနေခဲ့ခြင်း ဖြစ်၏။ ယခု နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပြီးနောက်တွင်မှ သူ ကံကောင်းထောက်မစွာဖြင့် ဆုံတွေ့ခွင့် ရခဲ့ခြင်း ဖြစ်သည်။ ပမာဏအားဖြင့် ကြည့်မည်ဆိုပါကလည်း နည်းပါးလှခြင်း မရှိပါချေ။

ဝမ်ယွမ် စိတ်ချင်းဆက်သွယ်၍ စကားဆိုလာသည်။

"သွေးမိစ္ဆာဆေးလုံးအတွက် လိုအပ်တဲ့ အဓိကကုန်ကြမ်းသုံးခုနဲ့ တခြားဆေးဖက်ဝင်အပင်တွေအားလုံးကို ငါ အားလုံး စုဆောင်းပြီးပြီ၊ အခု ဒီယင်သားရဲချီကိုသာ ရလိုက်မယ်ဆိုရင် အကုန် ပြည့်စုံပြီ၊ လော့ချန်.... အခု မင်း ဒီသွေးမိစ္ဆာဆေးလုံးကို ဖော်စပ်ဖို့အတွက် ဘယ်လောက်အထိ ယုံကြည်ချက် ရှိလဲ"

ဝမ်ယွမ်၏ စိတ်ချင်းဆက်သွယ်၍ မေးမြန်းလာသော စကားအပေါ် လော့ချန် ယုံကြည်မှုအပြည့်ဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

"အစ်ကိုဝမ် စိတ်အေးအေးထားပြီး လေလံဆွဲသာဆွဲပါ၊ ကျွန်တော် အဲဒီဆေးနည်းကို အစအဆုံး ထဲထဲဝင်ဝင် လေ့လာထားပြီးပြီ၊ ကုန်ကြမ်းပစ္စည်းတွေသာ စုံလင်မယ်ဆိုရင်.... အစ်ကို လိုချင်တဲ့ ဒီဆေးလုံးကို ကျွန်တော် ကျိန်းသေ အောင်မြင်အောင် ဖော်စပ်ပေးနိုင်ပါတယ်"

လော့ချန်၏ အာမခံချက်နှင့် ထောက်ခံမှုကို ရရှိလိုက်ပြီးနောက်တွင်မူ ဝမ်ယွမ်သည် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိတော့ပေ။ အခြားကျင့်ကြံသူတစ်ဦးက "နှစ်သောင်းသုံးထောင်" ဟု စျေးနှုန်းမြှင့်တင်လိုက်သည်ကို ကြားရသောအခါ သူ ချက်ချင်းပင် ပြတ်သားစွာဖြင့် ထပ်မံစျေးခေါ်လိုက်တော့သည်။

"ဝိညာဉ်ကျောက်တုံး နှစ်သောင်းငါးထောင်"

“ဒီပစ္စည်းကို.... ငါ မဖြစ်မနေ ရရမယ်”

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters