အခန်း ၄၃၉
Vol. 44 Ch. 439
အခန်း (၄၃၉) - ချန်ချင်အနွယ်၏ ကျရှုံးမှုနှင့် ကရုဏာမဲ့နတ်သမီး၏ လျှို့ဝှက်ချက်
အဆုံးသတ်တွင်မူ ထိုထောင်ချီ ပမာဏရှိသည့် ယင်သားရဲချီ အိုးကြီးမှာ ဝမ်ယွမ်၏ လက်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားခဲ့တော့သည်။
သို့သော် ပေးချေလိုက်ရသည့် စျေးနှုန်းမှာမူ လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့သည်။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသောင်းပင် ဖြစ်ပေသည်။ ဤမျှလောက်သော ပမာဏဆိုလျှင် ရွှေမီးဓား ကဲ့သို့သော အဆင့်နိမ့် မှော်ရတနာတစ်ခုကိုပင် ဝယ်ယူ၍ ရနိုင်ပေသည်။ အမှန်စင်စစ် ဤပစ္စည်းမှာ ဤမျှအထိ စျေးမကြီးသင့်ပေ။ ပထမအဆင့် နှင့် ဒုတိယအဆင့် ကုန်ကြမ်းပစ္စည်းတစ်ခုသာ ဖြစ်ပြီး အသုံးပြုနိုင်သည့် နေရာမှာလည်း အလွန်နည်းပါးလှသည်။ သို့သော် ၎င်း၏ တစ်ခုတည်းသောအားသာချက်နှင့် ကြီးမားလှသော အားနည်းချက်မှာမူ အလွန်တရာ ရှားပါးလွန်းခြင်းပင် ဖြစ်သည်။ ထိုသို့ ရှားပါးလှခြင်းနှင့်အတူ ပမာဏအမြောက်အမြားကို တစ်ကြိမ်တည်းတွင် ထုတ်ယူလာခဲ့ခြင်းကြောင့် ဈေးနှုန်းမှာ မိုးထိုးသွားခဲ့ခြင်း ဖြစ်ပေသည်။
ပစ္စည်းကို လက်ဝယ်ရရှိပြီးနောက် ဝမ်ယွမ်သည် ကျန်ရှိနေသော လေလံပစ္စည်းများအပေါ်၌ စိတ်ဝင်စားမှု လုံးဝမရှိတော့ချေ။ သူသည် ဤနေရာမှ ချက်ချင်းထပြန်ကာ လော့ချန်အား ဆေးလုံးဖော်စပ်ခိုင်းချင်စိတ်များ တားမနိုင်ဆီးမရ ပြင်းပြနေခဲ့သည်။
သို့သော် လော့ချန်က သူ့အား လှမ်းဆွဲလိုက်သည်။
"မင်း လိုချင်တဲ့ ပစ္စည်း ကျန်သေးလို့လား"
ဝမ်ယွမ်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
လော့ချန်က လေလံစာရင်းပေါ်ရှိ အမည်တစ်ခုကို လက်ညှိုးထိုးပြလိုက်၏။
"ဝတ်ရုံ ဟုတ်လား"
ဝမ်ယွမ် ပို၍ပင် ဝေခွဲမရဖြစ်သွားကာ
"မင်း နတ်ဘုရားဝတ်ရုံမျှော်စင်ကနေ ဝိညာဉ်ကျောက်တုံးတွေ အများကြီးပေးပြီး မိုးတိမ်နီဝတ်ရုံကို ဝယ်ထားတယ် မဟုတ်ဘူးလား၊ ဘာလဲ.... ဝိညာဉ်ကျောက်တုံးတွေ ထားစရာမရှိလို့ အဝတ်တွေ လျှောက်ဝယ်နေတာလား"
လော့ချန်က ခေါင်းခါလျက် ပြုံးလိုက်သည်။ သူ၏ ဝတ်ရုံများမှာ အမြဲတစေ သပ်ရပ်ပြီး ခန့်ညားထည်ဝါလေ့ ရှိသော်လည်း ၎င်းသည် အပေါ်ယံ အလှအပ သက်သက်အတွက် မဟုတ်ချေ။ အဖွဲ့တစ်ခု၏ ခေါင်းဆောင် ဖြစ်သည့်အလျောက် ရှိသင့်ရှိထိုက်သော ဂုဏ်သိက္ခာနှင့် အရှိန်အဝါကို ထိန်းသိမ်းထားခြင်းသာ ဖြစ်သည်။ အခြားသူများနှင့် ကိစ္စရပ်များကို ဆွေးနွေးသည့်အခါ ပုံပျက်ပန်းပျက် ဝတ်ဆင်သွား၍ မရပေ။ ၎င်းမှာ အခြားသူများကို မလေးစားရာ ရောက်သကဲ့သို့ မိမိကိုယ်ကိုယ်လည်း တန်ဖိုးချရာ ရောက်ပေသည်။
ဤစည်းမျဉ်းသည် စီမာဟွေ့နန်နှင့်လည်း သက်ဆိုင်ပေသည်။ လော့ထျန်းအဖွဲ့၏ အုပ်ချုပ်သူတစ်ဦးဖြစ်သော သူမတွင်လည်း ဤကဲ့သို့သော ဂုဏ်သိက္ခာမျိုး ရှိသင့်ပေသည်။
"ဒါက ကျွန်တော် ဟွေနန်အတွက် ဝယ်ပေးမလို့.... ဟွေ့နန် အခြေတည်အဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့ပြီလေ၊ ဒါပေမဲ့ ကျွန်တော် ဘာဂုဏ်ပြုလက်ဆောင်မှ မပေးရသေးဘူး"
ဝမ်ယွမ် တစ်ခဏမျှ ကြောင်သွားပြီးနောက် ဘာမှ ဆက်မပြောတော့ပေ။ သူ၏ မျက်ဝန်းထဲတွင်မူ နွေးထွေးရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ အတူတကွ ဖြတ်သန်းလာခဲ့သည့် နှစ်များတစ်လျှောက် လော့ချန်၏ စိတ်နေသဘောထားကို သူ ကောင်းကောင်း သိထားပြီးဖြစ်သည်။ လော့ချန်သည် ရာနှင့်ချီသော ကျင့်ကြံသူများ၏ ကြိုးစားအားထုတ်မှုအပေါ်တွင် အမှီပြု၍ ကျင့်ကြံမှုအဆင့်ကို အရှိန်အဟုန်ဖြင့် မြှင့်တင်နိုင်ခဲ့သူ ဖြစ်သည်။ သို့သော် လော့ချန်သည် တစ်ဖက်သတ် ခေါင်းပုံဖြတ် အမြတ်ထုတ်တတ်သူတစ်ဦး မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လက်အောက်ငယ်သားများကို တတ်နိုင်သမျှ ရက်ရက်ရောရော ဆက်ဆံလေ့ ရှိသည်။ လက်အောက်ငယ်သားများ အခြေတည်အဆင့်သို့ မရောက်ရှိမီ ကာလအတွင်း၌လည်း စိတ်ရှည်လက်ရှည်ဖြင့် လမ်းညွှန်ပြသပေးခဲ့သည်။ ထို့နောက်ပိုင်းတွင်လည်း အောင်မြင်မှုများအတွက် ဂုဏ်ပြုရန် ဝန်မလေးခဲ့သလို ဆုလာဘ်များ ပေးအပ်ရန်အတွက်လည်း ကပ်စေးနှဲခြင်း မရှိခဲ့ပါချေ။
ဝမ်ယွမ်ကိုယ်တိုင် အခြေတည်အဆင့်သို့ ရောက်ရှိခဲ့စဉ်ကလည်း လော့ချန်သည် ဟော်ဟူ၏ သိုလှောင်အိတ်ကို တားမြစ်ချက်များ ဖယ်ပြီးပြီးချင်း လက်ဆောင်ပေးခဲ့ဖူးသည်။ ထိုစဉ်က အခြေတည်အဆင့်သို့ စတင်ဝင်ရောက်ကာစ ဖြစ်သော လော့ချန်အနေဖြင့် ဝါရင့်ကျင့်ကြံသူတစ်ဦး၏ သိုလှောင်အိတ် တားမြစ်ချက်ကို ချိုးဖျက်ရန်အတွက် အချိန်နှင့် စွမ်းအင်များစွာ စိုက်ထုတ်ခဲ့ရမည်မှာ အမှန်ပင် ဖြစ်သည်။ ထို့နောက်တွင်လည်း ထျန်းလန်လေလံပွဲ၌ ဝမ်ယွမ်အတွက် ကျင့်စဉ်ကျမ်းတစ်ခု လေလံဆွဲပေးခဲ့သေးသည်။ ထိုအရာများအားလုံးမှာ အခြေတည်အဆင့်အတွက် ဂုဏ်ပြုလက်ဆောင်များ မဟုတ်ပါလော။
တွမ်ဖုန်းနှင့် မင်လုံယွီတို့အပေါ်၌လည်း ထိုနည်းတူ အလွန်ပင် ရက်ရောခဲ့မည်မှာ သေချာလှပေသည်။ အခြားအရာများကို အသာထား၊ မင်လုံယွီ ကိုင်ဆောင်ထားသော မော်ကွန်းဝင်အစီအရင်အိမ်မြှောင်ကို ကြည့်ရုံမျှဖြင့် အလွန်တန်ဖိုးကြီးကြောင်း သိသာလှသည်။ ၎င်းမှာ မင်လုံယွီ၏ ကိုယ်ပိုင်အရည်အချင်း သို့မဟုတ် လမ်းကြောင်းဖြင့် မည်သို့မျှ ဝယ်ယူနိုင်မည့် အရာမျိုး မဟုတ်ပေ။
‘အေး... အတိတ်တုန်းက သူ အခြေတည်အဆင့်ကို တက်နိုင်ခဲ့တုန်းက ငါတို့တွေ ဘာလက်ဆောင်မှ မပေးခဲ့ရဘူးပဲ’
ဝမ်ယွမ် ခေါင်းငုံ့လျက် တိတ်တဆိတ် တွေးတောမိလိုက်သည်။
ဝမ်ယွမ်တစ်ယောက် အတွေးကမ္ဘာထဲတွင် နစ်မြုပ်နေစဉ်မှာပင် လော့ချန်သည် နတ်ဘုရားဝတ်ရုံမျှော်စင်မှ လေလံတင်ထားသော အဆင့်မြင့် ခံစစ်ဝတ်ရုံဖြစ်သည့် ရေခဲငွေချည်နှင်းဝတ်ရုံကို ဈေးပြိုင်ခေါ်ဆိုနေခဲ့ပြီ ဖြစ်သည်။
၎င်းကို ရေခဲခံတပ်၏ နှစ်ပေါင်းသောင်းချီ သက်တမ်းရှိသော ဆန်းကြယ်ရေခဲအဆီအနှစ်၊ အရည်အသွေးမြင့် မြကျောက်စိမ်းများ၊ နတ်ဘုရားဝတ်ရုံမျှော်စင်ရှိ ချန်မိသားစု၏ ထူးခြားဆန်းပြားလှသော ပိုးချည်မျှင်များကို အသုံးပြု၍ ဖန်တီးထားခြင်း ဖြစ်သည်။ မူလရည်ရွယ်ချက်မှာ မှော်ရတနာအဖြစ် ဖန်တီးရန် ဖြစ်သော်လည်း စတုတ္တအဆင့် ကုန်ကြမ်းပစ္စည်းဖြစ်သော ဆန်းကြယ်ရေခဲအဆီအနှစ်ကြောင့် အောင်မြင်မှုမရဘဲ ကျရှုံးခဲ့ရခြင်း ဖြစ်သည်။
ပြောရလျှင် လော့ချန်၏ နှင်းဧကရာဇ်ဆေးအိုးမှာလည်း ထိုဆန်းကြယ်ရေခဲအဆီအနှစ်ကြောင့်ပင် မှော်ရတနာအဆင့်သို့ မရောက်ခဲ့ခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ ရေခဲခံတပ်သည် ၎င်းတို့ပိုင်ဆိုင်သော ဤစတုတ္တအဆင့် ကုန်ကြမ်းပစ္စည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် ကောင်းမွန်သော နည်းပညာ လိုအပ်နေဆဲ ဖြစ်တန်ရာသည်။ ၎င်းကို အသုံးပြု၍ သွန်းလုပ်သော ရတနာများမှာ အားလုံးနီးပါး ကျရှုံးခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
သို့သော် ကျရှုံးခဲ့သည့် ပစ္စည်းတစ်ခု ဖြစ်လင့်ကစား၊ ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခု၏ ခံစစ်စွမ်းရည်မှာမူ အနည်းငယ်မျှ လျော့ပါးသွားခြင်း မရှိချေ။
ရှီပေါ်ရင်း၏ ရှင်းလင်းတင်ပြမှုနှင့် စမ်းသပ်ပြသမှုများအောက်တွင် ဤ ရေခဲငွေချည်နှင်းဝတ်ရုံသည် ထူးချွန်ပြောင်မြောက်လှသော ခံစစ်စွမ်းရည်ကို ပြသနိုင်ခဲ့သည်။ ဝတ်စုံတစ်ခုလုံးမှာ ဆီးနှင်းကဲ့သို့ ဖြူဖွေးကြည်လင်နေပြီး မြကျောက်စိမ်းရောင် အစက်အပြောက်အချို့ဖြင့် တန်ဆာဆင်ထားသည်။ ၎င်းမှာ မူလကုန်ကြမ်းပစ္စည်းများ၏ ပါဝင်မှုအချိုးအစားနှင့် လုံးဝ ပြောင်းပြန် ဖြစ်နေသကဲ့သို့ပင်။
နောက်ဆုံးတွင်မူ လော့ချန်သည် ဝိညာဉ်ကျောက်တုံး ၉၀၀၀ ပေးချေ၍ ၎င်းကို လေလံအောင်မြင်စွာ ဝယ်ယူနိုင်ခဲ့တော့သည်။ ဤအရာမှာ လော့ချန်၏ တစ်သက်တာ သမိုင်းကြောင်းတွင် မိမိကိုယ်တိုင် အသုံးပြုရန် မဟုတ်ဘဲ အခြားသူတစ်ဦးအတွက် အဖိုးတန်ဆုံး ဝယ်ယူခဲ့ဖူးသည့် ပစ္စည်းတစ်ခု ဖြစ်ပေသည်။
ဝမ်ယွမ်သည် လော့ချန်တစ်ယောက် နှမြောတသလှသော မျက်နှာပေးဖြင့် ဝိညာဉ်ကျောက်တုံးများ ထုတ်ပေးနေသည်ကို ကြည့်ကာ မအောင့်နိုင်ဘဲ ရယ်မောလိုက်မိသည်။
"ဘာလို့ မရှိဘဲနဲ့ ရှိသယောင် ဟန်လုပ်ရတာတုန်း"
လော့ချန် မျက်စောင်းတစ်ချက်ထိုးကာ
“ကျွန်တော်က ဒီလို ဝိညာဉ်ကျောက်တုံး တစ်သောင်း၊ ရှစ်ထောင်လောက်ကို နှမြောမယ့်လူမျိုး ဟုတ်လို့လား.... ဟဲဟဲ.... ဒါတွေက သာမန် အကြွေလေးတွေပါဗျာ"
ထိုသို့ ကြွားဝါပြောဆိုခဲ့သော်လည်း လေလံပွဲအပြီးတွင်မူ သူ ရှီပေါ်ရင်းထံ သွား၍ ညည်းတွားလိုက်သေးသည်။
"ဒီနေ့တော့ အဘွားရှီ ကျွန်တော့်ကို တကယ် ဓားပြတိုက်လိုက်တာပဲနော်"
ရှီပေါ်ရင်းက သက်ပြင်းချလျက် မတတ်သာဟန်ဖြင့် ဆိုလာသည်။
"အဘွားလည်း ဘယ်လုပ်ချင်ပါ့မလဲ…. တကယ်တော့ ဒီအရင်းအမြစ်တွေအားလုံးဟာ အဘွားတို့ဂိုဏ်းရဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးက အပ်နှံထားတာ ဖြစ်ပြီး၊ သင့်တော်တဲ့ စျေးနှုန်းတစ်ခု မရခဲ့ရင် အဘွားတို့လည်း အပြစ်ပေးခံရမှာလေ"
‘ဪ.... ဒီလိုကိုး’
လော့ချန် စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"သူကလည်း အဘွားတို့ ချန်ချင်အနွယ်က သူပဲလား"
"ဘယ်ကသာ"
ရှီပေါ်ရင်းက သက်ပြင်းချကာ ဆက်ပြောသည်။
"သူက နှင်းတောင်ဘိုးဘိုး လေ…."
သူမ၏ သာမန်ကာလျှံကာ ရှင်းပြချက်ကြောင့် လော့ချန်သည် ရေခဲခံတပ်၏ လက်ရှိ အခြေအနေကို အကြမ်းဖျင်း နားလည်သွားခဲ့ရသည်။ ဂိုဏ်းအတွင်း၌ ရွှေအမြုတေနှောင်းပိုင်းအဆင့် တစ်ဦး၊ ရွှေအမြုတေအလယ်အဆင့် နှစ်ဦးနှင့် ရွှေအမြုတေအစောပိုင်းအဆင့် ကျင့်ကြံသူ ခြောက်ဦး ရှိပေသည်။ ရွှေအမြုတေကျင့်ကြံသူ ကိုးဦးစလုံးသည် ရေခဲခံတပ်၏ အနွယ်ကြီးငါးခုကို ခွဲဝေအုပ်ချုပ်ကြသည်။
မူလက ချန်ချင်အနွယ်မှာ အင်အားအတန်ငယ် တောင့်တင်းခဲ့သော်လည်း ကရုဏာမဲ့နတ်သမီးကိုယ်တိုင် ဂိုဏ်းကို သစ္စာဖောက်သွားခဲ့သော သူမ၏ ရွှေအမြုတေအဆင့် လင်ယောက်ျားကို လက်စတုံး သတ်ဖြတ်ခဲ့ပြီးနောက်ပိုင်းတွင် အင်အားမှာ ထိုးဆင်းသွားခဲ့ပြီး အားအနည်းဆုံး အနွယ်တစ်ခု ဖြစ်လာခဲ့ရသည်။ နောက်ဆုံးတွင် ထျန်းလန်နတ်ဘုရားမြို့တော်သို့ အပို့ခံခဲ့ရသည်။ မြို့တော်ကို စောင့်ရှောက်ရန်ဟု အမည်တပ်ထားသော်လည်း အမှန်စင်စစ်မှာမူ နယ်နှင်ဒဏ်ခံရခြင်း ဖြစ်ပြီး ရေခဲခံတပ်၏ အဓိက အာဏာဗဟိုချက်မှ ဖယ်ထုတ်ခြင်း ခံလိုက်ရခြင်း ဖြစ်ပေသည်။
ထိုနှင်းတောင်ဘိုးဘိုးမှာ ရွှေအမြုတေအလယ်ပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦးထဲမှ တစ်ဦး ဖြစ်သည်။ သူ၏ အရှိန်အဝါမှာ ကြီးမားလှသဖြင့် သူ ပေးအပ်လာသော တာဝန်များကို ရှီပေါ်ရင်းတို့အနေဖြင့် ငြင်းပယ်ရန် လုံးဝ မတတ်နိုင်ကြချေ။ ရှုပ်ထွေးလှသော ဂိုဏ်းတွင်း အာဏာလုပွဲများအကြောင်းကို ကြားရသောအခါ လော့ချန် ခေါင်းနပန်း ကြီးသွားရသည်။ သို့သော် ကရုဏာမဲ့နတ်သမီးအနေဖြင့် အဘယ်ကြောင့် မိမိ၏ ကျောက်စိမ်းနှင်းစက်ဆေးလုံးကို ဤမျှအထိ အရေးတကြီး လိုအပ်နေရခြင်းကိုမူ သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။
ဤဆေးလုံးသည် သူမ၏ ချန်ချင်အနွယ်ဝင်များ၏ စွမ်းအားကို အမြန်ဆုံး မြှင့်တင်ပေးနိုင်စွမ်း ရှိပေသည်။ အကယ်၍ နောက်ထပ် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးကို ထပ်မံမွေးထုတ်ပေးနိုင်ခဲ့ပါက သူမအနေဖြင့် ရေခဲခံတပ်၏ အာဏာဗဟိုချက်ဆီသို့ ပြန်လည်ဝင်ရောက်နိုင်မည့် အခွင့်အရေး ရှိလာမည် ဖြစ်သည်။
ကရုဏာမဲ့နတ်သမီးက မိမိ၏ လင်ယောက်ျားကို ကိုယ်တိုင် သတ်ဖြတ်ခဲ့ပြီး ကရုဏာမဲ့နတ်သမီးဟူသော တာအိုဘွဲ့နာမကို ရရှိခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ လော့ချန် အလွန်ပင် စိတ်ဝင်စားမိသည်။ သို့သော် ဤကဲ့သို့သော လျှို့ဝှက်ချက်များကို ရှီပေါ်ရင်းအနေဖြင့် အသေးစိတ် မပြောဝံ့ချေ။ လော့ချန် သိလိုက်ရသည်မှာ အသတ်ခံလိုက်ရသော ထိုရွှေအမြုတေကျင့်ကြံသူ၏ အမည်မှာ ရှန်းယွမ် ဖြစ်ကြောင်းမျှသာ။
စကားစမြည် ပြောဆိုရင်း လော့ချန်သည် နှင်းကြာပန်းနန်းတော်အတွင်းမှ မိမိလိုအပ်သော ကုန်ကြမ်းအချို့ကိုလည်း ဝယ်ယူခဲ့သေးသည်။ ချီလမ်းကြောင်းဆေးလုံးကို ဖော်စပ်ရန်အတွက် လိုအပ်သော ဝိညာဉ်ရိပ်ဆေးပင်နှင့် ပထမအဆင့် နှင်းမြေခွေးမိစ္ဆာသွေးတို့မှာ ရေခဲခံတပ်၏ အထူးထွက်ကုန်များ ဖြစ်ကြသဖြင့် ရရှိသည့် ပမာဏမှာ အလွန်ပင် များပြားလှသည်။
မထွက်ခွာမီ အချိန်လေးတွင် လော့ချန်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် သူ့နဖူးသူ တဖြတ်ဖြတ် ရိုက်လိုက်ပြီး သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပုလင်းလေးတစ်ပုလင်းကို ထုတ်ယူလိုက်သည်။
"အဘွားရှီ.... ပြီးခဲ့တဲ့ အခေါက်က မိတ်ဆွေထန်ထိုက်ကျင်းက ကျွန်တော့်ကို တိတ်တဆိတ် ကာကွယ်ပေးခဲ့တာဟာ.... အဘွား ကျွန်တော့်ဘက်ကနေ စကားကောင်း ပြောပေးခဲ့လို့ပဲ ဖြစ်ရပါမယ်…. အဲဒီတုန်းက ကျွန်တော် ကျေးဇူးတင်ဖို့ မေ့သွားခဲ့တယ်…. ဒါလေးက လက်ဆောင်သေးသေးလေးပါ၊ ကျေးဇူးပြုပြီး လက်ခံပေးပါဦး"
ရှီပေါ်ရင်း၏ မျက်လုံးများမှာ ဝင်းပသွားပြီး ကျောက်စိမ်းပုလင်းကို မသိမသာ လှမ်းယူလိုက်သည်။ ကြည့်ရသည်မှာ နောက်ထပ် ကျောက်စိမ်းနှင်းစက်ဆေးတစ်ပုလင်း ဖြစ်ပေလိမ့်မည်။ သူမ အံ့အားသင့်ခြင်း မရှိချေ။ တံစိုးလက်ဆောင် ပေးအပ်ခြင်းတွင် တစ်ကြိမ်တည်းဖြင့် ပြီးဆုံးသွားလေ့မရှိသည်မှာ ထုံးစံပင်။ ယခုအခါ သူမသည်လည်း ဤကဲ့သို့သော အရာများကို ကျင့်သားရနေခဲ့ပြီ ဖြစ်၏။
သူမသည် လော့ချန်အား နှင်းကြာပန်းနန်းတော်၏ တံခါးဝအထိ ကိုယ်တိုင် လိုက်လံ ပို့ဆောင်ပေးခဲ့ပြီး သူမ၏ အမူအရာမှာလည်း ယခင်ကထက် ပိုမို၍ နွေးထွေးနေခဲ့သည်။
"ဂရုစိုက်ပြီး ပြန်ပါ မိတ်ဆွေလေးလော့"
လော့ချန်က ပြုံးလျက် လက်ဝှေ့ယမ်းပြကာ ဝမ်ယွမ်နှင့်အတူ လူအုပ်ကြီးကြားထဲတွင် ပျောက်ကွယ်သွားခဲ့တော့သည်။
သူ ထွက်ခွာသွားပြီးနောက် ရှီပေါ်ရင်း၏ နှုတ်ခမ်းထောင့်များမှာ အလိုအလျောက် ကွေးညွတ်သွားရသည်။ သူမ၏ အိုမင်းလှသော မျက်နှာပြင်ထက်တွင် အပြုံးများဖြင့် ပြည့်နှက်နေခဲ့သည်။ သူမ၏ နှစ်ပေါင်းများစွာသော ကျင့်ကြံခြင်း သက်တမ်းတစ်လျှောက်တွင် ဤလော့ချန်တစ်ဦးတည်းသာလျှင် လောကနိယာမကို အနားလည်ဆုံးဖြစ်ပြီး သူမကို အလေးစားဆုံး ပုဂ္ဂိုလ် ဖြစ်ပေသည်။ လူမှုဆက်ဆံရေး နယ်ပယ်တွင် သူ၏ လုပ်ဆောင်ချက်များမှာ ဘက်ပေါင်းစုံမှ အကွက်စေ့လှပေသည်။
"ဒါကြောင့်မလို့လည်း.... ဘာနောက်ခံ အင်အားမှမရှိတဲ့ မိတ်ဆွေလော့က အောက်ခြေကနေ တစ်ဆင့်ပြီးတစ်ဆင့် ကိုယ်ပိုင်အင်အားစုတစ်ခုကို တည်ထောင်နိုင်ခဲ့တာ ဖြစ်ရမယ်"
သူမ သက်ပြင်းချရင်း ယနေ့ လေလံပွဲမှ ရရှိလာသော အကျိုးအမြတ်များကို စာရင်းတွက်ချက်ရန်အတွက် ဒုတိယထပ်သို့ တက်လှမ်းခဲ့သည်။
အရောင်းစားပွဲကို ဖြတ်ကျော်သွားစဉ် အလုပ်ရှုပ်နေသော ချိုးလျန်ယွဲ့ကို မြင်တွေ့ရသောအခါ သူမ မသိမသာ မျက်မှောင်ကြုတ်လိုက်မိသည်။ ဤတစ်ကိုယ်တော်ကျင့်ကြံသူအဖြစ်မှ ကံကောင်းထောက်မစွာဖြင့် ချန်ချင်အနွယ်၏ တပည့်အဖြစ် ဝင်ရောက်ခွင့်ရခဲ့သော မိန်းကလေးအပေါ် သူမ သိပ်သဘောမကျချေ။ ယခင်က ထိုမျှအထိ မခံစားခဲ့ရသော်လည်း လော့ချန်နှင့် နှိုင်းယှဉ်လိုက်သောအခါ ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ဖြစ်နေခဲ့သည်။ ထိုမိန်းကလေးသည် လူမှုဆက်ဆံရေးကို လုံးဝ နားမလည်ချေ။
ချိုးလျန်ယွဲ့သည် ဧည့်သည်များကို ဧည့်ခံရန် အလုပ်ရှုပ်နေသဖြင့် ဂိုဏ်းတူအစ်မကြီး၏ မနှစ်မြို့သော အမူအရာကို သတိမပြုမိလိုက်ပုံရသည်။ သို့သော် သူမ ထွက်ခွာသွားပြီးနောက်တွင်မှ ခေါင်းမော့ကြည့်လိုက်ရာ သူမ၏ မျက်နှာထက်တွင် ခါးသီးသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။
ရှီပေါ်ရင်း၏ မနှစ်မြို့မှုကို လောကဓံတရားကို ဖြတ်သန်းလာခဲ့ပြီး လူပေါင်းစုံကို မြင်တွေ့ဖူးသော ကျင့်ကြံသူတစ်ဦးဖြစ်သည့် သူမအနေဖြင့် အဘယ်မှာ မသိဘဲ နေပါမည်နည်း။ အမှန်စင်စစ် ရှီပေါ်ရင်း တစ်ဦးတည်းတင် မဟုတ်ပေ။ ချန်ချင်အနွယ်၏ အခြားသော တပည့်များကလည်း သူမအပေါ် သိပ်အမြင်ကြည်ပုံ မပေါ်ပေ။ သူမအနေဖြင့် ထိုအရာအားလုံးကို ပြောင်းလဲနိုင်စွမ်း မရှိချေ။ ရေခဲခံတပ်သို့ ဝင်ရောက်ခဲ့မိခြင်းအပေါ် သူမ တိတ်တဆိတ် နောင်တရမိသည်။ မျှော်လင့်ထားသကဲ့သို့သော အခွင့်အရေးများနှင့် ပံ့ပိုးကူညီမှုများကို မရရှိခဲ့ဘဲ၊ ရရှိခဲ့သည်မှာ အထင်သေးမှုနှင့် အေးစက်လှသော အကြည့်များသာ ဖြစ်သည်။ နေ့စဉ်နှင့်အမျှ အချည်းနှီးဖြစ်သော အသေးအဖွဲ ကိစ္စရပ်များကိုသာ လုပ်ဆောင်နေရသည်။ လက်ရှိ အခြေအနေမျိုးဖြင့် ရွှေအမြုတေအဆင့်သို့ ရောက်ရှိရန် မျှော်လင့်ခြင်းမှာ သဘာဝမကျသော စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ပေလိမ့်မည်။
"ငါက.... ဈေးမြို့တော်တာဝန်ခံအဆင့်ကနေ ထျန်းလန် နတ်ဘုရားမြို့တော်ကို ပြောင်းရွှေ့ပြီး ကရုဏာမဲ့နတ်သမီးနဲ့ နီးစပ်သွားရင် သူမရဲ့ မျက်နှာသာပေးမှုကို ရလိမ့်မယ်လို့ ထင်ခဲ့တာ...."
"ဒါပေမဲ့ အခုအချိန်ထိ အဲဒီတစ်ယောက်ရဲ့ မျက်နှာကို တစ်ခါတောင် မမြင်ဖူးသေးဘူး"
"လော့ချန်နဲ့ ဝမ်ယွမ်တို့လည်း ငါ့လိုပဲ တစ်ကိုယ်တော် ကျင့်ကြံသူတွေ ဖြစ်ခဲ့ကြတာ.... အခု သူတို့တွေကျတော့ မြို့တော်ကြီးထဲမှာ အောင်မြင်ပျော်ရွှင်နေလိုက်ကြတာ၊ အားလုံးရဲ့ လေးစားမှုကိုပါ ရထားကြသေးတယ်.... ငါ ရွေးချယ်မှု.... မှားသွားခဲ့တာလား"
သူမ တစ်ဦးတည်း ရေရွတ်နေစဉ်မှာပင် လှေကားထစ်များဆီမှ ကမူးရှူးထိုး ပြေးဆင်းလာသည့် ခြေသံပြင်းပြင်းကို ကြားလိုက်ရသည်။ ထို့နောက် ရှီပေါ်ရင်း ကတိုက်ကရိုက် ပြေးဆင်းလာသည်ကို မြင်တွေ့လိုက်ရ၏။
"ဂိုဏ်းတူအစ်မကြီး.... ဘာဖြစ်လို့လဲဟင်"
"နင်နဲ့မဆိုင်ဘူး…. ခန်းမဆောင်ကို သေချာစောင့်ရှောက်ထား၊ ငါ ထန်ထိုက်ဆီကို သွားစရာရှိလို့"
ရှီပေါ်ရင်းက နောက်သို့ပင် လှည့်မကြည့်ဘဲ စကားတစ်ခွန်း ပြောပြီးနောက် လေလံခန်းမအပြင်ဘက်ရှိ လူအုပ်ကြီးကြားထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့တော့သည်။
ချိုးလျန်ယွဲ့သည် ပါးစပ်အနည်းငယ် ဟသွားသော်လည်း ခေါင်းခါလိုက်မိသည်။ နောက်တစ်ကြိမ် ထပ်မံ၍ အေးစက်စက် ဆက်ဆံခြင်းကို ခံလိုက်ရပြန်ပြီ။ ရေခဲခံတပ် ကျင့်ကြံသူများ၏ စိတ်နေသဘောထားမှာ အမှန်ပင် အေးစက်လွန်းလှသဖြင့် သူမအနေဖြင့် မည်သို့မျှ နွေးထွေးအောင် လုပ်နိုင်စွမ်း မရှိတော့ချေ။
....
နှင်းပွင့်များ ဝဲနေသည့် ဂူဗိမာန်အတွင်း၌....။
ထန်ထိုက်ကျင်းသည် သူမ၏ လက်ချောင်းထိပ်များကြားတွင် လုံးဝ ဖြူဖွေးကြည်လင်နေသည့် ဆေးလုံးတစ်လုံးကို ကိုင်ဆောင်ထားရင်း အမြဲ အေးစက်ခက်ထန်လေ့ရှိသော မျက်နှာထားမှာ အံ့အားသင့်မှုများ အပြည့်ဖြစ်နေသည်။
"အဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးလုံး"
"ဟုတ်ပါတယ်.... အတိအကျပါပဲ"
ရှီပေါ်ရင်းက စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ဘဲ ဆက်ပြောလိုက်သည်။
"ကျွန်မ ဒီဆေးလုံးကို ရရချင်းပဲ ချက်ချင်း ယူလာခဲ့တာ ဖြစ်ပါတယ်၊ ဂိုဏ်းတူညီမလေး.... တို့တွေ ဆရာ့ကို တန်းအကြောင်းကြားလိုက်ရမလား"
ထျန်းလန်နတ်ဘုရားမြို့တော်သို့ စေလွှတ်ခြင်း ခံထားရသော်လည်း ကရုဏာမဲ့နတ်သမီးသည် ဂိုဏ်းတွင်း အသေးအဖွဲ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းလေ့ မရှိချေ။ သူမသည် အာဏာနှင့် တာဝန်အားလုံးကို သူမ အချစ်ဆုံးဖြစ်ပြီး ကျင့်ကြံအဆင့်အမြင့်ဆုံးဖြစ်သော တပည့်ဖြစ်သူ ထန်ထိုက်ကျင်းထံသို့သာ လွှဲအပ်ထားခဲ့သည်။ ကိစ္စရပ်ကြီးများ မရှိပါက သူမသည် အပြင်သို့ ထွက်လာလေ့မရှိဘဲ ထန်ထိုက်ကျင်း တစ်ဦးတည်းသာလျှင် သူမနှင့် ဆက်သွယ်နိုင်စွမ်း ရှိပေသည်။
ထန်ထိုက်ကျင်းသည် သူမ၏ ရင်ထဲမှ ပြင်းထန်လှသော စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ကာ တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်သည်။
"ဒါ လော့ချန်က အစ်မကြီးကို ပေးခဲ့တာလား"
ရှီပေါ်ရင်းသည် ရေအေးဖြင့် အပက်ခံလိုက်ရသကဲ့သို့ စိတ်လှုပ်ရှားမှုများအားလုံး ရုတ်ချည်း ပျောက်ကွယ်သွားရသည်။ သူမ၏ မျက်နှာမှာ ဖြူဖျော့သွားပြီး အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ ပြန်ဖြေရှာသည်။
"ဟုတ်ပါတယ်…. ဒီဆေးပုလင်းထဲမှာ အများစုက အဆင့်နိမ့် ဆေးလုံးတွေ ဖြစ်ပြီး အဆင့်လတ် ဆေးလုံးတစ်လုံးကတော့ အထဲမှာ ရောနှောနေခဲ့တာ ဖြစ်ပါတယ်…. ကြည့်ရသလောက်တော့ သူ ဆေးလုံးတွေကို ထည့်တုန်း သတိလက်လွတ်ဖြစ်ပြီး မတော်တဆ ထည့်လိုက်မိတာ ဖြစ်ရပါမယ်…. သူကိုယ်တိုင်လည်း ဒါကို သတိပြုမိလိမ့်မယ် မထင်ပါဘူး"
ထန်ထိုက်ကျင်းက အင်းဟု တစ်ချက်ဆိုလိုက်သော်လည်း ထိုခန့်မှန်းချက်အပေါ် မည်သည့် မှတ်ချက်မျှ မပေးခဲ့ချေ။ ထိုသို့သော အခြေအနေမျိုးလည်း ဖြစ်နိုင်သော်လည်း ဖြစ်နိုင်ခြေမှာ အလွန်ပင် နည်းပါးလှပေသည်။ လော့ချန်ကဲ့သို့သော အသေးစိတ်တွက်ချက်တတ်သည့် သူတစ်ဦးအနေဖြင့် ဤကဲ့သို့သော အမှားအယွင်းမျိုး မည်သို့လျှင် ဖြစ်ပေါ်နိုင်ပါမည်နည်း။ ဤအခြေအနေမှာ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
‘ဒါဆိုရင်.... သူ၏ ရည်ရွယ်ချက်က ဘာဖြစ်မလဲ’
‘သူ့မှာ အဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးလုံးကို ဖော်စပ်နိုင်စွမ်း ရှိနေပြီဆိုတာ သက်သေပြလိုတာလား’
‘ဒါကို အခွင့်ကောင်းယူပြီး ပိုကြီးတဲ့ အကျိုးအမြတ်တွေကို တောင်းဆိုချင်တာလား.... ဒါမှမဟုတ် ပိုအားကောင်းတဲ့ အကာအကွယ်ကို လိုချင်တာလား.... ဒါမှမဟုတ် တခြား ရည်မှန်းချက်တစ်ခုခု ရှိနေတာလား’
ထိုရည်ရွယ်ချက်များကို ရှင်းရှင်းလင်းလင်း မသိရသေးမီ အချိန်အတွင်း၌ သူမသည် ဆရာဖြစ်သူထံ မတင်ပြဝံ့သေးချေ။ သူမဆရာ၏ စိတ်နေသဘောထားကို သူမ အသိဆုံးဖြစ်သည်။ သာမန်လူများအနေဖြင့် သူမ၏ ဒေါသကို မဆွဝံ့ကြချေ။ အတိတ်က ဆရာသခင်၏ လင်ယောက်ျားသည် ဂိုဏ်းကို သစ္စာဖောက်ရန် အရိပ်အယောင် ပြသခဲ့စဉ်က ရေခဲခံတပ်၏ အကြီးအကဲများက အရေးယူရန် မပြင်ဆင်ရသေးမီ ဆရာသခင်ကိုယ်တိုင် ဘာစကားမျှမဆိုဘဲ ကိုယ်တိုင် လက်စတုံး သတ်ဖြတ်ခဲ့ဖူးသည်။ မိမိအနေဖြင့် သေချာရေရာမှုမရှိသော ကိစ္စရပ်တစ်ခုဖြင့် သူမ၏ ကျင့်ကြံခြင်းကို သွားရောက်နှောင့်ယှက်ပါက ကောင်းကျိုးထက် ဆိုးကျိုးသာ ပိုမိုများပြားလိမ့်မည် ဖြစ်သည်။
သူမ၏ လက်ချောင်းထိပ်များကြားရှိ ဆေးလုံးကို ကြည့်ရင်း ထန်ထိုက်ကျင်း တံတွေးတစ်ချက်ကို မသိမသာ မျိုချလိုက်မိသည်။ ၎င်းမှာ အဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးလုံး ဖြစ်ပေသည်။ အဆင့်နိမ့် ဆေးလုံးပင်လျှင် သူမအတွက် သာမန် ဆေးလုံးများထက် များစွာ စွမ်းအားသာလွန်လှရာ အဆင့်လတ် ဆေးလုံးဆိုလျှင်မူ ပြောနေစရာပင် လိုမည်မဟုတ်ချေ။ အကယ်၍ ဤအဆင့်လတ် ဆေးလုံးကို ရေရှည် မှီဝဲခွင့် ရရှိမည်ဆိုပါက သူမအနေဖြင့် နှစ်ပေါင်းနှစ်ဆယ်အတွင်း၌ အခြေတည်အဆင့် ၉ သို့ အရောက်လှမ်းနိုင်မည်ဟု အပြည့်အဝ ယုံကြည်ချက် ရှိပေသည်။
ထိုအချိန်ကျမှသာ သူမသည် ချန်ချင်အနွယ်ကို ကိုယ်စားပြု၍ ရေခဲခံတပ်သို့ ပြန်ကာ ဆက်ဆံသူ တပည့်နေရာကို လုယူနိုင်မည် ဖြစ်သည်။ အကယ်၍ အောင်မြင်ခဲ့ပါက ရွှေအမြုတေအဆင့်သို့ ရောက်ရှိရန် မျှော်လင့်ချက်မှာ အလွန်ပင် ကြီးမားသွားတော့မည်။ ထို့ပြင် နောင်တစ်ချိန်တွင် ဆရာဖြစ်သူနှင့်အတူ ချန်ချင်အနွယ်ကို ဦးဆောင်ကာ ရေခဲခံတပ်၏ ထိပ်တန်း အရင်းအမြစ်များကို ခံစားခွင့်ရရှိနိုင်မည် ဖြစ်သည်။
သူမ၏ ရင်ထဲ၌ တိတ်တဆိတ် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ပြီ ဖြစ်သည်။ လော့ချန်တွင် မည်သည့် ရည်ရွယ်ချက်ပင် ရှိစေကာမူ သူမအနေဖြင့် သူ၏ တောင်းဆိုချက်ကို လက်ခံရန် ပြင်ဆင်ထားပြီး ဖြစ်သည်။ အရာအားလုံးမှာ သူမ၏ မဟာတာအိုလမ်းစဉ်အတွက် ဖြစ်ပေသည်။ သတိပြန်ဝင်လာပြီးနောက် သူမ ရှီပေါ်ရင်းကို လှည့်ကြည့်လိုက်သည်။
"အစ်မကြီး.... ဘာမှ အတိအကျ မသိရသေးခင် ဆရာ ရွှေအမြုတေအလယ်အဆင့်သို့ တက်လှမ်းနေတာကို မနှောင့်ယှက်ပါနဲ့"
ရှီပေါ်ရင်းမှာ အံ့အားသင့်သွားရသော်လည်း ချက်ချင်းပင် သဘောတူညီလိုက်သည်။
"အင်းပါ…. ဆရာ့ရဲ့ ကျင့်ကြံခြင်းက ပထမဦးစားပေး ကိစ္စကြီးပဲလေ"
"ဒါပေမဲ့ ဒီကိစ္စကိုလည်း ဥပေက္ခာပြုထားလို့ မရဘူး"
ထန်ထိုက်ကျင်းက သက်ပြင်းတစ်ချက်ချကာ ဖြည်းညှင်းစွာ ဆိုလာသည်။
"လော့ချန်က တမင်တကာပဲဖြစ်ဖြစ်၊ သတိလွတ်လို့ပဲဖြစ်ဖြစ်.... အနည်းဆုံးတော့ သူ့မှာ အဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးလုံးကို ဖော်စပ်နိုင်စွမ်း ရှိနေပြီ.... ဒါဟာ ဆရာ သူ့အပေါ်မှာ ရင်းနှီးမြှုပ်နှံခဲ့တာတွေ အကျိုးကျေးဇူး ရှိလာပြီဆိုတဲ့ သဘောပဲ"
ခေါင်းညိတ်နေသော ရှီပေါ်ရင်းကို ကြည့်ကာ သူမ တိုက်ရိုက် ညွှန်ကြားလိုက်တော့သည်။
"နောက်ပိုင်းကျရင်.... နင် လော့ချန်နဲ့ လော့ထျန်းအဖွဲ့ရဲ့ သတင်းအချက်အလက် အားလုံးကို အသေးစိတ် စုံစမ်းထောက်လှမ်းရမယ်၊ အဲဒီအချိန်ကျမှ ငါ အချက်အလက်တွေကို သေချာလေ့လာပြီး သူ တန်ဖိုးမြှင့် တောင်းဆိုလာမယ့် ကိစ္စတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မှာ"
ရှီပေါ်ရင်းက နားမလည်နိုင်ဘဲ
"ဒါတွေ လိုအပ်လို့လား.... တို့တွေ သူ့ကို တိုက်ရိုက်ပဲ မျက်နှာချင်းဆိုင် မေးလိုက်ရင် ပိုပြီးတော့ မကောင်းဘူးလား"
ထန်ထိုက်ကျင်းက ခေါင်းခါလိုက်ပြီး
"လော့ချန်ဆိုတဲ့ကောင်လေးက တကယ့်လူလည်.... သူ့ ခြေလှမ်းတိုင်းမှာ ရည်ရွယ်ချက်တစ်ခုခု ရှိနေတတ်တယ်၊ အတိတ်တုန်းက အဆင့်နိမ့် ကျောက်စိမ်းနှင်းစက်ဆေးလုံးအတွက် ငါနဲ့ ကတိကဝတ် ပြုခဲ့တုန်းက.... သူ တော်တော်ကြီးကို အလျှော့ပေးခဲ့တာ.... အခုတစ်ကြိမ်မှာ အဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးလုံး ထွက်ပေါ်လာတာဟာ ငါ့ရဲ့ အသက်သွေးကြောကို ဆုပ်ကိုင်လိုက်တာနဲ့ အတူတူပဲ…. သူ တောင်းဆိုလာမယ့် အခြေအနေသစ်တွေက တော်တော်ကြီး ကြီးမားလွန်းလိမ့်မယ်လို့ ငါ ထင်တယ်၊ ငါ တစ်ဖက်သတ် အကျပ်ကိုင်မခံချင်ဘူး၊ ဒါကြောင့် ငါတို့ဘက်က ကြိုတင်ပြင်ဆင်ထားရမယ်"
ထိုစကားများ ကြားရပြီးနောက် ရှီပေါ်ရင်းသည် အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ မျက်နှာထက်တွင် ရှက်ရွံ့သော အရိပ်အယောင်များပင် ဖြစ်ပေါ်လာခဲ့သည်။ မိမိသည် ဤမျှအထိ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော်လည်း အတွေးအခေါ်ပိုင်းတွင် အလွန်ပင် နောက်ကျကျန်နေခဲ့ရသည်။ အောက်ခြေမှ ရုန်းကန်တက်လှမ်းလာခဲ့သည့် လော့ချန်ကဲ့သို့သော သူတစ်ဦးနှင့် မနှိုင်းယှဉ်နိုင်သည်ကို အသာထား၊ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေခဲ့သည့် ဂိုဏ်းတူညီမလေး၏ ထိုးထွင်းဉာဏ်ပညာကိုပင် မမီနိုင်ခဲ့ချေ။
သူမသည် တာဝန်ကို လက်ခံပြီးနောက် ထျန်းလန်တောင်မှ ပျံသန်းထွက်ခွာလာခဲ့ပြီး ဝေးကွာလှသော လော့ချန်၏ ဂူဗိမာန်ရှိရာ အရပ်မျက်နှာဆီသို့ လှမ်းမြော်ကြည့်လိုက်မိသည်။
"ထျန်းလန် နတ်ဘုရားမြို့တော်ကို ရောက်လာခဲ့တဲ့ ဒီတိုတောင်းလှတဲ့ ဆယ်စုနှစ်အတွင်းမှာ.... ငါ တကယ့်ကို အမြင်ကျယ်သွားခဲ့ရပြီပဲ"
....
ပင်း - ၁၇ ဂူဗိမာန်အတွင်း၌....။
လော့ချန်သည် ပိုင်မေလင်းတစ်ယောက် နတ်ဒေဝါပျားရည် ဖော်စပ်ရန် လိုအပ်သော ဆေးဖက်ဝင်အပင် ကုန်ကြမ်းများကို စနစ်တကျ ပြင်ဆင်ပြီး သူ အသုံးပြုရလွယ်ကူမည့် နေရာတွင် အဆင့်ဆင့် စီစဉ်ထားသည်ကို ကြည့်ရှုနေခဲ့သည်။
ထို့နောက် သိုလှောင်အိတ်ထဲမှ နှင်းဝံပုလွေ၏ အလောင်းကို ထုတ်ယူလိုက်သည်။
ယခင် အတွေ့အကြုံများအရ ဒုတိယအဆင့် သားရဲတစ်ကောင်၏ ခန္ဓာကိုယ်အတွင်းရှိ သွေး၊ အသားနှင့် အရိုးများမှာ ဆေးဆယ်သုတ် ဖော်စပ်ရန်အတွက် လုံလောက်လှပေသည်။ ထို့ပြင် သူသည် ထိုနှင်းဝံပုလွေ၏ သားရဲအမြုတေကိုပါ ဆေးလုံးအတွင်းသို့ ထည့်သွင်းဖော်စပ်ရန် ဆုံးဖြတ်ထားသည်။ ဤသို့ လုပ်ဆောင်ခြင်းဖြင့် ထွက်ရှိလာမည့် နတ်ဒေဝါပျားရည်၏ ဆေးစွမ်းအာနိသင်မှာ ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။
အတိတ်က သူ အခြေတည်အဆင့်သို့ တက်လှမ်းပြီးနောက်တွင် ဆေးစွမ်းအကြွင်းအကျန်များဖြင့် အခြေတည် ဒုတိယဆင့်သို့ ချက်ချင်း ရောက်ရှိသွားနိုင်ခဲ့ခြင်းမှာ ဖီးနစ်ကျတောင်အောက်ရှိ ဒုတိယအဆင့် ဝိညာဉ်ကြောကြောင့်သာမက အခြေတည်ဆေးလုံး နှစ်လုံးနှင့် နတ်ဒေဝါပျားရည် သုံးသုတ်၏ ဆေးစွမ်းအာနိသင်များကြောင့်လည်း ဖြစ်ပေသည်။ အထူးသဖြင့် ထိုနတ်ဒေဝါပျားရည် သုံးသုတ်စာအတွင်း၌ မီးလျှံတိမ်တိုက်ဂဠုန်ငှက်ကြီး၏ သားရဲအမြုတေ စွမ်းအင်များ ပါဝင်နေခဲ့ခြင်းကြောင့် ဖြစ်သည်။ ၎င်းမှာ ဒုတိယအဆင့် သားရဲတစ်ကောင်၏ အမြုတေစွမ်းအား မဟုတ်ပါလော။ ဆယ်ပုံတစ်ပုံမျှသာ ဖြစ်လင့်ကစား ၎င်းအတွင်း၌ သိုလှောင်ထားသော စွမ်းအင်ပမာဏမှာ အလွန်တရာ ကြီးမားလှပေသည်။
သို့သော် ဤသို့ ဖော်စပ်ခြင်းဖြင့် လုပ်ငန်းစဉ်မှာ ပိုမိုရှုပ်ထွေးသွားမည်ဖြစ်ပြီး အခက်အခဲမှာလည်း များစွာ တိုးပွားလာမည် ဖြစ်သည်။
ဤကိစ္စနှင့် ပတ်သက်၍ လော့ချန် အလွန်အမင်း စိုးရိမ်ပူပန်ခြင်း မရှိချေ။ အတိတ် ချီသန့်စင်အဆင့်တုန်းကပင် သူသည် အဆင့်ကျော်၍ ဒုတိယအဆင့် ဆေးလုံးများကို ဖော်စပ်နိုင်ခဲ့သူ ဖြစ်သည်။ ယခုအခါ သူ၏ ဆေးလုံးဖော်စပ်ခြင်း အတတ်ပညာမှာ အတိတ်ကထက် ဆယ်ဆ၊ အဆတစ်ရာမက ပိုမိုနက်ရှိုင်းလာခဲ့ပြီဖြစ်ရာ အောင်မြင်စွာ ဖော်စပ်နိုင်ရန်အတွက် အခက်အခဲ မရှိလှပေ။ သူသည် နတ်ဒေဝါပျားရည် ဖော်စပ်ခြင်းအပေါ် စိုးရိမ်နေခြင်း မဟုတ်ဘဲ အခြားသော ကိစ္စတစ်ခုကိုသာ သိချင်စိတ် ပြင်းပြနေခြင်း ဖြစ်သည်။
"ရေခဲခံတပ်ဘက်က အခုထိ ဘာသတင်းမှ ပြန်မလာသေးပါလား"
"ဒါမှမဟုတ်.... ရှီပေါ်ရင်းက အဲဒီအဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးလုံးကို အခုထိ ရှာမတွေ့သေးတာလား"
"အခု လော့ထျန်းအဖွဲ့က စစ်ပွဲအပြီး ပြန်လည်တည်ငြိမ်အောင် လုပ်နေရတဲ့ ကာလဆိုတော့.... ငါ့ကို ပံ့ပိုးပေးနိုင်တဲ့ အင်အားက သိပ်မရှိသေးဘူး၊ ငါက ဒီအဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးလုံးကနေ ထွက်ပေါ်လာမယ့် အကျိုးအမြတ်တွေအပေါ်မှာပဲ မျှော်လင့်ချက် ထားထားတာ"
"ငါ့ကို အကြာကြီး မစောင့်ခိုင်းပါနဲ့ကွာ"
ထန်ထိုက်ကျင်း၏ ခန့်မှန်းချက်များနှင့် လုံးဝ ဆန့်ကျင်လျက် လော့ချန်၏ ယခုတစ်ကြိမ် တောင်းဆိုချက်မှာ အလွန်ပင် ရိုးရှင်းလွန်းလှပြီး ဝိညာဉ်ကျောက်တုံး အနည်းငယ် ပိုမိုရရှိရန်အတွက်သာ ဖြစ်ပေသည်။
ပြောရလျှင် တစ်ဖက်သတ် စိတ်ကူးယဉ် တွေးတောမိခြင်းမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ