← Chapters

အခန်း ၄၄၀

Vol. 44 Ch. 440

အခန်း ၄၄၀

Vol. 44 Ch. 440

အခန်း (၄၄၀) - ဖေးချန်းချူး၏ သိုလှောင်အိတ်

အတိတ်က မီးလျှံတိမ်တိုက်ဂဠုန်ငှက်ကြီးကို အသုံးပြု၍ နတ်ဒေဝါပျားရည်ဖော်စပ်ခဲ့သည့် အကြိမ်ကိုပါ ထည့်သွင်းတွက်ချက်မည်ဆိုလျှင် ယခုတစ်ခေါက် နှင်းဝံပုလွေကို သုံး၍ ဖော်စပ်ခြင်းမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပေသည်။

သို့သော် လော့ချန်၏ ရင်ထဲ၌ စိုးရိမ်ပူပန်မှု လုံးဝမရှိချေ။

ပထမအချက်အနေဖြင့် သူ့တွင် အောင်မြင်ခဲ့ဖူးသော အတွေ့အကြုံ ရှိခဲ့သည်။ ဒုတိယအချက်အနေဖြင့်မူ သူ၏ လက်ရှိ ဆေးဖော်စွမ်းရည်မှာ အတိတ်ကထက် များစွာ သာလွန်မြင့်မားနေခဲ့ပြီ ဖြစ်သည်။

သူသည် ဆေးဖော်ခန်းအတွင်း၌ လဝက်မျှ အချိန်ပေးခဲ့ပြီးနောက် နတ်ဒေဝါပျားရည် သုံးပုလင်းကို အောင်မြင်စွာ ရရှိခဲ့တော့သည်။ ထို နတ်ဒေဝါပျားရည် သုံးပုလင်းကို ကြည့်ရင်း လော့ချန် အလွန်ပင် စိတ်ကျေနပ်သွားရသည်။

မည်သူသိနိုင်မည်နည်း။ ဤသုံးပုလင်းမှတစ်ဆင့် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ထွက်ပေါ်လာနိုင်ခြေ ရှိပေသည်။

သူသည် ဆေးဖော်စပ်ခန်းအတွင်းမှ ထွက်ခွာလာခဲ့ပြီးနောက် ပိုင်မေလင်းကို လှမ်းခေါ်လိုက်၏။

"မကြာသေးခင်က ငါ့ကိုလာရှာတဲ့လူ ရှိသေးလား"

ပိုင်မေလင်းက သူမ၏ ခေါင်းကို ကုတ်လျက်

"မရှိပါဘူးရှင်…. လော့ထျန်းအဖွဲ့ဘက်က စီမံခန့်ရေးမှူးကပဲ အရေးကြီးမှတ်တမ်းတချို့ကို လူလွှတ်ပြီး ရံဖန်ရံခါ လာပို့ပေးတာပဲ ရှိပါတယ်"

လော့ချန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ ရေခဲခံတပ်ဘက်မှ အံ့ဩစရာကောင်းလောက်အောင်ပင် မည်သည့် လှုပ်ရှားမှုမျှ ရှိမနေခဲ့ချေ။

‘ဟ.... အဘွားရှိက အဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးလုံးကို အခုထက်ထိ ရှာမတွေ့သေးတာများလား၊ သူမက အသက်ကြီးနေပြီဆိုပေမဲ့ ကျင့်ကြံခြင်းကို လုံးဝ စွန့်လွှတ်ထားပုံမရဘူး…. ဒါဆို.... အဲဒီဆေးပုလင်းကို မဖွင့်ရသေးတာလား’

သာမန် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် မိမိ၏ စိတ်ဝိညာဉ်အသိစိတ်ကို တမင်တကာ အပြင်သို့ ထုတ်မလွှတ်ထားလျှင် သို့မဟုတ် နတ်မျက်စိအတတ်ကို အသုံးမပြုထားလျှင် အဆင့်တူကျင့်ကြံသူ၏ ကျင့်ကြံအဆင့်ကို အတိအကျ သိရှိရန် အလွန်ခက်ခဲလှပေသည်။

သို့သော် ဤစည်းမျဉ်းမှာ လော့ချန်အတွက်မူ အကျုံးမဝင်ချေ။ ရှီပေါ်ရင်းထက် များစွာ သာလွန်နက်ရှိုင်းလှသော သူ၏ စိတ်ဝိညာဉ်ပင်လယ် အခြေခံကို ဘေးဖယ်ထားလျှင်ပင် နတ်မျက်စိအတတ်ကို သူ၏ ပကတိမျက်ဝန်းအစုံအတွင်း၌ အမြဲ ပေါင်းစပ်မြှုပ်နှံထားပြီး ဖြစ်သဖြင့် သူသည် အချိန်မရွေး ဤအတတ်ကို မသိမသာ အသုံးပြုနိုင်စွမ်း ရှိပေသည်။

၎င်းမှာ တစ်နည်းအားဖြင့် သူ၏ ပင်ကိုယ်စွမ်းရည်တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် တစ်ဖက်လူ၏ ကျင့်ကြံခြင်း အခြေအနေကို အလွယ်တကူ အကဲခတ်နိုင်ခြင်း ဖြစ်ပေသည်။ သူမအား ပေးလေ့ရှိသော ကျောက်စိမ်းနှင်းစက်ဆေးလုံးများကို ရှီပေါ်ရင်းအနေဖြင့် ပုံမှန် မှီဝဲနေမည်မှာ သေချာလှပေသည်။ သို့မဟုတ်ပါက သူမ၏ ကျင့်ကြံအဆင့်မှာ ဤမျှအထိ မြန်ဆန်စွာ တိုးတက်လာနိုင်စရာ အကြောင်းမရှိချေ။

"ငါပဲ စိတ်စောမိသွားတာလား"

လော့ချန် ခေါင်းကို ခါယမ်းလိုက်ရင်း စိတ်ထဲမှ စိုးရိမ်စိတ်များကို အသာအယာ ဖိနှိပ်လိုက်တော့သည်။

သူ စိတ်မစောသင့်ပေ။ လက်ရှိအချိန်တွင် သူ့၌ ဝိညာဉ်ကျောက်တုံး ပြတ်လပ်ခြင်း မရှိသေးချေ။ နတ်ဒေဝါပျားရည် ဖော်စပ်ရန်အတွက် လိုအပ်သော ဆေးဖက်ဝင်ကုန်ကြမ်း အမြောက်အမြားကို တိတ်တဆိတ် ဝယ်ယူခဲ့ပြီးသည့်တိုင်အောင် သူ့၌ ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်ခန့် စုဆောင်းမိထားဆဲ ဖြစ်သည်။ ထို့ပြင် လိုအပ်လာပါကလည်း လော့ထျန်းအဖွဲ့ဘက်မှနေ၍ အရန်ငွေ သောင်းချီ၊ သိန်းချီကို သူ အချိန်မရွေး ထုတ်ယူနိုင်သည်။

သူသည် အနာဂတ်အတွက် အလွန်အမင်း ကြိုတွေးတောနေမိခြင်း ဖြစ်သည်။

စိတ်တည်ငြိမ်သွားပြီးနောက် လော့ချန်သည် ညစာကို မြိန်ရှက်စွာ စားလိုက်ပြီး တိတ်ဆိတ်လှသော ကျင့်ကြံအခန်းအတွင်းသို့ ဝင်ရောက်ကာ ဆက်လက် ကျင့်ကြံနေခဲ့တော့သည်။

ကျင့်ကြံခြင်းဟူသည် ဖြည်းညှင်းစွာ သွေးရသော ဓားသွေးကျောက်ကဲ့သို့ အချိန်ပေးရသည့် အလုပ်တစ်ခု ဖြစ်ပေသည်။ အခြားသော နှောင့်ယှက်ဖွယ်ရာ ကိစ္စရပ်များ မရှိသည့် အချိန်အတွင်း၌ သူသည် တစ်ရက်မျှပင် ပျင်းရိခြင်း မရှိဘဲ အမြဲ ကြိုးစားအားထုတ်လေ့ ရှိသည်။

နောက်တစ်နေ့တွင်မူ....။

လော့ချန်သည် သိုလှောင်အိတ်ထဲမှ ထို နှင်းဖားမိစ္ဆာ၏ အလောင်းကို ထုတ်ယူလိုက်သည်။ ဖြူဖွေးလှသော အဖုအထစ်များဖြင့် ပြည့်နှက်နေသည့် အလောင်းကြီးကို ကြည့်ရင်း သူ မျက်မှောင်ကြုတ်လိုက်မိ၏။

ဤပစ္စည်းကို အဆုံးသတ်ကျမှ ထုတ်ယူ၍ ဖော်စပ်ရခြင်းမှာ ၎င်း၏ တန်ဖိုးကြီးမားလွန်းခြင်းကြောင့် မဟုတ်ပေ။ အလောင်းကို ကိုင်တွယ်ဖြေရှင်းရန် အလွန်တရာ လက်ဝင်လွန်းလှသောကြောင့် ဖြစ်သည်။ ထို အဖုအထစ်များ အားလုံး၏ အတွင်း၌ ပြင်းထန်လှသော အဆိပ်အတောက်များဖြင့် ပြည့်နှက်နေခဲ့သည်။

သူသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လင့်ကစား အကယ်၍ မတော်တဆ ထိမိသွားခဲ့ပါက အလွန်ပင် ဒုက္ခရောက်သွားနိုင်ပေသည်။

"ဒီလို မိစ္ဆာသားရဲမျိုးက စွမ်းအားပိုင်းမှာ သိပ်ကြောက်ဖို့မကောင်းပေမဲ့၊ တော်တော် စက်ဆုပ်ရွံရှာဖို့ ကောင်းလှတယ်၊ ဒုတိယအဆင့်ချင်း အတူတူဆိုရင်တောင် လူသားအခြေတည် ကျင့်ကြံသူတွေအတွက် သူတို့ကို ရင်ဆိုင်ဖို့ အတော်လေး လက်ပေါက်ကတ်လှတယ်"

"ဒါကို ဘာဒဏ်ရာမှမရဘဲ လွယ်လွယ် သတ်ဖြတ်နိုင်တာဆိုလို့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေပဲ ရှိလိမ့်မယ်"

အဆင့်နိမ့် မိစ္ဆာသားရဲများမှာမူ လူသားတို့၏ သတ်ဖြတ်ခြင်းကို အလွယ်တကူ ခံကြရစမြဲ ဖြစ်သည်။ သို့သော် ဒုတိယအဆင့် သားရဲစစ်သူကြီး အဆင့်သို့ ရောက်ရှိသွားပြီးနောက်တွင်မူ မိစ္ဆာသားရဲများသည် ကိုယ်ပိုင် အသိဉာဏ်ပညာကို စတင်ပိုင်ဆိုင်လာကြပြီ ဖြစ်သည်။ သားရဲအမြုတေကို ဖွဲ့စည်းခြင်းနှင့် မိစ္ဆာချီကို စိမံခန့်ခွဲခြင်းတို့မှာ ၎င်းတို့၏ သာမန် အရည်အချင်းများသာ ဖြစ်လာခဲ့သည်။ စွမ်းအားအနည်းငယ် ပိုမိုကြီးမားသော သားရဲများဆိုလျှင် မိမိတို့ မျိုးနွယ်စု၏ ပင်ကိုယ်အားသာချက်များကို အသုံးချတတ်လာကြသဖြင့် သာမန် လူသားအခြေတည် ကျင့်ကြံသူများနှင့် ယှဉ်လျှင် အားနည်းခြင်း လုံးဝ မရှိတော့ချေ။ အကယ်၍ ရှေးဟောင်းအမွေအနှစ် စွမ်းအားများ ကိန်းအောင်းနေသည့် သားရဲမျိုးနှင့် ဆုံတွေ့ရလျှင်မူ၊ အဆင့်တူ လူသားကျင့်ကြံသူများအနေဖြင့် လမ်းဘေးကပ်၍သာ ရှောင်ကွင်းသွားကြရမည် ဖြစ်သည်။

လော့ချန် သူ၏ ဓားအမြုတေကို ထုတ်ယူလိုက်ပြီး ဓားအလင်းတန်းများကို ခွဲဖြာစေကာ ထို ဖြူဖွေးလှသော အဖုအထစ်များ၏ ကြားအက်ကြောင်းများအတိုင်း အလောင်းကို ဂရုတစိုက် စတင်ခွဲစိပ်တော့သည်။

ပိုင်မေလင်းသည် မည်သည့်အချိန်ကတည်းက ရောက်ရှိနေသည်မသိဘဲ ဘေးနားမှနေ၍ စူးစမ်းကြည့်ရှုနေခဲ့သည်။

လော့ချန်၏ အနည်းငယ် လေးလံထိုင်းမှိုင်းနေသော အမူအရာကို ကြည့်ကာ သူမ စမ်းသပ်သည့် သဘောဖြင့် ဆိုလာသည်။

"သခင်.... ကျွန်မကို ပေးလုပ်ကြည့်မလားဟင်"

လော့ချန် သူမကို ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်၏။

ပိုင်မေလင်းက ရှင်းပြလာသည်။

"ကျွန်မက ဝိညာဉ်ခန္ဓာမလို့ ဒီလို ပြင်းထန်တဲ့ အဆိပ်အတောက်တွေကို ကြောက်စရာ မလိုပါဘူး၊ သင့်တော်တဲ့ မှော်လက်နက်တစ်ခုသာ ရှိမယ်ဆိုရင် ကျွန်မ ဒါကို ပိုပြီးတော့ မြန်မြန်ဆန်ဆန် ကိုင်တွယ်ပေးနိုင်ပါတယ်ရှင်"

သူမ၏ ယုံကြည်ချက်အပြည့်ရှိသော စကားကို ကြားသောအခါ လော့ချန် တုံ့ဆိုင်းမနေတော့ဘဲ သူမကို ချက်ချင်းပင် စမ်းသပ်ခွင့်ပြုလိုက်သည်။

ပိုင်မေလင်းသည် သူမ၏ ချီစွမ်းအင်ကို အသုံးချ၍ ထိပ်တန်းအဆင့် ဓားမြှောင်တစ်လက်ဖြင့် ထို ဖားကြီး၏ အလောင်း ဘေးပတ်ပတ်လည်မှနေ၍ လျင်မြန်စွာ စတင်ခွဲစိပ်တော့သည်။

သူမ၏ ကျွမ်းကျင်လှသော လက်လှုပ်ရှားမှုများမှာ လော့ချန်ထက်ပင် သုံးပုံတစ်ပုံမျှ ပိုမိုသာလွန်နေခဲ့သည်။

ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ လော့ချန်လည်း ရင်ထဲမှ သက်ပြင်းတစ်ချက်ကို အသာချလိုက်မိသည်။ သူ မေ့သွားခဲ့သည်။ အတိတ်ကာလက ပိုင်မေလင်းသည် ဆေးပေါင်းတစ်ထောင်ခန်းမတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသဖြင့် မိစ္ဆာသားရဲများ၏ အလောင်းကို ခွဲစိပ်သည့် အလုပ်များနှင့် သေချာပေါက် အကျွမ်းတဝင် ရှိခဲ့ဖူးသည် မဟုတ်ပါလော။ အမှန်စင်စစ် ကျင့်ကြံခြင်းလောကရှိ ဆေးဖက်ဝင်ကုန်ကြမ်း အမြောက်အမြားမှာ မိစ္ဆာသားရဲများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများမှတစ်ဆင့် သန့်စင်ထုတ်ယူရခြင်း ဖြစ်ပေသည်။

သူမ အလုပ်ကို စနစ်တကျ စတင်ကိုင်တွယ်နိုင်ခဲ့ပြီး ဘာအန္တရာယ်မှ မရှိသည်ကို မြင်ရသောအခါ လော့ချန်လည်း စိတ်အေးသွားရပြီး အခြားသော ဆေးဖက်ဝင် အရန်ကုန်ကြမ်းများကို သွားရောက်ပြင်ဆင်တော့သည်။

နတ်ဒေဝါပျားရည်ကို ဖော်စပ်သည့် လုပ်ငန်းစဉ်တစ်ခုလုံးတွင် ပိုင်မေလင်းမှတစ်ပါး သူ အခြားမည်သူ့ကိုမျှ ပါဝင်ပတ်သက်ခွင့် မပြုခဲ့ချေ။ ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူသည့် ကိစ္စရပ်တွင်ပင် ဖြစ်ပေသည်။ ဤလျှို့ဝှက်ချက်ကြီးမှာ မည်သည့်နည်းနှင့်မျှ အပြင်သို့ ပေါက်ကြားသွား၍ မဖြစ်ချေ။ အပြင်လူများအား လုံးဝ သိရှိခွင့် ပေး၍ မရနိုင်ပေ။

ဤကဲ့သို့ အလုပ်ရှုပ်နေခဲ့ရင်း တစ်လဟူသော အချိန်ကာလမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရပြီ ဖြစ်သည်။

ဆေးဖော်စပ်ခန်းအတွင်း၌ လော့ချန်သည် နှင်းဧကရာဇ်ဆေးအိုးအား မော့ကြည့်လိုက်မိ၏။

ရွှေရောင်ကြည်လင်နေသည့် ဆေးရည်စက်များမှာ မိုးကောင်းကင်မှ ကျဆင်းလာသော နတ်ရေစင်များကဲ့သို့ တဖြောက်ဖြောက် စီးဆင်းနေခဲ့သည်။

သူ တုံ့ဆိုင်းမနေတော့ဘဲ ဆွဲငင်မှော်အတတ်ကို ချက်ချင်း သုံးကာ ထို ရွှေရောင်ဆေးရည်များကို ကျောက်စိမ်းပုလင်းကြီး သုံးပုလင်းအတွင်းသို့ စနစ်တကျ သိမ်းဆည်းလိုက်သည်။

ထို့နောက် လက်တစ်ချက်ဝှေ့ယမ်းကာ မှော်အတတ်တစ်ခု ထုတ်ဖော်လိုက်ပြီး အောက်ဘက်မှ တောက်လောင်နေသော ဒုတိယအဆင့် မြေအောက်မီးလျှံကို ငြှိမ်းသတ်လိုက်တော့သည်။

ထို့နောက် သန့်ရှင်းသပ်ရပ်လှသော ဧည့်ခန်းဆောင်အတွင်းသို့ ထွက်လာခဲ့သည်။

ကျောက်စိမ်းပုလင်းအတွင်းမှ ထွက်ပေါ်လာသော သင်းပျံ့လှသည့် ဆေးရနံ့ကို ရှူရှိုက်မိသောအခါ သူ၏ စိတ်ဓာတ်များမှာ ရုတ်ချည်းပင် တက်ကြွသွားရသည်။ ယခုတစ်ခေါက် ဖော်စပ်လိုက်သော နတ်ဒေဝါပျားရည်၏ အရည်အသွေးမှာ ယခင်အသုတ်ထက် များစွာ သာလွန်ကောင်းမွန်လှပေသည်။

သူ ဂရုတစိုက်ဖြင့် ဆေးရည်တစ်စက်ကို တို့ယူကာ ပါးစပ်ထဲသို့ ထည့်သွင်းမြည်းစမ်းကြည့်လိုက်၏။ ပြင်းထန်လှသော်လည်း နူးညံ့သိမ်မွေ့သော ဆေးစွမ်းအာနိသင်တစ်ခုမှာ ခန္ဓာကိုယ်အတွင်း၌ ဖြည်းညှင်းစွာ ပျံ့နှံ့သွားခဲ့သည်။

"ဒီ ဆေးစွမ်းက…."

လော့ချန်၏ မျက်ဝန်းအစုံမှာ ချက်ချင်းပင် တောက်ပသွားရသည်။

"အရင်ကထက် အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်းလောက် ပိုပြီးတော့ အစွမ်းထက်နေတာပဲ"

အသေးစိတ် ထပ်မံမြည်းစမ်းကြည့်ပြီးနောက်တွင်မူ လော့ချန်၏ မျက်နှာအမူအရာမှာ ရုတ်ချည်း ပြောင်းလဲသွားရသည်။ အေးစက်လှသော ယင်ချီမျှင်တန်းတစ်ခု သူ၏ ခန္ဓာကိုယ်အတွင်း ဖြတ်သန်းသွားခဲ့ခြင်းကြောင့် ဖြစ်၏။ သူ တွန့်ဆုတ်မနေဘဲ အထွတ်အထိပ်အဆင့်ရှိ သန့်စင်မှော်အတတ်ကို သုံး၍ ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်လာသော စွမ်းအင်များကို မောင်းထုတ်လိုက်သည်။

"ဒါက.... ယင်ချီ လား"

လော့ချန်၏ အမူအရာမှာ မရေရာမှုများနှင့်အတူ လေးလံသွားခဲ့ရသည်။ ထို နှင်းဖားမိစ္ဆာ၏ သားရဲအမြုတေအတွင်း၌ ကိန်းအောင်းနေသော ယင်ချီများသည် နတ်ဒေဝါပျားရည်အတွင်းသို့ ပေါင်းစပ်သွားပြီးနောက်ပိုင်းတွင် ဤမျှအထိ ပြင်းထန်ဆိုးရွားလာလိမ့်မည်ဟု သူ ထင်မထားခဲ့မိချေ။ ယခင်က ကိုးကြိမ်စလုံး ကျရှုံးခဲ့ရပြီး ဆယ်ကြိမ်မြောက်ကျမှသာ ကံကောင်းထောက်မစွာဖြင့် အောင်မြင်ခဲ့ရသည်မှာ အံ့ဩစရာမရှိတော့ပေ။

စိတ်ကို ပြန်လည်တည်ငြိမ်စေပြီးနောက် လော့ချန်သည် ဤ နတ်ဒေဝါပျားရည် သုံးပုလင်းကို စတင်သုံးသပ်တော့သည်။

ဆေးစွမ်းအာနိသင်မှာ သာမန် အဆင့်နိမ့် နတ်ဒေဝါပျားရည်ထက် များစွာ သာလွန်လှသဖြင့် အခြေတည်အဆင့်သို့ တက်လှမ်းသည့် အချိန်တွင် အောင်မြင်မှုနှုန်းကို များစွာ တိုးတက်စေမည်မှာ သေချာလှပေသည်။

ဤသုံးပုလင်းမှာ သာမန် အဆင့်နိမ့် အခြေတည်ဆေးလုံး တစ်လုံးနှင့်ပင် နှိုင်းယှဉ်နိုင်စွမ်း ရှိပေသည်။ သို့သော် အားနည်းချက်မှာလည်း အလွန်ပင် ထင်ရှားလှသည်။ ယင်ချီများ ကိန်းအောင်းနေခြင်းကြောင့် ယန်ချီစွမ်းအင်များကို ပိုင်ဆိုင်ထားကြသော အမျိုးသားကျင့်ကြံသူများအနေဖြင့် ၎င်းကို လုံးဝ အသုံးမပြုသင့်ချေ။ မဟုတ်ပါက အခြေတည်အဆင့်သို့ တက်လှမ်းချိန်တွင် ပြောင်းပြန်အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာစေနိုင်သည်။

ဆန့်ကျင်ဘက်အနေဖြင့်မူ အမျိုးသမီးကျင့်ကြံသူများအတွက်မူ ထိုယင်ချီစွမ်းအင်များသည် အခြေခံတည်ဆောက်ခြင်းအဆင့်၏ အတားအဆီးကို ဖြတ်ကျော်ရန်အတွက် ကြီးမားလှသော အထောက်အကူတစ်ခု ဖြစ်လာနိုင်ပေသည်။

သူ အတွေးပွားနေစဉ်မှာပင် ပိုင်မေလင်းသည် ဧည့်ခန်းဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

သူမသည် မျက်ဝန်းအစုံကို ဝိုင်းစက်နေအောင် ဖွင့်လျက် ပါးစပ်လေးကို အနည်းငယ်ဟကာ လေထုထဲမှ တစ်စုံတစ်ခုကို အငမ်းမရ စုပ်ယူနေခဲ့သည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ လော့ချန် အလွန်ပင် အံ့ဩသွားရကာ…

"မင်း.... အဲဒီ ယင်ချီကို စုပ်ယူနေတာလား"

"အေ့...."

ပိုင်မေလင်းသည် ဗိုက်ပြည့်သွားသည့်အလား လေချဉ်တစ်ချက် တက်လိုက်သည်။

သူမ ဝေဝေဝါးဝါးဖြင့် ဆိုလာသည်။

"ဘာကိုပြောတာလဲဟင်"

လော့ချန် မျက်ဝါးထင်ထင် မြင်တွေ့နေရသည်မှာ သူမ၏ အရှိန်အဝါမှာ ယခင်ကထက် ပိုမို၍ အားကောင်းလာခြင်းပင်။

လော့ချန်၏ မျက်နှာထက်တွင် ဝမ်းသာအားရဖြစ်သော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။ အတိတ်ကာလတစ်လျှောက်လုံးတွင် ပိုင်မေလင်း၏ ကျင့်ကြံခြင်းမှာ ပင်ပန်းကြီးစွာ အားထုတ်မှုအပေါ်၌သာ အခြေခံခဲ့ရသည်။ နောက်ပိုင်းတွင် ဝိညာဉ်စုအလံကို ရရှိခဲ့သော်လည်း သူမ၏ ကျင့်ကြံအဆင့် နိမ့်ပါးလွန်းခြင်းကြောင့် ၎င်းကို အပြည့်အဝ စိမံနိုင်စွမ်း မရှိဘဲ အကူအညီ သိပ်မရခဲ့ချေ။

ထို့ပြင် လော့ချန်ကိုယ်တိုင်လည်း ဝိညာဉ်ကျင့်ကြံသူများကို ကူညီပေးနိုင်မည့် ဆေးလုံးမျိုး ရှိကြောင်းကို တစ်ခါမျှ မကြားဖူးခဲ့ချေ။ မထင်မှတ်ဘဲ ယနေ့တွင်မူ သူ ရှာဖွေတွေ့ခဲ့ရှိပြီ ဖြစ်သည်။

သူ ကျောက်စိမ်းပုလင်းကြီး တစ်ပုလင်း ထုတ်ယူလိုက်ကာ

"ရှောင်လင်း ဒီဆေးရည်ကို သုံးလို့ ရမရ စမ်းကြည့်ပါဦး"

ပိုင်မေလင်းက စူးစမ်းလိုစိတ်ဖြင့် ၎င်းကို လှမ်းယူလိုက်သည်။

"မလောနဲ့…. ဖြည်းဖြည်းချင်းပဲ လုပ်.... တကယ်လို့ တစ်ခေါက်တည်းနဲ့ အကုန် မစုပ်ယူနိုင်ရင်တောင်၊ နေ့တိုင်း နည်းနည်းချင်းစီ စုပ်ယူသွားတာကလည်း အဆင်ပြေပါတယ်"

ပိုင်မေလင်းက ခေါင်းညိတ်လိုက်၏။ နတ်ဘုရားတစ္ဆေလျှို့ဝှက်မှတ်တမ်းအား အသုံးချ၍ သာမန် ချီစွမ်းအင်ကို တစ္ဆေစွမ်းအင်အဖြစ် ပြောင်းလဲရန်အတွက် ထိရောက်မှုနှုန်းမှာ အမှန်တကယ်ပင် အလွန်တရာ နှေးကွေးလှပေသည်။ အကယ်၍ သင့်တော်သော ဆေးဝါး၏ အကူအညီကို ရရှိမည်ဆိုပါက သူမအနေဖြင့် နောက်ထပ် ခြေလှမ်းတစ်လှမ်းကို ထပ်မံတက်လှမ်းနိုင်မည်မှာ သေချာလှပေသည်။

ပိုင်မေလင်းက ကျောက်စိမ်းပုလင်းကြီးကို ပွေ့ပိုက်လျက် ဝိညာဉ်စုအလံအတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်ကို ကြည့်ရင်း လော့ချန်၏ ရင်ထဲ၌ မျှော်လင့်ချက်အချို့ ဖြစ်ပေါ်လာခဲ့သည်။

လက်ရှိအချိန်တွင် သူ့၌ ရှောင်လင်းနှင့် ရှောင်ဟေး ဟူသော ဝိညာဉ် နှစ်ကောင် ရှိပေသည်။ ရှောင်ဟေးမှာ ပိုမိုစွမ်းအားကြီးမားပြီး တစ္ဆေစစ်သူကြီး အဆင့်ရှိသော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ သို့သော် ၎င်းမှာ ကိုယ်ပိုင်အသိစိတ် မရှိသေးသဖြင့် တိုက်ခိုက်သည့်အခါတွင် ပင်ကိုယ်ဗီဇအတိုင်းသာ တိုက်ခိုက်တတ်သည်။

၎င်းနှင့် နှိုင်းယှဉ်လိုက်လျှင် ရှောင်လင်းသည် အလွန်ပင် ထက်မြက်လှသဖြင့် သူ့အား များစွာ ကူညီပေးနိုင်စွမ်း ရှိပေသည်။ အကယ်၍ သူမ၏ ကျင့်ကြံအဆင့်သာ မြင့်တက်လာခဲ့မည်ဆိုပါက နောင်တစ်ချိန်တွင် သူ့၏ လက်ထောက်တစ်ဦး ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ဤကိစ္စရပ်များကို စနစ်တကျ ကိုင်တွယ်ပြီးနောက်တွင်မူ လော့ချန်သည် ဖေးချန်းချူး၏ သိုလှောင်အိတ် တားမြစ်ချက်ကို ချိုးဖျက်ရန်နှင့် ဝမ်ယွမ်အတွက် သွေးမိစ္ဆာဆေးလုံး ဖော်စပ်ပေးရန် ကိစ္စရပ်များအပေါ်သို့ အာရုံပြန်လည် စုစည်းလိုက်တော့သည်။ ဒုတိယကိစ္စရပ်မှာ သူ၏ ဆေးဖော်ပညာအပေါ် စမ်းသပ်မှုတစ်ခု ဖြစ်ပေသည်။

သူ့အနေဖြင့် ယုံကြည်ချက် အပြည့်အဝ ရှိပေသည်။ သို့သော် ထို ယင်သားရဲချီမှာ အလွန်တရာ ရှားပါးပြီး တန်ဖိုးကြီးမားလွန်းလှသဖြင့် အဆင်သင့် ဖြစ်မှသာ စတင်ဖော်စပ်ရန် ပြင်ဆင်ထားသည်။ မဟုတ်ပါက ထို အဖိုးတန်ကုန်ကြမ်းကို ဖြုန်းတီးမိသွားလျှင် အလွန်ပင် နှမြောစရာ ကောင်းလိမ့်မည်။

ပထမကိစ္စရပ်နှင့် ပတ်သက်၍မူ ၎င်းမှာ သူ မဖြစ်မနေ လုပ်ဆောင်ရမည့် အရာ ဖြစ်ပေသည်။ ဖေးချန်းချူး၏ အမွေအနှစ်များကို လိုချင်လွန်း၍ မဟုတ်ဘဲ ၎င်း၏အတွင်း၌ ရှိနေနိုင်သော အခြေတည်ဆေးလုံး ကြောင့် ဖြစ်သည်။ သူ အများကြီး မျှော်လင့်မထားပေ။ အကယ်၍ တစ်လုံးမျှသာ ရှိနေခဲ့လျှင်ပင် အလွန် ကောင်းမွန်လှပေပြီ။ ထိုဆေးလုံးသာ ရှိနေခဲ့လျှင် သူသည် အပြင်လူများ၏ ရှေ့၌ မိမိပိုင်ဆိုင်သော နတ်ဒေဝါပျားရည်၏ တည်ရှိမှုကို ဖုံးကွယ်ရန်အတွက် အလွန်ကောင်းမွန်သော အကြောင်းပြချက်တစ်ခုကို ရရှိသွားမည် ဖြစ်သည်။

ဖေးချန်းချူးသည် အခြေတည်အဆင့် ၄ ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် သူ၏ သိုလှောင်အိတ်ပေါ်ရှိ စိတ်ဝိညာဉ်တံဆိပ်ခတ်နှိပ်မှုမှာ အတိတ်က လော့ချန် ချိုးဖျက်ခဲ့ဖူးသော တွမ်ချန်ခွန်း နှင့် ဝမ်ဟိုင်ချောင် တို့ထက် များစွာ လက်ဝင်လှသည်။

သို့သော် ယခုအချိန်တွင် လော့ချန်သည်လည်း အတိတ်ကကဲ့သို့ မဟုတ်တော့ချေ။

နှစ်ပေါင်းများစွာသော လေ့ကျင့်မှုများအောက်တွင် သူ၏ စိတ်ဝိညာဉ်အခြေခံမှာ ကျင့်ကြံအဆင့်ငယ်တစ်ခုကို ကျော်လွန်ကာ အခြေတည် နှောင်းပိုင်းအဆင့်သို့ပင် နီးကပ်လာပြီ ဖြစ်သည်။ ထို့ပြင် သူသည် ဝိညာဉ်ကျောက်တုံးများကို အသုံးပြု၍ တားမြစ်ချက်များကို ချိုးဖျက်သည့် နည်းလမ်းများကိုလည်း အတော်လေး ကျွမ်းကျင်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ဖေးချန်းချူး၏ သိုလှောင်အိတ်ကို ချိုးဖျက်ရန်အတွက် အချိန်အများကြီး ပေးရန် မလိုအပ်ချေ။

သူ့ ခန့်မှန်းချက်အရ အလွန်ဆုံး ရှိလှလျှင် လအနည်းငယ်အတွင်း၌ သေချာပေါက် ချိုးဖျက်နိုင်မည် ဖြစ်သည်။ လအနည်းငယ်ဟူသော အချိန်ကာလကို လော့ထျန်းအဖွဲ့ရော သူကိုယ်တိုင်ပါ စောင့်ဆိုင်းနိုင်စွမ်း ရှိပေသည်။

All Chapters