← Chapters

အလိုလေး … အဲ့လူ ၃ ယောက်ထဲမှာ ဘယ်သူမဆိုက ငါ့ဆရာ ဖြစ်နေနိုင်တာပဲ (၂)

Vol. 4 Ch. 46

အလိုလေး … အဲ့လူ ၃ ယောက်ထဲမှာ ဘယ်သူမဆိုက ငါ့ဆရာ ဖြစ်နေနိုင်တာပဲ (၂)

Vol. 4 Ch. 46

[အခုအချိန်မှာ အရေးအကြီးဆုံးကတော့ ဆေးရှိန်ဖြေပေးနိုင်မယ့် တစ်ယောက်ယောက်ကို အရင်ဆုံး ရှာပေးဖို့ပဲ]

နန်းတွင်းအရာရှိကြီးများ : “…”

သူတို့အားလုံး၏ ဘေးနားတွင် အမျိုးသမီး မိသားစုဝင်များ ပါလာသည်မှာ မှန်သော်လည်း မိမိ ခေါင်းပေါ်တွင် ဦးထုပ်စိမ်း ဆောင်းရမည့်ကိစ္စနှင့် တိုင်းပြည်အပေါ် သစ္စာစောင့် သိရမည့်အရေး၊ ဤနှစ်ခုကြားထဲမှ တစ်ခုကို ရွေးချယ်ရခြင်းမှာ တကယ့်ကို သေလုမတတ် ခက်ခဲလှသော ဆုံးဖြတ်ချက်ကြီး ဖြစ်ပေသည်။

မိမိကိုယ်တိုင် ခေါင်းပေါ် ဦးထုပ်စိမ်း ဆောင်းရ ဆောင်းရ၊ ဒါမှမဟုတ် မိမိ၏ သမက်၊ ယောက်ဖ သို့မဟုတ် ညီမဖြစ်သူ၏ ခင်ပွန်းသည် ခေါင်းပေါ်ပဲ သွားဆောင်းခိုင်းဆောင်းခိုင်း၊ တကယ့်ကို ကမ္ဘာပျက်မတတ် ပေါက်ကွဲအား ပြင်းလှသည့် အရှုပ်တော်ပုံကြီး ဖြစ်လာတော့မှာ အသေအချာပင်။

[တကယ်လို့ အခြေအနေက အဆိုးဆုံးအဆင့်အထိ ရောက်သွားရင် ယောက်ျား တစ်ယောက်ကိုပဲ ရှာပေးလိုက် ရမလား၊ ဆေးလုံးဖြစ်ဖြစ်၊ ဆေးရည်ဖြစ်ဖြစ်၊ ဒီလို သက်မဲ့ပစ္စည်းတွေက ကျား၊မကို ခွဲခြား သိလောက်အောင်အထိ ဉာဏ်ကောင်းကြမှာ မဟုတ်ဘူးမလား]

သူတို့၏ ခေါင်းများကို ပွတ်နေသည့် အရာရှိကြီးများသည် ချက်ချင်းဆိုသလို သူတို့၏ အနောက်ကို ပြောင်းကာ လိုက်ကြသည်။

*ဒါ... ဒါကြီးက...*

တိုင်းပြည်အပေါ် သစ္စာစောင့်သိရမည့် စွန့်စားရမှု ရာခိုင်နှုန်းက ရုတ်တရက်ကြီး ဘီလီယံချီပြီးများ တက်သွား လေသလား။

ထိုအထဲတွင် တစ်သက်လုံး တိုင်းပြည်အပေါ် သစ္စာရှိရှိ၊ မျိုးချစ်စိတ်အပြည့်ဖြင့် တာဝန်ထမ်းဆောင်လာခဲ့သည့် အသက် ၆၉ နှစ်အရွယ် အကြီးတန်း ရာဇဝတ်ဝန်ကြီး တစ်ဦးမှာမူ စောစောတုန်းက မချိတင်ကဲ ဖြစ်နေသော သူ၏ မျက်နှာ အမူအရာကြီးမှာ ရုတ်တရက် ဆတ်ခနဲ တောင့်တင်းသွားသည်။

“အရှင်မင်းမြတ်”

“ဒီအစေခံအိုကြီးက အသင့်ပါပဲ”

အိုမင်းနေသော အရိုးများနှင့်အတူ သူ တောင်ပေါ်သို့ အသည်းအသန် တက်သွားလေသည်။

ဧကရာဇ်သည် ဤမျှ သစ္စာရှိသောသူကို သတိမထားမိသေးပေ။

ယခုအချိန်တွင် သူသည် ရင်ထဲ၌ ချီတုံချတုံနှင့် မသေမချာ မရေမရာ ဖြစ်နေပြီး သူ၏ အကြည့်များက စစ်မက်ရေးရာ အရာရှိငယ်လေးနှင့် ဝန်ကြီး ကျိဆွေ့တို့ဆီသို့ အလိုလို ရောက်ရှိသွားတော့သည်။

*ဒါမှမဟုတ်လဲ ငါ့ရဲ့ အမတ်တွေထဲက တစ်ယောက်ယောက်ကိုပဲ အသုံးချလိုက်ရမလား*

အမျိုးသား နှစ်ယောက်၏ အမူအရာများမှာ တောင့်တင်းသွားပြီး သူတို့၏ အနောက်ဘက်မှ နာကျင်မှုက လှိုင်းလုံးသဖွယ် ထိုးတက်လာသည်ဟု ခံစားလိုက်ရတော့သည်။ သူတို့ နှစ်ယောက်လုံးသည် ထိန်းချုပ်မှု ကင်းမဲ့ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

ဧကရာဇ်အိုကြီး: *တော်ပါပြီလေ၊ ဝန်ကြီး နှစ်ယောက်ကို တော်ဝင်ခုတင်ပေါ် ဆွဲခေါ်သွားတာက အသံ ထွက်လာရင် မကောင်းဘူး*

ထို့နောက် သူ၏ အကြည့်က သခင်ကြီးထံသို့ ကျရောက်သွားသည်။

လွန်ခဲ့သောအချိန်က ဤလူသည် နှုတ်မှုစွမ်းရည်လည်း ပြောင်မြောက်၊ ကျင့်ဝတ်သိက္ခာပိုင်းလည်း ကိုက်ညီ၊ စရိုက် လက္ခဏာလည်း စင်ကြယ်လှသဖြင့် မည်သို့ပင် ကြည့်စေကာမူ တကယ့်ကို အဖက်ဖက်က ပြည့်စုံလွန်းသည့် ပညာရှိ တစ်ဦးဟု ထင်မှတ်ခဲ့မိသော်လည်း ယခုအချိန်တွင်မူ...

သူ၏ အကြည့်များက တဖြည်းဖြည်းနှင့် ပိုမိုစိစစ် ဝေဖန်တတ်သော အကြည့်များအဖြစ်သို့ ပြောင်းလဲသွား တော့သည်။

*ဒီလူက အရမ်းမွှေးလွန်းနေတယ်၊ သူ့ရဲ့ ဝတ်ရုံထဲမှာ အမွှေးနံ့သာအိတ်တွေ ဘယ်နှအိတ်တောင် ထည့်ညှပ်ထားလဲ မသိဘူး၊ အနံ့က စူးလွန်းတယ်*

*ပြီးတော့ သူ့မျက်နှာက ဖြူဖွေးနေအောင် မျက်နှာချေမှုန့်တွေ အတင်း လိမ်းကျံထားတာ၊ အရမ်း မိန်းမ ဆန်လွန်းတယ်*

ထို့အပြင် ထိုသခင်ကြီးခမျာ အိမ်သာအသည်းအသန် သွားချင်စိတ်ကို မနည်းအသက်လု အောင့်ထားရလွန်းသဖြင့် သူ၏ မျက်နှာကြီးမှာ တစ်ချက်တစ်ချက် စိမ်းသွားလိုက်၊ နီမြန်းသွားလိုက်နှင့် အရောင်အမျိုးမျိုး ပြောင်းလဲ နေခဲ့ပေသည်။

*မဟုတ်မှလွဲရော*

ဧကရာဇ်မင်းမြတ်အနေဖြင့် ဤသခင်ကြီးတစ်ယောက် ဆေးရှိန်ကြောင့် စိတ်တွေ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီဟု လွဲမှားစွာ တွေးမိသွားလေသည်။

“အရှင်”

ရှုရန်မြောင်က ရုတ်တရက် အသံကျယ်ကြီးဖြင့် လှမ်းအော်လိုက်တော့သည်။

ထိုအသံကြောင့် သခင်ကြီးခမျာ လန့်ဖျန့်သွားပြီး မျက်နှာကြီး ရှုံ့မဲ့သွားရကာ ထိတ်လန့်မှုကြောင့် ဆီးထွက်ကျ လုနီးပါး ဖြစ်သွားရသည်။

ဧကရာဇ်မင်းမြတ်က ခက်ခက်ခဲခဲ ပြန်ပြောလိုက်သည်။

“ဘာဖြစ်တာလဲ”

ရှုရန်မြောင်: “ကျွန်တော် အကြံ ရပြီ”

ဧကရာဇ်: *မင်းအကြံက ဘာလဲဆိုတာကို ငါ သိတယ်ထင်တယ်၊ ဒါပေမဲ့ … ငါ့ကို နည်းနည်းလောက် ထပ်စဉ်းစားခွင့် ပေးပါဦး*

တစ်သက်လုံး အမျိုးသမီးများကို နှစ်သက်သည့် အမျိုးသား တစ်ယောက်အား ရုတ်တရက် အမျိုးသား တစ်ယောက်ကို သိမ်းပိုက်ရန် အမေးခံလိုက်ရခြင်းက သူ ကျော်ဖြတ်ရ ခက်သည့် စိတ်ပိုင်းဆိုင်ရာ တံတိုင်းကြီး တစ်ခု ဖြစ်နေသည်။

စိတ်ပိုင်းဆိုင်ရာအရ ဘယ်လိုမှ မဖြစ်နိုင်တော့သည့် စွမ်းဆောင်ရည် စိန်ခေါ်မှုကြီး တစ်ခုလည်း ဖြစ်နေနိုင်သည်။

[ဘာ၊ ဧကရာဇ်အိုကြီးက ငါ ဘာတွေးနေလဲဆိုတာကို ကြိုခန့်မှန်းမိသွားတာလား၊ ပြီးတော့ သူက အဲ့ဒီအကြံကို ထပ်ပြီး စဉ်းစားဦးမယ် ဟုတ်လား၊ အင်းလေ၊ ဒါလဲ ဟုတ်ပါတယ်၊ ဘယ်လောက်ပဲ အာဏာရှိတဲ့ ဧကရာဇ် တစ်ပါး ဖြစ်နေပါစေ လူအများကြီးရဲ့ ရှေ့မှာ ကိုယ့်လက်နဲ့ ကိုယ် ရှင်းရမဲ့ကိစ္စဆိုတော့... တကယ့်ကို စဉ်းစားရခက်မှာပဲ]

*ကိုယ့်လက်နဲ့ကိုယ် ဖြေရှင်းရမယ့် ဟုတ်လား*

ဧကရာဇ်အိုကြီးသည် ချက်ချင်း ဆတ်ခနဲ မတ်မတ် ထရပ်လိုက်မိသည်။

ကျိဆွေ့၏ မျက်လုံးအစုံသည် ဝမ်းသာစိတ်ကြောင့် ချက်ချင်းဆိုသလို လင်းလက်သွားရတော့၏။

စစ်မက်ရေးရာရုံးမှ အရာရှိငယ်လေးမှာမူ ထရပ်လိုက်ချိန်တွင် အနည်းငယ် ဒယိမ်းဒယိုင် ဖြစ်နေပြီး နေရာကောင်း တစ်ခုခုကို မျက်စိကစားကာ လိုက်လံရှာဖွေနေတော့သည်။

သူတို့သုံးဦးစလုံးမှာ ရုတ်တရက်ဆိုသလို ဝမ်းသာအားရ ဖြစ်သွားကြသည်။

*ဒီအကြံက အလုပ် ဖြစ်နိုင်တယ်*

ထိုသခင်ကြီးမှာ လုံးဝ မှင်တက်လျက်ပင် လူလေးယောက် ဝုန်းဒိုင်းကြဲ ပြေးထွက်သွားသည်ကို ငေးကြည့်နေ မိတော့သည်။

*ဘာတွေဖြစ်ကုန်တာလဲ၊ ကျိဆွေ့၊ မင်းပါ ဘာလို့ ထွက်ပြေးရတာလဲ၊ ငါ့ကိုကြည့်စမ်းပါဦး ကျိဆွေ့ရ*

“ထားလိုက်ပါတော့”

သူသည် တစ်ကိုယ်ရေကိစ္စ ဖြေရှင်းရန် နေရာ အမြန်ရှာရင်း မနည်း ရုန်းကန် ထရပ်လိုက်ရသည်။ ဤကိစ္စ ပြီးသွားလျှင်တော့ အရှင်မင်းကြီးနှင့် ကျိဆွေ့တို့ကို သွားရှာရပေဦးမည်။

ရှုရန်မြောင်သည် နားကိုပိတ်၊ မျက်စိကိုမှိတ်လျက် သူတို့ကို ကျောပေးထားသည်။

[စိတ်မပူကြပါနဲ့၊ ကျွန်တော် ကြည့်လဲ မကြည့်သလို နားလဲ နားမထောင်နေပါဘူး]

ထိုလူသုံးယောက်မှာမူ: “…”

*တော်စမ်းပါတော့၊ ဒီလို လုပ်နေမယ့်အစား ဗြောင်ကျကျပဲ ရပ်စောင့်နေလိုက်ပါတော့လား*

ဤသို့သော အခြေအနေမျိုးတွင် သူတို့သုံးယောက်သည် နေရခက်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ထို့နောက် သစ်ပင်တစ်ပင်စီ၏ တစ်ဖက်တစ်ချက်စီတွင် သစ်ပင်ပင်စည်ကို ကျောမှီလျက် အပြန်အလှန် မမြင်ရသည့် နေရာ၌ ဝင်ထိုင်လိုက်ကြတော့သည်။

၁၅ မိနစ်ခန့် ကြာပြီးနောက်တွင်မူ သုံးယောက်စလုံး အခြေအနေ တစ်ခုအထိ ပြီးစီးသွားခဲ့ကြပြီ ဖြစ်သည်။

သို့သော် ဧကရာဇ်အိုကြီးမှာမူ မည်သည့် ခံစားချက်မျှမရှိဘဲ လှုပ်လည်း မလှုပ်ဘဲ ထိုင်နေဆဲပင်။

ကျိဆွေ့သည်လည်း သစ်ပင်ကိုမှီကာ မျက်လုံးမှိတ် နားနေ၏။

စစ်မက်ရေးရာရုံးမှာ အရာရှိငယ်လေးမှာမူ မျက်နှာတစ်ခုလုံး စိတ်ဒုက္ခရောက်နေဟန်ဖြင့် ဝေခွဲမရ ဖြစ်နေရှာသည်။ သုံးယောက်စလုံးမှာ အခြေအနေတစ်ခုတွင် ပိတ်မိနေသကဲ့သို့ မည်သူမျှ မလှုပ်မယှက် ရှိနေကြချေ။

နောက်ထပ် ၁၅ မိနစ်ခန့် ကုန်လွန်သွားပြီးနောက်တွင်မှ စစ်မက်ရေးရာရုံးမှာ အရာရှိငယ်လေးသည် စိတ်ပျက် အားငယ်မှုကြောင့် မျက်ရည်များပင် ဝဲလျက် ထရပ်လိုက်တော့သည်။

ခေတ္တမျှကြာသော် ရှုရန်မြောင်၏ စိတ်တွင်းရေရွတ်သံများ ထွက်ပေါ်လာပြီး သူကိုယ်တိုင်လည်း စစ်မက်ရေးရာရုံးမှ အရာရှိငယ်နှင့် စကားစမြည် ပြောဆိုနေလေသည်။

[နာရီဝက်ဆိုရင် လောက်ငှရဲ့လား]

[အဲဒါက ကြာတယ်လို့ ပြောရမလား၊ မြန်တယ်လို့ ပြောရမလား]

ဧကရာဇ်အိုကြီးနှင့် ကျိဆွေ့တို့သည် သူတို့ရှေ့ရှိ ဟာလာဟင်းလင်း လေထုကိုသာ အေးစက်စက်ဖြင့် စိုက်ကြည့် နေကြတော့သည်။

မှန်ပေသည်။ ထို့ကြောင့်ပင် သူတို့ သုံးယောက်စလုံး ယခုအထိ မတ်တတ်မထရဲသေးခြင်း ဖြစ်၏။

စစ်မက်ရေးရာရုံးမှ အရာရှိငယ် အတွက်မူ ထိုနှစ်ယောက်စလုံးမှာ သူ လုံးဝ မပြစ်မှားဝံ့သည့် အထက်လူကြီးများ ဖြစ်ကြသည်။ ထို့ကြောင့် မိမိ၏ သိက္ခာကိုသာ အနစ်နာခံကာ အရင် ထလိုက်ရခြင်း ဖြစ်ပေတော့သည်။

နောက်ထပ် ၁၅ မိနစ်ခန့် ကုန်လွန်သွားပြန်သည်။

ထုံကျင်နေသော မိမိ၏ တင်ပါးကို မသိမသာလေး လှမ်းနှိပ်နေမိသည်။ ကျိဆွေ့သည်လည်း ပင်ပန်း နွမ်းနယ် နေသော ခြေထောက်များကို လှုပ်ရှားကာ အကြောဆန့်လိုက်သည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ…

ကရာဇ်အိုကြီးသည် မည်သည့်လှုပ်ရှားမှုမျှ ရုတ်တရက် မလုပ်မိစေရန် သွားကိုကြိတ်ကာ အောင့်ထားလိုက်သည်။ ကျိဆွေ့၏ မျက်ဝန်းအိမ်ထဲတွင်မူ စက္ကန့်ပိုင်းမျှ စိတ်ဒွိဟ ဖြစ်ကာ ရုန်းကန်နေရဟန် ပေါ်လွင် နေသည်။ သူ့အနေဖြင့် ဧကရာဇ်ကို အရှက်မကွဲစေချင်သော်လည်း ဤသည်မှာ ယောက်ျား တစ်ယောက်၏ ဂုဏ်သိက္ခာနှင့် ဆိုင်သော အရာ ဖြစ်နေသည်။

*ထားလိုက်ပါတော့၊ နာရီဝက်ဆိုလျှင် လုံလောက်ပါပြီ*

ကျိဆွေ့သည် ဒယိမ်းဒယိုင်ဖြင့် မတ်တတ်ထရပ်လိုက်တော့သည်။

ထိုအခါမှ ဧကရာဇ်အိုကြီးသည် ဝမ်းသာအားရ ဖြစ်သွားတော့သည်။

*ကျိဆွေ့တောင် နာရီဝက် အထိ ခံနိုင်ရင်၊ ငါက တစ်နာရီလောက်အထိ အောင့်ထားပြီး ငါ့ရဲ့ ကျန်းမာသန်စွမ်းမှုကို သက်သေ ပြရမှာပေါ့*

တစ်နာရီခန့် ကုန်လွန်သွားသောအခါ ရှုရန်မြောင်၏ စိတ်တွင်း ရေရွတ်သံက ပြန်လည် ထွက်ပေါ် လာခဲ့ ပြန်တော့သည်။

[အခုထိ မပြီးကြသေးဘူးလား]

[တကယ်ပဲ အဲဒီလောက်တောင် အကြာကြီး ခံနိုင်ကြတာလား]

[ဟင်၊ အမတ်တွေ အများကြီးက တောင်စောင်းမှာ ဘာလို့ မလှုပ်မယှက်နဲ့ ရှိနေကြတာလဲ၊ ဧကရာဇ်မင်းကြီး ဒီမှာ ရှိနေတာကို သိသွားလို့ လာပြီး အရိုအသေ ပေးချင်ကြတာလား၊ ဒါပေမဲ့ ဧကရာဇ်ရဲ့ တည်နေရာကို လူသိမခံချင်လို့ အမှတ်မထင် ဆုံတွေ့သလိုမျိုး ပုံစံဖန်တီးဖို့ စီစဉ်နေကြတာများလား]

[ဒါပေမဲ့ ဒီလောက် လူအများကြီးနဲ့လား၊ ဧကရာဇ်က အူကြောင်ကြောင်မှ မဟုတ်တာ]

မိမိကိုယ်မိမိ အတော်ကြာအောင် အောင့်ထားနိုင်ပြီ ဖြစ်၍ မတ်တတ်ထရန် ပြင်နေသော ဧကရာဇ်အိုကြီးမှာမူ ထိုစကားကို ကြားကြားချင်းပင် ချက်ချင်း ပြန်ထိုင်ချလိုက်တော့သည်။

*တစ်နာရီ ဟုတ်လား။ ဒါက လုံးဝမလုံလောက်သေးဘူး*

*ဟိုအမတ်တွေအကုန်လုံးက စောင့်ကြည့်နေကြတာလေ*

All Chapters