သွားမယ်၊ ကိုယ်သိတဲ့သူတွေရဲ့ ပွဲဆိုတော့ ပိုမြိန်တာပေါ့၊ ငါ ဒီဖရဲသီးကို စားကိုစားမှ ဖြစ်မယ် (၁)
Vol. 4 Ch. 47
ဧကရာဇ်အိုကြီးသည် တောင်စောင်းအရောက်တွင် မိမိ၏ အမတ်များနှင့် ထိပ်တိုက် တိုးလေတော့သည်။
ဧကရာဇ်အိုကြီးက ဟန်လုပ်၍ ပြုံးလိုက်သည်။
“ငါ့ရဲ့ သစ္စာရှိ အမတ်မင်းတို့၊ ဒီနေ့တော့ အားလုံးပဲ တော်တော်လေး စိတ်အပန်းပြေနေကြပါလား”
အမတ်များ အားလုံး ခေါင်းငုံ့ထားကြပြီး မည်သူမျှ စကားမဟဝံ့ကြချေ။
သို့သော် သခင်ကြီးက အံ့ဩဟန်ဆောင်၍ အော်ဟစ်လိုက်တော့သည်။
“အမတ်တွေ ဟုတ်လား၊ ဒါဆို… ခင်ဗျားက ဧကရာဇ်မင်းကြီးပေါ့လေ”
ထိုသခင်ကြီးမှာ တစ်ကိုယ်ရေကိစ္စ ဖြေရှင်းပြီးနောက် ယခုမှ ပြန်ရောက်လာခြင်း ဖြစ်၏။
ထိုအခါ အမတ်များအားလုံး ထိတ်လန့်သွားကြသည်။
*ဒီလူက ဘယ်သူမို့လို့ ရှုရန်မြောင်ထက်တောင် ပိုပြီး အကြောက်အလန့်မရှိ ရဲတင်းနေရတာလဲ၊ ရှုရန်မြောင်မှာမှ အခွင့်ထူးခံ အရှိန်အဝါ ရှိသေးတယ်၊ မင်းမှာက ရှိလို့လား၊ အစောပိုင်းက ဧကရာဇ်ရဲ့ နောက်ခံကို မသိခဲ့ရင်တောင်မှ အခုချိန်ဆို ငြိမ်ကုပ်ချင်ယောင်ဆောင်သင့်တယ်မလား*
*ပြီးတော့ မင်းရဲ့ အမူအရာကလဲ သိသာလွန်းတယ်၊ ဧကရာဇ်ရဲ့ နောက်ခံကို ခုနက မင်း မသိခဲ့ပါဘူးလို့ ဘယ်သူက ယုံမှာလဲ*
ထင်ထားသည့်အတိုင်းပင် ဧကရာဇ်မင်းကြီးသည် တောအုပ်ဘက်သို့ အသံမြှင့်ကာ မိန့်လိုက်တော့သည်။
“သူ့ကို ခေါ်သွားပြီး ချုပ်ထားလိုက်”
တောအုပ်အလွတ်ကြီးဟု ထင်ရသည့် နေရာမှ အစောင့် တပ်ဖွဲ့ဝင်များစွာ ချက်ချင်း ထွက်ပေါ်လာကြသည်။ သူတို့အထဲမှ အချို့က ရှေ့သို့တိုးကာ ထိုသခင်ကြီးကို ဖမ်းဆီးချုပ်နှောင်လိုက်ရာ သူသည်လည်း သိပ်ပြီး ရုန်းကန်ခြင်း မရှိဘဲ အလိုက်သင့်ပင် ဖမ်းဆီးခြင်းကို ခံလိုက်လေသည်။ သို့သော် မထွက်ခွာမီအချိန်၌ သူသည် ကျိဆွေ့ထံသို့ မျှော်လင့်ချက်ကြီးစွာဖြင့် လှမ်းကြည့်လိုက်သေးသည်။
*အမတ်မင်းကျိ၊ အမတ်မင်းကျိ၊ ခင်ဗျား ကျွန်တော့်ကို ကတိပေးထားတယ်လေ၊ 'အမျိုးသမီးများ လိုက်နာရမည့် ကျင့်ဝတ်ဥပဒေ' ကို အသက်သွင်းဖို့ အားပေး ကူညီမယ်လို့ ပြောခဲ့တယ် မဟုတ်လား*
သို့သော် ကျိဆွေ့ကမူ ထိုမျှော်လင့်ချက်ကြီးစွာဖြင့် တောင်းဆိုနေမှုကို သူ့အပူ မဟုတ်သည့်အတိုင်း အကြည့်ကို လွှဲကာ ဝတ်ရုံလက်အင်္ကျီပေါ်မှ ဖုန်မှုန့်များကိုသာ မသိမသာ ခါထုတ်နေလိုက်တော့သည်။
ကျိဆွေ့၏ မျက်နှာမှာ မည်သည့်ခံစားချက်မျှ မပြဘဲ တည်ငြိမ်နေဆဲပင်။
'အမျိုးသမီးများ လိုက်နာရမည့် ကျင့်ဝတ်ဥပဒေ' ကို အကောင်အထည်ဖော်ရန် ကူညီပေးရမည်တဲ့လား။ သူ့မှာလည်း သမီးတစ်ယောက် ရှိသည်လေ။
ထိုဥပဒေဖြင့် လက်ရှိ လူမှုစံနှုန်းများကို အစားထိုးရန် သူ ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့ချေ။
ပြည်ပမျိုးနွယ်စုများ အလယ်ပိုင်းဒေသကို တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်က ၎င်းတို့၏ ဓလေ့ ထုံးတမ်းများကိုပါ တစ်ပါးတည်း သယ်ဆောင် လာခဲ့ကြသည်။ ထိုခြေသလုံးအိမ်တိုင် လှည့်လည်သွားလာသူများသည် အမျိုးသမီး များကို အိမ်တွင်း၌ပဲ ပုန်းကွယ်နေစေရမည်ဟူသော အယူအဆကို ဘယ်သောအခါမှ လက်မခံခဲ့ကြချေ။ ယောက်ျား ဖြစ်စေ၊ မိန်းမ ဖြစ်စေ အားလုံးက တိရစ္ဆာန်များကို အတူတကွ ထိန်းကျောင်းကြရသည်။ နှစ်ပေါင်း ငါးရာကျော် ကာလ ပတ်လုံး ထိုအလေ့အထများသည် အလယ်ပိုင်းဒေသ၏ ယဉ်ကျေးမှုထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ် နှောဝင်သွားခဲ့တော့သည်။
နောက်ပိုင်းတွင် ဟန်လူမျိုးတို့က စနစ်တကျ ပြန်လည်အုပ်ချုပ်ရန် ကျိုးမင်းဆက်ကို တည်ထောင်ခဲ့သောအခါ ထိုခေတ်သစ်တွင် မြက်ခင်း ပြင်သားတို့၏ ကြမ်းတမ်းခိုင်မာမှုနှင့် ပွင့်လင်းလွတ်လပ်မှုများ လွှမ်းမိုးပါရှိလာခဲ့သည်။ အမျိုးသမီးများသည် လမ်းမများပေါ်တွင် လွတ်လပ်စွာ သွားလာနိုင်ကြပြီး ကုန်သွယ်စီးပွား ရှာဖွေနိုင်သည့်အပြင် အိမ်ပြင်ထွက်၍လည်း အလုပ်လုပ်နိုင်ကြသည်။ အိမ်ထောင်ပြုမည့် အရွယ်သို့ ရောက်ရှိလာသောအခါတွင်လည်း မိမိတို့ အိမ်ထောင်ဖက်ကို မိမိတို့ဘာသာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိကြသေးသည်။
မင်းဆက်၏ အလယ်ပိုင်းနှင့် နှောင်းပိုင်းကာလများတွင် ပိုမို တင်းကျပ်သော စည်းမျဉ်းဥပဒေများ ပေါ်ပေါက် လာခဲ့သော်လည်း ယေဘုယျအားဖြင့် လူ့အဖွဲ့အစည်း တစ်ခုလုံးသည် အခြားသော ခေတ်ကာလများနှင့် နှိုင်းယှဉ် ပါက ပိုမိုလွတ်လပ်ပွင့်လင်းနေဆဲပင် ဖြစ်သည်။ ကျိုးမင်းဆက်၏ စနစ်ကို ဆက်ခံထားသော လက်ရှိ ရှမင်းဆက် တွင်မူ ကျိုးမင်းဆက်၏ ဥပဒေများကိုသာမက ၎င်းတို့၏ လူမှုရေးဓလေ့ထုံးတမ်းများကိုလည်း ဆက်ခံ ကျင့်သုံး ခဲ့ကြသည်။
ထို့ကြောင့်ပင် ကျိဆွေ့သည် ထိုအယူအဆကို မိမိကိစ္စ ပြီးမြောက်၍ အသုံးတည့် သွားသည်နှင့် တစ်ပြိုင်နက် ချက်ချင်း စွန့်ပစ်ရန် အစကတည်းက ကြံရွယ် ထားပြီးသား ဖြစ်၏။
ထိုဥပဒေကို အကောင်အထည်ဖော်ရန် ဧကရာဇ်မင်းကြီးက စဉ်းစားလိမ့်မည်လော။
ဤအချက်နှင့်ပတ်သက်၍ ကျိဆွေ့ ပြောနိုင်သည်မှာ နိုင်ငံတော်ကို စတင်တည်ထောင်ခဲ့သော ဧကရာဇ်၏ ဂုဏ်သတင်းနှင့် လိမ္မာယဉ်ကျေး၍ နာခံတတ်သော အမျိုးသမီးများကို ပိုမိုနှစ်သက်တတ်သည့် စရိုက်အရဆိုလျှင် လူသိများ ထင်ရှားသည်မှာ ဧကရာဇ် အချစ်ဆုံး ဖြစ်သော ရှန်းယန် မင်းသမီးလေးပင်လျှင် တစ်ခါက အမှားတစ်ခု ပြုလုပ်မိသဖြင့် ပြစ်ဒဏ်အနေဖြင့် 'အမျိုးသမီးများ လိုက်နာရမည့် ကျင့်ဝတ်ဥပဒေ' ကို အလွတ် ရွတ်ဆိုခဲ့ရဖူးသည်။
အကယ်၍ အရှင်မင်းကြီးသာ ထိုဥပဒေကို အသက်သွင်းချင်ခဲ့ပါက မင်းဆက် စတင်တည်ထောင်ကတည်းက ဖြစ်ပျက် သွားခဲ့ပေလိမ့်မည်။ တကယ်တမ်းတွင် လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ခန့်က ယခင် ဧကရာဇ်ဟောင်း သည်လည်း လွန်ခဲ့သောခေတ်က ရိုင်းစိုင်းသော ဓလေ့ထုံးစံများကို ပြုပြင်မွမ်းမံရန် စဉ်းစားခဲ့ဖူးသည်။ သို့သော် ထိုကြိုးပမ်းမှုကို မိဖုရားခေါင်ကြီးကိုယ်တိုင်ကပဲ တားဆီးပိတ်ပင်ခဲ့သည်မဟုတ်ပါလား။
ထိုသခင်ကြီး၏ မျက်ဝန်းအိမ်ထဲတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်သွားတော့သည်။
*ကျိဆွေ့၊ လူယုတ်မာကောင်၊ မင်းကတိကို မင်း ဖျက်တယ်၊ အရှက်ကို မရှိဘူး*
-----------------------------------------------------------------------------------------------------------------------------------------
ရှုရန်မြောင်သည် ကိုယ်ရံတော်တပ်သားများကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ရုတ်တရက် အတွေးတစ်ခု ဝင်လာခဲ့သည်။
[နေပါဦး၊ သူတို့က ဧကရာဇ်မင်းကြီးကို အနီးကပ် အမြဲ စောင့်ရှောက်နေကြတာ မဟုတ်လား၊ ဒါဆို အစောပိုင်း တုန်းက ဧကရာဇ်အိုကြီး … ဟိုဒင်း … လက်နဲ့ ဖြေရှင်းနေတာကိုလည်း သူတို့ မြင်သွားကြတာပေါ့]
ထိုအတွေးကို ကြားလိုက်ရသောအခါ ကိုယ်ရံတော် တပ်မှူးမှာ ခြေထောက်များပင် ခွေညွတ်သွားပြီး ဧကရာဇ်၏ ရှေ့တွင် ဘုန်းကနဲ မြည်အောင် ချက်ချင်း ဒူးထောက်ချလိုက်တော့သည်။
[ဟင်၊ သူက ဘာလို့ ရုတ်တရက်ကြီး ဒူးထောက်လိုက်တာလဲ၊ ငါ တစ်ခုခု လွဲချော်သွားလို့လား]
ဧကရာဇ်အိုကြီး၏ အေးစက်စက် အကြည့်အောက်တွင် တပ်မှူးဖြစ်သူက အလောတကြီး လျှောက်တင်လိုက်သည်။
“အရှင်မင်းကြီး… ဒီအစေခံကို ဘေးရန်ကနေ ကာကွယ်ဖို့ နောက်ကျသွားတဲ့အတွက် အပြစ်ပေးတော်မူပါ ဘုရား”
ထို့နောက် သူက အလေးအနက် ထပ်ပြောလိုက်သည်။
“ဒီအမှုထမ်းက ဘယ်တော့မှ ကျောခိုင်းမှာ မဟုတ်တော့ပါဘူး ဘုရား၊ ဘယ်သောအခါမှ မလုပ်တော့ပါဘူး”
သူသည် စကားကို သေချာစေရန် နှစ်ခါတိုင်တိုင် ထပ်ပြောနေခြင်း ဖြစ်၏။
ထိုအခါမှ ဧကရာဇ်အိုကြီးသည် အခြေအနေကို နားလည်သွားဟန်ဖြင့် မျက်နှာအမူအရာ အနည်းငယ် ပြေလျော့ သွားတော့သည်။
ကြည့်ရသည်မှာ ထိုကိုယ်ရံတော်များသည် အခြေအနေတစ်ခုခု ထူးခြားနေသည်ကို ရိပ်မိကတည်းက ဦးနှောက် သုံးပြီး ကျောခိုင်း ထားခဲ့ကြပုံ ရသည်။ ထိုသို့ဆိုလျှင် သူတို့အနေဖြင့် ဧကရာဇ်မင်းကြီး ဟိုအလုပ် … လုပ်နေ သည်ကို မြင်တွေ့ခဲ့ရမည် မဟုတ်ချေ။
ရှုရန်မြောင်ကမူ မိမိ၏ စိတ်တွင်းအတွေးများကို မည်သူမှ မသိနိုင်ဟု ယုံကြည်နေပြီး ဧကရာဇ်နှင့် အခြားသူ များလည်း ထိခိုက်ဒဏ်ရာရခြင်း မရှိသည်ကို စိတ်အေးသွားပြီး ညစ်ကျယ်ကျယ် အတွေးများထဲ၌ အရသာ တွေ့နေတော့သည်။
[ဟူး … တော်သေးတာပေါ့၊ ငါက လက်ဖက်ရည် သိပ်မကြိုက်လို့၊ ကံကောင်းလို့ လွတ်သွားတာ၊ ဟားဟားဟား]
ဧကရာဇ်အိုကြီး၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။
အမတ်မင်းများ အားလုံးမှာမူ မည်သည့်အသံမျှ မထွက်ဝံ့ကြဘဲ မိမိကိုယ်မိမိ ရုပ်သေးရုပ်များဟု သဘောထားကာ စိတ်ထဲကနေ ဆုတောင်းနေကြရှာသည်။
[ဒီစိတ်ကြွဆေးက ယွီလုံ ကျောင်းတော်ထဲကို ဘယ်လိုလုပ် ရောက်လာတာလဲဆိုတာ ငါ တစ်ချက်လောက် ကြည့်လိုက်ဦးမယ်၊ အခြားသူတွေ ရှိပါရက်နဲ့မှ ကံဆိုးမိုးမှောင်ကျပြီး ဧကရာဇ်မင်းကြီး သောက်မိသွားရတယ်လို့၊ ဟားဟားဟားဟား]
ဧကရာဇ်အိုကြီး၏ စိတ်ထဲတွင် ရယ်မောသံများ ဟိန်းထွက်နေသဖြင့် သူ၏ မျက်နှာမှာ ပို၍ ပို၍ပင် မည်းမှောင် လာတော့သည်။
*ရယ်စမ်း၊ ရယ်စမ်း၊ အားရပါးရသာ ရယ်စမ်း၊ ဘာက အဲဒီလောက်တောင် ရယ်စရာကောင်းနေလို့လဲ၊ မင်းက အိမ်ထောင်မကျသေးတဲ့ လူပျိုမို့လို့ပေါ့၊ ဒါကြောင့်မို့လည်း မင်းကိုယ်တိုင် ဒီဆေးအဆိပ် အမိမခံရတာကို အဟုတ်ကြီး အောက်မေ့ပြီး သဘောကျနေတာ၊ မဟုတ်လို့ကတော့ မင်းလည်း အခုလောက်ဆို ‘ဆဲသံ’ ခံလိုက်ရလို့ အသက်ရှင်ဖို့ အရမ်း ရှက်နေလောက်ပြီ*
[နေပါဦး၊ ဒီကျောင်းတော်က…]
ရှုရန်မြောင်သည် တစ်ခုခုကို အကြီးအကျယ် ရှာဖွေတွေ့ရှိသွားသည့်အလား မျက်လုံးများ ရုတ်တရက် ဝိုင်းစက် သွားတော့သည်။
ထိုအခါ ဧကရာဇ်အိုကြီးသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ရှုရန်မြောင်ကို လောလောဆယ် အပြစ်မယူဘဲ ခွင့်လွှတ်ပေးထားရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။ သူသည် နားကိုစွင့်ထားလိုက်သည်။
*ဒီကျောင်းတော်က ဘာဖြစ်လို့လဲ*
*ဒါက ဟိုလို နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရမက်ကြီးတဲ့ ကျောင်းတော်တွေထဲက တစ်ခုများလား၊ ကိုယ်ဝန်ရဖို့ ကူညီပေးမယ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘုန်းတော်ကြီးတွေက အမျိုးသမီးတွေကို ဖျားယောင်း သွေးဆောင် တတ်တဲ့ ကျောင်းတော်မျိုးလား*
ထိုအတွေးကြောင့် ဧကရာဇ်အိုကြီး၏ မျက်ခုံးများ တွန့်ချိုးသွားပြီး မျက်ဝန်းထဲတွင် ဒေါသအရှိန်အဝါများ တောက်ပလာတော့သည်။
*အယုတ်တမာတွေ၊ ရာဂစိတ်ကြီးတဲ့ ဘုန်းတော်ကြီးတွေ*
နောက်တစ်စက္ကန့်တွင်ပင် ရှုရန်မြောင်၏ စိတ်တွင်းရေရွတ်သံက ဟိန်းထွက်လာခဲ့သည်။
[ဒီကျောင်းတော်က ဘုန်းတော်ကြီးတွေနဲ့ မြင့်မြတ်တဲ့ မှူးမတ်ကတော်၊ သမီးပျိုတွေကြားထဲက အရှုပ်တော်ပုံ တွေက တော်တော်လေး များတာပဲ]
[ဟိုး … ဒါတင် မကသေးဘူး၊ နှစ်ဦးသဘောတူ ဖြစ်ကြတာတဲ့၊ ဒါက ကြီးမားတဲ့ ဦးထုပ်စိမ်း ကျောင်းတော်ကြီးပဲ၊ ယွီလုံကျောင်းတော် တဲ့လား၊ ဦးထုပ်စိမ်း အများကြီး ထုတ်ပေးတဲ့ နေရာလို့ ခေါ်ရင် ပိုမှန်လိမ့်မယ်၊ ဟားဟား ဟားဟား]
အမတ်မင်းများမှာမူ — “…”
*မင်း အခု ဘာပြောလိုက်တာလဲ၊ ဘယ်သူက ဘယ်သူ့ကို ဦးထုပ်စိမ်း ဆောင်းပေးနေတာလဲ*
အမတ်အချို့မှာ ရင်ဘတ်ကို ဖိလိုက်မိကြပြီး ထိုနေရာတင်တင်ပင် လဲကျမတတ် ဖြစ်သွားကြရှာသည်။
သူတို့ မိသားစုမှ အမျိုးသမီးများသည် ဤကျောင်းတော်သို့ မကြာခဏဆိုသလို လာရောက်လေ့ ရှိကြသည် မဟုတ်ပါလား။
ဧကရာဇ်အိုကြီး၏ မျက်လုံးများမှာမူ ကြေးစည်လုံးကြီးများကဲ့သို့ ဝိုင်းစက်သွားတော့သည်။
အခြားသူများ ရင်ကျိုးမတတ် ခံစားနေရချိန်၌ သူကမူ စိတ်လှုပ်ရှားကာ ကျေနပ် အားရနေလေသည်။
*ဦးထုပ်စိမ်း ကျောင်းတော်တဲ့လား*
*ဒီလောက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အရာမျိုးကို ဘယ်သူက ကြားဖူးလို့လဲ*
သူ၏ မိဖုရားခေါင်ကြီးကတော့ သူ့အပေါ် ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်သောကြောင့် သူကတော့ ဘာမှပူစရာ မလိုဘဲ ထိုင်ရာမထ ဇာတ်ပွဲကောင်းကို အေးအေးလူလူ ကြည့်နေရုံပင်။
-----------------------------------------------------------------------------------------------------------------------------------------အားလုံးက စိတ်ဝင်တစားဖြင့် အတင်းအဖျင်း စကားများကို နားစွင့်နေကြဆဲမှာပင် ရှုရန်မြောင်သည် ဦးထုပ်စိမ်း ကျောင်းတော်ကြီး အကြောင်းကို ရုတ်တရက် စိတ်ပျက်သွားဟန်ဖြင့် ဇာတ်လမ်းကို အဆုံးထိ မပြောတော့ဘဲ အခြား ပိုမိုစပ်စုချင်စရာ ကောင်းသော အကြောင်းအရာများဆီသို့ အာရုံပြောင်း သွားလေတော့သည်။
ဧကရာဇ်နှင့် အမတ်မင်းများမှာမူ — “…”
*ဒါပေမဲ့ ငါတို့ စိတ်ဝင်စားတယ်လေ*