← Chapters

သွားမယ်၊ ကိုယ်သိတဲ့သူတွေရဲ့ ပွဲဆိုတော့ ပိုမြိန်တာပေါ့၊ ငါ ဒီဖရဲသီးကို စားကိုစားမှ ဖြစ်မယ် (၂)

Vol. 4 Ch. 48

သွားမယ်၊ ကိုယ်သိတဲ့သူတွေရဲ့ ပွဲဆိုတော့ ပိုမြိန်တာပေါ့၊ ငါ ဒီဖရဲသီးကို စားကိုစားမှ ဖြစ်မယ် (၂)

Vol. 4 Ch. 48

သို့သော်လည်း သူတို့ မည်မျှပင် အရည်အချင်းရှိကြပါစေ၊ စိတ်ဝင်စားမှု မရှိတော့သည့် ရှုရန်မြောင်ကိုမူ ဘာမျှ မတတ်နိုင်ကြချေ။ ဘေးလူများက မသိမသာ အရိပ်အမြွက် ပြသော်လည်း သူက လုံးဝ ရိပ်မိခြင်းမရှိဘဲ ကျောင်းတော် အကြောင်း စကားစပ်မိသည့်အခါတိုင်းလည်း “အော်” ဟုသာ ဝတ်ကျေတမ်းကျေ တုံ့ပြန်ပြီး စိတ်မပါ လက်မပါ ဖြစ်နေတော့သည်။ သူ၏ စိတ်တွင်းအတွေးများက အခြားနေရာသို့သာ လွင့်မျောနေလေသည်။

[လင်ယောက်ျား ဖောက်ပြန်ခံရတဲ့ ကျောင်းတော်ကြီးက ဘာများ ထူးဆန်းလို့လဲ၊ ငါကတော့ အဲဒါမျိုးတွေ အများကြီး မြင်ဖူးပြီးသား၊ ဒါက ဟိုအကြောင်းအရာလောက် စိတ်ဝင်စားဖို့မကောင်း …]

*မင်းရဲ့ စိတ်ဝင်စားဖို့မကောင်းဆိုတဲ့ နောက်ဆက်တွဲကို ငါတို့ စိတ်မဝင်စားဘူးဟေ့*

*ငါတို့က ဒီအတင်းအဖျင်း ဇာတ်လမ်းကို အဆုံးထိပဲ ကြားချင်တာ*

အတင်းအဖျင်းစကားကို တစ်ဝက်တစ်ပျက်နှင့် လမ်းခုလတ်တွင် ချန်ထားရစ်ခဲ့သဖြင့် သူတို့အားလုံးမှာ စိတ်မချမ်းမြေ့ ဖြစ်ကျန်ခဲ့ရပြီး အိမ်ထောင်ပြု ထားသော်လည်း မပေါင်းသင်းရသည့် မိန်းမစိုးများကဲ့သို့ ရင်ထဲတွင် တနုံ့နုံ့ ခံစားနေကြရတော့သည်။

နောက်တစ်နေ့သည် ရှားရှားပါးပါး အနားယူရသည့်နေ့ဖြစ်ပြီး ညီလာခံကို နောက်တစ်နေ့ကျမှသာ ကျင်းပမည် ဖြစ်သည်။ သို့သော်လည်း ထိုနေ့ နံနက်တွင် အမတ်အများစုမှာ သိသိသာသာပင် အားအင်ချိနဲ့ကာ မျက်နှာများ ညှိုးငယ်လျက် လေးလံ ထိုင်းမှိုင်းသော အမူအရာများဖြင့် ရောက်ရှိလာကြသည်။

ဘာဖြစ်နေသလဲဟု မေးမြန်းလျှင်လည်း သူတို့က ခါးသီးသော အပြုံးဖြင့် “မမေးပါနဲ့တော့” ဟုသာ ညည်းတွား ကြသဖြင့် ဘေးလူများကို ပို၍ပင် စပ်စုချင်စိတ် ဖြစ်ပေါ်စေတော့သည်။

ယွီလုံကျောင်းတော်သို့ သွားရောက်ခဲ့ဖူးသော အမတ်များမှာမူ မိမိတို့၏ ကိုယ်ပိုင်အတွေးများနှင့်သာ လုံးပန်း နေကြရသဖြင့် လုပ်ဖော်ကိုင်ဖက်များ၏ လူသတ်မတတ် စိုက်ကြည့်နေသော အကြည့်များကိုပင် သတိမထား မိကြချေ။

သူတို့ကိုယ်တိုင်၏ စိတ်ထဲတွင်လည်း လူသတ်ချင်စိတ်များ ပေါက်နေကြသည်လေ။ လွန်ခဲ့သော နှစ်ရက်လုံးလုံး ကောင်းကောင်း မအိပ်ရ၊ ကောင်းကောင်း မစားရဘဲ မိမိတို့၏ ဇနီးမယား သို့မဟုတ် ကိုယ်လုပ်တော်များက မိမိတို့အပေါ် သစ္စာဖောက်၊ မဖောက်ကိုလည်း လှမ်းမမေးဝံ့ကြချေ။

အကယ်၍ သွားမေးမိပါက ရှုရန်မြောင်က မလွဲမသွေ သတိပြုမိသွားလိမ့်မည်ဟု သူတို့ အသေအချာ ယုံကြည်နေ ကြသည်။ အမှန်တရားက ဘာပဲဖြစ်နေပါစေ ရှုရန်မြောင်သာ ဤကိစ္စကို ညီလာခံတွင် အာရုံစိုက်မိသွားပါက သူတို့၏ ဂုဏ်သိက္ခာမှာ လုံးဝ အဖတ်ဆယ်မရအောင် ပျက်စီးသွားပေလိမ့်မည်။

အနည်းဆုံးတော့ သူတို့အနေဖြင့် ရှုရန်မြောင်တစ်ယောက် ယွီလုံကျောင်းတော်နှင့် ပတ်သက်သည့် အတင်းအဖျ င်းအားလုံးကို အဆုံးထိ ပြောပြပြီးသည်အထိ စောင့်ဆိုင်းပြီးမှသာ အရေးယူဆောင်ရွက်ရန် စဉ်းစားထားကြသည်။

ဤတစ်ကြိမ် ညီလာခံ အစည်းအဝေးတွင်မူ ရှုရန်မြောင်သည် မည်သည့် ထူးခြားဆန်းပြားသော ပြဿနာမျှ မရှာခဲ့ချေ။ သူသည် ပထမဆုံးအကြိမ်အဖြစ် ညီလာခံတွင် စနစ်တကျ ငြိမ်ငြိမ်သက်သက် တက်ရောက်နေခဲ့သည်။

ထိုအခါ ဧကရာဇ်နှင့် အမတ်မင်းများမှာ စိတ်သက်သာရာရမှုနှင့်အတူ တစ်ဖက်ကလည်း စိတ်ပျက်သွားကြပြီး စိတ်ထဲကနေ တွေးတောနေကြတော့သည်။

*ဘာလို့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ (အဟမ်း) ကပ်ဘေးဆိုးကြီး တစ်ခုခု ထပ်မဖြစ်လာရတာလဲ*

ညီလာခံ ပြီးဆုံးသွားသောအခါ

“အရှင်မင်းကြီး”

တစ်စုံတစ်ယောက်က လှမ်း၍ လျှောက်တင်လိုက်သည်။

ဧကရာဇ်သည် အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်သော်လည်း ကျိအန်းနယ်စားမင်း၏ အသံဖြစ်ကြောင်း မှတ်မိသွားသဖြင့် ယဉ်ကျေး ပျူငှာသော အမူအရာကို ထိန်းသိမ်းလိုက်သည်။

“ဘာကိစ္စရှိလို့လဲ၊ ကျိအန်းနယ်စားမင်း”

ယခုခေတ်ကာလ၏ နယ်စားမင်းများနှင့် မြို့စားမင်းအများစုမှာ နိုင်ငံတော် တည်ထောင်စဉ်ကတည်းက ဧကရာဇ် နှင့်အတူ အသက်ပေးတိုက်ပွဲဝင်ခဲ့ကြသော ရဲဘော် ရဲဘက်ဟောင်းများ သို့မဟုတ် ၎င်းတို့၏ သားသမီး မြေးမြစ်များ ဖြစ်ကြသည်။ ထို့ကြောင့် ဧကရာဇ်သည် စည်းမကျော်သရွေ့ ထိုရဲဘော်ရဲဘက်ဟောင်းများနှင့် ၎င်းတို့၏ မိသားစုများကို အထူးပင် မျက်နှာသာပေးလေ့ရှိသည်။

သို့သော် ကျိအန်းနယ်စားမင်း၏ ရာထူးမှာ သားစဉ် မြေးဆက် ဆက်ခံခွင့်ရှိသော ရာထူးမျိုး မဟုတ်သဖြင့် ဧကရာဇ်၏ မျက်စိထဲတွင်တော့ သူ၏အဆင့်အတန်းမှာ အနည်းငယ် နိမ့်ကျနေပေသည်။

ကျိအန်း နယ်စားမင်းသည် မျက်နှာတစ်ခုလုံး ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ဝင်းပနေပြီး လျှောက်တင်လိုက်သည်။

“အရှင်မင်းကြီး၊ ဒီနေ့က ကျွန်တော်မျိုးရဲ့ ကိုးယောက်မြောက် သားရတနာလေး တစ်လပြည့်တဲ့နေ့ ဖြစ်ပါတယ် ဘုရား၊ အရှင်မင်းကြီးနဲ့တကွ မှူးမတ်အပေါင်းတို့အနေနဲ့ ကျွန်တော်မျိုးရဲ့ အိမ်တော်ကို ကြွရောက်ချီးမြှင့်ပေးကြဖို့ ဖိတ်ကြားအပ်ပါတယ် ဘုရား”

ဧကရာဇ်မင်းကြီးက အံ့ဩသွားပြီး မေးလိုက်သည်။

“မင်းရဲ့ တရားဝင် သားလား”

“မှန်လှပါ ဘုရား”

ကျိအန်းနယ်စားမင်းသည် ဂုဏ်ယူလွန်းသဖြင့် အော်ရုံတမယ် ဖြစ်နေတော့သည်။

“ကျွန်တော်မျိုးရဲ့ ဇနီး မယားကြီးကနေ မွေးဖွားပေးတဲ့ ကျန်းမာသန်စွမ်းတဲ့ သားယောက်ျားလေးပါ ဘုရား”

မည်သူက ဂုဏ်မယူဘဲ နေနိုင်မည်နည်း။ အရွယ်ရောက်ပြီးသား တရားဝင် သား ရှစ်ယောက်ကို ပျိုးထောင် ပေးထားပြီးပြီ ဖြစ်သည့်အပြင် ယခု အသက်ငါးဆယ်ကျော် အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း နောက်ထပ် သား တစ်ယောက် ထပ်မံရရှိခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ သူ၏ ကျန်းမာသန်စွမ်းမှုနှင့် ယောက်ျားပီသမှုကို သက်သေပြနေခြင်း မဟုတ်ပါလား။

အခြားသော မှူးမတ်များမှာမူ မနာလိုစိတ်ကြောင့် မျက်နှာများ စိမ်းကုန်ကြသည်။

အပြင်ပန်းတွင်မူ သူတို့က ဝိုင်းဝန်းချီးမွမ်း ထောပနာပြုနေကြသည်။

“ဂုဏ်ယူပါတယ်ဗျာ၊ တကယ့်ကို ကောင်းချီးမင်္ဂလာပါပဲ”

“ကျိအန်း နယ်စားမင်းကတော့ တကယ့်ကို အားအင်ပြည့် ဝနေဆဲပဲနော်”

“ထွားထွား ကြိုင်းကြိုင်းနဲ့ ကျန်းမာတဲ့ သားလေးရတာ ဝမ်းသာစရာပါပဲ”

သို့သော် ရင်ထဲတွင်မူ ဒေါသတကြီးဖြင့် ကြိတ်မနိုင်ခဲမရ ဖြစ်နေကြချေသည်။

*တောက် … ငါတို့လဲ သူ့လိုပဲ အရှင်မင်းကြီးနဲ့အတူ အသက်ပေးတိုက်ခဲ့တာပဲ၊ ဒါပေမဲ့ သူ့ကျတော့ သားတွေ အများကြီး ရှိနေပါလား၊ ငါ့မှာတော့ သုံးယောက်တောင် မပြည့်ဘူး*

*ငါ့မှာတော့ သမီးတစ်ယောက်ပဲ ရှိတာ*

*ဟုတ်ပဗျာ၊ အခြေအနေချင်း တူတူပဲကို ဘာလို့ ငါ့မှာကျတော့ သားသမီး နှစ်ယောက်ပဲ ရှိပြီး၊ သူကကျတော့ တရားဝင် သား ကိုးယောက်တောင် ရနေရတာလဲ'

*မတရားလိုက်တာ၊ လောကကြီးက တကယ့်ကို မတရားဘူး*

*သူ့ရဲ့ ကိုယ်လုပ်တော်တွေက သားသမီး ရတနာ မထွန်းကားတာလည်း မဟုတ်ဘဲနဲ့၊ ဒါပေမဲ့ ကိုယ်လုပ်တော် ငါးယောက်လုံး ပေါင်းမှ သားသမီး နှစ်ယောက်ပဲ ရှိတာလေ*

သူတို့အားလုံး ထိုသို့ မနာလိုဖြစ်ပြီး စိတ်ခုနေကြစဉ်မှာပင် ရှုရန်မြောင်၏ စိတ်တွင်းရေရွတ်သံက ဇဝေဇဝါဖြစ်မှု၊ ဝေခွဲမ ရဖြစ်မှုနှင့် စပ်စုချင်စိတ်များ အပြည့်ပါဝင်နေသော လေသံဖြင့် သူတို့အားလုံး၏ စိတ်ထဲသို့ လွင့်မျော လာခဲ့ပြန်သည်။

[သူက ဘာလို့ ဒီလောက်တောင် ပျော်နေရတာလဲ၊ အဲ့ဒါ သူ့ကလေးမှ မဟုတ်တာကို]

“…”

ဤသို့ တွေးမိခြင်းမှာ မလျော်ကန်မှန်း သိသော်လည်း အမတ် အများစု၏ ရင်ထဲတွင်တော့ သူတစ်ပါး ဒုက္ခ ရောက်သည်ကို ကြည့်၍ ဝမ်းမြောက်ဝမ်းသာဖြစ်ရသည့် လှောင်ပြောင်ချင်စိတ်များ တဖန် ပြန်လည် ထက်သန် လာခဲ့ကြတော့သည်။

*အော်… သား ကိုးယောက် တဲ့လား၊ အကုန်လုံးကလဲ တရားဝင်ဇနီးက မွေးတာတဲ့၊ အင်းလေ … သူက အခုထိ အားအင် ပြည့်ဝနေဆဲပဲ မဟုတ်လား*

မိမိတွင် သားသမီး နည်းပါးလွန်းသဖြင့် အစောပိုင်းကပဲ ညည်းတွားနေခဲ့သော စစ်သူကြီး တစ်ဦးမှာမူ မအောင့်နိုင် တော့ဘဲ ခိုး၍ ရယ်မောလိုက်တော့သည်။

“သူ့ရဲ့ ကိုယ်လုပ်တော်တွေမှာ သားသမီး မထွန်းကားတာ တစ်ခုခုတော့ လွဲနေတယ်လို့ ငါ ပြောသားပဲ၊ ကြည့်ရတာ သူက သူ ဟန်ဆောင်နေသလောက်လဲ အားအင်ပြည့်ဝနေတာ မဟုတ်ပါဘူး”

ဧကရာဇ်မင်းကြီးသည် တည်ငြိမ်သောအမူအရာကို ထိန်းသိမ်းရန် ကြိုးစားရင်း ခပ်ဖွဖွ ချောင်းဆိုးလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ မိမိ၏ဇနီးမယား အဖောက်ပြန်ခံရခြင်းမှာ တကယ့်ကို သနားစရာ ကောင်းလှသည် မဟုတ်ပါလား။

“ကျိအန်းနယ်စားမင်း၊ ဒီကိစ္စက…”

ဂုဏ်ယူဝင့်ကြွားမှုများဖြင့် သာယာနေခဲ့သော ကျိအန်းနယ်စားမင်းမှာမူ ယခုအခါ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းလာတော့သည်။

ဤအချိန်တွင် ကျင်းယီဝေ တပ်မှူးသည် ရှေ့သို့တိုးလာပြီး ရှုရန်မြောင်၏ စိတ်တွင်း ဖော်ထုတ်ချက်ကို ကျိအန်း နယ်စားမင်း၏ နားအနားကပ်၍ အလျင်အမြန် တိုးတိုးလေး ပြောပြလိုက်တော့သည်။ ထိုသို့သာ မပြောပြလျှင် သူ၏ ဝမ်းမြောက် ဝမ်းသာဖြစ်ရာမှ ရုတ်တရက် ဒေါသအမျက်ချောင်းချောင်းထွက်ကာ တရားခံများကို ဖမ်းဆီးရန် ဝုန်းဒိုင်းကြဲ ထွက်ခွာသွားမှုကို မည်သို့မျှ အကြောင်းပြချက် ပေးနိုင်လိမ့်မည်မဟုတ်ချေ။

ကျင်ယီဝေ တပ်မှူးက ပြောပြပြီးသွားသောအခါ ကျိအန်းနယ်စားမင်း၏ မျက်လုံးများမှာ သွေးအလိမ်းလိမ်းဖြင့် ပြူးထွက်လာပြီး ကျိန်ဆဲကာ ညီလာခံခန်းမထဲမှ ဒေါသတကြီး ပြေးထွက်သွားလေတော့သည်။

“ယုတ်မာတဲ့ မိန်းမ”

ဧကရာဇ်မင်းကြီးသည် သူထွက်ခွာသွားသည်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

“တကယ့်ကို ကံဆိုးရှာတာပဲ…”

*ငါ သူ့နောက်ကို လိုက်သွားရမလား၊ ဒါပေမဲ့ အဲဒါက သိပ်ပြီး သိသာလွန်းနေမလား*

ထိုစဉ် သူ၏ ဇနီးဖြစ်သူဘက်မှ မိသားစုဝင်များကလည်း လက်သီးများကို တင်းတင်းဆုပ်လျက် အော်ဟစ်ကာ အလောတကြီး ပြေးထွက်သွားကြသည်ကို သတိပြုမိလိုက်သည်။

“ဒီခွေးအိုကြီးက၊ သူကများ ဒေါသထွက်ပြ ရဲသေးတယ်လား၊ ငါ့ဓားကို သွားယူစမ်း”

အိမ်ရှေ့စံမင်းသားသည် ဒွိဟဖြစ်နေသော ခမည်းတော်ကို တစ်ချက်လှမ်းကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီး ထိုဇာတ်ပွဲကောင်းကို သွားရောက်ကြည့်ရှုရန် ယုံကြည်ချက်အပြည့်ရှိသော ခြေလှမ်းများဖြင့် ရှေ့ကနေ ဦးဆောင်ထွက်ခွာသွားတော့သည်။

အတင်းအဖျင်းဇာတ်လမ်း ရှိနေမှတော့ ဘာလို့ အောင့်ထားရမှာလဲ။

ဧကရာဇ်ကမူ စောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာနှင့် စပ်စုချင်စိတ်ကြားထဲ၌ ဗျာများလျက် အခုထိ ဝေခွဲမရ ဖြစ်နေဆဲပင်။

ကွက်တိပင် ရှုရန်မြောင်၏ စာနာနားလည်ပေးဟန်ရှိသော စိတ်တွင်း အတွေးများက သူ့စိတ်ထဲသို့ ထပ်မံဟိန်းထွက် လာခဲ့ပြန်သည်။

[ကျိအန်း နယ်စားမင်းကလည်း တစ်မျိုးပဲ၊ သူ့ဇနီးက ပန်ချန် နယ်စားမင်းရဲ့ ညီမလေ၊ အဲဒီမိသားစုရဲ့ တစ်ဦး တည်းသော ရတနာပေါ့၊ အဲဒီတုန်းက သင့်တော်တဲ့ သမက် မတွေ့ရင် သူမကိုပဲ မိသားစုရဲ့ အကြီးအကဲ အဖြစ် ခန့်အပ်ဖို့အထိတောင် စဉ်းစားခဲ့ကြတာ၊ ဒါကြောင့် ကျိအန်း နယ်စားမင်းက ဘယ်တော့မှ ကိုယ်လုပ်တော် မယူပါဘူးလို့ သစ္စာဆိုခဲ့ရတယ်၊ ဒါက အခိုင်အမာ သက်သေပဲ၊ မဟုတ်ရင် ပန်ချန် နယ်စားမင်းရဲ့ ညီမက သူ့ကို လက်ထပ်ပါ့မလား]

[အခုကျမှ သူက ဒေါသထွက်နေတယ် ဟုတ်လား၊ သူသာ အရင်ဆုံး ကတိဖျက်ပြီး ကိုယ်လုပ်တော်တွေ မယူခဲ့ရင် သူ၏ ဇနီးကလဲ ဟိုရုပ်ချောချော ဘုန်းတော်ကြီးကို ရှာပါ့မလား]

ရှုရန်မြောင်၏ ဝေဖန်ချက်ကြောင့် အစပိုင်းတွင် မျက်မှောင်ကုပ်နေသော ဧကရာဇ်မင်းကြီးမှာမူ စကား၏ နောက်ဆုံး အပိုင်းကို ကြားလိုက်ရသောအခါ ချက်ချင်းပင် နားစွင့်သွားတော့သည်။

*ရုပ်ချောချော ဘုန်းတော်ကြီး ဟုတ်လား၊ ဘယ်က ရုပ်ချောတဲ့ ဘုန်းတော်ကြီးလဲ*

[အမလေး၊ ဘုရားရေ၊ အဲဒါ ငါတို့ သိတဲ့လူ ဖြစ်နေတာပဲ]

ရှုရန်မြောင်၏ စိတ်တွင်းရေရွတ်သံက ပိုမိုစိတ်လှုပ်ရှားလာသည်။

[အဲဒါ ဟိုတုန်းက ကျောင်းတော်မှာ ဧကရာဇ်ကို လာပြီး မြူဆွယ် ဖျားယောင်းဖို့ ကြိုးစားခဲ့တဲ့ ဟိုရုပ်ချော အလှပန်းလေးပဲ]

အခြေအနေကို မသိကြသေးသော အမတ်မင်းများမှာမူ — “…”

*ဘာကြီးလဲ၊ ကျောင်းတော် ဟုတ်လား၊ အရှုပ်တော်ပုံကြီးပဲ၊ ငါတို့ အရှင်မင်းကြီးရဲ့ စရိုက်က ဒီလိုမျိုးကြီးလား*

ဧကရာဇ်မင်းကြီး၏ နားထင်များမှာမူ ဒေါသကြောင့် တဒုတ်ဒုတ် တုန်ခါလာတော့သည်။

*မလိုအပ်တဲ့ အသေးစိတ် အချက်အလက်တွေကို လျှောက်ပြောနေစရာ မလိုပါဘူးကွာ*

[ဒါဆို ကျိအန်း နယ်စားမင်းကို ဖောက်ပြန်ခဲ့တဲ့သူက သူပေါ့လေ]

[နေပါဦး၊ အဲဒီ လျှို့ဝှက်ရည်းစားက … အဲဒီကျောင်းတော်ရဲ့ ကျောင်းထိုင် ဘုန်းတော်ကြီး ဟုတ်လား]

ထိုအခါ ဧကရာဇ်မင်းကြီးသည် အော်ဟစ် မိန့်ကြားလိုက်တော့သည်။

“ငါ့ရဲ့ ဝေါယာဉ်ကို အမြန် ပြင်စမ်း”

ဤသည်မှာ သူကိုယ်တိုင် ကောင်းကောင်းသိသည့် လူများ ပါဝင်သရုပ်ဆောင်နေကြသည့် ဇာတ်လမ်းကြီး မဟုတ် ပါလား။ လောကမှာ ဘာပဲဖြစ်ဖြစ် ဤဇာတ်ပွဲကောင်းကြီးကိုတော့ သူ လုံးဝ အလွတ်ခံမည် မဟုတ်ချေ။

All Chapters