← Chapters

ဟူး... ကျိအန်းနယ်စားက သားကိုးယောက်တောင် တစ်ယောက်ပြီး တစ်ယောက် မွေးထားတာလား (၁)

Vol. 4 Ch. 49

ဟူး... ကျိအန်းနယ်စားက သားကိုးယောက်တောင် တစ်ယောက်ပြီး တစ်ယောက် မွေးထားတာလား (၁)

Vol. 4 Ch. 49

ဤသို့သော ဇာတ်ပွဲကောင်းမျိုးကိုတော့ လူကိုယ်တိုင် သွားရောက်ကြည့်ရှုရမှ ဖြစ်ပေလိမ့်မည်။

ကျိအန်း နယ်စားမင်း၏ အိမ်တော် တံခါးဝသို့ ရောက်ရှိသွားသောအခါ ရှုရန်မြောင်၏ မျက်လုံးများမှာ ပြူးထွက် မတတ် ဝိုင်းစက်သွားတော့သည်။

[နေပါဦး၊ နေပါဦး၊ နေပါဦး …]

[ဘယ်သူကများ ဒီလောက်တောင် စိတ်ပုပ်စိတ်ယုတ်ရှိပြီး ယွီလုံကျောင်းတော်ရဲ့ ကျောင်းထိုင်ဘုန်းကြီးကိုပါ ဒီကို လှမ်းပင့်ထားရတာလဲ]

ဧကရာဇ်မင်းကြီး: “…”

*ဒါက ဘာလို့ စိတ်ပုပ်တာ ဖြစ်ရမှာလဲ*

သူ စိတ်ထဲကနေ မကျေမချမ်း တွေးလိုက်သည်။

*ငါက ငါ့ရဲ့ သစ္စာရှိ အမတ်မင်း ကျိအန်း တစ်ယောက် အမှန်တရားကို သိပြီးမှ သေစေချင်လို့ပါ၊ ဒါက ဘာမှ မမှားပါဘူး*

အိမ်တော် တံခါးကြီး ပွင့်သွားသောအခါ အတွင်းမှ မြင်ကွင်းကြောင့် အားလုံးပင် အံ့အားသင့် မှင်တက် သွားကြရသည်။

နယ်စားမင်း အိမ်တော် နှစ်ခုလုံးမှ ခြံရံလာကြသော လူအုပ်ကြီးမှာ အုပ်စုနှစ်စု ကွဲနေပြီး တစ်ဖက်စီတွင် တိုက်ခိုက်ရန် အသင့်ဖြစ်နေသည့် ထွားကြိုင်းသော ကိုယ်ရံတော်များဖြင့် ပြည့်နှက်နေသည်။ အလယ်ဗဟိုတွင်မူ ကျိအန်း နယ်စားမင်းသည် အဆုတ်ကွဲမတတ် အော်ဟစ်ဆဲဆိုနေလေသည်။

“မင်းလို ယုတ်မာတဲ့မိန်းမ၊ ဒါတွေက ဘယ်တုန်းကတည်းက စခဲ့တာလဲ”

ထိုအမတ်ကတော်၏ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း ကမန်းကတန်း ဝတ်ဆင်ထားရသဖြင့် ဖရိုဖရဲ ဖြစ်နေရှာသည်။ သို့သော် သူမကလည်း အလျှော့မပေးဘဲ ဒေါသတကြီး ပြန်လည် အော်ဟစ်လိုက်သည်။

“ရှင် ကတိဖျက်ခဲ့တဲ့ ပထမဆုံးအကြိမ်ကတည်းကပဲ”

ကျိအန်း နယ်စားမင်းသည် စိတ်ထဲကနေ အလျင်အမြန် တွက်ချက်လိုက်သည်။

*တော်သေးတာပေါ့*

အနည်းဆုံးတော့ သူ၏ သားကြီးက သူ့သွေးသား ဖြစ်နေဆဲပင်။

ရှုရန်မြောင်၏ အတွေးများ : [ဝိုး၊ ဒါဆို သား ကိုးယောက်စလုံးက အခြားသူတွေနဲ့ ရထားတာပေါ့လေ]

ကျိအန်းနယ်စားမင်း : “…”

ကျိအန်း နယ်စားမင်းသည် ဒေါသအရှိန်ကြောင့် ရင်ဘတ်ပင် တစ်ဆို့လုနီးပါး ဖြစ်သွားရသည်။

“မင်း ငါ့ကို လိမ်နေတာ၊ ငါတို့ လက်ထပ်ပြီး ဒုတိယနှစ်မှာပဲ သားကြီးကို မွေးခဲ့တာ၊ ငါ့ရဲ့ ပထမဆုံး ကိုယ်လုပ်တော်က လက်ထပ်ပြီး သုံးနှစ်ကြာမှ ရောက်လာတာလေ၊ ဘယ်လိုလုပ် သူက ငါ့သား မဟုတ်ရမှာလဲ”

ထိုအမတ်ကတော်က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။

“ဪ၊ ရှင်က ကျွန်မရဲ့ လျှို့ဝှက်ရည်းစားတွေ အကြောင်း မေးနေတာမှတ်လို့၊ ရှင်က ကျွန်မရဲ့ သုံးစွဲသူတွေ အကြောင်း မေးနေတာကိုး၊ ရှင်က ကျွန်မအပေါ် ဖောက်ပြန်မှတော့ ကျွန်မကလည်း ရှင့်အပေါ် ပြန်ပြီး ဖောက်ပြန် ရုံပေါ့”

ကျိအန်းနယ်စားမင်း: “……”

သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်လဲသွားသည်။

“နေပါဦး၊ မင်းပြောချင်တာက တစ်ယောက်တည်းတင် မဟုတ်ဘူးပေါ့၊ ကလေး ကိုးယောက်စလုံးမှာ အဖေတွေ မတူကြဘူးလို့ ပြောချင်တာလား”

အခန်းထဲရှိ စစ်ဘက်၊ အရပ်ဘက် အမတ်မင်းများအားလုံးသည် သူ့ကို ကြည့်ကာ ပြိုင်တူပင် သနားကရုဏာ သက်မိ သွားကြတော့သည်။

ကျိအန်းနယ်စားမင်းမှာ ထိုအချက်ကို စိတ်ထဲ၌ပင် လက်ခံနိုင်စွမ်း မရှိတော့ချေ။ သို့သော်လည်း သူ့ထက် ပိုမိုရက်စက်သော တစ်စုံတစ်ယောက်က သူ့ကို အမှန်တရားနှင့် ထိပ်တိုက်ရင်ဆိုင်ခိုင်းလိုက်ပြန်သည်။

[ဝိုး … မယုံနိုင်စရာပဲ၊ ကျိအန်းနယ်စားမင်းမှာ သား ကိုးယောက်ရှိတာ၊ တစ်ယောက်စီမှာ အဖေ တစ်ယောက်စီ မတူကြဘူးတဲ့]

အမတ်မင်းများ: “ခွီး…”

ဧကရာဇ်: “အဟမ်း”

သူတို့က ရယ်ချင်လွန်း၍ မဟုတ်ပါ။ ရှုရန်မြောင်၏ တိုက်ရိုက် စိတ်တွင်း ဝေဖန်ချက်များနှင့်ဆိုလျှင် မည်သို့မျှ အောင့်ထားရန် မဖြစ်နိုင်ခြင်းကြောင့်သာ ဖြစ်၏။

ကျိအန်းနယ်စားမင်း၏ မျက်နှာမှာ နီရာမှ ပြာ၊ ပြာရာမှ ဖြူ၊ နောက်ဆုံးတွင် ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။

“မင်း အရမ်း လွန်လွန်းသွားပြီ”

ရှုရန်မြောင်၏ စိတ်ထဲ၌: [ဟင်၊ သူမက အခုပဲ ဘာပြောလိုက်တာလဲ၊ သူက ဘာလို့ ရုတ်တရက်ကြီး ဒီလောက် ဒေါသထွက်သွားရတာလဲ]

အနီးနားတွင် ပွဲကြီးပွဲကောင်းကို အရသာခံ ကြည့်ရှုနေသော အိမ်ရှေ့စံမင်းသားသည်လည်း ခေါင်းကိုခါလေသည်။

“ကျိအန်း နယ်စားမင်းက စိတ်ဆတ်လွန်းတယ်”

ရှုရန်မြောင်ကို သွားရောက်၍ အာခံရန် မစွမ်းသာသဖြင့် သူသည် မိမိ၏ ဇနီးအပေါ်၌သာ အစွမ်းကုန် ဒေါသ ပုံချနေရတော့သည်။

ကျိအန်းနယ်စားမင်းသည် ထိုအမတ်ကတော်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ငေါက်ငမ်းလိုက်သည်။

“ဒါတွေ အားလုံးက မင်းအပြစ်တွေပဲ၊ မင်း ကလေးမွေးပြီးတဲ့နောက် ငါ့ကို ကောင်းကောင်း မပြုစုနိုင်လို့၊ ငါက သဘောထားကြီးကြီးနဲ့ မင်းရဲ့ အစေခံ မိန်းကလေး တစ်ယောက်ကို သိမ်းပိုက်ခဲ့တာလေ၊ ငါ မင်းအပေါ်မှာ အစွမ်းကုန် တရားမျှတခဲ့တာ”

ထိုအမတ်ကတော်ကလည်း အလျှော့မပေးဘဲ မီးပန်းတရစပ် ဖောက်သည့်အလား ချက်ချင်း ပက်ခနဲ တုံ့ပြန်လိုက်သည်။

“ဟွန်း … ရှင်က အမွှေးတိုင် တစ်တိုင်စာ အချိန်လောက်တောင် မခံတဲ့ကောင်၊ ခေါက်ဆွဲဖတ်လို ပျော့ခွေနေတဲ့ဟာကို၊ ရှင့်ရဲ့ ကိုယ်လုပ်တော်တွေက ရှင့်ကို မြှောက်ပင့်ပြီး တော်လိုက်တာလို့ ဟန်ဆောင် ပေးနေရတာ၊ သူတို့ကို ကြည့်ပြီး ကျွန်မဖြင့် သနားတောင် သနားမိတယ်၊ ရှင်က သူတို့ ပြောတဲ့စကားတွေကို တကယ်ကြီး ယုံနေတာတော့ မဟုတ်ပါဘူးနော်”

ကျိအန်းနယ်စားမင်း၏ မျက်နှာမှာ နီရာမှ ပြာ၊ ပြာရာမှ ဖြူ၊ ထိုမှတဖန် ခရမ်းရောင်သို့ ထပ်မံ ပြောင်းလဲ သွားပြန်သည်။

“မင်း … မင်း … မင်း … လျှောက်ပြောနေတာ”

[မျှမျှတတ ပြောရရင်]

ရှုရန်မြောင်က စိတ်ထဲကနေ စဉ်းစားနေမိသည်။

[အမွှေးတိုင်တစ်တိုင်စာ အချိန်အတွင်းမှာ ကျိအန်း နယ်စားမင်း အနေနဲ့ သုံးချီလောက်အထိ ဆွဲဆန့်နိုင်တာပဲ၊ ဒီအမတ်ကတော်က သူ့အပေါ် တော်တော်လေး အညှာအတာ ရှိပေးတာပဲ]

ကျိအန်းနယ်စားမင်း: “တော်စမ်း”

*မဟုတ်ဘူး၊ လိမ်နေတာ၊ အများဆုံး ရှိလှ နှစ်ချီပဲ*

ထိုအမတ်ကတော်၏ ထွားကြိုင်းသော မောင်ဖြစ်သူက မျက်နှာပျက်လျက် ရှေ့သို့ တစ်လှမ်းတိုးကာ ပြောလိုက်သည်။

“မင်းတို့တွေ ကတိကဝတ် တစ်ခု ပြုလုပ်ခဲ့ကြတာလေ၊ မင်းပဲ အရင်ဆုံး ကတိဖျက်ပြီး ကိုယ်လုပ်တော်တွေ ယူခဲ့တာ၊ အခုကျမှ ငါ့အစ်မကို ဘာလို့ လာပြီး အပြစ်တင်နေတာလဲ၊ ငါ့အစ်မကသာ ငါတို့ကို မတားခဲ့ရင် မင်းရဲ့ ခြေထောက်တွေကို ရိုက်ချိုးပစ်တာ ကြာလှပြီ”

ထိုအခါမှ ကျိအန်း နယ်စားမင်းသည် ဒေါသအိုးကြီးထဲမှနေ၍ ခါးသီးဆန်းပြားသော စိတ်သက်သာရာရမှုကို ခံစားလိုက် ရသည်။ အနည်းဆုံးတော့ သူ၏ ဇနီးသည်က သူ့ကို သူမ၏ ကျိုးကြောင်း မဆင်ခြင်တတ်သော မောင်များရန်မှ ကာကွယ်ပေးခဲ့ဖူးသည် မဟုတ်ပါလား။ ကြည့်ရသည်မှာ သူမသည် သူ့အပေါ် သံယောဇဉ် ရှိနေဆဲ ဖြစ်ပေလိမ့်မည်။

သို့သော် ရှုရန်မြောင်၏ စိတ်တွင်းအတွေးများကမူ ထိုအချက်ကို ချက်ချင်းပင် အေးစက်စက် ငြင်းပယ် လိုက်တော့သည်။

[အော်… သေချာတာပေါ့၊ သူမက ခင်ဗျားကို ရှားပါးတဲ့ အူကြောင်ကြောင်ကောင်၊ လှည့်စားရလွယ်တဲ့ကောင်၊ ပြီးတော့ ရုပ်လေးကလဲ အဖတ်ဆယ်လို့ရတဲ့ကောင်လို့ ထင်နေတာကိုး၊ ဒါကြောင့်မို့ပဲ ဘေးမှာ ဒီအတိုင်း ဆက်ထား ထားတာပေါ့]

“ဟားဟားဟားဟားဟား”

အမတ် အချို့မှာမူ မအောင့်နိုင်တော့ဘဲ အော်ဟစ် ရယ်မောလိုက် ကြတော့သည်။ သူတို့ထဲမှ အများစုမှာ ယခင်က ကျိအန်း နယ်စားမင်း၏ သားများအကြောင်း အမြဲတစေ ကြွားဝါမှုကို ခံခဲ့ရဖူးပြီး မိမိတို့၏ မိသားစု အခြေအနေ အပေါ် သရော်စာ စကားများကို အမြဲ သည်းခံခဲ့ကြရသူများ ဖြစ်သည်။ ယခုအခါတွင်မူ သူတို့အားလုံးမှာ ရင်ဘတ်ချင်း အပ်ကာ မတ်တတ်ပင် မရပ်နိုင်တော့ဘဲ အားရပါးရ ရယ်မောနေကြတော့သည်။

[သူမ ထင်တာလဲ မှန်တာပဲ၊ အချို့သော အမတ်ကတော်တွေ နောက်ပိုင်း အိမ်ထောင်ပြုကြတဲ့အခါ သူတို့တွေ အစောပိုင်း ကတည်းက လက်ဦးမှု မယူနိုင်ခဲ့လို့ ဒီလိုမျိုး အူကြောင်ကြောင်နိုင်ပြီး လှည့်စားရ လွယ်တဲ့အပြင် ရုပ်ချောတဲ့ လူစားမျိုးကို မရလိုက်ရလေခြင်းဆိုပြီး နောင်တရနေကြတာလေ]

ရယ်မောသံများအားလုံး ချက်ချင်းပင် စဲသွားတော့သည်။ တစ်လောကလုံး တိတ်ဆိတ်ခြောက်ကပ်သွား၏။

“ဇ-ဇနီး…”

အမတ်မင်းများ၏ စိတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု ဝင်လာခဲ့ကြသည်။

*နေပါဦး … ရှုရန်မြောင် ပြောနေတဲ့ 'အချို့သော အမတ်ကတော်တွေ' ဆိုတာ… ငါ့မိန်းမကို ပြောတာများလား*

ဤအတောအတွင်း ထိုအမတ်ကတော်၏ မောင်ဖြစ်သူကမူ ဆက်လက်၍ ဒေါသတကြီး ရေရွတ်နေဆဲပင်။

“ငါ့အစ်မက တကယ့်ကို အံ့သြဖို့ကောင်းတဲ့ မိန်းမ၊ နည်းနည်း ခေါင်းမာတာပဲ ရှိတာ၊ ရင်ထဲမှာတော့ တကယ့်ကို ဖြူစင် ရှာတာ၊ အဲဒီကလေးတွေကို မင်းကို အဖေလို့ ခေါ်ခွင့်ပေးထား သေးတယ်လေ၊ မဟုတ်ရင် မင်း သေတဲ့အခါ ဘယ်သူက နာရေးအခမ်းအနား လုပ်ပေးမှာလဲ၊ မင်းက တော်တော်လေးကို အမြတ်ထွက်နေပြီပဲဥစ္စာ”

“မင်း… မင်း…”

ကျိအန်း နယ်စားမင်း၏ လက်များမှာ ဆတ်ဆတ်တုန်နေပြီး ဒေါသအရှိန်ကြောင့် စကားပင် ရှေ့ဆက် မထွက် နိုင်တော့ချေ။

သူ၏ လုပ်ဖော်ကိုင်ဖက် အမတ်မင်းများမှာမူ သူ့ထက် အခြေအနေကို ပိုမိုအလျင်အမြန် သတိပြုမိလာကြသည်။ မိမိတို့၏ အိမ်ထောင်ရေးအပေါ် အခြေအမြစ် မရှိသည့် သံသယများဖြင့် ပူပန်နေမည့်အစား လက်ရှိ မိမိတို့ရှေ့တွင် အရှက်တကွဲ ဖြစ်နေသော လူတစ်ယောက်ကို လှောင်ပြောင်ရသည်က ပို၍ အရသာရှိသည်မဟုတ်ပါလား။

ထို့ကြောင့် သူတို့သည် တစ်ယောက်ပြီး တစ်ယောက် ကျိအန်း နယ်စားမင်းကို နားမကြားသည့်အလား သဘော ထားကာ စကားကို အသံကျယ်ကျယ်ဖြင့် ပတ်ချာဝိုင်း၍ အဓိပ္ပာယ်ပါပါ ပြောဆိုလိုက်ကြတော့သည်။

“တကယ့်ကို လေးစားစရာပဲဗျာ၊ အံ့ဩဖို့လဲ ကောင်းပါပေ့၊ လက်လေး တစ်ချောင်းတောင် မြှောက်စရာ မလိုဘဲ သား ကိုးယောက်တောင် ရလိုက်တယ် ဆိုတော့”

“ဟူး၊ သူက ဒီလို ဦးထုပ်စိမ်းကို နှစ်ပေါင်း သုံးဆယ်နီးပါးလောက် ဆောင်းလာခဲ့တာပေါ့လေ၊ သူ လူပျိုပေါက် အရွယ် ကတည်းကပေါ့၊ မယုံနိုင်စရာပဲ”

All Chapters