သွားစမ်းပါ... စကားစမြည်ပြောတာက ဖောက်ပြန်တာမှမဟုတ်တာ (၁)
Vol. 4 Ch. 51
အိမ်ရှေ့စံမင်းသားသည် အနားသို့ လျှောက်လာပြီး တရားရေးရာ ဝန်ကြီး၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
“စိတ်မကောင်းပါဘူး”
မည်သို့ပင်ဆိုစေကာမူ ဝန်ကြီး၏ ဇနီးသည် ဂုဏ်ဒြပ်နိမ့်ကျသော လင်သားကို နှိမ့်၍ လက်ထပ်ခဲ့ခြင်းဖြစ်ကြောင်း သူ ကြားဖူးထားသည်။ သူမသည် စိတ်ဓာတ် ပြင်းထန်ပြီး အနိုင်ကျင့်ခံမည့်သူ မဟုတ်သည့်အပြင် မိဘမိသားစု ကလည်း အလွန်အမင်း အလိုလိုက်ထားကြသည်။ ထို့ကြောင့် တရားရေးရာ ဝန်ကြီးအနေဖြင့် ဤခါးသီးသော ဆေးခါးကြီးကို မမြိုချချင်လည်း မြိုချရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိချေ။
*ကျွတ် ကျွတ်၊ ရှုရန်မြောင်တစ်ယောက် ဘာလို့ အဲဒီလောက်အထိ အထင်ကြီးနေလဲဆိုတာ မဆန်းတော့ပါဘူး၊ ဒီဘုန်းတော်ကြီးတွေက သူတို့ရဲ့ ဖောက်သည်တွေကို တကယ်ပဲ ရွေးတတ်လွန်းတာပဲ*
[ဒါတင် မကသေးဘူးနော်၊ အဲ့ဒီ အမတ်ကတော်က သူမ ကိုယ်တိုင် သွားရုံတင်မကဘဲ သူမရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တွေကိုပါ လှမ်းပြီး ညွှန်းပေးလိုက်သေးတာ၊ အဲဒီမိတ်ဆွေတွေကနေ သူတို့ရဲ့ တခြားမိတ်ဆွေတွေကို ထပ်ညွှန်း ကြရင်းနဲ့ ပွားသွားတာပေါ့]
[ငါဖြင့် ရယ်ရလွန်းလို့ သေတော့မယ်၊ ဒါကြောင့်မို့လဲ ဒီကျောင်းတော်ရဲ့ နာမည်ကောင်းက တစ်ဆင့်စကား တစ်ဆင့်ကြားနဲ့ ဒီလောက်အထိ ပျံ့နှံ့သွားတာကိုး]
ဤအချိန်တွင် လူအနည်းငယ်သာ ဆက်၍ ရယ်မောနိုင်ကြတော့သည်။ အဓိကကတော့ ရှုရန်မြောင် တစ်ယောက် တည်းသာ ဖြစ်၏။ သို့သော်လည်း အမတ်အတော်များများမှာမူ မိမိတို့၏ ဇနီးမယားများသည် တရားရေးရာ ဝန်ကြီး၏ ဇနီးနှင့် မိတ်ဆွေဖြစ်နေခြင်း သို့မဟုတ် သူမ မိတ်ဆွေ၏ မိတ်ဆွေ ဖြစ်နေခြင်း သို့မဟုတ် သူမမိတ်ဆွေ၏ မိတ်ဆွေ တချို့နှင့် မိတ်ဆွေဖြစ်နေခြင်း စသည်ဖြင့် အဆက်အစပ်များကို စတင်တွေးတောမိကာ ရင်တထိတ်ထိတ် ဖြစ်လာကြတော့သည်။
ရှုရန်မြောင်သည် အတင်းအဖျင်းများကို စိတ်ထဲကနေ ဆက်လက်ဖတ်ရှုနေရင်းမှ ရုတ်တရက် အမှန်တရားကို သဘောပေါက်သွားဟန်ဖြင့် ရေရွတ်လိုက်သည်။
[ယွီလုံကျောင်းတော် … ဟားဟားဟား၊ ငါ အခုမှ သဘောပေါက်တော့တယ်၊ ယွီလုံ (နဂါးနှင့် ပျော်ပါးခြင်း) တဲ့လား၊ ဟားဟား၊ တကယ့်ကို 'ယွီလုံ' ကျောင်းတော်ကြီး ပါပဲလား]
“ဖူး … အဟွတ်၊ အဟွတ်၊ အဟွတ်”
ဧကရာဇ်အိုကြီးသည် သောက်လက်စ လက်ဖက်ရည်များ သီးသွားခဲ့ပြီး မထိန်းနိုင်ဘဲ တရစပ် ချောင်းဆိုး လေတော့သည်။
*ယွီလုံ*
သူ၏ မျက်နှာမှာ နေရခက်စွာဖြင့် တွန့်ရှုံ့သွားတော့သည်။
*တော်စမ်း၊
ငါ ဒီအဓိပ္ပာယ်ကို ဆက်ပြီး သဘောမပေါက်ချင်တော့ဘူး*
အမတ်များအားလုံး ဝုန်းဒိုင်းကြဲ ဆူညံသွားခဲ့သည်။
“ဒါက…”
“ဘယ်လိုလုပ် အဲဒီလိုမျိုး 'ယွီလုံ' အဓိပ္ပာယ် ဖြစ်သွားရတာလဲ…”
“ဒါက ရှက်စရာပဲ၊ တကယ့်ကို သိက္ခာမဲ့လွန်းတယ်”
“ဒီကျောင်းတော်ကို ချက်ချင်း ပိတ်ပစ်ရမယ်။ ငါ အိမ်ပြန်ရောက်တာနဲ့ အရှင်မင်းကြီးထံ ချက်ချင်း အစီရင်ခံစာ တင်သွင်းမယ်”
ဇနီးမယားနှင့် နွေးထွေးအဆင်ပြေသော ဆက်ဆံရေး ရှိကြသည့် အမတ်များမှာမူ မိမိတို့ဇနီး၏ သစ္စာရှိမှုအပေါ် ပူပန်ခြင်း မရှိကြချေ။ သို့သော် ဇနီးအပေါ် အေးစက်စက် ဆက်ဆံခဲ့သူများ၊ မိမိကိုယ်တိုင် ဖောက်ပြန်ခဲ့သူများ သို့မဟုတ် အချို့သော အရာများတွင် စွမ်းဆောင်ရည် ညံ့ဖျင်းသူများမှာမူ စိုးရိမ်စိတ်ကြောင့် မျက်နှာများ ပြာနှမ်း ကုန်ကြသည်။ သူတို့သည် မိမိတို့ဇနီး၏ သစ္စာရှိမှုအပေါ် သံသယဝင်စရာ အရိပ်အမြွက်များ ရှိခဲ့ဖူးသလားဟူ၍ စိတ်ရူးပေါက်ကာ အသည်းအသန် လိုက်လံစဉ်းစားနေကြတော့သည်။
သို့သော်လည်း သူတို့သည် ထိုသံသယများကို ဗြောင်ကျကျ ထုတ်မပြောဝံ့ကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ယောက္ခမ အများစုသည်လည်း မှူးမတ်များထဲတွင် ရှိနေကြပြီး 'မင်းတို့ထဲက ကောင်တစ်ကောင်ကောင်သာ ငါ့ရဲ့ အဖိုးတန် သမီးလေးကို လာပြီး စွပ်စွဲရဲရင် မင်းတို့ကို အရင်ဆုံး ငါ အရိုးအစိမ်းလိုက် ချိုးပစ်မယ်' ဟူသော အရှိန်အဝါဖြင့် စိုက်ကြည့်နေကြသောကြောင့် ဖြစ်သည်။
တစ်ဖက်တွင်မူ တရားရေးရာ ဝန်ကြီးမှာ လှောင်အိမ်ထဲတွင် ပိတ်မိနေသကဲ့သို့ ဖြစ်နေသည်။ သူ၏ ဇနီးဘက်မှ ယောက္ခမကြီးနှင့် ယောက်ဖများက သူ့ကို ဝိုင်းအုံထားကြသည်။
“သမက်လေး၊ စိတ်မပူပါနဲ့။ သူမ အပြင်မှာ ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့၊ ငါတို့ကတော့ မင်းကိုပဲ ငါတို့ရဲ့ တစ်ဦး တည်းသော သမက်အဖြစ် အမြဲတမ်း အသိအမှတ်ပြုထားမှာပါ”
“ယောက်ဖကြီး၊ မိန်းမသားဆိုတာ သဘာဝအတိုင်း ဆော့ကစားချင် တတ်ကြတာပဲဥစ္စာ၊ ယောက်ဖကြီးအနေနဲ့ အိမ်ထောင်မှုကိုပဲ သေချာ ထိန်းသိမ်းထားလိုက်ပါ၊ အချိန်တန်ရင် သူမ အိမ်ပြန်လာမှာပါ”
တရားရေးရာ ဝန်ကြီးသည် ရင်ထဲ၌ ဒေါသအမျက်ချောင်းချောင်း ထွက်နေတော့သည်။
*အဓိပ္ပာယ် မရှိလိုက်တာ၊ အဲ့ဒါဆိုရင် မင်းတို့မိန်းမတွေကိုလဲ အပြင်ထွက်ပြီး 'ဆော့ကစား' ခိုင်းလိုက်ပါလား*
သူတို့ ပြောနေသော စကားလုံးတိုင်းသည် အတိတ်တုန်းက သူကိုယ်တိုင် သော်လည်းကောင်း၊ သူ၏ မိဘများက သော်လည်းကောင်း ဇနီးဖြစ်သူကို ပြောခဲ့ဖူးသည့် စကားများနှင့် ထပ်တူညီနေခြင်း ဖြစ်၏။ သို့သော်လည်း သူတို့၏ ခန့်ညား ထည်ဝါသော အမတ် ဝတ်ရုံများနှင့် မိမိထက် သာလွန်သော အာဏာစက်ကို မြင်တွေ့နေရသဖြင့် သူသည် ခေါင်းငုံ့ကာ ပြန်ပြောလိုက်ရသည်။
“အမှန်ပါပဲ၊ ကျွန်တော့်ဇနီးက ငယ်သေးလို့ပါ”
“ဟားဟားဟားဟားဟား”
ရုတ်တရက် ရယ်မောသံကြီးတစ်ခု ဟိန်းထွက်လာခဲ့သည်။
အားလုံး အလိုလို တွေးလိုက်မိသည်။
*ဒါ ရှုရန်မြောင် ရယ်တာလား*
သူတို့၏ ဒုတိယ အတွေးမှာမူ …
*သွားပြီ၊ ငါတို့ ဒါကို ဘယ်လို ဖုံးကွယ်ရမလဲ၊ သူ အဆိပ်ရှိတဲ့ မှိုတွေကို စားမိလို့ စိတ်ကူးယဉ်ပြီး ရယ်နေတာလို့ အကြောင်းပြ ရမလား*
သို့သော် သေချာစွာ ကြည့်လိုက်သောအခါ ရယ်မောနေသူမှာ ရှုရန်မြောင် မဟုတ်ဘဲ ကျိအန်း နယ်စားမင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဧကရာဇ်အိုကြီးကမူ မအောင့်နိုင်တော့ဘဲ လွှတ်ခနဲ ပြောလိုက်မိတော့သည်။
“နောက်ဆုံးတော့ တစ်ယောက်ယောက် ရူးသွားပြီပေါ့လေ”
အမတ်မင်းများ: “…”
*အရှင်မင်းကြီး၊ ဘာလို့ အရှင်မင်းကြီးရဲ့ လေသံက အဲဒီလောက်တောင် သဘောကျပြီး အရသာခံနေသလို ဖြစ်နေရတာလဲ*
ထိုအခါမှ ဧကရာဇ်သည် ချောင်းဟန့်လိုက်သည်။
“မင်းတို့အားလုံးက ငါ့ကို ဘာလို့ အဲဒီလိုကြီး စိုက်ကြည့်နေကြတာလဲ”
*ပွဲကောင်းကို အရသာခံ ကြည့်ရှုဖို့အတွက်ပါ ဘုရား*
ကျိအန်း နယ်စားမင်းသည် ရူးမတတ် ရယ်မောပြီးနောက်တွင်မူ ချောမောလှပသော အမျိုးသမီးတစ်ဦးကို ဒေါ သတကြီး လက်ညှိုးငေါက်ငေါက်ထိုးကာ ခက်ထန်ရက်စက်သော လေသံဖြင့် အော်ဟစ်လိုက်တော့သည်။
“မင်းတို့ စောင့်နေလိုက်ကြစမ်း၊ အထူးသဖြင့် မင်းပဲ၊ ယုတ်မာတဲ့ ဘုန်းတော်ကြီး၊ ဒီယုတ်မာပက်စက်တဲ့ ကျောင်းတော်မှာ မင်းတို့လုပ်ခဲ့တဲ့ မကောင်းတဲ့အမှုတွေကို အရှင်မင်းကြီးနဲ့တကွ အမတ်တွေအားလုံး သိသွားကြပြီ၊ မင်းတို့ ကျောင်းတော်ကို ချက်ချင်း ပိတ်ပြီး မင်းတို့လို သီလကြောင် ဘုန်းတော်ကြီးတွေကိုလဲ အကျဉ်းထောင်ထဲ ထည့်ပြီး အလုပ်ကြမ်းတွေ လုပ်ခိုင်းပစ်မယ်”
ထိုချောမောလှပသော အမျိုးသမီး၏ မျက်နှာအမူအရာမှာ မသိမသာ ပျက်ယွင်းသွားသော်လည်း မည်သည့်စကားမျှ ပြန်မပြောချေ။
ထိုအခိုက်မှာပင် ယွီလုံကျောင်းတော်၏ ရုပ်ချောလွန်းလှသော ကျောင်းထိုင် ဘုန်းတော်ကြီး ရောက်ရှိလာခဲ့သည်။
သူသည် အရင်ဆုံး ဧကရာဇ်ကို အရိုအသေပေးလိုက်သည်။ သူ ခေါင်းငုံ့ ဦးညွှတ်လိုက်စဉ်မှာပင် သူ၏ အပြစ် ပြောစရာ မရှိသော ခန္ဓာကိုယ်အချိုးအစားက အားလုံး၏ အာရုံကို ဖမ်းစားသွားခဲ့တော့သည်။ ခန်းမထဲရှိ ယောက်ျားသားများ အားလုံး၏ မျက်နှာတွင် အံ့ဩခြင်း၊ အထင်ကြီးခြင်းများနှင့်အတူ မနာလိုစိတ်ကို မနည်း ဖုံးကွယ်ထားရသည့် ကဲ့ရဲ့ ရှုတ်ချချင်သော အမူအရာများဖြင့် ရှုပ်ထွေးပွေလီကုန်ကြသည်။
ရှုရန်မြောင် တစ်ယောက်တည်းသာလျှင် ဘာကိုမျှ ရှက်ရွံ့ခြင်းမရှိဘဲ စိတ်ထဲကနေ တအံ့တဩ ချီးမွမ်း အမွှမ်းတင် နေတော့သည်။
[“ဝိုး၊ အဲ့ဒီ ခန္ဓာကိုယ် အချိုးအစားကို ကြည့်စမ်းပါဦး၊ သူ ဘာလို့ ဒီလိုအလုပ်မျိုး လုပ်နေရလဲဆိုတာ မဆန်း တော့ပါဘူး၊ သူ နေ့တိုင်း သေချာလေ့ကျင့်ထားတာ ဖြစ်ရမယ်၊ တကယ့်ကို ကျွမ်းကျင်ပညာရှင်ကြီးပဲ]
မှူးမတ်များအားလုံး ရင်ထဲ၌ ဒေါသလှိုင်းများ ထန်သွားကြသည်။
*သစ္စာဖောက်*
တစ်ဖက်တွင်မူ ခန်းမ၏ ထောင့်တစ်နေရာ၌ ဆူညံသံများကြောင့် ရောက်ရှိလာကြသော အမတ်ကတော်အချို့သည် ထိုကျောင်းထိုင် ဘုန်းတော်ကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြပြီး အကြည့်လွှဲရန်ပင် နှမြောနေ ကြသည်။ ယခင်က ယွီလုံကျောင်းတော်သို့ တစ်ခါမျှ မရောက်ဖူးခဲ့သော တချို့အမျိုးသမီးများမှာမူ ရင်ထဲ၌ မကျေမနပ် ဖြစ်နေကြတော့သည်။
*ဒီလောက်အထိ အံ့ဩဖို့ကောင်းတဲ့ နေရာမျိုးရှိတာကို ဘာလို့ ငါ့ကို ဘယ်သူမှ လာမပြောကြတာလဲ၊ ငါက မတတ်နိုင်တဲ့ ရုပ်ပေါက်နေလို့လား*
မဟာ ရှမင်းဆက်၏ ယဉ်ကျေးမှုသည် ဟူလူမျိုး (ခြေသလုံးအိမ်တိုင် မျိုးနွယ်စုများ) ၏ လွှမ်းမိုးမှုကြောင့် ပွင့်လင်း လွတ်လပ်လွန်းလှသည်။ အမျိုးသမီးများ၏ အပျိုစင်ဘဝနှင့် စောင့်ထိန်းရမည့် ဂုဏ်သိက္ခာကို ယေဘုယျအားဖြင့် အလေးအနက် ထားလေ့မရှိကြချေ။ သမိုင်း မှတ်တမ်းများဖြစ်သော ကျိုးမင်းဆက်ရာဇဝင် ထဲတွင်ပင် နန်းတွင်း ဘဝကို ငြီးငွေ့နေသော ဧကရီ မယ်တော်ကြီးများသည် ရုပ်ချောပြီး အရည်အချင်းရှိသော အမျိုးသား အပေါင်းအဖော်များကို ကိုယ်လုပ်တော်အဖြစ် ရွေးချယ်ခဲ့ကြကြောင်း ထင်ရှားစွာ ရေးသားထားသည်။ ၎င်းမှာ တစ်ကြိမ်မက၊ အကြိမ်ကြိမ်ပင် ဖြစ်၏။
အဆိုးဝါးဆုံး အရှုပ်တော်ပုံတစ်ခုမှာ ဧကရီ မယ်တော်ကြီးလင်း ဖြစ်ပြီး၊ သူမသည် အမတ်မင်းများကို မိမိ၏ အဆောင်တော်ထဲသို့ ဗြောင်ကျကျ ခေါ်ယူပျော်ပါးခဲ့သည့်အပြင် ရုပ်ချောသော လူငယ်လေးများကိုပါ နန်းတွင်း၌ အသုံးတော်ခံရန် အဓမ္မ မိန်းမစိုးပြုလုပ်ခဲ့ဖူးသည်။ သူမ၏ သားဖြစ်သူ ဧကရာဇ်ကျင်းက မယ်တော်၏ အပြုအ မူအပေါ် မကျေမနပ်ဖြစ်လာပြီး နန်းတွင်းမှူးမတ်များနှင့် ပူးပေါင်းကာ သူမ၏ ရည်းစားများကို ကွပ်မျက်ပစ်ခဲ့သည်။ ထိုအခါ မယ်တော်ကြီးက ကလဲ့စားချေသည့်အနေဖြင့် မိမိ၏ သားအရင်းကိုပင် အဆိပ်ခတ်၍ သတ်ပစ်ခဲ့လေသည်။
ထိုသို့သော မယ်တော်ကြီးများ၊ မိဖုရားငယ်များနှင့် နန်းတွင်းအမတ်များ သို့မဟုတ် မင်းသမီးများနှင့် အမျိုးသား အဖော်အဖက်များကြားမှ အရှုပ်တော်ပုံများသည် လူ့အဖွဲ့အစည်းတွင် အလွန်ပင် ရိုးအီနေပြီ ဖြစ်သဖြင့် မည်သူမျှ အံ့ဩခြင်း မရှိကြတော့ချေ။
မင်းဆက်၏ အလယ်ပိုင်းနှင့် နှောင်းပိုင်းကာလများသို့ ရောက်ရှိလာမှသာ ဤအလေ့အထမှာ အနည်းငယ် လျော့နည်းသွားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခု အသစ်တည်ထောင်ထားသော မဟာရှမင်းဆက်မှာ နန်းသက် ၃၂ နှစ်မျှသာ ရှိသေးသဖြင့် ယခင် ခေတ်ဟောင်း၏ အငွေ့အသက်များက နက်ရှိုင်းစွာ လွှမ်းမိုးနေဆဲပင် ဖြစ်သည်။ ဤသို့သော အပြုအမူများကို ဗြောင်ကျကျ မလုပ်ကြတော့သော်လည်း မြင့်မြတ်သော မှူးမတ်ကတော်များအနေဖြင့် အပြင်၌ အမျိုးသား အဖော်အဖက်များကို လျှို့ဝှက်စွာ မွေးထားကြခြင်းမှာ မထူးဆန်းသည့် အရာတစ်ခု ဖြစ်နေတော့သည်။
ယွီလုံကျောင်းတော်သည် ဤစီးပွားရေး အခွင့်အလမ်းကို ကွက်တိ အသုံးချခဲ့ခြင်း ဖြစ်၏။
ထိုရုပ်ချောသော ကျောင်းထိုင် ဘုန်းတော်ကြီးသည် ရှေ့သို့တစ်လှမ်းတိုးကာ ကျိအန်း နယ်စားမင်းနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ ကျိအန်းနယ်စားမင်း၏ လူသတ်မတတ် စိုက်ကြည့်နေသော အကြည့်နှင့် သူ၏နောက်တွင် ရပ်နေကြသော သား ကိုးယောက်နှင့် အမျိုးသား ဆွေမျိုးအုပ်စုကြီးကို မြင်လိုက်ရသောအခါ ဘုန်းတော်ကြီးသည် အခြေအနေကို အမြန်တွက်ချက်လိုက်တော့သည်။ သူသည် တည်ငြိမ်စွာဖြင့် နောက်သို့ နှစ်လှမ်း၊ သုံးလှမ်းခန့် ဆုတ်လိုက်ပြီး ထိုမှတဖန် သုံးလှမ်း၊ လေးလှမ်းခန့် ထပ်မံဆုတ်ကာ အကွာအဝေးတစ်ခု ရမှသာ စကားစ ပြောတော့သည်။
“နယ်စားမင်း၊ ကိုယ်တော်တို့ ကျောင်းတော်ကို ယုတ်မာပက်စက်တဲ့ ကျောင်းလို့ စွပ်စွဲပြီး ဘာလို့ ဒီလောက်တောင် သိက္ခာချ နေရတာလဲ”
သူသည် မသိမသာဖြင့် ကျောကို မတ်ထားလိုက်သည်။
“ကိုယ်တော်တို့ရဲ့ ယွီလုံ ကျောင်းတော်က နယ်စားမင်း စွပ်စွဲသလိုမျိုး လုံးဝမဟုတ်ပါဘူး၊ ကိုယ်တော်တို့ရဲ့ ဘုန်းတော်ကြီးတွေက ရုပ်ရည် ချောမောပြီး သန်မာကြတယ်၊ ဂီတနဲ့ အကပညာမှာ ကျွမ်းကျင်ကြတယ်၊ ကျန်းမာ ကြံ့ခိုင်ကြတယ်၊ ပြီးတော့ ဒုက္ခရောက်နေသူတွေရဲ့ စိတ်ခံစားချက်ကို စာနာနားလည်ပေးနိုင်ကြတယ်၊ဒါပဲ ရှိတာပါ”