အခန်း ၂၂၀၂
Vol. 221 Ch. 2202
အခန်း (၂၂၀၂) ကျွန်ခံထားရသော ဟင်းလင်းပြင်၏ ကွပ်မျက်သူများ
ကရုဏာတောင် ကျမ်းစာတိုက်။
“ဒီစာအုပ်တွေကို မင်း ရဲ့ ဆရာ ဘက်မှာ ရှိမယ်မထင်ဘူး၊ ဟုတ်လား”
ဖန့်ချန်သည် ရှေးဟောင်းစာအုပ် အမြောက်အမြားကို ပွေ့ချီကာ ဖန့်ကျစ်ရွှယ် ထံ ကမ်းပေးလိုက်သည်။
ဖန့်ကျစ်ရွှယ်သည် မသိစိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ဆရာ့ဆီမှာ စာအုပ်တွေ ဒီလောက်မရှိပါဘူး။”
အနည်းဆုံးတော့ သူမမျက်စိရှေ့ရှိ ကျမ်းစာတိုက်၏ အရွယ်အစားနှင့် ယှဉ်လိုက်လျှင်၊ သူမ ဆရာ့ထံရှိ စာအုပ်စုဆောင်းမှုမှာ ဤနေရာ၏ တစ်ရာခိုင်နှုန်းပင် ရှိမည်မဟုတ်ပေ။
“ဖန့် အစ်ကိုကြီး၊ ကျွန်မက ကရုဏာ တောင်က တပည့်မဟုတ်တော့ ဒီစာအုပ်တွေကို ဖတ်ခွင့်ရှိပါ့မလား”
ဖန့်ကျစ်ရွှယ်သည် စိုးရိမ်တကြီး မေးမြန်းသည်။ ဖန့်ချန် သူမကို စာအုပ်များ ဖတ်ခိုင်းခြင်းက စီပေ့တောင်၏ စည်းကမ်းကို ဖောက်ဖျက်ရာ ရောက်မည်ကို သူမ စိုးရိမ်နေခြင်း ဖြစ်သည်။
“ဆရာကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အများကြီး မှာကြားထားတာ မရှိပါဘူး။ စိတ်ကြိုက်သာ ဖတ်ပါ၊ ဒီနေရာကနေ အပြင်ကိုတော့ ယူမသွားနဲ့ပေါ့။”
ဖန့်ချန်က ပြုံး၍ ပြောသည်။
ဖန့်ကျစ်ရွှယ်သည် ချက်ချင်းပင် ပျော်ရွှင်စွာဖြင့် တစ်ဖက်သို့ သွားထိုင်ပြီး သူမလက်ထဲရှိ ရှေးဟောင်းစာအုပ်များကို စတင်ဖတ်ရှုသည်။
ဖန့်ချန် သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် စာအုပ်စင်ပေါ်မှ စာအုပ်တစ်အုပ်ကို ဆွဲယူကာ ဖတ်ရှုလိုက်သည်။
ကောင်းကင်ငါးပါး နန်းတော်ဘက်မှ ထွက်လာစဉ်က ဖန့်ကျစ်ရွှယ်က ကရုဏာ တောင် ကျမ်းစာတိုက်တွင် စာဖတ်ချင်ကြောင်း ရုတ်တရက် အဆိုပြုခဲ့ခြင်း ဖြစ်သည်။
သူမက ဤကိစ္စတွင် စိတ်ဝင်စားမှု ရှိနေသည်ကို မြင်ရသဖြင့် ဖန့်ချန်လည်း သူမကို ခေါ်ဆောင်လာပြီး ဤနေရာရှိ ရှေးဟောင်းစာအုပ်များကို ဖတ်ခွင့်ပေးရသည်ကို ဝမ်းသာမိသည်။
“ဟင်းလင်းပြင်၏ ကွပ်မျက်သူများ မှတ်တမ်း (ပထမတွဲ) ”
ဖန့်ချန်၏ မျက်ဝန်းမှာ တုန်လှုပ်သွားသည်။ အမှတ်တမဲ့ ဆွဲယူလိုက်သော စာအုပ်တစ်အုပ်က ဟင်းလင်ပြင် ၏ကွပ်မျက်သူများ အကြောင်း ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူ၏ ဦးနှောက်ထဲတွင် ဧရာမ ဝဲဂယက်ကြီးတစ်ခု၏ ရှေ့တွင် နတ်ဘုရားစွမ်းရည်ကို ထုတ်ဖော်ကာ၊ ဝဲဂယက်ကို ဖြတ်ကျော်ပြီး ဤနေရာသို့ ရောက်လာမည့် အမည်မသိ ရန်သူများကို တားဆီးနေသော ကောင်းကင်နိမိတ်အဆင့် သူတော်စင် များ၏ ပုံရိပ်များ ပေါ်လာသည်။
ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့က ကောင်းကင်နိမိတ်အဆင့် သူတော်စင်များကို အထူးတာဝန်ပေးကာ စောင့်ကြပ်ခိုင်းထားခြင်းကို ကြည့်လျှင် ဟင်းလင်းပြင်၏ ကွပ်မျက်သူများမှာ သာမန်မဟုတ်ကြောင်း သိသာသည်။ ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ပင်လျှင် သူတို့ကို စိုးရိမ်နေပုံရသည်။
ဖန့်ချန်သည် စာအုပ်အဖုံးကို လှန်လိုက်ပြီး မှတ်တမ်းကို အသေးစိတ် ဖတ်ရှုလိုက်သည်။
“ ဟင်းလင်းပြင် ၏ ကွပ်မျက်သူများ၊ ကောင်းကင်ငါးပါး စတင်တည်ထောင်ချိန်တွင် ပေါ်ပေါက်လာခဲ့သည်...”
အစဦးဆုံး စာကြောင်းကပင် ဖန့်ချန်၏ စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေသည်။
ကောင်းကင်ငါးပါး စတင်တည်ထောင်ချိန် ဟုတ်လား။
အဲဒါက ဘယ်လောက်တောင် ကြာမြင့်ခဲ့တဲ့ အရာလဲ။
“ကောင်းကင်ငါးပါး စတင်တည်ထောင်ချိန်တွင် သူတော်စင်ကျမ်း၏ နည်းလမ်းများ စတင် ပေါ်ပေါက်လာသည်။
ထိုအချိန်က သူတော်စင်များ၏ နတ်ဘုရားစွမ်းရည်မှာ လမ်းစဉ်အဖြစ်သို့ ပြောင်းလဲသွားပြီး၊ အထွတ်ထိပ်တာအို အဆင့်သို့ ရောက်ရှိသွားသည်။ သူတို့သည် ပိုမိုနက်ရှိုင်းသော ဗလာနယ်မြေကို စူးစမ်းလေ့လာစဉ် ဟင်းလင်းပြင် ၏ကွပ်မျက်သူများနှင့် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ရာ၊ နှစ်ချက်တည်းနှင့် ရှုံးနိမ့်သွားပြီး ထိတ်လန့်တကြား ထွက်ပြေးခဲ့ရသည်။”
“ထိုအချိန်မှစ၍ ဟင်းလင်းပြင်၏ ကွပ်မျက်သူများသည် ကောင်းကင်ငါးပါးကို သိမ်းပိုက်ရန် ကြိုးစားခဲ့ကြသည်။ နေရာအနှံ့အပြားတွင် ဟင်းလင်းပြင်၏ တံခါးပေါက်များ ပေါ်ပေါက်လာပြီး ဤနေရာသို့ ရောက်ရှိရန် ကြိုးစားခဲ့သည်။”
“ကောင်းကင်ငါးပါးမှ ကောင်းကင်နိမိတ်အဆင့် သူတော်စင်များကို တာဝန်ပေးကာ တံခါးပေါက်များကို ပိတ်ဆို့ပြီး ဟင်းလင်းပြင်၏ ကွပ်မျက်သူများ မပေါ်ပေါက်လာစေရန် တားဆီးခဲ့သည်။”
“သို့သော် ကောင်းကင်နိမိတ်အဆင့် သူတော်စင် အရေအတွက်မှာ တံခါးပေါက်အားလုံးကို ပိတ်ဆို့ရန် မလုံလောက်ခဲ့သဖြင့် ဟင်းလင်းပြင်၏ ကွပ်မျက်သူများမှာ ကောင်းကင်ငါးပါးသို့ ဆက်တိုက် ပေါ်ပေါက်လာခဲ့သည်။”
“ရှီး မျိုးနွယ်စု၏ လက်ရှိ ခေါင်းဆောင်မှာ ကျင့်ကြံနေစဉ် ဟင်းလင်းပြင် ကွပ်မျက်သူများက သူ့၏ အတွင်းကမ္ဘာနယ်မြေထဲသို့ လျှို့ဝှက်ဝင်ရောက်လာပြီး တစ်ချက်တည်းဖြင့် ကွပ်မျက်လိုက်သည်။”
“ဂျူလင် မျိုးနွယ်စု၏ စွမ်းအားအကြီးမားဆုံးသူတော်စင်မှာ အတွင်းကမ္ဘာနယ်မြေ၏ တားမြစ်နယ်မြေတွင် နတ်ဘုရားစွမ်းရည်ကို လေ့လာနေစဉ် ဟင်းလင်းပြင် ကွပ်မျက်သူများ၏ ကွပ်မျက်ခြင်းကို ခံလိုက်ရသည်။”
“ခုနစ်ကြယ်နဂါး မျိုးနွယ်စုမှ နဂါးဘုရင် ရှစ်ပါးသည် နဂါးမင်း၏ မွေးနေ့ပွဲတွင် ရှိနေစဉ် ဟင်းလင်းပြင်ကွပ်မျက်သူများ၏ ကွပ်မျက်ခြင်းကို ခံလိုက်ရသည်။”
“...”
ဖန့်ချန်သည် စာအုပ်တစ်အုပ်လုံးကို ဖတ်ရှုခဲ့သော်လည်း၊ ဟင်းလင်းပြင် ၏ ကွပ်မျက်သူများအကြောင်း ဖော်ပြချက်မှာ အလွန်နည်းပါးသည်။ သူတို့၏ မူလအစ၊ စွမ်းအားအဆင့်၊ သူတော်စင် ဟုတ်မဟုတ် စသည်တို့ကို တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိပေ။
သို့သော် ထိုကာလက သူတို့၏ စစ်ရေးမှတ်တမ်းမှာမူ ကြောက်မက်ဖွယ် ကောင်းလှသည်။
သူတို့လက်ချက်ဖြင့် သေဆုံးသွားသော မျိုးနွယ်စုအသီးသီးမှ ထိပ်တန်းပုဂ္ဂိုလ်များမှာ ရေတွက်၍ မရနိုင်သလို၊ သူတို့၏ ရာထူးနေရာမှာလည်း အလွန်မြင့်မားသူများ ဖြစ်သည်။
ထို့အပြင် သူတို့မှာ တစ်ချက် သို့မဟုတ် နှစ်ချက်တည်းဖြင့် သေဆုံးသွားကြသဖြင့် ကွပ်မျက်ခြင်း ဟု သတ်မှတ်ခံထားရသည်။
“ဒါကြောင့်ပဲ ဟင်းလင်းပြင် ကွပ်မျက်သူများလို့ ခေါ်တာကိုး၊ သူတို့က ဘယ်သူနဲ့မှ အကြာကြီး မတိုက်ခိုက်ခဲ့ဘူး...”
“ဒါပေမဲ့... သူတို့က ဘာလို့ သူတော်စင်တွေကို ကွပ်မျက်ရတာလဲ ”
“သူတို့က ကောင်းကင်ငါးပါး မဟာမိတ်အဖွဲ့ရဲ့ တည်ရှိမှုကို ခြိမ်းခြောက်နေလို့လား ”
ဖန့်ချန်သည် စာအုပ်ကို ဖြည်းညှင်းစွာ ပိတ်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် အတွေးနက်နေသည့် အရိပ်အယောင်များ ပေါ်လာသည်။
အကယ်၍သာ ဟင်းလင်းပြင် ကွပ်မျက်သူများက ကောင်းကင်ငါးပါးကို စိတ်ဝင်စားသည်ဆိုလျှင်၊ လုပ်ကြံသတ်ဖြတ်သည့် ပုံစံဖြင့် ကွပ်မျက်နေမည့်အစား ဤနေရာကို သိမ်းပိုက်ရန် နည်းလမ်းရှာသင့်သည်။
ဤသည်မှာ ယုတ္တိမရှိပေ။
စိတ်ထဲရှိ အတွေးများကို ခဏဖယ်ထားကာ ဖန့်ချန်သည် ထ၍ လမ်းလျှောက်လိုက်ပြီး ဟင်းလင်းပြင် ၏ ကွပ်မျက်သူများအကြောင်း အခြားစာအုပ်များ ရှိသေးသလားဟု ရှာဖွေကြည့်သည်။
စိတ်မကောင်းစွာပင် သူကိုင်ထားသော စာအုပ်မှလွဲ၍ ကျန်စာအုပ်များမှာ ဟင်းလင်းပြင်၏ ကွပ်မျက်သူများနှင့် ပတ်သက်မှု မရှိပေ။
“နောက်တစ်ကြိမ် စာအုပ်အသစ်တွေ လဲလှယ်တဲ့အချိန်ကျမှပဲ ပြန်လာကြည့်တော့မယ်၊ ဒါမှမဟုတ်...”
ဖန့်ချန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ဖန့်ကျစ်ရွှယ် စာဖတ်နေသည်ကို မြင်သောအခါ သူသည် ခြေလှမ်းတစ်လှမ်း နောက်ဆုတ်လိုက်ပြီး တစ်ခဏချင်း ပျောက်ကွယ်သွားသည့် အတွင်းကမ္ဘာနယ်မြေ တံခါးပေါက်ထဲသို့ ဝင်ရောက်သွားကာ ပျောက်ကွယ်သွားသည်။
အတွင်းကမ္ဘာနယ်မြေ။
ရွှေရောင် အလင်းတန်း တစ်ခုသည် ဖန့်ချန်၏ ကိုယ်ထဲမှ စီးဆင်းလာပြီး ကြီးမားသော ပုံစံခွက် စာအုပ်တစ်အုပ်အဖြစ် ပြောင်းလဲသွားသည်။
ချီယန် သူတော်စင်မှာ ဤမြင်ကွင်းကို ကြည့်၍ အသားကျနေပြီ ဖြစ်သဖြင့် အဝေးတစ်နေရာတွင် တစ်စုံတစ်ခုကို စဉ်းစားလျက် ရှိနေပြီး ဝင်ရောက်ရှုပ်ယှက်ခြင်း မပြုပေ။
“ မှန်လေး ဟင်းလင်းပြင် ကွပ်မျက်သူများ ဆိုတာ ဘာကိုခေါ်တာလဲဆိုတာ မင်း သိလား ”
ဖန့်ချန်က မေးသည်။
“ညီကို ၊ ငါ ဒီတစ်ခေါက် ဘယ်လောက်ကြာအောင် အိပ်ပျော်သွားတာလဲ ”
မှန်လေး ၏ အသံမှာ ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်ဖြင့် ထွက်ပေါ်လာသည်။
“တော်တော်ကြာကြာ အိပ်ပျော်သွားတာပါပဲ။”
ဖန့်ချန်က ရယ်မော၍ ပြောသည်။
မှန်လေး သည် သမ်းဝေလိုက်ပြီးနောက် အေးဆေးစွာ ပြောသည်။
“ညီကို၊ ဘာလို့ ဟင်းလင်းပြင် ကွပ်မျက်သူများအကြောင်းကို ရုတ်တရက် မေးချင်စိတ် ပေါက်လာတာလဲ”
ဤစကားကို ကြားလိုက်ရသဖြင့် ဖန့်ချန်သည် မှန်လေး၏ ဗဟုသုတ ဘဏ်တိုက်ထဲတွင် ဟင်းလင်းပြင် ကွပ်မျက်သူများအကြောင်း သေချာပေါက် ရှိနေလိမ့်မည်ဟု ဆုံးဖြတ်လိုက်သည်။
မှန်လေး မှာ နယ်မြေကိုးခု မှ အရာမဟုတ်သည်မှာ အမှန်ပင်။
ဖန့်ချန်မှာ စိတ်လှုပ်ရှားသွားသည်။ ထိုသူက သူ့ကို အခြားသော အဆင့်ကျော် လမ်းကြောင်းကို သင်ကြားပေးခဲ့သည့်အချိန်ကပင် ဤအချက်ကို သက်သေပြခဲ့ပြီး ဖြစ်သည်။
“မကြာသေးခင်ကမှ ဟင်းလင်းပြင် ကွပ်မျက်သူများအကြောင်း သိလိုက်ရလို့ပါ၊ နောက်ပြီး...”
ဖန့်ချန်သည် ကရုဏာ တောင်မှ ဘိုးဘေးတစ်ဦး ရုတ်တရက် သေဆုံးသွားပြီး ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့က သဲလွန်စ ရှာမတွေ့သည့် အကြောင်းကို ပြောပြသည်။
ထို့ပြင် သူ၏ အတွင်းကမ္ဘာနယ်မြေထဲတွင် မြင်ခဲ့ရသည့် အတွင်းကမ္ဘာ အနက်ရောင် အရိပ်အကြောင်းကိုပါ ထည့်ပြောလိုက်သည်။
“မင်းက အဲဒါက ဟင်းလင်းပြင် ကွပ်မျက်သူတွေ ဖြစ်မယ်လို့ သံသယဝင်နေတာလား ”
မှန်လေးက စဉ်းစားတွေးတောလျက် -
“မင်းက ဟင်းလင်းပြင် ကွပ်မျက်သူများအကြောင်းကိုပဲ ရိုးရိုးရှင်းရှင်း သိချင်တာဆိုရင် အတွင်းကမ္ဘာ ကျောက်တုံး တစ်ထောင်လောက်ဆို လုံလောက်တယ်။
အကယ်၍ မင်းက ကရုဏာတောင်က ဘိုးဘေးကို သတ်သွားတာ ဟင်းလင်းပြင် ကွပ်မျက်သူတွေ ဟုတ်မဟုတ် သိချင်တာဆိုရင်တော့ အတွင်းကမ္ဘာ ကျောက်တုံး တစ်ရာလောက်ဆို လုံလောက်ပြီ။”
ဖန့်ချန် အနည်းငယ် အံ့ဩသွားပြီး စိတ်ကူးလိုက်သည့်အခါ သူ၏ရှေ့တွင် အတွင်းကမ္ဘာ ကျောက်တုံး တစ်ရာခန့် ပေါ်လာသည်။
၎င်းတို့ထဲတွင် သူ နေမင်းခုနစ်ပါး ခန်းမ တွင် ရှာဖွေထားသည်များ ပါဝင်သလို၊ ရှူရှန့် နှင့် ကျန်းတောက်ယွဲ့ တို့ တစ်ခါတစ်ရံ ပေးအပ်ထားသည်များလည်း ပါဝင်သည်။
သတိမထားမိလိုက်ဘဲ တစ်ရာကျော်အထိ စုမိသွားသည်။
“မင်းက ငါ့ဆီမှာ ကျောက်တုံးတွေ အတိအကျ ရှိနေတယ်ဆိုတာ သိနေတာပေါ့၊ ဟုတ်လား ”
ဖန့်ချန် သက်ပြင်းချလိုက်သည်။
“ဈေးလျှော့လို့ မရဘူးလား ”
“ဈေးလျှော့လို့ မရဘူး ညီကို၊ အရင်တုန်းက မင်းကို အဆင့်ကျော် လမ်းကြောင်း သင်ပေးတုန်းကလည်း ဈေးလျှော့ပေးထားပြီးသားပါ ”
မှန်လေးက သက်ပြင်းချလိုက်သည်။
ဤအချိန်တွင် ချီယန် သူတော်စင်မှာ ဤစကားဝိုင်းကြောင့် စိတ်ဝင်စားသွားပြီး သိလိုစိတ်ဖြင့် ရှေ့သို့ တိုးလာသည်။
“ဟင်းလင်းပြင် ကွပ်မျက်သူများ ဆိုတာ ဘာလဲ”
မှန်လေး -
“မင်းနဲ့ ဘာဆိုင်လို့လဲ”
ချီယန် သူတော်စင်မှာ ရှက်ရွံ့စွာဖြင့် ပြုံးကာ ဘေးတွင် ငြိမ်နေလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဖန့်ငရဲမင်း က အတွင်းကမ္ဘာ ကျောက်တုံးကို ပေးဆောင်နိုင်သမျှ ကာလပတ်လုံး သူလည်း နားထောင်ခွင့် ရှိလိမ့်မည်။
“ဒီ အတွင်းကမ္ဘာ ကျောက်တုံး တစ်ရာကို အရင်ယူလိုက်ပါ။”
ဖန့်ချန် လက်ကို အသာယမ်းလိုက်ရာ အတွင်းကမ္ဘာ ကျောက်တုံးများမှာ မှန်လေးရှေ့သို့ ရောက်ရှိသွားသည်။
မှန်လေးသည် အသာအယာ စုပ်ယူလိုက်ရာ ကျောက်တုံးတစ်ရာမှာ အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး သူ၏ ကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
“မင်းတို့ ကရုဏာတောင် ဘိုးဘေးက ဟင်းလင်ူပြင် ကွပ်မျက်သူများ လက်ချက်ကြောင့် သေတာ မဟုတ်ဘူး၊ ဒါပေမဲ့ သူတို့နဲ့ ပတ်သက်မှုတော့ ရှိတယ်။ ဒါက ကျွန်ခံထားရတဲ့ ဟင်းလင်းပြင် ကွပ်မျက်သူ တစ်ယောက် ဖြစ်တယ်။
တကယ်တမ်း သူ့ကို အမိန့်ပေးခိုင်းစေတာက တခြားလူ တစ်ယောက်ပဲ”
မှန်လေးက ပြောသည်။
“မင်းက ကရုဏာတောင် တပည့် တစ်ယောက် ဖြစ်တဲ့အတွက် နောက်ပိုင်းမှာ သတိထားနေပါ။ ဒီတစ်ယောက်ရဲ့ ပစ်မှတ် ဖြစ်မသွားပါစေနဲ့၊ မဟုတ်ရင် မင်းလည်း အန္တရာယ် ရှိလာလိမ့်မယ်။”
ကျွန်ခံထားရတဲ့ ဟင်းလင်းပြင် ကွပ်မျက်သူ
ဖန့်ချန်သည် ခုနက ဖတ်ခဲ့ရသည့် ဟင်းလင်းပြင် ကွပ်မျက်သူများ၏ စစ်ရေးမှတ်တမ်းများကို ပြန်တွေးမိပြီး မျက်နှာမှာ အလွန်လေးနက်သွားသည်။
ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ထဲမှာ ဟင်းလင်းပြင် ကွပ်မျက်သူများကို ကျွန်ပြုနိုင်တဲ့ သူတော်စင်တွေ ရှိနေပြီလား။