အခန်း ၂၂၀၄
Vol. 221 Ch. 2204
အခန်း (၂၂၀၄) ဝမ်လေး အဆင့်တက်သွားခြင်း
အချိန်ကား (၂၀) နှစ်ခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ချန်ဖေးဖေးနှင့် ချန်းအင်ရွယ် တို့သည် အတွင်းကမ္ဘာနယ်မြေထဲမှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြသည်။
သူတို့သည် ဖန့်ချန် ၏ လိုဏ်ဂူအတွင်း၌ပင် ရှိနေကြဆဲ ဖြစ်သော်လည်း၊ အရင်တစ်ခေါက်နှင့် မတူညီသည်မှာ ထိုသူနှစ်ဦး၏ အတွင်းကမ္ဘာနယ်မြေ အခြေခံအုတ်မြစ်များမှာ မျက်စိဖြင့်ပင် မြင်နိုင်လောက်အောင် တိုးတက်လာခဲ့ခြင်းပင်။
အကယ်၍ သူတို့သည် ယခင်က ကောင်းကင်ငါးပါး နယ်မြေအတွင်းရှိ ထိပ်တန်း ပါရမီရှင်များဟု သတ်မှတ်နိုင်ပြီး ကျောင်းတော်တွင် ကျင့်ကြံရန် အရည်အချင်း ပြည့်မီနေသည်ဟု ဆိုရပါက၊ ယခုအခါ သူတို့၏ အတွင်းကမ္ဘာနယ်မြေ အခြေခံအုတ်မြစ်မှာ အနည်းဆုံး အဆင့်တစ်ဆင့်ခန့် မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။
ဖန့်ချန် သည် ထိုသူနှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်၊ အခုဆိုရင် ကျောင်းတော်ထဲက အဓိကတပည့် တွေနဲ့ ဘာမှ မခြားနားတော့ဘူး။”
“တကယ်လား”
ချန်ဖေးဖေး သည် အနည်းငယ် ကြောင်သွားပြီးနောက် ပျော်ရွှင်စွာဖြင့် -
“ဖန့် အစ်ကိုကြီး၊ ကျွန်တော့်ရဲ့ အရည်အချင်းက အဓိကတပည့်တွေနဲ့ တူညီသွားပြီလား” ဟု မေးလိုက်သည်။
ချန်းအင်ရွယ် သည် စဉ်းစားတွေးတောလျက် ရှိနေပြီး၊ ပြီးခဲ့သည့် နှစ်(၂၀) အတွင်း စင်ကြယ်သောဗောဓိသီး နှစ်လုံးကို စားသုံးပြီးနောက် အတွင်းကမ္ဘာနယ်မြေ တိုးတက်လာပုံကို ပြန်ပြောင်းတွေးကာ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
သူမလည်း ဖန့်ချန် ၏ အကဲဖြတ်ချက်သည် မှန်ကန်သည်ဟု ယူဆသည်။
ယခုအခါ သူမသည် ကျောင်းတော်၏ အဓိကတပည့်များနှင့် ယှဉ်ပြိုင်ရန် ယုံကြည်ချက် အပြည့်ရှိနေသည်။
သူမသည် ဤ နှစ် (၂၀) အတွင်း စင်ကြယ်သောဗောဓိသီး နှစ်လုံးကို စားသုံးခဲ့သော်လည်း စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်သို့ မရောက်ရှိခဲ့သေးပေ။
သို့သော် အတွင်းကမ္ဘာနယ်မြေ အခြေခံအုတ်မြစ် မြင့်တက်လာမှုမှာ သူမ၏ တိုက်ခိုက်နိုင်စွမ်းကို အနည်းဆုံး အဆင့်နှစ်ဆင့်ခန့် မြှင့်တင်ပေးလိုက်သည်။
“အခုဆိုရင် အနှစ် (၂၀) က ငါ့ကိုယ်ငါနဲ့ ပြန်ရင်ဆိုင်ရရင်တောင်၊ အကွက် (၁၀) အတွင်းမှာ အနိုင်ယူနိုင်မယ်လို့ ယုံကြည်တယ်... ဆိုလိုတာက... အနှစ် (၂၀) တုန်းကဆိုရင် အဓိကတပည့်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ရင်၊ ကျင့်ကြံခြင်းအဆင့်က တူညီနေဦးတော့ သူတို့လက်ထဲမှာ အကွက် (၁၀) တောင် ခံနိုင်မှာ မဟုတ်ဘူး...”
ဤအချက်ကို တွေးမိသောအခါ ချန်းအင်ရွယ် ၏ ရင်ထဲတွင် အလွန်ပင် ခံစားချက်များ တက်ကြွလာသည်။
ယခင်က ကျောင်းတော်သို့ မဝင်ရောက်မီတွင် သူမသည် သူမ၏ ပါရမီကို ဟင်းလင်ပြင် အမြင့်ဆုံး မဟာမိတ်အဖွဲ့ထဲတွင် အထွတ်အထိပ်ဟု ထင်မှတ်ထားခဲ့သည်။
ဤနေရာသို့ ရောက်မှသာ သူမ၏ အရည်အချင်းမှာ ကျောင်းတော်၏ အနည်းဆုံး သတ်မှတ်ချက်သာ ရှိသေးကြောင်း သိလိုက်ရသည်။
ထိုသတ်မှတ်ချက်အပေါ်တွင် ပိုမိုအားကောင်းသည့် အဆင့်ဆင့်သော စစ်မှန်သည့် ပါရမီရှင်များစွာ ရှိနေသေးသည်!
“ဒါက လိမ်စရာ လိုလို့လား။ ငါ အားရင် ဂျူလင် မျိုးနွယ်စုက အောက်ရုလိုင် ကို ခေါ်ပြီး မင်းနဲ့ ယှဉ်ပြိုင်ခိုင်းမယ်၊ မင်းတို့နှစ်ယောက်ကြားက စွမ်းအားကွာခြားချက်ကို ကြည့်ရအောင်။ ငါ ခန့်မှန်းရရင် မင်းက သူ့ထက် ပိုသာလိမ့်မယ်”
ဖန့်ချန် က အေးဆေးစွာ ပြုံး၍ ပြောသည်။
သူ့စိတ်ထဲတွင် ခံစားချက်အချို့ ပေါ်လာသည်။ အောက်ရုလိုင် ၏ စွမ်းအားမှာ မူလက ချန်ဖေးဖေး ထက် အများကြီး သာလွန်သင့်ပြီး၊ အနည်းဆုံးတော့ သူတို့နှစ်ဦးမှာ တစ်တန်းတည်းစား မဟုတ်ကြပေ။
သို့သော် ယခုအခါ ချန်ဖေးဖေး သည် စင်ကြယ်သောဗောဓိသီး နှစ်လုံးမျှဖြင့်ပင် ထိုကွာဟချက်ကို ဖြည့်ဆည်းနိုင်သွားပြီ ဖြစ်သည်။
ကောင်းကင်ငါးပါး နယ်မြေအတွင်းရှိ အသီးသီးသော ခေါင်းဆောင်ကြီးများက စင်ကြယ်သောဗောဓိသီးကို ဘာကြောင့် အလုအယက် ထိန်းသိမ်းထားကြသည်ဆိုသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
“ဒါဆိုရင် အရမ်းကောင်းတာပဲ”
ချန်ဖေးဖေး သည် စိတ်လှုပ်ရှားစွာဖြင့် -
“ကျွန်တော်လည်း ဒီ နှစ် (၂၀) အတွင်း အတွင်းကမ္ဘာနယ်မြေ အခြေခံအုတ်မြစ်တွေ တိုးတက်လာတယ်လို့ ခံစားရတယ်။
နတ်ဘုရားစွမ်းရည်ကို ထုတ်ဖော်တဲ့အခါမှာလည်း စွမ်းအားတွေ တိုးတက်လာတယ်။ ဒါပေမဲ့ ကျွန်တော့် တိုးတက်မှုက ဒီလောက်အထိ ကြီးမားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး”
ဟု ပြောသည်။
ပြောပြီးနောက် သူသည် စိတ်လှုပ်ရှားစွာဖြင့် ချန်းအင်းရွယ် ကို ကြည့်လိုက်သည်။
“ဒီတစ်ခါတော့ ကျွန်တော်တို့ အဓိကတပည့် နေရာအတွက် သွားယှဉ်ပြိုင်နိုင်ပြီ၊ ပြီးရင် စင်ကြယ်သောဗောဓိသီး နောက်တစ်လုံး ထပ်ရနိုင်သေးတယ်”
ဟု ပြောသည်။
“ကျွန်မတို့ ကရုဏာတောင် က ကျောင်းတော်ရဲ့ အဆင့်မြင့်ပုဂ္ဂိုလ် တစ်ယောက်ကို အရင်က ပြစ်မှားမိခဲ့ဖူးတယ်လို့ ကြားတယ်၊ ဒါကြောင့် ကရုဏာတောင် တပည့်တွေက အဓိကတပည့် နေရာကို မရနိုင်ဘူးတဲ့...”
ချန်းအင်းရွယ် သည် စဉ်းစားကာ ဖန့်ချန် ကို ကြည့်၍ တိုးတိုးလေး မေးလိုက်သည်။
“ဖန့် အစ်ကိုကြီး၊ ဒီသတင်းစကားက တကယ်ပဲလား”
“တကယ်ပဲ”
ဖန့်ချန် က ပြုံး၍ -
“မင်းတို့ကို ငါ အကြံပေးချင်တာကတော့ တိတ်တဆိတ်ပဲ ကျင့်ကြံပြီး အေးအေးဆေးဆေးနေဖို့ပဲ။
အဓိကတပည့် နေရာကနေ ရလာမယ့် အကျိုးအမြတ်က စင်ကြယ်သောဗောဓိသီး တစ်လုံး၊ နှစ်လုံးလောက်ပဲ ရှိမှာပါ။
အဲဒီအတွက်နဲ့ မင်းတို့ရဲ့ လက်ရှိ စစ်မှန်တဲ့ စွမ်းအားတွေကို ပေါ်သွားရင်၊ ရတာထက် ဆုံးရှုံးရတာက ပိုများလိမ့်မယ်”
ဟု ပြောသည်။
ခဏမျှ ရပ်တန့်ပြီးနောက် ဖန့်ချန် ၏ မျက်နှာမှာ အနည်းငယ် လေးနက်သွားသည်။
“ဒီတစ်ခေါက် လီရွှမ်ရွှေ ဘိုးဘေး သေဆုံးသွားတဲ့ ကိစ္စအတွက်နဲ့ မင်းတို့လည်း သတိဝီရိယ ရှိကြပါ။ ငါတို့ကို ပစ်မှတ်ထားနေတာ ဖြစ်နိုင်တယ်။
ဒါကြောင့် မင်းတို့နှစ်ယောက် ဒီတစ်ခေါက် တိုးတက်လာတာကို ဘယ်သူ့ကိုမှ မပြောနဲ့ဦး”
ချန်ဖေးဖေး လည်း ချက်ချင်း သဘောပေါက်သွားပြီး လေးနက်စွာဖြင့် -
“ကျွန်တော် သိပါပြီ၊ ဖန့် အစ်ကိုကြီး ပြောတဲ့အတိုင်းပဲ လုပ်ပါမယ်။ တိတ်တဆိတ်နဲ့ပဲ အေးဆေးနေပြီး ဘယ်သူ့ကိုမှ မပြောပါဘူး”
ဟု ပြောသည်။
ချန်းအင်းရွယ် လည်း ခေါင်းညိတ်လိုက်သည်။
“ကျွန်မလည်း သဘောတူပါတယ်”
ထို့နောက် သူမသည် ပတ်ဝန်းကျင်ကို သိလိုစိတ်ဖြင့် ကြည့်လိုက်ရာ ဝမ်ချုံစန်း မရှိသည်ကို တွေ့ရသဖြင့် အနည်းငယ် အံ့ဩသွားသည်။
“ဝမ် အစ်ကိုကြီးရော၊ သူ စင်ကြယ်သောဗောဓိသီး ကို မသန့်စင်ရသေးဘူးလား”
စကားဆုံးသည်နှင့် သူတို့နှစ်ဦးသည် အနီးနားရှိ စွမ်းအင်များ မငြိမ်မသက် ဖြစ်နေသည်ကို ခံစားလိုက်ရပြီး၊ အတွင်းကမ္ဘာနယ်မြေ တံခါးပေါက်တစ်ခု ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။
ဝမ်ချုံစန်း သည် တံခါးပေါက်မှ ထွက်လာပြီး မျက်နှာတွင် ခံစားချက် အပြည့်ဖြင့် ရှိနေသည်။
ကြောက်မက်ဖွယ်ကောင်းပြီး ကြီးမားလှသော စွမ်းအင်များသည် ရုတ်တရက် မထိန်းနိုင်ဘဲ ပေါက်ကွဲထွက်လာရာ ချန်ဖေးဖေး နှင့် ချန်းအင်ရွယ် တို့နှစ်ဦးကို အနည်းငယ် နောက်ဆုတ်သွားစေပြီး သွေးကြောများပင် လှုပ်ရှားသွားစေသည်။
သူတို့နှစ်ဦးသည် အံ့ဩတုန်လှုပ်စွာဖြင့် ဝမ်ချုံစန်း ကို ကြည့်နေမိသည်။
“ဝမ် အစ်ကိုကြီး၊ အစ်ကိုက...”
ဖန့်ချန် သည် ဝမ်ချုံစန်း ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို အသာညိတ်လိုက်သည်။
“ဝမ်လေး အဆင့်တက်သွားပြီ”
“စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့် ကို ရောက်သွားပြီ... မထိန်းနိုင်ခဲ့ဘူး...”
ဝမ်ချုံစန်း က သက်ပြင်းတစ်ချက် ချလိုက်သည်။
စင်ကြယ်သောဗောဓိသီး (၄) လုံး၏ ဆေးအာနိသင်မှာ အလွန်ပင် ပြင်းထန်လွန်းသည်။
စင်ကြယ်သောဗောဓိသီးသည် ကျင့်ကြံခြင်းကို တိုက်ရိုက် မမြှင့်တင်ပေးသော်လည်း၊ အတွင်းကမ္ဘာနယ်မြေ အခြေခံအုတ်မြစ် တိုးတက်လာတိုင်း ကျင့်ကြံခြင်း အဆင့်မှာလည်း လိုက်ပါ တိုးတက်လာစမြဲဖြစ်သည်။
သူသည် စင်ကြယ်သောဗောဓိသီး (၄) လုံးကို ဆက်တိုက် စားသုံးခဲ့ပြီး၊ အရင်က ရှူရှန့် ပေးခဲ့သော တစ်လုံးနှင့် ပေါင်းလိုက်လျှင် (၅) လုံး ရှိနေပြီ ဖြစ်သည်။ ဤ (၅) လုံး၏ အခြေခံအုတ်မြစ်ကြောင့်၊ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်တွင် ရာနှင့်ချီ၍ ရှိနေသော သူသည် အခြား ကျောင်းသားများ နှစ်ထောင်နှင့်ချီ၍ မကျော်လွန်နိုင်သော အဆင့်အတန်းကို ကျော်ဖြတ်နိုင်သွားခဲ့သည်။
“စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်... ဒါက မြန်လွန်းမနေဘူးလား”
ချန်ဖေးဖေး နှင့် ချန်းအင်ရွယ် တို့နှစ်ဦးမှာ အံ့အားသင့်နေကြသည်။
သူတို့သည် ဝမ်ချုံစန်း မှာ သူတို့ထက် တစ်နှစ်သာ စောပြီး ရွှေဟွေးကျောင်းတော် ကို ရောက်လာသည်ဟု သိထားကြသော်လည်း၊ ယခုအခါတွင် သူသည် စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။
ဒါက အရမ်းလွန်လွန်းမနေဘူးလား
“ဖန့် အစ်ကိုကြီးတောင် စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်ကို မရောက်သေးဘူး...”
ဟု ချန်းအင်ရွယ် က တိုးတိုးလေး ရေရွတ်သည်။
ဝမ်ချုံစန်း က သက်ပြင်းချလိုက်သည် -
“အဲဒါက ဖန့် အစ်ကိုကြီးရဲ့ အခြေခံအုတ်မြစ်က ငါ့ထက် ပိုသာလွန်နေလို့ပေါ့။
ငါက အခြေခံအုတ်မြစ် မသာလွန်လို့ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်မှာ မရပ်တန့်နိုင်ဘဲ အလယ်အလတ်အဆင့်ကို ရောက်သွားတာ။
ဆေးအာနိသင် အများစုက အတွင်းကမ္ဘာနယ်မြေ အခြေခံအုတ်မြစ် မဖြစ်လာဘဲ ငါ့ရဲ့ ကျင့်ကြံခြင်းအဖြစ် ပြောင်းလဲသွားလို့ပဲ။”
“ဝမ်လေး စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်ကို ရောက်တာက ပုံမှန်ပါပဲ။ ငါတို့ လူသားမျိုးနွယ်စု ကျောင်းတော်က တုန်းဖန်းဟို့ ကို သိတယ်မလား။
သူ ကျောင်းတော်ကို ရောက်လာတာ ငါတို့နဲ့ အချိန်သိပ်မကွာဘူး၊ ဒါပေမဲ့ သူက စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် ဖြစ်နေပြီ”
ဖန့်ချန် က ပြုံး၍ -
“တချို့အချိန်တွေမှာ ကျင့်ကြံခြင်းအဆင့်ကို တားဆီးလို့ မရရင်၊ ထူးခြားတဲ့ အကြောင်းအရင်း မရှိဘဲနဲ့ မတားဆီးပါနဲ့။ သဘာဝအတိုင်း ထားလိုက်တာက အကောင်းဆုံးပဲ”
ဟု ပြောသည်။
ချန်းအင်းရွယ် တို့နှစ်ဦးမှာ နားလည်သလို ဖြစ်သွားသည်။
“ဖန့် အစ်ကိုကြီး၊ ဒီတစ်ခေါက် ကျွန်တော် အဆင့်တက်နိုင်တာက စင်ကြယ်သောဗောဓိသီး ကြောင့်ပါ။ အစ်ကိုကြီးရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး၊ ညီငယ် အရမ်း ကျေးဇူးတင်ပါတယ်”
ဝမ်ချုံစန်း သည် လေးနက်စွာဖြင့် လက်ယှက် ဂါရဝပြုလိုက်သည်။
ချန်ဖေးဖေး နှင့် ချန်းအင်းရွယ် တို့လည်း လိုက်လံ ဂါရဝပြုကြသည်။
စင်ကြယ်သောဗောဓိသီး ကို ပေးအပ်သည်မှာ သာမန် ကျေးဇူးမျိုး မဟုတ်ပေ။
ဖန့်ချန် က ပြုံး၍ လက်ကို ဝှေ့ယမ်းကာ၊ ချန်ဖေးဖေး တို့ကို ပြောခဲ့သည့်အတိုင်း ဝမ်ချုံစန်း ကိုလည်း မှာကြားလိုက်သည်။
“ဒါဆိုရင် စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့် ရောက်တာကို ခဏလောက် ဖုံးကွယ်ထားလိုက်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ကရုဏာတောင် က ကောင်းကင်ငါးပါး စစ်မြေပြင် ကို သွားစရာ မလိုဘူး။ ငါတို့ မပြောရင်၊ လူတွေနဲ့ ထိပ်တိုက် မတွေ့ရင် ဘယ်သူမှ ငါတို့ရဲ့ အမှန်တကယ် စွမ်းအားကို သိမှာ မဟုတ်ဘူး”
ဝမ်ချုံစန်း က လေးနက်စွာ ပြောသည်။
“ဆရာ့ဆီကိုတော့ အကြောင်းကြားထားသင့်တယ်”
ဟု ဖန့်ချန် က ဖြည့်စွက် ပြောသည်။
သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြသည်။
“ဖန့်ချန် ရှိလား။ အရေးကြီးတယ်၊ ငါတို့ လူသားမျိုးနွယ်စု ကျောင်းတော်က ဖန့် ညီမလေး ကို လုပ်ကြံဖို့ လူတွေ လာနေကြပြီ”
လိုဏ်ဂူ အပြင်ဘက်မှ အလွန် အရေးပေါ်နှင့် ဒေါသထွက်နေသည့် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ဖန့်ချန် သည် ချက်ချင်း ထရပ်လိုက်ပြီး လိုဏ်ဂူ အပြင်ဘက်သို့ ပြေးထွက်သွားသည်။
ဝမ်ချုံစန်း တို့သုံးယောက်လည်း ကြောက်လန့်တုန်လှုပ်စွာဖြင့် နောက်မှ အမြန် လိုက်သွားကြသည်။
လာသူမှာ လုကျိုးဝမ် ဖြစ်ပြီး ဖန့်ချန် ကို မြင်သည်နှင့် ဒေါသတကြီး ပြောသည်။
“ဖန့်ချန်၊ အခု အခြားမျိုးနွယ်စု သူတော်စင်တွေက အရမ်းရိုင်းစိုင်းနေပြီ။ ငါတို့ လူသားမျိုးနွယ်စု ကျောင်းတော်အောက်မှာတင် ဒီလောက်ထိ ရက်စက်တဲ့ အလုပ်ကို လုပ်ရဲကြတယ် ”