သွားစမ်းပါ... စကားစမြည်ပြောတာက ဖောက်ပြန်တာမှမဟုတ်တာ (၂)
Vol. 4 Ch. 52
ပတ်ဝန်းကျင်ရှိ အမတ်ကတော်များ၏ မျက်နှာပေါ်မှ သိသာထင်ရှားသော စိတ်ဝင်စားမှုများကို မြင်လိုက်ရ သောအခါ ကျောင်းထိုင် ဘုန်းတော်ကြီးသည် ကျေနပ်အားရစွာဖြင့် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး တရား မျှတမှုဘက်မှ ရပ်တည်နေသည့်အလား ကျိအန်း နယ်စားမင်းကို စေ့စေ့ကြည့်လိုက်သည်။
“နယ်စားမင်း၊ နယ်စားမင်းက မြင့်မြတ်တဲ့ အရှိန်အဝါရှိပြီး ကိုယ်တော်တို့က နှိမ့်ချတဲ့ ဘုန်းတော်ကြီးတွေ ဖြစ်ပေမဲ့ ကိုယ်တော်တို့ကို ဒီလိုမျိုး မတရား စွပ်စွဲပုတ်ခတ်တာကိုတော့ လုံးဝခွင့်မပြုနိုင်ပါဘူး”
သူက ယုံကြည်ချက် အပြည့်ဖြင့် ဆက်ပြောလေသည်။
“ကိုယ်တော်တို့က သနား ကြင်နာတတ်ပြီး စိတ်နှလုံး နူးညံ့လွန်းလို့သာ ဖြစ်ပါတယ်၊ ကျောင်းတော်ကို အလှူ လာလုပ်ကြတဲ့ အမတ်ကတော်တွေ ရင်ထဲမှာ သောကဗျာပါဒတွေနဲ့ မျက်မှောင်ကုပ်နေကြတာကို မြင်ရတဲ့အခါ သူတို့ရဲ့ စိတ်ဒုက္ခနဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးရုံသက်သက်ပဲ ရှိတာပါ”
မိုးတိမ် ကင်းစင်သော ကောင်းကင်ယံနှင့် တောက်ပသော နေရောင်ခြည်သည် သူ၏ ပြောင်စင်အောင် ရိတ်ထားသော ဦးခေါင်းပြောင်ကြီးပေါ်သို့ ကျရောက်ကာ ပြန်ဟပ်နေသဖြင့် ကျိအန်း နယ်စားမင်းမှာ မျက်စိပင် ပြာဝေသွားတော့သည်။ ထိုသို့ဆိုလျှင်ပင် ရှုရန်မြောင်ကတော့ ထိုဘုန်းတော်ကြီးဘက်ကနေ အာမခံ ပေးနိုင်သေးသည်။
[သူပြောတာလဲ … လုံးဝကြီး မမှားပါဘူး၊ ယွီလုံကျောင်းတော်ကို လာကြတဲ့ မြင့်မြတ်တဲ့ အမတ်ကတော် တော်တော်များများက တကယ်ပဲ သူတို့ရဲ့ စိတ်ဒုက္ခတွေကို စာနာနားလည်ပေးမယ့် နားတစ်စုံ ဒါမှမဟုတ် မှီခို အားပြုရမယ့် ပုခုံးတစ်ဖက်ကို လာရှာကြတာပဲဥစ္စာ]
မျက်နှာများ ပြာနှမ်းနေကြပြီ ဖြစ်သော အမတ်အချို့ကမူ စိတ်ထဲကနေ ကြိမ်းမောင်းနေကြမိသည်။
*ငါတို့က ဒီလိုဖြစ်နေတာကို ဝမ်းသာနေရမယ့် ရုပ်ပေါက်နေလို့လား၊ ဒါဆိုရင် ဘာဖြစ်လဲ၊ စကားပြောရုံ သက်သက်ပဲဆိုရင် ဖောက်ပြန်တယ်လို့ မသတ်မှတ်တော့ဘူးလား၊ တကယ်တမ်း ဘယ်သူတွေ ပါဝင် ပတ်သက်နေလဲ ဆိုတာ တစ်ယောက်ယောက်က ထုတ်ပြောစမ်းပါ၊ ငါတို့ သိချင်လှပြီ'
ဤကိစ္စနှင့် ကင်းလွတ်နေသော အမတ်များမှာမူ မသိမသာဖြင့် ရှုရန်မြောင်ဘက်သို့ လှမ်း၍ အကဲခတ်လိုက် ကြပြန်သည်။
*ငါတို့… ငါတို့လဲ ဆက်ပြီး ကြားချင်သေးတယ်*
ကျိအန်း နယ်စားမင်းကမူ ဆက်၍ မကြားချင်တော့ချေ။ ကျိအန်း နယ်စားမင်း စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားတော့သည်။
“ရိုက်ကြစမ်း၊ ဒီဖောက်ပြန်တဲ့ အတွဲကို သေအောင် ရိုက်သတ်ကြစမ်း”
ထိုအမတ်ကတော်၏ မိသားစုဘက်တွင်မူ အမျိုးသား အင်အား နည်းပါးပုံရပြီး ဆွေမျိုးသားချင်း အနည်းငယ်သာ ရောက်ရှိနေကြသည်။ တစ်ဖက်တွင်မူ ကျိအန်း နယ်စားမင်းက ထွားကြိုင်းသန်မာသော ယောက်ျား တစ်ဆယ့် သုံးယောက်ကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။ လူအင်အား မမျှတမှုကို မြင်တွေ့လိုက်ရသဖြင့် အခြေအနေမှာ ပိုမို တင်းမာလာတော့သည်။
တစ်ဖက်စီတွင်လည်း ကိုယ်ရံတော်များ အသီးသီး ရှိကြသော်လည်း ၎င်းတို့၏ အင်အားမှာ တန်းတူနီးပါး ရှိနေပုံရသည်။ သို့သော်လည်း နယ်စားမင်း၏ သား ရှစ်ယောက်မှာမူ မည်သို့ လုပ်ဆောင်ရမည်ကို ဝေခွဲမရဘဲ စိတ်ဒွိဟဖြစ်ကာ တွေဝေနေကြသည်။ မည်သို့ပင်ဆိုစေကာမူ ထိုအမျိုးသမီးက သူတို့၏ မိခင်အရင်း ဖြစ်နေသည် မဟုတ်ပါလား။
ရှုရန်မြောင်ကမူ စပ်စုလိုသောစိတ်ဖြင့် တွေးတောနေမိသည်။
[ဒီအူကြောင်ကြောင် ရှစ်ယောက်က ဘာလို့ ဒီအတိုင်းကြီး ရပ်ကြည့်နေကြတာလဲ၊ နယ်စားမင်းက သူတို့ရဲ့ အဖေ အရင်းမှ မဟုတ်တာကို]
ထိုလူအူကြောင်ကြောင်ရှစ်ယောက်: “ဪ”
သူတို့အားလုံး ချက်ချင်းပင် အမှန်တရားကို သဘောပေါက်သွားကြပြီး သံမဏိနွားသိုးအုပ်ကြီး တစ်အုပ်ကဲ့သို့ အရှိန်အဟုန် ပြင်းစွာဖြင့် ဝုန်းဒိုင်းကြဲ ပြေးထွက်လာကာ မိခင်ဖြစ်သူ၏ ရှေ့တွင် ကာကွယ်သည့်အနေဖြင့် မားမား မတ်မတ် ရပ်တည်လိုက်ကြပြီး နယ်စားမင်းကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြတော့သည်။
[တကယ့်ကို ကောင်းတယ်]
ရှုရန်မြောင်က စိတ်ထဲကနေ အကဲခတ်လျက် မှတ်ချက်ပြုလိုက်သည်။
[သွေးသားတော်စပ်မှုက သံသယဖြစ်စရာ ဖြစ်သွားပြီဆိုတော့၊ အခုတော့ တိုက်စစ်နဲ့ ခံစစ် အခင်းအကျင်းက ချက်ချင်း ပြောင်းလဲသွားပြီပဲ]
ဧကရာဇ်မင်းကြီးနှင့် မှူးမတ်အပေါင်းတို့: “…”
ဤအခြေအနေသို့ ရောက်ရှိလာသောအခါ ရန်ပွဲဖြစ်ရန် အော်ဟစ် ဆော်ဩနေခြင်းမှာ ဂုဏ်သိက္ခာမဲ့လှသည်ဟု ထင်ရသည်။ အိမ်ရှေ့စံမင်းသားမှာမူ မိမိပေါင်ကို မိမိ ရိုက်ကာ မြည်တမ်းလိုက်တော့သည်။
“ဟေ့ … ဘာလို့ အခုထိ ဘယ်သူမှ လက်မပါကြသေးတာလဲ”
ဧကရာဇ်က ချောင်းဆိုးပြလိုက်သည်။
“အဟမ်း”
အိမ်ရှေ့စံမင်းသားက ဆက်ပြောလာသည်။
“အား … ချကြပြီ၊ ချကြပြီ၊ ဝိုး … တကယ်ကို အားရပါးရ သတ်ပုတ်နေကြပြီပဲ၊ ဒါပေမဲ့ ဘာလို့ ကိုယ်ရံတော်တွေ ချည်းပဲ ချနေကြတာလဲ၊ အဓိက လူတွေကရော၊ သူတို့လဲ တစ်ခုခု လုပ်သင့်တယ်မလား၊ ဒါမှမဟုတ် သူတို့က စစ်တလင်းက စစ်သားတွေလိုပဲ နောက်ကွယ်မှာ ပုန်းနေဖို့ စီစဉ်ထားကြတာလား”
ဧကရာဇ်က ပို၍ကျယ်လောင်စွာ ချောင်းဆိုးလိုက်ပြန်သည်။
“အဟမ်း၊ အဟမ်း”
[အခုက ဆယ်ယောက်နဲ့ ငါးယောက်ဆိုတော့ သူတို့လည်း ကြောက်နေကြတာ ဖြစ်ရမယ်]
ဧကရာဇ်: “အဟွတ်၊ အဟွတ်၊ အဟွတ်”
အိမ်ရှေ့စံမင်းသား: “ဟိုကိုယ်ရံတော်ကို ကြည့်စမ်း၊ သူက 'မျောက်ကောက် ပဲချွေ နည်းဗျူဟာ' ကို သုံးနေတာပဲ၊ တကယ့်ကို မရှုမလှပါပဲလား၊ အဲဒီအကွက် အထိခံလိုက်ရတဲ့လူက ကြည့်ရတာ တော်တော်ငယ်သေးတယ်၊ နောက်ကျရင် ကလေး မရနိုင်တော့ရင် ဒုက္ခ၊ တကယ့်ကို သနားစရာပဲ … အိုက်ယား၊ မျက်လုံးကို ပြန်နှိုက်တဲ့ တန်ပြန် တိုက်စစ်ကလည်း အကြမ်းပတမ်းပါပဲလား၊ အား … ဒါပေမဲ့ သူ ရှောင်လိုက်နိုင်တယ်”
ဧကရာဇ်မင်းကြီးသည် အပြင်းအထန်ပင် အသက်ရှူကျပ်သလို ချောင်းဆိုးလေတော့သည်။
“အဟွတ်၊ အဟွတ်၊ အဟွတ်၊ အဟွတ်”
ရှုရန်မြောင်သည် ချက်ချင်းပင် စိတ်ဝင်တစား နားစွင့်သွားတော့သည်။
[မျောက်ကောက်ပဲချွေ' အကွက် ဟုတ်လား၊ ဘယ်မှာလဲ၊ ဘယ်မှာလဲ]
ဧကရာဇ်မင်းကြီးမှာမူ ယခုအခါ အသက် မရှူနိုင်လုနီးပါး ဖြစ်နေလေသည်။
“အဟွတ်၊ အဟွတ်၊ အဟွတ်၊ အဟွတ်”
အိမ်ရှေ့စံမင်းသားက လက်ညှိုးလှမ်းထိုးရန် ပြင်လေသည်။
“ဟိုမှာလေ၊ ကွက်တိ …”
“အဟွတ်၊ အဟွတ်၊ အဟွတ်၊ အဟွတ်၊ အဟွတ်”
ဧကရာဇ်မင်းကြီး၏ တီဘီရောဂါသည်ကဲ့သို့ အပြင်းအထန် ချောင်းဆိုးနေမှုက နောက်ဆုံးတွင်တော့ ဘေးလူများ၏ အာရုံကို ဖမ်းစားနိုင်သွားခဲ့သည်။ အိမ်ရှေ့စံမင်းသားနှင့် ရှုရန်မြောင် နှစ်ဦးစလုံး ခေါင်းလှည့်ကြည့်လာကြ၏။ အိမ်ရှေ့စံ မင်းသားသည် ခေတ္တမျှ တွေဝေသွားပြီးနောက်မှ ဝတ်ရုံလက်အင်္ကျီထဲမှ ဖရဲစေ့တစ်ဆုပ်ကို မချင့်မရဲဖြင့် နှိုက်ယူကာ ကမ်းပေးလိုက်သည်။
“ခမည်းတော်၊ စားမလား”
ဧကရာဇ်မင်းကြီးက ဒေါသတကြီး စိုက်ကြည့်လိုက်တော့သည်။
*ငါ အခု ပြောချင်နေတာက အဲဒီအကြောင်းလား*
သို့သော်လည်း ဧကရာဇ်သည် ထိုဖရဲစေ့များကို လှမ်းယူလိုက်ပြီး တစ်စေ့ကို ကိုက်ခွဲလိုက်သည်။
“ထွီ။”
သူသည် အခွံကို ထွေးထုတ်လိုက်ရင်း ရန်ပွဲကို ဝင်ရောက် ဝေဖန်လေတော့သည်။
“သူတို့ ချနေကြတာက ငါတို့ ငယ်ငယ်တုန်းကလောက် ဘယ်နားမှ မကောင်းပါဘူးကွာ၊ ဟိုမီးခိုးရောင် ဝတ်ထား တဲ့ကောင်ကို ကြည့်စမ်း၊ ငါသာ အဲဒီကောင်နေရာမှာဆိုရင်…”
ကျိအန်း နယ်စားမင်းသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။
“မျိုးမစစ်တွေ၊ မင်းတို့က အဖေ မတူတဲ့ တရားမဝင် သား ရှစ်ယောက်ကို ခေါ်လာရုံနဲ့ ငါက မင်းတို့ကို ကြောက်လိမ့်မယ်လို့ ထင်နေတာလား”
“တိုက်ကြစမ်း”
သူ အော်ဟစ်နေရင်းမှ အခြေအနေတစ်ခုခု လွဲချော်နေသည်ကို ရိပ်မိသွားသည်။ သူက ခေါင်းလှည့်၍ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
*ဟမ်*
*လူတွေအားလုံး ဘယ်ရောက်ကုန်ကြတာလဲ၊ ငါ့အနားမှာ ဘာလို့ ဒီလောက်တောင် ဟာလာဟင်းလင်း ဖြစ်နေရတာလဲ*
သူ နောက်ပြန်လှည့်ကြည့်လိုက်သောအခါမှ သူကိုယ်တိုင် ခေါ်ဆောင်လာခဲ့သော ညီအစ်ကို မောင်နှမများနှင့် ဝမ်းကွဲ ဆွေမျိုးများ အားလုံးသည် တိတ်တဆိတ် နောက်ဆုတ်သွားကြပြီး သူ့ကို အလယ်ဗဟိုတွင် ချန်ထားရစ်ကာ အဝိုင်းကြီးတစ်ခု ဖန်တီးထားကြသည်ကို တွေ့လိုက်ရတော့သည်။ နယ်စားမင်း၏ မျက်နှာမှာ မည်းမှောင် သွားတော့သည်။
“မင်းတို့ ဘာလုပ်နေကြတာလဲ၊ တိုက်ကြလေ”
ညီအစ်ကိုများနှင့် ဝမ်းကွဲများမှာမူ တစ်ဦးကိုတစ်ဦး အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြပြီးနောက် မည်သည့်စကားမျှ မပြောဘဲ နောက်ထပ် ခြေလှမ်း အနည်းငယ် ထပ်မံဆုတ်လိုက်ကြပြန်သည်။
*လာနောက်နေတာလား၊ ဟိုဘက်မှာ ရှိသမျှလူတွေအကုန်လုံးက သန်မာထွားကြိုင်းလှတဲ့ ယောက်ျားကြီးတွေ ချည်းပဲဥစ္စာ*
နယ်စားမင်းသည် တစ်ဦးတည်းသော မလှုပ်မယှက် ကျန်ရှိနေသည့် သူ၏ အစ်ကိုကြီးထံသို့ လှည့်ကာ စိတ်ပျက် အားငယ်စွာဖြင့် အော်ဟစ်သည်။
“အစ်ကိုကြီး၊ အစ်ကိုကြီးကတော့ ကျွန်တော့်ရဲ့ ညီအစ်ကို အရင်းခေါက်ခေါက်ပါ”
သူ၏ အစ်ကိုကြီးက အေးစက်စက်ဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
“ဟုတ်တယ်လေ၊ ငါက မင်းရဲ့ ညီအစ်ကိုအရင်းပဲ၊ ဒါပေမဲ့ မင်းအတွက်နဲ့ အသေခံမယ့် အရူးတော့ မဟုတ်ဘူး”