← Chapters

ထိတ်လန့်စရာပဲ၊ နန်းတော်ထဲက ထူးဆန်းလွန်းတဲ့ အကြိုက် (၁)

Vol. 4 Ch. 53

ထိတ်လန့်စရာပဲ၊ နန်းတော်ထဲက ထူးဆန်းလွန်းတဲ့ အကြိုက် (၁)

Vol. 4 Ch. 53

ဧကရာဇ်အိုကြီးသည် သူ၏ ချစ်ခင်ရသော အမတ်များ ဒုက္ခတွင်းထဲ ရောက်နေရသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေမိသည်။

*ကျိအန်း နယ်စား၊ မင်း ဘာဖြစ်နေတာလဲ၊ မင်း စစ်ပွဲ မသွားရကတည်းက လေ့ကျင့်ရေး မလုပ်တော့တာလား၊ မင်းဆံပင်ကနေ ဒီလို အဆွံခံနေရတယ်လို့*

[အင်း၊ သူက အသက် ငါးဆယ် ကျော်နေပြီးတော့ မနေ့ညကလဲ တစ်ရေးမှ အိပ်မရခဲ့ဘူးဆိုတော့ သူ့ကိုယ်သူ အတင်း တွန်းတင်ထားသလို ဖြစ်နေပြီ၊ သူ့အတွက် အားကုန်နေတာက ဖြစ်သင့်ပါတယ်]

ဧကရာဇ်အိုကြီး: “…”

[သူ့ဇနီးက ပိုဉာဏ်ကောင်းတာ သိသာတယ်]

ဧကရာဇ်အိုကြီး စုတ်သပ်လိုက်မိသည်။

*အခုမှ ဘာလို့ ရပ်သွားတာလဲ၊ ထပ်ပြောဦးလေ*

[နယ်စားမင်းရဲ့ အစ်ကိုကြီးက]

*သူကရော ဘာဖြစ်လို့လဲ*

စစ်ဘက်၊ အရပ်ဘက် အမတ်မင်းများအားလုံးသည် ဇဝေဇဝါမျက်နှာပေးဖြင့် ထိုလူ့ထံသို့ အကြည့်များ လွှဲလိုက် ကြသည်။ ဤသူကား အရှင်မင်းကြီး အမှန်တကယ် ယုံကြည်အားကိုးရသည့် စစ်သူကြီး တစ်ဦး ဖြစ်ပြီး တစ်ပြိုင်နက် တည်းတွင် ရန်သူရှစ်ယောက်ကို ဓားတစ်လက်တည်းဖြင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် စစ်သည်တော်ကြီး မဟုတ်ပါလား။

[အာ၊ သူက ကြိုးစားပမ်းစား ဝိုင်းကူပေးနေသလို ဟန်ဆောင်နေတာ၊ တကယ်တမ်းကျတော့ ကျိအန်း နယ်စားမင်းကို တမင်သက်သက် ခြေထိုးချင်နေတာကိုး]

ကျိအန်း နယ်စားမင်းသည် မယုံနိုင်စရာ ဖြစ်သွားပြီး မျက်ဝန်းအိမ်များ တုန်လှုပ်လျက် သူ၏ အစ်ကိုဖြစ်သူထံသို့ လှည့်ကြည့်လိုက်တော့သည်။

“အစ်ကိုကြီး… အစ်ကိုကြီးက…”

[ဪ၊ အခုမှပဲ အဓိပ္ပာယ်ရှိတော့တယ်၊ တကယ်တော့ ကျိအန်း နယ်စားမင်းက တစ်ခါတုန်းက သူ့အစ်ကိုကြီးရဲ့ ဇနီးကို သွားပြီး ဖျားယောင်းသွေးဆောင်ဖို့ ကြိုးစားခဲ့ဖူးတာကိုး၊ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူးလေ]

စစ်ဘက်၊ အရပ်ဘက် အမတ်မင်းများ: “…”

အခုမှပဲ အားလုံးရဲ့ အာရုံကို အပြည့်အဝ ဖမ်းစားနိုင်သွားတော့သည်။

*အသေးစိတ် အချက်အလက်တွေကို ချပြစမ်းပါ၊ ငါတို့ သိချင်လှပြီ*

လူအုပ်ကြီးတစ်ခုလုံး မြင်ကွင်းနှင့် ပိုမိုနီးကပ်သွားအောင် ရှေ့သို့ တိုးဝှေ့လာကြသည်။

လူအုပ်ကြီး၏ အပြင်ဘက်တွင်မူ ကျိဆွေ့သည် နေရခက်စွာဖြင့် မတ်တတ်ရပ်နေသည်။

“…”

သူ နေရခက်နေသည်ကို သတိပြုမိသွားသော အိမ်ရှေ့စံ မင်းသားသည် ဇာတ်ပွဲကောင်းကို အရသာခံကြည့်ရှုရာတွင် အမြဲတစေ တက်ကြွသူပီပီ သူ့ကို လှမ်းဆွဲကာ ရှေ့သို့ ဒရွတ်တိုက် ဆွဲခေါ်လေတော့သည်။

“လာ၊ ကျုပ်နဲ့အတူ လိုက်ခဲ့”

ကျိဆွေ့: “နေပါဦး … မဟုတ်သေး …”

*အခုအချိန် မဟုတ်ဘူးလေ၊ အခုက မင်းသားရဲ့ စေတနာကို လက်ခံရမယ့် အချိန်မဟုတ်ဘူး*

“အိုက်ယား၊ အိုက်နျန်၊ ဒီလောက်အထိ အားနာမနေပါနဲ့၊ ကျုပ် ပြောပြမယ်၊ ဒီလို ဇာတ်ပွဲကောင်းတွေကို အရသာခံ ကြည့်ချင်ရင် အရှေ့ဆုံးတန်းကမှ အကောင်းဆုံး၊ ခင်ဗျား တစ်ခါမှ မကြုံဖူးသေးဘူးမလား၊ တစ်ခါလောက် ကြုံဖူးသွားရင် ဒါက ဘယ်လောက်တောင် ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းလဲဆိုတာ သဘောပေါက်သွားလိမ့်မယ်”

အိမ်ရှေ့ စံမင်းသားသည် သူ့ကို ဇွတ်အတင်း ရှေ့သို့ ဆွဲခေါ်နေတော့သည်။

ကျိဆွေ့ကတော့ အသည်းအသန် ရုန်းကန်နေရှာသည်။

“အိမ်ရှေ့စံမင်းသား၊ ကျွန်တော်မျိုး”

“စိတ်အေးအေးထားစမ်းပါ၊ ခင်ဗျားက ကျုပ်တို့ရဲ့ လက်ရှိ ပတ်ဝန်းကျင် အနေအထားကို အသားမကျ သေးလို့ပါ။ လာ… လာ… ဒီမင်းသားကိုယ်တိုင် ခင်ဗျားကို ပျော်စရာအသစ်နဲ့ မိတ်ဆက်ပေးမယ်”

“ခဏလောက် ဆိုင်းငံ့ပေးပါဦး၊ အိမ်ရှေ့စံမင်းသား”

ကျိဆွေ့က ထိုပျော်စရာဆိုသည်ကို လုံးဝ မကြုံတွေ့ချင်သဖြင့် အသည်းအသန် ကန့်ကွက်နေသည်။

*အိမ်ရှေ့စံ မင်းသားက ဘာဖြစ်လို့ ဒီလိုကိစ္စမျိုးတွေမှာ ဒီလောက်တောင် ကျွမ်းကျင်နေရတာလဲ၊ မဟုတ်မှလွဲရော …*

ကျိဆွေ့သည် စိတ်ပျက်အားငယ်စွာဖြင့် မျက်လုံးများကို စုံမှိတ်ထားမိတော့သည်။

*ရှုရန်မြောင်*

----------------------------------------------------------------------------------------------------

အသက် တစ်ဆယ့်နှစ်နှစ် အရွယ်ကတည်းက ဖခင်ဖြစ်သူကြောင့် စစ်တလင်းသို့ အတူ ခေါ်ဆောင်သွားခြင်း ခံရသည့် မင်းသား တစ်ပါး ဖြစ်သဖြင့် အိမ်ရှေ့စံ မင်းသား၏ ခန္ဓာကိုယ်အင်အားမှာ ကျိဆွေ့ထက် အဆပေါင်းများစွာ သာလွန်နေသည်။ ကျိဆွေ့မှာမူ ချွေးထွက်ရသည်ကို မုန်းတီးသည့် စာပေပညာရှင် တစ်ဦး ဖြစ်ပြီး လူကြီး လူကောင်းတို့ တတ်အပ်သော သတ်မှတ်ပညာရပ်များဖြစ်သည့် ကျင့်ဝတ်၊ ဂီတ၊ စာရေးသားခြင်းနှင့် သင်္ချာ တို့တွင်သာ ထူးချွန်သူဖြစ်ကာ ခန္ဓာကိုယ်အင်အား ယှဉ်ပြိုင်မှုတွင်မူ မစွမ်းသာချေ။

ထို့ကြောင့် ကျိဆွေ့သည် လူအုပ်ကြီး၏ နောက်ဆုံးတန်းမှနေ၍ ရန်ပွဲဆူညံသံများ ရှိရာ အရှေ့ဆုံးတန်းသို့ ဇွတ်အတင်း ဆွဲခေါ်ခြင်း ခံလိုက်ရသောအခါ သူသည် တစ်ကိုယ်လုံး ချွေးရွှဲနစ်နေပြီ ဖြစ်ပြီး သူ၏ ခန့်ညား ထည်ဝါသော ဝတ်ရုံကြီးမှာလည်း ညှိုးနွမ်းနေသော ဟင်းရွက်ဖတ်ကြီး တစ်ခုကဲ့သို့ ဖရိုဖရဲ တွန့်လိပ်ကုန် တော့သည်။

စိတ်ပျက်အားငယ်မှုများက သူ့ကို လွှမ်းမိုးသွားခဲ့သည်။

* …သွားပါပြီ*

မျှော်လင့်ထားသည့်အတိုင်းပင် နောက်တစ်စက္ကန့်၌ ရှုရန်မြောင်၏ စိတ်တွင်းရေရွတ်သံက ပတ်ဝန်းကျင် လေထုကို တင်းမာမှုများဖြင့် လွှမ်းမိုးသွားစေတော့သည်။

[ချင်းဟယ် မင်းသမီးက ဒီယွီလုံ ကျောင်းတော်ကို အမြဲတမ်း လာနေကျဧည့်သည် ဖြစ်နေတာလား၊ ဟာ … ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူမက ကျိဆွေ့ တစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲ ချစ်နေတဲ့သူ မဟုတ်ဘူးလား၊ ဒါပေမဲ့ မနေ့တုန်းကတင် သူမက ကျောင်းတော်မှာ သရုပ်ဆောင် အစီအစဉ်တစ်ခုကို သီးသန့် တောင်းဆိုခဲ့သေးတယ်တဲ့]

ကျိဆွေ့: *ဟားဟား၊ ဒီလောက်အထိ ရှင်းရှင်းလင်းလင်း ထုတ်ပြောဖို့ လိုလို့လား*

အိမ်ရှေ့စံ မင်းသားသည်လည်း မျှော်လင့်မထားသည့် ဤဖော်ထုတ်ချက်ကြီးကြောင့် အငိုက်မိသွားပြီး အတင်း အဖျင်း စကားများကြား၌ သီးမတတ် ဖြစ်သွားတော့သည်။

“…”

သူသည် ကျိဆွေ့ကို အားပေးနှစ်သိမ့်ချင်သော်လည်း ဤအကြောင်းအရာအပေါ် ထိတ်လန့်ခြင်းနှင့် စပ်စုချင်စိတ်က ပို၍ ကြီးစိုးနေလေသည်။ သူ၏မျက်နှာတွင် မယုံနိုင်ခြင်းနှင့် သနားကရုဏာသက်ခြင်းတို့ ရှုပ်ထွေးနေသည့်အပြင် ချင်းဟယ် မင်းသမီး၏ ရဲတင်းပုံကိုပါ တစ်ဖက်က ချီးကျူးမိနေသဖြင့် သူ၏ မျက်နှာအမူအရာမှာ မည်သို့မျှ ကြည့်ရဆိုးအောင် ပုံပျက်သွားတော့သည်။

တစ်ဖက်တွင်မူ ဧကရာဇ်အိုကြီး၏ မျက်နှာမှာ လုံးဝ ပျက်ယွင်းသွားခဲ့ပြီ ဖြစ်သည်။

*ချင်းဟယ် ဟုတ်လား၊ ဘယ်လိုလုပ် ချင်းဟယ် ဖြစ်နိုင်မှာလဲ*

မိမိ၏ သမီးတော် ဂုဏ်သတင်းကို စော်ကားဝံ့သူ ရှိလာပြီဟူသော အတွေးကြောင့် သူ၏ မျက်နှာမှာ ဒေါသအရှိန်ဖြင့် နီမြန်း လာတော့သည်။ ချင်းဟယ်သည် သူ၏ တစ်ဦးတည်းသော လိမ္မာယဉ်ကျေးပြီး အကျင့်စာရိတ္တ ကောင်းမွန်သည့် တရားဝင် သမီးတော်လေး ဖြစ်သည် မဟုတ်ပါလား။

(ဘာသာပြန်သူ၏ မှတ်ချက်။ ။ ရှေ့အပိုင်းမှာ ချင်းဟယ်ကို ညီမတော်လို့ English Translation မှာ သုံးထား ပင်မယ့် နောက်ပိုင်းတွေမှာ သမီးလို့ပဲ ဆက်ပြီး ဖော်ပြနေခဲ့လို့ သမီးလို့ပဲ ပြောင်းလဲ ဘာသာပြန်သွားပါမယ်)

ကံကောင်းသည်မှာ ရှုရန်မြောင်သည် ဧကရာဇ်မင်းကြီး ဒေါသပေါက်ကွဲသံကို မကြားရလောက်အောင် အလှမ်း ဝေးကွာသော နေရာတွင် ရပ်နေခြင်း ဖြစ်၏။

“ဒါက အထင်လွဲတာ မျိုးပဲ ဖြစ်ရမယ်…”

ဧကရာဇ်အိုကြီးသည် အမှန်တရားကို လက်ခံရန် ငြင်းဆန်နေဆဲပင်။ သူ၏ သမီးတော်သည် အမြဲတမ်း နူးညံ့ပြီး ကျိုးကြောင်းဆင်ခြင်တတ်သူ ဖြစ်သည်။

[ငါ တစ်ချက်လောက် ကြည့်လိုက်ဦးမယ်၊ ကြည့်လိုက်ဦးမယ်၊ သူမက နန်းတွင်း ဝန်ကြီးချုပ်နဲ့ မျက်နှာချင်းဆိုင်ပြီး မာနကြီးတဲ့ အမတ်ကတော် နေရာကနေ သရုပ်ဆောင်ခဲ့တာတဲ့၊ အာဏာစက် အလွန်ပြင်းထန်တဲ့ ဝန်ကြီးချုပ်ကြီး ပုံစံပေါ့]

[ပြီးတော့ သူတို့က ဝန်ကြီးချုပ်ရဲ့ အဖိုးတန် အချစ်ဆုံး သားလေးအဖြစ် ရုပ်ပိုင်းဆိုင်ရာ အားနည်းတဲ့ ထိပ်တန်း စာသင်သား (ဇာတ်ကောင်) လေးတစ်ယောက်ကိုပါ ကိရိယာ တန်ဆာပလာအနေနဲ့ ထည့်ပြီး သရုပ်ဆောင် ခိုင်းခဲ့တာတဲ့]

[အိုး … ပြီးတော့ ဒီစကားပြောကွက်၊ ဒါက တကယ့်ကို အမိုက်စားပဲ၊ 'ဝန်ကြီးချုပ်… ဝန်ကြီးချုပ်ရဲ့ သားလေးသာ ဒီအကြောင်းကို သိသွားရင် ဘယ်လိုလုပ်မလဲနော်' တဲ့]

ထိုသို့ စွပ်စွဲခံလိုက်ရသော ဝန်ကြီးချုပ်သော်မှာမူ အသက်ရှစ်ဆယ်နီးပါး ရှိနေပြီ ဖြစ်ပြီး အာဏာစက်လည်း ပြင်းထန်ခြင်း မရှိတော့သော်လည်း သူ၏ မျက်နှာမှာ ချက်ချင်းပင် ပြာနှမ်းသွားတော့သည်။ သူသည် ကျိဆွေ့ထံသို့ လှည့်ကာ တိုးတိုးလေး ကမန်းကတန်း ရှင်းပြတော့သည်။

“ကျိဆွေ့၊ ကျုပ်စကားကို နားထောင်ပါဦး၊ ကျုပ်နဲ့ မင်းသမီးလေးကြားထဲမှာ ဘာမှ လုံးဝ မရှိပါဘူး”

ထိုသရုပ်ဆောင်မှုထဲတွင် ကိရိယာတန်ဆာပလာအဖြစ် ပါဝင်ခဲ့ရသည့် အသစ်ခန့်အပ်ခံထားရသော ထိပ်တန်း စာသင်သား: “…”

သူသည် မိမိကိုယ်မိမိ ပြန်လည် ငုံ့ကြည့်လိုက်ပြီးမှ သက်ပြင်းချနိုင်တော့သည်။ အနည်းဆုံးတော့ သူက ရုပ်ပိုင်းဆိုင်ရာ အားနည်းသူ မဟုတ်ချေ။ ကျိဆွေ့အနေဖြင့် သူ၏ ဒေါသများကို မိမိအပေါ် လာရောက်ပုံချမည် မဟုတ်ဟုသာ မျှော်လင့်ရပေမည်။

[ပြီးတော့ သူမက ဒီလိုလဲ ပြောသေးတယ်၊ 'ဟက်… ဝန်ကြီးချုပ်၊ ကျွန်မကို အိမ်ထောင်ပြုဖို့ မထိုက်တန်ဘူးဆိုပြီး လူအများရှေ့မှာ အရှက်ခွဲခဲ့တုန်းက ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ဝန်ကြီးချုပ် ကြိုပြီး တွေးမိခဲ့ရဲ့လား' တဲ့]

ဧကရာဇ်အိုကြီး၏ အမြင်များ မှောင်မိုက်သွားတော့သည်။ ကျိဆွေ့သည်လည်း တုန်ရင်နေသော လက်တစ်ဖက်ကို နားထင်သို့ မြှောက်လိုက်ရင်း ခြေလှမ်းများ ယိုင်နဲ့သွားရှာသည်။

အမတ်မင်းများအားလုံးလည်း သဘောတူညီကြသည်။ ထိုစာဆိုလေးသည် ရုပ်ပိုင်းဆိုင်ရာ အားနည်းသလား၊ မသန်စွမ်းဘူးလား ဆိုသည်မှာ မသေချာသော်လည်း ကျိဆွေ့၏ ယခုကဲ့သို့ ယိုင်နဲ့သွားမှုမှာတော့ တကယ့်ကို အားနည်းနေသည့် ပုံစံပေါက်နေသည်မှာ အမှန်ပင် ဖြစ်၏။

ဝန်ကြီးချုပ်သော်ဘက်တွင်မူ သူ၏ မျက်နှာမှာ ပို၍ ပို၍ပင် ပြာနှမ်းလာတော့သည်။

ရုတ်တရက် တရားရေးရာ ဝန်ကြီးသည် ထိတ်လန့်စရာကောင်းသော အရာတစ်ခုကို သတိပြုမိလိုက်သည်။ ဝန်ကြီးချုပ်သော်၏ မျက်နှာမှာ ပိုမိုမည်းမှောင်သော ပြာနှမ်းရောင်သို့ ပြောင်းလဲသွားခြင်း ဖြစ်၏။

ရှုရန်မြောင်သည် နောက်ထပ် ဗုံးတစ်လုံးကို ထပ်မံခွဲတော့မည်ကို မြင်တွေ့လိုက်ရသောအခါ ကျိဆွေ့သည် ဝင်ရောက် တားဆီးရန် ချက်ချင်းပင် ရှေ့သို့ တိုးထွက်လိုက်တော့သည်။

“ရှုရန်မြောင်၊ မင်း…”

ထိုအခါမှ ဧကရာဇ်အိုကြီးသည် ရင်ထဲ၌ စိတ်သက်သာရာရကာ ကျေနပ်သွားတော့သည်။ သူသည် ကျိဆွေ့၏ ကျောပြင်ကို ကြည့်ရင်း အဖိုးတန် ရတနာတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား ခံစားလိုက်ရသည်။

*ကျိဆွေ့က ငါ့သမီးအပေါ် ဒီလောက်အထိ နက်ရှိုင်းတဲ့ သံယောဇဉ် ရှိလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ*

ကျိဆွေ့၏ အစွဲအလန်း ကြီးတတ်ပြီး သန့်ရှင်းမှုကို လွန်ကဲစွာ အလေးထားတတ်သည့် စရိုက်ကို အားလုံး သိကြသည်လေ။ သူ၏ သမီးတော်သည် သစ္စာမဲ့ခဲ့ပြီး ဘုန်းတော်ကြီးတစ်ပါးနှင့် ပတ်သက်မှုရှိနေခဲ့လျှင်ပင် ကျိဆွေ့သည် ဒေါသမထွက်ခဲ့ချေ။ ထိုသို့ပြုလုပ်မည့်အစား သူသည် သူမ၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးရန် ရှုရန်မြောင်၏ စကားကို ဖြတ်ပြောကာ ဝင်ရောက် တားဆီးပေးခဲ့ခြင်း ဖြစ်သည်။

ဤသို့ ဝင်ရောက်စွက်ဖက်ခြင်းဖြင့် ကျိဆွေ့သည် မိမိကိုယ်မိမိ ရှုရန်မြောင်၏ နောက်ထပ် ပစ်မှတ်အဖြစ် စွန့်စားရနိုင်သည် မဟုတ်ပါလား။ ဧကရာဇ်အိုကြီး၏ မျက်ဝန်းအိမ်ထဲတွင် မျက်ရည်များပင် ဝဲလာခဲ့သည်။

“ကောင်းတယ်၊ တကယ့်ကို ကောင်းတယ်”

သူ သမက်ရွေး မမှားခဲ့ပေ။

သူ၏ သမီးတော် အရှုပ်တော်ပုံနှင့် ပတ်သက်၍မူ သူမအနေဖြင့် ထိုဘုန်းတော်ကြီးနှင့် အမြန်ဆုံး အဆက်အသွယ် ဖြတ်ပြီး ကျိဆွေ့နှင့်အတူ သဟဇာတဖြစ်စွာ ပြန်လည်နေထိုင်သွားစေရန် သူ သေချာပေါက် စီမံဆောင်ရွက် ပေးရပေလိမ့်မည်။ ဤမျှ ထူးချွန်ထက်မြက်သော ယောက်ျားကောင်း တစ်ယောက်ကို အလဟဿ အဆုံးရှုံးခံ၍ မဖြစ်ချေ။

[နေပါဦး၊ ငါ အခုမှ တစ်ခုခုကို သတိထားမိတယ်]

ရှုရန်မြောင်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားပြီး မိမိရှေ့တွင် မားမားမတ်မတ် ရပ်နေသော ကျိဆွေ့ကို လုံးဝ လျစ်လျူရှု ထားတော့သည်။ သူ၏ ပါးပြင်နှစ်ဖက်မှာလည်း ကျေနပ်အားရမှုကြောင့် နီမြန်းနေလေသည်။

[ကျိဆွေ့နဲ့ ချင်းဟယ် မင်းသမီး၊ သူတို့နှစ်ယောက်က လက်ထပ်တဲ့ ပထမဆုံးညကတည်းကစလို့ အခုထိ တစ်ခါမှ အိပ်ရာတစ်ခုတည်း အတူတူ မအိပ်ခဲ့ကြဘူးပဲ]

ရှုရန်မြောင်က စိတ်ထဲကနေ အထူးတလည် ဒရမ်မာဆန်ဆန်ဖြင့် ထပ်ခါတလဲလဲ ရေရွတ်လိုက်ပြန်သည်။

[တစ်ခါမှ အတူတူ မအိပ်ခဲ့ ကြဘူး]

ကျိဆွေ့သည် မိမိ၏ ကျောပြင်ထံသို့ စိုက်ကျလာကြသော အကြည့်များမှာ ပူပြင်း တောက်လောင်ရာ မှတစ်ဆင့် ရေခဲမျှ အေးစက်သွားပြီးနောက် လူသတ်ချင်စိတ် အပြည့်ရှိသော အအေးဓာတ်များ အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲ လာသည်ကို အထင်အရှား ခံစားလိုက်ရတော့သည်။

ကျိဆွေ့: “…”

သူ သိနေခဲ့သည်။ ရှုရန်မြောင်က ကပ်ဘေးဆိုးကြီးတစ်ခုပင်။ သူ၏ စာပေလက်ရာများကို သာမက သူ၏ တည်ရှိမှု တစ်ခုလုံးကိုပါ အန္တရာယ်ပြုမည့်သူပင်တည်း။

တစ်ဖက်တွင်မူ ဧကရာဇ်အိုကြီး၏ စိုက်ကြည့်နေသော အကြည့်မှာ သေမင်းတမန် အရိပ်အယောင်များအပြင် အခြား မရှိချေ။

*မင်းက တော်တော် သတ္တိရှိတာပဲ၊ ကျိဆွေ့၊ ငါ့ရဲ့ သမီးတော်ကို လက်ထပ်ထားပြီးတော့မှ သူမကို အပျိုကြီးဘဝနဲ့ ဒီအတိုင်း အထီးကျန်အောင် ဖြတ်သန်းခိုင်းရဲတယ်လား၊ ငါ သိနေခဲ့သားပဲ၊ ငါ့ရဲ့ ရှက်တတ်ပြီး နူးညံ့ သိမ်မွေ့တဲ့ အပြင် အေးအေးဆေးဆေးနဲ့ သိက္ခာရှိလှတဲ့ သမီးတော်လေးက ဘုန်းတော်ကြီးတစ်ပါးကို သွားရှာလိမ့်မှာ မဟုတ်ပါဘူး၊ မင်းကပဲ သူမကို ဒီလို ဖြစ်အောင် တွန်းပို့ခဲ့တာ*

ဒေါသအရှိန်ကြောင့် သွားကို တင်းတင်းကြိတ်ထားမိသော ဧကရာဇ်မင်းကြီးသည် မိမိ၏ ဓားကို ဆွဲထုတ်ချင်စိတ်ကို မနည်း အောင့်အီး ထိန်းချုပ် ထားရတော့သည်။

အမတ်များမှာမူ ဒေါသအမျက်ချောင်းချောင်း ထွက်နေသော ဧကရာဇ်နှင့် မျက်လုံးချင်း မဆုံမိစေရန် ခေါင်းများကို အစွမ်းကုန် ငုံ့ထားကြပြီး မည်သူမျှ အသံတစ်ချက်ပင် မပြုဝံ့ကြချေ။

သို့သော်လည်း လျှို့ဝှက်စွာဖြင့် အမတ်အတော်များများကမူ ရင်ထဲကနေ ကျိဆွေ့ကို တိတ်တဆိတ် လက် မထောင်၍ ချီးကျူးနေကြမိသည်။

*ကျိဆွေ့ကတော့ တကယ့်ကို သူ့နာမည်နဲ့ လိုက်အောင် စွမ်းတာပဲဗျာ၊ မင်းသမီးတစ်ပါးကို ဒီလိုမျိုး ဆက်ဆံရဲတယ် ဆိုတာ၊ တကယ့်ကို စံပြပုဂ္ဂိုလ်ကြီးပဲ၊ ဟိုတစ်လောက မင်းသမီးကို ကြိမ်ဒဏ်ပေးဖို့ တောင်းဆိုခဲ့တဲ့ လူထက်တောင် ပိုပြီး အံ့ဩဖို့ ကောင်းသေးတယ်*

ကျိဆွေ့ကတော့ ဆက်လက်၍ တည်ငြိမ်နေဆဲပင်။

သူသည် ဧကရာဇ်ဘက်သို့ လှည့်လိုက်ပြီး အပြစ်ပြောပယ်စရာမရှိသည့် ဆင်ခြေတစ်ခုကို စိတ်ထဲကနေ အလျင်အမြန် စီစဉ်လိုက်တော့သည်။

သူနှင့် မင်းသမီးလေးသည် တစ်ဦးကိုတစ်ဦး အလွန်အမင်း ချစ်မြတ်နိုးကြသော်လည်း ဝမ်းနည်းစရာကောင်းသော မတော်တဆမှု တစ်ခုကြောင့် လက်မထပ်မီကတည်းက သမီးလေးတစ်ဦးကို လျှို့ဝှက် သန္ဓေတည်ခဲ့ဖူးကြောင်း သူ ပြောလိမ့်မည်။ လက်ထပ်ပြီးနောက်တွင်မူ ထိုကလေးကို ဆုံးရှုံးခဲ့ရသဖြင့် မင်းသမီးလေးမှာ ရင်ကွဲမတတ် ခံစားရကာ စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားခဲ့ရခြင်း ဖြစ်သည်။ သူတို့နှစ်ဦးစလုံးမှာ အလွန်အမင်း ဝမ်းနည်း ပူဆွေး နေကြသဖြင့် နောက်ထပ် သားသမီး ထပ်မံမလိုချင်ကြတော့ဘဲ ပျောက်ဆုံးသွားသော သမီးလေးကို ပြန်လည် မတွေ့မချင်း သီးခြားစီ အိပ်ခန်းခွဲ၍ နေထိုင်ရန် သဘောတူညီခဲ့ကြသည်ပေါ့။

ဤသို့နှင့် ထိုကလေးကို လိုက်လံရှာဖွေခဲ့တာ နှစ်ပေါင်းသုံးဆယ်ကျော်အထိ ကြာမြင့်သွားလိမ့်မည်ဟု ဘယ်သူက ကြိုတင် သိရှိနိုင်ပါမည်နည်း။

ဤအစီအစဉ်ကတော့ ဘယ်လိုမှ ပေါက်ကြားစရာမရှိဘဲ အပိုင်ပဲဟု ကျိဆွေ့က ဆုံးဖြတ်လိုက်သည်။

သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး တည်ကြည်လေးနက်သော အမူအရာကို လုပ်ယူလိုက်သည်။

“အရှင်မင်းကြီး … ကျွန်တော်မျိုး …”

[ဪ၊ သူတို့ ဘာလို့ အိပ်ရာတစ်ခုတည်း အတူတူ မအိပ်ကြလဲဆိုတာ မဆန်းတော့ပါဘူး၊ တကယ်တော့ ဒါက စာချုပ် လက်ထပ်ပွဲ ဖြစ်နေလို့ကိုး]

ထိုစကားကြောင့် ကျိဆွေ့၏ လျှောက်တင်မည့် စကားလုံးများမှာ လည်ချောင်းဝတွင်တင် ရုတ်တရက် တစ်ဆို့ သွားခဲ့ပြီး ရင်ဘတ်ထဲကနေ ဒေါသသွေးများပင် အန်ထွက်မတတ် ခံစားလိုက်ရတော့သည်။

All Chapters