← Chapters

ထိတ်လန့်စရာပဲ၊ နန်းတော်ထဲက ထူးဆန်းလွန်းတဲ့ အကြိုက် (၂)

Vol. 4 Ch. 54

ထိတ်လန့်စရာပဲ၊ နန်းတော်ထဲက ထူးဆန်းလွန်းတဲ့ အကြိုက် (၂)

Vol. 4 Ch. 54

ထိုပြဿနာရှာဖွေသူ ရှုရန်မြောင်သည် နောက်ဆုံးတွင်မှ သတိပြန်ဝင်လာဟန်ဖြင့် သူ့ကို လှမ်းမေးလေသည်။

“အရှင်ကျိ၊ ဘာများ မိန့်ကြားစရာ ရှိလို့လဲခင်ဗျာ”

ကျိဆွေ့သည် ရှုရန်မြောင်ကို မည်သည့် ခံစားချက်မျှမရှိသော မျက်နှာသေဖြင့် စိုက်ကြည့်နေမိတော့သည်။

ရှုရန်မြောင်က ပို၍ပင် ဇဝေဇဝါဖြစ်သွားလေသည်။

“အရှင်ကျိ”

ကျိဆွေ့က ခြောက်ကပ်ကပ်ဖြင့် ခပ်ဖွဖွ ရယ်လိုက်သည်။

“ဟဲ”

ရှုရန်မြောင်: “…”

ကျိဆွေ့သည် သူ၏ ဟန်ဆောင်အပြုံးကို ချက်ချင်း ရုပ်သိမ်းလိုက်ပြီး တည်ငြိမ် အေးစက်သော လေသံဖြင့် ပြောလိုက်၏။

“ဘာမှ မဟုတ်ပါဘူး”

“နားလည်ပါပြီ”

ရှုရန်မြောင်သည် လိမ္မာယဉ်ကျေးစွာဖြင့် ဆက်လက်၍ မေးမြန်းခြင်း မပြုတော့ချေ။

ထို့နောက်တွင်မူ …

[ဟ … စာချုပ် လက်ထပ်ပွဲ တင်မကသေးဘူး၊ ကျိဆွေ့မှာ ဇနီးဟောင်းတစ်ယောက်လည်း ရှိခဲ့သေးတာလား၊ ဒါဆို သူက ဇနီးဟောင်းအပေါ် ဘယ်တော့မှ မေ့လို့မရနိုင်တဲ့ စွဲလမ်းမှုမျိုး ရှိနေခဲ့လို့လား]

[အယ်… နေပါဦး၊ အဲဒါလဲ မဟုတ်ပြန်ဘူး]

ရှုရန်မြောင်သည် သူ၏ အတင်းအဖျင်း သတင်းများထဲတွင် ဆက်လက်၍ စိတ်နစ်မြောနေဆဲပင်။

*မင်းက အခုထိ နှိုက်နှိုက်ချွတ်ချွတ် လိုက်တူးနေတုန်းပဲလား*

ကျိဆွေ့သည် အံသွားများကို တင်းတင်းကြိတ်ထားမိတော့သည်။

*ရှုရန်မြောင်၊ မင်းမှာ တခြားသူရဲ့ ဒရမ်မာတွေကို ထိုင်ကြည့်နေရတာထက် ပိုပြီး အရေးကြီးတဲ့ အလုပ်တွေ လုပ်စရာ မရှိတော့ဘူးလား*

ထိုစဉ် ဧကရာဇ်မင်းကြီးက ရုတ်တရက် ပြောလာသည်။

“ကျိအန်း နယ်စားမင်း၊ မင်း ပြဿနာရှာလို့ မဝသေးဘူးလား”

ဤသို့ဖြင့် ရှုရန်မြောင်၏ စိတ်တွင်း အတင်းအဖျင်း ဖတ်ရှုမှုကို ဖြတ်တောက်ပစ်လိုက်တော့သည်။ ရှုရန်မြောင် လည်း ချက်ချင်းပင် အသိပြန်ဝင်လာခဲ့ပြီး သူ၏ စိတ်တွင်း ရေရွတ်သံမှာလည်း ရုတ်တရက် စဲသွားခဲ့လေသည်။

“မလုပ်ပါနဲ့”

တရားရေးရာ ဝန်ကြီးက မအောင့်နိုင်ဘဲ စိုးရိမ်တကြီး လွှတ်ခနဲ အော်လိုက်မိသည်။

*ငါတို့ ဇာတ်လမ်း အပြည့်အစုံကို မကြားရသေးဘူးလေ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျိအန်း နယ်စားမင်းတစ်ယောက် ဦးထုပ်စိမ်းကို နှစ်ပေါင်းများစွာ ဆောင်းထားခဲ့ရတာက သိပ်ပြီးတော့လဲ မထူးခြားပါဘူး၊ ဒါပေမဲ့ ကျိဆွေ့ရဲ့ ဇနီးဟောင်း ဆိုတာက ဘာကိစ္စလဲ၊ ငါတို့ အဲဒါကို ကြားချင်လှပြီ*

* ပြီးတော့ သူနဲ့ ချင်းဟယ် မင်းသမီးကြားက ကိစ္စကကော ဘာလဲ၊ ဘာလို့ စာချုပ်နဲ့ လက်ထပ်ခဲ့ကြတာလဲ၊ အဲ့ဒီ စာချုပ်ထဲမှာ ဘာတွေ ရေးထားလို့လဲ၊ အရှင်မင်းကြီးအနေနဲ့ မကြားချင်ရင်တောင် ကျွန်တော်မျိုးတို့ကတော့ ကြားချင်ပါတယ် ဘုရား*

ဧကရာဇ်က အေးစက်စက် အသံပေးလိုက်သည်။

*မဟုတ်ဘူး၊ မင်းတို့ လုံးဝ မကြားချင်ကြပါဘူး*

သူသည် သူ၏ အော်ဟစ်သံကြောင့် ငြိမ်ကျသွားသော ရန်ပွဲ ကျင်းပရာ ကွင်းပြင်ဆီသို့ လှည့်လိုက်ပြီး သူ၏ ဒေါသ လှိုင်းများကို မုန်တိုင်းတစ်ခုကဲ့သို့ သွန်းလောင်းလိုက်တော့သည်။

“မင်းတို့ကိုယ်မင်းတို့ ပြန်ကြည့်ကြစမ်း၊ လူအများကြီးရှေ့မှာ သာမန် ရမ်းကားသူတွေလိုမျိုး ရိုက်နှက် သတ်ပုတ် နေကြတယ်ပေါ့လေ၊ အဆင့်မြင့် အမတ်မင်းတွေဆီကနေ မျှော်လင့်ရမယ့် ကျင့်ဝတ်သိက္ခာနဲ့ ခန့်ညားထည်ဝါမှု တွေက ဘယ်ရောက်ကုန်ပြီလဲ”

ခန်းမတစ်ခုလုံး သုသာန်အလား တိတ်ဆိတ်သွားခဲ့သည်။

ရန်ပွဲ ဖြစ်ပွားခဲ့သည့် နှစ်ဖက်စလုံးမှ လူများအားလုံး ခေါင်းများကို အစွမ်းကုန်ငုံ့ထားကြပြီး ဧကရာဇ်၏ ပြင်းထန်သော ကြိမ်းမောင်းမှုများကို မျက်နှာ ညှိုးငယ်စွာဖြင့် ခံယူနေကြတော့သည်။ မိမိ၏ မကျေနပ်ချက်များကို ပေါက်ကွဲခွင့် ရလိုက်သဖြင့် ဧကရာဇ်မင်းကြီး၏ စိတ်ခံစားချက်မှာ သိသိသာသာ ပြန်လည်ကောင်းမွန်လာခဲ့သည်။

သို့သော်လည်း ရုတ်တရက် သူ၏စိတ်ထဲတွင် အသံတစ်ခု ထပ်မံ ပေါ်ထွက်လာခဲ့ပြန်သည်။

[ဟင်၊ ဒီလူကြီးက လွန်ခဲ့တဲ့ ခဏတုန်းကတင် ဇာတ်ပွဲကို အားရပါးရ အရသာခံကြည့်နေခဲ့တာ မဟုတ်ဘူးလား၊ ဘာလို့ ရုတ်တရက်ကြီး ဒေါသထွက်ပြနေရတာလဲ]

[ဒါက ရှေးလူကြီးတွေပြောတဲ့ “ဧကရာဇ်မင်းကို ခစားရတာဟာ ကျားကြီးတစ်ကောင်ရဲ့ ဘေးမှာ နေရသလိုပဲ” ဆိုတဲ့ စကားလား၊ ဟင်း … အမတ်လုပ်ရတာ တကယ်ကို မလွယ်ပါလား၊ အထက်လူကြီးရဲ့ စိတ်နေသဘောထားက ပုတ်သင်ညို ထက်တောင် မြန်မြန်ဆန်ဆန် ပြောင်းလဲတတ်သေးတယ်]

ဧကရာဇ်မင်းကြီး၏ စိတ်အခြေအနေမှာ ပြန်လည်၍ ပျက်စီးသွားခဲ့ရပြန်သည်။ သူသည် တကယ့်ကို ဒေါသ ချောင်းချောင်း ထွက်သွားခဲ့ရချေပြီ။

ဧကရာဇ်မင်းကြီးသည် မျက်နှာသေဖြင့် အူကြောင်ကြောင် ဖြစ်နေသော ရှုရန်မြောင်ထံသို့ ဒေါသတကြီး စိုက်ကြည့် လိုက်သည်။ ရှုရန်မြောင်ကမူ မိမိပတ်ဝန်းကျင်ရှိ မည်သည့် ကံဆိုးမိုးမှောင်ကျသူက အရှင်မင်းကြီးကို ဤမျှအထိ ဒေါသထွက်အောင် ပြုလုပ်လိုက်သဖြင့် သူ့ဘက်သို့ လှည့်၍ စိုက်ကြည့်နေရသနည်းဟူ၍ တွေးတောကာ ဝေခွဲမရ ဖြစ်နေရှာသည်။

ဧကရာဇ်မင်းကြီးသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး စိတ်ထဲကနေ ရေရွတ်လိုက်မိသည်။

*ဒီကောင်ကိုတော့ ငါ သွားပြီး ထိလို့မရဘူး*

သူသည် ကျိအန်းနယ်စားမင်းထံသို့ လှည့်လိုက်သည်။

ကျိအန်းနယ်စားမင်း: “…”

သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်ခြင်း အပြည့် ဖြစ်သွားတော့သည်။

ဧကရာဇ်မင်းကြီးက မိန့်ကြားလိုက်သည်။

“ဒီနေ့ ဒီကိစ္စကို ငါကိုယ်တော် ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ချပေးမယ်”

သူသည် ကျိအန်း နယ်စားမင်းနှင့် ကျက်သရေရှိသော အမတ်ကတော်တို့ကို စိုက်ကြည့်ရင်း မိန့်တော်မူ လိုက်လေသည်။

“မင်းတို့ နှစ်ယောက်စလုံးက ဒီလောက်တောင် စိမ်းကားနေကြပြီပဲ၊ လမ်းခွဲလိုက်ကြပါလား”

ထိုအမျိုးသမီးသည် ချက်ချင်းပင် အလွန်အမင်း တက်ကြွသော အမူအရာဖြင့် သဘောတူညီလိုက်တော့သည်။

ကျိအန်း နယ်စားမင်းသည် သူမအနေဖြင့် ထိုဆွဲဆောင်မှု ရှိသော ကျောင်းထိုင် ဘုန်းတော်ကြီးနှင့်အတူ အမြန်ဆုံး လိုက်ပြေးချင်နေ၍ ယခုကဲ့သို့ တက်ကြွနေခြင်း ဖြစ်သည်ဟု သံသယဝင်မိသဖြင့် သူမ၏ဆန္ဒကို ဤမျှ လွယ်လွယ်ကူကူဖြင့် မဖြည့်ဆည်း ပေးချင်ချေ။ သို့သော်လည်း ဧကရာဇ်မင်းကြီးကိုယ်တိုင် စိုက်ကြည့်နေသဖြင့် ကျိအန်း နယ်စားမင်း၏ မျက်နှာမှာ မသိမသာ တွန့်ရှုံ့သွားတော့သည်။ သူသည် မိမိ၏မကျေနပ်မှုကို ဗြောင်ကျကျ မပြဝံ့သဖြင့် မချင့်မရဲဖြင့်ပင် လျှောက်တင် လိုက်ရသည်။

“အမိန့်တော်အတိုင်းပါ ဘုရား”

ဧကရာဇ်မင်းကြီးက ဆက်လက်၍ ပြောလိုက်သည်။

“မင်းတို့က ကတိကဝတ် စာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ကြတာဆိုတော့ …”

စာချုပ် ဟူသော စကားလုံးကို မိန့်ကြားမိလိုက်သောအခါ ဧကရာဇ်သည် ရှုရန်မြောင် အစောပိုင်းက ပြောခဲ့သော 'စာချုပ်လက်ထပ်ပွဲ' ဟူသည့် စကားကို ပြန်လည် သတိရသွားသဖြင့် သူ၏ စိတ်အခြေအနေမှာ ပိုမိုဆိုးရွား သွားတော့သည်။ သူ၏ လေသံမှာလည်း ပိုမိုအေးစက်ခက်ထန်လာခဲ့သည်။

“ဒီကတိကဝတ်ကို အရင်ဆုံး ဖောက်ဖျက်ခဲ့တာက မင်းပဲ၊ ဒါကြောင့်မို့လို့ ဒီအမတ်ကတော် အနေနဲ့ ကာမပိုင် ဖောက်ပြန်မှု ကျူးလွန်တယ်လို့ အပြစ် စီရင်လို့ မရဘူး၊ မင်း နားလည်လား”

ထိုအမျိုးသမီးသည် ချက်ချင်းပင် ဒူးထောက်လိုက်ပြီး ဧကရာဇ်၏ အတိုင်းအဆမဲ့လှသော ကရုဏာတော်အတွက် ကျေးဇူးတင်ရှိကြောင်း လျှောက်တင်လေသည်။ ကျိအန်း နယ်စားမင်းကမူ ကြိတ်မနိုင်ခဲမရဖြင့်သာ ထိုစီရင်ချက်ကို လက်ခံလိုက်ရတော့သည်။

“ဒီယွီလုံကိစ္စနဲ့ ပတ်သက်ပြီးတော့ …”

ဧကရာဇ်မင်းကြီးသည် စကားကို ခဏမျှ ရပ်လိုက်ရင်း သွားကို တင်းတင်းကြိတ်လိုက်ကာ ထိုအကြောင်းအရာကို လုံးဝ ကျော်ဖြတ် ပစ်လိုက်တော့သည်။

“မင်းတို့လို ဘုန်းတော်ကြီးတွေက သိက္ခာမရှိဘဲ အမျိုးသမီးတွေကို မြူဆွယ်ဖျားယောင်းခဲ့ကြတာ။ နိုင်ငံတော် ဥပဒေအရ ဆိုရင်”

[ဟင် သူတို့ကို ချက်ချင်းပဲ ကွပ်မျက်ပစ်တော့မှာလား၊ ဒါမှမဟုတ် ဘယ်လိုလဲ]

[ဒါနဲ့ စကားမစပ်… နန်းတွင်း စောင့်ကြပ်ရေး အမတ်ချုပ်ကြီးရဲ့ သမီးကတော့ … သူမရဲ့ ဖောက်ပြန်တတ်တဲ့ လင်ဟောင်းရဲ့ လက်ကို ဓားနဲ့ ခုတ်ဖြတ်ပြီး အိမ်ပြန်လာကတည်းက သူမဆီက ထွက်နေတဲ့ လူသတ်ချင်စိတ် အရှိန်အဝါက တကယ့်ကို ပြင်းထန်လွန်းတာ၊ သူမက အမဲလိုက် ခဏခဏ ထွက်တတ်ပြီး ပြန်လာရင် မြင်းလှည်း တစ်စီးလုံး ပြည့်လျှံနေအောင် သားကောင်တွေ ရလာတတ်တာလေ၊ နောက်ပိုင်းကျမှ သူမက ယွီလုံ ကျောင်းတော်ကို အမှတ်မထင် ရောက်သွားခဲ့ပြီး၊ အဲဒီက ရုပ်ချောချော ဘုန်းတော်ကြီးတစ်စုက သူမ စိတ်သက်သာ ရာရစေဖို့ ဝိုင်းဝန်းမြှောက်ပင့် အလိုလိုက်ပေး ခဲ့ကြတာကိုး]

နန်းတွင်း စောင့်ကြပ်ရေး အမတ်ချုပ်ကြီး၏ မျက်ဝန်းအိမ်များမှာမူ ရုတ်တရက် အတိတ်ကို သတိရကာ ဝေမှုန်သွားခဲ့ရသည်။

*ငါ့သမီးလေး မကြာသေးခင်ကစလို့ ဘာလို့ ဒီလောက်တောင် စိတ်ရွှင်လန်းနေလဲဆိုတာ မထူးဆန်းတော့ပါဘူး၊ တကယ်တော့ သူမရဲ့ ခက်ထန်မာကြောနေတဲ့ စိတ်အခြေအနေက ပျော့ပြောင်းသွားခဲ့တာကိုး*

အသက် ၆၉ နှစ် အရွယ်ရှိပြီ ဖြစ်သော အမတ်ချုပ်ကြီးသည် တဆတ်ဆတ်တုန်ရီလျက် ချက်ချင်းပင် ရှေ့သို့ တိုးထွက်လာခဲ့သည်၊

“အရှင်မင်းကြီး၊ ဒီအမှုထမ်းအိုကြီး… ဒီအမှုထမ်းအိုကြီးက…”

သူသည် ဆင်ခြေတစ် ခုရရန် စိတ်ထဲကနေ အသည်းအသန် လိုက်လံ စဉ်းစားရင်း နောက်ဆုံးတွင်တော့ စကားများ ထစ်ထစ်ငေါ့ငေါ့ဖြင့် လျှောက်တင်လိုက်တော့သည်။

“ဒီအမှုထမ်းအိုကြီးနဲ့ ဝမ်မိသားစု … ဝမ်မိသားစုက … အား၊ ဟုတ်ပြီ … ဟိုအသက် ၇၅ နှစ်အရွယ် နန်းတွင်း ကိုယ်ရံတော်အိုကြီးလေ၊ အခုထိ လူငယ်လေးတွေနဲ့ ဆော့ကစားတတ်တဲ့သူပေါ့၊ ကျွန်တော်မျိုးတို့ မိသားစု နှစ်ခု ကြားမှာ သံယောဇဉ်တွေ နက်ရှိုင်းလှပါတယ် ဘုရား၊ ဒီအမှုထမ်းအိုကြီးဟာ သူနဲ့အတူ ယွီလုံကျောင်းတော်ကို ခဏခဏ သွားလေ့ရှိပါတယ် ဘုရား၊ အဲ့ဒါ … လင်မယား တစ်ရက်၊ ကရုဏာ တစ်သက် ဆိုသလိုပါပဲ ဘုရား၊ ကျွန်တော်မျိုး အနေနဲ့ သူတို့အတွက် အသနားခံ ပန်ကြားလိုပါတယ် ဘုရား …”

အမတ်အပေါင်းတို့မှာမူ ထိုမြင်ကွင်းကြောင့် အံ့အားသင့် မှင်တက်သွားကြရတော့သည်။

မိမိ သမီး၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် အတွက် သူသည် မိမိကိုယ်ပိုင် ဂုဏ်သတင်းကိုပါ အဖျက်ဆီးခံရန် လိုလို လားလား ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။ တကယ့်ကို ကြီးမြတ်လှတဲ့ စွန့်လွှတ်အနစ်နာခံမှုကြီး ပါပေ။

ဝမ်မိသားစုမှ အကြီးအကဲ: “…”

*မင်းက တကယ့်ကို မြင့်မြတ်လွန်းတယ်၊ သီလရှိလွန်းတယ်၊ မင်းရဲ့ သမီးအတွက်နဲ့ ငါ့ကိုပါ ဒီအရှုပ်ထုပ်ထဲ ဆွဲသွင်း ရဲတယ်လား၊ အားလုံးက ငါ့ရဲ့ အသက် ၇၅ နှစ်အရွယ် အရှုပ်တော်ပုံကြီးကို မေ့မေ့ပျောက်ပျောက် ဖြစ်နေကြပြီ ဥစ္စာ၊ အခုကျမှ မင်းက ဒါကို ပြန်ပြီး ဖော်ထုတ်လိုက်ရတယ်လို့*

[ဒါတင်မကသေးဘူးနော်၊ စစ်မက်ရေးရာ အမတ်ကြီးရဲ့ ဇနီးဆိုရင်လဲ နေ့ခင်းဘက်တွေမှာ ယွီလုံ ကျောင်းတော်မှာ လက်ဖက်ရည် သောက်ရင်း ဘုန်းကြီးတွေ တီးမှုတ် သီဆိုပေးတဲ့ တေးဂီတတွေကို နားထောင်ရတာကို သဘောကျ တတ်တာလေ…]

[သူမက စစ်မက်ရေးရာ အမတ်ကြီးရဲ့ ရေမချိုးတာနဲ့ ပတ်သက်ပြီး ညည်းတွား ဆူပူနေတာတွေကိုပါ အခုနောက်ပိုင်း လုံးဝ ရပ်တန့်သွားခဲ့ပြီတဲ့]

စစ်မတ်ရေးရာ အမတ်ကြီး: “…”

“အရှင်မင်းကြီး”

ထိုအော်ဟစ်သံကြီးက သူ၏ လည်ချောင်းဝကိုပင် ဆွဲဆုတ်ပစ်တော့မည့်အလား ကျယ်လောင်လှပေသည်။

စစ်မက်‌ရေးရာ အမတ်ကြီးက အော်ဟစ် လျှောက်တင်လေသည်။

“အရှင်မင်းကြီး၊ ကျွန်တော်မျိုး အထင်တော့ ဒီဘုန်းတော်ကြီးတွေဟာ စီးပွားရေး လုပ်ငန်းတစ်ခုကို လုပ်ကိုင် နေကြတာ သက်သက်ပဲ ဖြစ်ပါတယ် ဘုရား၊ ဒါက နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ လုပ်ကြတာပါ။ တကယ်လို့ တောင်ဘက်လေ စံအိမ်နဲ့ ပန်းပေါင်းတစ်ရာ အိမ်တော်လိုမျိုး ဂေဟာတွေကိုမှ အပြစ်မပေးဘူးဆိုရင်၊ ဘာလို့ ဒီလိမ်လည် လှည့်ဖြားတတ်တဲ့ ကျောင်းတော်ကျမှ အပြစ်ပေးရမှာလဲ ဘုရား”

ဤသည်မှာလည်း စဉ်းစားစရာ အချက်တစ်ခု ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် အနှစ်သာရအားဖြင့် ဤနေရာသည် လူငယ် အပျော်မယ်များ ရှိသည့် ပြည့်တန်ဆာအိမ်တစ်ခုနှင့် အတူတူပင် ဖြစ်နေသောကြောင့် ဖြစ်၏။

“ဒါတင်မကသေးပါဘူး ဘုရား၊ ကျောင်းတော်ကို လာသမျှလူတိုင်းကလည်း ရုပ်ခန္ဓာ ခံစားဖို့ သက်သက် လာကြတာ မဟုတ်ပါဘူး၊ အချို့ဆိုရင် ပြဇာတ်ရုံထဲမှာလိုမျိုး အနုပညာ ဖျော်ဖြေမှုတွေကို လာရောက်ခံစားကြတာပါ ဘုရား”

ဧကရာဇ်မင်းကြီး: “…”

ရိုးရိုးသားသား ပြောရလျှင် သူ အမှန်တကယ် မေးမြန်းချင်မိသည်။

*ရေချိုးရတာ ဘယ်လောက်တောင် ခက်ခဲလို့လဲကွာ*

[ပြီးတော့ …]

ရှုရန်မြောင်က သူ၏အတွေးကို မဆုံးသတ်နိုင်သေးမီမှာပင် တစ်စုံတစ်ယောက်က ရုတ်တရက် ရှေ့သို့ တိုးထွက် လာခဲ့ပြန်သည်။

ထိုသူကား ဟွာကိုင်ဆောင်မှ ဝါရင့် ပညာရှိကြီး တစ်ဦးဖြစ်ပြီး သူက တည်ကြည်လေးနက်စွာဖြင့် လျှောက်တင်လေသည်။

“အရှင်မင်းကြီး၊ စစ်မက်ရေးရာ အမတ်ကြီး လျှောက်တင်တာ အမှန်ပဲ ဖြစ်ပါတယ်၊ ဒီဘုန်းတော်ကြီးတွေက သူတို့ ကျောင်းတော်ကို ရိုးရိုးသားသားပဲ လည်ပတ်နေကြတာပါ၊ တကယ်လို့ လိုအပ်တယ်ဆိုရင် သူတို့ကို တစ်ယောက်ကို အချက် နှစ်ဆယ်စီ ကြိမ်ဒဏ်ပေးပြီး ယွီလုံကျောင်းတော်ကို ပိတ်ပစ်လိုက်ရင်တင် အပြစ်ပေးမှုက လုံလောက်ပါပြီ ဘုရား”

ဧကရာဇ်မင်းကြီးသည် ဇဝေဇဝါဖြစ်သွားကာ မေးမြန်းလိုက်တော့သည်။

“မင်းမှာ ညီမလဲ မရှိ၊ သမီးလဲ မရှိပါဘူး၊ ဒီကိစ္စမှာ မင်းက ဘာလို့ ဒီလောက်တောင် ဝင်ပါချင်နေရတာလဲ”

“ဒါက …”

[ဟာ… ဘုရားရေ]

[ဟားဟားဟားဟားဟား]

ရှုရန်မြောင်၏ ရယ်မောသံကြီးက စိတ်ထဲ၌ ရုတ်တရက် ထပ်မံ ဟိန်းထွက်လာခဲ့ပြန်သည်။

[ဘယ်လို လူစားမျိုးလဲ မသိဘူး။ တကယ့်ကို ထူးဆန်းတဲ့ စိတ်ကူးရှိတာပဲ၊ သူက သူရဲ့ ဇနီးမယားတွေနဲ့ ကိုယ်လုပ်တော်တွေ သူတို့ရဲ့ လျှို့ဝှက် ရည်းစားတွေနဲ့ သွားတွေ့တဲ့အခါတိုင်း အဆင်ပြေနိုင်သမျှ အပြည့်စုံဆုံး ဖြစ်အောင် နောက်ကွယ်ကနေ ကူညီပေးတတ်တာတဲ့]

[သူမတို့တွေ တခြားသူတွေနဲ့ ပျော်ပါးနေကြတယ်ဆိုတာကို သိရတာကိုတင် သူက ရင်ထဲကနေ အတိုင်းအဆမဲ့ ဝမ်းသာပီတိ ဖြစ်နေတာတဲ့လေ]

[ဟ … သူက တမင်သက်သက်ကိုပဲ အခြား တစ်စုံတစ်ယောက်ကို အသည်းအသန် ချစ်နေကြတဲ့ အမျိုးသမီးတွေ ကိုမှ ရွေးပြီး လက်ထပ်တာ ဒါမှမဟုတ် မယားငယ်အဖြစ် သိမ်းပိုက်တတ်တာကိုး၊ ဒီလိုလူစားမျိုးမို့လို့ပဲ ဒီဘုန်းတော်ကြီးတွေကို အပြစ်မပေးစေချင်တာ မဆန်းတော့ပါဘူးလေ]

All Chapters