← Chapters

အံ့သြစရာပဲ၊ တစ်နိုင်ငံလုံးက ဘုန်းတော်ကြီးတွေ တာဝန်မယူခင် လိုင်စင် အရင်လုပ်ရမယ်တဲ့ (၁)

Vol. 4 Ch. 55

အံ့သြစရာပဲ၊ တစ်နိုင်ငံလုံးက ဘုန်းတော်ကြီးတွေ တာဝန်မယူခင် လိုင်စင် အရင်လုပ်ရမယ်တဲ့ (၁)

Vol. 4 Ch. 55

ဧကရာဇ်အိုကြီးသည် အတန်ကြာအောင် စကားပင် မဟနိုင်တော့ချေ။

*ဒါ ဘယ်လိုလောကကြီးလဲ*

*ငါ့ရဲ့ အမတ်မင်းတွေက ဘယ်လိုတောင် ထူးဆန်း ဆန်းပြားတဲ့ လူစားမျိုးတွေ ဖြစ်နေကြတာလဲ*

ရှုရန်မြောင် တစ်ယောက် ညီလာခံကို စတင်တက်ရောက်လာကတည်းက လူတိုင်းရဲ့ အပြုအမူတွေက ထူးထူး ဆန်းဆန်းတွေ ချည်းပဲ ဖြစ်ကုန်တော့သည်။ အစပိုင်းက မင်းသမီးကို ကြိမ်ဒဏ်ပေးပြီး သတ်ပစ်ဖို့ အော်ဟစ် တောင်းဆိုသည့် သမက်တော်၊ ထို့နောက် ဇနီးသည်ကို ကြောက်လွန်း၍ တောနက်ထဲမှာ ရက်ပေါင်းများစွာ ပုန်းအောင်းနေသည့် လွှတ်တော်အမတ်၊ အသက် ၇၅ နှစ်အထိ ရောက်နေပြီ ဖြစ်တာတောင် လျှို့ဝှက် အချစ် စာလွှာတွေ ပေးပို့နေပြီး နောက်ဆုံး ကာလသားရောဂါပါ ရသွားသည့် အိမ်ရှေ့စံ၏ လူယုံတော်။

ယခုအခါတွင် မိမိ၏ ဇနီးမယားများနှင့် ကိုယ်လုပ်တော်များ အခြားသူများနှင့် ဖောက်ပြန်နေသည်ကို ထိုင်ကြည့်ပြီး သာယာနေသည့် လူစားမျိုးပါ ရှေ့ကို ထွက်လာခဲ့ပြန်ပြီလား။ ဧကရာဇ်အိုကြီးအနေဖြင့် ဤအရာကို မည်သို့မျှ ကျိုးကြောင်း ဆင်ခြင်တွေးတော၍ နားမလည်နိုင်တော့ချေ။ သူ၏ မျက်ဝန်းအိမ်များမှာမူ မယုံနိုင်စရာ ဖြစ်လွန်းသဖြင့် တုန်လှုပ်နေတော့သည်။ ထိုသို့ ဖောက်ပြန်ခံရခြင်းကို သဘောကျသည့် အာသီသ ရှိကြောင်း ပေါက်ကြား သွားခဲ့သော အမတ်မင်းမှာမူ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ အချိန်အတော်ကြာအောင်၊ တကယ့်ကို အချိန်အတော်ကြာအောင် တောင့်တောင့်ကြီး မတ်တတ်ရပ်နေမိတော့သည်။

နောက်ဆုံးတွင် သူသည် ဧကရာဇ်မင်းကြီးကို ဦးညွှတ်အရိုအသေပြုလိုက်ပြီး ဗီဒီယိုကို နောက်ပြန်ရစ်လိုက်သည့် အလား နောက်ကြောင်း ပြန်ဆုတ်ကာ အမတ်များ၏ တန်းစီရာနေရာသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။ သူသည် မိမိ၏ မျက်နှာကို တည်ကြည်လေးနက်သော အမူအရာ ပြန်လုပ်ရင်း ညီလာခံ တက်ရောက်သည့် ဝါးပြားကို မြှောက်ကိုင် ထားလိုက်သော်လည်း မျက်နှာပေါ်တွင်မူ မသိမသာ တွေးတော ငေးမောနေသည့် အရိပ်အယောင်များ စွန်းထင်နေဆဲပင်။

*ဟင်၊ ခုနက ဘာဖြစ်သွားလို့လဲ၊ ဘာမှမဖြစ်ခဲ့ပါဘူး၊ ဟုတ်တယ်မလား*

သူ၏ ဘေးနားရှိ လုပ်ဖော်ကိုင်ဖက် အမတ်တစ်ဦးက သူ၏ လက်မောင်းကို တံတောင်ဆစ်ဖြင့် ခပ်ဖွဖွ တို့လာသည်။

“မင်း … မင်းက တကယ်ပဲ အဲဒီလိုမျိုး ဦးထုပ်စိမ်း ဆောင်းရတာကို သဘောကျတာလား”

*ဝိုး*

*ဆိုတော့ အဲ့လိုလူမျိုးတွေလဲ ရှိတာပဲလား*

ထိုဖောက်ပြန်ခံရခြင်းကို သဘောကျသည့် အမတ်မင်းသည် ဝါးပြားကို အပေါ်သို့ မြှောက်ကိုင်ထားရင်း လေထဲတွင် မျက်ရည်များ တဖြည်းဖြည်း စီးကျလာတော့သည်။

*မင်းကို ဘယ်အကောင်က ပူးကပ်လို့ ရှေ့ကို ငေါက်ခနဲ ထွက်ပြီး အဲဒါကို ဝန်ခံခိုင်းလိုက်ရတာလဲ၊ မင်းအလှည့်ကျမှ လာပြီး လူစွမ်းကောင်း လုပ်ပြချင်နေတာလား၊ လူအူကြောင်ကြောင် ကောင်ရဲ့*

ဧကရာဇ်အိုကြီးသည် အတန်ကြာအောင် ငြိမ်သက်သွားပြီးနောက်မှ နောက်ဆုံးတွင် မနည်း စကား ပြောနိုင်တော့သည်။

“မင်းတို့ … မင်းတို့တွေ …”

မျက်ရည်ဝိုင်းနေသော သစ္စာရှိ နန်းတွင်း စောင့်ကြပ်ရေး အမတ်ချုပ်ကြီးက သူ့ကို စိုက်ကြည့်နေသည်။ စစ်မက်ရေးရာ ဝန်ကြီးချုပ်ကလည်း မျှော်လင့်ချက်အပြည့်ရှိသော အကြည့်များဖြင့် စိုက်ကြည့်နေဆဲ။ ထို ဖောက်ပြ န်ခံရခြင်းကို သဘောကျသည့် အမတ်မင်းကမူ၊ သူကတော့ မင်းကြီးကို လှမ်းမကြည့်ရဲတော့ချေ။

သို့သော်လည်း မိမိတို့၏ ဇနီးမယားများ ယွီလုံ ကျောင်းတော်သို့ သွားရောက်ဖူးသည့် အမတ် အတော်များများမှာမူ ဗြောင်ကျကျ ထုတ်မပြောဝံ့ကြသော်လည်း စိုးရိမ်ပူပန်စိတ်များဖြင့် သိသိသာသာ တုန်လှုပ်နေကြတော့သည်။ သူတို့၏ စိုးရိမ်ထိတ်လန့်နေသော အကြည့်များသည်လည်း တစ်ချက်တစ်ချက်တွင် ဧကရာဇ်ထံသို့ ပြိုင်တူ ကျရောက်သွားတတ်၏။

ဧကရာဇ်အိုကြီး: “…”

“…… အရှင်မင်းကြီး ……”

ကျောင်းတော်တွင် ဖျော်ဖြေမှု သွားရောက် ခံစားခဲ့ကြသည့် ဇနီးသည်များ ရှိကြသော အမတ်အချို့က တုန်ရီနေသော လေသံများဖြင့် မဝံ့မရဲ လျှောက်တင်ကြပြန်သည်။

ဧကရာဇ်အိုကြီး: “…”

*ငါက ဘာဖြစ်လို့ ဒီလို အဓိပ္ပာယ်မရှိတဲ့ အရှုပ်ထုပ်တွေကို လိုက်ပြီး ရှင်းနေရတာလဲ*

*ငါက ထူးဆန်းတဲ့ ဧကရာဇ် တစ်ပါးများ ဖြစ်နေသလား*

ပွဲကြီးပွဲကောင်းကို အရသာခံ ကြည့်ရှုပြီးနောက်တွင် သူ၏ ရင်ထဲ၌ အရာရာ ဟာလာဟင်းလင်း ဖြစ်သွားသကဲ့သို့ ဗလာကျင်းမှု လှိုင်းလုံးကြီးက ရိုက်ခတ်လာခဲ့တော့သည်။

ဧကရာဇ်သည် အောက်တွင်ရှိနေကြသော အသုံးမဝင်သည့် အမတ်မင်း အပေါင်းကို အကြည့်တစ်ချက်ဖြင့် ဝေ့ ဝဲကြည့်လိုက်ရင်းမှ ရုတ်တရက် အရာတစ်ခုကို သတိရသွားဟန်ဖြင့် မိန့်ကြားလိုက်သည်။

“ယွီလုံ ကျောင်းတော်က အခွန် ဆောင်ထားရဲ့လား၊ တကယ်လို့ သူတို့က စည်းကမ်းရှိတဲ့ ကျောင်းတော် အစစ် မဟုတ်ဘဲ သာယာပျော်ရွှင်မှုကို ရောင်းစားနေတဲ့ စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်နေတယ်ဆိုရင် သူတို့ အခွန်ဆောင် ထားရဲ့လား”

မှူးမတ်များ: “…”

*အရှင်မင်းကြီး၊ အရှင်မင်းကြီး အာရုံစိုက်တဲ့အချက်က နည်းနည်းလေး လွဲမနေဘူးလား*

အခွန် ဘဏ္ဍာရေး ဝန်ကြီးသည် မျက်နှာပျက်လျက်ဖြင့် လျှောက်တင်လိုက်၏။

“အရှင်မင်းကြီး၊ သူတို့ လုံးဝ အခွန်မဆောင်ထားပါဘူး ဘုရား”

ထိုအခါ ဧကရာဇ်၏ မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားတော့သည်။

“သူတို့က အခွန်လဲ မဆောင်ဘဲ တိတ်တဆိတ် ဂေဟာ ဖွင့်ထားကြတယ် ဟုတ်လား၊ အသုံးတော်ခံ ဝန်ဆောင်မှု တွေလဲ ပေးနေသေးတယ် ပေါ့လေ၊ လုပ်ငန်းတွေကိုလဲ ဆက်ပြီး လည်ပတ် နေသေးတယ်ပေါ့”

ဧကရာဇ်သည် မိမိ၏ အထိခိုက်မခံဆုံးသော အချက်ကို လာရောက် ထိခိုက်သွားသဖြင့် ပိုမို၍ ဒေါသတကြီးဖြင့် တက်ကြွ လာတော့သည်။

“အခွန် သွားကောက်ကြစမ်း၊ သူတို့ဆီကနေ လျော်ကြေး အခွန်တွေအကုန်လုံးကို ပြန်ပြီး သိမ်းဆည်းကြစမ်း၊ ပြီးတော့ အဲဒီကျောင်းတော်ကို ချက်ချင်း ပိတ်ပစ်ဖို့ အမိန့်ထုတ်လိုက်၊ ဒီလို ကျောင်းတော်မျိုးကို ငါတို့ မဟာရှ မင်းဆက်ရဲ့ မြေပေါ်မှာ လုံးဝ တည်ရှိခွင့် မပြုနိုင်ဘူး”

“ပြီးတော့ ကျိဆွေ့”

ကျိဆွေ့သည် ရှေ့သို့ တစ်လှမ်းတိုးကာ ရိုသေသမှုဖြင့် ဦးညွှတ်လိုက်သည်။

“နှစ်သစ်ကူး ပြီးတာနဲ့ မင်း နယ်လှည့် စစ်ဆေးရေး အရာရှိချုပ် ရာထူးကို တာဝန်ယူရမယ်၊ ပြီးရင် ပြည်နယ် ကိုးခုလုံးကို လှည့်လည်ပြီး ကျောင်းတော်တွေကို သေချာ စစ်ဆေး သန့်စင်ပစ်ရမယ်”

ရှုရန်မြောင်ကမူ စိတ်ထဲကနေ ပြန်လည်တွေးတောမိသည်မှာ နယ်လှည့် စစ်ဆေးရေး အရာရှိချုပ် ဆိုသည်မှာ ခေတ်သစ် ကာလမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးရေးမှူးများ သို့မဟုတ် စည်းကမ်း ထိန်းသိမ်းရေး အရာရှိများနှင့် အလားသဏ္ဌာန်တူပေသည်။ ပုံမှန်အားဖြင့် သီးသန့် တာဝန်ယူရသည့် အရာရှိများ ရှိကြသော်လည်း ဧကရာဇ် အနေဖြင့် ကိစ္စရပ် တစ်ခုခုကို အလွန်အမင်း အရေးကြီးသည်ဟု ယူဆပါက သူ အကြွင်းမဲ့ ယုံကြည် အားကိုးရသည့် အဆင့်မြင့်အမတ်တစ်ဦးကို ဤဘွဲ့ထူးအမည် ပေးအပ်ကာ တာဝန် နှင်းအပ်လေ့ ရှိသည်။

ဧကရာဇ်အိုကြီး၏ မိန့်ကြားသံမှာ ပိုမို မြန်ဆန်လာပြီး စိတ်အားထက်သန်မှုများ ပြည့်နှက်နေတော့သည်။

“ဘုန်းတော်ကြီး အသိအမှတ်ပြု လက်မှတ်တွေကို အတုအယောင် လုပ်ထားတာ တွေ့တဲ့သူ မှန်သမျှ အကုန် ကွပ်မျက်ပစ်။”

ထိုခေတ်အခါက ဘုန်းတော်ကြီး ဖြစ်လာရန်အတွက် နန်းတော်မှ ထုတ်ပေးသော တရားဝင်လက်မှတ် လိုအပ် ပေသည်။ တရားဝင် ဗုဒ္ဓဘာသာ ကျောင်းတော်များသည် ပိုင်ဆိုင်မှု မြေယာများကို လက်ဝယ် ထားရှိနိုင်ပြီး ၎င်းတို့မှာ အခွန်ကင်းလွတ်ခွင့် ရရှိကြသည်။ ထို့ကြောင့် လူအများအပြားသည် အခွန်ရှောင်ရန် ဘုန်းကြီး ဝတ်ချင် ကြသဖြင့် နန်းတော်အနေဖြင့် အခွန်ဘဏ္ဍာတော် အကြီးအကျယ် လျော့နည်း မသွားစေရန် ထိုလက်မှတ် ထုတ်ပေးမှုကို တင်းကျပ်စွာ ထိန်းချုပ်ထားရခြင်း ဖြစ်၏။

“ဧကရာဇ် ကောင်းကျုန်း လက်ထက်တုန်းက ကျင်းယန် ကျောင်းတော်မှာ ဖြစ်ခဲ့သလိုမျိုး၊ သားသမီးဆု လာတောင်းတဲ့ အမျိုးသမီးတွေကို မြေအောက် လျှို့ဝှက် ဥမင်လိုဏ်ခေါင်းတွေထဲကနေတစ်ဆင့် အခန်းတွေထဲ ခေါ်သွားပြီး ဘုန်းတော်ကြီးတွေက နတ်ဘုရားတွေလို ဟန်ဆောင်ပြီး အနိုင်ကျင့်ခဲ့တဲ့ အမှုမျိုး ကျူးလွန်တဲ့ ကျောင်းတော်မှန်သမျှ၊ ပါဝင်ပတ်သက်သူ အားလုံးကို အပြတ်အသတ် ကွပ်မျက်ပစ်”

ကျိဆွေ့: “အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”

“ယဉ်ကျေးမှု ဝန်ကြီး ဘယ်မှာလဲ”

“ကျွန်တော်မျိုး ရှိပါတယ် အရှင်မင်းကြီး”

“ထျန်းထုံ ၃၂ နှစ် မတိုင်ခင်က ဖြစ်ပွားခဲ့တဲ့ အမှုကိစ္စတွေကိုတော့ နောက်ကြောင်းပြန်ပြီး အရေးယူမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ၃၂ နှစ်ကစလို့ နောက်ပိုင်းမှာတော့ ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာ ကျောင်းတော်တွေအားလုံး ခရိုင်ကြီး တစ်ခုမှာ ဘုန်းတော်ကြီး အပါး လေးဆယ်၊ ခရိုင်လတ် တစ်ခုမှာ သုံးဆယ်နဲ့ မြို့နယ် တစ်ခုမှာ အပါး နှစ်ဆယ်ထက် ပိုပြီး မရှိစေရဘူး၊ အသက်လေးဆယ်အောက် အမျိုးသားတွေနဲ့ အသက် ငါးဆယ်အောက် အမျိုးသမီးတွေကို ရဟန်းခံခွင့်၊ သီလရှင်ဝတ်ခွင့် လုံးဝ မပြုရဘူး၊ ယဉ်ကျေးမှု ဝန်ကြီးဌာနက ဒီကိစ္စကို အသေအချာ ကြီးကြပ် ကွပ်ကဲရမယ်”

ယဉ်ကျေးမှု ဝန်ကြီး: “အမိန့်တော်အတိုင်းပါ ဘုရား”

“ဘုန်းတော်ကြီးတွေကို စာမေးပွဲ ပြန်စစ်တဲ့စနစ်ကို ပြန်ပြီး ကျင့်သုံးကြစမ်း၊ ဈာန်ထိုင်တဲ့ ဘုန်းတော်ကြီးတွေကို ဈာန်တရား သဘောတရားတွေ စစ်ဆေးရမယ်၊ တရားဟောတဲ့ ဘုန်းတော်ကြီးတွေကိုတော့ အဓိကကျတဲ့ သုတ္တန် ဒေသနာတော်တွေကို စစ်ဆေးရမယ်၊ ယောဂကျင့်တဲ့ ဘုန်းတော်ကြီးတွေကိုတော့ ယောဂကျင့်စဉ်တွေနဲ့ ပတ်သက်ပြီး စာမေးပွဲစစ်ရမယ်၊ အမှန်တကယ် ကျွမ်းကျင်နှံ့စပ်တဲ့သူတွေကိုသာ ဘုန်းတော်ကြီးအဖြစ် ဆက်လက် တည်ရှိခွင့် ပေးရမှာ ဖြစ်ပြီး ကျန်တဲ့သူတွေကိုတော့ အချက် သုံးဆယ်စီ ကြိမ်ဒဏ် ပေးပြီး လူဝတ်လဲခိုင်းရမယ်၊ ဒီနှစ်ကစလို့ စစ်ဆေးမှုတွေကို သုံးနှစ် တစ်ကြိမ် ပုံမှန်ပြုလုပ်သွားရမယ်”

“အမိန့်တော်အတိုင်းပါ ဘုရား”

“ဘုန်းတော်ကြီးတွေရဲ့ မှတ်ပုံတင်တွေကို ပြုလုပ်ကြစမ်း။ ဒီမှတ်ပုံတင်စာရင်းထဲမှာ ဘုန်းတော်ကြီးတိုင်းရဲ့ မွေးရပ်မြေ၊ လက်ရှိ နေရပ်၊ အဆင့်အတန်း၊ အသက်၊ အမည်၊ ကျား/မ မွေးသက္ကရာဇ်၊ ရဟန်းခံခဲ့တဲ့ ကျောင်းတော်နဲ့ ကတုံး တုံးခဲ့တဲ့ နေ့စွဲတွေကို အသေအချာ မှတ်တမ်းတင် ထားရမယ်၊ ဒါတင်မကသေးဘူး၊ သူတို့ရဲ့ မိသားစုဝင် တွေနဲ့ ဥပဇ္ဈာယ် ဆရာတွေရဲ့ အမည်တွေကိုပါ သေချာ ထည့်သွင်းရမယ်၊ ကျောင်းတော်တိုင်းမှာလဲ တရားဟော အဆောင် အရေအတွက်၊ ဘုန်းတော်ကြီး အဆောင် အရေအတွက်နဲ့ သူတို့ ပိုင်ဆိုင်တဲ့ အမြဲတမ်းမြေ ယာ ပိုင်ဆိုင်မှုတွေကိုပါ အတိအကျ မှတ်တမ်းတင်ထားရမယ်”

“ဒီတာဝန်တွေကို ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဘုန်းတော်ကြီး မှတ်ပုံတင် အရာရှိချုပ်ရုံးနဲ့ ဒေသခံ သံဃာ့ နာယက အဖွဲ့တွေ ပူးပေါင်းပြီး ညှိနှိုင်း ဆောင်ရွက် သွားကြရမယ်”

*ငါ့ရဲ့ အခွန်ဘဏ္ဍာတော်တွေကို ဘယ်သူမှ ရှောင်တိမ်းလို့မရစေရဘူး*

*ဘယ်သူမှ*

ယဉ်ကျေးမှုဝန်ကြီးနှင့် ဘုန်းတော်ကြီး မှတ်ပုံတင် အရာရှိချုပ်ရုံးမှ ဝဲ/ယာ အကြီးအကဲများသည် ပျာပျာသလဲ ဦးညွှတ်လိုက်ကြသည်။

“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”

အမိန့်တော် တစ်ခုပြီးတစ်ခု တရစပ် ထွက်ပေါ်လာခဲ့ပြီးနောက်တွင်မူ နန်းတော်ကြီး၏ ကြီးမားလှသော အုပ်ချုပ်ရေး စက်ယန္တရားကြီးတစ်ခုလုံးသည် အုန်းအုန်းကျွတ်ကျွတ်ဖြင့် စတင် လည်ပတ်သွားခဲ့တော့သည်။

“ယွီလုံကျောင်းတော်နဲ့ အဲဒီက ဘုန်းတော်ကြီးတွေနဲ့ ပတ်သက်လို့ကတော့ …”

ယခင်ကကဲ့သို့ ပေါ့ပေါ့ပါးပါး ပြောဆိုနေသည့် လေသံမျိုး မဟုတ်တော့ဘဲ ဤတစ်ကြိမ်တွင်မူ ဧကရာဇ်အိုကြီးသည် အလွန်အမင်း တည်ကြည်လေးနက်စွာဖြင့် မိန့်ကြားလိုက်သည်။

“အဲ့ဒီ ဘုန်းတော်ကြီးတွေကို ကျောင်းတိုက်ကနေ နှင်ထုတ်ပစ်ရမယ်၊ ကျောင်းတော်ကို ဖျက်သိမ်းပစ်ရမယ်၊ ပြီးတော့ ဘုန်းတော်ကြီးတွေကို လူဝတ်လဲပြီး သာမန် အရပ်သားတွေအဖြစ် ပြောင်းလဲပစ်ရမယ်၊ သူတို့ကို အခွန် ရှောင်တိမ်းမှုနဲ့ တရားစွဲဆိုပြီး အချက် ငါးဆယ်စီ ကြိမ်ဒဏ်ပေးရမယ့်အပြင် သူတို့ပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာတွေရဲ့ ထက်ဝက်ကိုလည်း နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းပစ်ရမယ်”

ထိုအခါ အခွန် ဘဏ္ဍာရေး ဝန်ကြီးသည် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲဖြင့် လွှတ်ခနဲ လျှောက်တင်လိုက်တော့သည်။

“အရှင်မင်းကြီးဟာ တကယ့်ကို အမြော်အမြင် ကြီးမားလှပါတယ် ဘုရား”

အခွန် ဘဏ္ဍာရေး ဝန်ကြီးသည် မိမိ၏ ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ထုတ်ဖော်လိုက်ခြင်း ဖြစ်၏။

“ဒါက တကယ့်ကို မှန်ကန်တိကျလွန်းတဲ့ စီရင်ချက်ကြီး ပါပဲ ဘုရား”

သူတို့၏ ကိုယ်ကျင့်တရား ပျက်ပြားသော လုပ်ရပ်များကို ဘယ်သူက ဂရုစိုက်နေမည်နည်း။ အဓိက အရေးကြီးသည်မှာ ထိုငွေများ အားလုံးကို ပြန်မသိမ်းဆည်းနိုင်ရင်တောင်မှ သူတို့ကို အခွန်ရှောင်တိမ်းမှုနဲ့ တရားစွဲဆိုလိုက်လျှင် ထိုစည်းစိမ်၏ ထက်ဝက်က နိုင်ငံတော် ဘဏ္ဍာတိုက်ထဲကို တိုက်ရိုက် ရောက်လာမည်ပင်။

ထို့အပြင် ယွီလုံ ကျောင်းတော်သည် တရားမဝင် လည်ပတ်နေခြင်း ဖြစ်သည်။ အဓိကမှာ လိုင်စင် မရှိဘဲ လုပ်ကိုင်နေခြင်း ဖြစ်သည်။

အခွန် ဘဏ္ဍာရေး ဝန်ကြီး၏ မျက်လုံးများသည် တောက်ပလွန်းလှသဖြင့် လူကိုပင် စိန်းစိန်းကြည့်မတတ် ဖြစ်နေတော့သည်။

*တရားမဝင် လည်ပတ်မှုတဲ့၊ ဒါဆိုရင် ဒဏ်ငွေကို နှစ်ဆတိုးပြီး တောင်းလို့ရတာပေါ့*

ဧကရာဇ်က ဆက်လက်၍ မိန့်ကြားလိုက်သည်။

“စည်းကမ်း ချိုးဖောက်မှု ပြင်းထန်တဲ့သူတွေကိုတော့ နန်းတွင်း ဖျော်ဖြေရေး သီဆိုကပြသူတွေ အဖြစ် သတ်မှတ်ပြီး နန်းတွင်းဂီတဗျူရိုမှာ အမည်စာရင်း သွင်းပစ်ရမယ်”

မိမိအိမ်ရှိ သမီးများကို တွေးတောမိကာ စိုးရိမ်နေသော သစ္စာရှိ နန်းတွင်း စောင့်ကြပ်ရေး အမတ်ချုပ်ကြီးသည် ဤစကားကြောင့် စိတ်ပျက်အားလျော့မသွားဘဲ ကမန်းကတန်း မေးမြန်းလိုက်တော့သည်။

“ဘယ်လိုအရာမျိုးကို ပြင်းထန်တဲ့ စည်းကမ်း ချိုးဖောက်မှုလို့ သတ်မှတ်မှာလဲ ဘုရား”

“အဆမတန် အခွန် ရှောင်တိမ်းတာမျိုးပေါ့”

၎င်းမှာ အခြားမဟုတ်၊ အလှူရှင် အများဆုံး ရရှိထားသည့် ဘုန်းတော်ကြီးများကို ရည်ညွှန်းခြင်း ဖြစ်ပေသည်။

ထိုအခါမှ နန်းတွင်း စောင့်ကြပ်ရေး အမတ်ချုပ်ကြီး၏ မျက်လုံးများမှာ ဝင်းခနဲ တောက်ပသွားခဲ့ပြီး အခွန် ဘဏ္ဍာရေး ဝန်ကြီးထက်ပင် ပိုမိုကျယ်လောင်သော အသံ၊ ပိုမိုထက်သန်သော စိတ်ခံစားချက်တို့ဖြင့် အော်ဟစ် လျှောက်တင် လေတော့သည်။

“အရှင်မင်းကြီးက တကယ့်ကို အမြော်အမြင် ကြီးမားလှပါတယ် ဘုရား”

အမတ် တော်တော်များများ၏ မျက်လုံးများသည်လည်း တက်ကြွလှုပ်ရှားမှုတို့ဖြင့် တပြိုင်နက်တည်း လင်းလက် သွားကြတော့သည်။

All Chapters