← Chapters

အံ့သြစရာပဲ၊ တစ်နိုင်ငံလုံးက ဘုန်းတော်ကြီးတွေ တာဝန်မယူခင် လိုင်စင် အရင်လုပ်ရမယ်တဲ့ (၂)

Vol. 4 Ch. 56

အံ့သြစရာပဲ၊ တစ်နိုင်ငံလုံးက ဘုန်းတော်ကြီးတွေ တာဝန်မယူခင် လိုင်စင် အရင်လုပ်ရမယ်တဲ့ (၂)

Vol. 4 Ch. 56

နန်းတွင်း ဖျော်ဖြေရေး သီဆိုကပြသူ ဆိုသည်မှာ အစိုးရ အရာရှိများကို ဆိုလိုခြင်း မဟုတ်ဘဲ နန်းတော်က တရားဝင် အသိအမှတ်ပြုထားသည့် ဖျော်ဖြေရေးမယ်များကို ဆိုလိုခြင်းဖြစ်သည်။ မည်သည့် အဖွဲ့အစည်း သို့မဟုတ် တစ်ဦးတစ်ယောက်မဆို နန်းတော်၏ ခွင့်ပြုချက် ရရှိပါက ၎င်းတို့ကို ငှားရမ်း အသုံးပြုနိုင်ပေသည်။ အရက်ဆိုင်များအနေဖြင့် ၎င်းတို့ကို အရက်ငှားငဲ့ရန်နှင့် အရက်ရောင်းချရန် ငှားရမ်းနိုင်သလို စာပေနှီးနှော ဖလှယ်ပွဲ များတွင်လည်း သီချင်းဆို၊ ကပြရန်နှင့် ကဗျာရွတ်ဆိုရန်အတွက် အသုံးပြုနိုင်ကာ ပုဂ္ဂလိက အိမ်တော်များ တွင်လည်း တည်ခင်းဧည့်ခံပွဲများနှင့် အခမ်းအနားများသို့ တက်ရောက်ဖျော်ဖြေရန် ဖိတ်ကြားနိုင်ပေသည်။ ၎င်းတို့၏ မိသားစုဝင်များပင်လျှင်…

ဧကရာဇ်မင်းကြီးက ဆက်လက်၍ မိန့်ကြားလိုက်သည်။

“ကျန်တဲ့ အရပ်သားတွေကိုတော့ သူတို့ ပေးဆောင်ရမယ့် အခွန်တွေကို ပေးဆောင်စေပြီး ပြစ်ဒဏ်စေ့ရင် ပြန်လွှတ်ပေးလိုက်”

ဤကိစ္စတွင် ပါဝင်ပတ်သက်နေသည့် မှူးမတ်ကတော်များနှင့် ပတ်သက်၍မူ ဧကရာဇ်မင်းကြီးသည် တစ်လုံး တစ်ပါဒမျှ ထည့်သွင်းမိန့်ကြားခြင်း မပြုတော့ချေ။ ဤမျှဖြင့်ပင် ဆွေးနွေးပွဲမှာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ အမတ်မင်းများ အားလုံးသည်လည်း အချိန်အခါကို သိရှိကြသဖြင့် ချက်ချင်းပင် တညီတညွတ်တည်း သံပြိုင် လျှောက်တင်လိုက်ကြတော့သည်။

“အရှင်မင်းကြီးက တကယ့်ကို အမြော်အမြင် ကြီးမားလှပါတယ် ဘုရား”

ထို့နောက်တွင်မူ ထုံးစံအတိုင်း “တင်ပြစရာ ကိစ္စရပ်များရှိလျှင် တင်ပြကြရန်၊ မရှိပါက ညီလာခံသိမ်းမည်” ဟူသော အစီအစဉ် စတင်ခဲ့သည်။ ဧကရာဇ်သည် အခြားသော နိုင်ငံတော် စီမံခန့်ခွဲရေး ကိစ္စအချို့ကို ဆက်လက် ဖြေရှင်းပြီးနောက်တွင်မူ စိတ်မရှည်တော့ဟန်ဖြင့် မင်းသမီး ချင်းဟယ်နှင့် ကျိဆွေ့တို့ကို ဝူရင်ဆောင်သို့ ချက်ချင်း ခေါ်ယူလိုက်တော့သည်။ သူသည် သိသိသာသာ စိတ်လှုပ်ရှားဒေါသထွက်နေပြီး သူတို့ကို ပြင်းထန်စွာ ကြိမ်းမောင်း လေတော့သည်။

“မင်းတို့နှစ်ယောက်ကြားမှာ တကယ်တမ်း ဘာတွေဖြစ်ပျက်နေတာလဲ၊ ချင်းဟယ် … အထူးသဖြင့် မင်းပဲ”

ဧကရာဇ်မင်းကြီးသည် အလွန်အမင်း ဒေါသထွက်နေသည်။

“အဲဒီ ဝန်ကြီးချုပ်ဆိုတဲ့ လူကြီးနဲ့ကရော ဘာကိစ္စလဲ၊ မင်းက အရွယ်ရောက်ပြီးသား အမျိုးသမီး တစ်ယောက်ပဲ၊ ဘယ်လိုလုပ် ဒီလိုမျိုး ကလေးကလား သရုပ်ဆောင်တာတွေကို လုပ်ရဲရတာလဲ”

ရုတ်တရက် အတွေးတစ်ခု ဝင်လာသဖြင့် သူ၏ မျက်နှာမှာ ဖြူလျော်သွားတော့သည်။

“ဒါမှမဟုတ်… မင်းက ဝန်ကြီးချုပ်သော်အပေါ် မလျော်ကန်တဲ့ စိတ်ခံစားချက်တွေ ရှိနေလို့လား”

သူ၏ ဟိန်းဟောက်သံကြီးက အဆောင်တော်တစ်ခုလုံးကို တုန်ဟည်းသွားစေခဲ့သည်။ မိမိ၏ လက်ချောင်းများကို စိုးရိမ်တကြီးဖြင့် ဆော့ကစားနေခဲ့သော မင်းသမီး ချင်းဟယ်သည် ဤစကားကို ကြားလိုက်ရသောအခါ ချက်ချင်း ခေါင်းမော့ကြည့်လိုက်ရာ လည်ပင်းပင် လည်ထွက်သွားမတတ် ဖြစ်သွားရှာသည်။

“ခမည်းတော်၊ ဝန်ကြီးချုပ်သော်က အသက် ၇၇ နှစ် ရှိနေပြီလေ”

သို့သော်လည်း မိမိ၏ အတွေးကမ္ဘာထဲတွင်သာ စုန်းစုန်းမြုပ်နေသော ဧကရာဇ်မှာမူ မိမိ၏ သံသယကိုသာ ပိုမို၍ ယုံကြည်သွားတော့သည်။ မဟုတ်ရင် သူမက ဘာဖြစ်လို့ အဲဒီလိုမျိုး ဇာတ်ကောင်စရိုက် သရုပ်ဆောင်တဲ့ ဂိမ်းတွေကို လိုက်ကစားနေရမှာလဲ။

ခေတ်ဟောင်း လူသားတစ်ဦး ဖြစ်သည့်အလျောက် ဧကရာဇ်မင်းကြီးတွင် “စိတ်ကူးယဉ်မှုနဲ့ လက်တွေ့ဘဝကို မရောထွေးပါနဲ့” ဟူသော အတွေးအမြင်မျိုး လုံးဝမရှိချေ။ သူသည် စိတ်ပျက်လက်ပျက်ဖြင့်သာ မြည်တမ်း မိတော့သည်။

“အမှန်ပဲ၊ ငါ့ရဲ့ ချစ်သမီးလေး၊ သူက အသက် ၇၇ နှစ်ကြီးတောင် ရှိနေပြီ”

မင်းသမီး ချင်းဟယ်: “…”

သူမသည် အသက်ရှူကျပ်မတတ် ခံစားလိုက်ရသဖြင့် အခြေအနေကို အမြန်ဆုံး ပြန်လည်ရှင်းပြလိုက်တော့သည်။

“ခမည်းတော် … ခမည်းတော် အတွေးလွန်နေပါပြီ၊ ဒီအခြေအနေ ရောက်မှတော့ သမီးတော်အနေနဲ့ ခမည်းတော်ကို အမှန်အတိုင်း အကုန်လုံး ထုတ်ပြောပါတော့မယ်”

ဧကရာဇ်: “ပြောစမ်း”

“သမီးတော် လက်မထပ်ခင်ကတည်းက ကျိဆွေ့နဲ့ စာချုပ်တစ်ခု ချုပ်ဆိုခဲ့တာ အမှန်ပါပဲ၊ သမီးတော်အနေနဲ့ အိမ်ထောင် မပြုချင်ခဲ့ပေမဲ့လဲ ခမည်းတော်က သမီးတော်ကို အပျိုကြီးဘဝနဲ့ နေခွင့်ပြုမှာ မဟုတ်ဘူးလေ၊ တစ်ဖက်မှာလဲ ကျိဆွေ့က သမီးတော် ကိုယ့်စိတ်ကြိုက် ဘဝကို ဖြတ်သန်းတာကို အရေးမစိုက်ဘူးလို့ ပြောတာကြောင့် သမီးတော်သူ့ကို လက်ထပ်ခဲ့တာပါ ဘုရား”

“ဪ၊ ဒါဆို မင်းတို့နှစ်ယောက်က ကိုယ့်လမ်းကိုယ် လျှောက်နေကြတာပေါ့”

ဧကရာဇ်မင်းကြီးသည် ခေါင်းညိတ်လိုက်သော်လည်း ချက်ချင်းပင် မျက်မှောင်ကုပ်သွားပြန်သည်။

“ဒါဆိုရင် ပျောက်ဆုံးသွားတဲ့ ငါကိုယ်တော်ရဲ့ မြေးမလေးကရော ဘာကိစ္စလဲ”

ဧကရာဇ်သည် ပုံမှန် စကားပြောဆိုရာတွင် မိမိကိုယ်မိမိ နန်းတွင်းသုံး စကားလုံးများ သိပ်မသုံးတတ်သော်လည်း အခြေအနေ အလေးအနက်ဖြစ်လာသောအခါတွင်မူ သူ၏ အာဏာစက်အရှိန်အဝါက ချက်ချင်း ထွက်ပေါ် လာတော့သည်။ သူသည် စူးရှလှသော အကြည့်များဖြင့် ကျိဆွေ့ထံသို့ လှည့်ကာ မျက်မှောင်ကုပ်လိုက်ရင်း မေးမြန်းလိုက်သည်။

“သူမက… မင်းနဲ့ မင်းရဲ့ ဇနီးဟောင်းကြားက ရလာတဲ့ သမီးတော့ မဟုတ်ဘူးမလား”

ကျိဆွေ့ မတုံ့ပြန်နိုင်သေးမီမှာပင် မင်းသမီး ချင်းဟယ်က ဒေါသတကြီးဖြင့် ဝင်ရောက် ချေပလိုက်တော့သည်။

“ခမည်းတော် ဘာတွေ လျှောက်မိန့်နေတာလဲ ဘုရား၊ အဲ့ဒါ သမီးတော် ဝမ်းနဲ့ ဆယ်လပြည့်အောင် လွယ်ထားခဲ့ရတဲ့ သမီးအရင်းလေးပါ ဘုရား၊ ခမည်းတော်တစ်ယောက် စစ်ထွက်နေရရုံနဲ့တင် သမီးတော် ကိုယ်ဝန်ရှိတာကို မသိနိုင်လောက်အောင် ဖြစ်ရမလား ဘုရား”

သူမသည် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် ဝဲလာခဲ့ပြီး ခံစားချက်အပြည့်ဖြင့် ဆက်လက် လျှောက်တင်လေသည်။

“သူမလေးက နို့စို့ကလေးအရွယ်တုန်းကတင် ပျောက်ဆုံးသွားခဲ့တာပါ၊ ကျိဆွေ့က သူမကို ရှာဖွေခဲ့တာ နှစ်ပေါင်း သုံးဆယ်ကျော် ရှိနေပြီ ဖြစ်သလို သမီးတော်လဲ သူမ ဘယ်ရောက်နေလဲဆိုတာကို ခဏခဏ လိုက်လံ စုံစမ်းခဲ့တာပဲ၊ ဒါကို ခမည်းတော် ကိုယ်တိုင်လဲ မြင်တွေ့ဖူးတာပဲ မဟုတ်လား၊ ဘာလို့ သံသယဝင် နေရတာလဲ”

ဧကရာဇ်သည် သံသယ မကင်းသေးပေ။

“ဒါပေမဲ့ လူတွေပြောတာတော့ မင်းတို့ လက်ထပ်ပြီးကတည်းက ကျိဆွေ့နဲ့ မင်းက အိပ်ရာတ စ်ခုတည်း အတူတူ တစ်ခါမှ မအိပ်ခဲ့ကြဘူးဆို”

မင်းသမီး ချင်းဟယ်: “… တကယ်တော့ သမီးတော်နဲ့ ကျိဆွေ့က အစပိုင်းတုန်းက စိတ်ကစားပြီး အတူတူ နေမိခဲ့ကြတာပါ၊ ကျွန်တော်မျိုးမမှာ ကိုယ်ဝန်ရှိလာတာကို သိရတဲ့အချိန်ကျမှ ကျိဆွေ့က ခမည်းတော်ထံကို လာပြီး ထိမ်းမြား လက်ထပ်ဖို့ ခွင့်ပန်ခဲ့တာ ဖြစ်ပါတယ်”

ကျိဆွေ့မှာမူ ထူးဆန်းသော တိတ်ဆိတ်ခြင်းများဖြင့် ငြိမ်သက်သွားတော့သည်။

ဧကရာဇ်သည် လုံးဝ မှင်တက်သွားခဲ့ရသည်။

“ကျိဆွေ့၊ ဟုတ်လား၊ စိတ်ကစားပြီး အတူတူနေတယ် ဟုတ်လား၊ သူက ညစ်ထေးတဲ့ စရိုက်တွေကို အရမ်း မုန်းတီးတတ်တဲ့သူ မဟုတ်ဘူးလား”

“…”

မင်းသမီး ချင်းဟယ်သည် ကျိဆွေ့၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်လိုက်ရင်း ရှက်သွေးဖြာနေသော အမူအရာဖြင့် သူ့ထံသို့ မှီတွဲလိုက်ကာ ပြောလိုက်သည်။

“အချစ်က အရာရာကို အောင်နိုင်တယ်လေ ဘုရား”

ဧကရာဇ်: “…”

ကျိဆွေ့: “…”

နောက်ဆုံးတွင် ကျိဆွေ့က တည်ကြည်လေးနက်စွာဖြင့်ပင် ပြောလိုက်သည်။

“မှန်လှပါ အရှင်မင်းကြီး၊ အခြေအနေက အဲဒီအတိုင်းပဲ ဖြစ်ခဲ့ပါတယ် ဘုရား”

ဧကရာဇ်မင်းကြီးက ဆက်လက်၍ ဇွတ်အတင်း မေးမြန်းပြန်သည်။

“ဒါဆိုရင် ဘာဖြစ်လို့ မင်းတို့တွေက အခုထိ …”

မင်းသမီး ချင်းဟယ်သည် ခမည်းတော်ဖြစ်သူ ဧကရာဇ်က ဤမျှလောက်အထိ အခြေအနေကို အကွက်စေ့စေ့ အလျင်အမြန် တွေးတောမိလိမ့်မည်ဟု မျှော်လင့်မထားခဲ့သဖြင့် အငိုက်မိသွားရှာသည်။

သို့သော်လည်း ကျိဆွေ့ကမူ မျက်လုံးများကို ခဏမျှ စုံမှိတ်လိုက်ပြီးနောက်တွင်မှ ပြတ်သားသော လေသံဖြင့် ကြေညာလိုက်တော့သည်။

“ကျွန်တော်မျိုးရဲ့ သမီးလေး ပျောက်ဆုံးသွားပြီးတဲ့နောက်မှာတော့ … အမျိုးသမီးတွေနဲ့ သံယောဇဉ်ဖြစ်ဖို့ ဘယ်လိုမှ စိတ်မပါတော့တာပါ ဘုရား”

ထိုအခါမှ ဧကရာဇ်မင်းကြီးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနိုင်တော့သည်။

“ဪ၊ ဒါဆိုရင် ငါ့ရဲ့ မြေးမလေး အရင်းပဲပေါ့၊ ပြဿနာက မင်းကိုယ်တိုင်က စွမ်းဆောင်ရည်မရှိ ဖြစ်နေတာကိုး”

အစောပိုင်းတုန်းက မင်းသမီး ချင်းဟယ် စိတ်မကောင်းဖြစ်အောင် မိန့်ကြားခဲ့မိသည်ကို ပြန်လည်သတိရသွားသဖြင့် ဧကရာဇ်မင်းကြီးမှာ အနည်းငယ် အားနာစိတ်ဝင်သွားမိသည်။ သူသည် အဖျားဆွတ်သည့်အနေဖြင့် သမီးတော်အား အဖိုးတန်ရတနာများစွာကို ဆုလာဘ်အဖြစ် ပေးသနားခဲ့သည့်အပြင် သူမ တောင်းဆိုသည့် အခွင့်အရေးအချို့ကိုပါ လိုက်လျောပေးမည်ဟု ကတိပြုလိုက်သဖြင့် နောက်ဆုံးတွင်တော့ မင်းသမီးမှာ စိတ်ပြန်လည် ရွှင်လန်း သွားတော့သည်။

မိမိသိချင်သော အဖြေများကို ကျေနပ်အောင် ရရှိသွားပြီဖြစ်သဖြင့် ဧကရာဇ်သည် စာရေးတံကို ပြန်လည် ကောက်ကိုင်လိုက်သည်။

“ကောင်းပြီလေ၊ စာချုပ်လက်ထပ်ပွဲဆိုလည်း ထားလိုက်တော့”

မည်သို့ပင်ဆိုစေကာမူ သူ၏ သမီးတော်က မှားနေသည့်သူ မဟုတ်ပေ။

“မင်းတို့ သွားကြတော့”

“မှန်လှပါ ခမည်းတော်/အရှင်မင်းကြီး၊ သမီးတော်/ကျွန်တော်မျိုး ထွက်ခွာခွင့်ပြုပါဦး ဘုရား”

ဧကရာဇ်သည် လျှောက်လဲချက် မှတ်တမ်းများကို ပြန်လည်စစ်ဆေးရန် ခေါင်းငုံ့လိုက်သဖြင့် သမီးတော်ဖြစ်သူ အဆောင်တော်ထဲမှ ထွက်ခွာသွားချိန်တွင် သူမ၏ မျက်နှာပေါ်၌ ပေါ်လွင်သွားသော သက်ပြင်းချနိုင်သည့် စိတ်သက်သာရာရမှု အမူအရာကို လုံးဝ မမြင်လိုက်ရချေ။

နန်းတော် တံခါးကြီး၏ အပြင်ဘက်သို့ ရောက်ရှိလာသောအခါ မင်းသမီး ချင်းဟယ်သည် ကျိဆွေ့ကို မျက်စောင်း တစ်ချက်ထိုးကာ ကြည့်လိုက်သည်။

“ရှင် နောက်ပိုင်း ပိုပြီး သတိထားတာ ကောင်းလိမ့်မယ်”

ကျိဆွေ့သည် ခြေလှမ်းများကို ခေတ္တရပ်လိုက်ပြီး ဦးညွှတ်ကာ ပြောလိုက်သည်။

“မင်းသမီးလေးကို ကျေးဇူးတင်ပါတယ် ဘုရား”

မင်းသမီး ချင်းဟယ်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။

“ကျွန်မကို ကျေးဇူးတင်တယ် ဟုတ်လား၊ ဒါက နှစ်ဦးနှစ်ဖက် အကျိုးစီးပွား အတွက်ပဲလေ”

သူမသည် လှည့်ထွက်သွားပြီး မိမိ၏ မြင်းလှည်းပေါ်သို့ တက်လိုက်တော့သည်။ ကျိဆွေ့ကို စောင့်ဆိုင်းခြင်း မပြုဘဲ မြင်းလှည်းကြီးမှာ စတင်ထွက်ခွာသွားခဲ့၏။ ထိုစဉ် ကျိဆွေ့သည် ရုတ်တရက် ရှေ့သို့ အမြန်တိုးသွားပြီး မြင်းလှည်း လိုက်ကာကို ပင့်မြှောက်လိုက်ရင်း ပြောလိုက်သည်။

“ကျွန်တော်မျိုး မကြာခင်မှာ ဝေးလံတဲ့ နယ်စပ် ဒေသတစ်ခုမှာ မြို့ဝန်အဖြစ် သွားရောက်တာဝန်ထမ်းဆောင်ဖို့ ရာထူး အပြောင်းအရွှေ့ တောင်းဆိုဖို့ စီစဉ်ထားပါတယ် ”

သူက ဆက်ပြောလိုက်သည်။

“ကျွန်တော်မျိုး ချီအာကို ကယ်တင်ပြီးတာနဲ့ ပုဂ္ဂလိက တည်ခင်း ဧည့်ခံပွဲတစ်ခု ပြုလုပ်ပြီး ကျွန်တော်မျိုးရဲ့ သမီးလေးကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ ရှုရန်မြောင်ကို ဖိတ်ကြားဖို့ စီစဉ်ထားပါတယ်၊ မင်းသမီးလေးအနေနဲ့ အဲဒီနေ့ကျရင် ဧည့်ခံပွဲကို မတက်ရောက်ဘဲ ရှောင်ရှားပေးနိုင်မလား”

မင်းသမီး ချင်းဟယ်သည် သူ့ကို စပ်စုလိုသော အကြည့်ဖြင့် ကြည့်လိုက်ပြီးမှ ခေါင်းညိတ်ပြလိုက်တော့သည်။

မြင်းလှည်းကြီးမှာ တဖြည်းဖြည်းချင်း ဝေးကွာသွားခဲ့ပြီ ဖြစ်၏။

ကျိဆွေ့သည် လှည့်ပြန်လာခဲ့ပြီး နန်းတော်ထဲသို့ တစ်ခါပြန် ဝင်ရောက်လာခဲ့သည်။

ဧကရာဇ်မှာ အံ့ဩသွားရသည်။

“မင်း ဘာလို့ ပြန်လာတာလဲ”

ကျိဆွေ့က လျှောက်တင်လိုက်၏။

“အရှင်မင်းကြီး … အရှင်မင်းကြီးအနေနဲ့ အမျိုးသမီးများအတွက် သင်ခန်းစာဆိုတဲ့ စာအုပ်ကို မှတ်မိပါသေးသလား ဘုရား”

ဧကရာဇ်သည် စာရေးတံကို ကိုင်ကာ တွေးတောရင်း နားထင်ကို ပွတ်လိုက်ပြီးမှ ရုတ်တရက် အော်ဟစ် လိုက်တော့သည်။

“အာ၊ ငါ တစ်ခုခုကို မေ့နေတယ်လို့ တွေးနေတာ၊ အဲ့ဒီ့စာအုပ်ကို ရေးတဲ့သူက အခုထိ နန်းတွင်း အစောင့် တပ်ဖွဲ့ရဲ့ ထိန်းသိမ်းမှုအောက်မှာ ရှိနေတုန်းပဲကိုး”

“ဒါက စိုးရိမ်စရာ မဟုတ်ပါဘူး အရှင်မင်းကြီး၊ ဒါပေမဲ့ ကျွန်တော်မျိုး မင်းကြီးကို လျှောက်တင်စရာ ရှိတာကတော့ …”

----------------------------------------------------------------------------------------

ရှုရန်မြောင်တစ်ယောက် မှင်တက်သွားရသည်။

“တော်ဝင် မြေးတော်က ပြန်လွတ်လာတော့မယ် ဟုတ်လား”

မိမိကိုယ်မိမိ ကြွားဝါချင်သဖြင့် ရောက်ရှိလာခြင်းဖြစ်သော မင်းသမီး ရှန်းယန်သည် ကျေနပ်အားရသော မျက်နှာပေးဖြင့် ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်သည်။

“ဘယ်လိုလဲ၊ မင်းက အမြဲတမ်း အရာရာတိုင်းမှာ ငါ့ထက် အရင်ဦးအောင် သိနေကျဆိုပေမဲ့ ဒီတစ်ကြိမ်မှာတော့ မင်း ကြိုပြီး မသိခဲ့ဘူး မဟုတ်လား”

အမှန်ပင်၊ ရှုရန်မြောင်တစ်ယောက် ကြိုတင်၍ မသိရှိခဲ့ချေ။

အတင်းအဖျင်း စနစ်ကြီးမှာ အလွန်အမင်း ကျယ်ပြန့်လွန်းလှသဖြင့် သတင်းအချက်အလက်အသစ်မှန်သမျှကို အချိန် ကွက်တိ ချက်ချင်း လိုက်လံဖမ်းဆုပ်ရန် မလွယ်ကူသောကြောင့် ဖြစ်၏။ သူသည် စပ်စုလိုသောစိတ်ဖြင့် မေးမြန်းလိုက်သည်။

“မင်းသမီး ဒါကို ဘယ်လိုမျိုး အဆင်ပြေအောင် လုပ်လိုက်တာလဲ”

မင်းသမီး ရှန်းယန် မိမိ၏ လက်သည်းကို ကိုက်လိုက်ရင်း၊ သူမ၏ စကားလုံးများကို သေသေချာချာ ရွေးချယ်ကာ ပြန်လည် ပြောပြရှာသည်။

“အင်း… ငါ့ရဲ့ ဒုတိယ ခဲအို ပြောပြတာတော့ ကျိဆွေ့က ဧကရာဇ်နဲ့အတူ ထိုင်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ အချေအတင် ဆွေးနွေးခဲ့ကြတယ်တဲ့၊ တော်ဝင် မြေးတော်ကို အပြစ်တင်လို့မရဘူး၊ အဓိက အပြစ်က သီလ မရှိတဲ့ ကြင်ယာတော်ချင်ရဲ့ အမှားကြောင့်သာ ဖြစ်တယ်လို့ သူက အခိုင်အမာ ချေပခဲ့တာလေ၊ သူက အမျိုးသမီးများအတွက် သင်ခန်းစာ စာအုပ်ထဲက အချက်အချို့ကိုတောင် ထုတ်နုတ်ကိုးကားပြီး အပြစ်တွေ အားလုံးကို သူမအပေါ် ပုံချပစ်လိုက်တာတဲ့၊ အဲဒါကြောင့်ပဲ အရှင်မင်းကြီးက နှစ်သစ်ကူး အကြိုညမှာ တော်ဝင် မြေးတော်ကို ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်တာပေါ့”

“ဪ”

ရှုရန်မြောင် မျက်တောင်ခတ်လိုက်မိသည်။

“ဒါပေမဲ့…”

မနေ့ညက သူ တအံ့တဩ သိလိုက်ရသော အတင်းအဖျင်း သတင်းတစ်ခုကို မည်သို့သောနည်းဖြင့် ကျိဆွေ့ထံသို့ လျှို့ဝှက်စွာ မျှဝေပေးရမလဲဟူ၍ တွေးတောမိနေသောကြောင့် ဖြစ်သည်။

မင်းသမီး ရှန်းယန် ဇဝေဇဝါ ဖြစ်သွားရသည်။

“ဒါပေမဲ့… ဘာဖြစ်လို့လဲ”

ရှုရန်မြောင်သည် စိတ်ရှုပ်ထွေးစွာဖြင့် သူ၏ ခေါင်းကို ကုတ်လိုက်မိတော့သည်။ အဘယ်ကြောင့်ဆိုသော် ကြင်ယာတော်ချင် ဆိုသည်မှာ ကျိဆွေ့၏ မြေးမလေး အရင်းခေါက်ခေါက် ဖြစ်နေသောကြောင့်ပင်။

All Chapters