ဝါး... မင်းသားငယ်လေးက သူ့အဘိုးအတွက် အစွမ်းကုန် ကြိုးစားနေတာပဲ (၁)
Vol. 4 Ch. 57
ရှုရန်မြောင် တစ်ယောက် တကယ့်ကို စိတ်ရှုပ်ထွေး စိုးရိမ်ပူပန်နေမိတော့သည်။
မင်းသမီး ရှန်းယန်နှင့် လမ်းခွဲပြီးနောက် သူသည် အရှေ့ဈေးဘက်သို့ လျှောက်လှမ်းလာခဲ့ပြီး ချဉ်ချဉ်စပ်စပ် ခရုပတ်အိတ်ကို စိတ်ပျက်လက်ပျက်ဖြင့် တမြုံ့မြုံ့ ဝါးစားနေမိသည်။
“အရသာရှိတာပဲ”
မျှော်လင့်ထားသည့်အတိုင်းပင် အစားအစာတစ်ခုခုကို စားသောက်လိုက်ရခြင်းက သူ့ထံသို့ ပျော်ရွှင်မှုများကို ပြန်၍ ယူဆောင်လာပေးခဲ့ပြန်ပြီ။
သူသည် ခရုပတ်များကို အားရပါးရ စားသုံးနေရင်းမှ စိတ်ကူးကမ္ဘာထဲတွင် လွင့်မျောနေမိပြီး မျက်နှာပေါ်၌ ကျေနပ် အားရမှု အရိပ်အယောင်များ ပြန်လည်လင်းလက်လာခဲ့သည်။
ကျိဆွေ့အနေဖြင့် သူ၏သမီးကို ဆုံးရှုံးခဲ့ရပြီး ထိုသမီးမှတစ်ဆင့် မြေးမလေးတစ်ယောက် ကျန်ရစ်ခဲ့သည်ဟူသော ကိစ္စနှင့် ပတ်သက်၍မူ ရှုရန်မြောင်အနေဖြင့် လက်ခံနိုင်စရာ ရှိပေသည်။ အဆိုးဆုံးအခြေအနေ ရောက်လာလျှင်ပင် သူသည် စာတစ်စောင်ကို လျှို့ဝှက်စွာ ရေးသားပြီး ကျိဆွေ့၏ အိမ်တော်ထဲသို့ အမည်မဖော်ဘဲ လှမ်းပစ်ထည့် ပေးလိုက်ရုံသာ ရှိသည် မဟုတ်ပါလား။
“ဒါ မုန်ညင်းချဉ်လား၊ ငါ တစ်အိုး ယူမယ်”
“ဒါတွေက ဘဲခြေထောက်တွေလား၊ တစ်အိတ်လောက် ပေးပါ”
“ပြီးတော့ ဒီ ဖရဲစေ့လှော်ကော၊ တစ်ထုပ် ပေးပါ”
“ဟိုဟာလဲ ပေးပါဦး…”
သူ အရှေ့ဈေးမှ ပြန်ထွက်ခွာလာချိန်တွင် လမ်းသွားလမ်းလာများအားလုံးက ကံကောင်းလှသော ထိုလူငယ်လေးကို စိုးရိမ်တကြီးဖြင့် ဝိုင်းဝန်းစိုက်ကြည့်နေကြတော့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဝယ်ယူလာခဲ့သော ပစ္စည်း အပုံကြီးအောက်တွင် အသည်းအသန် သယ်ပိုးလာနေရသည့်အပြင် ပါးစပ်ကလည်း ချဉ်ချဉ်စပ်စပ် ခရုပတ်အိတ်ကို ကိုက်ထားဆဲ ဖြစ်သောကြောင့် ဖြစ်၏။
သူတို့ အဓိက စိုးရိမ်နေကြတာက ဘာလဲ။ သူ လမ်းမှာ ခလုတ်တိုက်ပြီး မှောက်ခုံကြီး လဲကျသွားမှာကိုပဲ ဖြစ်သည်။
သူသည် အလှကုန်ဆိုင်တစ်ဆိုင်၏ ရှေ့မှ ဖြတ်လျှောက်လာစဉ် ရုတ်တရက် အသံချဲ့စက်ဖြင့် အော်ဟစ်နေသည့် အလား ရင်းနှီးလွန်းလှသော ဟိန်းထွက်သံကြီးတစ်ခုကို ကြားလိုက်ရတော့သည်။
“ကျောက်စိမ်းပန်း မျက်နှာချေမှုန့် ခြောက်ဘူး ပေးပါ”
“'မက်မွန်ပွင့် အပျိုစင် ရင်ခတ်မှုန့် ခြောက်ဘူ”
“စန္ဒကူး မီးသွေးချောင်း ခြောက်ချောင်း”
“ပြီးတော့…”
*နေပါဦး… ဒီပြောပုံဆိုပုံ လေသံက ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ*
ရှုရန်မြောင်သည် ဆိုင်ထဲသို့ ခေါင်းပြူပြီး ချောင်းကြည့်လိုက်ရာ ဆိုင်ထဲတွင် ရှိနေသူမှာ အခြားသူမဟုတ်ဘဲ အိမ်ရှေ့စံ ကိုယ်တိုင် ဖြစ်နေသည်ကို ကွက်တိ မြင်တွေ့လိုက်ရတော့သည်။
တစ်စုံတစ်ယောက်က မိမိကို စိုက်ကြည့်နေသည်ကို ရိပ်မိသွား၍လားမသိ၊ အိမ်ရှေ့စံ မင်းသားသည် လှည့်ကြည့် လာခဲ့သည်။ သူသည် ထူးဆန်းပြီး ရယ်ချင်ပတ်ကျိ ဖြစ်နေသော မျက်နှာပေးဖြင့် ရပ်နေသည့် ရှုရန်မြောင်နှင့် မျက်လုံးချင်း ကွက်တိ ဆုံသွားတော့သည်။ ရှုရန်မြောင်၏ စိတ်ထဲတွင်မူ အော်ဟစ်ရေရွတ်သံကြီးက ဟိန်းထွက်လာခဲ့၏။
[ဝိုး… အားလုံးကို ခြောက်ခုစီ ဝယ်နေတာပါလား၊ ဘဝကို အပြည့်အဝ အသုံးချပြီး အပီအပြင် ကဲနေတာပဲ ဟုတ်လား]
တကယ့်ကို အသက်အန္တရာယ်စိုးရိမ်ရလောက်အောင် ပြင်းထန်လှသော အတွေးပင်။
အိမ်ရှေ့စံ မင်းသားသည် မိမိကိုယ်မိမိ မနည်းကြီး ထိန်းချုပ်ထားရသည့် အမူအရာဖြင့် အလျင်အမြန် ရှင်းပြလိုက်ရသည်။
“ဒါတွေက ငါ့ရဲ့ မယ်တော်အတွက်၊ ဟိုဟာတွေက ငါ့ဇနီးအတွက်၊ ပြီးတော့ ဟိုဘက်ကဟာတွေကတော့ ငါ့ရဲ့ သမီးလေး လေးယောက်အတွက်”
ရှုရန်မြောင် မျက်တောင်ခတ်လိုက်မိသည်။
“ဪ”
[ဒါတွေအတွက် သုံးဖို့ကိုး…]
*သူ့ရဲ့ စိတ်တွင်းရေရွတ်သံက ဘာဖြစ်လို့ ဒီလောက်တောင် စိတ်ပျက်လက်ပျက် ဖြစ်သွားရတာလဲ၊ မင်း စိတ်ကူးယ ဉ်အထင်ကြီးနေတဲ့ အိမ်ရှေ့စံ မင်းသားမျိုး မဟုတ်ခဲ့တဲ့အတွက် စိတ်မကောင်းပါဘူးကွာ၊ ရပြီလား*
မိမိအနေဖြင့် အထင်လွဲသွားခဲ့သည်ကို သဘောပေါက်သွားပြီးနောက် ရှုရန်မြောင်သည် ချက်ချင်းပင် လစ်ထွက်ရန် ပြင်ဆင်ကာ အလျင်အမြန် ဆုတ်ခွာသွားတော့သည်။
[တော်သေးတာပေါ့… ငါ ဒါကို စိတ်ထဲကနေပဲ တိတ်တဆိတ် တွေးလိုက်မိလို့။
နောက်တစ်နေ့ ညီလာခံတွင်မူ ရှုရန်မြောင်သည် သူ၏ စိတ်တွင်း အတင်းအဖျင်းဖတ်ရှုမှုကို ဆက်လက်၍ နစ်မြော နေပြန်သည်။
[ဘာလို့ အခုထိ နှစ်သစ်ကူး အကြိုည မရောက်သေးတာလဲ၊ မှူးမတ်တွေအတွက် ရုံးပိတ်ရက် အခမ်းအနား ကရော ဘယ်တော့မှ ကျင်းပမှာလဲ၊ ငါ ဘယ်တော့မှ အိပ်ရာထဲမှာ အေးအေးဆေးဆေး စောစောစီးစီး လှဲနေလို့ ရမှာလဲ၊ နေပါဦး၊ ကြင်ယာတော်ချင် အခု ဘာတွေ လုပ်နေလဲဆိုတာ တစ်ချက်လောက် ကြည့်လိုက်ဦးမယ်]
ဤရုတ်တရက် အကွေ့အပြောင်းကြောင့် ညီလာခံခန်းမရှိ မှူးမတ်အပေါင်းတို့မှာ မိမိတို့၏ တည်ငြိမ်မှုများကို သဲသဲကွဲကွဲ ပျက်ပြားလုနီးပါး ဖြစ်သွားခဲ့ရသည်။
ဧကရာဇ်၏ မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွားတော့သည်။
*အဒြအရှုပ်တော်ပုံကြီး ဖြစ်ခဲ့တာ နှစ်လနီးပါး ရှိနေတာတောင် ရှုရန်မြောင်က ကြင်ယာတော်ချင်လအကြောင်းကို အခုထိ ဖော်နေတုန်းပဲလား၊ သူ သူမအကြောင်းကို လုံးဝ မေ့ပစ်လိုက်လို့ မရဘူးလား*
ဧကရာဇ်ကိုယ်တိုင်လည်း မိမိ၏ "မြေးအရင်းက ဦးထုပ်စိမ်း ဆောင်းပေးခဲ့တယ်" ဟူသော ကပ်ဘေးဆိုးကြီးကို စိတ်ထဲကနေ မနည်းကြီး ဖျောက်ဖျက်ထားရခြင်း ဖြစ်၏။ နန်းတွင်းမှူးမတ်များအားလုံးသည်လည်း ရင်ထဲကနေ တဆတ်ဆတ် ခေါင်းညိတ်နေကြမိသည်။
'သူမအကြောင်းကို မေ့ပစ်လိုက်ပါတော့၊ ဧကရာဇ်ရဲ့ မြေးတော်နဲ့ ကြင်ယာတော်ကြားက ကြီးမားလှတဲ့ အရှုပ်တော်ပုံကြီးကြောင့် ငါတို့ ခေါင်းပြုတ်ပြီး မသေချင်ကြဘူး*
*ဒါနဲ့ စကားမစပ်… ကြင်ယာတော်ချင် အခုထိ အသက်ရှင်လျက် ရှိနေတုန်းပဲလား*
နန်းတော်ဘက်က မည်သည့်သတင်းမျှ ထွက်မလာသဖြင့် အမတ် တော်တော်များများသည် ဧကရာဇ်က သူမကို တိတ်တဆိတ် ကွပ်မျက်ပစ်လိုက်ပြီဟုသာ ထင်မှတ်နေခဲ့ကြခြင်း ဖြစ်သည်။
[သူမက ဘာဖြစ်လို့ လှေကားပေါ်ကနေ တမင်သက်သက် လှိမ့်ချပစ်ရတာလဲ၊ သူမက ကိုယ်ဝန်ပျက်ကျအောင် တမင် လုပ်နေတာလား]
အခွန် ဘဏ္ဍာရေး ဝန်ကြီးသည် ထိတ်လန့်လွန်းသဖြင့် မိမိ၏ မုတ်ဆိတ်မွေးတစ်ပင်ကိုပင် ဆွဲနှုတ်မိသွားပြီး ဧကရာဇ်၏ နန်းပလ္လင်ဆီသို့ မသိမသာ ခိုးကြည့်လိုက်မိသည်။
သူသည် ကြင်ယာတော်ချင် အသက်ရှင်နေသေးသည်ဟု သံသယဝင်မိခြင်းမှာ သူမတွင် ဧကရာဇ်၏ မြေးတော်နှင့် ရရှိထားသော သန္ဓေသား ရှိနေသောကြောင့် ဖြစ်၏။ ၎င်းမှာ တရားမဝင်သော ကလေးတစ်ဦး ဖြစ်နေလျှင်ပင် ဧကရာဇ်သည် မိမိ၏ သွေးသားတော်စပ်မှုကို အလွန်အမင်း တန်ဖိုးထားတတ်သူ ဖြစ်သည်။ အထူးသဖြင့် ၎င်းမှာ သူ၏ မြေးတော်၏ ပထမဆုံးသော ရင်သွေးဖြစ်နေသောကြောင့် ဇွတ်အတင်း နှိပ်စက်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ယခုအခါတွင်မူ ဧကရာဇ်သည် ဝုန်းခနဲ မတ်တတ်ရပ်လိုက်တော့သည်။
သူသည် ညီလာခံခန်းမထဲမှ နောက်တစ်ကြိမ် ထွက်ခွာသွားခဲ့ပြန်ပြီ။ အမတ်မင်းများကို ဤအတိုင်း နောက်တစ်ကြိမ် စွန့်ပစ်ထားခဲ့ပြန်လေပြီ။
နောက်တစ်ကြိမ် အလွန်အမင်း အရေးတကြီးဖြင့် ပြေးထွက်သွားခဲ့ပြန်၏။
[ဟင်…]
ရှုရန်မြောင်သည် ဘာကိုမျှ မရိပ်မိဘဲ စိတ်ထဲကနေ ရေရွတ်လိုက်မိသည်။
[ဘာလို့ ညီလာခံက ထပ်ပြီး အဖြတ်ခံလိုက်ရပြန်တာလဲ]
မှူးမတ်များ: *မင်းကော ဘယ်လိုထင်လို့လဲ*
*အဲ့ဒါ ဧကရာဇ်ရဲ့ မြစ်တော်လေ၊ သူ သိပ်ချစ်တဲ့ မြေးတော်ရဲ့ ပထမဆုံး ကလေးပဲ၊ သူ ဘယ်လိုလုပ် စိုးရိမ်ပူပန်ခြင်း မရှိဘဲ နေနိုင်ပါ့မလဲ၊ သေချာပေါက် အိမ်ရှေ့စံမင်းသားကိုယ်တိုင်တောင် …*
“ဒါက … ကြင်ယာတော်ချင်ကတော့ တကယ့်ကို သနားစရာကောင်းလှပါတယ်”
တစ်စုံတစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်သည်။
ဝန်ကြီးချုပ်သော်ကလည်း ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်မိသည်။
သူမသည် အသက်ရှင်လျက် ကောင်းမွန်စွာ ရှိနေခဲ့သော်လည်း ယခုအခါတွင်မူ မိမိသည် ဧကရာဇ်၏ မြေးတော်ကို မြူဆွယ် ဖျားယောင်းခဲ့ပြီး သီလစာရိတ္တ မရှိပါဘူးဟူသော ကောလာဟလများကြောင့် မိမိ၏ ကိုယ်ဝန်နှင့် မိမိ၏ အသက်ကိုပါ အဆုံးသတ်ရန် ကြိုးစားနေရရှာပြီ ဖြစ်သည်။
“တကယ်လို့သာ ငါ့ရဲ့ အသုံးမကျတဲ့ သားက ကယ်တင်ရှင်ကို ငွေကြေးနဲ့ဖြစ်ဖြစ်၊ ရာထူးဂုဏ်ဒြပ်နဲ့ဖြစ်ဖြစ် သေသေချာချာ စောင့်ရှောက်ပေးခဲ့ရင် အခြေအနေတွေက ဒီလောက်အထိ ဆိုးရွားသွားမှာ မဟုတ်ဘူး”
ယဉ်ကျေးမှုဝန်ကြီးက ခေါင်းညိတ်လိုက်သည်။
*အမှန်ပဲ၊ တကယ်လို့ ဧကရာဇ်ရဲ့ မြေးတော်သာ ကျင့်ဝတ်သိက္ခာရှိရှိ ပြုမူခဲ့မယ်ဆိုရင် ဒါမျိုးတွေ ဖြစ်လာမှာ— နေပါဦး၊ ဘာကြီးလဲ၊ အသုံးမကျတဲ့ သား ဟုတ်လား*
ဝန်ကြီးချုပ်နှင့် ဝန်ကြီး ခြောက်ပါးစလုံးသည် တပြိုင်နက်တည်း ပြိုင်တူ ခေါင်းလှည့်ကြည့်လိုက်ကြတော့သည်။
“အိမ်ရှေ့စံမင်းသား”
အိမ်ရှေ့စံမင်းသားသည် ကြင်ယာတော်ချင်အပေါ် စာနာနားလည်ပေးနေသည့်အလား တွေးတောငေးမောနေသည့် အမူအရာ ဖြစ်နေသည်။ သူသည် မှူးမတ်များ၏ ထိတ်လန့် အံ့ဩနေကြသော မျက်နှာပေးများကို သတိပြုမိ သွားသောအခါ တကယ်ပဲ ဘာမှမသိနားမလည်သည့် ပုံစံဖြင့် ဇဝေဇဝါ ပြန်မေးလေသည်။
“မင်းတို့ မျက်နှာတွေက ဘာဖြစ်နေကြတာလဲ”
*အိမ်ရှေ့စံမင်းသား*
ယဉ်ကျေးမှု ဝန်ကြီးမှာမူ မိုးကြိုးပစ်ချခံလိုက်ရသည့်အလား မှင်တက်သွားရသည်။
“အိမ်ရှေ့စံမင်းသား … အဲဒါ ဧကရာဇ်မင်းကြီးရဲ့ မြေးတော်လေ ဘုရား၊ ကြင်ယာတော်ချင် ဝမ်းနဲ့လွယ်ထားတာက အိမ်ရှေ့စံမင်းသားရဲ့ သားဦး အိမ်ရှေ့စံ မြေးလေးပါ ဘုရား”
*ဘာဖြစ်လို့ အိမ်ရှေ့စံမင်းသားက ကိုယ့်ရဲ့ တိုက်ရိုက် မျိုးဆက်ထက် အဲ့ဒီကြင်ယာတော်ကိုပဲ ပိုပြီး စိုးရိမ်ပူပန် ပေးနေရတာလဲ*
“အဲဒါ ဘာဖြစ်လဲ”
အိမ်ရှေ့စံမင်းသားက ရိုးရိုးသားသားပင် ပြန်လည် ရှင်းပြလိုက်သည်။
“ဝန်ကြီးတို့၊ ကိုယ်တော်တို့ မိသားစုက လယ်သမားမျိုးရိုးက ဆင်းသက်လာတာလေ၊ ကိုယ်တော်တို့တွေက ကျွန်တွေ၊ သူတောင်းစားတွေ၊ စစ်ပြေးဒုက္ခသည်တွေ၊ စစ်သားတွေနဲ့ စစ်သား မိသားစုတွေ ဖြစ်ခဲ့ဖူးတာ…”
ပတ်ဝန်းကျင်ရှိ မှူးမတ်အပေါင်းတို့မှာမူ မိမိတို့၏ နားများကိုသာ တင်းတင်းပိတ်ထားချင်ကြတော့သည်။
အိမ်ရှေ့စံမင်းသားအနေဖြင့် ဤသို့သော စကားမျိုးကို ဗြောင်ကျကျ ပြောဆိုနိုင်သော်လည်း သူတို့လို အောက်ခြေ မှူးမတ်တွေအနေဖြင့်မူ ဤအရာကို နားမထောင်ဝင့်ကြချေ။
အိမ်ရှေ့စံမင်းသားက တည်ကြည်လေးနက်စွာဖြင့် ဆက်ပြောလေသည်။
“ဒါကြောင့်မို့လို့ ငါ့မိသားစုက ဒီလို စည်းမျဉ်းစည်းကမ်း ဥပဒေတွေအပေါ် သိပ်ပြီး အသေးစိတ် ကန့်သတ် မနေတတ်ကြဘူး။ ဝန်ကြီးမင်းတို့အားလုံး ကျန်ရစ်သူ အမတ်ကတော်ကျန်းကို သိကြတယ်မလား။”
မှူးမတ်များအားလုံး စိတ်အလိုအလျောက် ခေါင်းညိတ်မိသွားကြသည်။ ဧကရာဇ် အာဏာရလာပြီး နောက်ပိုင်း အရင်ဆုံး သိမ်းပိုက်ခဲ့သော ကိုယ်လုပ်တော်ကြီး၊ သူတို့ သေချာပေါက် သိပေသည်။
“ပြီးတော့ အမတ်ကတော်ကျန်းရဲ့ သမီး၊ ဝမ်ချွမ်ခရိုင် မင်းသမီးလေးရော။ သူမအကြောင်းကိုလဲ မင်းတို့ သေချာပေါက် သိကြတယ်မလား”
မှူးမတ်များက နောက်တစ်ကြိမ် ခေါင်းညိတ်ပြပြန်သည်။
အမတ်ကတော်ကျန်းတွင် သူမ၏ ခင်ပွန်းဟောင်းနှင့် ရရှိခဲ့သော သမီးတစ်ဦး ရှိခဲ့ဖူးပြီး သူမအား တော်ဝင် သွေးသားအဖြစ် မသတ်မှတ်ခဲ့ချေ။ သို့သော်လည်း သူမအား မြင့်မြတ်သော အမျိုးသမီးတစ်ဦးအဖြစ် နန်းတွင်း၌ စောင့်ရှောက်ခဲ့ပြီး မင်းသမီးဘွဲ့ထူး မဟုတ်လျှင်ပင် ခရိုင်မင်းသမီး ရာထူးအဆင့်အတန်းကို ပေးသနားခဲ့သည် မဟုတ်ပါလား။