ဝါး... မင်းသားငယ်လေးက သူ့အဘိုးအတွက် အစွမ်းကုန် ကြိုးစားနေတာပဲ (၂)
Vol. 4 Ch. 58
အိမ်ရှေ့စံမင်းသားသည် လက်ခုပ်တီးလိုက်ပြီးနောက် လက်နှစ်ဖက်ကို ဘေးသို့ ဆန့်တန်းလိုက်သည်။
“ဒါက ရှင်းမနေဘူးလား၊ ကိုယ်တော့် ခမည်းတော်ရဲ့ စိတ်နေသဘောထားက အမြဲတမ်း တည့်တိုးဆန်တယ်၊ သူက သားသမီး မျိုးဆက်တွေ များလေလေ၊ ပိုကောင်းလေလေလို့ပဲ ယုံကြည်ထားတာ၊ သူ ဧကရာဇ်မင်း မဖြစ်ခင်တုန်း ကဆိုရင် မွေးစားသားတွေ အများကြီး မွေးစားခဲ့ပြီး ငါ့မှာ သားသမီး တစ်ရာရှိတယ်ဆိုပြီး လျှောက်ကြွား နေခဲ့သေးတာလေ၊ တကယ်တမ်းကျတော့ သူနဲ့ သွေးသားတော်စပ်တဲ့ သားသမီးအရင်းက ဆယ်ယောက်တောင် မပြည့်ဘူး၊ အဲဒီတုန်းက သူက ငါ့ကို ခဏခဏ လာပြီး ညည်းတွားတတ်သေးတယ်၊ ကျန်ရစ်သူ အမတ်ကတော်ကျန်း ရဲ့ ခင်ပွန်းဟောင်းနဲ့ရခဲ့တဲ့ ကလေးသာ ယောက်ျားလေး ဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲတဲ့၊ တကယ်လို့သာ သားလေး ဖြစ်ခဲ့ရင် အဖေနဲ့သား စစ်မြေပြင်မှာ အတူတူ လက်တွဲပြီး တိုက်ပွဲဝင် လို့ရတယ်၊ ဒါဆို သူလဲ တိုက်ပွဲတွေမှာ ပိုပြီး ယုံကြည်ချက်ရှိတာပေါ့တဲ့”
“သူ တစ်ခါတုန်းက ဒီလိုမျိုး ရူးသွပ်တဲ့ စိတ်ကူးမျိုး ရှိခဲ့ဖူးသေးတာကို ငါ မှတ်မိနေသေးတယ်၊ သူက ကိုယ်လုပ်တော် တွေကို သိမ်းပိုက်မယ်၊ ပြီးရင် သူ့ရဲ့ သစ္စာရှိနောက်လိုက် အမှုထမ်းတွေကို သူ့ရဲ့ အဆောင်တော်ထဲ လျှို့ဝှက် ပေးဝင်ပြီး အဲဒီအမျိုးသမီးတွေကို ကိုယ်ဝန်ရအောင် လုပ်ခိုင်းမယ်တဲ့၊ ဒီလိုနည်းနဲ့ အချိန်တိုအတွင်းမှာ သားတွေ အများကြီး မွေးထုတ်ပြီး မိသားစု အင်အားကို ချဲ့ထွင်လို့ ရတာပေါ့၊ ဒီရည်ရွယ်ချက်အတွက်ပဲ သူ့ရဲ့ ကိုယ်လုပ်တော် တွေထဲမှာ အရပ် ခုနစ်ပေအောက် လျော့တဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူး၊ ဒီအစီအစဉ်ကြီး အောင်မြင်မသွားခဲ့ရတဲ့ တစ်ခုတည်းသော အကြောင်းရင်းကတော့ သူကိုယ်တိုင်က ဒီလောက်အထိ ထူးခြားပြောင်မြောက်တဲ့ စစ်ပါရမီရှင် ဖြစ်နေလိမ့်မယ်လို့ ကြိုပြီး မတွေးမိခဲ့လို့ပဲ။ သူက တစ်တိုင်းပြည်လုံးကို တစ်ဆယ့်သုံးနှစ် အတွင်းမှာတင် သိမ်းပိုက် နိုင်ခဲ့တာဆိုတော့ အဲဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အချိန်မရလိုက်ဘူးလေ၊ ဧကရာဇ် ဖြစ်လာပြီးတဲ့ နောက်မှာတော့ ဒါမျိုးတွေကို လုပ်ဖို့ မဖြစ်နိုင်တော့ဘူးပေါ့”
(မှတ်ချက်။ ။ English Translation ထဲက မိန်းကလေး အရပ် ခုနစ်ပေ ဆိုတာကတော့ နည်းနည်း လွဲနေ သလိုပါပဲ)
ဝန်ကြီးချုပ်သော်၏ မျက်ဝန်းအိမ်များမှာမူ ထိတ်လန့်လွန်းသဖြင့် တုန်လှုပ်သွားကြရတော့သည်။
ဝန်ကြီး ခြောက်ပါးစလုံး၏ မျက်ဝန်းအိမ်များမှာလည်း အလွန်အမင်း ထိတ်လန့်တုန်လှုပ်ကုန်ကြ၏။
စစ်ပွဲများအတွင်း ဧကရာဇ်က သူတို့ကို ထူးဆန်းသော အကြည့်များဖြင့် အမြဲတမ်း ကြည့်နေတတ်ခဲ့သည်က မထူးဆန်းတော့ပါ။ အထူးသဖြင့် စစ်သူကြီးများပင်။ ဧကရာဇ်က သူတို့နှင့် ခြေချင်းအပ်ပြီး အိပ်စက်တတ်ကာ သူတို့ရဲ့ ကျန်းမာရေး မေးမြန်းတတ်ခဲ့သည်က အထူးအဆန်း မဟုတ်တော့ပေ။ အထူးသဖြင့် သူတို့၏ အရပ်အမောင်းကို မေးခဲ့ခြင်း မဆန်းတော့ချေ။
မှူးမတ်အပေါင်းတို့မှာမူ တပြိုင်နက်တည်း ရင်ထဲ၌ အစွမ်းကုန် စိတ်ပျက်အားငယ်သွားသည့် မျက်နှာပေးများ ဖြစ်ကုန်ကြတော့သည်။
*'ငါတို့က ဘာဖြစ်လို့ ဒီလိုကိစ္စမျိုးတွေကို သိဖို့ လိုရမှာလဲ၊ အိမ်ရှေ့စံ မင်းသား၊ ဒီလိုပုံပြင်တွေကို မင်းသား တစ်ယောက်တည်း စိတ်ထဲမှာပဲ လျှို့ဝှက်ပြီး သိမ်းထားလို့ မရဘူးလား*
အိမ်ရှေ့စံမင်းသားက သူတို့ကို မသိမသာ မျက်စောင်းထိုးကြည့်လိုက်ပြီး ခေါင်းကို ခါယမ်းလိုက်သည်။
“မင်းတို့ အားလုံးက ဘာဖြစ်လို့ ဒီလောက်တောင် ရှေးရိုးစွဲဆန်နေကြတာလဲ”
သူက ခေါင်းခါယမ်းလိုက်ပြီးနောက်မှ သက်ပြင်း အရှည်ကြီးတစ်ချက် ချလိုက်ပြန်သည်။ သူတို့၏ ခေတ်မမီ တော့သော အတွေးအခေါ်များကြောင့် တကယ်ပဲ စိတ်ပျက်နေသလိုပင်။
“ဒါကြောင့်မို့လိုဖ အစကနေ အဆုံးအထိ ကိုယ်တော့်ရဲ့ ခမည်းတော်က အိမ်ရှေ့စံမြေးတော်နဲ့ ကြင်ယာတော်ချင် တို့အပေါ် စိတ်ဆိုးဒေါသထွက်နေရတာက သူတို့က သူ့ကို အရှက်ခွဲပြီး ဦးထုပ်စိမ်း ဆောင်းပေးခဲ့လို့ပဲ၊ သူက သွေးသား မစစ်မှန်တော့တဲ့ ပြဿနာကြောင့် တစ်ခါမှ ဒေါသမထွက်ခဲ့ဘူး၊ မင်းတို့ အခု နားလည်သွားပြီလား”
မည်သို့ပင်ဆိုစေကာမူ ဤအရှုပ်တော်ပုံကြီးကို လူအများရှေ့မှာ မထုတ်ဖော်ခဲ့လျင်တောင်မှ ကြင်ယာတော်ချင်၏ ကလေးက ထီးနန်းကို ဆက်ခံဖို့ အခွင့်အရေး ရှိလာမည် မဟုတ်ပါ။
*ရိုးသားတဲ့ လယ်သမားတစ်ယောက်ရဲ့ စရိုက်အတိုင်းဆိုရင်တော့ ငါ့ခမည်းတော်က လယ်ကွင်းထဲမှာ အလုပ်ကူ လုပ်ပေးမယ့် သားသမီးတွေ ပိုပြီး ရလာတာကိုပဲ အလွန်အမင်း ဝမ်းသာပီတိ ဖြစ်နေမှာ၊ ဒါတင် မကသေးဘူး၊ အဲဒီသားက သူ့ရဲ့ သွေးသားအရင်းအချာဆီက ဆင်းသက်လာတဲ့ သွေးသား ဖြစ်နေတာပဲလေ*
ဝန်ကြီးခြောက်ပါးစလုံးမှာမူ တွေဝေငေးမောလျက်ဖြင့် ခေါင်းများကို ညိတ်ပြလိုက်ကြတော့သည်။
*နားလည်ပါပြီ*
*ဒါပေမဲ့ ကျွန်တော်မျိုးတို့ ဒါကို လုံးဝ နားမလည်ချင်ခဲ့ပါဘူး ဘုရား*
အိမ်ရှေ့စံမင်းသားသည် အဆင့်မြင့်မှူးမတ်ကြီးများ၏ ဆွံ့အမှင်တက်နေကြသော မျက်နှာပေးများကို ကြည့်ကာ ရုတ်တရက် ယခင်ကထက် ပိုမိုကြီးမားသော ကျေနပ်အားရမှု လှိုင်းလုံးကြီးကို ရင်ထဲ၌ ခံစားလိုက်ရတော့သည်။ တခြားလူတွေ တည်ငြိမ်မှု ပျက်ပြားသွားတာကို ထိုင်ကြည့်ရခြင်းက ဘာနဲ့မှ မလဲနိုင်တဲ့ အနှိုင်းမဲ့ ပျော်ရွှင်မှုကြီး ဖြစ်နေပါလား။
အိမ်ရှေ့စံမင်းသားက မိမိ၏ လွန်ကဲနေသော ပီတိကို မနည်း ထိန်းချုပ်ရင်း ပြုံးလိုက်သည်။
“ဒါကြောင့်မို့လို့ ကြင်ယာတော်ချင်နဲ့ အိမ်ရှေ့စံ မြေးတော်တို့ကြားက ကိစ္စနဲ့ ပတ်သက်လို့တော့ ငါ့ကို ထပ်ပြီး တုန်လှုပ်အောင် လုပ်နိုင်မယ့်အရာ လောကမှာ ဘာမှ မရှိတော့ဘူး…”
[နေပါဦး၊ ကြင်ယာတော်ချင်က မိဖုရားခေါင်ကြီးကြောင့်မို့လို့ ကိုယ်ဝန်ကို ဖျက်ချချင်နေတာ ဟုတ်လား]
“ဘာ”
အိမ်ရှေ့စံ မင်းသား၏ မျက်ဝန်းအိမ်များမှာ ချက်ချင်း ကျုံ့ဝင်သွားခဲ့ပြီး နောက်တစ်စက္ကန့်တွင် သူသည် မိမိ၏ ပါးစပ်ကို ကမန်းကတန်း ပိတ်လိုက်တော့သည်။
*အာ့၊ လျှာကို ကိုက်မိသွားပြီ*
သို့သော်လည်း သူ၏ ရင်ထဲက မယုံနိုင်စရာ ဖြစ်သွားမှုကိုတော့ မည်သို့မျှ ဖုံးကွယ်ထား၍ မရချေ။
*မင်း ဘာပြောလိုက်တာလဲ*
*ကြင်ယာတော်ချင်က ဘယ်သူ့အတွက်ကြောင့်နဲ့ ကိုယ်ဝန်ကို ဖျက်ချချင်နေတာလဲ*
[မိဖုရားခေါင်ကြီး အဝေဖန်မခံရစေဖို့အတွက်တဲ့]
[ဝိုး … လွန်ခဲ့တဲ့ တစ်လကျော်ကတည်းကစလို့ မိဖုရားခေါင်ကြီးက သူမဆီကို နေ့တိုင်း လာရောက်ကြည့်ရှုပြီး အသေအချာ ဂရုစိုက် စောင့်ရှောက်ပေးနေခဲ့တာကိုး]
[ဝိုး … ကြင်ယာတော်ချင်က မိဖုရားခေါင်ကြီးကိုတောင် အမှန်အတိုင်း ပြောပြခဲ့သေးတယ်တဲ့၊ သူမက လယ်သမား တစ်ဦးရဲ့ သမီးသက်သက်ပဲ ဖြစ်ပြီး အိမ်ရှေ့စံ မြေးတော်လိုမျိုး မြင့်မြတ်ပြီး ရုပ်ချောလှတဲ့သူက သူမကို ချစ်ခွင့်ပန်ခဲ့တုန်းက သူမအနေနဲ့ အလွန်အမင်း စိတ်လှုပ်ရှားပြီး ကျေးဇူးတင်မိခဲ့တာတဲ့၊ နိမ့်ကျလှတဲ့သူ့ကို ဒီလောက် မြင့်မြတ်တဲ့သူက တန်ဖိုးထားပေးတယ်ဆိုတာ တကယ့်ကို အံ့ဖွယ်အမှုတစ်ခုပဲလို့ တွေးခဲ့မိတာပေါ့၊ အဲဒီအချစ်ကို ပြန်ဆပ်ဖို့အတွက်ဆိုရင် သူမအနေနဲ့ သူ့အတွက် သေပေးဖို့တောင် လိုလိုလားလား ရှိခဲ့တာတဲ့လေ]
[ဒါပေမဲ့ သူမက အခုမှပဲ အိမ်ရှေ့စံမြေးတော်ရဲ့ ခံစားချက်တွေဟာ စစ်မှန်တဲ့ အချစ်မဟုတ်ဘူးဆိုတာကို သဘောပေါက် သွားခဲ့တာတဲ့၊ သူမကို တကယ်တမ်း စစ်စစ်မှန်မှန် ချစ်တာက မိဖုရားခေါင်ကြီးပဲ ဖြစ်နေလို့တဲ့]
“ဘုတ်”
ဝန်ကြီးချုပ်သော်သည် မိမိကိုင်ထားသော ညီလာခံ တက်ရောက်သည့် ဝါးပြားကို လက်မှ လွတ်ကျ သွားခဲ့တော့သည်။
*သူမက မိဖုရားခေါင်ကြီးက သူမကို တကယ်တမ်း စစ်စစ်မှန်မှန် ချစ်တာပါလို့ ပြောရတာက ဘာအဓိပ္ပာယ်လဲ*
*ဒါက ကြင်ယာတော်ချင်က မိဖုရားခေါင်ကြီးအပေါ် မလျော်ကန်တဲ့ သံယောဇဉ်တွေ ရှိနေလို့များလား…*
[သူမကို ဧကရာဇ်ရဲ့ ကိုယ်လုပ်တော်အနေနဲ့၊ အိမ်ရှေ့စံမြေးတော်ရဲ့ လျှို့ဝှက်ရည်းစား အနေနဲ့ ဒါမှမဟုတ် ဧကရာဇ်ရဲ့ မြေးတော်စပ်ကို မွေးဖွားပေးမယ့် မိခင်အနေနဲ့ မကြည့်ဘဲ သာမန်လူသားတစ်ယောက်အနေနဲ့ အစစ်အမှန် ကြင်နာစောင့်ရှောက်ပေးခဲ့လို့တဲ့]
ဝန်ကြီးချုပ်သော်: “…”
သူသည် အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပြီး သူ၏ ဝတ်ရုံလက်အင်္ကျီဖြင့် နားထင်မှ စီးကျလာသော ချွေးစေး များကို ကမန်းကတန်း သုတ်လိုက်ရတော့သည်။
*ရှုရန်မြောင်၊ မင်း စကားပြောရင် ဒီလိုမျိုး တစ်ချက်တစ်ချက် ရပ်ရပ်ပြီး ရေရွတ်နေတာကို နည်းနည်းလောက် ဆင်ခြင်ပေးလို့မရဘူးလား၊ စကားလုံး တစ်လုံးစ၊ နှစ်လုံးစ ပျောက်သွားတာကတင် လူကို သွေးလန့်ပြီး သေသွားစေနိုင်တယ်၊ ငါက အသက် ၇၇ နှစ် ရှိနေပြီမို့လို့ ဒီလို ထိတ်လန့်စရာမျိုးတွေကို မခံနိုင်တော့ဘူး*
“ဟူး”
အမတ် တော်တော်များများလည်း သက်ပြင်းများကို ပြိုင်တူ ချလိုက်ကြတော့သည်။
*ငါတို့ကိုလည်း လန့်ဖျန့်သွားအောင် လုပ်တာပဲ*
*ခုနတုန်းကဆိုရင် ငါတို့ အသက်တောင် မရှူရဲဘူး*
[သူမဟာ အကျင့်စာရိတ္တ မရှိပါဘူး ဆိုပြီး ကောလာဟလတွေ ပျံ့နှံ့နေခဲ့တာ၊ မိဖုရားခေါင်ကြီးက ဒါကို အလျင်အမြန် ဖိနှိပ်ခဲ့ပင်မယ့်လဲ အချို့သော တီးတိုးသံ အချို့ကတော့ သူမရဲ့ နားထဲကို ရောက်ရှိသွားခဲ့တာပဲလေ၊ အစတုန်း ကတော့ သူမက ဗိုက်ထဲက ကလေးအတွက်နဲ့ ဆက်ပြီး အသက်ရှင်ဖို့ တွေးထားခဲ့တာ၊ ဒါပေမဲ့ သူမကို ကာကွယ် စောင့်ရှောက်ပေးနေတဲ့ မိဖုရားခေါင်ကြီးရဲ့ ဂုဏ်သတင်းကို မညှိုးနွမ်းစေချင်ဘူး၊ ဘာလို့လဲဆိုတော့ လူတွေက မိဖုရားခေါင်ကြီးကို အကျင့်ပျက်ပြားတဲ့ အမျိုးသမီး တစ်ယောက်ကိုမှ ရွေးပြီး နန်းတွင်းထဲမှာ ဖုံးကွယ် စောင့်ရှောက် ပေးထားရလောက်အောင် ရိုးအလွန်းတယ်လို့ ကဲ့ရဲ့ပြစ်တင်ကြမှာကို စိုးရိမ်နေလို့ပဲ]
[ဒါကြောင့်မို့လို့ ဘယ်သူမှ သတိမထားမိတဲ့ အချိန်မှာပဲ သူမဟာ လှေကားပေါ်ကနေ မိမိကိုယ်မိမိ လှိမ့်ချပစ် လိုက်တာကိုး။ စီးကျလာတဲ့ သွေးတွေက လမ်းတလျှောက်လုံး အရှည်ကြီး စွန်းထင်ကျန်ရစ်ခဲ့တာ၊ တကယ့်ကို ရင်နင့်စရာ ကောင်းလိုက်တာဗျာ၊ ကျိဆွေ့ရဲ့ လုပ်ရပ်ကတော့ တကယ့်ကို ယုတ်မာပက်စက်လွန်းတာပဲ၊ တကယ်လို့သာ သူက ဧကရာဇ်မင်းဆီကိုသွားပြီး 'အမျိုးသမီးများအတွက် သင်ခန်းစာ' တွေ ဘာတွေနဲ့ သွားပြီး မြှောက်ပင့် လျှောက်တင်မနေခဲ့ရင်၊ ဒါမျိုးတွေ လုံးဝ ဖြစ်လာမှာ မဟုတ်ဘူး …]
[ဒီလောက်အထိ ရင်နာစရာကောင်းနေတော့ ဖရဲသီး ထိုင်စားနေရတာတောင် ဘာမှ အရသာ မရှိတော့သလိုပဲ… ဟင်း]
[ဟူး၊ တော်သေးတာပေါ့၊ အိမ်ရှေ့စံ မြေးတော်က ထောင်ထဲမှာ ကျိဆွေ့ကို ဘာတွေပြောခဲ့လဲဆိုတာကို သူမ မသိလို့၊ တကယ်လို့သာ သူမ ဒါကို သိသွားခဲ့ရင် နန်းတွင်းသမားတော်ကြီးတွေက သူမကို ကယ်တင်ပေးပြီးတာနဲ့ ချက်ချင်း ရေကန်ထဲ ခုန်ချပြီး သေကြောင်းကြံမိမှာ သေချာတယ်]
*အိမ်ရှေ့စံမြေးတော်က ထောင်ထဲမှာ ဘာတွေ ပြောခဲ့လို့လဲ*
မိမိတို့အနေဖြင့် ဤအကြောင်းအရာကို ဆက်လက်၍ နားမထောင်သင့်တော့မှန်း သိကြသော်လည်း စပ်စုချင်စိတ် ကတော့ အသိဉာဏ်ကို အနိုင်ယူသွားခဲ့သည်။ ကြင်ယာတော်ချင်နှင့် မိဖုရားခေါင်ကြီးတို့ကြားက သတင်းကြောင့် လန့်ဖျန့်သွားရာမှ အခုမှ ပြန်လည် သတိဝင်လာကြသော မှူးမတ်အပေါင်းတို့သည် မိမိတို့ကိုယ်တိုင် တွင်းတူးပြီး သေကြောင်း ကြံချင်သည့်အလား ထပ်မံ၍ စပ်စုချင်စိတ် ပြင်းထန်လာကြပြန်သည်။
သူတို့သည် တစ်ယောက်ပြီး တစ်ယောက် ရှေ့သို့ တိုးဝှေ့လာကြပြီး စူးစမ်းချင်စိတ်အပြည့်ဖြင့် နားများကို အစွမ်းကုန် စွင့်ထား ကြတော့သည်။
[အိုး… အိုး… အိုး၊ အခုတင် ပြောနေတုန်းရှိသေးတယ်၊ သူ့ရဲ့ ဦးလေးဖြစ်သူက သူ့မျက်နှာကို လက်ဝါးနဲ့ ဖြတ်ခနဲ လွှဲရိုက်လိုက်တာတဲ့၊ ဦးလေးဖြစ်သူက တူတော်မောင်ကို ထောင်ကနေ ကြိုဆိုနှုတ်ဆက်တဲ့အချိန်တုန်းက ပြသခဲ့တဲ့ သံယောဇဉ် ကြီးမားလှတဲ့ ဆုံဆည်းမှုနဲ့ ယှဉ်လိုက်ရင်တော့ ဒါက တကယ့်ကို ဒရမ်မာဆန်ဆန် အချိုးအကွေ့ကြီးပဲ၊ အိမ်ရှေ့စံ မြေးတော်ကတော့ ဘာမှမသိဘဲ အူကြောင်ကြောင် ဖြစ်သွားပြီး မိမိရဲ့ ပါးပြင်ကို မယုံနိုင်တဲ့ပုံနဲ့ ကိုင်ထားတယ်တဲ့၊ ဟားဟားဟား]
[ဒါပေမဲ့လဲ မဆန်းပါဘူးလေ၊ ဒီအိမ်ရှေ့စံ မြေးတော်ဆိုတဲ့ကောင်က ဘာမဆို ဗြောင်ကျကျ ပြောရဲတဲ့ သတ္တိမျိုး ရှိတာကိုး…]
[ကျစ် … ကျစ် … ‘ကျွန်တော် မသွားချင်ဘူး၊ အာကျန်း သေသွားပြီ၊ ကျွန်တော် ထပ်ပြီး အသက် မရှင်ချင်တော့ဘူး’၊ အသက် မရှင်ချင်တော့ဘူးသာ ပြောနေတာ သူ အရင်က တစ်ခါမှ အစာ အငတ်မခံဖူးသလို ဘာမှလဲ မလုပ်ပါလား]
[ပြီးတော့ 'ကျွန်တော်သာ ကြိုပြီး သိခဲ့ရင် အာကျန်းကို ခေါ်ပြီး ဒီနန်းတော်ကို ပုန်ကန်ခြားနားလိုက်မှာ၊ အိမ်ရှေ့စံ မြေးတော်ဆိုတဲ့ ရာထူးဂုဏ်ဒြပ်တွေကိုလဲ စွန့်ပစ်လိုက်မယ်၊ ကျွန်တော်တို့နှစ်ယောက် တလီ ပြည်နယ်ဆီကို ထွက်ပြေးပြီး နတ်ဘုရားတွေ၊ ရှင်ဘုရင်တွေကိုတောင် အားကျစရာမလိုတဲ့ ခွဲမရတဲ့ အချစ်စုံတွဲအဖြစ် ရာသက်ပန် အတူတူ နေထိုင်သွားကြမှာ' တဲ့]
*ဘာ… ဘာကြီးလဲ*
မှူးမတ်များအားလုံး မယုံနိုင်သဖြင့် မျက်လုံးများ ပြူးကျယ်သွားကြပြီး တစ်ဦးကိုတစ်ဦး အဓိပ္ပာယ်ပါပါ စိုက်ကြည့် လိုက်ကြသည်။
*ဒါက အချစ်ကို ထုတ်ဖော်ပြသတဲ့ စကားလုံးတွေလား၊ ဒါက တစ်ဖက်လူကို သေတွင်းထဲ အတင်းတွန်းပို့နေတဲ့ သေမင်းတမန် စကားသံတွေနဲ့ ပိုပြီး တူမနေဘူးလား*
“ဘုတ်”
လွတ်ကျသွားသော ဝါးပြားကို အခုတင် ပြန်ကောက်ထားခါစ ရှိသေးသည့် ဝန်ကြီးချုပ်သော်သည် လက်ချော်ပြီး ဝါးပြားကို နောက်တစ်ကြိမ် ထပ်မံ လွတ်ကျသွားခဲ့ပြန်သည်။ ယခုတစ်ကြိမ်တွင်မူ သူသည် ခါးကို ညွှတ်လိုက်ရာမှ ထိုအနေအထားအတိုင်း တောင့်တောင့်ကြီး ဖြစ်သွားခဲ့ပြီး လုံးဝ မှင်တက်သွားရှာသည်။ အသက်ကြီးလာပြီ ဖြစ်သဖြင့် နားကြားလွဲခြင်း ဖြစ်ပေလိမ့်မည်။ သူ ကြားလိုက်ရသော အကြောင်းအရာကို ပြန်တွေးမိသည်။
*နန်းတော်ကို ပုန်ကန်ခြားနားမယ် ဟုတ်လား၊ ဒါက သေချာပေါက် ငါ နားကြားမှားတာပဲ ဖြစ်ရမယ်၊ ဟုတ်တယ် မလား*
ဝန်ကြီးချုပ်သော်သည် လက်သီးကို တင်းတင်းဆုပ်ထားမိသဖြင့် လက်ဆစ်များပင် တဂျွတ်ဂျွတ် မြည်သွား တော့သည်။ သူ၏ ညီမအရင်းတွင် အဘယ်ကြောင့် ဤသို့သော မြေးတော်မျိုး ရှိနေရသနည်း။ သူ့အား မွေးဖွားပြီး သုံးရက်သား အရွယ်ကတည်းက ရေကန်ထဲကို ပစ်ချပြီး အသေသတ်လိုက်သင့်သည်။ ညီလာခံခန်းမ၏ အနောက်ဘက် အစွန်းတွင် ရှိနေသော နန်းတွင်း ကိုယ်ရံတော်တပ်ဖွဲ့၏ တပ်မှူးကြီးမှာမူ တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထသွားခဲ့ရပြီး မျက်နှာတစ်ခုလုံး ဖြူလျော်သွားတော့သည်။
သူတို့သည် အခုလေးတင် နန်းတော်ထဲကို ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ်သည် အိမ်ရှေ့စံမင်းသားကိုပါ မိမိနှင့်အတူ ခေါ်ဆောင်သွားချင်သောကြောင့် ဖြစ်၏။ သူတို့ ပြန်ရောက်လာသည့် အချိန်မှာပင် ဤစကားလုံးများကို ကွက်တိ ကြားလိုက်ရခြင်း ဖြစ်ပေသည်။
“နန်းတော်ကို ပုန်ကန်ခြားနားမယ် ဟုတ်လား၊ အိမ်ရှေ့စံမြေးတော် ရာထူးကို စွန့်ပစ်မယ် ဟုတ်လား”
ဧကရာဇ်မင်းကြီးသည် ထိုစကားလုံးများကို ထပ်ခါတလဲလဲ ရေရွတ်လိုက်ရင်း ဒေါသအရှိန်ကြောင့် ရယ်မော လိုက်တော့သည်။
“ကောင်းပြီလေ၊ သူ့မှာ ဒါမျိုးလုပ်ဖို့ တကယ့်ကို သတ္တိရှိ၊ မရှိဆိုတာ ငါကိုယ်တိုင် စောင့်ကြည့်ရသေးတာပေါ့”