လတ်စသက်တော့ တော်ဝင်မြေးတော်က လျှောက်ပြောနေရုံ သက်သက်ပဲကိုး (၂)
Vol. 4 Ch. 60
“အာ၊ မိဖုရား၊ ဒါက ကိုယ်တော်တို့ရဲ့အမှား မဟုတ်ပါဘူး၊ ဘယ်သူကများ ဒီလောက်အထိ အကဲဖြတ် လွဲမှား သွားလိမ့်မယ်လို့ ကြိုတင်တွေးမိပါ့မလဲ”
“ကျွန်တော်မျိုးမကတော့ တကယ်ပဲ ကြင်ယာတော်ချင်ရဲ့ ပါဝင်ပတ်သက်မှုကို ကျေးဇူးတင်မိတယ် ဘုရား၊ သူမကြောင့်သာ သူ့ရဲ့ စရိုက်အမှန်က အချိန်မနှောင်းခင် ကြိုတင်ပြီး ပေါ်ထွက်လာခဲ့တာကိုး”
မိဖုရားခေါင်ကြီးက တည်ငြိမ် အေးဆေးသော လေသံဖြင့် ဆက်လက်လျှောက်တင်လေသည်။
“ဒီကလေးက ဘဝမှာ အဆင်ပြေ ချောမွေ့လွန်းတာတွေနဲ့ပဲ အသားကျနေခဲ့တာ အခြေအနေကောင်းတွေထဲမှာပဲ စွမ်းဆောင်ရည် ပြသနိုင်တဲ့သူမျိုးပေါ့၊ သူ့ဆန္ဒအတိုင်း မဖြစ်လာတဲ့ အခိုက်အတန့် ရောက်လာတာနဲ့တင် သူ့ရဲ့ အားနည်းချက်တွေက ချက်ချင်း ထင်ထင်ရှားရှား ပေါ်ထွက်လာတော့တာပဲ”
ဧကရာဇ် ခေါင်းညိတ်လိုက်သည်။ ကြင်ယာတော်ချင်၏ အဖြစ်အပျက်ကို ပြန်လည် တွေးတော ကြည့်လိုက် သောအခါ သူမ၏ သုံးသပ်ချက်မှာ ကွက်တိမှန်ကန်နေသည်ကို သူ တွေ့ရှိလိုက်ရ၏။
မိဖုရားခေါင်ကြီးက သက်ပြင်းတစ်ချက် ထပ်မံချလိုက်ပြန်သည်။
“ပြီးတော့ အဘိုးဖြစ်တဲ့ ရှင်နဲ့ မြေးတော် နှစ်ယောက်စလုံးကလဲ တကယ့်ကို တစ်ပုံစံတည်း ခေါင်းမာကြတာပဲ၊ ကျွန်တော်မျိုးမ စိုးရိမ်မိတာက တကယ်လို့သာ ကြင်ယာတော်ချင် သေဆုံးသွားခဲ့ပြီး အဲဒါကို သူ သိသွားခဲ့ရင် သူ အရှင်မင်းကြီးအပေါ် ရာသက်ပန် အာဃာတ ထားသွားမှာကိုပါပဲ”
သူမ၏ ရင်ထဲ၌ ရှိသော်လည်း နှုတ်ကနေ ထုတ်မပြောဝံ့သည့် စကားလုံးအချို့လည်း ရှိနေသေးသည်။
အကယ်၍ ဧကရာဇ်အနေဖြင့် မိမိ အလွန်အမင်း ချစ်မြတ်နိုးရသည့် မြေးတော်က အမျိုးသမီးတစ်ဦးအပေါ် စွဲလမ်း သည့်စိတ်ကြောင့် မိမိအပေါ် အာဃာတ ထားနေသည်ကို သိရှိသွားခဲ့ပါက သေချာပေါက် နှလုံးကြေကွဲရလိမ့်မည်။
ဧကရာဇ်သည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ရင်း အံ့ဩသွားလေသည်။
“မင်း ဘာလို့ ဒါကို ကိုယ်တော့်ကို စောစောစီးစီး ထုတ်မပြောခဲ့ရတာလဲ”
“တကယ်လို့ ကျွန်တော်မျိုးမသာ စောစောကတည်းက အမှန်အတိုင်း ပြောခဲ့ရင် အရှင်မင်းကြီးက သူမကို သတ်ပစ်ဖို့ ပိုပြီးတော့တောင် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချမိသွားမှာ မဟုတ်လား ဘုရား”
“ဘယ်သူက ပြောလို့လဲ”
“ဒါဆိုရင် အရှင်မင်းကြီး ပြောကြည့်ပါဦး၊ အိမ်ရှေ့စံ မြေးတော်က နန်းတော်ကို ပုန်ကန်ခြားနားပြီး ထွက်သွားမယ်လို့ အော်ဟစ်ခဲ့တဲ့ စကားကို ကြားလိုက်ရတဲ့အချိန်မှာ အရှင်မင်းကြီးရဲ့ ပထမဆုံး အတွေးက ဘာဖြစ်ခဲ့လဲ ဘုရား”
ဧကရာဇ်မင်းကြီးသည် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပင် မိုးကြိုးပစ်လိုက်သည့်အလား မာန်မဲလိုက်တော့သည်။
“သူ့မှာ ဒါမျိုးလုပ်ဖို့ သတ္တိရှိ၊မရှိ ငါကိုယ်တော် ကိုယ်တိုင် စောင့်ကြည့်ရသေးတာပေါ့၊ မိဖုရား၊ ကိုယ်တော် တွေးတောင် တွေးခဲ့ပြီးပြီ၊ အချိန်ကျလာရင် အဲဒီ ကြင်ယာတော်ချင်ကို ဆွဲထုတ်ပြီး လူအများရှေ့မှာ ခေါင်းဖြတ် ကွပ်မျက်ပစ်မယ်၊ အဲဒီအချိန်ကျရင် သူက ကွပ်မျက်ရေးကွင်းထဲကို ရဲရဲဝံ့ဝံ့ လာပြီး လုရဲမရဲ ငါ စောင့်ကြည့်မယ်”
မိဖုရားခေါင်ကြီးသည် ပြန်လည်တုံ့ပြန်ခြင်း မပြုတော့ဘဲ သူ့ကိုသာ အဓိပ္ပာယ်ပါပါဖြင့် အချိန်အတော်ကြာအောင် တိတ်ဆိတ်စွာ စိုက်ကြည့်နေမိတော့သည်။
ဧကရာဇ်မင်းကြီးသည် စကားစပြတ်သွားလေသည်။
“ကဲပါ၊ ဟုတ်ပါပြီ၊ တကယ်လို့ မင်းသာ ကိုယ်တော့်ကို စောစောကတည်းက ဒီအကြောင်း ပြောခဲ့ရင်လဲ ကိုယ်တော် ကတော့ သေချာပေါက် နားထောင်မိမှာ မဟုတ်ပါဘူး”
သူသည် နားထောင်မည် မဟုတ်သည့်အပြင် မိမိ၏ မြေးတော်က မိမိအပေါ် တကယ်ပဲ အာဃာတ ထားရဲ၊ မထားရဲဆိုတာကို စမ်းသပ်ကြည့်ရန်အတွက် ကြင်ယာတော်ချင်ကို ပိုပြီးတော့တောင် ဇွတ်အတင်း ကွပ်မျက် ပစ်မိမှာ သေချာပေသည်။ သူ၏ ခေါင်းမာပြီး ပြောင်းပြန်လုပ်တတ်သော စရိုက်ကို မိဖုရားခေါင်ကြီးအနေဖြင့် နှစ်ပေါင်းများစွာ ကြာအောင် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးဖြစ်၍ သူမ ဤအချက်ကို အသိဆုံး ဖြစ်ပေသည်။
“အရှင်မင်းကြီး”
မိဖုရားခေါင်ကြီးသည် သူ၏ လက်ကို ခပ်ဖွဖွ တွဲကိုင်လိုက်ရင်း တိုးညင်းငြင်သာသော လေသံဖြင့် ပြောလိုက်သည်။
“တကယ်လို့ အရှင်မင်းကြီးအနေနဲ့ ချီကော်အာ (မြေးတော်) ကို စမ်းသပ်ချင်တယ်ဆိုရင်တော့ ကျွန်တော်မျိုးမ လုံးဝ ကန့်ကွက်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကြင်ယာတော်ချင်နဲ့ ပတ်သက်လို့ကတော့ သူမ ဒီနေ့တင် သေမင်းနဲ့ တစ်ကိုယ်စာ အတွေ့အကြုံ ကြုံခဲ့ရပြီးပါပြီ၊ သူမကို သေချင်ယောင်ဆောင်စေပြီး နန်းတော်ထဲကနေ လျှို့ဝှက် ထွက်ခွာခွင့်ပြုလိုက်ပါ ဘုရား”
ဧကရာဇ်မင်းကြီးသည် တစ်ခဏမျှ တွေးတောလိုက်ပြီးမှ သဘောတူလိုက်တော့သည်။
“ကောင်းပြီလေ”
တစ်လကျော်ကြာပြီးနောက်တွင်မူ သူ၏ ဒေါသအရှိန်မှာလည်း အနည်းငယ် လျော့နည်းသွားခဲ့ပြီ ဖြစ်၏။
“ကိုယ်တော် သေဒဏ်ကျ အကျဉ်းသား တစ်ယောက်ကို အစားထိုးပြီး ကွပ်မျက်ရေး စင်မြင့်ပေါ်မှာ သူမအဖြစ် ဟန်ဆောင်ခိုင်းဖို့ စီစဉ်လိုက်မယ်”
အကယ်၍ သူ၏ မြေးတော်က သူမအတွက်ကြောင့်နှင့် အရာရာကို ဆန့်ကျင်နိုင်လောက်လျှင် သူ ကွပ်မျက်ရေး ကွင်းထဲကို ကြားဝင်၊ မဝင်ကို သူ စောင့်ကြည့်ရပေမည်။
-------------------------------------------------------------
အိမ်ရှေ့စံ မြေးတော်သည် ပါးပြင်ပေါ်တွင် လက်ဝါးရိုက်ချက်ရာကြီး ထင်ကျန်လျက်ဖြင့် ထောင်ထဲမှ လမ်းလျှောက် ထွက်လာခဲ့ရသည်။
နန်းတွင်းအမိန့်တော်အရ ဧကရာဇ်သည် သူ့အား ချက်ချင်း ပြန်လည်လွတ်မြောက်ခွင့် ပြုခဲ့ခြင်း ဖြစ်၏။
ယနေ့တွင် ညီလာခံ တက်ရောက်ရန် မလိုအပ်သည့် အောက်ခြေ အရာရှိငယ်တစ်စုသည် သူနှင့် ကျိဆွေ့တို့၏ ပတ်ပတ်လည်တွင် ဝိုင်းအုံလာကြပြီး မြှောက်ပင့်သွေးဆောင်သည့် စကားလုံးများကို တရစပ် ပြောကြတော့သည်။
“အိမ်ရှေ့စံ မြေးတော် ဘုရား၊ မင်းသားရဲ့ ကံဆိုး မိုးမှောင်ကျမှုတွေ အကုန်လုံး ပြီးဆုံးသွားခဲ့ပါပြီ၊ ဒါက သေချာပေါက် မင်းသား ဖြတ်ကျော်ရမယ့် ဘဝရဲ့ အလှည့်အပြောင်း ကံကြမ္မာတစ်ခုပဲ ဖြစ်ပြီး အခုကစလို့ ရှေ့ဆက်မယ့် လမ်းခရီးကတော့ ဘာအတားအဆီးမှမရှိဘဲ အဆင်ပြေချောမွေ့တော့မှာ ဖြစ်ပါတယ် ဘုရား”
“မင်းသား ထောင်ကနေ လွတ်မြောက်လာပြီး ပြန်လည်ကျ န်းမာလာတာကို ကျွန်တော်မျိုးတို့ အတူတူ အောင်ပွဲခံ ကြရပါမယ်၊ မင်းသားအနေနဲ့ ထောင်ထဲမှာ တကယ့်ကို အပင်ပန်းကြီး ပင်ပန်းခဲ့ရပါတယ် ဘုရား”
“မင်းသား ဒုက္ခရောက်ခဲ့ရတယ်ဆိုပေမဲ့လဲ မင်းသားဆီက ထွက်ပေါ်နေတဲ့ ရဲရင့်ထည်ဝါပြီး ခန့်ညားတဲ့ အရှိန်အဝါ ကတော့ ဘယ်လိုမှ ဖုံးကွယ်လို့မရပါဘူး ဘုရား၊ ဘယ်လို ဖုန်မှုန့်ကမှ မင်းသားရဲ့ တောက်ပမှုကို မမှေးမှိန် စေနိုင်ပါဘူး ဘုရား”
“ကျိဆွေ့ရဲ့ ဉာဏ်ပညာကတော့ တကယ့်ကို အနှိုင်းမဲ့လှပါတယ် ဘုရား၊ မင်းသားကို ထောင်ကနေ ကယ်တင် နိုင်ဖို့အတွက် ဒီလောက်အထိ ပြောင်မြောက်လှတဲ့ အစီအစဉ်ကောင်းကြီးကို ကြံစည်ပေးခဲ့တာကိုး”
“အမှန်ပါပဲ၊ ပြီးတော့ အဲဒီ အရှက်မရှိတဲ့ မိန်းမယုတ်က မင်းသားအပေါ် ဖမ်းရခက်အောင် တမင်သက်သက် ဟန်ဆောင် ကစားနေတာပါ၊ ဝေးဝေးလံလံကို ထွက်ပြေးမသွားဘဲ သမီးတော် အကြီးဆုံးရဲ့ အဆောင်တော်ထဲမှာ သွားပြီး ပုန်းအောင်းနေတယ်ဆိုတာ မင်းသား လာရှာပြီး အချစ်ဟောင်း ပြန်စ ဖို့ စောင့်ဆိုင်းနေတာ သက်သက်ပဲ ဖြစ်ရမယ် ဘုရား”
“တကယ်လို့ ကျိဆွေ့သာ မရှိခဲ့ရင် မင်းသား ထောင်ထဲမှာ ရှိနေတဲ့ အချိန်တောအတွင်းမှာ ကျွန်တော်မျိုးတို့ အုပ်စုရဲ့ အင်အားက တော်တော်လေးကို အထိနာသွားမှာ သေချာတယ်”
“ဒီတစ်ကြိမ်မှာ အရှင်မင်းကြီးက အရမ်း အမျက်ဒေါသထွက်ခဲ့တာ၊ တကယ်လို့သာ ကျိဆွေ့က ချက်ချင်း လက်ဦးမှု မယူဘဲ အပြစ်တွေအားလုံးက အဲ့ဒီ နိမ့်ကျလှတဲ့ မိန်းမယုတ်ကြောင့်သာ ဖြစ်တယ်လို့ ပြတ်ပြတ်သားသား ပုံမချပစ်ခဲ့ရင် မင်းသားအနေနဲ့ ဆိုးရွားလှတဲ့ နောက်ဆက်တွဲ ပြစ်ဒဏ်တွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်”
“ကျိဆွေ့က တကယ့်ကို ထူးခြားပြောင်မြောက်တဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်ထားတာပါ”
ကျိဆွေ့သည် ထိုမြှောက်ပင့်စကားများကို မိမိ၏ နှုတ်ခမ်းဖျားတွင် ခပ်ဖွဖွ အပြုံးတစ်ခု ဆင်မြန်းလျက်ဖြင့်သာ လက်ခံ နေခဲ့သည်။
ထိုစဉ် သူသည် ညီလာခံခန်းမထဲမှ လမ်းလျှောက်ထွက်လာပြီး မိမိ၏ အတွေးကမ္ဘာထဲတွင်သာ အစွမ်းကုန် နစ်မြော နေသဖြင့် သူ့ကို လုံးဝ သတိမထားမိဘဲ ဖြတ်လျှောက်သွားသော ရှုရန်မြောင်ကို လှမ်းမြင်လိုက်ရတော့သည်။
ကံမကောင်းလိုက်တာ။
သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ မိမိ၏ တူတော်မောင် ဘေးကင်းစွာဖြင့် ထောင်မှ လွတ်မြောက်လာခဲ့ပြီ ဖြစ်သဖြင့် ကျိဆွေ့အနေဖြင့် ရှုရန်မြောင် ရှိနေခြင်းကို အောင့်အီး သည်းခံနိုင်သည်ဟု ယူဆလိုက်သည်။ ရှုရန်မြောင် စိတ်ထဲကနေ ဘယ်လို အဓိပ္ပာယ်မရှိတဲ့ အတွေးတွေကိုပဲ လျှောက်တွေးနေပါစေဦးတော့…
[နန်းတွင်းက ဒရမ်မာတွေက တကယ့်ကို ရှုပ်ထွေးပွေလီလွန်းတာပဲ၊ ငါ ဒါတွေကို သေသေချာချာ တစ်ချက်လောက် ပြန်ပြီး စီစစ်လိုက်ဦးမယ်၊ အရင်ဆုံး၊ အိမ်ရှေ့စံ မြေးတော်က အမည်ခံအားဖြင့်တော့ တရားဝင် သားဦး အိမ်ရှေ့စံမြေး ဖြစ်နေပေမဲ့ တကယ်တမ်းကျတော့ သူက အိမ်ရှေ့စံမင်းသမီးရဲ့ သားအရင်း မဟုတ်ဘဲ ကိုယ်လုပ်တော် တစ်ယောက်က မွေးဖွားခဲ့တဲ့ သားကိုမှ သူမရဲ့ နာမည်အောက်မှာ တရားဝင် သားအဖြစ် အမည်စာရင်း သွင်းထားတာ ဖြစ်နေတာပဲ]
ကျိဆွေ့သည် ချက်ချင်းပင် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ပြီး အိမ်ရှေ့စံမြေးတော်ထံသို့ လှည့်၍ ကြည့် လိုက်မိသည်။
အိမ်ရှေ့စံ မြေးတော်သည် သူ၏ မြင်းပေါ်သို့ အခုတင်ပဲ တက်လိုက်ခါစ ရှိသေးသည်။ သူသည် ကျိဆွေ့၏ အကြည့်ကို သတိပြုမိသွားသောအခါ ဇဝေဇဝါဖြစ်သွားဟန်ဖြင့် ခေါင်းကို စောင်းလိုက်သည်။
“ဦးရီးတော်”
သူ၏ ရုပ်သွင်က ကျိဆွေ့၏ ညီမနှင့် သိပ်ပြီး မတူလှသော်လည်း သူ၏ မျက်နှာအမူအရာ အချို့ကမူ အိမ်ရှေ့စံ မင်းသားနှင့် အနည်းငယ် တူပေသည်။ ကျိဆွေ့အနေဖြင့် ယခင်က ဤအချက်ကို သိပ်ပြီး သတိမထားမိခဲ့ သော်လည်း ယခုအခါတွင်မူ…
သူတို့ အတူတူ ဖြတ်သန်းခဲ့ကြသည့် နှစ်ပေါင်းများစွာကို ပြန်လည်တွေးတောမိလိုက်သောအခါ ကျိဆွေ့သည် ရင်ထဲ၌ ခဏမျှ အနေခက်သွားမိသော်လည်း ချက်ချင်းပင် ထိုအတွေးကို ဖျောက်ဖျက်ပစ်လိုက်သည်။ သူသည် အိမ်ရှေ့စံ မြေးတော်ကို မိမိ၏ တူအရင်းတစ်ယောက်ကဲ့သို့ စစ်စစ်မှန်မှန် သဘောထားခဲ့ခြင်းဖြစ်ပြီး သူ၏ ညီမ ကိုယ်တိုင်ကလည်း ထိုကလေးကို မိမိဝမ်းနှငက့် လွယ်မွေးခဲ့သည့် သားကဲ့သို့ပင် အမြဲတမ်း ကြင်နာ စောင့်ရှောက် ခဲ့ကာ သူ လိုအပ်သမျှကိုပါ မိမိ၏ ကိုယ်ပိုင် တင်တောင်းပစ္စည်းများထဲကနေ ဖြည့်ဆည်း ပေးခဲ့သည်။ သံယောဇဉ်က စစ်မှန်နေသရွေ့ သွေးသား တော်စပ်မှု ရှိ၊ မရှိဆိုတာက အဘယ်ကြောင့် အရေးကြီးနေဦးမည်နည်း။
[ဟင်း … နောက်တစ်ခုကတော့ … ကျိဆွေ့မှာ ပျောက်ဆုံးနေတဲ့ သမီး တစ်ယောက် ရှိတယ်၊ ဒါပေမဲ့ အဲ့ဒီသမီးက သူ၏ တရားဝင်ဇနီးဖြစ်တဲ့ မင်းသမီး ချင်းဟယ်နဲ့ ရခဲ့တဲ့ သမီး မဟုတ်ပြန်ဘူး]
ကျိဆွေ့၏ မျက်မှောင်မှာ အနည်းငယ် ကုပ်သွားခဲ့သော်လည်း ဤအချက်က သူ့ကို အထူးတလည် စိုးရိမ်ပူပန်မှု မဖြစ်စေပါ။ မြို့တော်ကနေ သူ မထွက်ခွာမီအထိ နောက်ထပ် ရက်အနည်းငယ်လောက်သာ ဤလျှို့ဝှက်ချက်ကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားနိုင်ပါက အဆင်ပြေလေသည်။
[နောက်ဆုံးအနေနဲ့ကတော့ အဲ့ဒီ ပျောက်ဆုံးသွားတဲ့ သမီးဖြစ်သူမှာလဲ သမီးတစ်ယောက် ထပ်ပြီး ရှိခဲ့သေးတယ်၊ အဲ့ဒီ့ သမီးကတော့ အခြားသူမဟုတ်ဘဲ အိမ်ရှေ့စံ မြေးတော်နဲ့ အရှုပ်တော်ပုံဖြစ်နေတဲ့ ကြင်ယာတော်ချင် ကိုယ်တိုင်ပဲ ဖြစ်နေတာပဲ]
*ဘယ်သူ*
ကျိဆွေ့သည် လောကကြီးတစ်ခုလုံး ဝေဝါးချာချာလည်သွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရတော့သည်။ သူသည် လဲကျ မသွားစေရန် ထောင်တံခါး၏ သံတိုင်များကို ကမန်းကတန်း ဖမ်းဆုပ်လိုက်ရပြီး နားထဲ တွင်လည်း မိုးကြိုး ပစ်ချလိုက်သည့်အလား သို့မဟုတ် ပါးပြင်ကို လက်ဝါးဖြင့် အားရပါးရ ရိုက်နှက်ခံလိုက်ရသည့်အလား အုန်းခနဲ မြည်ဟည်းသွားတော့သည်။ သူ၏ ပါးစပ်ထဲတွင်လည်း ညှီစို့စို့ သွေးနံ့များပင် ပြည့်လျှံလာခဲ့၏။
တစ်ဖက်တွင်မူ ရှုရန်မြောင်သည် သူ၏ စိတ်ထဲ၌ လက်ခုပ်လက်ဝါးတီးလျက် အလွန်အမင်း ပျော်ရွှင်နေ မိတော့သည်။
[နောက်ဆုံးတော့ ငါ ဒါကို အဖြေရှာလို့ ရသွားပြီ၊ ဒါဆိုရင်တော့ ကြင်ယာတော်ချင်က အိမ်ရှေ့စံမြေးတော်နဲ့ရော ဧကရာဇ်နဲ့ပါ ဘာသွေးသားမှ မတော်စပ်ဘူးပေါ့၊ ဟူး … တော်သေးတာပေါ့၊ တကယ့်ကို စိတ်အေးသွားရပြီ]
မိမိအနေဖြင့် ဤမျှ ကြီးမားလှသော လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့သဖြင့် ဝမ်းသာပီတိ ဖြစ်နေသော ရှုရန်မြောင်သည် အိမ်ပြန်ရာလမ်းသို့ အေးအေးဆေးဆေး အပျော်ကြီးပျော်ကာ လျှောက်လှမ်းသွားတော့သည်။ ကျိဆွေ့သည် မျက်စိထဲတွင် အရာရာ ဝေဝါးနေသည့်ကြားကနေပဲ သူ့ကို တားဆီးရန်အတွက် လက်ကို လှမ်းဆန့် လိုက်သော်လည်း လောကကြီးက ပိုမို၍ စောင်းငဲ့သွားခဲ့ပြီး သူ၏ ခြေထောက်နှစ်ဖက်လုံးမှာ ဗုန်းခနဲ ပျော့ခွေ သွားခဲ့ကာ မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် လဲကျသွားခဲ့တော့သည်။
“နေဦး … ပြန်လာခဲ့ဦး … ရှင်းပြဦး …”
ထိုအခိုက်အတန့်တွင်ပင် နန်းတွင်းသတင်းပို့သူတစ်ဦးက အသည်းအသန် ပြေးလွှားရောက်ရှိလာခဲ့သည်။
“မင်းသား၊ ကြင်ယာတော်ချင်ကို ကွပ်မျက်ရေးကွင်းထဲကို ခေါ်ဆောင်သွားကြပါပြီ၊ သူမကို ဒီနေ့ နေမွန်းတည့်ချိန် ၃ နာရီမှာ ကွပ်မျက်ပစ်ဖို့ သတ်မှတ်လိုက်ပြီ”
အိမ်ရှေ့စံမြေးတော်မှာမူ ဆွံ့အမှင်တက်သွားရသည်။
“ဘာ၊ အာကျန်းက အသက်ရှင်နေသေးတာလား၊ အား”
သူ ဘာမှမတုံ့ပြန်နိုင်သေးမီမှာပင် ကိုယ်ကို ဆွဲရမ်းခြင်း ခံလိုက်ရတော့သည်။ သူသည် ဒေါသတကြီးဖြင့် ပေါက်ကွဲရန် ပြင်ဆင်လိုက်စဉ်မှာပင် ကျိဆွေ့ တစ်ယောက် မြင်းပေါ်သို့ အတင်းတက်ကာ အစွမ်းကုန် အရှိန် အဟုန်ဖြင့် ဒုန်းစိုင်း မောင်းနှင် ထွက်ခွာသွားသည်ကို ကွက်တိ မြင်တွေ့လိုက်ရသည်။
“ဦးရီးတော်၊ ဦးရီးတော်၊ ဦးရီးတော်က မြင်းတောင် ကောင်းကောင်း မစီးတတ်ဘဲနဲ့၊ သတိထားဦးလေ၊ ရှေ့မှာ တစ်ခုခုကို တိုက်မိတော့မယ်၊ ဦးရီးတော်၊ ညာဘက်၊ မဟုတ်ဘူး၊ ဘယ်ဘက်”
ကျိဆွေ့၏ ပုံရိပ်သည် သူ၏မျက်စိရှေ့မှ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့တော့သည်။ အိမ်ရှေ့စံမြေးတော်က ရေရွတ်နေမိသည်။
“ဘာတွေ ဒီလောက်တောင် လောနေရတာလဲ၊ သူက ရုတ်တရက်ကြီး မြင်းစီးတတ်သွားတာလား”
နန်းတွင်းသတင်းပို့သူက ချီတုံချတုံ ဖြစ်နေ၏။
“မင်းသား၊ ကြင်ယာတော်ချင် … မင်းသား၊ ဘာကိုမှ အလျင်စလို မလုပ်ပါနဲ့ ဘုရား”
အိမ်ရှေ့စံ မြေးတော်သည် ရှေ့သို့ ခြေလှမ်းတစ်လှမ်း မဝံ့မရဲ လှမ်းလိုက်ပြီးမှ နောက်သို့ ပြန်ဆုတ်လိုက်သည်။
“ကောင်းပြီလေ”
သူသည် အံကြိတ်ကာ မျက်လုံးများကို စုံမှိတ်လိုက်ရင်း ကြုံးဝါးလိုက်တော့သည်။
“ငါ သေသေချာချာ သတိထားပြီး ပြုမူဆောင်ရွက်ပါ့မယ်”
----------------------------------------------------------
ကွပ်မျက်ရေးကွင်း၏ အပေါ်စီးမှ လှမ်းမြင်နေရသော အဆောင်ငယ်တစ်ခုထဲတွင်မူ ဧကရာဇ်အိုကြီးသည် ခန့်ညား ထည်ဝါလှသော အရှိန်အဝါဖြင့် ထိုင်နေရင်း ပြတင်းပေါက်၏ အပြင်ဘက်သို့ အေးစက်စက် အကြည့်များဖြင့် စိုက်ကြည့်နေတော့သည်။
“အဲဒီ မသိတတ်တဲ့ မြေးကောင် ကွပ်မျက်ရေးကွင်းထဲကို ရဲရဲဝံ့ဝံ့ လာရဲ၊ မရဲ ငါကိုယ်တော် ကိုယ်တိုင် စောင့်ကြည့် ရသေးတာပေါ့”
အောက်ခြေတွင်မူ ကွပ်မျက်ရေးသမားသည် သူ၏ တောက်ပနေသော ဓားပြားကြီးပေါ်သို့ အရက်ကို အားရပါးရ မှုတ်ဖျန်းလိုက်ရင်း ခုတ်ဖြတ်ရန် ပြင်ဆင်နေခဲ့ပြီ ဖြစ်သည်။ အမျိုးသမီးတစ်ဦးသည် မြေပြင်ပေါ်တွင် ဒူးထောက် နေရှာပြီး သူမ၏ နက်မှောင်လှသော ဆံနွယ်များက သူမ၏ မျက်နှာတစ်ခုလုံးကို ဖုံးကွယ်ထား၏။
နေရောင်အောက်တွင် ဓားပြားကြီးမှာ အပေါ်သို့ မြင့်မားစွာ မြှောက်တက်သွားခဲ့စဉ် ဝေးလံသော တစ်နေရာမှ လောလော လောလောဖြင့် ပြေးလွှားလာသော မြင်းခွာသံကြီးက ထွက်ပေါ်လာခဲ့တော့သည်။
ဓားပြားကြီး လေထဲတွင် ဝဲပျံနေဆဲ အခိုက်အတန့်မှာပင် စိတ်လှုပ်ရှားလွန်းသဖြင့် အသံများပင် ကွဲအက်နေသော အမျိုးသားတစ်ဦး၏ အသည်းအသန် အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။
“ဓားကို ရပ်လိုက်စမ်း”
ဧကရာဇ်၏ မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားခဲ့ပြီး သူ၏ အမူအရာမှာလည်း မိုးကြိုးမုန်တိုင်း ကျရောက် တော့မည့်အလား ခက်ထန်သွားတော့သည်။ သူသည် မိမိ၏ ရှေ့ရှိ စားပွဲပေါ်တွင် တင်ထားသော ဓားမြှောင်ကို ဆွဲကိုင်လိုက်မိပြီး တစ်ကိုယ်လုံးတွင်လည်း လူသတ်ချင်စိတ် အရှိန်အဝါများ ပြည့်နှက်သွားခဲ့၏။
“အရှက်မရှိတဲ့ ကောင်”
ကျိဆွေ့သည် ကွပ်မျက်ရေးကွင်းထဲသို့ ဝုန်းခနဲ ပြေးဝင်လာခဲ့ပြီး ကွဲကွာနေခဲ့ရရှာသော မိသားစုဝင်အရင်းအချာနှင့် ပြန်လည် ဆုံဆည်းရသည့်အလား ဒူးထောက်နေသော ထိုအမျိုးသမီးကို ရှေ့သို့ အတင်းတိုးကာ ဖက်လဲတကင်း ပွေ့ဖက်လိုက်တော့သည်။
“ငါ့ကလေးလေး၊ ငါက မင်းရဲ့ အဖိုးအရင်းပဲ”
ဧကရာဇ်: “…”
*ဘာဖြစ်လို့ ကျိဆွေ့ ဖြစ်နေရတာလဲ< အဲဒီ အရှက်မရှိတဲ့ မြေးကရော ဘယ်ရောက်သွားလဲ*
*နေပါဦး… သူ ခုနက ဘာပြောလိုက်တာလဲ၊ အဖိုး ဟုတ်လား၊ ကျိဆွေ့ရဲ့ မြေးမလေးက … ငါ့ …*
ဧကရာဇ်မင်းကြီးသည် ကုလားထိုင်ပေါ်သို့ ဘုန်းခနဲ ပြန်လည်လဲကျသွားခဲ့ရပြီး မိမိ၏ ရင်ဘတ်ကို တင်းတင်း ဆုပ်ကိုင်ထားရင်း မျက်နှာတစ်ခုလုံး မယုံနိုင်သဖြင့် ရှုံ့တွသွားတော့သည်။
[မှားနေပြီ၊ မှားနေပြီ]
ရှုရန်မြောင်၏ စိတ်တွင်းရေရွတ်သံက ချက်ချင်းပင် ကွက်တိ ဝင်ရောက်လာခဲ့ပြန်သည်။
[အဲဒါ မင်းသမီးရဲ့ သမီးအရင်း မဟုတ်ဘူး၊ အဲဒါ လူစားလဲထားတဲ့ အတုကြီး၊ သေဒဏ်ကျ အကျဉ်းသား တစ်ယောက်ပဲ]
ဧကရာဇ်: “…”
*ဒါဆိုရင် သူ့ဇနီးဟောင်းရဲ့ သမီး မဟုတ်ဘူးပေါ့*
*ချင်းဟယ်မင်းသမီးရဲ့ ကလေး မဟုတ်ဘူးပေါ့*
ဧကရာဇ်အနေဖြင့် မိမိကိုယ်မိမိ လှည့်ဖြားခံလိုက်ရပြီဟု ခံစားရရန်ပင် အချိန်မရလိုက်ဘဲ စိတ်သက်သာရာ ရသွားမှုကြောင့် တစ်ကိုယ်လုံးတွင် ချွေးစေးများပင် ပြည့်လျှံသွားခဲ့တော့သည်။
ပတ်ဝန်းကျင်ရှိ ဝိုင်းအုံနေကြသော နန်းတွင်းကိုယ်ရံတော်များအားလုံးသည် ဧကရာဇ်မင်းကြီးတစ်ယောက် ခဏမျှ တိတ်ဆိတ်စွာ ထိုင်နေပြီးနောက်တွင်မှ ရုတ်တရက် ဝုန်းခနဲ ထရပ်လိုက်ရင်း ဒေါသတကြီးဖြင့် အော်ဟစ် လိုက်သည်ကို အထင်အရှား မြင်တွေ့လိုက်ကြရတော့သည်။
“ရှုရန်မြောင်၊ ခွေးကောင်လေး”
*သေချာပေါက် အဲဒီ အရှုပ်ကောင်လေးရဲ့ စိတ်တွင်းအတွေးတွေကြောင့်ပဲ ကျိဆွေ့တစ်ယောက် ကွပ်မျက်ရေးကွင်း ထဲကို ဒီလောက်အထိ အသက်နဲ့လဲပြီး ပြေးဝင်လာရတာ ဖြစ်ရမယ်*
အဲဒီ “အဖိုး” ဆိုတဲ့ စကားလုံးတစ်လုံးကတင် ငါ့ရဲ့ နှလုံးခုန်သံကို ချက်ချင်း ရပ်တန့်သွားစေလုနီးပါး ဖြစ်ခဲ့ရတာပဲ*
စာစဉ် (၄) ပြီးပါပြီ။