အခန်း ၁၉၁
Vol. 20 Ch. 191
191
လူထွားကြီးက လီတပြောင်ကို အငြိုးအတေးအပြည့်ဖြင့် စိုက်ကြည့်နေ၏။
“မင်းက တကယ့်ကို ရဲတင်းလှချည်လား”
လူထွားကြီးက လေးနက်သောလေသံဖြင့် ကြိမ်းမောင်းလိုက်သည်။
လီတပြောင်မှာမူ လူထွားကြီးကို မကြည့်ရဲဘဲ တုန်တုန်ရင်ရင်ဖြင့် သူ၏နီမြန်းဖူးရောင်နေသော ပါးကို ပြန်ကိုင်လိုက်မိ၏။
ထိုလူထွားကြီး၏ ခြေထောက်ဖြင့် နင်းခြေခြင်းခံထားရသော ပါးပြင်ထက်က ဒဏ်ရာမှာ ယခုထက်ထိ စူးစူးရှရှ နာကျင်နေဆဲ ဖြစ်သည်။
ချင်ရန်က လူထွားကြီး၏ရှေ့တွင် ပိတ်ကာ မတ်တတ်ရပ်လိုက်၏။
“ဒီမှာ လာပြီး စကားအပိုတွေ ပြောမနေနဲ့၊ အခုချက်ချင်း ငါတို့နဲ့ စခန်းကို လိုက်ခဲ့ မဟုတ်ရင် ငါတို့ဘက်က အင်အားသုံးပြီး ဖမ်းဆီးရလိမ့်မယ်”
ချင်ရန်က တည်ငြိမ်စွာဖြင့် ပြောလိုက်ရာ လူထွားကြီးက အံကို ခပ်တင်းတင်း ကြိတ်လိုက်သည်။
ထိုစဉ်မှာပင် လူမိုက်တစ်ဦးက လက်ထဲတွင် တုတ်တစ်ချောင်းကို ကိုင်လျက် ချင်ရန်၏ နောက်ကျောဘက်သို့ တိတ်တဆိတ် ကပ်လာခဲ့၏။
၎င်းကို မြင်လိုက်ရသောအခါ လူထွားကြီးက ချက်ချင်းပင် ထိုနောက်လိုက်လေးကို မျက်စိမှိတ် အချက်ပြလိုက်ပြီး ချင်ရန်ကို အနောက်မှနေ၍ တုတ်ဖြင့် အမိအရ ရိုက်ချရန် အချက်ပေးလိုက်တော့သည်။
*ဘုန်း*
ထိုလူမိုက်က ချင်ရန်၏ နောက်စေ့ကို ဦးတည်ကာ တုတ်ဖြင့် ရိုက်ချလိုက်၏။
ဤကဲ့သို့သော အားဖြင့် အနောက်မှ အလစ်အငိုက် အပြင်းအထန် အရိုက်ခံရပါက သာမန်လူဆိုလျှင် သတိမေ့သွားနိုင်ရုံတင်မကဘဲ အသက်အန္တရာယ်ပင် စိုးရိမ်ရနိုင်သည်။
ထို့အပြင် ချင်ရန်၏ နောက်က ရဲအရာရှိနှစ်ဦးမှာလည်း အခြေအနေကို သတိမထားမိလိုက်ကြချေ။
*ဖတ်*
သို့သော် ထိုလူမိုက်မှာ မိမိ၏ အာရုံခံနယ်ပယ်အတွင်း ရောက်ရှိနေသဖြင့် မည်သူမျှ မိမိအား အလစ်အငိုက် တိုက်ခိုက်နိုင်မည်မဟုတ်ကြောင်း ချင်ရန် ကောင်းစွာ သိထား၏။
ထို့ကြောင့် ချင်ရန်သည် နောက်သို့ လှည့်ပင် မကြည့်ဘဲ သူ့နောက်စေ့ဆီသို့ ကျရောက်လာသော တုတ်ကို အာရုံဖြင့် သိရှိကာ လျင်မြန်တိကျစွာ လှမ်းဖမ်းချုပ်လိုက်လေသည်။
“မင်းတို့က တကယ့်ကို သတ္တိကောင်းလှချည်လား၊ ရဲအရာရှိကိုတောင် ရန်ပြုရဲတယ်ပေါ့လေ”
ချင်ရန်က အေးစက်စွာ ဆိုလိုက်၏။
*ဘုန်း*
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ချင်ရန်က ကိုယ်ကို တစ်ဖက်လှည့်ကာ ပြင်းထန်သော ကန်ချက်တစ်ချက် ဝှေ့ယမ်းကျွေးလိုက်ရာ အနောက်မှ အလစ်လာရိုက်သည့် လူမိုက်မှာ လွင့်ထွက်သွားပြီး အရက်ပုလင်းပုံကြီးထဲသို့ ဝုန်းခနဲ ပြိုလဲကျသွားတော့သည်။
ထိုအခါမှ အနောက်တွင် ရှိနေသော ရဲအရာရှိနှစ်ဦးလည်း အခြေအနေကို ရိပ်မိသွားကြ၏။
“မလှုပ်ကြနဲ့နော်၊ ရဲကို တိုက်ခိုက်ရဲရင် မင်းတို့တွေ တစ်ယောက်မှ လွတ်ဖို့ မစဉ်းစားကြနဲ့”
ရဲအရာရှိနှစ်ယောက်ကလည်း ချက်ချင်းပင် အော်ဟစ် ကြိမ်းမောင်းလိုက်ကြသည်။
ထိုအချိန်တွင် ဘားအတွင်းရှိ လူပေါင်း ဒါဇင်ချီက သူတို့ကို ဝိုင်းအုံကြည့်နေကြပြီး ချင်ရန်က လူထွားကြီးကို ခေါ်ဆောင်သွားမည်ကို မလိုလားကြချေ။
အဘယ်ကြောင့်ဆိုသော် ထိုလူထွားကြီးမှာ ဤဘား၏ ပိုင်ရှင်ဖြစ်ပြီး သူ့လက်အောက်တွင် လူမိုက်အင်အား အမြောက်အမြား ရှိသောကြောင့် ဖြစ်သည်။
ထို့ပြင် လူထွားကြီးသည် ရဲများ မည်မျှပင် ရောက်လာပါစေ ဂရုစိုက်လေ့ မရှိပေ။
သို့သော် သူတို့ရှေ့ရှိ ဤရဲအရာရှိလေး၏ ကိုယ်ခံပညာအစွမ်းမှာ အထင်သေး၍ မရကြောင်းကို သူတို့ မမျှော်လင့်ဘဲ မြင်တွေ့လိုက်ရသည်။
စောစောက ကန်ချက်တစ်ချက်တည်းနှင့်ပင် သူ့ကျွမ်းကျင်မှုကို အထင်အရှား ပြသလိုက်ခြင်း ဖြစ်၏။
ထိုအခြေအနေကို မြင်သောအခါ လူထွားကြီးပင် အနည်းငယ် ကြောက်လန့်သွားတော့သည်။
“မင်းတို့က တကယ့်ကို သတ္တိရှိတာပဲ၊ ကောင်းပြီလေ ငါ မင်းတို့နဲ့ လိုက်ခဲ့မယ် ဟုတ်ပြီလား”
လူထွားကြီးသည် ကိစ္စများကို ပို၍ မကြီးထွားစေချင်တော့ပေ။
ဤရဲအရာရှိမှာ ကိုယ်ခံပညာ ကျွမ်းကျင်သည်မှာ သိသာလှသဖြင့် ရန်ပွဲ ဆက်ဖြစ်ပါက သူ့အနေဖြင့် ထိုရဲကို အချိန်တိုအတွင်း နှိမ်နင်းနိုင်မည် မဟုတ်ချေ။
စောစောက သူ့တပည့်ကို မျက်စိမှိတ် အချက်ပြခဲ့ခြင်းမှာ ချင်ရန် သတိမထားမိခင် အနောက်မှ အလစ်ဝင်ရိုက်ခိုင်းပြီး ကိစ္စကို အမြန်ဖြတ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ယခုမူ အစီအစဉ် ပျက်သွားခဲ့ရ၏။
အဆုံးတွင် ချင်ရန်က လူထွားကြီးကို လက်ထိပ်ခတ်လိုက်သော်လည်း ထိုမျှနှင့် ပြန်ရန် စိတ်မကူးသေးပေ။
ချင်ရန်က လီတပြောင်ကို တည်ငြိမ်စွာ ကြည့်ရင်း အမိန့်ပေးလိုက်သည်။
“မင်းကို ရိုက်ခဲ့တဲ့သူတွေ အားလုံးကို လိုက်ပြစမ်း၊ ဘယ်သူတွေ ပါလဲဆိုတာ အကုန်လုံး ထောက်ပြလိုက်”
ထိုစကားကို ကြားရသောအခါ ပထမတော့ လီတပြောင်မှာ အံ့ဩမှင်သက်သွားရသည်။
သူက လူထွားကြီးတစ်ယောက်တည်းကိုသာ ဖမ်းခိုင်းဖို့ ရည်ရွယ်ခဲ့ပေမဲ့ အခု ရဲအရာရှိက ဘာလုပ်ဖို့ ကြံစည်နေတာလဲ။
သူ့ကို ရိုက်ခဲ့သူ အားလုံးကိုပါ တစ်ပြိုင်နက် ဖမ်းဆီးတော့မလို့လား။
ချင်ရန်ထံမှ ထွက်လာသော စကားကြောင့် လီတပြောင်ကို ရိုက်နှက်ခဲ့ကြသော လူမိုက်များ၏ မျက်နှာများလည်း အနည်းငယ် ပျက်သွားကြ၏။
လီတပြောင်က အံကို ကြိတ်ပြီး အခြေအနေအရ နောက်မဆုတ်သာတော့သဖြင့် သူ့အား ရိုက်နှက်ခဲ့သည့် သူများကို လိုက်လံ ပြသလိုက်တော့သည်။
စုစုပေါင်း လူမိုက် ၁၁ ဦးကို ထပ်မံ ဖော်ထုတ်နိုင်ခဲ့ပြီး အားလုံးမှာ သူ့ကို ဝိုင်းဝန်းရိုက်နှက်ခဲ့သူများ ဖြစ်ကြ၏။
အဖမ်းခံရသူများမှာ မျက်နှာများ ပြာနှမ်းသွားပြီး လီတပြောင်ကို ရန်ငြိုးအပြည့်ဖြင့် စိုက်ကြည့်နေကြသည်။
အဓိပ္ပာယ်မှာ သူတို့ ပြန်လွတ်လာလျှင် လီတပြောင်ကို အသေသတ်မည်ဟူ၍ ဖြစ်၏။
“ရဲအရာရှိ ကျွန်တော်တို့က သူ့ကို နည်းနည်းပါးပါး တွန်းထိုးမိရုံတင် ရှိတာပါ၊ ဒါက ထောင်ကျရမယ့်အထိ မဟုတ်ပါဘူးနော်”
လူမိုက်တစ်ဦးက ခနဲ့တဲ့တဲ့ ပြောလိုက်ရာ ချင်ရန်က အမူအရာမပျက်ဘဲ ညွှန်ကြားလိုက်သည်။
“လက်ထိပ်ခတ်လိုက်”
သူသည် စကားအပို တစ်ခွန်းမှ မပြောဘဲ ခါးကြားမှ လက်ထိပ် တစ်ဒါဇင်ကျော်ကို ထုတ်ယူလိုက်၏။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုလူများကို ဖမ်းဆီးရန်အတွက် ကြိုတင် ပြင်ဆင်လာခဲ့သည့်အလားပင်။
“တောက်၊ ဒီရဲကတော့ တကယ့်ကို မောက်မာလွန်းတယ်”
လူမိုက်တစ်ဦးက ဆဲဆိုကြိမ်းမောင်းပြီး ချင်ရန်ကို ဝင်ရောက် တိုက်ခိုက်ချင်စိတ် ပေါက်လာသော်လည်း အောင့်အီးသည်းခံလိုက်ရသည်။
မည်သို့ပင် ဆိုစေကာမူ ရဲကို ရန်ပြုခြင်းမှာ ပြစ်ဒဏ် ကြီးလှ၏။
ရဲထံမှ အရိုက်အနှက်ကို ခံရခြင်းက ကိစ္စမရှိသော်လည်း တာဝန်အချိန်၌ ရဲကို ပြန်လည် ရန်ပြုခြင်းကမူ လုံးဝ တခြားစီ ဖြစ်သွားပေလိမ့်မည်။
အဆုံးတွင် ချင်ရန်နှင့် ရဲအရာရှိနှစ်ဦးတို့သည် လူမိုက် ၁၁ ဦးလုံးကို လက်ထိပ်ခတ်နိုင်ခဲ့သည်။
ထို ၁၁ ဦးမှာ ဒေါသတကြီးဖြင့် ချင်ရန်တို့ကို ပြန်လည် တိုက်ခိုက်ချင်နေကြသော်လည်း မလုပ်ဝံ့ကြချေ။
အကယ်၍ တိုက်ခိုက်လျှင်ပင် ချင်ရန်ကို ယှဉ်နိုင်မည် မဟုတ်ကြောင်းကိုလည်း သိထားကြ၏။
ထို့နောက် ကားပေါ်သို့ မတက်ချင်သော လူမိုက်များကို ချင်ရန်က တစ်ယောက်တစ်ချက် ကန်ကျွေးကာ ရဲကားပေါ်သို့ အကုန် တင်လိုက်တော့သည်။
ရဲကားများမှာ လူမိုက်များဖြင့် ပြည့်နှက်သွားပြီး ဌာနချုပ်ဆီသို့ အမြန် မောင်းနှင်ကာ ပြန်လာခဲ့ကြ၏။
ဌာနချုပ်သို့ ရောက်သောအခါ ချင်ရန်က ထိုလူထွားကြီးအပါအဝင် လူမိုက် ၁၂ ဦးလုံးကို ယာယီအချုပ်ခန်းထဲသို့ ပစ်ထည့်လိုက်သည်။
“မင်းတို့ ဒီထဲမှာ ခဏလောက် အေးအေးဆေးဆေး နေကြဦး၊ မင်းတို့ရဲ့ နောက်ကြောင်းတွေကို သေသေချာချာ မစုံစမ်းရသေးခင်အထိ ပြန်ဖို့ လုံးဝ စိတ်မကူးနဲ့”
ချင်ရန်က အေးစက်စွာ ပြောလိုက်၏။
“ရဲအရာရှိ ခင်ဗျား ဘာကို ဆိုလိုတာလဲ”
ချင်ရန်၏ စကားကြောင့် လူထွားကြီးမှာ အကြီးအကျယ် မျက်နှာပျက်သွားသည်။
သာမန် ရန်ပွဲဖြစ်ရုံမျှကို ထောင်ထဲတွင် ရက်အနည်းငယ် နေပြီး ဒဏ်ရာအတွက် လျော်ကြေးပေးလိုက်လျှင် ပြီးရမည် မဟုတ်လား။
ဘာလို့ သူတို့ရဲ့ နောက်ကြောင်းကိုပါ လိုက်စုံစမ်းနေရတာလဲ။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဘားများနှင့် KTV များ ဖွင့်လှစ်ထားသူ အများစုမှာ ယခင်က ဂိုဏ်းစတား လုပ်ရပ်များနှင့် မကင်းကြသူများ ဖြစ်ကြ၏။
အကယ်၍ သူတို့နောက်ကြောင်းကို သေသေချာချာ လိုက်လံ စုံစမ်းမည်ဆိုပါက ပြဿနာများမှာ အကြီးအကျယ် ပွင့်ထွက်လာနိုင်ချေ ရှိသည်။
“ငါက အပျော်သဘောနဲ့ လာပြီး နောက်ပြောင်နေတယ်လို့ ထင်နေတာလား”
ချင်ရန်က ခပ်ပြုံးပြုံး လုပ်လိုက်ပြီး အကျဉ်းခန်းထဲမှ လူမိုက်များ၏ အော်ဟစ် ဆဲဆိုသံများကို လျစ်လျူရှုကာ ထွက်ခွာလာခဲ့သည်။
ထို့နောက်တွင် 'Lost' ဘားပိုင်ရှင်နှင့် သူ့နောက်ကွယ်မှ အမှုတွဲများကို လိုက်လံ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ် စတင်တော့၏။
ထိုစုံစမ်းစစ်ဆေးမှုမှာ စုစုပေါင်း နှစ်ရက်ခန့် ကြာမြင့်ခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအရ 'Lost' ဘားတွင် ယခင်ကလည်း အလားတူ အမှုအခင်းများစွာ ဖြစ်ပွားခဲ့ဖူးကြောင်း တွေ့ရှိခဲ့ရသည်။
အမျိုးသမီးအချို့က သူတို့သည် ထိုဘားတွင် ဆေးခတ်ခြင်း ခံရပြီး အဓမ္မပြုကျင့်ခံခဲ့ရကြောင်း တိုင်ကြားခဲ့ဖူးသော်လည်း အထောက်အထား မခိုင်လုံသဖြင့် အမှုများမှာ ပိတ်သိမ်းခံခဲ့ရဖူး၏။
ထို့ပြင် ဘားတွင် ငွေညှစ်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍လည်း တိုင်ကြားချက်များစွာ ထပ်မံ ပေါ်ထွက်လာခဲ့သည်။
'Lost' ဘားသည် လှပသော မိန်းကလေးများကို ငှားရမ်းကာ လူမှုကွန်ရက် အက်ပ်အမျိုးမျိုးမှတစ်ဆင့် အမျိုးသားများကို မြှူဆွယ်ပြီး ဘားသို့ ခေါ်ဆောင်လာစေခြင်း ဖြစ်၏။
ထို့နောက် ထိုမိန်းကလေးများက ဈေးနှုန်း အဆမတန် ကြီးမားလှသော အရက်များကို မှာယူကြပြီး အမျိုးသားများတွင် ငွေမလောက်ပါက အတင်းအဓမ္မ ငွေညှစ်ကြခြင်း ဖြစ်သည်။
ထို့ကြောင့် 'Lost' ဘားကို ချိတ်ပိတ်လိုက်ပြီး ဘားရှိ မိန်းကလေးများ အားလုံးကိုပါ ဖမ်းဆီးစစ်ဆေးခဲ့သည်။
သူတို့၏ လက်ကိုင်ဖုန်းများကို ရဲတပ်ဖွဲ့က သိမ်းဆည်းလိုက်ပြီး စစ်ဆေးမေးမြန်းရာ ထိုမိန်းကလေးများမှာ အမှုမှန်ကို အကုန်အစင် ဝန်ခံခဲ့ကြ၏။
သူတို့သည် ဘားပိုင်ရှင်၏ အမိန့်ပေးစေခိုင်းမှုကြောင့်သာ ထိုသို့ လုပ်ဆောင်ခဲ့ရခြင်း ဖြစ်ကြောင်း ထွက်ဆိုကြသည်။
အချို့ မိန်းကလေးများကမူ သူတို့ ဘားတွင် အလုပ်လုပ်စဉ်က ဘားပိုင်ရှင်၏ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရကြောင်း တိုင်ကြားကြပြီး ခိုင်လုံသော အထောက်အထားများကိုပါ ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ကြ၏။
ဖော်ထုတ်ရရှိသော ရာဇဝတ်မှု မှတ်တမ်းများမှာ ထိုမျှတင် မကသေးချေ။
ယခင်က ကုန်သည်ကြီးတစ်ဦးသည် 'Lost' ဘားနှင့် မီတာ ၂၀၀ ခန့် အကွာတွင် ဆိတ်ငြိမ်သော ဘားအသစ်တစ်ခုကို ဖွင့်လှစ်ရန် ကြိုးပမ်းခဲ့ဖူးသည်။
သို့သော် ဘားကို ပြင်ဆင်ပြီး၍ ဖွင့်လှစ်သည့် ဒုတိယမြောက်ညမှာပင် ဆိုင်ခန်းတစ်ခုလုံး ဖျက်ဆီးခံခဲ့ရပြီး ဆိုင်အတွင်း၌လည်း မစင်များနှင့် အညစ်အကြေးများစွာကို စွန့်ပစ်ကာ အနံ့အသက် ဆိုးရွားအောင် ဖျက်ဆီးခြင်း ခံခဲ့ရ၏။
ထိုဘားပိုင်ရှင်က ဒေါသတကြီးဖြင့် ရဲတိုင်ခဲ့သော်လည်း စောင့်ကြည့်ကင်မရာများ ဖျက်ဆီးခံခဲ့ရသဖြင့် သက်သေအထောက်အထား မခိုင်လုံဘဲ အမှုမှာ ပျောက်ကွယ်ခဲ့ရပြန်သည်။
သို့သော် ထိုဘားပိုင်ရှင်ကမူ ဤသည်မှာ 'Lost' ဘားပိုင်ရှင်၏ လက်ချက်ဖြစ်ကြောင်း သေချာစွာ သိရှိနေခဲ့၏။
ယခု စစ်ဆေးမေးမြန်းခြင်း ခံရသော အမျိုးသမီးများထဲမှ အချို့က တရားရုံးတွင် သက်သေအဖြစ် ထွက်ဆိုရန် သဘောတူခဲ့ကြသည်။
ထို့ပြင် 'Lost' ဘားပိုင်ရှင်သည် ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် ဆက်ကြေးကောက်ခြင်း စသည့် ပြစ်မှုငယ်ပေါင်းများစွာတွင်လည်း ပါဝင်ပတ်သက်နေသဖြင့် ဒေသခံ ပြည်သူများမှာ သူ့ကို ကြောက်ရွံ့နေကြရခြင်းပင်။
နောက်ထပ် တစ်ရက်ခန့် သက်သေအထောက်အထားများ စုဆောင်းပြီးနောက် ချင်ရန်သည် အမှုတွဲအားလုံးကို စုံလင်စွာ စုဆောင်းနိုင်ခဲ့ပြီး ဘားတွင် အလုပ်လုပ်သော မိန်းကလေးများ၏ ထွက်ဆိုချက်များကိုပါ အသေးစိတ် မှတ်တမ်းတင်နိုင်ခဲ့သည်။
ချင်ရန်သည် ဘားပိုင်ရှင် လူထွားကြီးကို ဖမ်းဆီးထားသော အချုပ်ခန်းရှေ့သို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့၏။
ထိုအခါ လူထွားကြီး၏ မကျေမနပ် ဖြစ်နေသော မျက်နှာထားကို ကြည့်ကာ ချင်ရန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
“မင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် သက်သေအထောက်အထား အားလုံးကို ငါတို့ စုံလင်အောင် စုဆောင်းပြီးသွားပြီ၊ မင်းက အဓိက တရားခံဖြစ်တဲ့အတွက် အနည်းဆုံး ထောင်ဒဏ် ၃ နှစ် ကျခံရလိမ့်မယ်၊ မင်းရဲ့ မတရား ရရှိထားတဲ့ ပိုင်ဆိုင်မှုတွေကိုတော့ မင်း နစ်နာအောင် လုပ်ခဲ့တဲ့သူတွေထံ မျှမျှတတ ပြန်လည် ခွဲဝေ ပေးအပ်သွားမှာ”