အခန်း ၁၉၅
Vol. 20 Ch. 195
195
ချင်ရန်သည် ကျောင်းသူမိန်းကလေးကို ကားပေါ်သို့ တင်ဆောင်ကာ မြို့ပြင်ရှိ ကျေးလက်တောရွာဘက်သို့ ဦးတည်မောင်းနှင်ခဲ့သည်။
သူတို့သည် ဆယ်ကီလိုမီတာခန့် မောင်းနှင်လာခဲ့ကြပြီးနောက် အလွန်ပင် ဝေးလံခေါင်ဖျားလှသော ရွာငယ်လေးတစ်ရွာသို့ ရောက်ရှိလာခဲ့ကြ၏။
ထိုနေရာတွင် မြင့်မားသော အဆောက်အအုံဟူ၍ လုံးဝမရှိဘဲ ဟောင်းနွမ်းစုတ်ပြတ်လှသော အိမ်အို၊ အိမ်ဟောင်းလေးများကိုသာ တွေ့ရသည်။
ထိုရွာကလေးကို ကြည့်ရသည်မှာ လူငယ်လူရွယ်များ မရှိတော့ဘဲ သက်ကြီးရွယ်အိုများသာ အခြေချနေထိုင်ကြသည့် ဆိတ်ငြိမ်သော နေရာတစ်ခု ဖြစ်ပုံရ၏။
ဤမြင်ကွင်းကို ကြည့်ခြင်းအားဖြင့် ကျောင်းသူမိန်းကလေး၏ မိသားစုနောက်ခံမှာ တကယ့်ကို ရုန်းကန်နေရသည့် နွမ်းပါးလှသော မိသားစုဖြစ်ကြောင်း ချင်ရန် ပိုမိုသေချာသွားခဲ့သည်။
မိန်းကလေး၏ လမ်းညွှန်ပြသမှုအတိုင်း မောင်းနှင်လာခဲ့ရာ နောက်ဆုံးတွင် သူမ အိမ်ရှေ့သို့ ရောက်ရှိလာခဲ့ကြ၏။
သို့သော် မမျှော်လင့်ဘဲ မိန်းကလေး၏ အိမ်ရှေ့တွင် ခန္ဓာကိုယ် ထွားကျိုင်းလှသော လူမိုက်အမျိုးသားလေးဦးက ရန်လိုသော မျက်လုံးများဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်လှမ်းကာ စောင့်ဆိုင်းနေကြသည်ကို တွေ့လိုက်ရသည်။
အိမ်တံခါးဝတွင်မူ ခါးကိုယ်စီ ကိုင်းလျက် ဇနီးမောင်နှံဖြစ်ပုံရသော သက်ကြီးရွယ်အို နှစ်ဦး မတ်တတ်ရပ်နေကြသည်။
သူတို့သည် ဝေဝေဝါးဝါး ဖြစ်နေသော မျက်ဝန်းများဖြင့် ထိုလူမိုက်လေးဦးကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြရှာ၏။
ထိုလူစုရှေ့သို့ ကားဆိုက်ရပ်လိုက်သည့်အခါ ကားထဲမှနေ၍ လူမိုက်လေးဦး ရောက်ရှိနေသည်ကိုသာမက မိမိ၏ အဘိုးနှင့် အဘွားတို့ပါ ကြောက်လန့်တကြား အပြင်သို့ ထွက်နေရသည်ကို မြင်လိုက်ရသဖြင့် မိန်းကလေးသည် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားတော့သည်။
ချင်ရန်က ဘေးမှနေ၍ တည်ငြိမ်စွာ မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“ဘာလို့ ကားပေါ်က မဆင်းတာလဲ”
“ကျွန်မ ကျွန်မရဲ့ အဘိုးနဲ့ အဘွားတို့ပါ ရှိနေကြတာပဲ၊ သူတို့ ဘာလို့ အပြင်ထွက်နေကြတာလဲ မသိဘူး၊ အခု ကျွန်မ ဆင်းသွားလို့ သူတို့သာ ဒီအရှက်ကွဲစရာ ကိစ္စကြီးကို သိသွားရင် ဘယ်လိုလုပ်မလဲရှင်”
မိန်းကလေးသည် မိသားစုအား ထိုအရှက်ရဖွယ်ကိစ္စကို လုံးဝမသိစေချင်သဖြင့် ရင်ထဲ၌ အကြီးအကျယ် သောကရောက်ကာ ဒုက္ခလှလှ တွေ့နေရှာသည်။
ဤသည်ကို ကြည့်ပြီး ချင်ရန်က စာနာစွာဖြင့် သက်ပြင်းချလိုက်မိ၏။
“ညီမလေး ဒီကိစ္စကို အချိန်ဆွဲနေလို့လည်း ဘာမှထူးလာမှာ မဟုတ်ဘူး၊ မင်းရဲ့ အဘိုးနဲ့ အဘွားက ဘယ်လိုပဲဖြစ်ဖြစ် စောစောနဲ့ နောက်ကျ သိကြရမှာပဲလေ”
ချင်ရန်က ကြင်နာစွာ ဖျောင်းဖျလိုက်ရာ စိတ်ထဲ၌ အကြီးအကျယ် လွန်ဆွဲနေပြီးနောက် နောက်ဆုံးတွင် မိန်းကလေးသည် အားတင်းကာ ကားပေါ်မှ ဆင်းရန် ဆုံးဖြတ်လိုက်တော့သည်။
သူမ ကားပေါ်မှ ခြေချလိုက်သည့် အခိုက်အတန့်မှာပင် အိမ်ပေါက်ဝ၌ စောင့်နေကြသည့် လူမိုက်ကြီးလေးဦးက ချက်ချင်း သတိပြုမိသွားကြပြီး သူတို့အကြည့်များမှာ အေးစက်ရိုင်းစိုင်းသွားကာ မိန်းကလေးထံသို့ တဟုန်ထိုး ပြေးဝင်လာ၏။
အခြားတစ်ဖက်မှ သက်ကြီးရွယ်အို ဇနီးမောင်နှံသည်လည်း မြေးမလေးကို မြင်လိုက်ရပြီး လူမိုက်ကြီးလေးဦးက မြေးမလေးထံ ဒေါသတကြီး ပြေးသွားကြသည်ကို မြင်သောအခါ အလန့်တကြား ဝင်တားကြရှာသည်။
“ဘာလုပ်ကြမလို့လဲ၊ ငါ့မြေးမလေးကို မင်းတို့ ဘာလုပ်ချင်လို့လဲ”
မိန်းကလေး၏ အဘိုးဖြစ်သူမှာ လန့်ဖျတ်တုန်လှုပ်စွာဖြင့် အော်ဟစ်တားဆီးတော့သည်။
“ဒီကောင်မစုတ်လေး ငါတို့ ပိုက်ဆံ ဘယ်မှာလဲ၊ တောက် ငါ မင်းကို အချိန်တွေအများကြီး ပေးလာခဲ့ပြီးပြီ၊ မင်းက ဘယ်လောက်အထိ အချိန်ဆွဲနေဦးမှာလဲ ဟမ်”
လူမိုက်ကြီးတစ်ဦးက မိန်းကလေးအား ကြောက်မက်ဖွယ် လေသံဖြင့် ကြိမ်းမောင်းလိုက်၏။
ထိုနေရာသို့ မောပန်းစွာဖြင့် ရောက်ရှိလာသော သက်ကြီးရွယ်အို နှစ်ဦးမှာ ထိုစကားကို ကြားလိုက်ရသောအခါ အံ့ဩမှင်သက်သွားကြသည်။
‘ပိုက်ဆံ ဟုတ်လား၊ ဘာပိုက်ဆံလဲ၊ ငါတို့ မြေးမလေးက အပြင်မှာ ပိုက်ဆံတွေ ချေးငှားထားတာလား’
ရင်ထဲ၌ သံယယဝင်သွားကြ၏။
ထိုစဉ် ချင်ရန်လည်း ကားပေါ်မှ ဆင်းလာခဲ့သည်။
မျက်စိလျှင်လှသော လူမိုက်ခေါင်းဆောင်က ချင်ရန် ကားပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ နှာခေါင်းရှုံ့လျက် ရွဲ့ပြုံးပြုံးကာ သရော်လိုက်၏။
“ဟား၊ စိတ်ဝင်စားဖို့ ကောင်းသားပဲ၊ မင်းကို ငွေကြေးထောက်ပံ့ပေးမယ့် သကြားဖေဖေ တစ်ယောက်တော့ အပိုင်ရှာထားနိုင်တာပဲ၊ အဲဒီလိုဆိုရင်လည်း ဘာပဲဖြစ်ဖြစ်ပါ မင်းရဲ့ သကြားဖေဖေကိုပဲ အကြွေးစိုက်ဆပ်ခိုင်းလိုက်ပေါ့”
“သူ သူက အဲဒီလိုလူ မဟုတ်ပါဘူးရှင့်”
ကျောင်းသူမိန်းကလေးက ရှက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းလျက် ပျာပျာသလဲ ငြင်းရှာသည်။
ထိုအခါ ချင်ရန်က ကားတံခါးကို ပိတ်ကာ သူတို့ရှေ့တွင် မတ်တတ်ရပ်လိုက်၏။
“မင်းတို့က အွန်လိုင်းချေးငွေကုမ္ပဏီကလား”
ချင်ရန်က လေးနက်တည်ကြည်သော လေသံဖြင့် မေးလိုက်သည်။
“မင်းက ဒီကောင်မလေးကို လတ်တလော ထောက်ပံ့နေတဲ့ အစ်ကိုကြီးပေါ့ ဟုတ်လား၊ အေးဗျာ ဟုတ်တယ်၊ ကျွန်တော်တို့က ချေးငွေကုမ္ပဏီကပဲ၊ အဆင်ပြေရင် ပိုက်ဆံကို မြန်မြန်လေး ထုတ်ဆပ်လိုက်စမ်းပါ၊ ဒါဆို မင်းတို့နှစ်ယောက်လည်း စိတ်ကြိုက် ဆက်ပြီး ပျော်ပါးလို့ ရတာပေါ့ ဟဲဟဲ"
ထိုလူမိုက်ကြီးက နှုတ်မစောင့်စည်းဘဲ ယုတ်မာစွာ တဟဲဟဲ ရယ်မောရင်း ပြောလေသည်။
အခြားတစ်ဖက်တွင်မူ ကျောင်းသူမိန်းကလေး၏ အဘိုးနှင့် အဘွားတို့မှာ အခြေအနေအရပ်ရပ်ကို အကြမ်းဖျင်း ရိပ်မိသွားကြ၏။
မိမိတို့ မြေးမလေးသည် အပြင်တွင် တကယ်ပင် အကြွေးများ သွားရောက်ချေးငှားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဤလူလေးဦးမှာ အကြွေးတောင်းသည့်ဂိုဏ်းက ဖြစ်ပြီး မြေးမလေး၏နောက်သို့ အိမ်အထိ လိုက်လံငွေညှစ်နေကြခြင်းပင် ဖြစ်ရမည်။
ထိုအခါမှ သက်ကြီးရွယ်အို စုံတွဲသည် မြေးမလေး လက်ထဲတွင် အမြတ်တနိုး ကိုင်ဆောင်နေသော လက်ကိုင်ဖုန်းအသစ်စက်စက်ကြီးကို ပြန်လည်သတိရသွားကြသည်။
အစောပိုင်းက မေးမြန်းစဉ်ကမူ မြေးမလေးက ထိုဖုန်းမှာ စာမေးပွဲတွင် အမှတ်ကောင်းသဖြင့် အတန်းထဲ၌ ဆုရရှိခဲ့ခြင်းဖြစ်ကြောင်း လိမ်ညာပြောဆိုခဲ့၏။
သက်ကြီးရွယ်အို အဘိုးအဘွား နှစ်ဦးစလုံးသည် မြေးမလေးကို အလွန်အမင်း အလိုလိုက်ခဲ့ကြပြီး သူပြောသမျှကို အဟုတ်မှတ်ကာ ယုံကြည်ခဲ့ကြရှာသည်။
မြေးမလေးမှာမူ နောက်ဆုံးပေါ်ဖုန်းကို ကိုင်ဆောင်ထားနိုင်သော်လည်း သက်ကြီးရွယ်အို နှစ်ဦးမှာမူ ဖာထေးထားသော အဝတ်အထည်ဟောင်းများကိုသာ ဝတ်ဆင်ထားရပြီး မျက်နှာများမှာလည်း ဖြူဖျော့ပိန်လှီလျက် အာဟာရချို့တဲ့နေမှန်း သိသာလှပေသည်။
သို့သော် ယခုမူ မြေးမလေးသည် တရားမဝင် ချေးငွေဂိုဏ်းတွင် အကြွေးနွံနစ်နေချေပြီ။
ထိုငွေများဖြင့် သူမ မည်သည်ကို ဝယ်ယူခဲ့သနည်း။
သေချာသည်မှာ လက်ထဲက ထိုဖုန်းအသစ်စက်စက်ကြီး ဖြစ်ပေလိမ့်မည်။
ထိုအခြင်းအရာကို ရိပ်မိသွားသောအခါ အဘွားအိုသည် ရင်တုန်ပန်းတုန်ဖြင့် တုန်လှုပ်ချောက်ချားသွားရရှာသည်။
“မြေးမလေးရယ်၊ မင်း ဘာလို့ အဲဒီလို ငွေချေးတဲ့နေရာတွေကနေ ပိုက်ဆံတွေ သွားချေးရတာလဲ၊ အဲဒါတွေက အတိုးနှုန်း အဆမတန် ကြီးတာကွဲ့၊ တစ်ခါတင်ပြီးရင် ဘယ်တော့မှ ဆပ်လို့ ကုန်မှာ မဟုတ်ဘူး”
အဘွားအိုက မျက်ရည်စက်လက်နှင့် ငိုယိုကာ ပြောရှာ၏။
အဘိုးအိုမှာမူ ဒေါသအလျင်ကြောင့် ပိန်လှီလှသော ခန္ဓာကိုယ်တစ်ခုလုံး ဆတ်ဆတ်တုန်ရီနေပြီး မြေးမလေးကိုပင် ရိုက်ပစ်ချင်စိတ် ပေါက်သွားရသည်။
“ငါတို့က ကိုယ့်ဝမ်းကို ကိုယ် ခြိုးခြံချွေတာပြီး မင်းကို တက္ကသိုလ်တက်ခိုင်းခဲ့တာ၊ မင်း တက္ကသိုလ်တက်နိုင်ဖို့အတွက် ငါတို့ အဘိုးကြီး အဘွားကြီးနှစ်ယောက် အသားမစားခဲ့ရတာ နှစ်နှစ်ရှိပြီ၊ အခုကျမှ မင်းက မင်းက တရားမဝင် အတိုးကြီးစားတွေနဲ့ သွားပြီး ပတ်သက်နေရတယ်လို့”
မိမိကြောင့် ဆင်းရဲဒုက္ခရောက်ခဲ့ရသော အဘိုးအဘွားများထံမှ ဤမျှအထိ အပြောခံလိုက်ရသောအခါ မိန်းကလေးမှာ မျက်နှာတစ်ခုလုံး နီမြန်းလျက် အပြစ်ရှိစိတ်ကြောင့် ခေါင်းကို ငုံ့ထားလိုက်မိ၏။
အနီးတွင် ရပ်နေသော လူမိုက်ကြီးမှာမူ သူတို့မိသားစု သောကများကို အဖက်မလုပ်ဘဲ စိတ်မရှည် ဖြစ်သွားသည်။
“တော်စမ်း၊ တိတ်ကြစမ်း”
လူမိုက်ကြီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ငါတို့ ဒီကိုလာတာ မင်းတို့ မိသားစု အချင်းချင်း ဒရာမာခင်းပြီး ရန်ဖြစ်နေတာကို လာနားထောင်ဖို့ မဟုတ်ဘူး၊ ပထမဆုံးအနေနဲ့ ပိုက်ဆံကို အရင်ဆပ်၊ ဒီအဘိုးကြီးက ဆပ်မှာလား၊ ဒါမှမဟုတ် အဘွားကြီးက ဆပ်မှာလား မြန်မြန်လုပ်”
အဘွားအိုက မတတ်သာသည့်အဆုံး မျက်ရည်များကို သုတ်ကာ တုန်တုန်ရင်ရင်ဖြင့် မေးလိုက်၏။
“ဘယ် ဘယ်လောက်လဲကွယ်"
“အခု ချက်ချင်း အပြတ်ရှင်းမယ်ဆိုရင်တော့ အတိုးရော အရင်းပါ ပေါင်းလိုက်ရင် လောလောဆယ် ယွမ်နှစ်သောင်း ရှိတယ်”
လူမိုက်ကြီးက ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သော်ငြား ထိုငွေပမာဏကို ကြားလိုက်ရသောအခါ သက်ကြီးရွယ်အို နှစ်ဦးစလုံးမှာ ခေါင်းပေါ် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ဆွံ့အမှင်သက်သွားကြတော့သည်။
ယွမ်နှစ်သောင်းဆိုသည်မှာ ဤသက်ကြီးရွယ်အို နှစ်ဦးအတွက် လေးငါးနှစ်စာ စားစရိတ် ဖြစ်ရုံတင်မကဘဲ မြေးမလေး၏ လေးနှစ်စာ တက္ကသိုလ်ကျောင်းလစာနှင့် ညီမျှနေ၏။
သူတို့အနေဖြင့် မည်သို့မျှ ဤမျှအထိ အကြွေးမတင်နိုင်ချေ။
“ဒါ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်းတို့ ပိုက်ဆံကို ဘယ်လို တွက်ချက်လိုက်တာလဲ”
မိန်းကလေးသည်လည်း ထိုမျှကြီးမားသော ငွေပမာဏကို ကြားသောအခါ အံ့ဩတုန်လှုပ်သွားရသည်။
ထိုအခါ ချေးငွေဂိုဏ်းမှ လူမိုက်ကြီးသည် သူ့စာရင်းစာအုပ်ကို ထုတ်ယူကာ မိန်းကလေးအား အတိုးပေါ်အတိုးဆင့်ကာ မတရားတွက်ချက်ပြခဲ့ရာ ကံဆိုးစွာဖြင့် စာချုပ်ပါ အချက်အလက်များအရ ထိုမျှအထိ ငွေပမာဏ ရှိနေကြောင်း တွေ့လိုက်ရ၏။
“အခု အကုန်မဆပ်နိုင်ဘူးဆိုရင်လည်း ရပါတယ်၊ အရင်အတိုင်းပဲပေါ့ လောလောဆယ် ယွမ်သုံးထောင်ကို အရင်ဆပ်လိုက်”
လူမိုက်ကြီးက စိတ်အေးလက်အေးပင် ဆိုသည်။
သို့သော် ပထမဆုံး ယွမ်သုံးထောင်ကို အရင်ဆပ်ရုံမျှဖြင့်လည်း ကိစ္စက ပြီးပြတ်သွားမည်မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် လစဉ် ထပ်မံတိုးပွားလာမည့် အတိုးနှုန်းများမှာ တောင်ကြီးတစ်လုံးကဲ့သို့ ကြီးမားလှပြီး သူမ ဘဝကို ထာဝရ ဖိနှိပ်ချုပ်ချယ်ထားမည့် အလေးချိန်တစ်ခု ဖြစ်လာမည် ဖြစ်သောကြောင့်ပင်။
ထိုအခါ ကျောင်းသူမိန်းကလေးမှာ ကြောက်ရွံ့တုန်ရီနေရှာပြီး ဘေးတွင် ရပ်နေသော အဘိုးအို ဇနီးမောင်နှံ၏ မျက်ဝန်းများတွင်လည်း မျှော်လင့်ချက်ကင်းမဲ့ကာ စိတ်ပျက်အားငယ်မှုများ အထင်သား ထင်ဟပ်နေတော့သည်။
ဤကျောင်းသူမိန်းကလေးတွင်လည်း သနားစရာ နောက်ခံကြောင်း ရှိခဲ့၏။
ဖခင်ဖြစ်သူမှာ သူမ သူငယ်တန်းအရွယ်ကပင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပြီး ဖခင်ကွယ်လွန်ပြီးနောက် မိခင်ဖြစ်သူမှာလည်း အခြားသူတစ်ဦးနှင့် နောက်အိမ်ထောင်ပြုကာ စွန့်ခွာထွက်ပြေးသွားခဲ့ရာ ဆယ်စုနှစ်ပေါင်းများစွာ ကြာသည်အထိ တစ်ကြိမ်တစ်ခါမျှ ပြန်လည်လှည့်ကြည့်ခြင်း မရှိခဲ့ချေ။
ဤမိသားစုတွင် မိန်းကလေးကို ရင်အုပ်မကွာ ကျွေးမွေးစောင့်ရှောက်လာခဲ့သော အဘိုးနှင့် အဘွားမှာ ယခုအခါ အသက် ၇၀ ကျော် အရွယ်များသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူတို့သည် လယ်ယာလုပ်ငန်းခွင်တွင် ပင်ပန်းဆင်းရဲစွာဖြင့် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ရမှုနှင့် အာဟာရချို့တဲ့မှုတို့ကြောင့် ခန္ဓာကိုယ်မှာ အားနည်းရုံမျှတင် မကတော့ဘဲ တစ်ကိုယ်လုံး ယိုယွင်းပျက်စီးနေပြီဟုပင် ဆိုနိုင်သည်။
ထိုသို့ ဖြစ်လင့်ကစား သူတို့သည် မြေးမလေး၏ မူလတန်းမှသည် အထက်တန်း၊ အထက်တန်းမှသည် တက္ကသိုလ်အထိ ကျောင်းလစာနှင့် စားစရိတ် အားလုံးကို အငတ်ခံ၊ အပင်ပန်းခံကာ မရရအောင် ရှာဖွေပေးခဲ့ကြ၏။
မိမိတို့ကသာ ဆားနှင့် စားချင်စားမည်၊ မြေးမလေးအား အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ် အသားဟင်း စားနိုင်အောင်နှင့် ကြက်ဥ၊ ဘဲဥများ မှန်မှန်စားနိုင်အောင် အမြဲစီစဉ်ပေးခဲ့ကြသည်။
ဤသည်မှာ အဘိုးအဘွား ဇနီးမောင်နှံ၏ အစွမ်းကုန် ခြိုးခြံချွေတာလွန်းလှသောကြောင့်သာ ဖြစ်၏။
သို့သော် သူတို့ မည်မျှပင် ချွေတာနေပါစေဦးတော့ သူတို့ထံတွင် ငွေအမြောက်အမြား မရှိနိုင်ချေ။
အဘယ်ကြောင့်ဆိုသော် သက်ကြီးရွယ်အို နှစ်ဦးစလုံးသည် ငွေကို အလုံးအရင်းနှင့် မရှာဖွေနိုင်ကြဘဲ ကိုယ်ပိုင်လယ်ယာလေးကို စိုက်ပျိုးခြင်း၊ ရွာထဲရှိ အခြားသူများ၏ လယ်ကွင်းများတွင် ပေါင်းမြက်ရှင်းပေးခြင်း၊ မြေဩဇာကျွေးခြင်းနှင့် ဂျုံအိတ်ထမ်းခြင်း စသည့် အောက်ခြေကျပန်းအလုပ်များကိုသာ လုပ်ကိုင်နိုင်ကြသောကြောင့် ဖြစ်သည်။
ဤကဲ့သို့သော ပင်ပန်းကြမ်းတမ်းလှသည့် အလုပ်များကို လုပ်ကိုင်ရာတွင်ပင် အလုပ်ရှင်၏ မျက်နှာကို ကြည့်၍ မျက်နှာငယ်ကာ လုပ်ကိုင်ရခြင်း ဖြစ်ပြီး လုပ်အားခမှာလည်း အလွန်ပင် နည်းပါးလှ၏။
ယခုအချိန်တွင် သူတို့ သေတ္တာထဲ၌ ကျစ်ကျစ်ပါအောင် စုဆောင်းထားသမျှ ငွေအားလုံး ပေါင်းလိုက်လျှင်ပင် ယွမ်တစ်သောင်းပင် မပြည့်ချေ။
ထိုသို့ဆိုလျှင် တရားမဝင် ငွေညှစ်ခံနေရသည့် အကြွေးဆပ်ရန်အတွက် ငွေသောင်းနှစ်သောင်းကို ဤသက်ကြီးရွယ်အို နှစ်ဦးအနေဖြင့် မည်သည့်နေရာမှ သွားရောက် ရှာဖွေနိုင်ပါတော့မည်နည်း။
မိန်းကလေးနှင့် သက်ကြီးရွယ်အို ဇနီးမောင်နှံတို့မှာ ပူဆွေးသောကရောက်လျက် ရင်ကွဲမတတ် ဖြစ်နေကြသည်ကို မြင်သောအခါ လူမိုက်ကြီးက စိတ်မရှည်စွာဖြင့် အော်ဟစ်လိုက်တော့သည်။
“ဒီမှာ လာပြီး ဟန်ဆောင်မျက်ရည်ကျမနေကြစမ်းနဲ့၊ မင်းတို့ ခံစားရတာ ပင်ပန်းတယ်ဆိုရင် ငါတို့ကော အဝေးကြီးကနေ လိုက်လာရတာ မပင်ပန်းဘူးလား၊ ဒါနဲ့ ကောင်မလေး၊ မင်းရဲ့ အဘိုးနဲ့ အဘွားက တကယ့်ကို သနားစရာကောင်းတာပဲ၊ မင်းရဲ့ အရှက်မရှိတဲ့ ‘လျှို့ဝှက်ချက်’ ကြီးကို သူတို့ကို လုံးဝမသိစေချင်ဘူး မဟုတ်လား”
ထိုစကားကို ကြားလိုက်ရသောအခါ မိန်းကလေးသည် ချက်ချင်းပင် လန့်ဖျတ်သွားပြီး ကြောက်လန့်တုန်လှုပ်လွန်းသဖြင့် သွေးပျက်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့၏။
သူ့အဘိုးနှင့် အဘွားတို့သည် ယခုပင် အကြွေးကိစ္စကြောင့် ကြီးမားသော စိတ်ဒဏ်ရာကို ခံစားနေရပြီ ဖြစ်သည်။
ဖုန်းဖြင့် ကိုယ်ခန္ဓာဗလာ ဗီဒီယိုရိုက်ကာ အရှက်သိက္ခာမဲ့စွာ ငွေချေးခဲ့မှန်းသာ သိသွားကြပါက သူမ ဘဝတစ်ခုလုံး ပြီးဆုံးသွားရုံတင်မကဘဲ ရှေးရိုးစွဲစိတ်ရှိသည့် သက်ကြီးရွယ်အို အဘိုးအဘွားနှစ်ဦးမှာလည်း ထိုနေရာမှာတင် ရင်ကွဲနာကျကာ အသက်ဆုံးရှုံးသွားနိုင်ချေ ရှိပေသည်။
သက်ကြီးရွယ်အို ဇနီးမောင်နှံသည်လည်း လူမိုက်ကြီး၏ စကားကြောင့် သံသယဖြစ်သွားကြရရှာသည်။
မိမိတို့ မြေးမလေး၏ မျက်နှာအမူအရာမှာ တစ်ချက်တည်းနှင့် သွေးဆုတ်ဖြူလျော်သွားပြီး တစ်ကိုယ်လုံးလည်း အေးစက်တုန်ရီလာသည်ကို မြင်လိုက်ရသောကြောင့်ပင်။
မြေးမလေးသည် မိမိတို့နှစ်ဦး မသိအောင် နောက်ကွယ်တွင် မည်မျှအထိ ဆိုးဝါးသော အမှားအယွင်းများကို ကျူးလွန်ထားသနည်းဟူ၍ ရင်တမမ ဖြစ်လာကြတော့သည်။
ထိုအခါ အဘွားအိုက မချိတင်ကဲဖြစ်ကာ တုန်ရီနေသော လေသံဖြင့် မေးရှာ၏။
“မြေးမလေးရယ်၊ မင်း မင်း နောက်ကွယ်မှာ ဘာတွေများ အမှားလုပ်ထားမိလို့လဲကွယ်၊ အဘွားတို့ကို ပြောပြပါဦး”