အခန်း ၁၉၆
Vol. 20 Ch. 196
196
ကျောင်းသူမိန်းကလေးသည် ကြောက်ရွံ့လွန်းသဖြင့် စကားတစ်လုံးမျှပင် မပြောရဲရှာဘဲ သူမ၏ မျက်လုံးအစုံမှာ ဂဏာမငြိမ်ဖြစ်လျက် အဘိုးနှင့် အဘွားဖြစ်သူတို့၏ မျက်နှာကိုပင် ရင်ဆိုင်ကြည့်ဝံ့ခြင်း မရှိတော့ချေ။
ထိုအခါ ခန္ဓာကိုယ် ထွားကျိုင်းလှသော လူမိုက်ကြီးက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်၏။
“ကောင်းပြီလေ၊ မင်းက ပိုက်ဆံမဆပ်နိုင်ဘူးပေါ့ ဟုတ်လား”
ထို့နောက် သူက သက်ကြီးရွယ်အို ဇနီးမောင်နှံဘက်သို့ လှည့်ကာ ဆက်ပြောသည်။
“အဘိုးကြီးနဲ့ အဘွားကြီးရေ၊ ခင်ဗျားတို့ကို စိတ်အပန်းပြေစရာ ကောင်းတာလေးတစ်ခုလောက် ပြရမလား ဟဲဟဲ"
လူမိုက်ကြီးက တဟဲဟဲ ရယ်မောကာ ဗီဒီယိုတစ်ခုကို ဖွင့်ပြရန် သူ့ဖုန်းကို အိတ်ကပ်ထဲမှ ထုတ်ယူလိုက်၏။
သို့သော် ထိုအခိုက်အတန့်၌ လက်တစ်ဖက်က သူ့လက်ပေါ်သို့ အရှိန်ဖြင့် ဖိနှိပ်ချလိုက်တော့သည်။
ထိုသူမှာ အခြားသူမဟုတ်ဘဲ ချင်ရန်ပင်။
ချင်ရန်သည် တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ဆိုလိုက်၏။
“အကြွေးဆပ်ရမယ့်ကိစ္စကို မင်းတို့ကုမ္ပဏီကျမှပဲ ဆွေးနွေးကြတာပေါ့၊ ဒီနေရာက စကားပြောဖို့ မသင့်တော်ဘူး”
လူမိုက်ကြီးသည် သူ့မျက်လုံးများကို မှေးစင်းလျက် ချင်ရန်အား ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်ရှုလိုက်သည်။
“အော်၊ သကြားဖေဖေကြီးက ဝင်ပြောပြီပေါ့လေ၊ ဒါဆို ခင်ဗျားကပဲ ဒီကောင်မရဲ့ အကြွေးတွေကို အစားစိုက်ဆပ်ပေးတော့မယ်ပေါ့ ”
“အင်း အဲဒီလိုပဲ ပြောရမှာပေါ့၊ မင်းတို့ကုမ္ပဏီကို သွားကြစို့၊ အဲဒီကျမှ ဒီမိန်းကလေး ချုပ်ဆိုခဲ့တဲ့ ချေးငွေစာချုပ်ကို ငါ သေချာစစ်ဆေးကြည့်ရသေးတာပေါ့”
ချင်ရန်က ခပ်အေးအေးပင် ပြန်လည်တုံ့ပြန်လိုက်၏။
“ဟေ ဟေ ”
လူမိုက်ကြီးက ကောက်ကျစ်စွာ ရယ်မောလိုက်ပြီး ကျောင်းသူမိန်းကလေးအား အဓိပ္ပာယ်ပါပါ စောင်းငဲ့ကြည့်လိုက်သည်။
“အိုကေလေ၊ တစ်ယောက်ယောက်က မင်းကို ကူညီပေးမလို့ပဲဟာ မဆိုးပါဘူး၊ တကယ်ကို မဆိုးဘူး၊ အင်း မိန်းကလေးတွေကတော့ ကံကောင်းရှာပါတယ်၊ ဘယ်လောက်ပဲ အခြေအနေဆိုးဆိုး ကိုယ့်ကို ကူညီမယ့် ယောက်ျားတစ်ယောက်လောက် ရှာတွေ့သွားရင်ပဲ၊ ခဏတဖြုတ် အနစ်နာခံလိုက်တာနဲ့ ချက်ချင်း ပြန်ပြီး လန်းဆန်းသွားနိုင်တာပဲ”
ထိုစကားများကို ကြားလိုက်ရသောအခါ အဘိုးအိုတို့ ဇနီးမောင်နှံ၏ ခန္ဓာကိုယ်များမှာ တဖြည်းဖြည်း ဆတ်ဆတ်တုန်ရီလာခဲ့ကြသည်။
သူတို့သည် အသက်ကြီးရင့်နေပြီ ဖြစ်သော်လည်း သူငယ်ပြန်နေကြသူများ မဟုတ်သဖြင့် ထိုစကားများ၏ နောက်ကွယ်မှ ညစ်ညမ်းသော အဓိပ္ပာယ်ကို အတိုင်းသား ရိပ်မိသွားကြ၏။
‘မိမိတို့ မြေးမလေးနှင့်အတူ ပါလာသော အမျိုးသားသည်... မြေးမလေးကို ငွေပေး၍ မွေးထားသောသူ ဖြစ်နေလေမလား’
ရင်ခေါင်းထဲမှ နာကျင်စွာ တွေးတောမိကြရှာသည်။
ချင်ရန်ကမူ သူတို့ထံမှ စိုးရိမ်စိတ်အထင်လွဲမှုများကို ရိပ်မိသဖြင့် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
“ကဲပါ သွားကြစို့”
ထို့နောက် သူသည် သက်ကြီးရွယ်အို ဇနီးမောင်နှံဘက်သို့ လှည့်ကာ စိတ်အေးစေရန် ရဲရဲကြီး အာမခံလိုက်သည်။
“အဖိုးတို့၊ ကျွန်တော် အဖိုးတို့မြေးကို ခဏနေရင် ပြန်ခေါ်လာခဲ့ပါ့မယ်၊ စိုးရိမ်မနေပါနဲ့၊ ကျွန်တော်တို့ကြားမှာ ဘာမှမရှိပါဘူး၊ ကျွန်တော်က သူ ကြုံတွေ့နေရတဲ့ ပြဿနာကို ကူညီဖြေရှင်းပေးနေရုံ သက်သက်ပါပဲ”
သူသည် ကျောင်းသူမိန်းကလေးကို ခေါ်ဆောင်ကာ မိမိကားပေါ်သို့ တက်ရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ချေးငွေဂိုဏ်းမှ ထွားကျိုင်းသော လူမိုက်ကြီးက ခပ်ပြတ်ပြတ် လေသံဖြင့် တားမြစ်လိုက်တော့၏။
“မင်းတို့ကားနဲ့ မလိုက်နဲ့၊ ငါတို့ကားပေါ်ပဲ တက်ခဲ့၊ ငါတို့ကားက မင်းတို့နှစ်ယောက်လုံး ဆန့်အောင် ကျယ်ကျယ်ဝန်းဝန်း ရှိပါတယ်”
“အော် ဟုတ်လား”
ချင်ရန်က ဂရုမစိုက်ဘဲ ခပ်အေးအေးပင် တုံ့ပြန်လိုက်သည်။
ဘေးမှ ကပ်ပါလာသော ကျောင်းသူမိန်းကလေး၏ မျက်နှာတွင်မူ ကြောက်ရွံ့တုန်လှုပ်မှုများ သိသိသာသာ ပေါ်ပေါက်လာခဲ့သော်လည်း ချင်ရန်ကမူ လုံးဝ ထိတ်လန့်ခြင်းမရှိဘဲ ခပ်ပြုံးပြုံးဖြင့် ပြောလေ၏။
“ကောင်းပြီလေ၊ ဒါဆိုလည်း ငါ့အတွက် ဆီဖိုး သက်သာတာပေါ့၊ ဒီကိစ္စပြီးသွားရင်တော့ မင်းတို့ပဲ ငါ့ကို ဒီနေရာဆီ ပြန်ပို့ပေးရမယ်နော်”
“ဒါပေါ့ အသေအချာပေါ့"
လူမိုက်ကြီးက လှောင်ပြုံး ပြုံးလိုက်သည်။
ထို့နောက် သူတို့ခြောက်ယောက်စလုံးသည် ဗန်ကားအကြီးစားကြီးပေါ်သို့ တက်ကာ ထွက်ခွာလာခဲ့ကြတော့၏။
*ဝူး*
ကားအင်ဂျင်သံနှင့်အတူ ချက်ချင်းပင် မောင်းနှင်ကာ ဝေးကွာသွားသော ကားကြီးကို လှမ်းကြည့်ရင်း သက်ကြီးရွယ်အို ဇနီးမောင်နှံသည် မျက်နှာထက်တွင် စိုးရိမ်သောက ခံစားချက်များဖြင့် ကျန်ရစ်ခဲ့ရရှာသည်။
မိမိတို့ မြေးမလေးသည် သိသိသာသာကို ချစ်စရာကောင်းသည့် ကလေးတစ်ယောက် ဖြစ်၏။
ငယ်ငယ်တုန်းက အနည်းငယ် ဂျီကျတတ်သည်မှအပ သူသည် စိတ်သဘောထားကောင်းသော ကလေးတစ်ဦးသာ ဖြစ်သည်။
ယခုမှ ဘာဖြစ်လို့ ယခုကဲ့သို့ လမ်းမှားသို့ ရောက်သွားရသနည်း၊ ဘာဖြစ်လို့များ ချေးငွေကုမ္ပဏီလို နေရာမျိုးနဲ့မှ သွားပတ်သက်ရတာလဲဟု သူတို့ တွေးမရနိုင်အောင် ဖြစ်နေ၏။
၎င်းအပြင် မြေးမလေး တက္ကသိုလ် စတက်ခါစက သူမသည် လက်ကိုင်ဖုန်းတစ်လုံး ဝယ်ပေးရန် ဂျီကျပူဆာခဲ့ဖူးသည်။
ထိုစဉ်က သက်ကြီးရွယ်အို ဇနီးမောင်နှံမှာ မနားမနေ ကြုံရာကျပန်းအလုပ်များကို ပင်ပန်းကြီးစွာ လုပ်ကိုင်ခဲ့ရပြီး၊ နောက်ဆုံးတွင် ရသမျှလုပ်အားခများကို မုန့်ဖိုးမကျန် စုဆောင်းကာ သာမန်စမတ်ဖုန်းတစ်လုံးဝယ်ရန် ယွမ်တစ်ထောင်ကို ခက်ခက်ခဲခဲ ရှာဖွေပေးခဲ့ရဖူး၏။
ထိုငွေပမာဏသည် မိမိတို့ဇနီးမောင်နှံ၏ နှစ်လစာ စားစရိတ်နှင့် ညီမျှသဖြင့် အချိန်အတော်ကြာအောင် ရင်နာနာဖြင့် ခြိုးခြံသုံးစွဲခဲ့ကြရရှာခြင်း ဖြစ်သည်။
သို့သော်လည်း မိမိတို့ မြေးမလေး ပျော်ရွှင်ရမည်ဆိုလျှင် မည်သည့်ဆင်းရဲဒုက္ခမျိုးကိုမဆို သူတို့သည် ခါးစည်းခံနိုင်ကြရှာ၏။
ထိုစဉ်က ချွေးနဲစာဖြင့် ဝယ်ပေးခဲ့သော ဖုန်းအား မြေးမလေး၏ လက်ထဲသို့ ထည့်ပေးလိုက်ချိန်တွင် မြေးမလေး မျက်နှာထက်၌ ဝမ်းသာပီတိဖြစ်ရမည့်အစား မပျော်မရွှင်ဖြစ်နေသည့် အရိပ်အယောင်များသာ လွှမ်းမိုးနေခဲ့သည်။
သက်ကြီးရွယ်အို ဇနီးမောင်နှံသည် ထိုစဉ်က မြေးမလေး စိမ်းကားစွာ ပြောခဲ့သည့် စကားကို ယနေ့တိုင် ရင်နာနာဖြင့် မှတ်မိနေကြဆဲပင်။
“ဒီလောက် အမှိုက်လို ဈေးပေါတဲ့ဖုန်းကို လူတောထဲ ဘယ်လိုလုပ် ထုတ်သုံးလို့ရမှာလဲ၊ သမီးက တက္ကသိုလ်ကျောင်းသူလေ”
သူမသည် နှုတ်မှ မကျေမနပ်ဖြင့် ပြစ်တင်ပြောဆိုခဲ့သော်လည်း နောက်ဆုံးတွင် ထိုဖုန်းကိုပင် ယူဆောင်သွားခဲ့သည်။
သို့သော် ထိုအချိန်မှစ၍ သူမသည် တောင်းဆိုသလောက် ဖြည့်ဆည်းမပေးနိုင်သည့် အဖိုးနှင့်အဘွားအပေါ် စိတ်နာမှုများကို ရင်ထဲ၌ ပြင်းထန်စွာ စွဲမှတ်သွားခဲ့တော့၏။
သက်ကြီးရွယ်အို နှစ်ဦးစလုံး ခံစားမိသည်မှာ မြေးမလေးသည် အလယ်တန်းနှင့် အထက်တန်းတုန်းက အလွန်ပင် ရိုးသားလိမ္မာယဉ်ကျေးခဲ့သော်လည်း၊ တက္ကသိုလ်တက်သည့် အချိန်မှစ၍ ရုပ်ဝတ္ထုပစ္စည်းများအပေါ် မက်မောကာ စရိုက်များ အလွန်အမင်း ပြောင်းလဲပြီး မိသားစုအပေါ် ရန်လိုမုန်းတီးတတ်လာခြင်း ဖြစ်သည်။
အဆိုးဆုံးမှာ ယခင်က မိမိတို့ မြေးမလေးသည် မည်သို့ဝတ်စားပြင်ဆင်ရမှန်းပင် မသိခဲ့ရှာသော်လည်း၊ တက္ကသိုလ်ရောက်ပြီးနောက်တွင်မူ ပြင်ဆင်ခြယ်သတတ်လာကာ မိတ်ကပ်အထူကြီးများ လိမ်းခြယ်ခြင်း၊ စကတ်တိုတိုများနှင့် ခြေအိတ်အရှည်များ ဝတ်ဆင်ခြင်း၊ ခေတ်ပေါ် အလှပြင်ပစ္စည်းမျိုးစုံကို အလွန်အကျွံ သုံးစွဲလာခြင်းပင်။
ခေတ်မီတိုးတက်လှသော တက္ကသိုလ်ကျောင်းတော်ကြီးအတွင်း သူမ မည်သို့သော ပတ်ဝန်းကျင်၊ မည်သို့သော ရုပ်ဝတ္ထုအမြင်များနှင့် ထိတွေ့မိခဲ့၍ ယခုကဲ့သို့ လမ်းမှားသို့ ရောက်သွားခဲ့သည်ကို သူတို့ဇနီးမောင်နှံ လုံးဝ တွေးမရနိုင်ချေ။
အခြားတစ်ဖက်တွင်မူ ချေးငွေဂိုဏ်းမှ မောင်းနှင်လာသော ကားသည် သူတို့၏ ရုံးခန်းဆီသို့ မောင်းနှင်ခြင်းမပြုဘဲ လူသူကင်းဝေးပြီး ချောင်ကျလှသော တောတွင်းလျှိုမြောင်တစ်ခုဆီသို့ ဦးတည်မောင်းနှင်သွားခဲ့သည်။
ကားကြီးသည် သတ်မှတ်ထားသော နေရာသို့ ရောက်သည်နှင့် ရုတ်တရက် ထိုးရပ်သွားခဲ့၏။
ချင်ရန်ကမူ တည်ငြိမ်မြဲ တည်ငြိမ်နေဆဲဖြစ်သော်လည်း ဘေးမှ ကျောင်းသူမိန်းကလေး၏ မျက်နှာတွင်မူ အလွန်အမင်း ကြောက်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်များ အတိုင်းသား ပေါ်ပေါက်လာကာ၊ ချင်ရန်၏ အင်္ကျီစွန်းကို အားကိုးတကြီးဖြင့် တုန်တုန်ရင်ရင် ဆွဲကိုင်လာရှာတော့သည်။
သူမသည် ဤထွားကျိုင်းသော လူမိုက်ကြီးများ နောက်ကွယ်၌ ဘာညစ်ညမ်းသော အကြံအစည်များ ကြံစည်နေကြသည်ကို ကြိုတင်ရိပ်မိနေပုံရချေသည်။
“ဟဲဟဲ”
ထိုအခိုက်အတန့်တွင် လူမိုက်ကြီးသည် မျက်နှာနှင့် မျက်ဝန်းများတွင် ရမ္မက်များနှင့် တက်မက်မှု အရိပ်အယောင်များ ပြည့်နှက်လျက်ရှိကာ ဟန်ပင်မဆောင်နိုင်ဘဲ ယုတ်မာစွာဖြင့် တဟဲဟဲ ရယ်မောလေတော့သည်။
“ငါ မှတ်မိသလောက်တော့ မင်းလေးက တစ်ခါမှ ရည်းစားမရှိခဲ့ဖူးဘူး မဟုတ်လား”
ထို့နောက် သူက ရမ္မက်ဇော ကြွနေသော မျက်လုံးများဖြင့် ဆက်ပြော၏။
“ဒီတော့ ဒီသကြားဖေဖေကြီးကော မင်းဆီက အရသာ မြည်းစမ်းပြီးပြီလား ကောင်မလေး”
ကျောင်းသူမိန်းကလေးသည် ရှက်လွန်းသဖြင့် ခေါင်းကိုသာ အောက်သို့ ငုံ့ထားခဲ့ပြီး စကားတစ်လုံးမျှပင် မဟရဲရှာချေ။
ထိုအခါ ဘေးမှ စောင့်ကြည့်နေသော ချင်ရန်က ခပ်အေးအေးပင် ဖြတ်ပြောလိုက်သည်။
“ငါ မင်းတို့ကို အစကတည်းက ပြောပြီးပြီပဲ၊ ငါက သူနဲ့ အဲဒီလို ပတ်သက်မှု မရှိပါဘူးလို့ မင်းတို့ နားမလည်ဘူးလား”
“အော် ဟုတ်လား၊ အဲဒီလိုဆိုရင်လည်း မင်းက သူ့ဆီက အရသာ မမြည်းစမ်းရသေးဘူးပေါ့ ဟုတ်လား”
လူမိုက်ကြီးက ကောက်ကျစ်စွာ လှစ်ခနဲ ပြုံးလိုက်ပြီးနောက် ကျောင်းသူမိန်းကလေးဘက်သို့ လှည့်၍ ဆိုလိုက်၏။
“ဒီလိုလုပ်ရအောင်လေ၊ မင်းဆီက အဲဒီ ယွမ်နှစ်သောင်းကို ပြန်ဆပ်ဖို့ မလိုတော့ဘူး၊ တကယ်တမ်းကျတော့ အဲဒီပိုက်ဆံက ငါတို့အတွက် မလိုအပ်ပါဘူး”
ချင်ရန်သည် သူ့မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိ၏။
သူသည် ထိုလူမိုက်ကြီးက နောက်ထပ် ဘာယုတ်မာမည့် စကားလုံးများ ပြောလာမည်ကို ကြိုတင်ခန့်မှန်းမိပုံရသည်။
“ညီမလေး မင်းသာ အစ်ကိုကြီးနဲ့အတူ တစ်လလောက် အတူတူ နေပေးမယ်ဆိုရင် အဲဒီအကြွေး ယွမ်နှစ်သောင်းလုံးကို ဆပ်စရာမလိုတော့ဘူး၊ အစ်ကိုကြီးလည်း မယူတော့ဘူး ပြီးတော့ အစ်ကိုကြီးက ညီမလေးကို အပိုမုန့်ဖိုးတောင် ပေးဦးမှာ ဟဲဟဲ”
လူမိုက်ကြီးသည် စက်ဆုပ်ဖွယ်ကောင်းစွာဖြင့် ပြောလိုက်လေ၏။
လူမိုက်ကြီး၏ အကြံအစည်မှာ အလွန်ပင် ရိုင်းစိုင်းယုတ်မာလှသည်။
သူတို့၏ ငွေချေးကုမ္ပဏီသို့ လာရောက်ငွေချေးကြသည့် မိန်းကလေးငယ်များစွာ ရှိပြီး၊ အကြွေးပြန်မဆပ်နိုင်သူ မှန်သမျှသည် သူတို့စိတ်ကြိုက်ကစားစရာ သက်သက်သာ ဖြစ်လာကြသည်ကို လူတိုင်းသိထားပြီး ဖြစ်၏။
အကယ်၍ ထိုမိန်းကလေးများကို မိမိတို့ ကစားလို့ ဝလာပြီဆိုပါက ဘားများနှင့် ကေတီဗွီများတွင် အလုပ်လုပ်ခိုင်းကာ အတင်းအဓမ္မ ခိုင်းစေခြင်းဖြင့် နောက်ထပ် ငွေအပုံလိုက်ကြီး ရရှိသည့် လမ်းကြောင်းကိုလည်း သူတို့ ပိုင်ပိုင်နိုင်နိုင် တည်ဆောက်ထားကြသည်။
အကယ်၍သာ ထိုမိန်းကလေးများကို သူတို့နှင့်အတူ တစ်လလောက် အသုံးတော်ခံစေလိုက်ပါက၊ ထိုသူတို့မှာ လက်ခုပ်ထဲက ရေကဲ့သို့ ဖြစ်သွားကာ မည်သည့်နည်းနှင့်မျှ ရုန်းထွက်နိုင်တော့မည် မဟုတ်ချေ။
လူမိုက်ကြီး၏ ဖျားယောင်းစကားကို ကြားလိုက်ရသောအခါ မိန်းကလေးမှာ ခေါင်းကို တတွင်တွင် ရမ်းခါကာ ငြင်းဆန်တော့သည်။
“မလုပ်ပါနဲ့ တောင်းပန်ပါတယ်၊ ငွေကိုလည်း ရအောင်ပြန်ဆပ်ပါ့မယ်”
မိန်းကလေးမှာ ငိုယိုတောင်းပန်ရှာ၏။
“ငါက မင်းကို အခွင့်အရေး ပေးနေတာနော်၊ မင်း မလိုချင်ဘူးပေါ့၊ အဲဒါဆိုလည်း ကောင်းပြီ၊ အခုချက်ချင်း ယွမ်နှစ်သောင်းကို ထုတ်ပေးလိုက်”
လူမိုက်ကြီးက အေးဆေးတည်ငြိမ်စွာပင် ထပ်မံပြောလိုက်သည်။
“ဒါနဲ့ စကားမစပ် ဒီယွမ်နှစ်သောင်းဆိုတာက မင်းရဲ့အရင်းနဲ့ အတိုးပဲ ရှိသေးတာနော်၊ မင်းရိုက်ထားတဲ့ ဗီဒီယိုကိုတော့ မေ့သွားပြီလို့ ငါမထင်ဘူး၊ အဲဒီဗီဒီယိုကို ဖျက်ချင်တယ်ဆိုရင်တော့ နောက်ထပ် ယွမ်တစ်သိန်း ထပ်ပေးရမယ်၊ အသုံးအဖြုန်းကြီးတဲ့ မင်းလိုလူမျိုးက ဒါကို တတ်နိုင်ပါ့မလားလို့တော့ ငါသိချင်မိသား အဟက်”
ဘေးတွင် လက်ပိုက်ကာ အေးဆေးကြည့်နေသော ချင်ရန်သည် ယွမ်နှစ်သောင်းဆိုသည့် ပမာဏကို တတ်နိုင်လောက်သည်ဟု လူမိုက်တို့က ကောက်ချက်ချလိုက်ကြသည်။
သို့သော်လည်း ချင်ရန်အား ခြိမ်းခြောက်ငွေညှစ်ရန်အတွက် လူမိုက်တို့လက်ထဲတွင် ဗီဒီယိုမှတ်တမ်းတစ်ခု ရှိနေသေးသဖြင့် ချင်ရန်အနေဖြင့် စိတ်မရှည်တော့ဘဲ ဤမိန်းကလေးငယ်ကို စွန့်ပစ်သွားမည်ဟု လူမိုက်များက ယုံကြည်နေကြခြင်းပင်။
“ရှင်တို့ ဘယ်လိုတောင် လုပ်ရက်ကြတာလဲ”
ကျောင်းသူမိန်းကလေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ကဲပါ မင်း ကားပေါ်က ဆင်းသွားလို့ရပြီ ထင်တယ်၊ ဘာပဲဖြစ်ဖြစ် မင်းအနေနဲ့ ယွမ်တစ်သိန်းကို ဘယ်လိုမှ တတ်နိုင်မှာ မဟုတ်တာ သေချာပါတယ်၊ ပြဿနာတွေလည်း လာမရှာနဲ့တော့”
လူမိုက်ကြီးက ချင်ရန်ကို လက်ယမ်းပြလိုက်၏။
ယခုအခါ သူ့ပစ်မှတ်သည် ထိုမိန်းကလေး တစ်ယောက်တည်းသာ ဖြစ်တော့သည်။
သူသည် ရာဂစိတ်များ ထကြွနေပြီဖြစ်ကာ ဤလူသူကင်းမဲ့သည့် တောထဲတွင် ကျောင်းသူမိန်းကလေးနှင့် အပီအပြင် ပျော်ပါးချင်နေခြင်းပင် ဖြစ်သည်။
“အစ်ကို မသွားပါနဲ့၊ မသွားပါနဲ့ဦး၊ ညီမကို ကယ်ပါဦး”
ကြောက်လန့်တုန်ရီနေသော ကျောင်းသူမိန်းကလေးက ချင်ရန်၏ လက်မောင်းကို တင်းကြပ်စွာ ဖက်တွယ်ထားတော့သည်။
ချင်ရန်က သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် လူမိုက်ကြီး၏ ဖုန်းကို ကြည့်ကာ မေးလိုက်၏။
“သူ အခုထိ အတိုး ဘယ်လောက်တောင် ပေးပြီးသွားပြီလဲ”
“အတိုး ဟုတ်လား ဘယ်မှာလဲ အတိုး၊ သူပေးထားတာက ခြောက်ထောင်ပဲ ရှိသေးတာ”
ထွားကျိုင်းသော လူမိုက်ကြီးက နှာခေါင်းရှုံ့လျက် လှောင်ပြောင်လိုက်သည်။
ထိုစကားကြောင့် ကျောင်းသူမိန်းကလေးမှာ တုန်လှုပ်သွားရ၏။
သူသည် အဘိုးအဘွားများအား ထိုငွေခြောက်ထောင်ကို ဘွဲ့လွန်ဝင်ခွင့်အတွက်ဟု လိမ်ညာယူခဲ့ခြင်း ဖြစ်သည်။
ထိုငွေမှာ အဘိုးအဘွားတို့၏ အသက်နှင့်လဲ၍ ရှာခဲ့ရသော ငွေများဖြစ်ချေသည်။
“ငွေခြောက်ထောင် ဒါပဲမလား၊ အမှန်အတိုင်းပြောရရင် မင်းတို့ကုမ္ပဏီက လုပ်ထုံးလုပ်နည်းတွေက လုံးဝမမှန်သလို အတိုးနှုန်းကလည်း အလွန်ကြီးလွန်းတယ်၊ ဒါကြောင့် ကျန်တဲ့ငွေလေးထောင်ကိုလည်း ဆပ်ဖို့မလိုတော့ဘူးလို့ ငါထင်တယ်”
ချင်ရန် စကားကြောင့် လူမိုက်လေးယောက်စလုံး ဆွံ့အသွားကြသည်။
‘ဒီကောင် ရူးသွားပြီလား’
သူတို့တွေးလိုက်ကြ၏။
ဤတောတွင်း၌ အင်အားချင်း ယှဉ်ပါက သူတို့ဘက်က အသာစီးရနေသည်။
“မင်းရဲ့ဖုန်းထဲက ဗီဒီယိုတွေကို ဖျက်ပစ်လိုက်ပါ၊ ဒါဆိုရင် ဒီကိစ္စက ပြီးသွားပြီ”
ချင်ရန်က တည်ငြိမ်စွာ ဆိုလိုက်သည်။
“မင်း သေချင်နေတာပဲ”
လူမိုက်ကြီးမှာ ဒေါသထွက်လွန်း၍ မျက်နှာနီရဲလာပြီး အော်ဟစ်လိုက်၏။
“အပိုစကားတွေ ပြောမနေနဲ့တော့၊ ဒီမျက်စိမပါတဲ့ အရူးကောင်ကို သံပိုက်လုံးနဲ့ သေအောင် ဆုံးမလိုက်ကြစမ်း”
ထိုအမိန့်ပေးလိုက်သည်နှင့် လက်ပါးစေ လူမိုက်သုံးဦးသည် ကားထဲမှ သံပိုက်လုံးများကို ထုတ်ယူကာ ချင်ရန် ဦးခေါင်းဆီသို့ တန်းတန်းမတ်မတ် လွှဲရိုက်ချလိုက်ကြသည်။