← Chapters

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း ၁၉၇

Vol. 20 Ch. 197

197

*ဝှစ် ဝှစ် ဝှစ်*

ချင်ရန်သည် လျှပ်စီးလက်သည့်အလား လျင်မြန်လွန်းလှသော အရှိန်ဖြင့် လက်သီးချက် သုံးချက်ကို လူမိုက်များထံသို့ ဆက်တိုက် ပစ်သွင်းလိုက်၏။

ထို့နောက် သူ့ထံ ဦးတည်လာသော သံတုတ်သုံးချောင်းကို လက်လွတ်စပယ် ခုခံလိုက်ရာ သူ၏ ပြင်းထန်လှသော တန်ပြန်အားကြောင့် သံတုတ်သုံးချောင်းလုံး လေထဲသို့ လွင့်စင်သွားတော့သည်။

“မင်းတို့က ငါ့ကိုပါ လက်ပါချင်တာပေါ့ ဟုတ်လား"

ချင်ရန်၏ မျက်လုံးများမှာ အေးစက်စက် တောက်လောင်သွား၏။

ရာဇဝတ်ဂိုဏ်းသားများ ပီပီ သူတို့သည် အမှန်တကယ်ပင် သတ္တိခဲကြီးများ လုပ်ချင်နေကြခြင်းပင်။

ချင်ရန်က မိမိတို့၏ သံတုတ်များကို သာသာယာယာဖြင့် ရှောင်တိမ်းကာ တိုက်ခိုက်လိုက်သည်ကို မြင်သောအခါ လူမိုက်သုံးဦးစလုံး နေရာမှာတင် ကြက်သေ သေသွားကြရရှာသည်။

မိမိတို့ရှေ့မှ ပိန်ပိန်ပါးပါးနှင့် ထိုအမျိုးသားသည် အမှန်တကယ်ပင် ကိုယ်ခံပညာ ကျွမ်းကျင်လှသော ထိပ်သီးပညာရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့ တစ်ချက်မျှ မမျှော်လင့်ထားခဲ့ကြချေ။

ထိုအခိုက်တွင် ချင်ရန်က လူမိုက်သုံးဦးအား ခါးပြတ်ခြေကန်ချက် သုံးချက် ဆက်တိုက် ထပ်မံကျွေးလိုက်ရာ ၎င်းတို့အားလုံး ခေါင်းများမူးဝေကာ မတ်တတ်ပင် မရပ်နိုင်တော့ဘဲ ဘုန်းဘုန်းလဲသွားကြတော့၏။

တစ်ပြိုင်နက်တည်းမှာပင် သူသည် ကားတံခါးကို ဆွဲဖွင့်ကာ ကားထဲတွင် ကြောက်လန့်နေသော ကျောင်းသူမိန်းကလေးအား အရင်ဆုံး အပြင်သို့ ဆင်းခိုင်းလိုက်သည်။

ထို့နောက် သူသည် ရှေ့ခန်းတွင် ရှိနေသော အဓိကခေါင်းဆောင်ဖြစ်သူ လူမိုက်ကြီး၏ အင်္ကျီကို လှမ်းဖမ်းလိုက်ရာ လူမိုက်ကြီးမှာ အကြီးအကျယ် ထိတ်လန့်သွားပြီး အခြေအနေ မဟန်တော့မှန်း ရိပ်မိသွားတော့၏။

နောက်ခဏတွင်မူ

*ဘုန်း*

လူမိုက်ကြီးသည် ချင်ရန်၏ ဆွဲထုတ်ခြင်းကို ခံလိုက်ရပြီး ကားပေါ်မှ ကြမ်းတမ်းစွာ လွင့်စဉ်ကျလာခဲ့သည်။

သူသည် မြေပြင်ပေါ်သို့ ဒုန်းခနဲ ပြုတ်ကျသွားကာ ခြေဆစ်လက်ဆစ်များ အလွန်အမင်း နာကျင်သွားရသဖြင့် နောက်သို့ ခပ်သွက်သွက် ဆုတ်လိုက်ရင်း ချင်ရန်အား သတိကြီးစွာဖြင့် တုန်လှုပ်ချောက်ချားစွာ စိုက်ကြည့်နေ၏။

“မင်း မင်း ငါ့နားကို တိုးမလာနဲ့၊ နောက်ဆုတ်နေစမ်း”

လူမိုက်ကြီးမှာ သူ့ထံသို့ တရွေ့ရွေ့ လျှောက်လာနေသော ချင်ရန်ကို ကြည့်ကာ သွေးပျက်တုန်လှုပ်စွာ အော်ဟစ်တော့သည်။

ထိုအခါ ချင်ရန်က တည်ငြိမ်အေးဆေးသော မျက်နှာပေးဖြင့် မေးလိုက်လေ၏။

“စောစောကတော့ မင်း ငါ့ကို သင်ခန်းစာပေးမလို့ ဆို၊ အခုကျတော့ ဘာလို့ ဒီလို ဖြစ်သွားရတာလဲ၊ မင်းရဲ့ တပည့်တွေကလည်း ကိုယ်ခံပညာ သိပ်မတော်ကြပါလား”

လူမိုက်ကြီး၏ တစ်ကိုယ်လုံး ချမ်းစိမ့်သွားရသည်။

ချင်ရန် ဤမျှအထိ သန်မာလိမ့်မည်ဟု မည်သူက သိပါမည်နည်း။

မိမိတို့ဘက်က အင်အားသာသဖြင့် အသာစီးရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ချင်ရန် ရှေ့တွင် ငါးစက္ကန့်မျှပင် တောင့်ခံနိုင်ခြင်း မရှိခဲ့ချေ။

“မင်းရဲ့ မှတ်ပုံတင် ပြစမ်း”

ချင်ရန်က အမိန့်ပေးသံဖြင့် ဆိုလိုက်၏။

“မင်း မင်း ဘာလုပ်မလို့လဲ”

လူမိုက်ကြီးသည် ထိတ်လန့်သွားပြီး သူ့မှတ်ပုံတင်ကို ချက်ချင်းမထုတ်ပေးဝံ့ဘဲ ပြန်လည်မေးမြန်းလိုက်သည်။

သူသည်လည်း မိမိတပည့်များကဲ့သို့ ခဏအတွင်း အရိုက်ခံရပြီး သတိမေ့သွားမည်ကို အစွမ်းကုန် စိုးရိမ်နေမိခြင်း ဖြစ်၏။

“ငါက ရဲအရာရှိတစ်ယောက်ပဲ၊ ဥပဒေအရ မင်းရဲ့ အထောက်အထားကို စစ်ဆေးတာ ဘာပြဿနာရှိလို့လဲ”

ချင်ရန်က ခပ်အေးအေးပင် ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ လူမိုက်ကြီး၏ မျက်လုံးများမှာ အနည်းငယ် ကျုံ့ဝင်သွား၏။

‘ရဲ ဟုတ်လား’

ထို့နောက် သူသည် ဘေးတွင်ရှိနေသော ကျောင်းသူမိန်းကလေးအား ရက်စက်ယုတ်မာသော အကြည့်များဖြင့် လှမ်းကြည့်လိုက်သည်။

‘ဒီကောင်မစုတ်လေးက ရဲတိုင်ရဲတယ်ပေါ့လေ၊ တောက် ဒီရဲကို ရှင်းပစ်ပြီးတာနဲ့ မင်းနဲ့ မင်းရဲ့ မိသားစုကို နောင်တရစေရမယ်ကွ’

စိတ်ထဲမှနေ၍ ကြုံးဝါးနေသော်လည်း ယခုအချိန်တွင် မိမိတို့ရှေ့မှ ရဲအရာရှိအား အရင်ဆုံး ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သည်။

ထိုအခါတွင် လူမိုက်ကြီးက မျက်နှာပေါ်၌ ဟန်ဆောင်အပြုံးတစ်ခုကို အတင်းအကျပ် လုပ်ယူလိုက်ရာ စောစောက ကြောက်လန့်နေသော အမူအရာများ ချက်ချင်း ပျောက်ကွယ်သွားတော့၏။

“အရာရှိကြီး ကျွန်တော့်အပြစ်ပါဗျာ၊ ကျွန်တော် မျက်စိမွဲလို့ အရာရှိကြီးရဲ့ အထောက်အထားကို မသိလိုက်ရပါဘူး”

လူမိုက်ကြီးသည် ပြုံးပြကာ အနားသို့ တိုးကပ်လာပြီး အိတ်ကပ်ထဲမှ အနီရောင် ယွမ်ငွေစက္ကူအထပ်လိုက်ကို ထုတ်ယူလျက် လေသံတိုးတိုးဖြင့် လာဘ်ထိုးကာ ညှိနှိုင်းလေတော့သည်။

“အရာရှိကြီးရယ် ဒီကိစ္ကကို ဒီအတိုင်းပဲ ဖြတ်လိုက်ကြရအောင်လားဗျာ၊ ဒီနေ့ အရာရှိကြီးကို ပြစ်မှားမိတာ တကယ့်ကို တောင်းပန်ပါတယ်ဗျာ၊ အရာရှိကြီးရဲ့ အဆင့်အတန်းကို စောစောသိခဲ့ရင် ကျွန်တော် ဒီလို ဇွတ်တရွတ် လုပ်မှာမဟုတ်ပါဘူးဗျာ ဟဲဟဲ"

ကမ်းပေးလာသော ထိုအနီရောင် ငွေစက္ကူအထပ်လိုက်ကို ကြည့်ပြီး ချင်ရန် မျက်နှာမှာ အေးစက်မဲမှောင်သွားသည်။

သူက တစ်လုံးချင်း ပြတ်သားစွာ ပြောလိုက်၏။

“မင်းရဲ့ မှတ်ပုံတင်ကိုပဲ ထုတ်ပြစမ်းပါ”

ငွေကြေးနှင့် လာဘ်လာဘများက ချင်ရန်၏ စိတ်ဓာတ်ကို အနည်းငယ်မျှပင် လှုပ်ခတ်နိုင်ခြင်း မရှိချေ။

ထိုအခါ လူမိုက်ကြီး၏ မျက်နှာမှာ ပျက်သွားရသည်။

ဤရဲအရာရှိက ဖြောင့်မတ်လွန်းနေသဖြင့် သူပေးလိုက်သည့် ငွေပမာဏ နည်းလွန်း၍လားဟု တွေးကာ ဘာပဲဖြစ်ဖြစ် သူ့ထံတွင် ငွေများစွာ ရှိသေးသည်ဟုပင် ရင်ထဲ၌ မောက်မာနေသေး၏။

သို့သော်လည်း ချင်ရန်၏ ကျောက်ဆိုင်ပမာ မယိမ်းမယိုင် တည်ရှိနေသည့် စူးစိုက်ကြည့်မှုကို မလွန်ဆန်ရဲတော့ဘဲ မတတ်သာသည့်အဆုံး လူမိုက်ကြီးသည် သူ့မှတ်ပုံတင်ကို ထုတ်ပေးလိုက်ရတော့သည်။

ချင်ရန်က အဆိုပါ မှတ်ပုံတင်ကို ကြည့်လိုက်ရာ ၎င်းပေါ်ရှိ အမည်မှာ 'ကျန်းရှောင်ဟူ' ဟု ရေးသားထားသည်ကို တွေ့ရ၏။

“ကျန်းရှောင်ဟူ ဟုတ်တယ်မလား၊ ကဲ အခု မင်းတို့ကုမ္ပဏီကို ငါ့ကို လိုက်ပို့စမ်း၊ ငါ အသေအချာ သွားကြည့်ချင်လို့”

“ကောင်းပါပြီ ကောင်းပါပြီ အရာရှိကြီး၊ အရာရှိကြီး ပြောတဲ့အတိုင်း လုပ်ပါ့မယ်”

ထိုအခါ ကျန်းရှောင်ဟူက ခေါင်းကို တဆက်ဆက် ညိတ်နေသည်။

ချင်ရန် လိုက်လာရခြင်းမှာ မိမိတို့ထံမှ လာဘ်ငွေညှစ်ရန် ပိုမိုလွယ်ကူစေရန်အတွက် ဖြစ်လိမ့်မည်ဟု သူက လွဲမှားစွာ တွေးတောနေမိခြင်း ဖြစ်၏။

ကျန်းရှောင်ဟူ ကားပေါ်တက်ခါနီးတွင် ချင်ရန်က ခပ်ပြတ်ပြတ် လှမ်းခေါ်လိုက်ပြန်သည်။

“မင်းရဲ့ဖုန်းကို ငါ့ကိုပေး"

ကျန်းရှောင်ဟူ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် လှည့်ပြန်လာကာ ဖုန်းကို လော့ခ်ဖွင့်၍ ရိုသေစွာ ပေးအပ်လိုက်ရသည်။

ချင်ရန်သည် ဖုန်းထဲတွင် ကျောင်းသူမိန်းကလေးနှင့် ပတ်သက်သည့် ညစ်ညမ်းဗီဒီယိုဖိုင်ကို ရှာဖွေကာ ဖျက်ပစ်လိုက်ပြီး အမှိုက်ပုံးထဲမှပါ ထပ်မံနှိပ်၍ အပြီးတိုင် ဖျက်ဆီးပစ်လိုက်၏။

သို့သော် ဗီဒီယိုဖိုင်ကို ဖျက်ပြီးနောက်တွင်လည်း ချင်ရန်သည် ဖုန်းကို ကျန်းရှောင်ဟူထံ ချက်ချင်း ပြန်မပေးခဲ့ဘဲ ဖုန်းကို ခေတ္တမျှ စစ်ဆေးကိုင်တွယ်ပြီးနောက် ကျောင်းသူမိန်းကလေးအား လှမ်းခေါ်လိုက်သည်။

“ကားပေါ်တက်၊ သူတို့ကုမ္ပဏီကို သွားပြီး စာချုပ်ကို သွားကြည့်ရအောင်”

ကျန်းရှောင်ဟူသည် မိမိဖုန်းကို ပြန်လည်ယူလိုသော်လည်း ချင်ရန်သည် ကိုယ်ခံပညာ ထူးချွန်ရုံတင်မကဘဲ နောက်ခံအာဏာပါ ရှိနေပုံရသဖြင့် သူ့ရှေ့တွင် အံကြိတ်ပြီး မာန်လျှော့ကာ အညံခံနေရတော့သည်။

မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သော လူမိုက်များထဲတွင် ရာဇဝတ်မှုမှတ်တမ်း မရှိသူဟူ၍ မရှိသလောက်ဖြစ်ရာ ရဲနှင့်တည့်တည့်တိုးလျှင် ထိတ်လန့်ကြသည်မှာ သဘာဝပင် ဖြစ်၏။

ချင်ရန်တို့သည် ကားပေါ်သို့ ပြန်လည်တက်ရောက်ခဲ့ကြပြီး ကားကြီးသည်လည်း စတင်ထွက်ခွာလာခဲ့သည်။

လမ်းတွင် လူမိုက်သုံးဦးမှာ တဖြည်းဖြည်းနှင့် သတိပြန်လည်လာခဲ့ကြရာ ကျန်းရှောင်ဟူက အရှက်ပြေစေရန် သူတို့အား စတင်ကြိမ်းမောင်းတော့၏။

“မင်းတို့ မျက်စိမွဲနေတဲ့ကောင်တွေ၊ သူက ရဲအရာရှိကွ၊ မင်းတို့ မျက်စိကန်းနေလို့ သူ့ကို လက်ပါရဲတာလား”

ထိုစကားကို ကြားသောအခါ လူမိုက်သုံးဦးစလုံး ရင်ထဲ၌ ကြောင်အမ်းသွားကြရသည်။

'စောစောက ဒီလူကို သံပိုက်လုံးနဲ့ သေအောင်ရိုက်ဖို့ အမိန့်ပေးခဲ့တာ ခင်ဗျားကိုယ်တိုင် မဟုတ်ဘူးလား'

စိတ်ထဲမှ ကျိန်ဆဲနေမိကြ၏။

သို့သော် ချင်ရန်မှာ ရဲအရာရှိတစ်ဦး ဖြစ်ကြောင်း သိလိုက်ရသောအခါ လူမိုက်သုံးဦးသည် ချက်ချင်းပင် ခေါင်းညိတ်ကာ ပျာပျာသလဲ တောင်းပန်ကြတော့သည်။

သူတို့သည် နောက်ထပ် တစ်နာရီခန့် မောင်းနှင်လာခဲ့ကြရာ နောက်ဆုံးတွင် ကားကြီးသည် ချေးငွေကုမ္ပဏီ၏ အဝင်ဝသို့ ဆိုက်ရောက်လာခဲ့သည်။

အမှန်အတိုင်း ပြောရလျှင် ထိုကုမ္ပဏီမှာ ခုနစ်ထပ် အဆောက်အအုံကြီးဖြစ်ပြီး အလွန်ပင် ခမ်းနားထည်ဝါလှ၏။

အကယ်၍ အခြေအနေမှန်ကို မသိပါက တရားဝင် ကြီးမားသော လုပ်ငန်းစုကြီးတစ်ခုဟုပင် ထင်မှတ်မှားနိုင်ချေ ရှိပေသည်။

ထိုစဉ် ချင်ရန်သည် ထူးခြားဆန်းပြားသည့် အချက်တစ်ခုကို ရုတ်တရက် သတိပြုမိသွားသည်။

ဤချေးငွေကုမ္ပဏီကြီးသည် တက္ကသိုလ်ကျောင်းဝန်းကြီး၏ ဘေးတွင်တည်ရှိနေခြင်းပင်။

ဖိန်လင်မြို့၏ တက္ကသိုလ်ကျောင်းဝန်းတွင် ကျောင်းသား၊ ကျောင်းသူပေါင်း တစ်သိန်းကျော်ရှိပြီး အနီးနားရှိ သက်မွေးဝမ်းကျောင်း အထက်တန်းကျောင်းများကိုပါ ထပ်မံပေါင်းလိုက်လျှင် စုစုပေါင်း လူငယ်ထု နှစ်သိန်းကျော်ခန့် ရှိပေလိမ့်မည်။

ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ ချင်ရန်၏ မျက်နှာပေးမှာ အေးစက်ခက်ထန်သွားတော့၏။

'တောက် ဒီလောက် ကျောင်းသားများတဲ့ ပညာရေးနယ်မြေဘေးမှာမှ အကွက်ကျကျ ချေးငွေကုမ္ပဏီ ဖွင့်ထားတယ်ဆိုတော့ ဒီကောင်တွေ ကျောင်းသား၊ ကျောင်းသူပေါင်းများစွာကို အကြွေးနွံထဲ ဆွဲသွင်းပြီး ဘဝတွေကို ဖျက်ဆီးထားပြီးပြီပေါ့'

“အစ်ကိုကြီး အထဲကို ကြွပါဗျာ”

ကျန်းရှောင်ဟူက သွက်လက်စွာဖြင့် မျက်နှာချိုသွေးကာ ဖိတ်ခေါ်လိုက်သည်။

“သွားစို့ ငါ့ကို ဒီမိန်းကလေး လက်မှတ်ထိုးထားတဲ့ အကြွေးစာချုပ်ကို အရင်ဆုံး လိုက်ပြစမ်းပါ”

ချင်ရန်က ခပ်အေးအေးပင် ပြောလိုက်၏။

ထိုအခါ ကျန်းရှောင်ဟူက ခေါင်းကို တဆက်ဆက်ညိတ်ကာ ချင်ရန်အား အဆောက်အအုံ၏ ခုနစ်ထပ်မြောက်သို့ ခေါ်ဆောင်လာခဲ့သည်။

ပုံမှန်အားဖြင့် လက်မှတ်ထိုးထားသော စာချုပ်အားလုံးကို အလွန်လုံခြုံစိတ်ချရသော နေရာတွင် စနစ်တကျ လျှို့ဝှက်သိမ်းဆည်းထားလေ့ရှိသည်။

ထို့အပြင် ဤခုနစ်ထပ်မြောက်မှာ ချေးငွေကုမ္ပဏီပိုင်ရှင် ဥက္ကဋ္ဌကြီး ကိုယ်တိုင် ရုံးထိုင်ရာ နေရာလည်း ဖြစ်၏။

ခုနစ်ထပ်မြောက်သို့ ရောက်ရှိလာသောအခါ ရုံးဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားသော အမျိုးသမီး အတွင်းရေးမှူးလေးက ချိုသာသောအပြုံးဖြင့် ဆီးကြိုလေသည်။

“ချိန်းဆိုထားတာ ရှိပါသလားရှင့်"

ကျန်းရှောင်ဟူသည် ဘာပြန်ပြောရမှန်းမသိဘဲ အကျပ်ရိုက်နေရှာသော်လည်း ချင်ရန်က တိုက်ရိုက်ပင် ဖြတ်ပြောလိုက်၏။

“ငါက ရဲအရာရှိတစ်ယောက်ပဲ၊ ချိန်းဆိုချက်အရ လာတာမဟုတ်ဘူး”

“ရှင်"

အတွင်းရေးမှူးမလေး၏ မျက်နှာအမူအရာမှာ ချက်ချင်း သွေးဆုတ်ဖြူလျော်သွားသည်။

“ဒါဆို ကျွန်မ သူဌေးကို သွားပြီး အကြောင်းကြားပေးရမှာမို့ ခဏလောက် ပြင်ပဧည့်ခန်းမှာ စောင့်ပေးပါရှင့်"

ချင်ရန်သည် အတွင်းရေးမှူးမလေး၏ စကားကို ဂရုမစိုက်ဘဲ သူမဘေးမှ ကျော်ဖြတ်ကာ အနောက်ဘက်ဆုံးရှိ ဥက္ကဋ္ဌရုံးခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားတော့၏။

ကျန်းရှောင်ဟူနှင့် အခြားလူမိုက်များလည်း မတတ်သာသည့်အဆုံး အနောက်မှ သုတ်ခြေတင် လိုက်ပါလာကြရသည်။

“လူကြီးမင်း လူကြီးမင်း၊ ဒီလို ဇွတ်အတင်း ဝင်သွားလို့ မရပါဘူးရှင့်၊ ခဏလောက် စောင့်ပေးပါဦး”

အတွင်းရေးမှူးမလေးက အနောက်မှ လှမ်းအော်တားသော်လည်း သူမ သည် ချင်ရန်၏ အရှိန်ကို လုံးဝမဟန့်တားနိုင်ခဲ့ချေ။

*ကလစ်*

ဥက္ကဋ္ဌရုံးခန်း တံခါးဝသို့ ရောက်သောအခါ ချင်ရန်သည် တံခါးလက်ကိုင်ကို လှည့်၍ တွန်းဖွင့်လိုက်ရာ အထဲမှ မပီမပြင် ညုတုတု မိန်းမပျိုတစ်ဦး၏ အသံအချို့ကို ကြားလိုက်ရသည်။

ဤသူဌေးကြီးသည် ယခုလို နေ့လယ်နေ့ခင်း အလုပ်ချိန်ကြီးတွင် ဘာများ လုပ်နေပါလိမ့်။

သို့သော် ချင်ရန်က မည်သည်ကိုမျှ ဂရုမစိုက်ဘဲ တံခါးကိုသာ ဝုန်းခနဲ ဆွဲဖွင့်လိုက်တော့သည်။

အခန်းအထဲတွင် တွေ့လိုက်ရသည်မှာ အတွင်းရေးမှူးဝတ်စုံ အတိုအပြတ်ကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးက အသက် ၅၀ ခန့်ရှိ ထိပ်ပြောင်ပြောင် အမျိုးသားကြီးတစ်ဦး၏ ရင်ခွင်ထဲတွင် ပူးကပ်ချွဲနွဲ့နေခြင်းပင်။

ရုံးခန်းတံခါး ပွင့်သွားပြီး အခန်းထဲသို့ ရုတ်တရက် ဇွတ်အတင်း ဝင်ရောက်လာသည့် လူစိမ်းတစ်ယောက်ကို မြင်သောအခါ သူဌေးထိပ်ပြောင်ကြီးသည် ဒေါသအိုး ပေါက်ကွဲထွက်သွားတော့သည်။

ထိုထိပ်ပြောင်ကြီးမှာ အဆိုပါ တရားမဝင် ချေးငွေကုမ္ပဏီ၏ အဓိကပိုင်ရှင် သူဌေးကြီး ဖြစ်၏။

“မင်းတို့ မအေဘေးတွေ၊ ငါ့ကို လာမနှောင့်ယှက်နဲ့လို့ မှာထားတယ်လေ၊ အခု ဘယ်က အကောင်က ဇွတ်ဝင်လာတာလဲ”

သူဌေးထိပ်ပြောင်ကြီးသည် အော်ဟစ်ဆဲဆိုတော့သည်။

ထိပ်ပြောင်ကြီးသည် ဝင်လာသည့် ချင်ရန်ကို မသိသော်လည်း ချင်ရန်အနောက်မှ ကပ်ပါလာသည့် ကျန်းရှောင်ဟူကိုမူ မှတ်မိလိုက်၏။

“ရှောင်ဟူ ဒါက ဘာဖြစ်နေတာလဲ၊ ဘာလို့ ဘာမှမပြောမဆိုဘဲ လမ်းသရဲတစ်ယောက်လို ဇွတ်ခေါ်လာရတာလဲ”

သူဌေးထိပ်ပြောင်ကြီးက ငေါက်ငမ်းလိုက်ရာ ကျန်းရှောင်ဟူသည် သွေးပျက်နေသော လေသံတိုးတိုးဖြင့် သူဌေးကြီးအနားသို့ တိုးကပ်ကာ ဝင်ပြောလိုက်သည်။

“သူဌေး၊ သူ သူက ရဲအရာရှိတစ်ယောက်ပါဗျာ”

ထိုစကားကို ကြားလိုက်ရသောအခါ သူဌေးကြီးသည် ကုလားထိုင်ပေါ်မှ ဝုန်းခနဲ ဆတ်ခနဲ ထရပ်လိုက်၏။

All Chapters