အခန်း ၁၉၉
Vol. 20 Ch. 199
199
နာရီဝက်ခန့် ကြာပြီးနောက်တွင် 'ယိုချန်ဟွာ' ချေးငွေကုမ္ပဏီအတွင်းသို့ ယူနီဖောင်းဝတ် ရဲအရာရှိ ဆယ်ဦးခန့် ရောက်ရှိလာသည်။
ထိုအခြေအနေကို မြင်လိုက်ရသောအခါ ထိပ်ပြောင်သူဌေးကြီးသည် တစ်စုံတစ်ခုကို ပြောဆိုရန် ပြင်လိုက်၏။
သို့သော် ရဲအရာရှိ ဆယ်ဦးစလုံးသည် ကုမ္ပဏီထဲသို့ ဝင်လာသည်နှင့် ချင်ရန်ရှိရာဆီသို့ တန်းမတ်စွာ လျှောက်သွားကြသည်ကို မြင်လိုက်ရသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။
"ခေါင်းဆောင်ချင် အခု ဘာလုပ်ရမလဲ အမိန့်သာပေးပါ၊ အဖွဲ့မှူးလင်းက ခေါင်းဆောင်ရဲ့ အမိန့်ကိုပဲ နာခံဖို့ မှာထားပါတယ်"
ရဲအရာရှိတစ်ဦးက ပြုံးရွှင်စွာ ပြောသည်။
လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ချင်ရန်၏ စွမ်းဆောင်ရည်များကြောင့် သူသည် ရဲတပ်ဖွဲ့အတွင်း၌ လုပ်ပိုင်ခွင့်အာဏာ အတော်အတန် ရရှိထားပြီး ဖြစ်သည်။
အခြားသော ရဲအရာရှိကြီးများသည် ရာထူးအဆင့်အတန်း ပိုမြင့်သော်လည်း ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် ချင်ရန်လောက် ထိရောက်မှု မရှိကြပေ။
ယခုရောက်လာသူများထဲတွင် လျိုချန်ဟုန်ကို ဖမ်းဆီးစဉ်က ပါဝင်ခဲ့သူများလည်း ရှိရာ ချင်ရန်၏ စွမ်းဆောင်ရည်ကို ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ကြသူများ ဖြစ်သည်။
ချင်ရန်သည် အခြားသူများက မိမိအား 'ခေါင်းဆောင်' ဟု ခေါ်ဝေါ်သည်ကို ကြားသောအခါ ခပ်ပြုံးပြုံးသာ နေလိုက်၏။
အခြားတစ်ဖက်တွင်မူ ထိပ်ပြောင်သူဌေးကြီး၏ မျက်နှာမှာ ဒေါသအရှိန်ကြောင့် စိမ်းဖန့်သွားသည်။
‘ဒါ ဘာသဘောလဲ၊ ဒီကောင်က ခေါင်းဆောင်ချင် ဆိုတာလား၊ ရဲတွေ အများကြီး ရောက်လာတာတောင် အကုန်လုံးက သူ့ဘက်က ရပ်တည်ပြီး ရိုသေနေကြပါလား’
ထိပ်ပြောင်သူဌေးကြီးမှာ ရောက်လာသော ရဲများကို အခြေအနေရှင်းပြရန် ကြံရွယ်ထားသော်လည်း ယခုမူ အမိန့်ပေးပိုင်ခွင့်ရှိသူမှာ မိမိရှေ့မှ လူငယ်ဖြစ်နေသည်ကို သိလိုက်ရသည်။
ချင်ရန်သည် ထိပ်ပြောင်သူဌေးကြီးအား အေးစက်စွာ တစ်ချက်ကြည့်လိုက်၏။
"ညီအစ်ကိုတို့ အဲဒီဗီရိုထဲမှာရှိတဲ့ စာချုပ်စာတမ်းတွေအကုန်လုံး သိမ်းဆည်းပေးကြပါ၊ ဒါတွေအားလုံးက သက်သေတွေပဲ၊ ဒီလို ချေးငွေကုမ္ပဏီမျိုးကတော့ အဆမတန် အတိုးနှုန်းတွေနဲ့ ပြည်သူကို သွေးစုပ်နေတာဆိုတော့ ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ ဖြစ်ရမယ်၊ ဥပဒေအရဆိုရင် ဒီလို တရားမဝင်အတိုးနှုန်းတွေနဲ့ ငွေချေးတာကို အသိအမှတ်မပြုဘူး၊ သူတို့က ဒါကို ပေါ်ပေါ်ထင်ထင် လုပ်ပိုင်ခွင့်ရှိတယ်လို့ ထင်နေကြတာ၊ ဒါကြောင့် ဥပဒေဆိုတာ ဘာလဲဆိုတာကို ပြသဖို့ အကောင်းဆုံးအခွင့်အရေးပဲ၊ အားလုံး ကြိုးစားလိုက်ကြစို့"
ထို့နောက် ချင်ရန်သည် မိမိအနောက်တွင် တုန်လှုပ်နေသော ကျန်းရှောင်ဟူအပါအဝင် လူမိုက်များကို ကြည့်လိုက်သည်။
"ဒီကောင်တွေကိုလည်း လက်ထိတ်ခတ်ပြီး ဖမ်းဆီးလိုက်၊ ဒီကုမ္ပဏီရဲ့ လူမိုက်တွေအဖြစ် နောက်ကွယ်မှာ မကောင်းမှုတွေ ဘယ်လောက်လုပ်ထားလဲဆိုတာ မသိနိုင်သေးဘူး၊ ဒါကြောင့် အရင်ဆုံး ထိန်းသိမ်းထားလိုက်"
ချင်ရန်က အမိန့်ပေးလိုက်သည်။
သူသည် ကားပေါ်တွင် ကျန်းရှောင်ဟူက ဝေ့ရှောင်လီအား အကျပ်ကိုင် ခြိမ်းခြောက်ခဲ့ပုံကို ပြန်တွေးမိ၏။
ဝေ့ရှောင်လီသာသူနှင့် တစ်လအတူနေလျှင် အကြွေးဆပ်ရန်မလိုဟု ဆိုကာ ကာမနည်းလမ်းဖြင့် မတရားအမြတ်ထုတ်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။
ချင်ရန်ရှိနေ၍သာ ကျန်းရှောင်ဟူ မအောင်မြင်ခဲ့ခြင်းပင်။
ဤနေရာသည် တက္ကသိုလ်ကျောင်းဝန်းကြီးတစ်ခု ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ မည်မျှအထိ ဒုက္ခရောက်ခဲ့ကြမည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှပေသည်။
နောက်ဆုံးတွင် လူမိုက်များအားလုံးမှာ အဖမ်းခံလိုက်ရပြီး 'ယိုချန်ဟွာ' ကုမ္ပဏီပိုင်ရှင် ထိပ်ပြောင်ကြီးလည်း လက်ထိတ်ခတ်ခြင်း ခံလိုက်ရ၏။
ကုမ္ပဏီအဖွဲ့ဝင်များ၏ ကိုယ်ရေးအချက်အလက်များကိုလည်း မှတ်တမ်းတင်ရယူခဲ့သည်။
ခမ်းနားထည်ဝါသော ခုနစ်ထပ်အဆောက်အအုံကြီး၏ တံခါးမကြီးများကိုလည်း ချိတ်ပိတ်လိုက်ကြ၏။
ဝေ့ရှောင်လီအား ချင်ရန်သည် မိမိကားဖြင့် အိမ်သို့ လိုက်လံပို့ဆောင်ပေးလိုက်ပြီး အခြားသူများကိုမူ ရဲစခန်းသို့ ခေါ်ဆောင်သွားကြသည်။
ကားပေါ်တွင်မူ ဝေ့ရှောင်လီ ရင်ထဲ၌ နှလုံးခုန်သံများ မြန်ဆန်နေ၏။
သူမသည် အမှန်တကယ်ပင် ကံကောင်းခဲ့သည်။
ယွမ်တစ်သောင်းအတွက် အတိုးခြောက်ထောင် ပေးခဲ့ရသော်လည်း ယခုမူ နောက်ထပ် ပေးစရာမလိုတော့ချေ။
အကျိုးအမြတ်အရဆိုလျှင် သူမသည် ယွမ်လေးထောင်ပင် အမြတ်စွန်းရသွားခဲ့၏။
သူမသည် ချင်ရန်အား မော့ကြည့်ရင်း မိမိ၏ကယ်တင်ရှင်အဖြစ် ကျေးဇူးတင်နေမိသည်။
ချင်ရန်က ဖုန်းတစ်လုံးကို သူမထံသို့ လှမ်းပေးလိုက်သည်။
"ဒါက ကျန်းရှောင်ဟူရဲ့ ဖုန်းပဲ၊ သူရိုက်ထားတဲ့ ဗီဒီယိုတွေက ဒီထဲမှာရှိတယ်၊ ငါဖျက်ပစ်လိုက်ပြီဆိုပေမယ့် တစ်ယောက်ယောက်က Data ပြန်ဆယ်ဖို့ ကြိုးစားရင် အလုပ်ရှုပ်လိမ့်မယ်၊ ဒါကြောင့် ဒီဖုန်းကို မင်းပဲ သိမ်းထားလိုက်ပါ"
"ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကြီး၊ တကယ်ကို ကျေးဇူးတင်ပါတယ်"
ဝေ့ရှောင်လီက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
ချင်ရန်သည် အသေးစိတ် ဂရုစိုက်ပေးလေသည်။
အကယ်၍ သူမ၏ ဗီဒီယိုရိုက်ကူးခံခဲ့ရသည်ကို အခြားသူများ သိရှိသွားပါက နောင်တွင် မည်သို့မျှ အိမ်ထောင်ပြုနိုင်တော့မည် မဟုတ်ပေ။
အိမ်သို့ ရောက်သောအခါ ဝေ့ရှောင်လီ၏ အဖိုးနှင့် အဖွားဖြစ်သူတို့သည် တံခါးဝတွင် စောင့်ဆိုင်းနေကြသည်။
နှစ်နာရီနီးပါးခန့် စောင့်ဆိုင်းနေရခြင်းမှာ သက်ကြီးရွယ်အိုများအတွက် မလွယ်ကူလှချေ။
မြေးမလေးကို မြင်သောအခါ အဖိုးအဖွားနှစ်ဦးမှာ ဝမ်းသာအားရ ဖြစ်သွားကြသည်။
အခြေအနေမှန်ကို သိရှိသွားသောအခါ အဖိုးဖြစ်သူမှာ ဒေါသထွက်ကာ မူးလဲလုနီးပါး ဖြစ်သွားရပြီး အဖွားဖြစ်သူမှာလည်း သက်ပြင်းချရင်း ငိုကြွေးနေသည်။
အဖိုးဖြစ်သူက ဝေ့ရှောင်လီအား ရိုက်နှက်ရန် လက်ကို မြှောက်လိုက်သော်လည်း နောက်ဆုံးတွင် မရိုက်ရက်ခဲ့ချေ။
ထိုမြင်ကွင်းကို ကြည့်ပြီး ချင်ရန်မှာ သက်ပြင်းချမိသည်။
"အဖိုးနဲ့ အဖွား၊ ကျွန်တော် လုပ်စရာကိစ္စလေးတွေ ရှိသေးလို့ ပြန်ခွင့်ပြုပါဦး"
ချင်ရန်သည် နှုတ်ဆက်ကာ ကားမောင်းထွက်ခွာသွားခဲ့၏။
"သူက ဘယ်သူလဲ သမီး"
"သူက ရဲအရာရှိတစ်ယောက်ပါ အဖိုး"
ဝေ့ရှောင်လီ၏ နှလုံးသားမှာ တုန်ယင်သွားသည်။
မိန်းကလေးဟူသည် မိမိအား အကျပ်အတည်းမှ ကယ်တင်ပေးခဲ့သော အမျိုးသားအပေါ် စွဲလမ်းနှစ်သက်တတ်ကြ၏။
အကယ်၍ ဝေ့ရှောင်လီအား ချင်ရန်နှင့် လက်ထပ်ရန် ပြောပါက သူမသည် မဆိုင်းမတွ သဘောတူမည်မှာ အသေအချာပင်။
"ရဲအရာရှိ ဟုတ်လား၊ ငါ ထင်သားပဲ၊ သူက လူကောင်းတစ်ယောက်ပဲ၊ ဒီတစ်ကြိမ်မှာ အားလုံးကို သူပဲ ကူညီဖြေရှင်းပေးသွားတာ"
အဖိုးဖြစ်သူက သက်ပြင်းချရင်း ဆိုလိုက်သည်။
'ယိုချန်ဟွာ' ချေးငွေကုမ္ပဏီကို ပိတ်သိမ်းပြီးနောက်တွင် ရဲဌာနချုပ်မှ ဝန်ထမ်းများသည် ကုမ္ပဏီ၏ နောက်ကွယ်မှ အဆက်အသွယ်များကို ဆက်လက်စုံစမ်းရာမှ ဖိန်လင်မြို့၏ အချမ်းသာဆုံးသူဌေးကြီး 'ကျန်းယွင်ဖျင်' ၏ အမည်ကို ဖော်ထုတ်တွေ့ရှိခဲ့ကြသည်။
'ယိုချန်ဟွာ' ကုမ္ပဏီ၏ နောက်ကွယ်တွင် ကျန်းယွင်ဖျင်၏ ရင်းနှီးမြှုပ်နှံမှုများ ပါဝင်နေခြင်းပင်။
ထိပ်ပြောင်သူဌေးကြီးသည် ကျန်းယွင်ဖျင်ထံသို့ ဖုန်းခေါ်ဆို၍ အကူအညီတောင်းခံခဲ့သည်။
ကျန်းယွင်ဖျင်သည်လည်း ရဲဌာနချုပ်သို့ ဖုန်းခေါ်ဆိုလာခဲ့၏။
သူသည် ပြစ်ဒဏ်လျှော့ပေါ့ပေးရန် တိုက်ရိုက် မတောင်းပန်ဘဲ ကုမ္ပဏီ၏ အခြေအနေ အသေးစိတ်ကိုသာ စုံစမ်းမေးမြန်းခဲ့သည်။
ညွှန်ကြားရေးမှူးချုပ် ရှီကျန်းစုန့်က ချင်ရန်ထံသို့ ဖုန်းလွှဲပေးလိုက်၏။
"ဟဲလို ဥက္ကဋ္ဌကျန်းလား"
ချင်ရန်က တည်ငြိမ်စွာ မေးလိုက်သည်။
"အော် မင်းပဲလား ချင်ရန်"
ကျန်းယွင်ဖျင် အံ့ဩသွား၏။
"ဒီ 'ယိုချန်ဟွာ' ကုမ္ပဏီက ဘာအမှားတွေ လုပ်မိလို့လဲဆိုတာ ပြောပြပေးနိုင်မလား၊ ငါက အရင်က ရင်းနှီးမြှုပ်နှံထားရုံတင်ဆိုတော့ ဒီလုပ်ငန်းအပေါ် သိပ်ပြီး ဂရုမစိုက်မိဘူး ဖြစ်သွားတယ်၊ ငါတို့လုပ်ငန်းအုပ်စုက ကုမ္ပဏီပေါင်း ရာနဲ့ထောင်နဲ့ချီပြီး ရင်းနှီးမြှုပ်နှံထားတာလေ"
ချင်ရန်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။
"ဒီ 'ယိုချန်ဟွာ' ကုမ္ပဏီဟာ ဥပဒေက ချမှတ်ထားတဲ့ ဘောင်ထက်ကျော်လွန်ပြီး ကျောင်းသား၊ ကျောင်းသူတွေကို အဆမတန် မြင့်မားတဲ့ အတိုးနှုန်းတွေနဲ့ ငွေထုတ်ချေးနေတာပါ၊ ဒါတင်မကသေးဘူး လူမိုက်တွေကို ငှားရမ်းပြီး ရာဇဝတ်ဂိုဏ်းဖွဲ့ ဒုက္ခပေးနေတာလည်း ဖြစ်ပါတယ်"
ဖုန်းလိုင်း၏ အခြားတစ်ဖက်မှ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကျန်းယွင်ဖျင်က ပြတ်သားစွာ ပြောလိုက်၏။
"အိုကေ ငါနားလည်ပြီ၊ ကျေးဇူးတင်ပါတယ် ချင်ရန် ပြီးခဲ့တဲ့အကြိမ်က မင်း ငါ့ကို အသက်ကယ်ခဲ့တာကိုလည်း ကျေးဇူးတင်ချင်နေတာ ဒါပေမဲ့ အခွင့်အရေး မကြုံသေးဘူး၊ မင်း အားတဲ့တစ်ရက်ကျရင် ငါ့ကုမ္ပဏီကို လာလည်ပါဦး"
ဖုန်းချသွားပြီးနောက် ချင်ရန် ခေါင်းကို သာသာယာယာ ခါယမ်းမိလိုက်၏။
ကျန်းယွင်ဖျင်က သူကိုယ်တိုင် 'ယိုချန်ဟွာ' ကုမ္ပဏီ၏ အခြေအနေကို မသိပါဘူးဟု ပြောခဲ့သည်။
‘အဲ့ဒီစကားကို ဘယ်သူက ယုံမှာလဲ၊ ယုံခဲ့ရင်လည်း ယုံတဲ့သူက ရူးနေလို့ပဲ ဖြစ်မယ်’