အခန်း ၂၀၀
Vol. 20 Ch. 200
200
ကျန်းယွင်ဖျင် ဖုန်းခေါ်ဆိုလာခြင်းမှာ 'ယိုချန်ဟွာ' ချေးငွေကုမ္ပဏီက ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို စုံစမ်းမေးမြန်းရန်အတွက် မဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။
သူသည် နောက်ကွယ်မှ အဓိက အစုရှယ်ယာရှင်ဖြစ်သည့်အလျောက် ထိုကုမ္ပဏီ၏ တရားမဝင် ငွေလမ်းကြောင်းများမှ အတွင်းရေးများကို အခြားသူများထက် ပိုမိုသိရှိနေပေလိမ့်မည်။
ယခုအကြိမ်တွင် သူ ဖုန်းခေါ်လာရခြင်းမှာ 'ယိုချန်ဟွာ' ကုမ္ပဏီအပေါ် ညှာတာပေးပြီး ဤကိစ္စကို ဒီအတိုင်း လွှတ်ပေး၍ ရနိုင်မလားဟု လာရောက်လမ်းကြောင်းခင်းခြင်းသာ ဖြစ်သည်။
သို့သော် ချင်ရန်၏ စကားလုံးများမှာ အလွန်ပင် ပြတ်သားတိုတောင်းလှပြီး 'ယိုချန်ဟွာ' ကုမ္ပဏီ၏ ဥပဒေချိုးဖောက်မှု သက်သေအထောက်အထားများကိုသာ တန်းစီ၍ ရွတ်ပြလိုက်၏။
ထိုအခါ ကျန်းယွင်ဖျင်သည် အခြေအနေ မဟန်တော့သည်ကို ချက်ချင်းရိပ်မိသွားပြီး အလွန်ပါးနပ်စွာဖြင့် ဖုန်းကို ချက်ချင်းချသွားခဲ့တော့သည်။
အမှန်အတိုင်း ပြောရလျှင် ဤကိစ္စသည် ဥပဒေအရ ကျန်းယွင်ဖျင်အထိ ကူးစက်လာလိမ့်မည် မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် သူသည် ရင်းနှီးမြှုပ်နှံသူသက်သက်သာ ဖြစ်ပြီး၊ မကောင်းမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထိပ်ပြောင်သူဌေးကြီးကသာ ထိုကိစ္စရပ်များကို ဦးဆောင်လှုပ်ရှားခဲ့ခြင်းကြောင့် ဖြစ်သည်။
သို့သော် ထိုဖြစ်ရပ်ကြောင့် ချင်ရန်သည် အတွေးတစ်ခု ဝင်လာခဲ့သည်။
ဖိန်လင်မြို့ တစ်မြို့တည်းတင်မကဘဲ တစ်နိုင်ငံလုံးရှိ ချေးငွေကုမ္ပဏီအားလုံးသည် 'ယိုချန်ဟွာ' ကုမ္ပဏီကဲ့သို့ပင် ဖြစ်နေကြမလား ဆိုသည့် အတွေးပင်။
ဤသို့ဆိုလျှင်မူ အသုံးအဖြုန်းဝါဒ အမှိုင်းတိုက်ခြင်းခံရပြီး မြင့်မားသောအတိုးနှုန်းများနှင့် အကြွေးနွံထဲ ရောက်ရှိကာ ငွေချေးမိကြရှာသည့် ဆင်းရဲနွမ်းပါးသော မိသားစုများမှ လူငယ်လူရွယ်လေးများ မည်မျှအထိ ရှိနေပြီနည်း။
သူတို့သည် နောက်ဆုံးတွင် လမ်းမှားသို့ ရောက်ရှိသွားကြရရာ ထိုအကျိုးဆက်အတွက် မည်သူက တာဝန်ယူ ပေးဆပ်ရမည်နည်း။
ထိုသို့တွေးတောမိသွားသည့် ချင်ရန်သည် ညွှန်ကြားရေးမှူးချုပ် ရှီကျင်းစုန့်အား အခြေအနေအရပ်ရပ်ကို အသေးစိတ် တင်ပြလိုက်သည်။
ထိုစကားကို ကြားရသောအခါ ရှီကျင်းစုန့်သည် ခေတ္တမျှ နှုတ်ဆိတ်သွား၏။
"ဒီကိစ္စက တော်တော်လေး ကျယ်ပြန့်ပြီး နောက်ကွယ်က ပတ်သက်နေတဲ့ ကွန်ရက်တွေက များတယ်၊ ငါတို့အနေနဲ့ လောလောဆယ် တစ်နိုင်ငံလုံးအတိုင်းအတာကို ဝင်မစွက်ဖက်နိုင်သေးပေမယ့် ဖိန်လင်မြို့ထဲမှာရှိတဲ့ တရားမဝင် ချေးငွေလုပ်ငန်းတွေကိုတော့ ရှင်းလင်းပစ်လို့ရတယ်၊ ချင်ရန် မင်းရဲ့ ဒီအကြံပြုချက်က တကယ့်ကို တန်ဖိုးရှိတယ်၊ ငါ ဒါကို တခြားအကြီးအကဲတွေနဲ့ ဆွေးနွေးပြီး မြို့တွင်း သန့်စင်ရေးလုပ်ငန်းတစ်ရပ် ဖော်ဆောင်နိုင်မလားဆိုတာ ကြည့်ရမယ်"
ထိုစကားကြောင့် ချင်ရန်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး သူ့တာဝန်များကို ဆက်လက်ထမ်းဆောင်ခဲ့သည်။
နောက်ရက်များတွင်မူ ချင်ရန်သည် ပိုမို၍ ကြိုးပမ်းအားထုတ်ခဲ့၏။
လူမိုက်အဖွဲ့အစည်းများနှင့် ပတ်သက်သည့် မည်သည့်ကိစ္စရပ်မဆို၊ လူသုံးယောက်စုပြီး လူတစ်ယောက်ကို ဝိုင်းဝန်းအနိုင်ကျင့်သည့် ကိစ္စရပ်ကလေးမျှ ဖြစ်ပါစေဦးတော့၊ ချင်ရန်သည် ရဲတပ်ဖွဲ့ကို ချက်ချင်းစေလွှတ်ကာ ပြစ်မှုကျူးလွန်သူများကို ဥပဒေအတိုင်း ပြတ်ပြတ်သားသား ဖမ်းဆီးခေါ်ဆောင်လာခဲ့သည်။
ရဲတပ်ဖွဲ့၏ ဝင်ရောက်စွက်ဖက်ရန် လိုအပ်သည့် မည်သည့်အရေးပေါ် ဖုန်းခေါ်ဆိုမှုမျိုးကိုမဆို ချင်ရန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းတုံ့ပြန်ခဲ့သည်။
တစ်နေ့တာလုံးတွင် ချင်ရန်သည် ရုံးခန်းထဲ၌ မထိုင်ဘဲ အပြင်သို့သာ အမြဲထွက်နေခဲ့ပြီး ရဲအရာရှိများကို အသုတ်လိုက်ဦးဆောင်ကာ ရာဇဝတ်မှုများကို တစ်ခုပြီးတစ်ခု အောင်မြင်စွာနှင့် ဖြေရှင်းခဲ့၏။
လူအများစုမှာ သူသည် အမှန်တကယ်တော့ လေ့ကျင့်ရေးဆင်းဆဲ ရဲသင်တန်းသားတစ်ဦးမျှသာ ဖြစ်သည်ကိုပင် မေ့လျော့နေကြပြီ ဖြစ်သည်။
လူတိုင်းက ချင်ရန်၏ ထူးချွန်လှသော စွမ်းဆောင်ရည်များကို အလွန်ပင် လေးစားအားကျနေကြရ၏။
ဤမျှအထိ ထက်မြက်လှသော အရည်အချင်းမျိုးနှင့်ဆိုလျှင် သူသည် အဖွဲ့မှူး လင်းကုဝေ၏ ရာထူးကို အစားထိုးရန်မှာ အချိန်ပိုင်းမျှသာ လိုအပ်ပေလိမ့်မည်ဟု တွက်ဆနေကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးလကျော် အချိန်ကာလ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ယခုအခါ နှစ်သစ်ကူးပွဲတော် ရောက်ရန် တစ်လသာ လိုတော့သည်။
သို့သော် သုံးလကျော်ကြာ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဆောင်ရွက်ခဲ့သော ရာဇဝတ်ဂိုဏ်း နှိမ်နင်းရေးစစ်ဆင်ရေးကြောင့် ဖိန်လင်မြို့အတွင်းရှိ မင်းမူနေကြသော ဂိုဏ်းငယ်၊ ဂိုဏ်းကြီး အားလုံးနီးပါး အမြစ်ပြတ် သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရ၏။
ဤကာလအတွင်း ရာဇဝတ်မှုများနှင့် ဆက်နွှယ်နေသော လောင်းကစားဒိုင်များ၊ ရာဇဝတ်ဂိုဏ်းများ အခြေစိုက်ရာ ဘားများနှင့် ဖောက်သည်များအား အဆမတန် ငွေဖြုန်းစေရန် သွေးဆောင်သော KTV များကို စုံစမ်းစစ်ဆေးကာ သက်သေအထောက်အထားများနှင့်အတူ ချိတ်ပိတ် ပိတ်သိမ်းခဲ့သည်။
ထို့အပြင် ချင်ရန် ယခင်က တင်ပြခဲ့သည့်အတိုင်း ဖိန်လင်မြို့အတွင်းရှိ ချေးငွေကုမ္ပဏီများကိုပါ အသေးစိတ် လိုက်လံစုံစမ်းစစ်ဆေးခဲ့ကြ၏။
ရလဒ်အနေဖြင့် ဖိန်လင်မြို့ရှိ ချေးငွေကုမ္ပဏီများ၏ ၉၀ ရာခိုင်နှုန်းခန့်မှာ ပိတ်သိမ်းသွားခဲ့ရပြီး ကျန်ရှိနေသော ကုမ္ပဏီအနည်းငယ်မှာလည်း ရဲတပ်ဖွဲ့၏ စစ်ဆေးမှုဒဏ်ကြောင့် အသည်းအသန် တုန်လှုပ်ချောက်ချားကာ အတိုးနှုန်းများကို ဥပဒေအတိုင်း လျှော့ချ၍ တရားဝင် ကောင်းမွန်သော ကုမ္ပဏီများအဖြစ် ပြောင်းလဲပါမည်ဟု ကာယကံရှင်များက ကတိကဝတ်ပြုနေကြရတော့သည်။
ချင်ရန်သည် မကြာသေးမီကစ၍ တစ်ရက်မျှပင် အနားမယူခဲ့ရချေ။
သူသည် နေ့စဉ်နှင့်အမျှ တိုင်ကြားချက်များကို လက်ခံဖြေရှင်းရင်း ကိစ္စရပ်ပေါင်းစုံကို ကိုင်တွယ်နေခဲ့ရသည်။
သို့သော် ရရှိလာသော အကျိုးကျေးဇူးမှာ သူသည် ရဲဌာနချုပ်တစ်ခုလုံးတွင် အလွန်မြင့်မားသော ဂုဏ်သတင်းနှင့် အရှိန်အဝါကို ရရှိသွားခြင်းပင်။
သူ၏ တရားဝင် ရာထူးတိုးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပရန် နောက်ထပ် လေးလခန့် လိုသေးသော်လည်း ရဲဌာနချုပ်တွင် 'ချင်ရန်' ဟူသော အမည်ကို မသိသူမရှိတော့ချေ။
သူသည် အငယ်တန်း ရဲသင်တန်းသားအဆင့်သာ ရှိသေးသော်လည်း သူ့အရှိန်အဝါမှာ အဖွဲ့မှူး လင်းကုဝေနှင့် ရင်ဘောင်တန်းနိုင်နေပြီ ဖြစ်ကာ အချို့နေရာများတွင် ပို၍ပင် မြင့်မားနေသေးသည်။
ထိုစဥ် ညွှန်ကြားရေးမှူးချုပ် ရှီကျင်းစုန့်သည် ရာဇဝတ်ဂိုဏ်း နှိမ်နင်းရေးနှင့် ပတ်သက်သည့် ပထမအကြိမ် သုံးသပ်ချက် အစည်းအဝေးကို ကျင်းပခဲ့၏။
သူသည် ချင်ရန်အား ထိုအစည်းအဝေးသို့ တက်ရောက်ရန် ကိုယ်တိုင်ကိုယ်ကျ ဖိတ်ကြားခဲ့သည်။
အစည်းအဝေးတက်ရောက်လာသူ အခြားအရာရှိကြီးများသည် ရဲသင်တန်းသားတစ်ဦး တက်ရောက်လာမှုကို အနည်းငယ် အံ့ဩသွားကြသော်လည်း ချင်ရန်၏ လုပ်ဆောင်မှုများကို သိထားကြသဖြင့် ၎င်းမှာ ယုတ္တိရှိလှသည်ဟု ခံစားမိကြသည်။
ချင်ရန်၏ အောင်မြင်မှု ပြောင်မြောက်ပုံများက သက်သေပြနေသဖြင့် သူသည် ဤအစည်းအဝေးသို့ တက်ရောက်ရန် အပြည့်အဝ အရည်အချင်း ပြည့်မီနေခြင်းကြောင့်ပင်။
အစည်းအဝေးတွင် ရှီကျင်းစုန့်သည် သုံးလကျော်ကြာ ဆောင်ရွက်ခဲ့သော နှိမ်နင်းရေးလုပ်ငန်းများကို အနှစ်ချုပ် တင်ပြခဲ့သည်။
ထိုသို့ တင်ပြရာတွင် ချင်ရန် အမည်ကို အကြိမ်ကြိမ် ထည့်သွင်းပြောကြားခဲ့ပြီး သူ၏ ထူးချွန်လှသော စွမ်းဆောင်ရည်များကို လူအများရှေ့တွင် ချီးမွမ်းခဲ့၏။
ဤရာဇဝတ်ဂိုဏ်း နှိမ်နင်းရေးစစ်ဆင်ရေးကြီး ရာနှုန်းပြည့် ပြီးဆုံးသွားပါက ချင်ရန်အတွက် 'ပထမအဆင့် ထူးချွန်ကောင်းမွန်မှုဆု' ချီးမြှင့်ရန် ထောက်ခံတင်ပြပေးမည်ဟု ရှီကျင်းစုန့်က ကတိပြုခဲ့သည်။
ထို့အပြင် မကြာမီတွင် နိုင်ငံတော်အဆင့် အထက်လူကြီးများက ရာဇဝတ်ဂိုဏ်း နှိမ်နင်းရေးနှင့် ပတ်သက်၍ ကြီးမားသော စစ်ဆင်ရေးအခမ်းအနားတစ်ရပ်ကို ကျင်းပတော့မည်ဖြစ်ရာ ဒေသတစ်ခုစီမှ ထူးချွန်သူ နှစ်ဦး သို့မဟုတ် သုံးဦးခန့်ကို ဗဟိုသို့ တက်ရောက်ရန် အဆိုပြုလွှတ်ရမည် ဖြစ်သည်။
ညွှန်ကြားရေးမှူးချုပ် ရှီကျင်းစုန့်က ဖိန်လင်မြို့တွင် ဤဂုဏ်ထူးဆောင်ဆုအတွက် အရည်အချင်း အပြည့်မီဆုံးသူမှာ ချင်ရန်တစ်ဦးတည်းသာ ရှိသဖြင့် သူ့ကို အသေအချာ အဆိုပြုစေလွှတ်မည်ဟု အားလုံး ရှေ့တွင် ပြတ်သားစွာ ပြောကြားခဲ့၏။
အစည်းအဝေး အပိတ်တွင်မူ ရှီကျင်းစုန့်က ပြုံးလျက် ချင်ရန်အား ကြည့်လိုက်သည်။
"ချင်ရန် ပြီးခဲ့တဲ့ သုံးလလုံးလုံး မင်း ပင်ပင်ပန်းပန်း ကြိုးစားခဲ့တာတွေကို တကယ်ပဲ ကျေးဇူးတင်ပါတယ်၊ မင်း ပြီးခဲ့တဲ့ သုံးလလုံးလုံး တစ်ရက်မှ အနားမယူခဲ့ရဘူး မဟုတ်လား၊ ဒါကြောင့် ငါ အခု မင်းကို ခုနစ်ရက်တိတိ အားလပ်ရက် ခွင့်ပေးလိုက်မယ်၊ မင်း သွားချင်တဲ့နေရာကို စိတ်ကြိုက် သွား"
ထိုစကားကို ကြားသောအခါ ချင်ရန် အံ့ဩဝမ်းသာသွားရသည်။
ညွှန်ကြားရေးမှုးချုပ်ကိုယ်တိုင်က မိမိအတွက် အားလပ်ရက်ခွင့်ကို ပုဂ္ဂိုလ်ရေးအရ အရေးတယူ ခွင့်ပြုပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သောကြောင့် ဖြစ်သည်။
သို့သော် မိမိတစ်ဦးတည်း အားလပ်ရက်ခွင့်ရတော့ကော ဘယ်ကိုသွားရပါမည်နည်း။
အိပ်ရာထဲတွင် လှဲနေရုံမှတစ်ပါး အခြားလုပ်စရာ သိပ်မရှိချေ။
ထို့နောက် ချင်ရန် မတ်တတ်ရပ်ကာ ညွှန်ကြားရေးမှုးချုပ်ကို အလေးပြုလိုက်သည်။
"ဆရာ ကျွန်တော် လုံးဝ မပင်ပန်းပါဘူး၊ ဆက်ပြီး အလုပ်လုပ်နိုင်ပါတယ်၊ တကယ်လို့ ခွင့်ပေးမယ်ဆိုရင်လည်း ကျွန်တော် ဘယ်ကိုသွားပြီး အပန်းဖြေရမလဲ မသိပါဘူး"
ပွင့်ပွင့်လင်းလင်း ပြောလိုက်သည့် ချင်ရန်ကြောင့် ရှီကျင်းစုန့်က ရယ်မောလိုက်၏။
"မင်း ဒီလိုမေးမယ်ဆိုတာ ငါ ကြိုတွေးထားပြီးသားပါ၊ ဒါကြောင့် မင်းရဲ့ ချစ်သူကောင်မလေး ရှကျဲကိုပါ ခုနစ်ရက် ခွင့်အတူတူ ပေးထားပြီးပြီ၊ ဒါတင်မကသေးဘူး မင်းတို့ ဘယ်မှာ သွားရောက်အပန်းဖြေရမလဲဆိုတဲ့ အစီအစဉ်ကိုပါ ငါတို့ စီစဉ်ပေးထားတယ်၊ အခုက ရာသီဥတုက တဖြည်းဖြည်း အေးလာပြီဆိုတော့ ဖိန်လင်မြို့ရဲ့ ရာသီဥတုက ဆောင်းခိုဖို့ သိပ်မကောင်းလှဘူးကွ၊ ဒါကြောင့် ငါ့ရဲ့ ကိုယ်ပိုင်လစာငွေနဲ့ မင်းတို့နှစ်ယောက်အတွက် တောင်ပိုင်းမှာရှိတဲ့ 'ချစ်သူများကျွန်း'ကို သွားမယ့် ခရီးသွားလက်မှတ် နှစ်စောင် ဝယ်ပေးထားတယ်၊ အဲ့ဒီကို သွားပြီး အနားယူလိုက်ကြပေါ့ကွာ ဟား ဟားး"
ညွှန်ကြားရေးမှုးချုပ် ရှီကျင်းစုန့်က ပြုံးရွှင်စွာဖြင့် လက်မှတ်များကို ကမ်းပေးရင်း ပြောလိုက်သည်။
ထိုအခါမှ အံ့ဩလွန်း၍ ချင်ရန်မှာ ပါးစပ်လေးပင် အနည်းငယ် ဟသွားရ၏။
ညွှန်ကြားရေးမှုးချုပ်က ဤမျှအထိ အသေးစိတ် ဂရုစိုက်ပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ရှကျဲကို ခွင့်ပေးရုံတင်မကဘဲ သူတို့နှစ်ဦးအတွက် 'ချစ်သူများကျွန်း' သို့ သွားမည့် လက်မှတ်များကိုပါ ကိုယ်ပိုင်ငွေဖြင့် စိုက်ထုတ်ဝယ်ပေးခဲ့ခြင်း ဖြစ်သည်။
ထိုကျွန်းသို့ သွားရောက်လည်ပတ်ရန် ကုန်ကျစရိတ်မှာ အလွန်မြင့်မားလှပြီး လက်မှတ်တစ်စောင်စီ၏ တန်ဖိုးမှာလည်း မနည်းလှကြောင်း သူ ကြားဖူးထားသည်။
ဘေးတွင်ရှိနေသော အဖွဲ့မှူး လင်းကုဝေမှာမူ မျက်ခုံးပင့်လျက် အနည်းငယ် မနာလိုဖြစ်သလိုလို ပုံစံမျိုး လုပ်ပြနေရှာသည်။
မိမိ၏ တူမဖြစ်သူက ထိုကောင်လေးနှင့်အတူ စောစောစီးစီး ခရီးထွက်ရတော့မည် ဖြစ်ရာ အန်ကယ်တစ်ယောက်အနေဖြင့် အနည်းငယ်တော့ မျက်စိစပါးမွှေးစရာ ကောင်းသည်မဟုတ်ပါလား။
သို့သော် သူသည် ချင်ရန်နှင့် ရှကျဲတို့အပေါ်တွင် မည်သည့်ကန့်ကွက်မှုမျှမရှိဘဲ စိတ်ထဲကမူ ကြည်နူးနေမိသည်။
အကြောင်းမှာ ချင်ရန်သည် ဤဆုလာဘ်ကို ရရှိရန် အပြည့်အဝ ထိုက်တန်သော စွမ်းဆောင်ရည်များကို ပြသခဲ့ပြီးဖြစ်သောကြောင့်ပင်။
"ကျေးဇူးအများကြီးတင်ပါတယ် ဆရာ"
ထို့နောက် ချင်ရန်က လှိုက်လှိုက်လှဲလှဲဖြင့် ကျေးဇူးတင်လိုက်၏။
ရှီကျင်းစုန့်သည် လက်အောက်ငယ်သားများအပေါ် အမှန်တကယ်ပင် ကြင်နာတတ်သောအကြီးအကဲ တစ်ဦး ဖြစ်သည်။
"ကဲ ဒါဆိုရင်လည်း အဲ့ဒီသတင်းကောင်းကို ရှကျဲဆီ အမြန်သွားပြောလိုက်ဦး"
ရှီကျင်းစုန့်က ပြုံး၍ ပြောလိုက်၏။
ချင်ရန်သည် အစည်းအဝေးခန်းမထဲမှ ထွက်လာပြီးနောက် ရှကျဲရှိရာ အထူးရုံးခန်းသို့ သွားရောက်ကာ ဤအကြောင်းကို ပြောပြလိုက်သည်။
ပြီးခဲ့သည့် သုံးလလုံးလုံး ရှကျဲသည်လည်း တစ်ရက်မျှ ကောင်းမွန်စွာ မနားခဲ့ရသဖြင့် ထိုသတင်းကို ကြားလိုက်ရသောအခါ သူမသည် ပျော်လွန်းသဖြင့် ဝုန်းခနဲပင် ထခုန်မိတော့သည်။
ဤသည်မှာ တကယ့်ကို အလွန်ကောင်းမွန်လှသည့် ဆုလာဘ်တစ်ခု ဖြစ်ရုံတင်မက၊ သွားရမည့်နေရာမှာလည်း အခြားမဟုတ်ဘဲ လှပလွန်းသည့် 'ချစ်သူများကျွန်း' ဖြစ်နေသည်။
အမှန်တော့ ရှကျဲသည် ယခင်ကတည်းက နှစ်ပတ်လည် ခွင့်ရက်ရရှိပါက ချင်ရန်နှင့်အတူ ထိုကျွန်းသို့ သွားရောက်အပန်းဖြေရန် လျှို့ဝှက်စီမံထားခဲ့ခြင်း ဖြစ်၏။
ယခုမူ မျှော်လင့်မထားဘဲ ထိုအစီအစဉ်မှာ အချိန်မတိုင်မီပင် အကောင်အထည်ပေါ်လာခဲ့ပြီ ဖြစ်သည်။
၎င်းအပြင် ညွှန်ကြားရေးမှုးချုပ်ပေးထားသော ခွင့်ရက်မှာ ခုနစ်ရက်တိတိပင် ဖြစ်ရာ ထိုရက်များအတွင်း အလုပ်ကိစ္စများကို အကုန်မေ့ဖျောက်ပြီး မိမိတို့စိတ်ကြိုက် လွတ်လွတ်လပ်လပ် အပန်းဖြေနိုင်ကြတော့မည် မဟုတ်ပါလား။
ထိုနေ့တွင်မူ နေရောင်ခြည်မှာ သာယာလှပစွာ လင်းလက်နေခဲ့သည်။
ချင်ရန်နှင့် ရှကျဲတို့သည် လက်ချင်းချိတ်ကာ ခရီးဆောင်အိတ်များကို ဆွဲလျက် တောင်ပိုင်းရှိ 'ချစ်သူများကျွန်း' သို့ ဦးတည်ပျံသန်းမည့် လေယာဉ်ပေါ်သို့ တက်ရောက်ခဲ့ကြသည်။
သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ သာယာချိုမြိန်လှသော အားလပ်ရက်ခရီးစဉ်ကို စတင်ရန် အပြုံးချင်း ဖလှယ်လိုက်ကြ၏။
သို့သော် ကမ္ဘာကြီး၏ အခြားတစ်ဖက်တွင်မူ အမှောင်ထုတစ်ခုက စတင်ရွေ့လျားနေပြီ ဖြစ်သည်။
တစ်ပြိုင်နက်တည်းမှာပင် အဆုံးအစကို မမြင်တွေ့ရသော၊ အတောမသတ်နိုင်သည့် သဲကန္တာရဝါကြီး တည်ရှိရာ 'ပါရှား' ဒေသ၏ မြေအောက်လျှို့ဝှက် အခြေစိုက်စခန်းတစ်ခု၌ ဖြစ်၏။
ဤစခန်းသည် ကမ္ဘာတစ်ဝန်းတွင် အလွန်ရက်စက်ဆိုးသွမ်းလှသဖြင့် ကျော်ကြားလှသော နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် 'K2' ၏ ယာယီထိပ်သီးအစည်းအဝေး ကျင်းပရာနေရာ ဖြစ်သည်။
ယခုအခါ K2 အဖွဲ့သည် အလွန်လျှို့ဝှက်ပြီး အရေးကြီးသော အစီအစဉ်တစ်ရပ်အတွက် အစည်းအဝေးပြုလုပ်နေကြခြင်းဖြစ်ကာ အစည်းအဝေးစားပွဲဝိုင်းတွင် အဖွဲ့၏ ဝါရင့်ဟောင်းများပင် ပြန်လည်စုရုံး ထိုင်နေကြ၏။
"ကျွန်တော်တို့ရဲ့ အမှတ် (၁) ဇီဝဗေဒဓာတ်ခွဲခန်းကနေ ဗိုင်းရပ်စ်အသစ်တစ်မျိုးကို အောင်မြင်စွာ တီထွင်ထုတ်လုပ်နိုင်ခဲ့ပါပြီ၊ ဒီဗိုင်းရပ်စ်ရဲ့ ထူးခြားပြောင်မြောက်တဲ့ အစွမ်းကတော့ မတူကွဲပြားတဲ့ လူမျိုးနွယ်စုတွေကို သီးသန့်ပစ်မှတ်ထားပြီး သူတို့ရဲ့ မျိုးရိုးဗီဇ (DNA) တွေကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိတာပါပဲ၊ အခြားသော လူမျိုးနွယ်စုတွေအပေါ်မှာတော့ ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူး"
အစည်းအဝေးတွင် အဓိကထိုင်ခုံ၌ ထိုင်နေသော K2 အဖွဲ့၏ အကြီးအကဲဖြစ်သူမှာ အစပြု၍ အေးစက်လေးနက်လှသော လေသံဖြင့် တည်ငြိမ်စွာ ပြောကြားလိုက်၏။