အခန်း ၂၀၂
Vol. 21 Ch. 202
202
"ဘယ်လိုတောင် ရိုင်းစိုင်းတဲ့စကားမျိုး ပြောရတာလဲ"
သူစိမ်းများရှေ့တွင် ဤသို့ အငေါက်ခံလိုက်ရသဖြင့် ကျန်းရှောင်ရှောင်မှာ အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်သွားရ၏။
‘ဒီလူတွေက အရူးတွေလား? မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုကို နားမလည်ကြဘူးလား’
ကျန်းရှောင်ရှောင်၏ အမြင်တွင် သူမကဲ့သို့ အချိုးအစားပြေပြစ်လှပသော မိန်းကလေးတစ်ယောက်က စတင်၍ စကားပြောရန် အစပြုလိုက်လျှင် မည်သည့်အမျိုးသားမဆို ပြုံးရွှင်လျက် ဝမ်းမြောက်ဝမ်းသာ တုံ့ပြန်ကြလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
"နင်တို့က သိပ်ကို ရိုင်းတာပဲ"
ကျန်းရှောင်ရှောင်က ထိုလူများအား အပြစ်တင်စကား ဆိုလိုက်ပြီးနောက် ထိုလူများ၏ ရန်လိုသောပုံစံကို ကြောက်ရွံ့သဖြင့် နှစ်လှမ်းခန့် နောက်ဆုတ်လိုက်၏။
ထိုအခါ ကျန်းရှောင်ရှောင်၏ သူငယ်ချင်းများကလည်း တက်ကြွစွာ ဝင်ရောက်ပြောဆိုကြသည်။
"ဒီလူရိုင်းတွေက ငါတို့ရဲ့ ချောမောလှပတဲ့ ရှောင်ရှောင်က စကားပြောချင်လို့ လာခေါ်တာကို ဘာလို့ ဒီလိုဆက်ဆံရတာလဲ"
"ရှင်တို့မှာ အားနာစိတ်ဆိုတာ လုံးဝမရှိဘူးလား၊ ဒါမှမဟုတ် ရှင်တို့က မိန်းကလေးတွေကို စိတ်မဝင်စားတဲ့ လိင်တူချစ်သူတွေလား"
ကျန်းရှောင်ရှောင်၏ သူငယ်ချင်း မိန်းကလေးများမှာ အလွန်အမင်း စိတ်ဆိုးကာ တစ်ယောက်တစ်ပေါက် ဝိုင်းအော်ပြောနေကြသည်။
"မင်းတို့ သေချင်နေတာလား"
ထိုအမျိုးသားက အေးစက်စက် လေသံဖြင့် ထပ်မံ၍ ပြောလိုက်ရာ ကျန်းရှောင်ရှောင်သည် ထိုလူ့ထံမှ လက်သီးကို ဆုပ်လိုက်ရာ အရိုးအဆစ်များ တကျွတ်ကျွတ် မြည်သံကို ကြားလိုက်ရသဖြင့် ကြောက်လန့်ကာ အန္တရာယ်များလှသော အငွေ့အသက်ကို ရိပ်မိသွားပြီး သူမ၏ မျက်နှာသွင်ပြင်မှာ ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။
"ဖယ်စမ်း၊ ဖယ်ပေးကြစမ်း၊ ဒါက ဘယ်လို အမူအကျင့်လဲ"
ထိုအချိန်တွင် အရပ် ၁၈၀ စင်တီမီတာရှိသော အမျိုးသားတစ်ဦး လျှောက်လာခဲ့၏။
သူသည် အဖြူရောင် လက်ပြတ်အင်္ကျီကို ဝတ်ဆင်ထားပြီး အားကစားသမားတစ်ဦးကဲ့သို့ ကြံ့ခိုင်တောင့်တင်းလှသည်။
သူ၏ ရင်အုပ်ကြွက်သားများသည်လည်း အလွန်ကြီးမားပြီး လက်မောင်းများရှိ ကြွက်သားများမှာလည်း အလွန်ထူထဲလှသည်။
‘ဝိုး အရမ်းကို ခန့်ညားတာပဲ၊ ငါ့အကြိုက်နဲ့ ကွက်တီပဲ’
ကျန်းရှောင်ရှောင်နှင့် သူမ၏ သူငယ်ချင်း မိန်းကလေးအုပ်စုမှာမူ ထိုလူကို မြင်သည်နှင့် ပို၍ပင် စွဲမက်သွားကြသည်။
ထိုအရပ် ၁၈၀ စင်တီမီတာရှိသော အမျိုးသားက ကျန်းရှောင်ရှောင်အား အနည်းငယ် ပြုံးပြလိုက်၏။
"တောင်းပန်ပါတယ်ခင်ဗျာ"
ကျန်းရှောင်ရှောင်တို့ မိန်းကလေးအုပ်စုအား ထိုလူသန်ကြီးက တောင်းပန်လိုက်ပြီးနောက် သူသည် လှည့်၍ ကျန်းရှောင်ရှောင်တို့အား စောစောက အော်ဟစ်ခဲ့သူ၏ ခေါင်းကို ဖြက်ကနဲ ရိုက်ချလိုက်သည်။
"မိန်းကလေးတွေကို မလေးမစား လုပ်ရအောင် မင်းမှာ အမေမရှိဘူးလား"
ထိုအမျိုးသားက တည်ငြိမ်စွာဖြင့် ဆုံးမလိုက်ပြီး "တောင်းပန်လိုက်စမ်း" ဟု အမိန့်ပေးလိုက်၏။
အရိုက်ခံရသူမှာ ချက်ချင်းပင် ခေါင်းငုံ့ကာ ရိုရိုကျိုးကျိုးဖြင့် တောင်းပန်လေသည်။
"တောင်းပန်ပါတယ်ခင်ဗျာ"
ထိုသူသည် လူသားစက်ရုပ်တစ်ရုပ်အလား အမိန့်နာခံမှုမှာ မြန်ဆန်လွန်းလှသည်။
"ဟွန်း"
ထိုအခါ ကျန်းရှောင်ရှောင်က မထိတထိ ပြောလိုက်၏။
"သူတို့နဲ့တော့ ငါစကားမပြောတော့ဘူး၊ တကယ်ပါပဲ ချောမောတဲ့ ဒီကိုကိုကပဲ ပိုပြီး ယဉ်ကျေးတယ်၊ ဒါနဲ့ ဒီက ကိုကိုရဲ့ ဖုန်းနံပါတ်လေး ပေးလို့ရမလားဟင်"
ကျန်းရှောင်ရှောင်က ချက်ချင်းပင် မိတ်ဖွဲ့လိုက်ရာ ထိုအမျိုးသားကလည်း နောက်ပြောင်သည့်အနေဖြင့် သူမအား ဖုန်းနံပါတ် ပေးလိုက်၏။
ထို့နောက် သူတို့သယ်လာသည့် အားကစားပစ္စည်းများကို အခန်းထဲအရင်ထားရမည်ဖြစ်၍ ခဏစောင့်ရန် ပြောဆိုကာ ထိုလူအုပ်စုမှာ ထွက်ခွာသွားကြတော့သည်။
အခြားတစ်ဖက်တွင် ချင်ရန်မှာမူ ဧည့်ကြိုကောင်တာတွင် အတော်ကြာအောင် ရပ်နေမိသည်။
သူ့မျက်လုံးများမှာ ရေခဲကဲ့သို့ အေးစက်နေသည်။
သူ့စိတ်ထဲရှိ ရာဇဝတ်မှုရှာဖွေရေး ရေဒါ သည် ထိုလူအုပ်စုနှင့် ၁၀ မီတာကျော် အကွာတွင် ရှိနေသဖြင့် မည်သို့မျှ အချက်ပေးခြင်း မရှိသေးပေ။
သို့သော် ချင်ရန်တွင် အခြားစွမ်းရည်တစ်ခု ရှိသေးသည်။
၎င်းမှာ မီတာ ၅၀ အတွင်းရှိ အရာအားလုံးကို မလွှတ်တမ်း အာရုံခံနိုင်ခြင်းပင်။
သူ၏ အာရုံခံနိုင်စွမ်းအရ ထိုလူအုပ်စုကြီး သယ်ပိုးလာသည့် အဆိုပါအိတ်ကြီးများထဲတွင် အားကစားပစ္စည်းများသာ ထည့်ထားသည်ဟု ထင်ရသော်လည်း အမှန်တကယ်မှာမူ ခေတ်မီစက်သေနတ်များဖြင့် ပြည့်နှက်နေသည်ကို သူ သိလိုက်ရသည်။
သေနတ်ကျည်ကပ်များထဲရှိ ကျည်ဆန်များ၏ အေးစက်စက်အရောင်ကိုပင် သူ ခံစားမိနေ၏။
‘ဒီလူတွေမှာ သေနတ်တွေ ပါနေတယ်၊ သူတို့က ဘယ်သူတွေလဲ၊ ဘာလုပ်ဖို့ ကြံနေကြတာလဲ’
ချင်ရန်၏ စိတ်အခြေအနေမှာ အနည်းငယ် လေးနက်သွားသည်။
အနီးတွင်ရှိနေသော ရှကျဲပင် မနာလိုစိတ်များ ဖြစ်ပေါ်လာ၏။
"ကြည့်လို့ဝပြီလား၊ သူတို့က ထွက်သွားကြပြီလေ၊ တကယ်ပဲ"
ရှကျဲမှ မနာလိုစွာဖြင့် ပြောလာမှ ချင်ရန် သတိဝင်လာသည်။
ရှကျဲက သူသည် ကျန်းရှောင်ရှောင်ကို ငေးကြည့်နေသည်ဟု ထင်မှတ်မှားနေခြင်းပင်။
ထိုအခါ ချင်ရန်က မနာလိုဖြစ်နေသော ချစ်ရသူအား ကြည့်ကာ ပြုံးလိုက်မိ၏။
"ကိုယ် သူမကို ကြည့်နေတာ မဟုတ်ပါဘူး"
ချင်ရန်က ချက်ချင်း ငြင်းဆိုလိုက်သည်။
ထိုအခိုက်တွင် အားကစားဝတ်စုံနှင့် လူအုပ်ကြီး ချင်ရန်တို့၏ ၁၀ မီတာအကွာသို့ ရောက်ရှိလာကြသည်။
“ဒင်၊ S-အဆင့် ရာဇဝတ်သားကို တွေ့ရှိပြီ”
“ဒင်၊ S-အဆင့် ရာဇဝတ်သားကို တွေ့ရှိပြီ”
“ဒင်၊ SS-အဆင့် ရာဇဝတ်သားကို တွေ့ရှိပြီ”
ရာဇဝတ်မှုရှာဖွေရေး ရေဒါထံမှ အချက်ပေးသံများ ဆက်တိုက်ထွက်ပေါ်လာသဖြင့် ချင်ရန်၏ နှလုံးသားမှာ လှိုင်းထန်သော ပင်လယ်ပြင်ကဲ့သို့ ဖြစ်သွားသည်။
အပန်းဖြေခရီးထွက်လာရာမှ ဤမျှများပြားသော S-အဆင့် ရာဇဝတ်သားများနှင့် ဆုံတွေ့ရလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ချေ။
ထိုသူတို့သည် သာမန်အပန်းဖြေလာကြခြင်း မဟုတ်ဘဲ မစ်ရှင်တစ်ခုခုအတွက် ရောက်ရှိလာကြခြင်း ဖြစ်သည်မှာ သေချာသည်။
ထို့အပြင် ခေါင်းဆောင်ဖြစ်သူမှာ ကြောက်မက်ဖွယ်ကောင်းသော SS-အဆင့် ရာဇဝတ်သားဖြစ်နေသည်ကိုလည်း သူတွေ့လိုက်ရ၏။
"မင်္ဂလာပါ လူကြီးမင်းတို့ ကျေးဇူးပြုပြီး လမ်းလေးဖယ်ပေးလို့ရမလား ခင်ဗျာ"
ခေါင်းဆောင်ဖြစ်သူက အလွန်ပင် ယဉ်ကျေးသော လေသံဖြင့် ချင်ရန်တို့အား တောင်းဆိုလိုက်သည်။
ထိုအခါ ရှကျဲက အလျှင်အမြန်ပင် ချင်ရန်ကို ဆွဲခေါ်သွားလိုက်၏။
ရှကျဲဆွဲခေါ်ရာသို့ လိုက်ပါသွားသော ချင်ရန်က အနောက်သို့ လှည့်ကြည့်လိုက်ရာ ထိုခေါင်းဆောင်လူသန်ကြီးသည် သူ့အား ပြုံး၍ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ချင်ရန် တည်ငြိမ်စွာဖြင့် ဓာတ်လှေကားထဲသို့ ဝင်သွားလိုက်၏။
သူတို့ ဓာတ်လှေကားထဲရောက်သည်နှင့် လူသန်ကြီး၏ အကြည့်များမှာ အလွန်ပင် အေးစက်သွားပြီး အဓိပ္ပာယ်ပါသော အကြည့်မျိုး ဖြစ်လာသည်။
အခန်းထဲသို့ သူ့နောက်လိုက် လူပေါင်း ၃၀ ကျော် ရောက်လာပြီးနောက် ခေါင်းဆောင်ဖြစ်သူက အေးစက်စွာ ပြောလိုက်၏။
"စောစောက နောက်လှည့်ကြည့်သွားတဲ့လူက သာမန်လူမဟုတ်နိုင်ဘူး၊ သူက ငါတို့ကို သတိထားမိသွားပုံရတယ်လို့ ငါ သံသယဝင်မိတယ်၊ ဒါကြောင့် မင်းတို့တွေ နောက်တစ်ခေါက် အပြင်ထွက်တဲ့အခါ သူ့ကို သေချာသတိထားပြီး စောင့်ကြည့်ကြရမယ်"