← Chapters

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း ၂၀၄

Vol. 21 Ch. 204

204

ထိုစကားကို ကြားလိုက်ရသောအခါ K2 အဖွဲ့ဝင်အားလုံး ခေါင်းညိတ်လိုက်ကြပြီးနောက် လှုပ်ရှားရန် အသီးသီး လမ်းခွဲထွက်ခွာသွားကြတော့သည်။

'ခွေးရူး' အပါအဝင် K2 အဖွဲ့တွင် အဖွဲ့ဝင် ၃၇ ဦး ပါဝင်ပြီး တစ်ယောက်ချင်းစီ၌ အဖျက်စွမ်းအား အလွန်ပြင်းထန်လှသော MP5 စက်သေနတ်ကိုယ်စီ တပ်ဆင်ထားကြရာ သူတို့ထဲမှ လူတစ်ဦးသည် သာမန်လူ အယောက်နှစ်ဆယ်ခန့်ကို အလွယ်တကူ ထိန်းချုပ်သတ်ဖြတ်နိုင်၏။

ထိုလူများသည် ကလေးဘဝကတည်းက တိုက်ခိုက်ရေး၊ ကြံ့ခိုင်ရေးနှင့် အခြားရက်စက်ကြမ်းကြုတ်လှသော လေ့ကျင့်မှုပေါင်းစုံကို ဖြတ်သန်းလာခဲ့ကြသူများဖြစ်သဖြင့် သူတို့၏ စွမ်းရည်မှာ အထူးကွန်မန်ဒိုစစ်သားများနှင့် ရင်ပေါင်တန်းနိုင်သည်။

သူတို့သည် တစ်ဦးတည်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ မည်သည့်ခက်ခဲသော မစ်ရှင်ကိုမဆို အေးဆေးစွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်သည့် လူသတ်လက်နက်များပင် ဖြစ်ကြ၏။

သူတို့အနက်မှ လူငါးဦးခန့် ပါဝင်သော အဖွဲ့ငယ်လေးတစ်ခု၏ တာဝန်မှာ ကျောက်ဟိုင်ရှန့်ကို ဖမ်းဆီးရန် ဖြစ်သည်။

ခွေးရူးကမူ လက်ထဲတွင် သေနတ်ကို အဆင်သင့် ကိုင်ဆောင်ထားပြီး သူသည် ရူးသွပ်သောအကြည့်များဖြင့် အခန်းတံခါးတစ်ခုရှေ့သို့ တစ်‌ယောက်တည်း လျှောက်လှမ်းသွားကာ တံခါးကို ခေါက်လိုက်၏။

"မင်္ဂလာပါ တံခါးလေး ဖွင့်ပေးလို့ရမလားခင်‌ဗျာ၊ ဧည့်သည် မှာထားတဲ့ ပါဆယ်အစားအသောက် ရောက်လို့ပါ"

ခွေးရူးက ပြုံးလျက် အသံပြောင်း၍ ပြောလိုက်ရာ အခန်းထဲမှ လှမ်းပြောသံ ထွက်လာသည်။

"ဘာပါဆယ်လဲ၊ ငါ ဘာမှ မမှာထားပါဘူး"

သို့သော် 'ကလစ်' ဟူသော အသံနှင့်အတူ တံခါးပွင့်လာပြီး အခန်းထဲမှ အသက်သုံးဆယ်ဝန်းကျင်ခန့် အမျိုးသမီးတစ်ဦး ပေါ်လာ၏။

သူမ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်အချိုးအစားမှာ သာမန်ထက်ပင် သာလွန်ထွားကျိုင်းလှပေသည်။

သူမသည် ရေချိုးဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်များမှာ ရေစိုနေဆဲဖြစ်ရာ ယခုမှ ရေချိုးပြီးခါစပင် ရှိဦးမည်။

သူမ အခန်းတံခါးကို ဖွင့်လိုက်စဉ် ခွေးရူး၏ ခန့်ညားသော မျက်နှာနှင့် အရပ်အမောင်းကို မြင်လိုက်ရသဖြင့် အမျိုးသမီး၏ မျက်ဝန်းများ ချက်ချင်း အရောင်တောက်သွားသည်။

"ကိုကိုအချောလေးပဲ၊ အော် ဟုတ်သားပဲ၊ တို့ ပါဆယ်တစ်ခုခု မှာမိသလိုလိုပဲ ဒါပေမဲ့ သေချာတော့ မမှတ်မိတော့ဘူး"

“ဒိုင်း ဒိုင်း ဒိုင်း”

နောက်တစ်စက္ကန့်တွင် ခွေးရူးသည် ကျောပိုးအိတ်ထဲမှ MP5 စက်သေနတ်ကို လျှပ်တပြတ် ဆွဲထုတ်ကာ ထိုအမျိုးသမီးထံသို့ ကျည်ဆန်မိုးများ ရွာချလိုက်တော့သည်။

ထိုအခါ သူမ၏ ဖြူဆွတ်လှသော ရေချိုးဝတ်စုံမှာ ချက်ချင်းပင် ရဲရဲနီသော သွေးရောင်များဖြင့် စွန်းထင်းသွားတော့၏။

ထိုအမျိုးသမီးသည် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးများ အပြူးသားဖြင့် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရရှာသည်။

ဟိုတယ်၏ အခြားတစ်ဖက်ရှိ ထောင့်ချိုးတစ်ခုတွင် ပုန်းကွယ်နေသော ချင်ရန်သည် ထိုမြင်ကွင်းကို သူ့အာရုံဖြင့် ခံစားသိရှိသွားရာ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့၏။

သူသည် အချိန်မဆိုင်းတော့ဘဲ ရှီကျင်းစုန့်ထံသို့ ဖုန်းခေါ်ဆိုလိုက်ပြီး ချစ်သူများကျွန်းနှင့် အနီးဆုံး ရဲစခန်းနှင့် စစ်ဖက်ဆိုင်ရာဌာနများသို့ ချက်ချင်း ဆက်သွယ်ကာ ယခုအခြေအနေကို နှိမ်နင်းရန် လူအင်အားအမြောက်အမြား အမြန်ဆုံး စေလွှတ်ပေးရန် ပြောကြားလိုက်သည်။

ချင်ရန်၏ စကားမှာ အလွန်တိုတောင်းပြီး ငါးစက္ကန့်ခန့်သာ ကြာမြင့်သဖြင့် ရှီကျင်းစုန့်မှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ချေ။

ဖုန်းကျသွားပြီးနောက်တွင်လည်း ရှီကျင်းစုန့်မှာ မယုံကြည်နိုင်အောင် ဖြစ်နေရ၏။

ချင်ရန်က အပန်းဖြေခရီး သွားခြင်းဖြစ်သည်။

ဘာလို့ အဲ့ဒီလို အကြမ်းဖက်မှုကြီးနဲ့ သွားတိုးနေရတာလဲ။

သို့သော်ငြားလည်း ချင်ရန်၏ စကားကို သူ မပေါ့ဆရဲသဖြင့် ချစ်သူများကျွန်းအနီးရှိ စစ်ဒေသသို့ ချက်ချင်းပင် ဖုန်းဆက်၍ အကူအညီတောင်းခံလိုက်တော့သည်။

ချင်ရန် ပြောပြချက်အရဆိုလျှင် ဤကိစ္စမှာ ကြီးမားလှသော အကြမ်းဖက်မှုတစ်ခု ဖြစ်သဖြင့် အကြီးစား စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲရန် လိုအပ်နေပြီ ဖြစ်သည်။

ချင်ရန်သည် လူတစ်ယောက် မိမိမျက်စိရှေ့တွင်ပင် အသက်ပျောက်သွားသည်ကို သိရှိနေရသော်လည်း လောလောဆယ်တွင် လှုပ်ရှား၍ မရသေးချေ။

အကြောင်းမှာ ခွေးရူး၏ အနီးအပါးတွင် စက်သေနတ်ကိုယ်စီကိုင်ဆောင်ထားသော လူတစ်ဒါဇင်ခန့် ရှိနေသောကြောင့်ပင် ဖြစ်သည်။

အကယ်၍ သူသာ ဇွတ်အတင်း ဝင်ရောက်တိုက်ခိုက်ပါက ကိုယ့်သေတွင်းထဲသို့ ကိုယ်တိုင်ဆင်းသွားသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။

‘သူတို့ကို ထိပ်တိုက်ရင်ဆိုင်ဖို့က လုံးဝ မဖြစ်နိုင်သေးဘူး’

‘စောစောက ဒီလူအုပ်ထဲကနေ လူငါးယောက် ခွဲထွက်သွားတယ်၊ သူတို့က 'ကျောက်ဟိုင်ရှန့်' ဆိုတဲ့ လူကို သွားဖမ်းတာ ထင်တယ်’

ချင်ရန်သည် ထိုလူများ၏ စကားဝိုင်းကို ပြန်လည်အမှတ်ရလိုက်ပြီးနောက် ခွဲထွက်သွားသည့် လူငါးဦး ထွက်သွားရာ လမ်းကြောင်းအတိုင်း တိတ်တဆိတ် လိုက်ပါသွားခဲ့သည်။

ထိုဘက်တွင် လူငါးယောက်သာ ရှိသဖြင့် ကိုင်တွယ်ဖြေရှင်းရသည်မှာ ပိုမိုလွယ်ကူပေလိမ့်မည်။

ခွေးရူး၏ အဓိကအုပ်စုတွင်မူ လက်နက်အင်အား အလွန်တောင့်တင်းပြီး ခွေးရူးကိုယ်တိုင်ကလည်း SS-အဆင့် ရာဇဝတ်သားဖြစ်ရာ သူ့စွမ်းရည်မှာ အလွန်ထက်မြက်ပေလိမ့်မည်။

ထို့ကြောင့် သူတို့နှင့် ယခုအချိန်တွင် ထိပ်တိုက်တွေ့ရန် မသင့်တော်သေးချေ။

ထိုအချိန်တွင် တရစပ် ထွက်ပေါ်လာသော သေနတ်သံများသည် ဟိုတယ်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားခဲ့သည်။

စပ်စုလိုသော လူအချို့က သေနတ်သံဘယ်ကလာသလဲ သိရှိရန် တံခါးကို ဖွင့်ကြည့်မိရာ ဆီးကြိုနေသော သေနတ်ပြောင်းဝများနှင့်အတူ ကျည်ဆန်များ၏ ထိုးဖောက်ခြင်းကိုသာ ခံလိုက်ရတော့သည်။

၎င်းမှာ စစ်မှန်သော လူသတ်ပွဲကြီးပင်။

ခွေးရူး၏ ညွှန်ကြားချက်အရ ပထမအဆင့်မှာ ဟိုတယ်ရှိ လူဦးရေ ထက်ဝက်ခန့်ကို သတ်ဖြတ်ရှင်းလင်းပစ်ရန် ဖြစ်ပြီး ကျန်ရှိနေသော ထက်ဝက်ကိုမူ ပထမထပ် ဧည့်ခန်းမကြီးအတွင်း စုစည်းထားမည်ဆိုပါက ထိန်းချုပ်ရသည်မှာ ပိုမိုလွယ်ကူသွားပေလိမ့်မည်။

သို့မဟုတ်ပါက ရာနှင့်ချီသော လူအုပ်ကြီးကို သူတို့၏ လူအင်အားအနည်းငယ်ဖြင့် ထိန်းချုပ်ရန်မှာ အမှန်တကယ်ပင် ခက်ခဲလိမ့်မည် ဖြစ်သည်။

လက်နက်မဲ့နေသော အပြစ်မဲ့ပြည်သူများမှာမူ မည်သို့မျှ ပြန်လည်ခုခံနိုင်စွမ်း မရှိကြချေ။

သွေးပျက်ဖွယ်ရာ အော်ဟစ်သံများနှင့်အတူ နာကျင်စွာ ညည်းတွားသံများက ဟိုတယ်အတွင်း အဆက်မပြတ် ပဲ့တင်ထပ်နေ၏။

သူတို့သည် လူသတ်သမားများထံမှ မည်သည့်ကရုဏာတရားမျှ မရရှိခဲ့ဘဲ အကူအညီတောင်းသံများ၏ တုံ့ပြန်မှုအဖြစ် သေနတ်သံများကိုသာ လက်ခံရရှိလိုက်ကြရသည်။

ထိုအတောအတွင်း အချို့က ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားကြသော်လည်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အချိန်တိုအတွင်း ရောက်ရှိလာရန်မှာ မဖြစ်နိုင်ချေ။

အခြားတစ်ဖက်တွင် ရှိနေသော ချင်ရန်သည် ပတ်ဝန်းကျင်မှ သေနတ်သံများကို ကြားရင်း အံကို တင်းတင်းကြိတ်ထားမိသည်။

သူသည် K2 အဖွဲ့ဝင် ငါးဦး၏ အနောက်မှ လိုက်ပါလာရာ အခန်းတစ်ခု ရှေ့သို့ ရောက်ရှိလာခဲ့၏။

ထို့နောက် သူသည် တည်ငြိမ်စွာပင် ထိုသူတို့အား စောင့်ကြည့်နေမိသည်။

ထိုလူစုမှာ အခန်းတွင်းရှိ လူကို လာရောက်ရှာဖွေခြင်း ဖြစ်ပုံရသည်။

"တံခါးကိုပဲ ရိုက်ချိုးလိုက်ကြရအောင်”

K2 အဖွဲ့ဝင် ငါးဦးအနက်မှ တစ်ဦးက အေးစက်စွာ ဆိုလိုက်ပြီးနောက် သေနတ်ပြောင်းဝကို တံခါးသော့ခလောက်ဆီသို့ ချိန်ရွယ်လိုက်သည်။

ထို့နောက် 'ဒိုင်း ဒိုင်း ဒိုင်း' ဟူသော သေနတ်သံများနှင့်အတူ သော့ခလောက်မှာ လုံးဝ ပွင့်ထွက်ပျက်စီးသွားခဲ့၏။

"ဘယ်သူလဲ”

အခန်းတွင်းမှ ထိတ်လန့်တုန်လှုပ်နေသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။

ထိုအသံအရ အသံပိုင်ရှင်မှာ အသက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်ပုံရပြီး ထိုအသံနှင့်အတူ မိန်းကလေးတစ်ဦး၏ လန့်အော်သံလည်း ပါဝင်နေ၏။

K2 အဖွဲ့ဝင် ငါးဦးမှာ အခန်းထဲသို့ တိုက်ရိုက် ဝင်ရောက်သွားကြသည်။

အပြင်ဘက်တွင် ကျန်ရစ်ခဲ့သော ချင်ရန်သည် တံခါးဝဆီသို့ အမြန်တိုးကပ်သွားပြီး တံခါးကို အမှီပြုလျက် အတွင်းမှ ထွက်ပေါ်လာသော အသံများကို အာရုံစိုက် နားစွင့်နေခဲ့သော်လည်း အခန်းထဲသို့ ဇွတ်အတင်း မဝင်သေးချေ။

"မင်းက ကျောက်ဟိုင်ရှန့် မဟုတ်လား”

အကြမ်းဖက်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက အေးစက်စွာ မေးလိုက်သည်။

"ကျွန် ကျွန်တော် မဟုတ်ပါဘူး၊ မင်းတို့က ဘယ်သူတွေလဲ၊ ငါ့အခန်းတံခါးကို ဖျက်ဆီးဝင်ရောက်ရုံတင်မက သေနတ်တွေပါ ကိုင်ထားကြတယ် ဟုတ်လား၊ ဒါက တရုတ်နိုင်ငံကွ သေနတ်ကိုင်တာက ကြီးလေးတဲ့ ပြစ်မှုကြီးပဲ နားလည်လား”

ထိုအသက်လတ်ပိုင်း အမျိုးသားမှာ အလွန် အံ့အားသင့်နေပြီး တစ်ပြိုင်နက်တည်းတွင်လည်း အလွန်အမင်း ထိတ်လန့်နေရှာသည်။

ယခုအခါ သူသည် အဝတ်ဗလာဖြစ်နေပြီး သူ့အနီးတွင်လည်း ဆံပင်ရွှေဝါရောင်၊ မျက်လုံးပြာရောင်နှင့် နိုင်ငံခြားသူ အလှပန်းတစ်ပွင့်မှာ အဝတ်ဗလာဖြင့် ရှိနေသည်။

"ဂျက်စီကာ မင်း တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ခဲ့ပါတယ်၊ အခု အဝတ်အစား လဲလို့ရပြီ”

K2 အဖွဲ့ဝင်တစ်ဦးက ကုတင်ပေါ်ရှိ ဆံပင်ရွှေဝါရောင်နှင့် မျက်လုံးပြာရောင်ရှိသော နိုင်ငံခြားသူမလေးအား ပြောဆိုလိုက်သည်။

"ဟူး ရှင်တို့ နောက်ဆုံးတော့ ရောက်လာကြပြီပဲ”

ဂျက်စီကာက ပခုံးတွန့်ပြလျက် ဟန်ဆောင်နေခြင်းကို ရပ်တန့်လိုက်၏။

ကျောက်ဟိုင်ရှန့်၏ တည်နေရာ ပေါက်ကြားသွားရခြင်းမှာ သူမကြောင့်ပင်။

သူမသည် အမေရိကန်တွင် ကျောက်ဟိုင်ရှန့်နှင့် စတင်ရင်းနှီးခဲ့ပြီးနောက် သူမ၏ လှပသော ခန္ဓာကိုယ်နှင့် ဆွဲဆောင်မှုများဖြင့် သူ့ကို ရုန်းမထွက်နိုင်အောင် လုံးဝ ပြုစားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် ကျောက်ဟိုင်ရှန့်အား ဤနေရာသို့ အတူတူ ခရီးထွက်ရန် အကြံပြုခဲ့သူမှာလည်း သူမပင် ဖြစ်သည်။

သို့သော်လည်း ကျောက်ဟိုင်ရှန့်မှာ အလွန် သတိကြီးသူဖြစ်၍ ဘေးကင်းသော နေရာများကိုသာ ရွေးချယ်တတ်ပြီး K2 အဖွဲ့အစည်းနှင့် နီးကပ်သောနေရာအားလုံးကို ငြင်းပယ်ကာ နောက်ဆုံး၌ ဤ 'ချစ်သူများကျွန်း' ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ထိုကျွန်းမှာ တရုတ်နိုင်ငံ၏ နယ်စပ်တွင် ရှိသဖြင့် လာရောက်ရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

"မင်း မင်းက သူတို့နဲ့ တစ်ဖွဲ့တည်းလား”

ကျောက်ဟိုင်ရှန့် ချက်ချင်းပင် ဆွံ့အသွားရသည်။

ဤရွှေဝါရောင်ဆံပင်နှင့် ပြာလဲ့သောမျက်ဝန်းရှိသည့် လူဖြူမလေးသည် သူ့အရည်အချင်းနှင့် ရာထူးအဆင့်အတန်းကို အားကျပါသည်ဟုဆိုကာ သူ့အား တက်ကြွစွာ လိုက်လံပိုးပန်းခဲ့ခြင်း ဖြစ်သည်။

သူမ၏ ဆွဲဆောင်မှုရှိလှသော အလှတရားများနှင့် ကောင်းမွန်သော ခန္ဓာကိုယ်ကြောင့် မည်သည့်အမျိုးသားမျှ မလွန်ဆန်နိုင်ဘဲ သူသည်လည်း သူမ၏ အလှထောင်ချောက်ထဲသို့ သက်ဆင်းခဲ့ရခြင်းပင်။

ယခုအခါ လက်နက်အပြည့်အစုံနှင့် လူစိမ်းငါးဦးက အခန်းထဲသို့ ဇွတ်ဝင်လာပြီး သူ့နာမည်ကို အတိအကျ ခေါ်ဆိုနေကြရာ မိမိမှာ အကွက်ဆင်ခံလိုက်ရပြီဖြစ်ကြောင်း ကျောက်ဟိုင်ရှန့် မည်သို့လျှင် နားမလည်ဘဲ နေပါမည်နည်း။

ဂျက်စီကာသည် သူမ၏ ထွားကျိုင်းလှပသော ခန္ဓာကိုယ်ပေါ်သို့ အဝတ်အစားများ လဲလှယ်ဝတ်ဆင်လိုက်ရင်း နှာခေါင်းရှုံ့လိုက်၏။

"ရှင့်ဆီမှာရှိတဲ့ လျှို့ဝှက်နံပါတ်သာ မပါရင် ငါက ဘာလို့ ရှင့်လို အဖိုးကြီးတစ်ယောက်ကို ငါ့ခန္ဓာကိုယ် ပေးရမှာလဲ၊ စဉ်းစားကြည့်ရုံနဲ့တင် ပျို့အန်ချင်စရာကောင်းလိုက်တာ၊ ဝေါ့ ပြီးတော့ ၁၀ မိနစ်တောင် မခံတဲ့အကောင်ကများ”

ဂျက်စီကာက မထီမဲ့မြင် ပြောလိုက်သည်။

ကျောက်ဟိုင်ရှန့်မှာ ရှက်လွန်းသဖြင့် ဒေါသထွက်ပြီး မျက်နှာတစ်ခုလုံး နီမြန်းကာ စကားပင် ပြန်မပြောနိုင်ရှာချေ။

တံခါးအပြင်ဘက်မှ ထိုစကားဝိုင်းကို နားစွင့်နေသော ချင်ရန်သည် အလွန်အရေးကြီးသော သတင်းအချက်အလက်တစ်ခုကို ဖမ်းဆီးရမိလိုက်သည်။

'လျှို့ဝှက်နံပါတ်'

သူတို့ ဤမျှအထိ အားစိုက်ထုတ်ပြီး ချစ်သူများကျွန်းသို့ လာရောက်ကာ ကျောက်ဟိုင်ရှန့်ကို ရှာဖွေနေကြခြင်းမှာ ထိုလျှို့ဝှက်နံပါတ်အတွက်ပင် ဖြစ်သည်။

ဤသို့ဆိုလျှင် ထိုလျှို့ဝှက်နံပါတ်က ဘာနှင့် ဆက်စပ်နေပါသနည်း။

၎င်းက သူ့အား တွေးတောစရာများစွာကို ဖြစ်ပေါ်စေသည်။

ချင်ရန်သည် တံခါးအပြင်ဘက်တွင် စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေ၏။

ပြီးနောက် ထိုလူစု အပြင်သို့ ထွက်လာမည့် အချိန်တွင် လျှပ်တပြတ်နှင့် ပြတ်သားလှသော တိုက်ခိုက်မှုကို ဆင်နွှဲရန် ပြင်ဆင်နေသည်။

ထိုစဉ် အခန်းတွင်းမှ အသံများ ထပ်မံ ထွက်ပေါ်လာသည်။

"သွားကြစို့ ကျောက်ဟိုင်ရှန့်၊ အဝတ်အစားမြန်မြန်လဲပြီး ပထမထပ်ကို ဆင်းမယ်”

K2 အဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် ကျောက်ဟိုင်ရှန့်အား ချိန်ရွယ်ကာ အေးစက်စွာဖြင့် အမိန့်ပေးလိုက်၏။

ကျောက်ဟိုင်ရှန့်သည် တုန်တုန်ရင်ရင်ဖြင့် အဝတ်အစားများကို ကမန်းကတန်း လဲလှယ်လိုက်ရပြီး အခန်းထဲမှ ထွက်ခွာ၍ ပထမထပ်သို့ ဆင်းရန် ပြင်ဆင်ကြသည်။

ထိုလူကို များစွာသော အရေးကြီးကိစ္စရပ်များအတွက် ခွေးရူးကိုယ်တိုင် စစ်ဆေးမေးမြန်းရဦးမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကျောက်ဟိုင်ရှန့် သိရှိထားသော လျှို့ဝှက်နံပါတ်ကို ခွေးရူးတစ်ဦးတည်းသာ သိရှိပိုင်ခွင့်ရှိသော အဆင့်အတန်းမျိုး ဖြစ်သောကြောင့်ပင်။

K2 အဖွဲ့ဝင် ငါးဦးမှာ တံခါးဝဆီသို့ ဦးဆောင်၍ လျှောက်လှမ်းလာကြပြီး ကျောက်ဟိုင်ရှန့်၏ အနောက်တွင်မူ ရွှေဝါရောင်ဆံပင်နှင့် လူဖြူမလေး ဂျက်စီကာက စောင့်ကြည့်လျက် လိုက်ပါလာသည်။

တံခါးအပြင်ဘက်တွင် ရပ်နေသော ချင်ရန်သည် ထိုလူများ အပြင်သို့ ထွက်လာတော့မည်ကို အာရုံခံမိလိုက်ရာ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ကျားတစ်ကောင်ကဲ့သို့ အဆင်သင့်ပြင်ထားလိုက်၏။

သူ၏ ကြွက်သားအားလုံးမှာလည်း ယခင်ကထက် ပိုမိုတင်းကျပ်လျက် ရှိသည်။

သူသည် မုန်တိုင်းကဲ့သို့ ပြင်းထန်လှသော တိုက်ခိုက်မှုတစ်ခုကို ဆင်နွှဲရန်နှင့် အထူးကွန်မန်ဒိုစစ်သားများနှင့် ရင်ပေါင်တန်းနိုင်သော K2 အဖွဲ့ဝင် ငါးဦးကို အချိန်နှစ်စက္ကန့်အတွင်း လက်ဗလာဖြင့် အပြတ်ရှင်းပစ်ရန်အတွက် အစွမ်းကုန် အာရုံစိုက်ထားလိုက်သည်။

All Chapters