← Chapters

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း ၂၀၅

Vol. 21 Ch. 205

205

K2 အဖွဲ့ဝင် ငါးဦးသည် အခန်းထဲမှ အပြင်သို့ ခြေလှမ်းလှမ်းလိုက်ရုံသာ ရှိသေးသည်။

ရုတ်တရက် မုန်တိုင်းတစ်ခု ကျရောက်လာသကဲ့သို့ ပြင်းထန်သော လေပြင်းတစ်ချက်နှင့်အတူ ရိပ်ခနဲ ပုံရိပ်များကိုသာ ချန်ရစ်ထားခဲ့ပြီး ကျားတစ်ကောင်ကဲ့သို့ ရှေ့သို့ အဟုန်ပြင်းစွာ ပြေးဝင်လာသော လူရိပ်တစ်ခုက လူနှစ်ဦးကို ချက်ချင်း လွှင့်စင်သွားအောင် တိုက်ခိုက်လိုက်တော့သည်။

ထို့အတူပင် ချင်ရန်သည် လျင်မြန်စွာ ကိုယ်ကိုလှည့်ကာ ကျန်ရှိနေသော အမျိုးသားနှစ်ဦး၏ မျက်နှာတည့်တည့်သို့ ပြင်းထန်သော လက်သီးချက် နှစ်ချက်ကို ဆင့်ထိုးလိုက်၏။

ဤသည်က အမှားအယွင်း လုံးဝအဖြစ်မခံနိုင်သည့် သေရေးရှင်ရေး တိုက်ခိုက်မှုမျိုး ဖြစ်သည်။

တစ်စက္ကန့်မျှသာ ရှိသေးသည့် အချိန်အတွင်းမှာပင် ချင်ရန်သည် သူ၏ ထူးကဲလှသော တိုက်ခိုက်ရေးစွမ်းရည်ဖြင့် လူငါးဦးကို အလဲသိပ်လိုက်နိုင်သည်။

သူတို့ သတိမမူမိဘဲ အငိုက်မိနေသည့်အချိန်ကို အမိအရ အသုံးချလိုက်ခြင်းပင်။

သို့သော်လည်း ကျန်ရှိနေသည့် နောက်ဆုံးတစ်ယောက်မှာမူ အလွန်အမင်း တုံ့ပြန်မှု မြန်ဆန်လှပြီး သူမ၏ မျက်လုံးသူငယ်အိမ်များ ကျုံ့သွားခဲ့သည်။

စဉ်းစားနေရန် အချိန်မရှိတော့သဖြင့် သူမသည် သေနတ်ကို အမြန်ဆွဲထုတ်ကာ ချင်ရန်ထံသို့ ဦးတည်ပစ်ခတ်လိုက်တော့သည်။

ချင်ရန်ကလည်း ချက်ချင်းပင် ဘေးနားရှိ လူတစ်ဦးကို ဆွဲယူကာ ကျည်ဆန်များကို ကာကွယ်ရန် လူသားဒိုင်းအဖြစ် အသုံးပြုလိုက်၏။

ထိုသူ၏ လုပ်ဖော်ကိုင်ဖက်မှာမူ သူကိုယ်တိုင် ပစ်ခတ်လိုက်သော ကျည်ဆန်များကြောင့် ပျားအုံသဖွယ် အပေါက်ပေါင်းများစွာ ဖြစ်ကာ အသက်ဆုံးသွားရရှာသည်။

"တောက် ခွေးမသား”

ထိုလူသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

ချင်ရန်၏ အမြန်နှုန်းက လွန်လွန်းလှသည့်အပြင် မိမိလူကိုပင် ဒိုင်းအဖြစ် ပြန်လည်အသုံးပြုသွားသေးသည်။

နောက်တစ်ခဏ၌ တစ္ဆေတစ်ကောင်ကဲ့သို့ ခြေထောက်တစ်ဖက် ပေါ်လာပြီး သေနတ်ပစ်ခတ်ခဲ့သော K2 အဖွဲ့ဝင်၏ မေးစေ့တည့်တည့်သို့ ကန်ထည့်လိုက်တော့၏။

*ဘုန်း*

ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် ထိုအမျိုးသားမှာ ချက်ချင်းပင် သတိလစ်မေ့မြောသွားခဲ့သည်။

ဤအရာအားလုံးသည် နှစ်စက္ကန့်၊ သုံးစက္ကန့်မျှသာရှိသော အချိန်အတောအတွင်း လျှပ်တပြတ် ဖြစ်ပျက်သွားခဲ့ခြင်းပင်။

သူတို့၏ နောက်ကွယ်တွင်မူ ဆံပင်ရွှေဝါရောင်နှင့် မျက်ဝန်းပြာပိုင်ရှင် အလှလေး ဂျက်စီကာမှာ အံ့အားသင့်ပြီး ဆွံ့အလို့နေသလို ကျောက်ဟိုင်ရှန့်လည်း ချင်ရန်က ဘယ်သူဘယ်ဝါမှန်းမသိဘဲ ကြောင်အမ်းကာ ရပ်ကြည့်နေမိသည်။

ချင်ရန်သည် ဂျက်စီကာကို ညှာတာမနေဘဲ အနားသို့ အမြန်ပြေးဝင်ကာ သူမကို မြေပြင်ပေါ်သို့ လဲကျသွားအောင် ကန်ချလိုက်သည်။

ဤမျှ လှပသော အမျိုးသမီးတစ်ဦးနှင့် ရင်ဆိုင်ရသော်လည်း သူသည် အနည်းငယ်မျှ ကရုဏာမထားဘဲ လက်သီး၊ ခြေထောက်များဖြင့် မသေရုံတမယ် ဖြစ်သွားအောင် တွက်ချက်ကာ အကြမ်းပတမ်း တိုက်ခိုက်လိုက်၏။

"အဟွတ် အဟွတ်"

ယခုအချိန်တွင် မိမိလူ၏ သေနတ်ချက်ကြောင့် သေဆုံးသွားရသော ကံဆိုးသူတစ်ယောက်ကလွဲလျှင် ကျန်ရှိသော K2 အဖွဲ့ဝင် ငါးဦးစလုံးသည် မြေပြင်ပေါ်တွင် လဲလျောင်းနေကြပြီ ဖြစ်သည်။

သူတို့သည် ချင်ရန်၏ လက်ချက်ကြောင့် ယာယီအားဖြင့် လှုပ်ရှားနိုင်စွမ်း မရှိတော့ဘဲ နာကျင်လွန်းသဖြင့် မြေပြင်ပေါ်တွင် လူးလိမ့်အော်ဟစ်နေကြရ၏။

"မင်း မင်းပဲ”

ထိုအချိန်တွင် ခေါင်းတစ်ခုလုံး မူးနောက်ပြီး သတိလစ်လုနီးပါး ဖြစ်နေသော K2 အဖွဲ့ဝင်တစ်ဦးက ချင်ရန်ကို ဝေဝေဝါးဝါး စိုက်ကြည့်ရင်း ချင်ရန်၏ မျက်နှာကို မှတ်မိသွားသည်။

‘ဒီလူ ဒီလူက ခေါင်းဆောင်ကိုယ်တိုင်က သူတို့ကို အထူးသတိထားဖို့ မှာထားတဲ့သူ မဟုတ်လား’

‘ပြီးတော့ ခုနက တစ္ဆေတစ်ကောင်လို လှုပ်ရှားသွားတာ အဲဒီလူပဲလား၊ သူ တကယ်ပဲ အားကောင်းလွန်းတာပဲ၊ ခေါင်းဆောင် ဘာလို့ ဒီလောက်အလေးအနက်ထားပြီး မှာနေလဲဆိုတာ မဆန်းတော့ပါဘူး'

ဤကဲ့သို့သော စွမ်းရည်မျိုးနှင့်ဆိုလျှင် သူတို့၏ ခေါင်းဆောင် 'ခွေးရူး' နှင့်တောင် ရင်ပေါင်တန်းနိုင်လောက်သည်။

သို့သော်လည်း ချင်ရန်က သူတို့နောက်သို့ ဘယ်အချိန်ကတည်းက တစ္ဆေတစ်ကောင်လို တိတ်တဆိတ် နောက်ယောင်ခံ လိုက်လာခဲ့သည်ကိုမူ သူတို့ လုံးဝ မရိပ်မိခဲ့ကြပေ။

"အထဲကို ဝင်စမ်း"

ချင်ရန်က အေးစက်စွာ ပြောဆိုရင်း ထိုလူများကို အခန်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ကန်သွင်းလိုက်သည်။

တစ်ချိန်တည်းမှာပင် ကျောက်ဟိုင်ရှန့်ကိုလည်း ချင်ရန်က အခန်းထဲသို့ ဆွဲသွင်းလိုက်၏။

အပြင်ဘက်မှ သေနတ်သံများ ရံဖန်ရံခါ ထွက်ပေါ်နေသော်လည်း ချင်ရန်ကမူ တည်ငြိမ်နေဆဲ ဖြစ်သည်။

ထိုလူများ ထပ်မံ မလှုပ်ရှားနိုင်စေရန်အတွက် ချင်ရန်သည် ညှာတာမှုကင်းမဲ့စွာဖြင့် သူတို့၏ လက်ကောက်ဝတ်များနှင့် ခြေကျင်းဝတ်များကို ပြင်းပြင်းထန်ထန် နင်းခြေကာ နောက်ထပ် ကန်ချက်အချို့ ပေးလိုက်သေးသည်။

သူတို့ကို မခံမရပ်နိုင်လောက်အောင် နာကျင်မှုကို ခံစားရစေရန် လုပ်ဆောင်လိုက်ခြင်း ဖြစ်သော်လည်း ၎င်း၏ ကောင်းကျိုးမှာ သူတို့အနေဖြင့် ယာယီအားဖြင့် လှုပ်ရှားနိုင်စွမ်း လုံးဝ ဆုံးရှုံးသွားခြင်းပင်။

အခန်းတွင်း၌ ကျောက်ဟိုင်ရှန့်သည် တစ်ကိုယ်လုံး တုန်ရီနေပြီး သူသည် အိမ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။

ချင်ရန်၏ ရုတ်တရက် ပေါ်ပေါက်လာမှုက သူ့ကို လုံးဝ ဝေခွဲမရ ဖြစ်စေခဲ့သော်လည်း ကြည့်ရသည်မှာ K2 အဖွဲ့နှင့် တစ်ဖွဲ့တည်း မဟုတ်ပုံရရာ မည်သည့်ဘက်က အဖွဲ့အစည်း ဖြစ်နေပါလိမ့်။

"မင်းက ကျောက်ဟိုင်ရှန့် လား’

ချင်ရန်က သူ့ကိုကြည့်ကာ တည်ငြိမ်စွာ မေးလိုက်၏။

"ဟုတ် ဟုတ်ပါတယ်၊ ကျွန်တော်ပါပဲ"

ကျောက်ဟိုင်ရှန့်က ခေါင်းညိတ်ပြသည်။

ကျောက်ဟိုင်ရှန့်က ဘာအလုပ်လုပ်သလဲ သို့မဟုတ် မည်သည့်နိုင်ငံသားလဲဆိုသည်ကို ချင်ရန် မသိပါ။

သို့သော် ဤလူများ သူ့ထံ လာရောက်ရခြင်းမှာ ကြီးမားသော ရည်ရွယ်ချက်တစ်ခု ရှိရမည်ကိုမူ သူ သိထားသည်။

"ပြောစမ်း၊ သူတို့ မင်းဆီက ဘာလိုချင်လို့လဲ”

ချင်ရန်က အေးစက်စွာဖြင့် မေးမြန်းလိုက်သည်။

ကျောက်ဟိုင်ရှန့်သည် ကြောက်လန့်ကာ တံတွေးကို မြိုချလိုက်ပြီး ဖြေကြားရန်ပင် တွန့်ဆုတ်နေပုံရ၏။

ကျောက်ဟိုင်ရှန့် မပူးပေါင်းသည်ကို မြင်သောအခါ ချင်ရန်က မတ်တပ်ရပ်ပြီး သူ့ထံသို့ လျှောက်လှမ်းသွားရာ ကျောက်ဟိုင်ရှန့်သည် ချက်ချင်း ထိတ်လန့်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့သည်။

"ငါသာ မရှိရင် မင်း အခုအချိန်မှာ သူတို့ရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး ဘယ်လို နှိပ်စက်ညှဉ်းပန်းမှုမျိုး ခံနေရမလဲ မသိနိုင်ဘူး၊ ဒါတောင် မင်းက ငါ့ကို ဒီအကြောင်း မပြောပြချင်ဘူးပေါ့လေ”

ချင်ရန်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

"ဒါမှမဟုတ် မင်းက ငါ့ကို လူကောင်းတစ်ယောက်လို့ ထင်ပြီး မင်းအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံလိမ့်မယ်လို့ ထင်နေတာလား”

သူ့စကားထဲတွင် ခြိမ်းခြောက်မှုအရိပ်အယောင်များ ပါဝင်နေသည်။

ကျောက်ဟိုင်ရှန့်ကဲ့သို့သော လျှို့ဝှက်ချက်ရှိသည့် လူမျိုးကို လိုအပ်ပါက သတိပေးချက်အပြင် အခြားချိမ်းခြောက်မှုများကိုပါ ပေးရမည် ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်း ကျောက်ဟိုင်ရှန့်သည် လန့်ဖျပ်သွားခဲ့၏။

ချင်ရန်သည်လည်း လူကောင်းတစ်ယောက်ပုံစံ မပေါက်ဘဲ K2 အဖွဲ့အစည်းထက်ပင် ပိုမို ကြောက်စရာကောင်းနေသည်မှာ အမှန်ပင်ဖြစ်၍ သူသည် K2 ထက် ပို၍ပင် ကြောက်လန့်နေမိသည်။

"သူတို့ ကျွန်တော့်ဆီ လာတာ သေချာပေါက် လျှို့ဝှက်နံပါတ် အတွက်ပါ"

ကျောက်ဟိုင်ရှန့်က ပြောလိုက်၏။

"ဘာလျှို့ဝှက်နံပါတ်လဲ”

ထိုအခါ ကျောက်ဟိုင်ရှန့်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။

"အဲဒါက အရမ်း အစွမ်းထက်တဲ့ ဗိုင်းရပ်စ်တစ်ခုရဲ့ လျှို့ဝှက်ကုဒ်အကြောင်းပါ"

"အရမ်း အစွမ်းထက်တဲ့ ဗိုင်းရပ်စ်၊ အဲဒီဗိုင်းရပ်စ်အကြောင်း ငါ့ကို အသေးစိတ် ထပ်ပြောစမ်း”

ချင်ရန်၏ ဖိအားပေးလွှမ်းမိုးထားသော အရှိန်အဝါအောက်တွင် ကျောက်ဟိုင်ရှန့်သည် နောက်ဆုံးတွင် အကျဉ်းချုပ်သာ ရှင်းပြနိုင်တော့၏။

ထိုဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ ပြည်သူများအပေါ် အလွန်ပြင်းထန်သော တိုက်ခိုက်မှုစွမ်းရည် ရှိလိမ့်မည်ဖြစ်ကြောင်း ပြောပြခဲ့သည်။

ထို့နောက် သူက ထိုလျှို့ဝှက်နံပါတ်ကို သိရှိသည့် လူငါးဦးထဲမှ တစ်ဦး ဖြစ်သည်။

"စိတ်ဝင်စားဖို့ ကောင်းတာပဲ”

နားထောင်ပြီးနောက် ချင်ရန်၏ မျက်နှာအမူအရာက အေးစက်သွားခဲ့သည်။

ထိုလူများသည် ဤမျှကြီးမားသော ကိစ္စရပ်အတွက် ကျောက်ဟိုင်ရှန့်ကို ရှာဖွေရန် ရောက်ရှိလာကြလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

တစ်နိုင်ငံလုံးနှင့် သက်ဆိုင်နေသည့် ဗိုင်းရပ်စ်တစ်ခု ဖြစ်၏။

အကယ်၍ ထိုလူများ အောင်မြင်သွားပါက ဘာတွေလုပ်ဆောင်ကြမည်ကို မည်သူ သိနိုင်ပါမည်နည်း။

ထိုအချိန်တွင် ချင်ရန်သည် ဆံပင်ရွှေဝါရောင်နှင့် မျက်ဝန်းပြာပိုင်ရှင် အလှပဂေးလေး ဂျက်စီကာကို ကြည့်ကာ မေးလိုက်သည်။

"မင်းတို့က ဘယ်အဖွဲ့အစည်းကလဲ”

ဂျက်စီကာကမူ နှုတ်ဆိတ်နေဆဲ ဖြစ်သည်။

ယခုအချိန်တွင် သူမ၏ ခြေလက်များကို ချင်ရန်က အဆစ်ဖြုတ်ထားသကဲ့သို့ ပြုမူထားသဖြင့် လုံးဝ မလှုပ်ရှားနိုင်တော့ချေ။

သို့သော် လက်ရွေးစင် လုပ်ကြံရေးသမားဖြစ်သည့် သူမအနေဖြင့် မည်သည့်အချက်အလက်ကိုမျှ ဖွင့်ဟပြောဆိုမည် မဟုတ်သည်မှာ သေချာသည်။

ကျောက်ဟိုင်ရှန့်က ဘေးမှ အမြန်ဝင်ပြော၏။

"သူတို့က K2 က ဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်၊ K2 အဖွဲ့က အရင်က ကျွန်တော်တို့ ဓာတ်ခွဲခန်းဆီကနေ ဒီဗိုင်းရပ်စ်ကို တောင်းဆိုခဲ့ဖူးတယ် ဒါပေမဲ့ ကျွန်တော်တို့က ပြတ်ပြက်သားသားပဲ သဘောမတူခဲ့ဘူး၊ နောက်မကြာမီ ဒီမိန်းမနဲ့ ဆုံခဲ့တာ၊ သူက သူ့ရဲ့ အလှအပနဲ့ ကျွန်တော့်ကို မြူဆွယ်ပြီး ဒီကို ခေါ်လာခဲ့တာ၊ အဲဒီနောက်တော့ ဒီလူစုနဲ့ တိုးပြီး အခုလို အခြေအနေဖြစ်ရတော့တာပါပဲ”

ကျောက်ဟိုင်ရှန့်က ဖြစ်စဉ်ကို အကျဉ်းချုပ် ပြောသည်။

"မြူဆွယ်တယ် ဟုတ်လား”

ချင်ရန်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်၏။

မည်မျှပင် မြူဆွယ်မြူဆွယ် မိမိကိုယ်ကို မထိန်းချုပ်နိုင်သည်ကတော့ မိမိအပြစ်သာ ဖြစ်၏။

"K2 အဖွဲ့အစည်း"

ချင်ရန်သည် အဓိပ္ပာယ်ပါပါဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။

ပြီးခဲ့သည့် တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် လူငယ်အားကစားပြိုင်ပွဲတွင်လည်း သူနှင့် တိုးခဲ့ပြီး ယခုတစ်ကြိမ်တွင်လည်း ထပ်မံ ကြုံတွေ့ရပြန်သည်။

ဤ K2 အဖွဲ့အစည်းသည် တကယ်ပဲ ကောင်းကွက်မရှိဘဲ မကောင်းမှုများကိုပဲ ဆက်တိုက် လုပ်ဆောင်နေဆဲ ဖြစ်သည်။

သူတို့က အတိအကျ ဘာကို ကြံစည်နေကြတာလဲ။

အင်အားကြီးမားလှသော တရုတ်နိုင်ငံတော်ကြီးကို ဆန့်ကျင်တိုက်ခိုက်ခြင်းက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်း မဟုတ်ပါလား။

ထို့နောက် ချင်ရန်သည် ဖုန်းထုတ်ကာ ညွှန်ကြားရေးမှူးချုပ် ရှီကျင်းစုန့်ထံသို့ ဆက်သွယ်ပြီး ဗိုင်းရပ်စ်အကြောင်းကို အကြောင်းကြားတင်ပြလိုက်သည်။

အခြေအနေက အရေးကြီးပြီး အရေးပေါ်အခြေအနေ ဖြစ်သဖြင့် တစ်စက္ကန့်မျှပင် နှောင့်နှေး၍ မရပေ။

မကြာမီ ရှီကျင်းစုန့်နှင့် ဖုန်းလိုင်း ချိတ်ဆက်မိသွားသည်။

ရှီကျင်းစုန့် လေသံမှာ အရေးတကြီး ဖြစ်နေပုံရ၏။

"ချင်ရန် မင်း အဆင်ပြေရဲ့လား၊ ချစ်သူများကျွန်းကနေ လူအယောက် ၅၀ ကျော် ရဲစခန်းကို ဖုန်းဆက်တိုင်ကြားထားကြတယ်၊ အဲဒီမှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီး လူအများကြီး အသက်ဆုံးရှုံးသွားရပြီလို့ ပြောနေကြတယ်”

"ကျွန်တော် အခု လောလောဆယ် အဆင်ပြေပါတယ် ညွှန်ကြားရေးမှူးချုပ်၊ ဒါနဲ့ ဒီလူတွေက ဘယ်သူတွေလဲဆိုတာနဲ့ ဒီကိုလာရတဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကို ကျွန်တော် သိလိုက်ရပြီ"

ချင်ရန်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"ဘာတဲ့လဲ ဘယ်သူတွေလဲ”

ရှီကျင်းစုန့်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

ချင်ရန်သည် ကျောက်ဟိုင်ရှန့် ပြောပြသမျှ အရာအားလုံးကို ရှီကျင်းစုန့်ထံသို့ ပြန်လည် ပြောပြလိုက်ပြီး တန်ပြန်ဖြေရှင်းမည့် နည်းဗျူဟာများကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် အစိုးရ၏ အဆင့်မြင့်ဆုံး အရာရှိကြီးများထံသို့ ချက်ချင်း ဆက်သွယ်အကြောင်းကြားပေးပါရန် ရှီကျင်းစုန့်ကို တိုက်တွန်းလိုက်သည်။

ဤအရာသည် တရုတ်နိုင်ငံတော် တစ်ခုလုံးနှင့် သက်ဆိုင်နေသဖြင့် အထူးတလည် ဂရုပြုဆောင်ရွက်ရမည့် နိုင်ငံအဆင့် အရေးပေါ်ကိစ္စတစ်ခု ဖြစ်သည်။

"ဘာလဲ အဲဒီ K2 က ကောင်တွေက သူတို့က တကယ်ပဲ ပြဿနာရှာချင်နေတာပဲ၊ ဒီတစ်ခါလည်း သူတို့ပဲ ဖြစ်ပြန်ပြီပေါ့ ဟွန်း၊ ဗိုင်းရပ်စ်တစ်ခုတည်းနဲ့ တရုတ်နိုင်ငံကို ဖြိုလှဲပစ်နိုင်မယ်လို့များ သူတို့ ထင်နေတာလား၊ အိမ်မက်မက်နေလိုက်”

ထိုအကြောင်းကို ကြားရသောအခါ ရှီကျင်းစုန့် ဒေါသတကြီးဖြင့် ပေါက်ကွဲလေတော့သည်။

All Chapters