← Chapters

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း ၂၀၆

Vol. 21 Ch. 206

206

သူသည် ဒေါသလည်းထွက်ရပြီး တစ်ပြိုင်နက်တည်းမှာပင် အံ့အားသင့်ကာ ထိတ်လန့်သွားရ၏။

အကယ်၍ အမှတ် (၁) ဇီဝဗေဒဓာတ်ခွဲခန်းမှ ထွက်ရှိလာမည့် ဗိုင်းရပ်စ်သည် တကယ်ပဲ ထိုမျှလောက် အစွမ်းထက်နေမည်ဆိုပါက အရာအားလုံး သွားပြီဖြစ်သည်။

၎င်းကို တရုတ်နိုင်ငံအပေါ်တွင် အသုံးပြုလိုက်ပါက အကျိုးဆက်က ကပ်ဘေးသင့်သလို ဆိုးရွားလှပေလိမ့်မည်။

ထိုအခါ ညွှန်ကြားရေးမှူးချုပ် ရှီကျင်းစုန့်က ချက်ချင်းပင် ပြောလိုက်သည်။

"ဒီအကြောင်းကို ငါ အထက်လူကြီးတွေဆီ ချက်ချင်း တင်ပြလိုက်မယ်၊ ဒါနဲ့ အဲဒီ ကျောက်ဟိုင်ရှန့်က မင်းနဲ့အတူရှိနေတာဆိုတော့ သူ့ဆီက လျှို့ဝှက်နံပါတ်ကို ရအောင်တောင်း၊ ဘာပဲပေးရပေးရ ရအောင်ယူ ကြားလား ပြီးတော့ ဒီကျောက်ဟိုင်ရှန့်ကို ငါသိတယ်၊ သူက ငါတို့နိုင်ငံသားမဟုတ်ဘူး၊ သူက အမေရိကန်နိုင်ငံရဲ့ ထိပ်တန်း ဇီဝကမ္မဗေဒပညာရှင်ပဲ ချင်ရန်”

"အခုလောလောဆယ် ချစ်သူများကျွန်းနဲ့ အနီးဆုံးမှာရှိတဲ့ စစ်တိုင်းက အထူးတပ်ဖွဲ့တွေကို စေလွှတ်လိုက်ပြီ၊ သူတို့က ချစ်သူများကျွန်းပေါ်က ဒီတိုက်ခိုက်မှုကို ဘက်စုံကနေ ကိုင်တွယ်ဖြေရှင်းကြလိမ့်မယ်၊ ချင်ရန် မင်းဘက်က အထဲမှာ ဘေးကင်းအောင် အထူးဂရုစိုက်ပါ၊ တခြားဘာကိုမှ စိတ်မပူနဲ့ ကြားလား”

ရှီကျင်းစုန့်က စိတ်ပူစွာဖြင့် မှာကြားလိုက်သည်နှင့် ချင်ရန်၏ အကြည့်များမှာ ဘေးနားရှိ ကျောက်ဟိုင်ရှန့်ထံသို့ ဖြည်းညင်းစွာ ရောက်ရှိသွားသည်။

ရှီကျင်းစုန့်၏ စကားက အလွန်ပြတ်သားသည်။

ဘာပဲပေးရပေးရ ကျောက်ဟိုင်ရှန့်ထံမှ လျှို့ဝှက်နံပါတ်ကို ရအောင်ယူရမည် ဖြစ်၏။

ထိုအခါ ချင်ရန်က သက်ပြင်းတစ်ချက်ချကာ လျှောက်သွားပြီး ကျောက်ဟိုင်ရှန့်၏ ပုခုံးကို ပုတ်လိုက်သည်။

"အခု ငါ ဘာလိုချင်လဲဆိုတာ မင်းသိပါတယ်၊ ငါတို့တစ်ယောက်နဲ့တစ်ယောက် အချိန်မဖြုန်းကြရင် ကောင်းမယ်လို့ ထင်တယ်”

ထိုဗိုင်းရပ်စ်သည် တရုတ်နိုင်ငံအပေါ်၌ သက်ရောက်မှုက အလွန်ကြီးမားလှသည်။

ဤကဲ့သို့သောအချိန်မျိုးတွင် ကျောက်ဟိုင်ရှန့်အပေါ် ပျော့ပျောင်းသောမူဝါဒကို ထုတ်သုံး၍ မရချေ။

တတ်နိုင်သမျှ ရက်စက်ပြတ်သားရမည်ဖြစ်၏။

ဤကိစ္စကို ထပ်မံ နှောင့်နှေးကြန့်ကြာနေ၍ မဖြစ်နိုင်တော့ချေ။

ထို့နောက် ကျောက်ဟိုင်ရှန့်၏ တစ်ကိုယ်လုံးမှာ အေးစက်တုန်ရီသွားပြီး ချင်ရန် မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

"ကျွန်တော် မပြောနိုင်ဘူး”

ကျောက်ဟိုင်ရှန့်က အံကြိတ်ကာ အပြတ်ငြင်းလိုက်သည်။

သူ့နှုတ်မှ ထုတ်မပြောသော်လည်း စိတ်ထဲတွင်မူ လျှို့ဝှက်နံပါတ်ကို မတွေးဘဲ မနေနိုင်ဖြစ်သွားခဲ့၏။

သို့သော် ကျောက်ဟိုင်ရှန့်တစ်ယောက်မှာမူ ချင်ရန်တွင် ကြောက်မက်ဖွယ်ကောင်းလှသည့် အခြားသူ၏စိတ်ကို ဖတ်နိုင်သည့် စွမ်းရည်ရှိနေလိမ့်မည်ဟု လုံးဝ အိပ်မက်ပင် မက်ဖူးလိမ့်မည်မဟုတ်ပေ။

ကျောက်ဟိုင်ရှန့်၏ စိတ်ထဲတွင် လျှို့ဝှက်နံပါတ်အကြောင်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုခဏချင်းမှာပင် ချင်ရန်က ၎င်းနံပါတ်ကို ရရှိသွားခဲ့ပြီ ဖြစ်သည်။

ထို့နောက် ချင်ရန်က အသာအယာ ပြုံးလိုက်၏။

"ငါ့ကို မပြောဘူးပေါ့ ဟုတ်လား၊ အကြောင်း‌တော့ မရှိပါဘူး၊ ဘာလို့လဲဆိုတော့ မင်း ထိန်းသိမ်းထားတဲ့ နံပါတ်ကို ငါ ရသွားပြီမို့လို့ပဲ”

ဒီတစ်ကြိမ်တွင် ကျောက်ဟိုင်ရှန့် ကြောင်အမ်းသွားသည့် အလှည့်ပင်ဖြစ်သည်။

‘ဒီလူ ဘာတွေ ပြောနေတာလဲ'

ချင်ရန်သည် သူ့ဘေးတွင် လဲလျောင်းနေသော K2 အဖွဲ့ဝင် ငါးဦးကို တစ်ချက်ကြည့်လိုက်ပြီးနောက် အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ ရှီကျင်းစုန့်အား တိုးတိုးလေး ပြောလိုက်သည်။

"ညွှန်ကြားရေးမှူးချုပ် လျှို့ဝှက်နံပါတ် ရပြီ၊ အဲဒီနံပါတ်က X114514Y ပါ”

"ဒီလောက်တောင် မြန်လှချည်လား၊ အိုကေ ငါသိပြီ၊ ဒီအကြောင်းကို အဆင့်မြင့်ဆုံး အရာရှိကြီးတွေဆီ ငါ ချက်ချင်း တင်ပြလိုက်မယ်၊ ချင်ရန် မင်းအဲဒီမှာ အထူးသတိထားဦး"

ရှီကျင်းစုန့်က လေးနက်စွာဖြင့် သတိပေးလိုက်သည်။

ဖုန်းခေါ်ဆိုမှုက အလွန်လျင်မြန်စွာပင် ပြီးဆုံးသွားခဲ့ပြီး ချင်ရန်ကမူ တည်ငြိမ်နေဆဲ ဖြစ်သည်။

သူ့အနောက်ရှိ ကျောက်ဟိုင်ရှန့်၏ မျက်နှာပေါ်တွင်မူ သံသယစိတ်များ အထင်အရှား ပေါ်ပေါက်လာခဲ့၏။

‘ချင်ရန်က သူ့ကို လှည့်စားပြီး အကြပ်ကိုင်နေခြင်းများ ဖြစ်နိုင်မလား'

ကျောက်ဟိုင်ရှန့်သည် သူသိထားသော လျှို့ဝှက်နံပါတ်သည် အလွန်အမင်း အရေးကြီးသည်ကို ကောင်းကောင်းသိသည်။

၎င်းအား လုံးဝ မပေါက်ကြားစေရန် အသက်နှင့်လဲရန်ကိုပါ ဆုံးဖြတ်ထားခြင်းပင်။

ထို့ကြောင့် သူသည် စိတ်ကိုအဆင်သင့်ပြင်‌ဆင်ထားပြီး ချင်ရန်က မိမိအား နည်းမျိုးစုံဖြင့် နှိပ်စက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

သို့သော် သူသည် အံ့သြသွားရ၏။

အကြောင်းမှာ ချင်ရန်က မိမိအား မနှိပ်စက်ခဲ့ဘဲ မိမိမျက်လုံးများကို စိုက်ကြည့်ရုံသာ ကြည့်ပြီးနောက် လျှို့ဝှက်နံပါတ်ကို သိသွားပြီဟု ပြောလိုက်ခြင်းပင်။

ထိုသူ၌ စိတ်ချင်းဖတ်နိုင်သည့် စွမ်းရည် တကယ်ပဲ ရှိနေတာလား မသိနိုင်ချေ။

ကျောက်ဟိုင်ရှန့်သည် သိပ္ပံပညာရှင်တစ်ဦး ဖြစ်သဖြင့် ထိုကဲ့သို့သော စိတ်ကူးယဉ်သည့်အတွေးလို အရာမျိုးကို မယုံကြည်ပေ။

သို့သော်လည်း ပိုတွေးလေလေ၊ သူ၏ လျှို့ဝှက်နံပါတ်ကို ပို၍ မှတ်မိနေလေလေ ဖြစ်သည်။

ရလဒ်အနေဖြင့် ကျောက်ဟိုင်ရှန့် စိတ်ထဲတွင် ထိုဂဏန်းခြောက်လုံးနှင့် စာလုံးများဖြင့်သာ ပြည့်နှက်နေတော့သည်။

ချင်ရန်သည် စိတ်ဖတ်ခြင်းစွမ်းရည်ကို ဆက်လက်မသုံးတော့ပေ။

အကြောင်းမှာ ၎င်းကို ဆက်တိုက်အသုံးပြုခြင်းက သူ့စိတ်စွမ်းအင်ကို အလွန်အမင်း ကုန်ခမ်းကာ ပင်ပန်းနွမ်းနယ်စေသောကြောင့် ဖြစ်သည်။

ယခုအခါ သူအလိုရှိသောအရာကို ရရှိသွားပြီဖြစ်၍ ကျောက်ဟိုင်ရှန့်၏ စိတ်ကို ဆက်လက်ဖတ်နေရန် မလိုအပ်တော့ပေ။

ထို့နောက် တစ်ချိန်တည်းမှာပင် ချင်ရန်သည် အခြား K2 အဖွဲ့ဝင် ငါးဦး၏ စိတ်ကိုပါ ဖတ်ကြည့်လိုက်ရာ သူတို့စိတ်ထဲတွင် ချင်ရန်အပေါ် နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေပြီး ချင်ရန်၏ အလောင်းကို မည်မျှရက်စက်စွာ ဖျက်ဆီးပစ်မည်ကို တွေးတောနေကြကြောင်း တွေ့ရှိရသည်။

ထို့အပြင် သူတို့ငါးဦးစလုံးမှာ 'ခွေးရူး' ရောက်လာပြီး ချင်ရန်ကို သတ်ဖြတ်ပစ်ရန် မျှော်လင့်နေကြသည်။

ချင်ရန် စိတ်ထဲက တိတ်တဆိတ် တွေးလိုက်မိ၏။

'ခွေးရူး' ဆိုသူသည် သူတို့ စစ်ဆင်ရေး၏ ခေါင်းဆောင် ဖြစ်ရမည်။

ထိုလူသည် သူနှင့် ပထမဆုံး ဆုံတွေ့ခဲ့သည့် အရပ် ၁၈၀ စင်တီမီတာခန့်ရှိသော ထိုအမျိုးသား ဖြစ်ရန် ရာခိုင်နှုန်းများ၏။

ထိုသူသည် SS အဆင့်ရှိ ရာဇဝတ်ကောင်တစ်ဦး ဖြစ်ကြောင်း ချင်ရန် သဘောပေါက်လိုက်သောအခါ ထိုသူသည် ရင်ဆိုင်ရခက်ခဲမည့် ခေါင်းဆောင်တစ်ဦး ဖြစ်ရမည်။

‘ဒါဆို နောက်ထပ် ငါ ဘာဆက်လုပ်ရမလဲ’

ချင်ရန်သည် တန်ပြန်နှိမ်နင်းမည့် နည်းဗျူဟာအချို့ကို စဉ်းစားရင်း ခဏမျှ တွေးတောနေမိသည်။

ဤအချိန်အတွင်းမှာပင် အပြင်ဘက်မှ သေနတ်သံများသည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ချင်ရန် တွက်ဆလိုက်သည်မှာ K2 ၏ ရှင်းလင်းရေးသည် ပြီးဆုံးသွားသည်မှာ ဖြစ်နိုင်ချေများသည်။

ဤသို့ဆိုလျှင် ယခုအချိန်တွင် သူတို့အားလုံးသည် ကျောက်ဟိုင်ရှန့်အား ဖမ်းဆီးခေါ်ဆောင်လာမည်ကို စောင့်စားရင်း တစ်နေရာတည်း၌ စုဝေးနေကြပြီ မဟုတ်ပါလား။

“တီ တီ ”

ထိုစ‌ဉ် လဲလျောင်းနေသော K2 အဖွဲ့ဝင်တစ်ဦး၏ ရင်ဘတ်ထဲမှ ဝေါ်ကီတော်ကီ အီလက်ထရွန်နစ် အသံတစ်ခု ထွက်ပေါ်လာပြီးနောက် လူသံတစ်ခု ထွက်ပေါ်လာသည်။

"မင်းတို့ အခု ဘယ်မှာလဲ၊ ဒီလောက်ကြာနေတာတောင် ကျောက်ဟိုင်ရှန့်ကို မဖမ်းမိသေးဘူးလား”

ထိုအခါ ချင်ရန်၏ မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားသည်။

ထိုအသံမှာ သူ ရင်းနှီးနေသည့် အသံဖြစ်ပြီး ၎င်းမှာ 'ခွေးရူး' ၏ အသံပင် ဖြစ်၏။

လဲလျောင်းနေသော ထို K2 အဖွဲ့ဝင်သည် ချင်ရန် ရှိနေကြောင်းကို ဖော်ထုတ်ရန် ချက်ချင်းပင် အော်ဟစ်‌ပြောဆိုရန် ကြိုးပမ်းလိုက်သော်လည်း ချင်ရန်က တုံ့ပြန်မှု မြန်ဆန်လှသဖြင့် လေထဲတွင် ဝဲပျံလာကာ ထိုသူ၏ ရင်ဘတ်တည့်တည့်ကို ခြေထောက်ဖြင့် အရှိန်ပြင်းစွာ ကန်ထည့်လိုက်တော့သည်။

တစ်ပြိုင်နက်တည်းမှာပင် ထိုလူ့ရင်ဘတ်ထဲမှ ဝေါ်ကီတော်ကီသည်လည်း ‘ဘုန်း’ ခနဲ အသံနှင့်အတူ ပေါက်ကွဲသွားခဲ့သည်။

"မင်းတို့ ခေါင်းဆောင်ကို မင်းက အကြောင်းကြားချင်တာလား၊ မရဘူးလေ”

ချင်ရန်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

"ကံကောင်းလို့ ငါ လက်ဦးမှု ရယူနိုင်ခဲ့တာ"

အကယ်၍ ခွေးရူးနှင့် သူ့လူများမှာ သူတို့ ရှိနေခြင်းကို သိရှိသွားပါက သူ၏ နောက်ဆက်တွဲ လှုပ်ရှားမှုအချို့မှာ ထိရောက်မှု လျော့နည်းသွားနိုင်ပေသည်။

ထိုစဉ် K2 အဖွဲ့ဝင်မှာမူ ချင်ရန်၏ ကန်ချက်ကြောင့် ရင်ဘတ်တစ်ခုလုံး ကွဲအက်မတတ် ခံစားလိုက်ရပြီး မျက်လုံးများ ပြူးကျယ်ကာ နာကျင်လွန်း၍ မျက်နှာပျက်နေရှာသည်။

တစ်ချိန်တည်းမှာပင် ဟိုတယ်လော်ဘီ၌ လူအယောက်နှစ်ရာခန့် စုဝေးနေကြပြီး အားလုံးမှာ လက်နှစ်ဖက်ဖြင့် ခေါင်းကိုအုပ်ကာ ကြမ်းပြင်ပေါ်တွင် ဝပ်စင်းနေကြရသည်။

ဧည့်ခန်းမကြီးတစ်ခုလုံးတွင်လည်း သွေးကွက်များ ဖုံးလွှမ်းနေပြီး ထိုလူနှစ်ရာထဲမှ အချို့မှာ ခြေထောက် သို့မဟုတ် ခန္ဓာကိုယ် အစိတ်အပိုင်းအချို့တွင် ဒဏ်ရာများ ရရှိထားကြ၏။

သို့သော်လည်း အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမျိုးတော့ မဟုတ်ပေ။

အကယ်၍ ဆေးကုသမှုမခံယူဘဲ ဤအတိုင်းသာ အချိန်အကြာကြီး ပစ်ထားမည်ဆိုပါက နောက်ဆုံးတွင် သွေးလွန်ကာ သေဆုံးသွားနိုင်ချေ ရှိနေသည်။

ခွေးရူးသည် ဝေါ်ကီတော်ကီကို ကောက်ကိုင်ကာ ကျောက်ဟိုင်ရှန့်ကို ဖမ်းဆီးရန် လွှတ်ထားသော K2 အဖွဲ့ဝင်ထံသို့ လှမ်း၍ စကားပြောလိုက်သည်။

သို့သော်လည်း သူ စကားပြောလို့ ပြီးရုံရှိသေး၊ တစ်ဖက်မှ ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရ၏။

၎င်းအသံမှာ ဝေါ်ကီတော်ကီ ပေါက်ကွဲသွားသည့် အသံနှင့် တူလှပြီး ခွေးရူး၏ မျက်နှာအမူအရာသည်လည်း ချက်ချင်းပင် အေးခဲတောင့်တင်းသွားတော့သည်။

ထို့နောက် သူသည် ဝေါ်ကီ‌တော်ကီကို ဖြည်းညင်းစွာ ပြန်ချထားလိုက်၏။

အနည်းဆုံး ၁၅ မိနစ်ခန့် ရှိပြီဖြစ်ရာ အချိန်အတော်ကြာသွားခဲ့ပြီ ဖြစ်သည်။

ကျောက်ဟိုင်ရှန့်အား ဖမ်းဆီးခြင်းလုပ်ငန်းစဉ်သည် အောင်မြင်သင့်လှပြီ ဖြစ်သလို မိမိအဖွဲ့သားများအတွက်လည်း ဤအလုပ်က အေးဆေးကာ အမှုကိစ္စလေးတစ်ခုသာ ဖြစ်သင့်သည်။

သို့သော် သူတို့သည် ယခုအချိန်အထိ ပြန်မလာသေးသည့်အပြင် ဝေါ်ကီတော်ကီမှတစ်ဆင့် စကားပြောရန် ကြိုးပမ်းသည့်အခါတွင်လည်း မည်သူမျှ ပြန်လည်မဖြေကြားကြချေ။

ဤသို့ဆိုလျှင် ဖြစ်နိုင်ချေတစ်ခုတည်းသာ ရှိတော့သည်။

၎င်းမှာ ထိုလူငါးဦးထံတွင် တစ်ခုခု ဖြစ်ပွားသွားခဲ့ခြင်းပင်။

'ငါ လွှတ်လိုက်တဲ့ ငါးယောက်စလုံးက ကျွမ်းကျင်တဲ့ အထူးတပ်ဖွဲ့အဆင့်ရှိတဲ့သူတွေပဲ၊ ပြီးတော့ သူတို့မှာ လက်နက်လည်း အပြည့်အစုံပါတယ်၊ အကယ်၍ တစ်ခုခု မှားယွင်းသွားခဲ့ရင်တောင် ချက်ချင်း အချက်ပြသံ လွှတ်နိုင်ရမှာ မဟုတ်ဘူးလား’

ခွေးရူးသည် မျက်မှောင်ကြုတ်ကာ သံသယပေါင်းများစွာဖြင့် တွေးနေမိသည်။

ထို့အပြင် တစ်ဖက်လူက အလွန်အမင်း သန်မာနေလျှင်ပင် သူ့လူငါးဦးကို လျှပ်တပြတ်အတွင်း အပြတ်ရှင်းပစ်ရန် မဖြစ်နိုင်ပေ။

သူတို့အနေဖြင့် အချက်ပြသံ လွှတ်ရန် အချိန် အနည်းနှင့်အညီတော့ ရရှိရမည် ဖြစ်သည်။

‘ဘယ်သူ ဖြစ်မလဲ ဒါမှမဟုတ် ငါတို့ အစီအစဉ်တွေ ပေါက်ကြားသွားလို့ ငါတို့ကို ထောင်ဖမ်းဖို့ ဒီဟိုတယ်ထဲမှာ အင်အားကြီးတဲ့သူတစ်ယောက် ပုန်းကွယ်နေတာလား'

ခွေးရူးသည် သူ့ထိုင်ခုံတွင် ငြိမ်ငြိမ်မထိုင်နိုင်တော့ချေ။

ထိုအချိန်တွင် K2 ၏ အဖွဲ့ဝင်များအားလုံး လော်ဘီဧည့်ခန်းမကြီးထံ ရောက်ရှိနေကြပြီ ဖြစ်သည်။

ချင်ရန် ဖမ်းထားသည့် ထိုငါးဦးအား ထည့်မတွက်ပါက ဧည့်ခန်းမထဲတွင် လူ ၃၂ ဦး ကျန်ရှိနေသေးပြီး သူတို့သည် ဧည့်ခန်းမထဲရှိ လူနှစ်ရာ‌ကျော်၏ အသက်အန္တရာယ်ကို အကြွင်းမဲ့ ထိန်းချုပ်ထားနိုင်ကြ၏။

ခန်းမအတွင်း၌ ကျန်းရှောင်ရှောင်သည်လည်း ကြမ်းပြင်ပေါ်တွင် ဒူးတုပ်ထိုင်နေရပြီး သူမ မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

သူမ၏ ဘေးနားတွင်မူ သေနတ်မှန်ထားသဖြင့် ဒဏ်ရာမှ သွေးထွက်လွန်ကာ မျက်နှာဖြူလျော်ပြီး တုန်ရီနေသော သူငယ်ချင်းမလေး ရှိနေလေသည်။

ကျန်းရှောင်ရှောင်နှင့် သူမ၏ သူငယ်ချင်းများသည် ကမ်းခြေတွင် ကစားပြီး ပြန်လာသောအခါ တစ်စုံတစ်ယောက်က သူတို့ခေါင်းကို သေနတ်ဖြင့် အတင်းဖိထောက်ကာ ကြမ်းပြင်၌ ဒူးတုပ်ထိုင်ခိုင်းထားခြင်းကြောင့် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရသည်။

ကျန်းရှောင်ရှောင်သည် မိမိ၏ ဘဝတွင် ဤမျှလောက် အန္တရာယ်များသော အခိုက်အတန့်မျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ရဖူးပေ။

ယခင်က လူသတ်သမားများသည် သူမအဖေအား သတ်ရန် ရောက်လာစဉ်က အနည်းဆုံးတော့ ချင်ရန်က သူမနှင့်အတူ ရှိနေပေးခဲ့သည်။

အခုကျတော့ သူမ နံဘေးတွင် မည်သူမျှ ရှိမနေခဲ့ချေ။

ထိုအခိုက်အတန့်တွင် ကျန်းရှောင်ရှောင်သည် ဤဟိုတယ်အတွင်း၌ ချင်ရန် ရှိနေကြောင်း ရုတ်တရက် သတိရလိုက်မိ၏။

ထို့ကြောင့် ဟိုတယ်လော်ဘီထဲရှိ ဒူးတုပ်ထိုင်နေကြသော လူများအား လှမ်းအကဲခက်လိုက်သော်လည်း ချင်ရန်သည် မြေပြင်ပေါ်တွင် ဝပ်စင်းနေရသည့် လူများထဲတွင် ပါဝင်မ‌နေချေ။

ထိုသို့ဆိုလျှင် ချင်ရန်သည် ယခုအချိန်တွင် မည်သည့်နေရာသို့ ရောက်ရှိနေပါသနည်း။

ချင်ရန်သည် ယခုဖြစ်ပွားနေသော အခြေအနေကို သိရှိပြီးသွားပြီလား၊ သို့မဟုတ် တန်ပြန်တိုက်ခိုက်ရန် ကြံစည်နေခြင်းလား မည်သူမျှ မသိနိုင်ချေ။

အခြားတစ်ဖက်တွင်ရှိသော ခွေးရူးက ထိုင်နေရာမှ ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ပြောလိုက်၏။

"ကျောက်ဟိုင်ရှန့်ကို ဖမ်းဖို့ ငါလွှတ်လိုက်တဲ့ လူငါးယောက်က တစ်ခုခု ပြဿနာတက်နေပြီထင်တယ်၊ ပြီးတော့ ဒီဟိုတယ်ထဲမှာ စွမ်းရည်ထက်မြက်တဲ့ ကျွမ်းကျင်လူတစ်ယောက်တော့ ရှိနေပြီ”

ထိုခဏချင်းမှာပင် ခွေးရူး၏ စိတ်ထဲ၌ ချင်ရန် မျက်နှာအား ဖျတ်ခနဲ သတိရမိသွားသည်။

သူ့အား စိတ်မသက်မသာ ခံစားရစေရန် ခြိမ်းခြောက်နိုင်စွမ်းရှိသည့်သူမှာ ထိုအမျိုးသားမှလွဲ၍ အခြားမည်သူ ဖြစ်နိုင်ပါဦးမည်နည်း။

All Chapters