အခန်း ၂၀၇
Vol. 21 Ch. 207
207
အခြားတစ်ဖက်ရှိ အခန်းတွင်း၌မူ ချင်ရန်သည် K2 အဖွဲ့အစည်း၏ အဖွဲ့ဝင်ငါးဦးစလုံး၏ လက်နှင့် ခြေထောက်များကို ဆုတ်ဖြဲထားသော အိပ်ရာခင်းစများဖြင့် အလွန်ကျပ်တည်းစွာ ချည်နှောင်လိုက်သည်။
ထိုလူများအား ထွက်ပြေးခြင်းမှ ကာကွယ်ရန်အတွက် ချင်ရန်သည် သူတို့ထဲမှ တစ်ဦးကို အခန်းတွင်းရှိ ပရိဘောဂတစ်ခုနှင့်ပါ တွဲ၍ တုတ်နှောင်ထားလိုက်သေး၏။
သူသည် အရာအားလုံး စိတ်ချရပြီဟု သေချာမှသာ စိတ်ဖြောင့်ဖြောင့်နှင့် သက်ပြင်းတစ်ချက် ချနိုင်တော့သည်။
ထို့နောက် သူသည် ကျောက်ဟိုင်ရှန့်ကိုလည်း တစ်ပါတည်း ချည်နှောင်ထားလိုက်ရာ ကျောက်ဟိုင်ရှန့်က မျက်ရည်လည်ရွှဲဖြင့် ကယောင်ကတမ်း တောင်းပန်တိုးလျှိုးနေရှာသည်။
"ဆရာ ကျေးဇူးပြု၍ ကျွန်တော့်ကို သူတို့နဲ့ တစ်နေရာတည်း တူတူမထားပါနဲ့ဗျာ"
"စိတ်မပူပါနဲ့၊ သူတို့ကို သေချာချည်ထားတာမို့ မင်းကို နောက်ထပ် ဒုက္ခမပေးနိုင်ပါဘူး"
ချင်ရန်က ကျောက်ဟိုင်ရှန့်အား တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
ကျောက်ဟိုင်ရှန့်သည် K2 အဖွဲ့ဝင် ငါးဦးကို လှမ်းကြည့်လိုက်ရာ သူ့မျက်ဝန်းများတွင် ကြောက်ရွံ့မှုများ အရိပ်ထင်ဟက်နေ၏။
ဤလူငါးဦးစလုံးသည် လုပ်ကြံရေးသမား၊ လူသတ်သမား ခေါင်းစဉ်တပ်ထားသည့် ရက်စက်သူများ ဖြစ်ကြပြီး မိမိမှာမူ လူတစ်ဦးတစ်ယောက်ကိုပင် မသတ်ဖူးသူ ဖြစ်ရာ ထိုကဲ့သို့သော လူစုနှင့်အတူ ချည်နှောင်ခံထားရသည်ကို ကြောက်ရွံ့နေမိသည်မှာ မဆန်းပေ။
ချင်ရန်သည် ဤလူများကို အသက်ရှင်လျက် ချန်ထားရခြင်းမှာ သူတို့အား အသုံးချရန် ရှိနေသေးသောကြောင့်ဖြစ်ပြီး ချက်ချင်း အပြတ်ရှင်းပစ်၍ မရသေးသောကြောင့် ဖြစ်သည်။
ယခုအချိန်တွင် သူ့ထံ၌ ထို့ထက်မက ပိုမိုအရေးကြီးသော တာဝန်တစ်ခု ရှိနေသေး၏။
၎င်းမှာ ဟိုတယ်တစ်ခုလုံး၌ ဓားစာခံအဖြစ် အဖမ်းခံထားရသည့် လူများကို ကယ်တင်ရန်ပင် ဖြစ်သည်။
ချင်ရန်သည် K2 အဖွဲ့ဝင်များ၏ ကိုယ်ခန္ဓာကို စေ့စေ့စပ်စပ်ရှာဖွေကာ သူတို့ထံမှ ပါလာသော ဓားမြှောင်များကို သိမ်းဆည်းလိုက်ပြီးနောက် သူတို့လက်ထဲမှ စက်သေနတ်များကိုလည်း လွှဲပြောင်းယူလိုက်သည်။
သူသည် ထိုသေနတ်အား လက်ဝယ်ကိုင်ဆောင်လိုက်သည့် ထိုခဏ၌ပင် သေနတ်နှင့် တစ်သားတည်းကျသွားသည့် ခံစားချက်ကို ရရှိလိုက်ပြီး ချင်ရန်သည် လျှပ်တပြတ်အတွင်း လက်ဖြောင့်သေနတ်သမားတစ်ဦးအဖြစ် အသွင်ပြောင်းသွားခဲ့၏။
ဓားမြှောင်ကိုမူ ချင်ရန်က လက်ထဲတွင် အသာအယာ ကစားကြည့်လိုက်သည်။
ထို့နောက် အခန်းထဲရှိ အလွန်တင်းကျပ်စွာ တုတ်နှောင်ခြင်းခံထားရသဖြင့် လုံးဝ မလှုပ်ရှားနိုင်တော့သော K2 အဖွဲ့ဝင်များကို လှမ်းကြည့်လိုက်၏။
*ရွှပ် ရွှပ်*
ချင်ရန်သည် အနည်းငယ်မျှ ကရုဏာစိတ် မထားဘဲ ထိုလူငါးဦးစလုံး အပါအဝင် လူဖြူမလေး အလှပဂေး ဂျက်စီကာ၏ လက်ကြော၊ ခြေကြောများကိုပါ ဓားဖြင့် လှီးဖြတ်ပစ်လိုက်ပြီး သူတို့ နောက်ထပ် သူ့အား ပြဿနာမရှာနိုင်စေရန် အပြတ်ရှင်းလိုက်တော့သည်။
"အားးးး”
ထိုလူငါးဦးထံမှ နာကျင်လွန်းသဖြင့် နားမခံနိုင်လောက်သည့် အော်ဟစ်သံများ ထွက်ပေါ်လာသော်လည်း ၎င်းမှာ ခဏမျှသာ ဖြစ်၏။
သူတို့သည် နာကျင်မှုကို အံတုနိုင်ရန် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထူးလေ့ကျင့်ရေးများ ဆင်းထားသူများ ဖြစ်ကြသည်။
ဘေးမှ ကြည့်နေသော ကျောက်ဟိုင်ရှန့်မှာမူ ထိုမြင်ကွင်းကို မြင်သောအခါ သွေးပျက်မတတ် ထိတ်လန့်သွားပြီး ချင်ရန်က မိမိကိုလည်း ထိုသို့လုပ်လိမ့်မည်ဟု ထင်မှတ်နေမိသည်။
သို့သော် ချင်ရန်က သူ့အား သတိပေးချက်သာ ပေးခဲ့၏။
"မင်း ငြိမ်ငြိမ်နေစမ်း၊ ကြားလား”
"ဟုတ်ကဲ့ ဟုတ်ကဲ့ပါဗျာ၊ ကျွန်တော် ငြိမ်ငြိမ်နေပါ့မယ်၊ လုံးဝ မလှုပ်ပါဘူး၊ ကျေးဇူးပြု၍ ကျွန်တော့်ကိုတော့ မသတ်ပါနဲ့”
ကျောက်ဟိုင်ရှန့်က တုန်တုန်ရီရီဖြင့် ထပ်ခါတလဲလဲ ကတိပေးနေသည်။
ချင်ရန်သည် K2 အဖွဲ့ဝင် ငါးဦးကို တစ်ချက် ဝေ့ကြည့်လိုက်ရာ ထိုလူငါးဦးစလုံး၏ မျက်ဝန်းများထဲတွင် ချင်ရန်အပေါ် ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေ၏။
ဤလူသည် တကယ့်ကို ရက်စက်ပြတ်သားလွန်းလှသည်။
သူသည် မိမိတို့ ထွက်ပြေးမသွားနိုင်စေရန်အတွက် ခြေကြောလက်ကြောများကို လှီးဖြတ်ပစ်သည့်အပြင် ဤမျှ ကျပ်တည်းစွာ တုတ်နှောင်ထားသေးသည်။
အမှန်အတိုင်း ပြောရလျှင် သူတို့အနေဖြင့် ယခုအချိန်တွင် မည်သည်ကိုမျှ လုပ်ပိုင်ခွင့် မရှိတော့ဘဲ ထွက်ပြေးရန် လမ်းစပင် လုံးဝ ပျောက်ဆုံးသွားခဲ့ရပြီ ဖြစ်သည်။
သို့သော် ချင်ရန်က သူတို့၏ အသက်ကို အဘယ်ကြောင့် ချန်ထားရသနည်းဆိုသည်ကိုမူ သေသေချာချာ မသိရသေးချေ။
K2 အဖွဲ့ဝင်များသည် ချင်ရန်၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို မသိရှိကြသဖြင့် သူ့အား အခြားအဖွဲ့အစည်းတစ်ခုခုက စေလွှတ်လိုက်သောသူဟုသာ ထင်မြင်နေကြသည်။
"ဟူး"
ထိုအရာအားလုံးကို ဆောင်ရွက်ပြီးနောက် ချင်ရန်သည် စိတ်အား လျှော့ချလိုက်ပြီး အရာအားလုံးကို ပြင်ဆင်ကာ သူ့အကြည့်များမှာ အလွန်အမင်း တည်ငြိမ်သွားခဲ့ပြီးနောက် အခန်းထဲမှ ထွက်ခွာခဲ့၏။
သူ့ခြေလှမ်းများသည် အလွန်အမင်း ပေါ့ပါးနေပြီး မည်သည့်အသံမျှ ထွက်ပေါ်မလာခဲ့ချေ။
ထို့အပြင် သူ၏ မီတာ ၅၀ ပတ်လည် အာရုံခံစနစ်ကို အမြဲတမ်း ဖွင့်ထားသဖြင့် ထိုအကွာအဝေးအတွင်းရှိ မည်သူ့ကိုမဆို သူ ကြိုတင်သိရှိနိုင်သည်။
အချိန်ခဏမျှ လျှောက်လှမ်းပြီးနောက် ချင်ရန်သည် မြေပြင်ပေါ်တွင် စွန်းပေနေသည့် သွေးများကို တွေ့လိုက်ရသည်။
ထိုသွေးများသည် သွေးခဲများအဖြစ် ခဲနေပြီး ထိုမှတစ်ဆင့် ဖြစ်ပေါ်နေသော သွေးချောင်းငယ်တစ်ခုကိုပါ တွေ့ရှိလိုက်ရ၏။
ဤသည်မှာ လူအမြောက်အမြား အသတ်ခံထားရသောကြောင့်ပင်။
ထိုအခါ ချင်ရန်၏ မျက်လုံးများ အေးစက်သွားခဲ့သည်။
လူ့အသက်များကို မြက်ပင်လို သဘောထားကာ စိတ်ကြိုက် သတ်ဖြတ်နေသော ဤ K2 အဖွဲ့ဝင်များသည် တကယ်ပဲ သွေးအေးရက်စက်သော လူသတ်သမားများ ဖြစ်ကြပြီး အလွန်အမင်း ကြောက်စရာကောင်းလှသည်။
ထိုအချိန်တွင် ချင်ရန်သည် ရှကျဲအား မတွေးဘဲ မနေနိုင်ဖြစ်သွားမိသည်။
ရှကျဲတစ်ယောက် ယခုအချိန်တွင် မည်သို့နေမည်ကို သူ မသိချေ။
ဤကဲ့သို့ ဆိုးရွားစွာ သေဆုံးသွားရသော လူများကဲ့သို့ K2 ၏ သေနတ်ချက်ကြောင့် သူမလည်း ကြုံတွေ့နေရပြီလားဟု သူ တွေးတောနေမိသည်။
သို့သော် ထိုသို့ဖြစ်လာနိုင်စရာ အကြောင်း မရှိသည်မို့ ချင်ရန်သည် မိမိအတွေးများကို မောင်းထုတ်ကာ ခေါင်းကိုသာ ခါယမ်းလိုက်သည်။
သူဖြတ်သန်းလာသည့် လမ်းတစ်လျှောက်လုံးရှိ မြေပြင်ပေါ်တွင် အလောင်းများစွာ လဲလျောင်းနေပြီး ၎င်းတို့ထဲမှ အများစုမှာ မျက်လုံးအပြူးသားဖြင့် သေဆုံးနေကြရကာ သူတို့၏ မျက်နှာများနှင့် မျက်ဝန်းများတွင် ကြောက်ရွံ့ထိတ်လန့်မှု အရိပ်အယောင်များ ကျန်ရှိနေဆဲ ဖြစ်သည်။
*တီ တီ*
ထိုအချိန်တွင် ချင်ရန်သည် လူတစ်စုကို ရုတ်တရက် အာရုံခံမိလိုက်၏။
“လူ ဆယ်ယောက်”
သူ၏ အာရုံခံစနစ်အရ ထိုလူဆယ်ယောက်သည် စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေသည့် အထူးတပ်ဖွဲ့ဝင်များကဲ့သို့ တည်ငြိမ်စွာ လှုပ်ရှားနေကြသည်။
လမ်းဆုံလမ်းခွတိုင်းတွင် တစ်စုံတစ်ဦးက လမ်းကြောင်းကို ကင်းထောက်ကာ စောင့်ကြည့်နေကြသဖြင့် ထိုးဖောက်ဝင်ရောက်နိုင်မည့် နေရာဟူ၍ လုံးဝ မရှိသလောက်ပင် ဖြစ်၏။
ထိုလူဆယ်ယောက်သည် သူ့ အောက်ထပ်တွင် ရှိနေကြခြင်း ဖြစ်သည်။
သူတို့သည် မည်သည့်အသံမျှ မထွက်စေဘဲ အလွန်တိတ်ဆိတ်စွာ လှုပ်ရှားနေကြသော်လည်း ချင်ရန်၏ အာရုံခံစနစ်အောက်တွင်မူ ထိုလူဆယ်ယောက်မှာ ပုန်းကွယ်စရာ နေရာမရှိဘဲ ဟာလာဟင်းလင်း မြင်နေရသည်။
‘ဒီလူတွေရဲ့ ကင်းထောက်နည်းစနစ်က ကြည့်ရတာ အထူးတပ်ဖွဲ့တွေနဲ့ အတော်လေး တူတာပဲ၊ ဒါဆိုရင်တော့ ကိုင်တွယ်ရတာ တော်တော်ခက်ခဲလိမ့်မယ်’
ချင်ရန်၏ အကြည့်များမှာ ပိုမိုနက်ရှိုင်းလာကာ တွေးတောနေမိ၏။
သူသည် K2 အဖွဲ့ဝင် ငါးဦးကို လျှပ်တပြတ်အတွင်း အလဲသိပ်နိုင်ခဲ့ခြင်းမှာ အငိုက်ဖမ်း တိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပြီး သူတို့ဘက်က ပေါ့ဆကာ ကာကွယ်ရန် သတိမရှိခဲ့သောကြောင့်ပင်။
သို့သော် ယခုအခြေအနေတွင်မူ ကွဲပြားသွားပြီ ဖြစ်သည်။
ထိုလူဆယ်ယောက်သည် 'ခွေးရူး' ဟုခေါ်သည့်လူက ချင်ရန်၏ တည်ရှိမှုကို သိရှိသွားပြီးနောက် စေလွှတ်လိုက်ခြင်းပင် ဖြစ်နိုင်၏။
ထို့ကြောင့် ချင်ရန်အနေဖြင့် လွတ်လပ်စွာ လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။
အကယ်၍ သူသည် ထိုလူဆယ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုပါက အလွယ်တကူနှင့် အနိုင်ရရှိရန်မှာ အသေအချာမပြောနိုင်ချေ။
ယခုအခြေအနေ၏ အဓိက ပြဿနာမှာ ဤနေရာသည် ဟိုတယ်တစ်ခု ဖြစ်နေပြီး နေရာအကျယ်အဝန်းက အလွန်ကျဉ်းမြောင်းလွန်းသဖြင့် ချင်ရန်အနေဖြင့် သူ့စွမ်းရည်များကို အပြည့်အဝ ထုတ်ဖော်ပြသရန် မသင့်တော်သောကြောင့် ဖြစ်သည်။
သို့သော်လည်း ချင်ရန်ကမူ မထိတ်လန့်ချေ။
ထိုလူဆယ်ယောက် လာမည့် လမ်းကြောင်းအတိုင်း ချင်ရန်သည် လှေကားထောင့်တစ်ခုသို့ သွားရောက်ကာ မုဆိုးတစ်ဦးက သားကောင်ကို ချောင်းနေသကဲ့သို့ သူတို့ ရောက်ရှိလာမည့်အချိန်ကို တည်ငြိမ်စွာ စောင့်ဆိုင်းနေလိုက်၏။
ယခုတစ်ကြိမ်တွင်မူ သားကောင်သည် အနည်းငယ် အင်အားတောင့်တင်းနေသည် ဖြစ်ရာ အားတော့ အတော်လေး စိုက်ရမည် ဖြစ်သည်။
ချင်ရန်သည် K2 အဖွဲ့အစည်း၏ ထိပ်တန်းတိုက်ခိုက်ရေးသမား ဆယ်ဦးနှင့် စစ်ခင်းရန် ပြင်ဆင်နေချိန်၌ တရုတ်နိုင်ငံ၏ အနောက်တောင်ဘက် စစ်တိုင်းသည်လည်း စတင်လှုပ်ရှားနေပြီ ဖြစ်သည်။
ချစ်သူများကျွန်း၏ တစ်ဖက်ကမ်းခြေတွင် ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာနှင့် စစ်သားအချို့ စုဝေးရောက်ရှိနေကြပြီ ဖြစ်၏။
ရဲတပ်ဖွဲ့သည် နယ်မြေကို ရှင်းလင်းလိုက်ပြီး အရာရှိအမြောက်အမြားသည် ချစ်သူများကျွန်းပေါ်သို့ ရောက်ရှိနေကြကာ အခြားဟိုတယ်များမှ ဧည့်သည်များကိုမူ ကယ်တင်နိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော် ချင်ရန် ရှိနေသည့် ဟိုတယ်မှာမူ အလွန်အမင်း အန္တရာယ်ကြီးမားနေဆဲ ဖြစ်ရာ ရဲတပ်ဖွဲ့ဝင်အချို့က သွားရောက် စုံစမ်းစစ်ဆေးရန် ကြိုးပမ်းခဲ့ကြသော်လည်း K2 အဖွဲ့ဝင်တစ်ဦး၏ လက်ချက်ကြောင့် တခဏလေးအတွင်းမှာပင် ရဲတပ်ဖွဲ့ဝင် သုံးဦး အသက်ဆုံးရှုံးခဲ့ရ၏။
ရဲတပ်ဖွဲ့ဝင် သုံးဦး သေဆုံးသွားပြီးနောက်တွင်မူ ရဲတပ်ဖွဲ့သည် အခြေအနေကို အလေးအနက်ထားကာ တည်တည်ငြိမ်ငြိမ်နှင့် ကိုင်တွယ်တော့သည်။
ယခုအချိန်တွင် အထူးတပ်ဖွဲ့ဝင်များကို စေလွှတ်ရမည့်အချိန် ရောက်ရှိလာပြီ ဖြစ်၏။
အကြောင်းမှာ သာမန်ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဤကဲ့သို့သော အဆင့်မြင့် အကြမ်းဖက်မှုဖြစ်စဉ်ကို ကိုင်တွယ်ရန် လုံလောက်သော အတွေ့အကြုံများ မရှိသောကြောင့် ဖြစ်သည်။
ယခုတစ်ကြိမ်တွင် ရောက်ရှိလာသော အနောက်တောင်စစ်တိုင်းမှ အထူးတပ်ဖွဲ့၏ အမည်မှာ 'ဝံပုလွေအစွယ်' ဟု ခေါ်ပြီး ထိုအဖွဲ့တွင် လူခြောက်ဦး ပါဝင်ကာ အဖွဲ့ခေါင်းဆောင်မှာ ဟယ်ဝေတုန့် ဖြစ်သည်။
ဝံပုလွေစွယ် အထူးစစ်ဆင်ရေးတပ်ဖွဲ့သည် အနောက်တောင်စစ်တိုင်းရှိ အထက်မြက်ဆုံး အထူးတပ်ဖွဲ့များထဲမှ တစ်ခုဖြစ်ပြီး ခက်ခဲသော နိုင်ငံတော်ဆင့် စစ်ဆင်ရေးတာဝန်ပေါင်းမြောက်မြားစွာကိုလည်း အောင်မြင်စွာ ထမ်းဆောင်ဖူးသည့် အဖွဲ့လည်း ဖြစ်၏။
ယခုအကြိမ်တွင် ချစ်သူများကျွန်း ကိစ္စရပ်က အလွန်အမင်း ဆိုးရွားလွန်းလှသဖြင့် စစ်တပ်က သူတို့အား ဤနေရာသို့ စေလွှတ်လိုက်ခြင်း ဖြစ်သည်။
ထိုအထူးတပ်ဖွဲ့ဝင် ခြောက်ဦးစလုံးသည် ထူးကဲလှသော ခန္ဓာကိုယ်ကြံ့ခိုင်မှု ရှိကြပြီး ပြင်းထန်လှသော စစ်ဆေးမှုများကို ကျော်ဖြတ်ထားကြသူများ ဖြစ်သည်။
သူတို့သည် K2 အဖွဲ့ဝင်များ၏ မြင်ကွင်းအတွင်းသို့ ဝင်ရောက်သွားမည်ကို စိုးရိမ်သဖြင့် သင်္ဘောသည် ချစ်သူများကျွန်းသို့ ဆိုက်ကပ်ခါနီးအချိန်တွင် ခြောက်ဦးစလုံးက ရေထဲသို့ ခုန်ချကာ ရေကူး၍ ကျွန်းပေါ်သို့ ဖြတ်ကူးရန် ရွေးချယ်ခဲ့ကြသည်။
ထို့နောက် ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင် အထူးတပ်ဖွဲ့ဝင် ခြောက်ဦးစလုံးသည် ကျွန်းပေါ်သို့ ရောက်ရှိလာခဲ့ကြသည်။
အဖွဲ့ခေါင်းဆောင် ဟယ်ဝေတုန့်သည် အလွန်အမင်း သတိကြီးစွာထားသော အကြည့်များဖြင့် သူ့လူ ငါးဦးကို ဦးဆောင်ကာ အခင်းဖြစ်ပွားရာ ဟိုတယ်အနီးသို့ တဖြည်းဖြည်း တိုးကပ်သွားခဲ့၏။
ယခုအချိန်တွင် ဟိုတယ်အပြင်ဘက်ရှိ ပြတင်းပေါက်များကို လိုက်ကာများဖြင့် ဖုံးအုပ်ထားသဖြင့် အတွင်း၌ ဘာတွေ ဖြစ်ပျက်နေသည်ကို မည်သူမျှ ရှင်းလင်းစွာ မမြင်တွေ့နိုင်ပေ။
သို့သော် ဟယ်ဝေတုန့်နှင့် သူ့အဖွဲ့သည် အခြားနည်းလမ်းတစ်ခုကို အသုံးပြုခဲ့ကြသည်။
သူတို့သည် ဟိုတယ်၏ ပတ်ပတ်လည်ကို လေ့လာအကဲခက်ရင်း နောက်ဆုံးတွင် လေဝင်လေထွက်လမ်းကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
ထို့နောက် အဆိုပါ ခြောက်ဦးလုံးသည် လေဝင်လေထွက်လမ်းကြောင်းမှတစ်ဆင့် ဟိုတယ် အတွင်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ကြပြီး ရန်သူကို အလစ်အငိုက်ဖမ်းကာ တိုက်ခိုက်ရန် ပြင်ဆင်ထားကြ၏။
သို့သော်လည်း ထိုအချိန်၌ ဟိုတယ်ဧည့်ခန်းမကြီးအတွင်း၌ ခွေးရူးသည် ဆိုဖာပေါ်တွင် ပျင်းရိပျင်းတွဲ ထိုင်နေရင်း မိမိ၏ ကိုယ်ပိုင်လက်နက်ဖြစ်သော 'သဲကန္တာရလင်းယုန်' သေနတ်ကို လက်ထဲတွင် ကစားကာ သူ့စိတ်ထဲ၌ လူတစ်ယောက်အကြောင်းကို တွေးတောနေမိသည်။
ခွေးရူး စဉ်းစားနေသည့်သူမှာ ချင်ရန်ပင် ဖြစ်သည်။
ဤသို့ မမျှော်လင့်ဘဲ ပေါ်ပေါက်လာသော အပြောင်းအလဲကြီးသည် သူတို့အပေါ် ကြီးမားသော သက်ရောက်မှု ရှိနေစေခဲ့၏။
ရိုးရိုးသားသား ပြောရလျှင်မူ ခွေးရူးသည် အစပိုင်းကတည်းက ချင်ရန်က အန္တရာယ်ရှိသည်ဟု ခံစားမိခဲ့ရသော်လည်း သူတို့သည် ကျောက်ဟိုင်ရှန့်ကို ဖမ်းဆီးမည့် အစီအစဉ်အပေါ် ထိုမျှအထိ ထိခိုက်သွားစေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ယခုတစ်ကြိမ်တွင် သူ့အတွက် တစ်ချက် မှားယွင်းသွားခဲ့သည်။
၎င်းမှာ ချင်ရန်၏ အင်အားကို သူ လျှော့တွက်မိခဲ့ခြင်းပင်။
ထိုအချိန်တွင် သူ့အဖွဲ့ဝင်လူမိုက်တစ်ဦးက တည်ငြိမ်စွာ လျှောက်လာပြီး သူ့အား တိုးတိုးလေး ပြောလိုက်သည်။
"ခွေးရူး ကျွန်တော်တို့လူတွေ လေဝင်လေထွက် ပိုက်လိုင်းထဲက လှုပ်ရှားမှုတစ်ခုကို အာရုံခံမိလိုက်တယ်၊ တရုတ်နိုင်ငံရဲ့ အထူးတပ်ဖွဲ့တွေ ရောက်လာတာ ဖြစ်ဖို့များတယ်၊ ကျွန်တော်တို့က သူတို့ရဲ့ ရဲအချို့ကို သတ်ပစ်ခဲ့တာဆိုတော့ သူတို့ ဒီအတိုင်း လွှတ်ထားမှာတော့ မဟုတ်ဘူး"
ထိုအခါ ခွေးရူးက တည်ငြိမ်စွာဖြင့် တုံ့ပြန်လိုက်၏။
"ငါ သိပြီးသားပါ၊ တရုတ်နိုင်ငံရဲ့ အထူးတပ်ဖွဲ့ဝင်တွေ အကြိုက်ဆုံးအရာက လေဝင်လေထွက် လမ်းကြောင်းတွေထဲမှာ ပုန်းလျှိုးတွားသွားရတာပဲ၊ ပြီးတော့ အခုအချိန်မှာ ဒီဟိုတယ်ထဲကို ဝင်နိုင်မယ့် လမ်းကြောင်းတွေကို ငါတို့က ဖြတ်ချထားတာဆိုတော့ တခြားလမ်းမရှိတော့ဘဲ လေဝင်လေထွက် လမ်းကြောင်းကပဲ သူတို့ ခွေးလို တိုးလျှိုးပြီး ဝင်လာတော့တာပေါ့”
"အဖွဲ့ထဲက လူတွေကို အဲဒီ လေဝင်လေထွက် လမ်းကြောင်းအသီးသီးမှာ စောင့်ကြပ်ခိုင်းထားလိုက်၊ မကြာခင်မှာ ငါ့ရဲ့ ဆုံးဖြတ်ချက်က တကယ် မှန်ကန်တယ်ဆိုတာကို တွေ့လိမ့်မယ်”
ခွေးရူးက သရော်ပြုံး ပြုံးကာ ပြောလိုက်သည်။
သူ ဤမျှလောက်အထိ နှံ့နှံ့စပ်စပ် သိနေရခြင်းမှာ ယခင်က သူကိုယ်တိုင်ကလည်း တရုတ်နိုင်ငံတော်၏ အထူးတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ဖူးသောကြောင့်ပင်။